← Chapters

အားလုံး ဘော့စ်ဖေးထိန်းချုပ်မှုအောက်မှာပဲ ရှိသေးတယ်

Vol. 19 Ch. 281

အားလုံး ဘော့စ်ဖေးထိန်းချုပ်မှုအောက်မှာပဲ ရှိသေးတယ်

Vol. 19 Ch. 281

“ဘာတွေဖြစ်သွားတာလဲ အဓိပ္ပာယ်မရှိတာ”

“ငါဒီလောက် သေချာဖွက်ထားရဲ့သားနဲ့ ဘယ်လိုလုပ်ပြီး ဒီကောင်တွေ ရှာတွေ့သွားတာလဲ”

“ဗုဒ္ဓရုပ်ပွားတော်တွေကို ဖွင့်ဖို့ အားအားယားယား ပတ်ပြေးနေတဲ့ ကစားသမားမျိုးတောင် ရှိတာလား။ ဘယ်လိုဖြစ်ပြီး ဒီလောက် တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကျောင်းဆောင်ပျက်ကြီးမှာ ၆ ကြိမ်တိတိ သေသွားတာလဲ”

“ဘာလဲကွာ…”

ဖေးချမ့် ခေါင်းမူးလာသည်။

လက်ခံဖို့ အလွန်ခက်ခဲလွန်းလှပါသည်။

ထိုကစားသမား ဖုတုလက်နက်ကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားသလဲဆိုတာကို သူ ယုံကြည်လို့ မရဆဲ ဖြစ်သည်။ နောက်ကွယ်မှာ အကြံအစည်တစ်ခုခုတော့ ရှိနေလိမ့်မည်ဟု သူခံစားနေရ၏။

သို့သော်လည်း အမှန်တရားက သူ့မျက်စိရှေ့ကို ရောက်နေပါပြီ။ သူမြင်နေတာကို ယုံကြည်လိုက်ဖို့သာ ရှိသည်။

ဘာပဲဖြစ်ဖြစ် ဖုတုလက်နက်ကို ရှာဖွေတွေ့ရှိသွားခြင်းက စကေးစုတ်သည့် ကစားသမားများအတွက် မျှော်လင့်ချက် အလင်းတန်းလေးလိုဖြစ်သည်။ သူတို့အများစုက ငွေပြန်တောင်းဖို့ စီစဥ်ထားကြသူများဖြစ်ကာ ဒီလက်နက်ကို ရှာဖွေတွေ့ရှိသွားကြမှာ မတောင်းတော့ဖို့ ဆုံးဖြတ်လိုက်ကြသူများ ဖြစ်၏။ လူထုအမြင်တောင် ပြောင်းလဲသွားလေသည်။ အရင်တုန်းက Reviewသမားအတုများက ဂိမ်း၏ ခက်ခဲမှုအဆင့်ကို အခြေပြုပြီး ဂိမ်းကို ဝေဖန်နေကြခြင်း ဖြစ်၏။

ဂိမ်းက ခက်ခဲလွန်းသည်။ ထိုဂိမ်းကိုကစားတာက ကိုယ့်ကိုယ်ကို နှိပ်စက်နေတာနဲ့ တူပါသည်။ ဒီဇိုင်းအဖွဲ့က ကစားသမားများကို စိတ်ပျက်အောင်လုပ်ဖို့ ခက်ခဲမှုအဆင့်ကို မြင့်အောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဂိမ်းက အမှိုက်သရိုက်ဂိမ်းသာဖြစ်သည်။ အားလုံး ငွေပြန်အမ်းခိုင်းသင့်ပါသည်။

သို့သော်လည်း ထိုအထင်အမြင်များအားလုံး သိပ်မကြာခင် သူ့အလိုလို ပျောက်ကွယ်သွားခဲ့သည်။

ဒီဇိုင်းအဖွဲ့က ကစားသမားတွေကို တမင်သက်သက် စိတ်ပျက်အောင် လုပ်တာ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် စကေးစုတ်တဲ့ ကစားသမားတွေအတွက် လက်နက်တစ်ခုကို အထူးတလည် လုပ်ပေးခဲ့တာပဲ မဟုတ်လား။

သူတို့ ဖုတုလက်နက်ကို ရလိုက်တာနဲ့ ဂိမ်း၏ ခက်ခဲမှုအဆင့်က အလွန်ကျဆင်းသွားလိမ့်မည်။ သူတို့ ညှာတာနေသလိုတောင် ဖြစ်နေပါသည်။

