ငါ့ကိုအထင်မသေးနဲ့
Vol. 19 Ch. 276
Review သမားအတုတွေ ဒီလိုမျိုး သာမန် ကောမန့်တွေနဲ့ ရောယှက်သွားတာမျိုးကို ဟူရှောင်း ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။
ဟူရှောင်း ပထမတော့ ဂိမ်းကို ပြန်အပ်ဖို့ စီစဥ်ထားသော်လည်း အွန်လိုင်းပေါ်က ပြင်းထန်သည့် အငြင်းပွားမှုများက သူ့ကိုနောက်တစ်ဖန် ထပ်ပြီး စိတ်ရှုပ်ထွေးသွားစေပြန်သည်။ သူ တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစ ပြုလာပါပြီ။
တာဝန်ရှိသူတွေကလည်း ဂိမ်းကို ရည်ရွယ်ချက်ရှိရှိ ခက်ခဲအောင် လုပ်ထားမှန်း သိသာနေပါပြီ။
ဒီ Weibo ပို့စ်၏လေသံက ရှင်းလင်းသည်။ ကစားသမားတွေကို အထက်စီးက ဆက်ဆံနိုင်ဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ အကင်းပါးသည့်ပုံပေါ်သော်လည်း ပေးချင်သည့် မက်ဆေ့က "ငါတို့လုပ်ပေးထားတဲ့အတိုင်းပဲ ကစားကြ" ဆိုတာနဲ့ ဘာမှ မခြားနားပေ။
သို့သော် ဘာကြောင့်လဲ။
ကစားသမားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလား။
အဓိပ္ပာယ်မရှိပါ။
ဂိမ်းကုန်သည်တစ်ယောက်က ကစားသမားတွေကို ရည်ရွယ်ချက်ရှိရှိ ဘာကြောင့်စော်ကားမှာလဲ။ သူတို့ ငွေပိုရဖို့ကိုပဲ စိတ်ဝင်စားကြမှာ မဟုတ်ဘူးလား။
ဟူရှောင်း၏ ခေါင်းထဲ မေးခွန်းတွေ ပိုပိုပြီး ဝင်ရောက်လာသည်။ ဂိမ်းရဲ့ ဗျူဟာကို ပိုလေ့လာကြည့်ဖို့ စီစဥ်လိုက်၏။ သူ သိသလောက်တော့ သဲလွန်စတချို့ ရှာနိုင်ပါလိမ့်မည်။
ဂိမ်း၏ Forum ထဲကို ဝင်လိုက်ပြီး ခပ်မြန်မြန်ပဲ မွှေနှောက်ကြည့်လိုက်သည်။
Forum ပေါ်က ပို့စ်များက Weibo ပို့စ်ရဲ့ ကောမန့်တွေနဲ့ ဆင်တူပါသည်။ အားလုံးက အငြင်းပွားနေကြသည့်ပုံပင်။
Review သမားများက မီးလောင်ရာ လေပင့်ခဲ့သော်လည်း Review သမားအတုတွေနဲ့ တကယ် ဒေါသထွက်နေသည့် ဂိမ်မာတွေကို ဟူရှောင်း မခွဲတတ်တော့ပါ။
ထိုအမျက်ဒေါသ ပို့စ်များအကြားတွင် တခြားသူတွေရဲ့ ဂိမ်းထဲက အတွေ့အကြုံအကြောင်း ရေးသားထားသည့် ပို့စ်တချို့ကိုလည်း မြင်လိုက်ရပါသေးသည်။
အနည်းငယ် ရေပန်းစားနေသည့် ပို့စ်တစ်ခု၏ ခေါင်းစဥ်က 'ဝါရင့် အက်ရှင်ဂိမ်မာတစ်ယောက် ဂိမ်းထဲက အောင်မြင်မှုကို အချိန်အစစ်အမှန်အတိုင်း Update တင်သွားမယ်'
"အစောပိုင်းကတော့ ငါလည်း ဂိမ်းရဲ့ နှိပ်စက်မှုကို ဆိုးဆိုးရွားရွားခံခဲ့ရတာပဲ။ ဒါပေမယ့် နည်းနည်း အကဲခတ်ကြည့်တော့မှ ဒီဂိမ်းက လူတွေပြောသလောက်လည်း ခက်နေတာ မဟုတ်ပါဘူး။ လူတွေက ဂိမ်းရဲ့ ခက်ခဲမှုအဆင့်ကို မဟုတ်မမှန် ပြောဆိုနေကြတာ'.
