← Chapters

ဆရာချောင်းရဲ့နာကျင်မှုများ

Vol. 19 Ch. 278

ဆရာချောင်းရဲ့နာကျင်မှုများ

Vol. 19 Ch. 278

အောက်တိုဘာလ ၄ ရက်နေ့...

မနေ့က လင်းချန်နဲ့ စားဖိုဆောင်မှာ အတူစားသောက်ပြီးနောက် ဖေးချမ့် သူ့လုပ်ငန်းအသစ်ကို သေသေချာချာ စဥ်းစားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ ဆဲလ်ဖုန်းထုတ်လုပ်မှု လုပ်ငန်း ၂ ခုစလုံးက အလွန်များပြားသည့် စဦးရင်းနှီးမြှုပ်နှံမှုများ လိုအပ်သလို ကြီးကြီးမားမား အရှုံးပေါ်နိုင်ချေလည်း ရှိသည်။ ဒီနယ်ပယ်တွေထဲ ချဲ့ထွင်ချင်ရင်တောင် လာမည့် ငွေစာရင်းရှင်းချိန် နောက်တစ်သုတ်ကို စောင့်ရပါမည်။

အမှန်ပင်။ များပြားသည့် စဦးရင်းနှီးမြှုပ်နှံမှုများကို လိုအပ်သော်လည်း ဘယ်အရာမဆို စျေးကြီးသည့် နည်းလမ်းနဲ့ စျေးပေါသည့် နည်းလမ်းဆိုတာ ရှိစမြဲ ဖြစ်သည်။

ဥပမာအားဖြင့် ဆဲလ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းကို ကြည့်ပါ။ ဖေးချမ့် ဒီလိုလုပ်ငန်းမျိုးကို စတင်ချင်ရင် သူ့ဂိုထောင်ထဲ ဆဲလ်ဖုန်း သိန်းနဲ့ချီပြီး ရှိနေဖို့ မလိုအပ်ပေ။ လက်တွေ့မကျဘဲ မလိုအပ်သလို ဖြစ်နေပါသည်။

အကြီးစား ထုတ်လုပ်သူတွေက အကြောင်းအရင်း ၂ ခုကြောင့် ဂိုထောင်ထဲ အများကြီး ရှိထားဖို့ လိုအပ်ခြင်းဖြစ်သည်။ ပထမဆုံး အရှုံးအမြတ်ကို စဥ်းစားဖို့လိုအပ်သည်။ ဒုတိယအနေဖြင့် ဆဲလ်ဖုန်းများ အကုန်ရောင်းထွက်သွားခဲ့သည်ရှိသော် ကတ်စတမ်မာတွေ အပြစ်တင်မှာကို စိုးရိမ်တာကြောင့် ဖြစ်သည်။

သို့သော်လည်း ဖေးချမ့်ကတော့ ဒါတွေကို စိတ်ပူဖို့ မလိုပေ။

အရှုံးအမြတ်ကို မချင့်ချိန်နိုင်လည်း အရေးမကြီးပါ။ တကယ်တော့ အရှုံးတောင် ပိုပေါ်နိုင်သေးသည်။ ပစ္စည်းများ ကုန်သွားလည်း ကုန်ပါစေ။ တကယ်တော့ ဆဲလ်ဖုန်း တစ်လုံးတောင် ရောင်းမထွက်စေချင်ပါ။

အစောပိုင်းမှာ ဆဲလ်ဖုန်း ၃,၀၀၀ လောက်ပဲ ထုတ်လုပ်နိုင်သည်။ ဒီ့ထက်ပိုပါက သူအောင်မြင်မှာ မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် သူ့ပန်းတိုင်က အရှုံးပေါ်ဖို့ဖြစ်သည်။ အရမ်းကြီး စဥ်းစားနေဖို့မလိုအပ်ပေ။ သူဖြုန်းနိုင်သမျှ ပမာဏကို ဖြုန်းပစ်ပါမည်။

အမှန််ပင။ အသေးစိတ်အချက်အလက် အားလုံးကိုတော့ သူစဥ်းစားရဦးမည်။ ကျရှုံးမှာ သေချာမှ စတင်လှုပ်ရှားလို့ရမည်။