ဖေးချမ့် အနည်းငယ် မူးဝေလာသည်။ သူအခု ဘာလုပ်ရတော့မလဲ။

ပြဿနာက ဂိမ်း၏ ငွေပြန်အမ်းခွင့် တောင်းဆိုနှုန်း အလွန်ကျဆင်းသွားရုံပဲ မဟုတ်ပေ။ စကေးစုတ်တဲ့ ကစားသမားတွေ ဂိမ်းကို သည်းခံကစားပြီး လက်နက်အကြောင်း သတင်းတွေ ပိုပြန့်သွားတာနဲ့…

စကေးစုတ်တဲ့ ကစားသမားတွေဆိုရင်တောင် ဖုတုလက်နက်နဲ့ ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်းလောကကို ဖြတ်နိုင်လိမ့်မည်ဟု ဖေးချမ့် သေချာနေပါသည်။ ဘာပဲဖြစ်ဖြစ် ဖေးချမ့်ကလည်း သူတို့လိုပဲ မဟုတ်ပါလား။

“မဖြစ်ဘူး။ ငါနည်းလမ်းတစ်ခုခု အမြန်ရှာရမယ်…” ဖေးချမ့် ဒီတိုင်းထိုင်နေပြီး ဘာမှမလုပ်လို့ မဖြစ်ပါ။ ခဏလောက် စဥ်းစားကြည့်လိုက်ပြီး Review သမား အတုတွေကိုပဲ အကူအညီထပ်တောင်းဖို့ ဆုံးဖြတ်လိုက်ပါသည်။

အမှန်ပင်။ ဒီတစ်ခေါက် သူလုပ်မည့်အရာက သေချာပေါက် အရင် ၂ ခေါက်နဲ့တော့ လုံးဝ ခြားနားပါလိမ့်မည်။

ရှန်ကျန်းတွင်….

ဟူရှောင်းက ဖုတုလက်နက်ကိုသုံးပြီး မွန်းစတားများကို ပျော်ပျော်ကြီး သတ်နေသည်။ “ငါ့ကို အရင်က သတ်ခဲ့တာ မင်းလားကွ ဖုတုလက်နက်အရသာ မြည်းခွင့်ပေးလိုက်မယ်”

“လက်ရွေးစင်မွန်းစတားဆိုတာ မင်းလား ကြမ်းပြင်ပေါ် မှောက်လိုက်စမ်း”

ဟူရှောင်း ဂိမ်းကို အတော်ပျော်ရွှင်စွာ ကစားနေသည်။

ဖုတုလက်နက်ကို ရရှိပြီးနောက် ဂိမ်းထဲမှာလည်း အလွန်ချောမွေ့သွားခဲ့ပါသည်။

ဟူရှောင်းက အလွယ်အားရသွားသည်။ ဂိမ်း၏ နောက်ပိုင်းအဆင့်များမှ မွန်းစတားများကို အလောတကြီး သွားမသတ်ပါ။ သူ့ကို အရင်တုန်းက ဆက်တိုက် နှိပ်စက်ခဲ့သည့် မွန်းစတားများကို ပြန်သွားသတ်ပြီး အဆင့်မြှင့်တင်ဖို့အတွက် အင်မော်တယ်ဝိညာဥ် ၃ ခုနဲ့ မော်တယ်အသွင် ၇ မျိုးတို့ကို ဆက်တိုက် စုဆောင်းနေသည်။

သူ့စကေးတွေ ဘယ်လောက်ပဲ စုတ်နေပါစေ ဂိမ်းကို ပျော်ပျော်ကြီး ကစားလို့ရပါသည်။ သူဒီလို ဖြစ်လာဖို့ မျှော်လင့်မထားခဲ့ပေ။

အချိန်ခဏလောက် ကစားပြီးနောက် ဟူရှောင်းဂိမ်းကို ပိတ်လိုက်ပါသည်။ ဂိမ်း၏ ရသကိုလည်း အတော်လေး အားရသွားသည်။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေနဲ့ ပတ်သတ်သည့် စကားဝိုင်းများကို ထပ်မံရှာဖွေဖို့အတွက် သူ Forum ကို ဖွင့်လိုက်သည်။

အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်း၏ Forum ကိုဖတ်ရှုရတာ ပိုပိုပြီး သဘောကျလာမှန်း ကိုယ့်ကိုယ်ကို သတိထားမိသွားသည်။ အလွန်စိတ်ဝင်စားဖို့လည်း ကောင်းပါသည်။