"မွန်းစတားတွေက ကစားသမားတွေကို ၂ ချက်တည်းနဲ့ သတ်နိုင်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ မွန်းစတားတွေကို မင်းတို့လည်း ၄ ချက် ၅ ချက်လောက်တိုက်ရင် အလွယ်လေး ရှင်းပစ်လိုက်လို့ရတာပဲ။ ဘာအမှားမှ မလုပ်မိအောင် ဂရုစိုက်ရတာလေးပဲရှိတာ။ မဟုတ်ရင် ဂိမ်းထဲမှာ အဆင့်တက်မှာ မဟုတ်ဘူး"
"ဒီဂိမ်းက ငါငယ်ငယ်တုန်းက ကစားခဲ့တဲ့ အရမ်းခက်တဲ့ ပလက်ဖောင်းဂိမ်းတွေကိုတောင် ပြန်သတိရသွားစေတယ်။ ဘာကြောင့်မှန်းမသိဘဲ ငါ့ရင်ထဲက ဒေါသမီးကို မွှေးပေးလိုက်သလို ခံစားရတယ်။ ဟားဟားဟား"
"ငါဆဲချင်ဆိုချင်လိုက်တာကွာ။ ငါသေသွားတိုင်း ငါသတ်ပြီးသား မွန်းစတားတွေက ပြန်ပေါ်လာတယ်။ စိတ်ပျက်စရာကြီး"
"... ဆက်တင်အသေးစားလေး တစ်ခုကို အောင်သွားပြီ"
"ဒီက ပိုကြမ်းတဲ့ မွန်းစတားတွေက ငါ့ကို ၅ ခါ ၆ ခါလောက်သတ်ပြီးပြီ။ သူတို့ကိုကျော်နိုင်ဖို့ လောလောဆယ် လုပ်နေတယ်"
ထိုပို့စ်များအောက်တွင် Netizen များစွာက ကောမန့်များ ရေးသားကြသည်။
"လခွမ်း ယောက်ဖ မင်းက အက်ရှင်ဂိမ်းတွေမှာ ဆရာတစ်ဆူပါလား"
"... ငါတောင် ဝင်ပေါက်နားက သားရဲကောင်အသေးစားတွေကို တိုက်နေတုန်းရှိသေတယ်။ မင်းက အဲ့လောက်တောင် ရောက်သွားပြီလားဟ"
"ဘော့စ် မင်းရဲ့ ဂိမ်းထဲက အခြေအနေကို မှတ်တမ်းတင်ထားဖို့ မမေ့နဲ့ဦး။ အိုင်လီကျွန်းပေါ်တင်လိုက်။ ငါတို့အားလုံးကြည့်ကြမှာ"
"ZZ မှာကော တိုက်ရိုက်လွှင့်ပေးလို့မရဘူးလား။ မင်းဆီက သင်ချင်လို့ပါကွာ"
ဒီကာလတုန်းက တိုက်ရိုက်ထုတ်လွှင့်မှုများမှာ ရေပန်းစားမှု မြင့်တက်ခါစရှိသေး၏။ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းများရှိကာ လူတွေကလည်း တိုက်ရိုက်ထုတ်လွှင့်မှု နည်းလမ်းများကို ပိုပြီး ကျွမ်းကျင်လာကြသော်လည်း ရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကို မမြင်ကြသေးပါ။ ထို့ကြောင့် လူအများစုက သူတို့ ဂိမ်းကစားတာကို ဒီတိုင်း ဗီဒီယိုသာ ရိုက်ကူးထားကြသည်။ ဂိမ်မာ အနည်းစုသာ တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်း ပြောကြပါလိမ့်မည်။