ရုံးကို ရောက်လာတော့ ဖေးချမ့် ပထမဆုံး လုပ်တာက အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်း အခြေအနေကို စတင်စစ်ဆေးခြင်းဖြစ်သည်။

တစ်နေ့တာ ကိန်းဂဏန်းတွေကိုကြည့်ပြီး အများကြီးတော့ အကဲခတ်လို့မရပါ။ သို့သော်လည်း ဒီဂဏန်းတွေ တိုးတက်လာသည့် လက္ခဏာ မတွေ့ရရင်ပဲ ဖေးချမ့်အတွက် အဆင်ပြေနေပါပြီ။

ဂိမ်းအယ်ဒီတာ၏ နောက်ဘက်စာမျက်နှာကို Refresh လုပ်ဖို့ ကြံလိုက်ရုံရှိသေး၊ သူ့ရုံးခန်း တံခါး လာခေါက်သံကို ကြားလိုက်ရ၏။

ဖေးချမ့် မော့ကြည့်လိုက်သောအခါ လီယာ့တာကို တွေ့လိုက်ရပါသည်။

လီယာ့တာက ရှက်ရွံ့စွာဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ သူမ၏ ခပ်ထူထူ မျက်မှန်ကို နှာတံပေါ် ပင့်တင်လိုက်ပြီး လက်ညှိုးနှစ်ခုကို ထိလျက် ဂနာမငြိမ်ဖြစ်နေပါသည်။

"ဘော့-ဘော့-ဘော့စ်ဖေး အရေးကြီးတဲ့ ပြဿနာ တစ်ခုတက်နေပြီထင်တယ်"

"တရားဝင်ဂိမ်းပလက်ဖောင်းရဲ့ စည်းမျဥ်းအရဆို ဂိမ်းတစ်ခုရဲ့ ငွေပြန်အမ်းမှုတောင်းခံနှုန်း ၂၀ ရာခိုင်နှုန်းကျော်သွားရင် သတိပေးချက် ပေးခံရမယ်။ ၃၅ ရာခိုင်နှုန်းကို ကျော်သွားရင်တော့ ဂိမ်းဖန်တီးသူတွေက သေချာပေါက် ဂိမ်းကို ပြန်ရုတ်သိမ်းပြီး ပြန်ပြုပြင်ရမယ်"

"လောလောဆယ် ကျွန်မတို့က ၃၀ ရာခိုင်နှုန်းနားကို ကပ်နေပြီ။ ဒီတိုင်းသာ ဆက်သွားရင် အကျိုးဆက်တွေက... အန္တရာယ်ရှိလောက်တယ်"

ဖေးချမ့် ဇဝေဇဝါဖြစ်သွားသည်။

ဟမ်။ ဒီလောက်ကောင်းတဲ့ စည်းမျဥ်းမျိုး ရှိနေတာလား။

ထန်းတာ့က အမြဲတမ်း ဂိမ်းများကို စေတနာ ပါပါ ဖန်တီးခဲ့မှုကြောင့် ဒီလိုပြဿနာမျိုးဖေးချမ့် အရင်က မကြုံဖူးပါ။ ဂိမ်းအကုန်လုံးကို စျေးနှုန်း နည်းပါးစွာ သတ်မှတ်ထားပြီး ငွေပြန်အမ်းခိုင်းသည့်လူကလည်း နည်းပါးသည်။

အထီးကျန်ကန္တာရလမ်းကိုတောင် အလွန် နည်းပါးသော စျေးသတ်မှတ်ထား၏။ ထို့ကြောင့် ငွေပြန်အမ်းခိုင်းသည့် ကစားသမားတွေလည်း နည်းပါးတာဖြစ်ပါသည်။