Forum ထဲမှာ ကစားသမားတွေ တစ်ယောက်နဲ့တစ်ယောက် ကိုက်နေကြတာကို ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းရုံတင်မကဘဲ ဂိမ်းထဲက လျှို့ဝှက် အကြောင်းအရာများကို ရှာဖွေသည့် ကစားသမား တချို့လည်း ရှိပါသည်။

ဥပမာအားဖြင့် ဖုတုလက်နက်နဲ့ ပတ်သတ်သည့် Forum ထဲက အချက်အလက်များကို ကစားသမားတွေထဲက တစ်ယောက်က Share ထားသည်။

သူ Forum ကိုဖတ်ရှုနေတုန်း ရှောက်ဟူ Review က အမာခံဝေဖန်ချက်များ အကောင့်ထံမှ မက်ဆေ့ နောက်တစ်စောင်ကို ရရှိခဲ့ပါသည်။

“Review သမားအတုတွေ ထပ်ခေါ်လိုက်”

ဟူရှောင်းမျက်လုံးတွေ အရောင်လက်သွား၏။ သူ ခပ်မြန်မြန်ပဲ စာပြန်လိုက်ပါသည်။ “အိုကေ ကိစ္စမရှိဘူး”

ဒီလူ Review သမားအတုတွေ ဝယ်ဖို့ ငွေသုံးတာ ဒါနဲ့ဆို ၃ ကြိမ်မြောက် ရှိနေပါပြီ။ သူ လိုရင်းကိုပဲ ပြောပြီး ငွေကိုအမြန်ချေလိုက်သည်။

ဟူရှောင်းက ယွမ် ၁၀၀ သုံးကာ ဂိမ်းကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ခဲ့ရသော်လည်း နားလည်မှုလွဲတာတွေ ရှင်းလင်းသွားပါပြီ။

အမာခံဝေဖန်ချက်များက စာပို့လိုက်သည်။ “ဒီတစ်ခေါက် တောင်းဆိုချက်က အရင်နှစ်ခေါက်ထက် နည်းနည်း ခြားနားတယ်။ စကားဝိုင်းတွေက တစ်ဖက်သက်ကြီးဖြစ်နေတာကို တွေ့မိတယ်။ ဂိမ်းနဲ့ပတ်သတ်ပြီး အငြင်းပွားစရာလေးတွေ ထပ်ပေါ်လာအောင် ခင်ဗျားတို့ နည်းလမ်းတစ်ခုခု စဥ်းစားကြည့်လိုက်ပါလား။ ကျွန်တော် ဘာပြောချင်လဲ နားလည်လား”

ဟူရှောင်းက အမြန် စာပြန်လိုက်သည်။ “နားလည်ပါတယ် ကိစ္စမရှိဘူး”

ဖေးချမ့် စိတ်သက်သာစွာ သက်ပြင်းချလိုက်ပါသည်။ ကံကောင်းစွာဖြင့် Review သမားအတုများက အလွန် ပရော်ဖက်ရှင်နယ်ဆန်ကြသည်။ သူတို့ကို လုပ်ခိုင်းတာကို ပြန်မမေးဘဲ လုပ်တတ်ကြသည်။

လတ်တလော အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းနဲ့ပတ်သတ်သည့် စကားဝိုင်းများက တကယ်ပဲ တစ်ဖက်သတ် ဆန်လွန်းပါသည်။

ဖုတုလက်နက်ကို ရှာဖွေတွေ့ရှိပြီးနောက် စကေးစုတ်သည့် ကစားသမားတွေတောင် ဂိမ်းကို သိပ်ပြီး မဝေဖန်ကြတော့ပါ။ ထို့ကြောင့် ဂိမ်းအကြောင်း အငြင်းပွားမှုများလည်း လျော့နည်းလာခဲ့သသည်။

ဂိမ်းကို ဝေဖန်ကြသည့် Review သမားအတုများက လူထုအမြင်တိုက်ပွဲတွင် ကိုင်သုံးစရာ လက်နက်ကို ဆုံးရှုံးလိုက်ရလေပြီ။ အများစုက ဘက်ပြောင်းကုန်ကြ၏။ ၎င်းတို့ တာဝန်ကို အောင်မြင်အောင် လုပ်ဖို့အတွက် ဂိမ်းနဲ့ပတ်သတ်သည့် အရာအားလုံးကို ဘာမှမစဥ်းစားဘဲ ချီးကျူးလာကြပါသည်။