မူလ ဗီဒီယိုတင်ခဲ့သူလည်း တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းကို မစဥ်းစားရသေးလောက်ပေ။ သိပ်မကြာသေးခင်ကမှ Screenshot နှစ်ပုံတင်ထားပြီး ဂိမ်းအပေါ် သူ့ကိုယ်ပိုင် အမြင်နဲ့ နားလည်မှုအကြောင်း ရှင်းပြဖို့ ခေါင်းစဥ်တိုတိုလေးသာ တပ်ထား၏။
သိပ်မကြာခင် လူတွေလည်း အိုင်လီကျွန်းပေါ်မှာ ရိုးရိုးရှင်းရှင်း ဗီဒီယိုတွေကို တင်လာကြသည်။
တချို့က မွန်းစတားတွေ နှိပ်စက်တာကို အချိန်အကြာကြီး ခံရပြီး တချို့ကတော့ ပထမဆုံးအကြိမ် ကစားရုံနဲ့ သတ်နိုင်ခဲ့ပါသည်။ ကစားပုံကစားနည်း စတိုင်ပေါင်းစုံနဲ့ ဗီဒီယိုပေါင်းစုံတို့ အင်တာနက်ပေါ် တက်လာကြသည်။
ဟူရှောင်း ရင်ထဲတွေးလိုက်မိပါသည်။
အတုမြင် အတတ်သင်ဆိုတဲ့ နည်းလမ်းက တကယ် ထူးခြားပါလား။
ဂိမ်မာတွေ စကေးထုတ်ပြသည့် ဗီဒီယိုပေါင်းများစွာကို ဟူရှောင်း ကြည့်ခဲ့ပါသည်။ မွန်းစတားတွေက သူတို့ကို ထိတောင် မထိနိုင်ပါ။ သူတို့က မွန်းစတားများ၏ နောက်ကျောကို တိုက်ခိုက်ပြီး သွက်သွက်လက်လက်ပဲ ရှင်းလင်းနိုင်ခဲ့ကြပါသည်။
ထိုဗီဒီယိုတွေကို ကြည့်ပြီးနောက် ဟူရှောင်း ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်လာမိသည်။
ငါဂိမ်းကို ကစားတဲ့ပုံစံများ မှားသွားလို့လား။
တခြား ကစားသမားတွေကျ ငါကြုံခဲ့တဲ့ အခက်အခဲတွေ ဘာလို့မကြုံကြတာလဲ။
ပြန်လည် လန်းဆန်းသွားသည့် ယုံကြည်ချက် အသစ်ဖြင့် ဟူရှောင်း ဂိမ်းထဲပြန်ဝင်လိုက်သည်။ ၅ နာရီပြည့်ဖို့ အချိန်အကြာကြီး လိုသေးသဖြင့် သူ ဂိမ်းကို ပြန်အပ်လို့မရမှာလည်း စိုးရိမ်စရာ မလိုပါ။ ဟူရှောင်း လုံခြုံသလို ခံစားရပါသည်။
"ဟီးဟီး"
"ဟီးဟီး"
"ဟီးဟီး"
တစ်နာရီလောက်ကြာပြီးနောက် ဟူရှောင်း ကွန်ပျူတာရှေ့မှာ နောက်တစ်ခေါက်ထပ်ပြီး တိတ်ဆိတ်သွားရပြန်ပါသည်။
တကယ် အမြင်မှားမိတာပဲ။
ဒီဂိမ်းက လူကစားတဲ့ဂိမ်းမှ မဟုတ်တာ။
ဟူရှောင်း ဆွံ့အသွားသည်။ ဒီတစ်ခေါက် သူ ထပ်ပြီး တွန့်ဆုတ်မနေတော့ပေ။ ဂိမ်းကို ပြန်အပ်ပြီး ငွေပြန်အမ်းခိုင်းကာ ဖျက်ပစ်လိုက်တော့မည်။
ဒီအစုတ်အပျက်ဂိမ်းကို ၁၂၈ ယွမ်နဲ့ ဝယ်ခဲ့ရသည်။ အတော့်ကို ယုတ္တိမဲ့လွန်းပါသည်။
ဒီဂိမ်းကို ငါ့ကွန်ပျူတာထဲ နောက်ထပ် ၁ မိနစ်တောင်ထည့်မထားချင်တော့ဘူး။ ငါကောမန့်ထဲမှာ ဝေဖန်တာတွေပဲ ဆက်တိုက် ထိုင်ရေးတော့မယ်။