သို့သော်လည်း ဒီအခြေအနေကတော့ ခြားနားသည်။ အရှုံးပေးပြီး ကယ်တင်ခြင်း ခံစေဂိမ်းက အလွန်သာမန်ဆန်ပြီး အသုံးမကျသည့် ကစားသမားမျာားစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုကစားသမားအများစုက အကြောင်းအရင်း ပေါင်းစုံကြောင့် ဆက်ကစားနေကြသော်လည်း အနည်းစုကတော့ ဂိမ်းကို ဒေါသတကြီး ပြန်အပ်ကြမှာ သေချာသည်။

ဂိမ်း Review တွေက ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကို ရောက်နေရုံသာမကဘဲ ငွေပြန်အမ်းခိုင်းသည့် ပြဿနာကပါ ပိုပိုပြီး ပြင်းထန်လာပါပြီ။

သို့သော်လည်း ဖေးချမ့်အတွက် အားလုံးက သတင်းကောင်းဖြစ်သည်။

ဒီဂိမ်းကို ပြန်ရုတ်သိမ်းပြီး ပြန်ပြုပြင်ရမည် ဆိုပါက အချိန်ဆွဲပြီးမှ ပြန်ထုတ်လုပ်နိုင်သည်။ ဒီလိုသာဆို ရောင်းအားပမာဏကိုလည်း ထိန်းချုပ်နိုင်လိမ့်မည်။ ငွေစာရင်းရှင်းချိန် မတိုင်ခင် တစ်ပတ်အလိုတွင် ဂိမ်းကို ထုတ်လုပ်နိုင်သရွေ့ အဆင်ပြေပါလိမ့်မည်။

ဖေးချမ့် ဒါကို တမင်သက်သက်လုပ်ခဲ့တာ မဟုတ်ပါ။ ဒါ့ကြောင့် စနစ်က သူ့ကိုတော့ အပြစ်မတင်လောက်ဘူး မလား။

ဖေးချမ့် ပလက်ဖောင်းကို လှမ်းကြည့်လိုက်ပြီး မေးလိုက်ပါသည်။ "သတိပေးစာက ဘယ်နားမှာလဲ"

လီယာ့တာက ခေါင်းငုံ့လိုက်သည်။ "အာ... တရားဝင်ပလက်ဖောင်းရဲ့ စည်းမျဥ်းသတ်မှတ်ချက်တွေဆိုတာ သေချာပါတယ်။ ကျွန်မတို့ ဘာလို့ သတိပေးချက် မရသေးတာပါလိမ့်"

"ကျွန်မတို့ တရားဝင်ပလက်ဖောင်းမှာ ဂုဏ်သတင်းကောင်းလို့လည်း ဖြစ်နိုင်တယ်"

"ကျွန်မ ဒီတိုင်း အစီရင်လာခံပြီး ဘယ်လို ရှေ့ဆက်တိုးရမလဲလို့ ဘော့စ်ဖေးရဲ့အကြံဉာဏ်ကို လာတောင်းတာပါ။ ကျွန်မတို့ ဂိမ်းကို ပြန်ပြုပြင်ပြီး ခက်ခဲမှုအဆင့်ကို လျှော့ချလိုက်ရမလာား"

"မလိုဘူး" ဖေးချမ့်က လက်မြှောက်ပြီး သူမကို တားလိုက်သည်။ "လက်ရှိအခြေအနေကို ငါကောင်းကောင်းနားလည်တယ်။ မစိုးရိမ်ပါနဲ့"

"ဟုတ်ကဲ့ပါ... ကောင်းပါပြီ" လီယာ့တာ ခေါင်းငြိမ့်ပြီး အခန်းထဲက ထွက်သွားပါသည်။

၃၀ ရာခိုင်နှုန်းတောင် မပြည့်သေးသည့် ငွေပြန်အမ်းနှုန်းကို ကြည့်ရင်း ဖေးချမ့် ရင်နာလာသည်။

ဟာကွာ... နှမြောဖို့ကောင်းလိုက်တာ။

၃၅ ရာခိုင်နှုန်းလောက် ရောက်တဲ့အထိ သေချာအောင် အရင်ကတည်းက ကြိုးစားခဲ့ရမှာ။

ငွေပြန်အမ်းနှုန်းက ယခု ဆက်တက်မလာသေးပါ။ ထို့အစား ဆက်တိုက် လျော့ကျနေပါသည်။ ထို့ကြောင့် ဖေးချမ့် နာကျင်သွားရသည်။