ဒီအခြေအနေအတိုင်းသာ ဆက်သွားပါက ဂိမ်းရဲ့ ဂုဏ်သတင်း ခပ်မြန်မြန်ပဲ ပြောင်းလဲသွားလိမ့်မည်။

ထို့ကြောင့် အခုအရေးအကြီးဆုံးအ၇ာက အားလုံး တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားနေကြတာကို ဆက်လက် ထိန်းသိမ်းထားဖို့ ဖြစ်သည်။ ဂိမ်းကို ဝေဖန်ခဲ့သည့် Review သမားတွေကလည်း ဘက်ပြောင်းလို့ မရပါ။ ဘော့စ်ဖေးကလည်း အရှုံးမပေးသေးပါ။

ဒီတစ်ခေါက် ဖေးချမ့် စနစ်ကို ပြီးပြည့်စုံစွာ လှည့်စားလိုက်နိုင်ပြန်သည်။

သူ့တောင်းဆိုချက်ကသာ Review သမားအတုတွေကို အရှုံးပေးပြီးကယ်တင်ခြင်းခံံစေဂိမ်းအား ဝေဖန်ခိုင်းဖို့ ဖြစ်ပါက စနစ်က ခွင့်ပြုပေးမှာ မဟုတ်ပေ။ သို့သော်လည်း သူ့တောင်းဆိုချက်ကသာ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းအတွက် အငြင်းပွားမှုများ ပိုဖန်တီးဖို့ ဆိုလျှင် ဘာပြဿနာမှ ရှိမှာ မဟုတ်ပါ။

စနစ်ရဲ့ ရှုထောင့်က ကြည့်ပါက ဂိမ်းအတွက် ရေပန်းစားမှုကို ဝယ်ယူတာနဲ့ အတူတူပဲ မဟုတ်ပါလား။

လောလောဆယ် အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို ချီးကျူးနေကြသူများ အသာစီးရထားသည်။ ထို့ကြောင့် တောင်းဆိုချက်က ယခု မုန်းတီးရေးသမားများကို ညွှန်းဆိုခြင်းသာ ဖြစ်သွားလိမ့်မည်။

ဒီအစီအစဥ်က ဖြစ်နိုင်ပါသည်။ Review သမားအတုတွေလည်း ဂိမ်းကို အစွမ်းကုန် ဝေဖန်ရမည်။ ထို့အတွက်ကြောင့် အားလုံးကိုလည်း ငွေပြန်အမ်းခိုင်းဖို့ ဖေးချမ့် မျှော်လင့်နေမိပါသည်။

ဖေးချမ့် Forum စာမျက်နှာနဲ့ Weibo တို့ကို Refresh လုပ်လိုက်ပြီး Review သမားအတုတွေ လှုပ်ရှားမယ့် အချိန်ကို စောင့်နေလိုက်ပါသည်။

တစ်ဖက်မှာတော့ ဟူရှောင်းကလည်း အလုပ်ကို လက်ခံဖို့ အသင့်ဖြစ်နေပါပြီ။ သို့သော် Group ထဲ တာဝန်များ ပေးလိုက်ချိန်မှာတော့ ပြဿနာ အနည်းငယ် ကြုံလာခဲ့ရသည်။

ကတ်စတမ်မာရဲ့ တောင်းဆိုချက်က အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းအတွက် လူထုအထင်အမြင်ကို တစ်ဖက်သတ်ကြီး မဖြစ်အောင် လုပ်ဖို့ ဖြစ်သည်။ ကတ်စတမ်မာက ဂိမ်းနဲ့ပတ်သတ်ပြီး အငြင်းပွားမှုများ ပိုဖြစ်လာအောင် သူတို့ကို ဖန်တီးခိုင်းခြင်း ဖြစ်၏။

သို့သော်လည်း လက်ရှိအခြေအနေမှာတော့ မုန်းတီးရေးသမားများက သူတို့ကိုယ်သူတို့ ဆက်လက်ထိန်းသိမ်းထားဖို့တောင် ခက်ခဲနေပါပြီ။ ဆိုလိုရင်းက ကတ်စတမ်မာ၏ တောင်းဆိုချက်က Review သမားအတုများကို မုန်းတီးရေးသမားများအား အားသာချက်တစ်ဖန်ပိုရလာအောင် ကူညီပေးခိုင်းခြင်း ဖြစ်သည်။ ဒီလိုဆို အခြေအနေတွေပိုပြီး တည်ငြိမ်လာပါလိမ့်မည်။