ဟူရှောင်း ဒေါသထွက်နေပါသည်။ သူအစကတည်းက မှားခဲ့သည်။
ဘာလို့ ဒီဂိမ်းကို စမ်းကစားကြည့်ခဲ့မိတာလဲ။ သူ့ကိုယ်သူ နှိပ်စက်နေသလိုပင်။
ဟူရှောင်း သူ့ကိုယ်သူ စိတ်လျှော့အောင် လုပ်ဖို့ အခက်တွေ့နေပါသည်။ အချိန်ကို လှမ်းကြည့်လိုက်ရာ သူ့အချိန် ၅ နာရီပြည့်ဖို့အတွက် နာရီပိုင်းအနည်းငယ် ကျန်နေသေးတာကို သတိထားမိသွားသည်။ ထပ်မစောင့်နိုင်တော့သဖြင့် ကောမန့်အကန့်ထဲ အမြန်ဝင်လိုက်ပြီး ဝေဖန်ချက်ပေါင်းများစွာ ရေးသားကာ စိတ်တူကိုယ်တူ မိတ်ဆွေများကို လိုက်လံရှာဖွေလိုက်သည်။
အမျက်ကြီးနေသည့်ဟူရှောင်းတစ်ယောက် ပို့စ်တစ်ခုကိုလည်း ကိုယ်တိုင် တင်လိုက်သေးသည်။ "ဒီဂိမ်းက သောက်စုတ်ပဲ တာဝန်ရှိသူတွေက ဘာမှမစဥ်းစားဘဲ မွန်းစတားတွေရဲ့ တိုက်ခိုက်မှုပါဝါကို တင်ထားတယ်။ ငါတို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရွံရှာအောင် လုပ်နေတာပဲ"
"ဂိမ်းကို အမြန်ဆုံး ပြန်အပ်လိုက်ကြ။ မဝယ်ရသေးတဲ့လူတွေလည်း စိတ်အနှောင့်အယှက် အဖြစ်မခံကြနဲ့။ မင်းတို့အချိန်ကို ဖြုန်းမယ့်ဂိမ်းပဲ။ မင်းတို့ အနှိပ်စက်ခံရဖို့ ငွေပေးလိုက်သလို ဖြစ်သွားကြလိမ့်မယ်"
၂ မိနစ်ခန့်ကြာသောအခါ ဟူရှောင်း သူ့ပို့စ်ကို Refresh လုပ်ကြည့်လိုက်ရာ ကောမန့်အသစ်တစ်ခုကို မြင်သွားပါသည်။
"ဟီးဟီး မွန်းစတားတွေကို မသတ်နိုင်တဲ့ နောက်ထပ် အမှိုက်တစ်ကောင်ဟေ့"
"ဒီဂိမ်းက မင်းတို့လို အစုတ်အပြတ်ကစားသမားတွေအတွက် တကယ်မဟုတ်ဘူးပဲ။ တာဝန်ရှိသူတွေက မင်းတို့လို အဘိုးကြီးတွေကို တာဝန်ယူဖို့အတွက် ငွေပြန်အမ်းခွင့် အချိန်ကို တိုးပေးထားတယ်လေ"
"မင်းက အဲ့လောက်အသေးအဖွဲ အခက်အခဲလေးတွေ့တာနဲ့ အရှုံးပေးတော့မှာလား။ မင်းက စစ်ပွဲအတွင်း ကိုယ့်တိုင်းပြည်ကို ပြန်ရောင်းစားမယ့် ကောင်မျိုး။ ဟုတ်တယ်မလား။ ဟီးဟီးဟီး"
ထိုကောမန့်များကို ဖတ်ပြီးသွားသောအခါ ဟူရှောင်း ပို၍ပင် ဒေါသထွက်သွားသည်။
ငါ့လောက် စိတ်မရှည်ပုံမျိုးနဲ့ ဒီကိစ္စကို ငြိမ်ခံနေနိုင်မလား။
ဟူရှောင်းက သူများတွေနဲ့ အွန်လိုင်းပေါ်မှာ တိုက်ပွဲဆင်နွှဲရတာကို အသားကျနေသူဖြစ်သည်။ သူတိုးတိုးတိတ်တိတ် ခံစားနေလို့ဖြစ်ပါ့မလား။ သူ အသက်ဝဝရှူလိုက်ပြီး ချက်ချင်း ကီးဘုတ်မှာ စာတွေစရိုက်လိုက်ပါသည်။ ဆဲဆိုသော စာတွေဖြစ်၏။