သို့သော်လည်း ဖြစ်သင့်ပါသည်။ ဂိမ်းနဲ့ပတ်သတ်သည့် သတင်းများက အင်တာနက်တခွင် ပြန့်လာပြီဖြစ်သဖြင့် ဂိမ်မာ အသစ်အများစုက ဂိမ်းအလွန်ခက်ခဲကြောင်း သိသွားကြလိမ့်မည်။ သူတို့ ဂိမ်းထဲမဝင်ခင် သေချာ ပြင်ဆင်ထားကြပါလိမ့်မည်။

ထို့ကြောင့်လည်း ငွေပြန်အမ်းခိုင်းသည့် ဂိမ်မာ ရာခိုင်နှုန်းက လျော့ကျနေခြင်းဖြစ်ပါသည်။

ဖေးချမ့် ခေတ္တစဥ်းစားလိုက်ပြီး ရှောက်ဟူ Review ၏ Chat ဝင်းဒိုးကို ဖွင့်လိုက်သည်။

သူ ငှားရမ်းထားသည့် Review သမားအတုများက အသုံးဝင်ပါသည်။ သူတို့ကြောင့်ပဲ ဂိမ်းက ဆိုးဆိုးရွားရွား ဝေဖန်ခံနေရခြင်း ဖြစ်၏။

ဒီလိုဆိုမှတော့ သူ့အားထုတ်ကြိုးပမ်းမှုများကို ဆက်လက် အရှိန်မြှင့်ရပါမည်။

လူတွေကို ထပ်ငှားပြီး မီးလောင်ရာလေပင့်ဖို့အတွက် ဆဲဆိုခိုင်းရမည်။ ဂိမ်မာတွေ ငွေပြန်အမ်းခိုင်းအောင် ဖြောင်းဖြနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ဒီလို မလုပ်နိုင်ရင်တောင် ဂိမ်မာတွေကို ခြောက်လှန့်ပြီး နှင်ထုတ်ရမည်။ ဒီလိုဆို ဂိမ်းရောင်းအား ကျသွားပါလိမ့်မည်။

အမှန်ပင်။ ဒီတစ်ခေါက်လည်း ရိုးရှင်းသည့် လမ်းညွှန်ချက်များ ပေးလို့မရပါ။

အရင်နည်းလမ်းကိုပဲသုံးပြီး သူ ပေးနိုင်သမျှ အရိပ်အမြွက်များကို ဖေးချမ့် ပေးရပါမည်။

တစ်ဖက်မှာတော့ ဟူရှောင်းက ဆင်ခြေမဲ့သည့် သူ့အပြုအမူကိုသူ ပြန်လည်နောင်တရနေပါပြီ။

နောင်တရလိုက်တာကွာ။

'ဟီးဟီး' ဟူသည့် စကားလုံးကလည်း သူ့ဖန်သားပြင်ပေါ် ထပ်ခါထပ်ခါ ပေါ်လာသည်။

ဟူရှောင်း နောက်ကျသွားပါပြီ။ သူ့ဂုဏ်သိက္ခာနဲ့ မာနတွေ အကုန်လုံး ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ပြီ။

ဘာတွေဖြစ်နေတာလဲ။။ ငါ့ဦးနှောက် ဘယ်လိုလုပ်ပြီး ပျက်သွားရတာလဲ။ ငါဘာလို့ ငွေပြန်မအမ်းခိုင်းမိတာလဲ။

ဘော့စ်က Review သမား အတုတွေကို ငှားဖို့အတွက် ငွေတွေအများကြီး သုံးစွဲခဲ့သည်။ ဒါတောင် ဟူရှောင်းက ဘာအကြောင်းအရင်းမှ မရှိဘဲ ယွမ် ၁၀၀ တောင် ပြန်ပေးခဲ့သေးသည်။ သူ ဘယ်လိုခံစားနေရသလဲဆိုတာကို စကားနဲ့တောင် ထုတ်ပြောလို့မရတော့ပါ။