သို့သော်… သူတို့ ဘယ်လိုလုပ်ရမှာလဲ။

အဓိက အချက်မှာ ယခင်က မုန်းတီးရေးသမားတွေက ဂိမ်း၏ ခက်ခဲမှုအဆင့်ဖြင့် ကိုင်ပေါက်ကာ ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ဖုတုလက်နက်ပေါ်လာချိန်မှာတော့ ထိုပြဿနာမရှိတော့ပေ။ သူတို့ ဘာမှမစဥ်းစားဘဲ ပြစ်တင်ဝေဖန်ဖို့ ကြိုးစားပါက အလွန်သိသာလွန်းပါလိမ့်မည်။ ထို့အပြင် ရလဒ်တွေကလည်း ကျေနပ်အားရဖို့ ကောင်းမှာ မဟုတ်ပါ။

ဟူရှောင်း Group Chat ထဲတွင် တောင်းဆိုချက်ကို ထုတ်ပြောလိုက်ပြီး ပရော်ဖက်ရှင်နယ် Review သမား အတုများကို နည်းလမ်းရှာခိုင်းလိုက်ပါသည်။

ဆုလာဘ်များက အန္တရာယ်ကို ရင်ဆိုင်နိုင်ဖို့ သတ္တိအား ပေးစွမ်းသည်ဟူသည့် ဆိုရိုးစကားအတိုင်းပင်။ သူတို့ကို ငွေလုံလုံလောက်လောက်ပေးထားသရွေ့ ဂိမ်းကို ဝေဖန်ပြစ်တင်ဖို့ နည်းလမ်းတစ်ခုခု ရှာနိုင်တဲ့လူဆိုတာ အမြဲတမ်း ရှိပါလိမ့်မည်။ တာဝန်အတွက် ငွေရမည်ဟု ကြားလိုက်တာနဲ့ Review သမားအတုတွေလည်း ဦးနောက်အစားခံပြီး ဂိမ်းကို ဝေဖန်ပြစ်တင်ဖို့ အကြောင်းပြချက်များအား ရှာဖွေကြပါသည်။

“ရိုးရာယဥ်ကျေးမှုတွေကို အဓိပ္ပာယ်ကောက်လွဲတယ်ဆိုပြီး ဂိမ်းကို ဝေဖန်ကြမလား”

“ဒါမှမဟုတ် ဇာတ်လမ်းက ရိုးလွန်းလို့ဆိုပြီး ဝေဖန်လို့ရလောက်တယ်”

“Review သမားအတုတွေ ဝယ်တဲ့ဂိမ်းဆိုပြီး ဝေဖန်လို့ရတယ်လေ”

အားလုံးတွင် မတူညီသည့် အကြံများရှိကြသော်လည်း အစီအစဥ်ကောင်းတော့ ပေါ်မလာသေးပါ။ ထိုအကြံများက ပျင်းဖို့ကောင်းလွန်းပါသည်။ သူတို့ ဂိမ်းကို ဘာမှ မစဥ်းစားဘဲ ဝေဖန်နေတာနဲ့ တူတူပဲဖြစ်သည်။ အမှန်ပင်။ ဂိမ်းကို ဘာမှမစဥ်းစားဘဲ ကျပန်းဝေဖန်ဖို့ ရွေးချယ်နိုင်ပါသည်။ သို့သော် ထိုသို့ လုပ်ပါက ဂိမ်းနဲ့ပတ်သတ်ပြီး အငြင်းပွားမှု လုံလုံလောက်လောက် ဖြစ်လာစေမှာမဟုတ်ပါ။ သူတို့ ကတ်စတမ်မာရဲ့ တောင်းဆိုချက်ကို ပြည့်မှီအောင် လုပ်နိုင်မှာ မဟုတ်ပါ။ တစ်နည်းအားဖြင့် ထိုသို့လုပ်လိုက်ခြင်းဖြင့် ၂ ဆ အားထုတ်ရသော်လည်း တစ်ဝက်သာ အကျိုးကျေးဇူး ပြန်ရနိုင်လောက်သည်။