နောက်ဆုံးမှာတော့ တစ်ဖက်လူတွေကလည်း နောက်မဆုတ်ကြပေ။ ပြင်းထန်သည့် အငြင်းပွားမှုတစ်ခု ဖြစ်ပေါ်လာပြန်ပါသည်။
တစ်ယောက် ခန္ဓာကိုယ်အကြောင်းတစ်ယောက် လှောင်ရင်းက တစ်ယောက်မိသားစုအကြောင်း တစ်ယောက်ပြောသည့်အထိပါ ကြီးမားလာသည်။ နောက်ဆုံးတော့ တစ်ယောက်ဘဝတစ်ယောက် စော်ကားရင်း လူသား ရင်းမြစ်ကို ထိလာသည့်တိုင်ပင်။
သူ အငြင်းပွားရင်း ပွားရင်း ဟူရှောင်းတစ်ယောက် တစ်ခုခုလွဲနေသလိုခံစားလိုက်ရသည်။
ဒီခံစားချက်ကြီးကို ဘာလို့ အရမ်းရင်းနှီးနေပါလိမ့်။
ဟူရှောင်းက ထိုက်တန်သည့် ပြိုင်ဘက်မျိုး မတွေ့သလောက် ရှားပါးခဲ့သည်။ ဘာပဲဖြစ်ဖြစ် လူအများစုက ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြသည်။ ဟူရှောင်းလို အချိန်အားယားနေသည့် လူက အနည်းငယ်သာရှိပြီး Forum ပေါ်မှာ အချိန်မဖြုန်းနိုင်ကြပါ။
ဒီပြိုင်ဘက်က ဝေါဟာရကြွယ်ဝရုံသာမကဘဲ အလွန်လည်း ဆန်းကြယ်ပါသည်။ အချိိန်တိုအတွင်း ရှည်လျားပြီး အရည်အသွေးမြင့်သည့် စာတွေကို ရိုက်နိုင်သည်။ ဇဝေဇဝါဖြစ်စွာနဲ့ ဟူရှောင်း သူ့ပို့စ် Link ကို ကော်ပီကူးလိုက်ပြီး Group ထဲမှာ သွားချပြလိုက်ပါသည်။
"မင်းတို့ ဒီပို့စ်ကို ကြည့်နေကြလား"
သိပ်မကြာခင် လူတစ်ယောက် စာပြန်လာသည်။
Jaiedg_0 က ပြောလိုက်၏။
"စိတ်မပူပါနဲ့ အစ်ကိုဟူ။ ကျွန်တော် အဲ့ဒီိ ပို့စ်တင်တဲ့ မအေပေးကို စကားပြောနေတယ်။ ကျွန်တော့်တာဝန်ကျွန်တော် ကျေအောင်လုပ်ပြီး အဲ့ဒီ အသုံးမကျတဲ့ လူသစ်လေးကို ရွံသွားအောင် လုပ်ပြမယ် ဟီးဟီး"
ဟူရှောင်းက အလွန်ဒေါသထွက်လွန်းသဖြင့် လက်တွေတောင် တုန်လာပါသည်။ လခွမ်း ငါ့ညီအစ်ကိုတစ်ယောက်ဟ။
အဲ့တာကြောင့် စာရိုက်ပုံစာရိုက်နည်းကို အရမ်း ရင်းနှီးနေပါတယ်လို့ ခံစားနေရတာပဲ။
သို့သော်လည်း ဒီလူက သူ့ Group ထဲက ညီအစ်ကိုတစ်ယောက်ဖြစ်သဖြင့် ဟူရှောင်းဘာမှ လုပ်လို့မရတော့ပါ။ ဘာပဲဖြစ်ဖြစ် နားလည်မှု လွဲခြင်းသာဖြစ်၏။ ဒီလူ့ကို Group ထဲက ကန်ထုတ်လိုက်ပါက တခြားသူတွေကိုပါ နားလည်မှုလွဲအောင် လုပ်နိုင်သည်။