"ငါ ထောင်ချောက်မိသွားတာလား။ ဂိမ်းကို ငွေပြန်မအမ်းခိုင်းမယ့် လူတွေ ရှိမှာ သေချာတယ်လို့ သူ သိနေတာလား။ အကြံအစည်ကြီးလိုက်တာကွာ"

"ငါ့ကို နောက်တစ်ခေါက် စကားလာပြောရင် သေချာ မေးရမယ်။ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မသိရမချင်း ပြီးသွားခွင့် မပေးနိုင်ဘူး"

ဟူရှောင်းတစ်ယောက်တည်း ဒေါသတကြီး တွေးလိုက်ပါသည်။

သူဒေါသကြီးနေစဥ်မှာပဲ အမာခံဝေဖန်ချက်များ အကောင့်မှ မက်ဆေ့သစ်တစ်စောင် ဝင်လာသည်။

"နောက်ထပ် ယွမ် တစ်သိန်းဖိုး Review သမားတွေဝယ်မယ် ပိုပြီး အားထုတ်ကြ"

ဟူရှောင်း ခေတ္တရပ်တန့်သွားပြီးနောက် အမြန်စာပြန်လိုက်ပါသည်။ "ဟုတ်ပြီ ညီအစ်ကို ကိစ္စမရှိဘူး"

ယွမ် ၁၀၀,၀၀၀ ဆိုတာကို မြင်လိုက်ရသဖြင့် ဟူရှောင်း ချက်ချင်းဆိုသလို စိတ်ဓာတ်တက်ကြွသွားခဲ့သည်။

ဒီလောက် ရက်ရောတဲ့ ဘော့စ်က ငါ့ကို ညစ်ပတ်ပြီး လိမ်ညာပါ့မလား။ ငါအတွေးလွန်နေတာဖြစ်မှာပါ။

အောက်တိုဘာလ ၅ ရက်နေ့...

ပေကျင်းမြို့တွင်...

ချောင်းလျန်က သူ့အငှားတိုက်ခန်းထဲတွင် ထိုင်လျက်သားနဲ့ စိတ်ဖိစီးနေပါသည်။

နာကျင်မှုတွေ...

အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းထွက်လာကတည်းက ၎င်း၏ အခြေအနေကို သူသေချာ စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း ပိုပြီး စောင့်ကြည့်လေလေ ပိုပြီး စိတ်ဖိစီးလာလေလေ ဖြစ်သည်။

ဂိမ်း၏ ဝက်ဘ်ဆိုက်စာမျက်နှာပေါ်က ကောမန့်တွေက နှစ်ခြမ်းကွဲနေသည်။ လူအများစုက ဂိမ်းရဲ့ အနှစ်သာရ အစစ်အမှန်ကို နားတောင် မလည်ဘဲ ဝေဖန်နေကြသည်။

တချို့ UP မာစတာတွေကလည်း ဂိမ်းအတွက် မိတ်ဆက်ဗီဒီယိုများ တင်ကြသည်။ သို့သော် သူတို့အများစုကလည်း ဂိမ်း၏ အနှစ်သာရကို ထိတွေ့နိုင်ခြင်းမရှိသေးပါ။ ဂိမ်းရဲ့ ကြွယ်ဝတဲ့ ဇာတ်လမ်းနဲ့ ဇာတ်ကွက် ဒီဇိုင်းများကို ဘယ်သူမှ မပြောကြပါ။

လူအများစုက ဂိမ်းကို ငွေပြန်အမ်းခိုင်းသင့်လား မသင့်ဘူးလား စဥ်းစားနေကြသည်။ သို့မဟုတ် ဂိမ်းရဲ့ စနစ်ဒီဇိုင်းမှာ အမှားရှိနေသလား မရှိဘူးလား စဥ်းစားနေကြသည်။