ဂိမ်းတွင် အရည်အသွေးပြဿနာရှိပါက သူတို့ ဝေဖန်လို့ရတာတွေ အများကြီးရှိပါသည်။ ဥပမာအားဖြင့် ဂိမ်းကို အရည်အသွေးနိမ့် ထုတ်လုပ်မှုဟု ခေါင်းစဥ်တပ်နိုင်သည်။ သို့မဟုတ် ဂိမ်းက ကစားသူတွေကို ညစ်နေသည်ဟု ဝေဖန်နိုင်သည်။ သို့မဟုတ် ဂိမ်းက ဂိမ်မာတွေရဲ့ ပြည်တွင်းထုတ်ဂိမ်းတွေအပေါ် အမြင်ကို အသုံးချနေသည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ဂိမ်း၏ အရည်အသွေးက ဘာပြဿနာမှမရှိပေ။ အလွန်ကောင်းမွန်စွာ ဖန်တီးထားသည့် ဂိမ်းတစ်ခု ဖြစ်နေသည်။

သူတို့ ထိုအကြောင်းပြချက်များကို သုံးလိုက်ပါက လူထုကို အယုံမသွင်းနိုင်သည့်အပြင် ပြောင်းပြန်အကျိုး သက်ရောက်မှုပါ ခံစားသွားရနိုင်သည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို အားပေးမယ့် လူတွေ ပိုပြီးတောင် များလာနိုင်ပါသည်။

ထို့အပြင် Review သမားအတုတွေက ဂိမ်းနဲ့ပတ်သတ်သည့် လေးလေးနက်နက် ဗဟုသုတလည်း မရှိသေးပါ။ သူတို့ ဂိမ်းကို မိနစ်ပိုင်းလောက် ကစားခဲ့ပြီး ကွန်ပျူတာက မနိုင်ကာ ဂိမ်းကို ချောချောမွေ့မွေ့ မကစားနိုင်မှန်း သိသဖြင့် ငွေပြန်တောင်းခဲ့ကြသူများဖြစ်၏။ ဂိမ်းကို ဝေဖန်ဖို့ အဆင့်မြင့်မြင့် ဆင်ခြေတစ်ခု ဘယ်လိုလုပ်ရှာနိုင်ကြမှာလဲ။

ထို့ကြောင် အကြာကြီး ဆွေးနွေးပြီးတာတောင် ဘယ်သူမှ အကြံကောင်း မစဥ်းစားနိုင်ကြပါ။

အခြေအနေက ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်လာသည်။

နောက်ဆုံးမှာတော့ ဟူရှောင်းလည်း ရွေးချယ်စရာမရှိဘဲ စာရိုက်လိုက်ရသည်။

“စိတ်မပူနဲ့ ငါ့ကောင်တို့။ အငြင်းပွားမှု အရေအတွက်တွေ ထိန်းသိမ်းဖို့အတွက် အရင်ဆုံး ဘာမှမစဥ်းစားဘဲ ဝေဖန်တဲ့ ပို့စ်တချို့ တင်ကြည့်ရအောင်။ တခြားသူတွေက အချိန်ယူပြီး ဂိမ်းကို ဝေဖန်ဖို့ ပိုအဆင့်မြင့်တဲ့ အကြောင်းအရင်းကို စဥ်းစားနေကြပေါ့”

“ငါတို့က ပရော်ဖက်ရှင်နယ် Review သမားတုတွေလေ။ ငါတို့ကို ကတ်စတမ်မာက ချမှတ်ပေးထားတဲ့ တာဝန်ကို အစွမ်းကုန်ကြိုးစားပြီး အောင်မြင်အောင် ထမ်းဆောင်ရမှာပေါ့”

“ဒါ ရေရှည်တာဝန်တစ်ခုပဲ။ အားလုံး Forum တွေထဲ ဝင်ကြည့်ကြပြီး တခြားကစားသမားတွေ တင်ထားတဲ့ ပို့စ်တွေကို ဖတ်ကြည့်လိုက်ကြ။ တစ်ခုခုတွေ့တာနဲ့ ဒီ Group Chat ထဲ ချက်ချင်း အကြောင်းပြန်”

အောက်တိုဘာလ ၆ ရက်နေ့…

ထန်းတာ့နက်ဝေါ့ခ် ကုမ္ပဏီလိမိတက်တွင်….