သူ့ကို ၂၄ နာရီလောက် ဘန်းလိုက်ပြီး သူ့ရင်ထဲက မကျေချမ်းမှုကို ရှင်းလိုက်ဖို့သာရှိပါတော့သည်။
ခေါင်းတွေ ရီဝေစွာနဲ့ သူ့ညီအစ်ကိုနဲ့သူ အချိန်တွေ အကြာကြီး အငြင်းပွားခဲ့သည်။ ဟူရှောင်း အချိန်ကိုကြည့်လိုက်ပြီး ဂိမ်းထဲက မထွက်ရသေးတာကို မှတ်မိသွားသည်။ ဆိုလိုရင်းက သူ့မှာ ပြန်အပ်ဖို့ အချိန် ၂ နာရီသာ ကျန်ပါတော့သည်။
"ထားလိုက်ကွာ ငါငွေပြန်အမ်းခိုင်းမှဖြစ်မယ်"
ဟူရှောင်း ငွေပြန်အမ်းခလုတ်ကို ကြည့်လိုက်ပြီး နောက်တစ်ခေါက် ထပ်ပြီး တိတ်ဆိတ်သွားပြန်ပါသည်။
ငါတကယ်ပဲ ငွေပြန်ယူသင့်လား။
ငါဒီလိုပဲ တကယ် အရှုံးပေးတော့မှာလား။ ငါ့ကိုယ်ငါ အသုံးမကျတဲ့ ဂိမ်မာလို့ ဝန်ခံတော့မှာလား။
မဟုတ်သေးဘူး။ ငါထပ်ကြိုးစားရမယ်။
ဟူရှောင်း မကျေမနပ်ဖြစ်သွားသည်။ သူသာ အခုချိန် အရှုံးပေးလိုက်ပါက သူ့ကိုယ်သူ အသုံးမကျတဲ့ ဒေါသအိုးမှန်း ဝန်ခံလိုက်သလို ဖြစ်သွားမှာပဲ မဟုတ်လား။
အနည်းဆုံးတော့ အစုအပြုံသင်္ချိုင်းက မွန်းစတား အသေးစားလေးတွေကို သူရှင်းနိုင်သင့်တယ် မဟုတ်လား။
နောက်တစ်ခေါက် ဟူရှောင်း ဂိမ်းထဲ ပြန်ဝင်လိုက်ပါသည်။
အရင်ကလို အကြိမ်ပေါင်းများစွာ သေဆုံးပြီးနောက် ဟူရှောင်းနောက်ဆုံးတော့ သင်ခန်းစာ တချို့ ရသွားခဲ့ပါသည်။ မွန်းစတားများကို တစ်ကောင်ချင်း မျှားခေါ်ရမည်။ ၎င်းတို့ကို တစ်ချက်ချင်း တိုက်ခိုက်ရမည်။ မွန်းစတားက လက်မြှောက်လိုက်တာနဲ့ ချက်ချင်းရှောင်တိမ်းပြီး တိုက်ခိုက်ဖို့အခွင့်အလမ်းနောက်တစ်ခုကို ရှာဖွေရမည်။
အနှစ်ချုပ်အားဖြင့် သူ လောဘကြီးလို့ မရပါ။
ဂိမ်းနတ်ဘုရား၏ ဗီဒီယိုများထံမှ သင်ယူထားသည့် သင်ခန်းစာများကို ဟူရှောင်း စိတ်ထဲမှာ မှတ်သားထားသည်။ ဖြည်းဖြည်းနဲ့မှန်မှန် အစုအပြုံသင်္ချိုင်းက မွန်းစတား အသေးစားလေးများစွာကို သူသတ်နိုင်ခဲ့ပါသည်။
'ဟီးဟီး' ဟူသည့် စကားလုံး သူ့ဖန်သားပြင်ပေါ်မှာ ပေါ်မလာတော့ပါ။
"တော်လိုက်တဲ့ငါပါလား"
ထိုမွန်းစတား အသေးစားလေးများကို သတ်ပြီးနောက် ဟူရှောင်းတစ်ယောက် ပျော်ရွှင်လွန်းသဖြင့် ရင်တွေခုန်နေတာကိုတောင် ခံစားမိပါသည်။ သူ့လက်တွေလည်း မရပ်မနား တုန်လှုပ်နေသည်။
စိတ်ဖိစီးဖို့ကောင်းသလို အရမ်းလည်း စိတ်လှုပ်ရှားဖို့ကောင်းတယ်။