ချောင်းလျန်အတွက်တော့ ထိုအကြောင်းအရာတွေက ဘာမှ အဓိပ္ပာယ် မရှိပေ။

အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းက ရတနာတစ်ပါး ဖြစ်သည်။ ဒီလူတွေက ရတနာဂူရဲ့ အပေါက်ဝမှာ ရပ်တန့်နေကြပြီး ဝင်ပေါက်က ကျဉ်းမြောင်းလွန်းသည်ဟု အထွန့်တက်နေကြသူများသာ ဖြစ်လေ၏။

ရူးမိုက်လွန်းပါသည်။

ဘော့စ်ဖေး သူ့ကို ဘယ်လောက် စေတနာပါပါဆက်ဆံခဲ့သလဲဆိုတဲ့အကြောင်း၊ ဘော့စ်ဖေး ကျွေးလိုက်တဲ့ ဂဏန်းဘုရင်ကြီးအကြောင်း စဥ်းစားမိတိုင်း ဘော့စ်ဖေးကို ကူညီချင်စိတ်များ ချောင်းလျန် ပြင်းပြလာရသည်။

သို့သော်လည်း သူ့လက်ထဲမှာ တိတိကျကျ အဖြေတစ်ခု ရှိသော်လည်း ကမ္ဘာကြီးကို ထုတ်ပြလို့ မရသေးပါ။

အဘယ့်ကြောင့်ဆိုသော် ဂိမ်းကို ထုတ်လုပ်ပြီး ၁ ပတ်အတွင်း သူ ဗီဒီယို ထုတ်လုပ်မည် မဟုတ်ကြောင်း ဘော့စ်ဖေးကို ကတိပေးထားပြီးသား ဖြစ်သောကြောင့်ပင်။ တစ်ပတ်အတွင်း ချောင်းလျန် ဇာတ်လမ်းကို ထုတ်ပြောလို့ မရပါ။ တခြားဂိမ်မာတွေကို ဘာအနှောင့်အယှက်မှမရှိဘဲ ဂိမ်းရသကို အပြည့်အဝ ခံစားခွင့်ပေးရမည်။

ထို့ကြောင့် ချောင်းလျန်က သူ့နာကျင်မှုတွေကို ခွန်အားအဖြစ် ပြောင်းလဲလိုက်ပြီး အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းထဲမှာ တခြား ဇာတ်သိမ်းတွေကို ရဖို့ပဲ ကြိုးစားနေလိုက်ပါသည်။ နောက်လာမည့် ဗီဒီယိုတွေအတွက် ကုန်ကြမ်းတွေ လုံလုံလောက်လောက် စုထားရမည်။

ဒီဂိမ်းအတွက် မှန်ကန်သည့် တိုက်ခိုက်မှု ဗျူဟာက ဇာတ်သိမ်းများစွာကို ရရှိခဲ့သည့် ချောင်းလျန်အတွက် ပိုပိုပြီး ရှင်းလင်းလာပါပြီ။ ယခုတော့ ဂိမ်းရဲ့ ဇာတ်လမ်းဇာတ်ကွက်ကိုပဲ အာရုံစိုက်ဖို့ လိုပါတော့သည်။

ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းဇာတ်ကွက်နဲ့၊ အထင်အမြင်တို့က ဂိမ်းတိုင်းရဲ့ အရေးအပါဆုံး အချက်များ ဖြစ်ကြသည်။ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းကလည်း ထိုကဏ္ဍတွေမှာ ကြွယ်ဝပါသည်။

ဂိမ်းကို ခေတ္တကစားပြီးနောက်တွင် ချောင်းလျန် စာဖိုင်တစ်ခုကို ဖွင့်လိုက်ပြီး သူ့ဗီဒီယိုအတွက် အစီအစဥ်များ စတင်ရေးသားသည်။

"သေချာ အကဲခတ်လေ့လာကြည့်မယ်ဆိုရင် ဒီဗီဒီယိုထဲမှာ ပေါ်လာတဲ့ သားရဲကောင်တွေက တရားဝင် ဂိမ်းအပြောင်းအလဲမှာလည်း ပေါ်လာမှန်း တွေ့ရမယ်။ ပြီးတော့ ပုံစံပြောင်းလဲသွားကြလိမ့်မယ်"