လီယာ့တာက ဂိမ်း၏ ရောင်းအား မှတ်တမ်းနဲ့ အင်တာနက်၊ Forum တို့ပေါ်မှာ ကစားသမားများအကြား ဂိမ်း ၏ ဂုဏ်သတင်းကို ကြည့်လိုက်သည်။ ကိုင်းထူထူမျက်မှန်အောက်က သူမ မျက်လုံးတွေလည်း လခြမ်းနှစ်ခု ပုံစံအဖြစ် အသွင်ပြောင်းသွားရပါသည်။

ထင်ထားတဲ့အတိုင်း အကုန်လုံးက ဘော့စ်ဖေး ထိန်းချုပ်မှုအောက်မှာရှိတာပဲ။

App Store မှ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းအား ဖြုတ်ချလိုက်မှာကို သူမ စိုးရိမ်နေခဲ့သော်လည်း သူမ မလိုအပ်တာကို စိုးရိမ်နေတာသာ ဖြစ်သည်။

ဒီကာလအတွင်း ကုမ္ပဏီက သူတို့ကို သတိပေးစာလည်း မပို့သလို ဂိမ်း၏ ပင်မစာမျက်နှာပေါ်က ထောက်ခံချက်နေရာကိုတောင် ပြန်မဖြုတ်ချသေးပါ။ သူတို့ရဲ့ ရပ်တည်ချက်ကတော့ သိသာသည်။ ထန်းတာ့ကို အစွမ်းကုန် ပံ့ပိုးနေကြခြင်း ဖြစ်သည်။

ထို့အပြင် အားလုံးက ဘော့စ်ဖေး မျှော်မှန်းထားသည့်အတိုင်း ဖြစ်ပျက်နေပါသည်။ အခြေအနေအားလုံးက အကောင်းဘက်ကို ရောက်လာပြီဖြစ်သည်။

ဖုတုလက်နက်တည်ရှိနေတာကို လီယာ့တာ အစောကြီးကတည်းက သိခဲ့ပါသည်။ လက်နက်ကို ဖွက်ထားတာ အရမ်းခက်လွန်းပြီး ဂိမ်းထဲမှာ ကစားသမားတွေ လနဲ့ချီပြီးကစားတာတောင် တွေ့နိုင်မှာ မဟုတ်တာကို စိုးရိမ်နေမိပါသည်။

နောက်ဆုံးမှာတော့ ကစားသမားတွေက ၁ ပတ်အတွင်း ရှာတွေ့သွားကြ၏။

တစ်ဖက်မှတော့ ကစားသမားတွေရဲ့ အစွမ်းအစက မှန်းဆလို့တောင် မရမှန်း ပြသနေခြင်းဖြစ်သည်။ နောက်တစ်ဖက်မှာတော့ ကစားသမားတွေရဲ့ အတွေးနဲ့ အပြုအမူတွေအပေါ် ဘော့စ်ဖေးရဲ့ နားလည်နိုင်စွမ်းကလည်း ထိပ်တန်းပဲဖြစ်သည်။

ဘော့စ်ဖေးက ဘာကြောင့် ဒီလို လျှို့ဝှက်လက်နက်တစ်ခုကို ဖန်တီးခဲ့ရတာလဲ။ သေချာပေါက် ကစားသမားတွေကို ရှာတွေ့စေချင်တာကြောင့် ဖြစ်နိုင်ပါသည်။

ကစားသမားတွေကလည်း ဘော့စ်ဖေးကို စိတ်မပျက်စေခဲ့ပါ။ သူတို့ ခပ်မြန်မြန်ပဲ ရှာတွေ့သွားကြသည်။ ဘော့စ်ဖေးနဲ့ ကစားသမားတွေရဲ့ စိတ်က ဆက်နွယ်နေမှန်း သက်သေပြလိုက်သလိုပင်။ ထို့အပြင် ဖုတုလက်နက်ကို ရှာဖွေတွေ့ရှိပြီးနောက် ဂိမ်း၏ ဂုဏ်သတင်းလည်း အလွန်ပြောင်းလဲသွားပါသည်။ ငွေပြန်အမ်းခွင့် တောင်းဆိုနှုန်းလည်း အလွန်လျော့ကျသွားသည်။ အားလုံးက ပိုပိုပြီး အဆင်ပြေလာပါပြီ။

အံ့သြဖို့ ပိုကောင်းတာက Forum ပေါ်က ကစားသမားတွေလည်း အရင်တုန်းကနဲ့ လုံးဝ ခြားနားစွာ ပြုမူနေကြခြင်းဖြစ်သည်။ ဂိမ်းရဲ့ ခက်ခဲမှုအဆင့်ကို အပြစ်တင်ကြတာမျိုး လုံးဝ မရှိတော့ပါ။

ဖုတုလက်နက်နဲ့ ဆိုရင်တောင် ဂိမ်းက စျေးကွက်ထဲက တခြားဂိမ်းတွေထက် အများကြီး ခက်ခဲနေသေးဆဲ ဖြစ်တာကို လီယာ့တာသိပါသည်။ အထူးသဖြင့် စကေးစုတ်သည့် ကစားသမားတွေဆို ပိုဆိုးသည်။