Adrenaline Rush ဆိုတာ ဒီလိုခံစားချက်မျိုးလား။
ဂိမ်းက သူထင်ထားသလောက်မခက်ခဲပါ။ ဟူရှောင်းတစ်ယောက် သစ်လွင်သော အားတက်မှုများဖြင့် သူ့ဇာတ်ကောင်ကို ရှေ့ဆက်တိုးလိုက်သည်။
၃ မိနစ်ခန့်ကြာသောအခါ ဓားမအကြီးကြီး ကိုင်ဆောင်ထားသည့် သားသတ်သမားတစ်ယောက် ဟူရှောင်းရှေ့မှာ ပေါ်လာခဲ့ပါသည်။ ဒါက ဂိမ်းထဲက ပထမဆုံး လက်ရွေးစင် မွန်းစတားဖြစ်သည်။
"ဟီးဟီး"
"ဟီးဟီး"
"ဟီးဟီး"
အချိန်အတော်ကြာပြီးနောက်....
ဟူရှောင်း မောက်စ်ကို လွှတ်လိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပါသည်။
ဟား... ငါဒီနေ့ဘာတွေလုပ်နေခဲ့တာပါလိမ့်...။ ဒီလိုဂိမ်းထဲမှာ အချိန်တွေ အများကြီး ဖြုန်းလိုက်ရတယ်လို့။
ဟူရှောင်း သူ့ဘဝကိုသူ သံသယဝင်လာပါသည်။
သူ အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ကာ အခုဆို ခံနိုင်ရည်ရှိနေပါပြီ။ ယခုဆို သူဂိမ်းကို စကစားချိန်ကစပြီး အချိန်ဘယ်လောက်ကြာသွားမှန်းတောင် မသိတော့ပါ။
သူ့မှာ ဗလာကျင်းဖြစ်နေသော ခံစားချက်တစ်ခုသာ ရှိတော့သည်။
အလွန်ကြီးမားကျယ်ပြန့်ပြီး အဆုံးမရှိသော ဗလာကျင်းသည့် ခံစားချက်ကြီး ဖြစ်၏။
"ထားလိုက်ပါတော့ကွာ ငါ့ငွေငါ ပြန်ယူတော့မယ်။ ဒီလိုဂိမ်ကို ကစားပြီး အချိန်တွေ အများကြီး ဖြုန်းစရာ အကြောင်း မရှိဘူး"
ဟူရှောင်းအချန်ကို ကြည့်လိုက်သည်။ ငွေပြန်အမ်းခွင့် တောင်းဆိုဖို့ ကန့်သတ်ထားချိန်လည်း ပြည့်ခါနီးနေပါပြီ။ သူထပ်စောင့်လိုက်ပါက သူ့ပိုက်ဆံကို ဘယ်တော့မှပြန်ရနိုင်မှာ မဟုတ်တော့ပါ။ ဂိမ်းထဲကို တကယ် အာရုံစိုက်မိပါက အချိန်တွေအကုန်မြန်တယ် ဆိုတာပဲ ပြောနိုင်ပါတော့သည်။
ဟူရှောင်းက ဂိမ်းကို ပြန်အပ်ဖို့ ပြင်နေစဥ် သူ့ဖန်သားပြင်ပေါ် စာသားတစ်ကြောင်း ပေါ်လာသည်။
"ပြန်အပ်လိုက်လေ။ မင်းရဲ့ စံနှုန်းအတိုင်းသာဆို ဂိမ်းကို အောင်နိုင်မှာ မဟုတ်ဘူး။ အဲ့လောက် အကြာကြီး အောင့်အီးထားဖို့ မလိုပါဘူး။ ဘဝမှာ လုပ်စရာ တန်ဖိုးရှိတဲ့အလုပ်တွေ အများကြီးရှိတယ်။ ဘာလို့ အဲ့လိုဂိမ်းမျိုးအတွက်နဲ့ မင်းရဲ့ တန်ဖိုးရှိတဲ့အချိန်နဲ့ ပိုက်ဆံကို ဖြုန်းတီးနေမှာလဲ။”
ဟူရှောင်း “...”