"ဇာတ်ဝင်ခန်းထဲက မြစ်ဘေးက အလောင်းကြီးက လှုပ်သွားတာ မြင်လိုက်လား။ အဲ့တာ သူ မကောင်းဆိုးဝါးဖြစ်သွားတဲ့ လက္ခဏာကို ပြတာ။ ဂိမ်းကစားနေတုန်း အလောင်းဘေးမှာ လက်နက်တစ်ခုလည်း ပေါ်လာသေးတယ်။ အဲ့ဒီလက်နက်ကို ကစားသမားက ယူဖို့ ကြိုးစားလိုက်ရင် အလောင်းက ကစားသမားကို ထခုန်အုပ်လိမ့်မယ်။ အဲ့ကျရင် တစ်ချက်တည်းနဲ့ သေသွားမယ်"

"... ဗီဒီယိုထဲမှာ ဘုန်းတော်အိုကြီးတစ်ပါးလည်း ပါသေးတယ်။ မြို့ပြင်က ဘုရားကျောင်းအဟောင်းကြီးထဲမှာ ထိုင်နေပြီး ဂါထာရွတ်နေတယ်။ လေလွင့်တစ္ဆေတွေရဲ့ တိုက်ခိုက်မှုကနေ သူ့ကိုယ်သူ ကာကွယ်ထားတာ။ ကစားသမားက ဘုရားကျောင်းအပြင်ဘက်ကို ရောက်သွားရင် အဲ့ဒီဘုန်းတော်ကြီးလည်း အသိစိတ်ပျောက်သွားပြီဆိုတာ သိလိုက်ရမယ်။ နောက်တော့ ကစားသမားကို အရူးလို စပြီး တိုက်ခိုက်လိမ့်မယ်"

"...အဲ့ဒီဘုန်းတော်အိုကြီးကို နှိမ်နင်းပြီးသွားရင် သူ့ရဲ့ဗုဒ္ဓပုတီးစေ့နဲ့ တောင်ဝှေးတို့ကို ရမယ်။ ဗုဒ္ဓပုတီးစေ့က ဂိမ်းရဲ့အစောပိုင်းအဆင့်တွေမှာ အသုံးဝင်တဲ့ တစ်ခါသုံး Item မျိုးပဲ။ တောင်ဝှေးကတော့ သာမန် Stats တွေနဲ့ အရန်လက်နက်အဖြစ် သိမ်းထားဖို့ တန်တယ်ဆိုရုံလောက်ပဲ ရှိတယ်..."

"ဗုဒ္ဓပုတီးစေ့တွေက အရေးကြီးပြီး ဘုန်းတော်အိုကြီးကလည်း တော်တော် အားနည်းလို့ မြို့ပြင်ရောက်တာနဲ့ သူ့ကိုသွားနှိမ်နင်းဖို့ အားလုံးကို အကြံပေးချင်ပါတယ်။ အဲ့ဒါဆို အဲ့ဒီလက်နက်တွေကို ရနိုင်လိမ့်မယ်"

"ရူးသွပ်နေတဲ့ ပညာသင်က သူ့အိမ်သူ မီးတိုက်လိုက်တယ်။ ကစားသမား အဲ့ဒီကို ရောက်သွားတဲ့အခါကျရင် အိမ်က ပြာတောင် ကျသွားပြီဆိုတာ မြင်လိုက်ရမယ်။ ထောင့်နားလေးမှာ ပညာသင်ရဲ့ အလောင်းကို မြင်ရလိမ့်မယ်။ သူ့ခန္ဓာကိုယ်ကနေပြီးတော့ စုတ်ပြဲနေတဲ့ စာတစ်စောင်ကိုတွေ့လိမ့်မယ်။ အဲ့စာကိုဖတ်ကြည့်ရင် ရွာကြီးတစ်ခုလုံး ယုတ်ညံ့မသွားခင်တုန်းက သမိုင်းအကြောင်းကို နည်းနည်း နားလည်သွားမယ်..."