တစ်ခုတည်းသော ပြောင်းလဲမှုက ခက်ခဲမှုအဆင့်မှာ “ငရဲအဆင့်”မှ “ခက်ခဲ” အဆင့်သို့ ကျဆင်းသွားတာပင်။

သို့သော်လည်း ကစားသမားတွေက အထွန့်မတက်ကြတော့ပါ။

အကြောင်းအရင်းတစ်ခုက ဘော့စ်ဖေး၏ ကစားသမားတွေရဲ့ စိတ်အပေါ် တိတိကျကျ နားလည်နိုင်စွမ်းကြောင့် ဖြစ်နိုင်သည်။ သူတို့ အလွန်ခက်ခဲသည့် ခက်ခဲမှုအဆင့်နဲ့ စတင်ခဲ့ကြပြီး ကစားသမားတွေကို နှိပ်စက်ခဲ့သည်။ ကစားသမားတွေ အရှုံးပေးခါနီအချိန်ကျမှ ဖုတုလက်နက်ကို ရှာဖွေတွေ့ရှိသွားခွင့်ပေးလိုက်သည်။ ထိုအခါ ဂိမ်း၏ ခက်ခဲမှုအဆင့်လည်း အများကြီး ကျဆင်းသွားပါသည်။

ဂိမ်း၏ ခက်ခဲမှုအဆင့် ရုတ်တရက် ကျဆင်းသွားမှုက ကစားသမားတွေကို ပျော်ရွှင်သွားစေသည်။ ထို့ကြောင့် ဂိမ်းကို ခက်ခဲနေသေးဆဲဖြစ်သည်ဟု ဆိုနိုင်ရင်တောာင် ကစားသမားတွေ ရရှိလိုက်သော ဂိမ်းရသက အလွန် တိုးတက်သွားပါသည်။ စကေးအလွန်စုတ်တဲ့ ကစားသမားတွေတောင် ဂိမ်းကို ဆက်ကစားနိုင်ကြပါပြီ။

ဂိမ်းထဲတွင် ခက်ခဲမှုအဆင့်နဲ့ စိန်ခေါ်မှုများက အတော်လေးမြင့်နေပါသေးသည်။ သို့သော်လည်း အရင်ကလောက် ကစားသမားတွေ ဒေါသမထွက်ကြတော့ဘဲ ငွေပြန်အမ်းခိုင်းဖို့လည်း မခြိမ်းခြောက်ကြတော့ပါ။ ထန်းတာ့နဲ့ ကစားသမား ၂ ဖက်စလုံးအတွက် ပြီးပြည့်စုံသည့် ဖြေရှင်းချက် တစ်ခုပဲ ဖြစ်ပါသည်။

လီယာ့တာ တစ်ယောက် အနည်းငယ် ခံစားသွားရသည်။

လုမင်လျန်လည်း ဒီလိုခံစားခဲ့ရတာလား။

သူက ဘော့စ်ဖေးကို အားကိုးပြီး အောင်မြင်မှုရခဲ့တာသာဖြစ်သည်။

ဘော့စ်ဖေးက အလွန် ပါရမီပါပြီး အားလုံးကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သည်။ သူဖန်တီးလိုက်သည့် အရိုးရှင်းဆုံး ပြောင်းလဲမှုတိုင်းက ဂိမ်းအတွက် အဆုံးသတ် အောင်ပွဲများ ဖြစ်သွားသည်။ ဝန်ထမ်းတွေက သူ့လို ဘော့စ်မျိုးကို ပိုင်ဆိုင်ထားရတာ အလွန်ကံကောင်းကြပါသည်၊။

ဒီဂိမ်းက အောင်မြင်မှုရတော့မှာ သေချာသလောက် ရှိနေပါပြီ။ လီယာ့တာ အလွန်ဝမ်းသာမိပါသည်။

“ငါလည်း ဆက်ပြီး ကြိုးစားထားမှဖြစ်မယ်။ အခခု ဗားရှင်းအသစ်တွေထုတ်ဖို့ အစီအစဥ်တွေ စဆွဲလို့ရပြီ” လီယာ သူမ၏ ကိုင်းထူထူ မျက်မှန်ကို ပင့်တင်လိုက်ပြီး အလုပ်ထဲ ပြန်လည် စိတ်နှစ်ထားလိုက်ပါသည်။

All Chapters