မင်း ဘယ်သူ့ကို အထင်လာသေးနေတာလဲ။
ဟူရှောင်း ဂိမ်းကို ပြန်အပ်ဖို့ ပြင်ထားသော်လည်း စိတ်ပြောင်းလိုက်ပါပြီ။
ဖန်သားပြင်ပေါ်က မက်ဆေ့က စိတ်ရင်းဖြင့် ရေးထားသည့်ပုံပေါက်ကာ မှန်လည်းမှန်ကန်ပါသည်။
၅ နာရီကြာသွားတာတောင် ဂိမ်းအစပိုင်းရှိ ရွာထဲက မထွက်နိုင်သေးပါ။။ ဒီတိုင်းသာဆို သူဂိမ်းကို အောင်နိုင်ချေက လျစ်လျူရှုလို့တောင် ရပါသည်။
ထို့အပြင် ဘဝမှာတခြားတန်ဖိုးရှိတဲ့ လုပ်စရာတွေလည်း တကယ်ပဲ အများကြီးရှိပါသည်။ သူ့ကို နှိပ်စက်နေသည့် ဂိမ်းတစ်ခုကြောင့် အလွန်ဒေါသထွက်ကာ ပိုက်ဆံတွေ ဖြုန်းဖို့ မလိုအပ်ပေ။
ဖေးချမ့်အတွက် ဒါတွေက အမြော်အမြင်ရှိတဲ့ စကားလုံးတွေ ဖြစ်သည်။ ဉာဏ်ရည် အနည်းငယ် မြင့်မားသည့် ဘယ်ဂိမ်မာမဆို သူ့အကြံဉာဏ်ကို လိုက်နာကြပါလိမ့်မည်။
ထို့အပြင် သူ့ရည်ရွယ်ချက်တွေကလည်း စေတနာပါသည်။ ငွေပြန်အမ်းခွင့် တောင်းဆိုဖို့ ကန့်သတ်ထားချိန် ပြည့်ခါနီးတော့မည်၊ ဂိမ်းကို အမြန်ဆုံး ပြန်အပ်သင့်သည်ဟု ကစားသမားတွေကို အသိပေးချင်ခြင်း ဖြစ်သည်။
သို့သော်လည်း ဟူရှောင်းကတော့ မက်ဆေ့ကို လုံးဝ ကွဲပြားစွာ အဓိပ္ပာယ်ကောက်သွားပါသည်။
"ဂိမ်းကို ဘယ်တော့မှ အောင်နိုင်မှာ မဟုတ်ဘူးတဲ့လား။ မင်းကို ပြဖို့ နိုင်အောင်ကို ဆော့ဦးမှာ"
"ဒီလိုဂိမ်းမျိုးအတွက် ဘာလို့မင်းရဲ့ တန်ဖိုးရှိတဲ့ အချိန်နဲ့ ငွေကို ဖြုန်းတီးတာလဲဟုတ်လား။ ငါ့မှာ အချိန်ကော ငွေကော အများကြီးရှိတယ်ကွ။ ငါ့ဟာငါဖြုန်းတာ မင်းလာတားလို့ရမလား"
ငါငွေပြန်မတောင်းဘူး။
ဟူရှောင်း၏ ဒေါသ နောက်တစ်ခေါက် မြင့်တက်လာပြန်ပါသည်။ ကျွဲ ၉ ကောင်အားနဲ့တောင် သူ့ကို ထိန်းနိုင်မှာ မဟုတ်ပါ။
သူ ဒီနေ့ ဂိမ်းကို ရအောင် ကစားမည်။
ဒေါသဖြင့် ဟူရှောင်း ဂိမ်းကို ဆက်ကစားနေလိုက်ပါသည်။
"နေပါဦး ဂိမ်းက ဘယ်လောက်ပေးရတာပါလိမ့်။ သြော် ၁၂၈ ယွမ်ပဲ။ ထားလိုက်ကွာ ဂရုမစိုက်ဘူး"