"...ဂိမ်းရဲ့ မတူတဲ့ ဇာတ်သိမ်းကိုရစေမယ့် နေရာတွေ ဂိမ်းထဲမှာ အများကြီးရှိတယ်။ လောလောဆယ်တော့ မတူတဲ့ဇာတ်သိမ်း ဘယ်နှခုလောက်ရှိိမလဲ ငါသေချာမသိရသေးဘူး။ ဒါပေမယ့် အနည်းဆုံး ၂ ခုလောက် ရှိမယ်ဆိုတာတော့ သေချာတယ်"

ချောင်းလျန် ဂိမ်းကစားရင်း သူတွေ့ထားသည့် အသေးစိတ်ပေါင်းစုံနဲ့ Easter Egg ပေါင်းစုံကို မှတ်တမ်းတင်ထားလိုက်သည်။

သူ ပိုပြီး မှတ်တမ်းတင်မိလေလေ ဂိမ်းကို ပိုအသိအမှတ်ပြုမိလေလေဖြစ်သည်။

အရင်တစ်ခေါက် ကစားခဲ့တုန်းက ဒီအချက်တွေအားလုံးကို သူ သတိမထားမိခဲ့ပေ။ ဂိမ်းကို ဘယ်လိုအောင်မြင်အောင် ကစားရမလဲ ဆိုတာကိုပဲ စဥ်းစားနေမိသည်။ ဘော့စ်တစ်ကောင်ကို ဘယ်လိုသတ်ရမလဲ စသဖြင့်သာ စဥ်းစားနေမိ၏။ အသေးစိတ်တိုင်းကို ချမှတ်ဖို့ အချိန်မရှိခဲ့ပါ။

သို့သသော်လည်း ဂိမ်း၏ ဇာတ်သိမ်းများစွာကို မြင်ပြီးပြီဖြစ်ကာ သူ့တိုက်ခန်းကိုလည်း သူပြန်ရောက်လာခဲ့ပြီဖြစ်သည်။ ဂိမ်းက အရင်ကလောက် မခက်ခဲတော့ပါ။ ယခုတော့ သူ လွတ်သွားခဲ့သည့် အသေးစိတ်တိုင်းကို လေ့လာနိုင်ပါပြီ။

သူ ပိုပြီး လေ့လာမိလေလေ ဂိမ်းက အကြောင်းအရာတွေ ကြွယ်ဝမှန်း သိလာလေလေဖြစ်သည်။

ဂိမ်းဇာတ်လမ်းဇာတ်ကွက်ကို အဖွဲ့တစ်ဖွဲ့လုံး တာဝန်ယူထားသလားဟုတောင် ချောင်းလျန် စတင်ပြီး သံသယဝင်လာမိပါသည်။ ဒါမှ ဒီလောက် ပြီးပြည့်စုံပြီး အသေးစိတ်ကျသည့် ဇာတ်လမ်းမျိုးကို သူတို့ဖန်တီးနိုင်လောက်မည်။

အမှန်ပင်။ တိတိကျကျ ပြောရမည်ဆိုလျှင် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းက ဇာတ်လမ်းကြွယ်သည့် နိုင်ငံခြား AAA ဂိမ်းတွေလောက် အကြောင်းအရာမစုံလင်ပါ။ တကယ်တော့ ဒီဂိမ်းက အတော်လေး ကွဲပြားနေသည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ရတနာများကို ရှာဖွေရသလို ခံစားချက်မျိုးက ချောင်းလျန်ကို အားတက်သွားစေသည်။ သူ ရပ်တန့်ချင်ရင်တောင် ရပ်တန့်လို့ မရတော့ပါ။

သူ့ဗီဒီယိုတွေအတွက် ရေရှည်ပလန်ကို ဆွဲပြီးနောာက် ချောင်းလျန် အနားယူဖို့ ဆုံးဖြတ်လိုက်ပါသည်။

ခေါက်ဆွဲပြုတ်တစ်ပန်းကန် ပြုတ်လိုက်ပြီး သူ့ ပရိတ်သတ် Group ထဲကို ဝင်လိုက်၏။ သူ့ပရိတ်သတ်တွေ ဘာတွေပြောနေကြမလဲ သိချင်သောကြောင့်ဖြစ်ပါသည်။

All Chapters