← Chapters

စိတ်ချ ဘော့စ်ဖေး၊ ဘော့စ်ဖေးအတွက် ကျွန်တော်ရှိတယ်

Vol. 19 Ch. 283

စိတ်ချ ဘော့စ်ဖေး၊ ဘော့စ်ဖေးအတွက် ကျွန်တော်ရှိတယ်

Vol. 19 Ch. 283

ပေကျင်းမြို့…

အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းနဲ့ပတ်သတ်သည့် အငြင်းပွားမှုများကို အင်တာနက်ပေါ်တွင် မြင်လိုက်ရချိန်တွင် ချောင်းလျန်တစ်ယောက် ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။

ဒီကောင်တွေ ဘာလို့ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်တွေကို အဓိပ္ပာယ်ကောက်လွဲနေကြတာလဲ။ ဒါအသရေဖျက်မှုပဲ။ လုံးဝ အသားရေဖျက်မှုပဲ။

ဒီအခြေအမြစ်မရှိတဲ့ မုန်းတီးရေးသမားတွေက Review သမားအတုတွေမှန်း သိသာလိုက်တာ။ Review အတုတွေ ရေးဖို့ ဘယ်ကောင် ငှားထားတာလဲ။ သောက်ကျင့်မကောင်းတဲ့ ပြိုင်ဘက်တွေပဲနေမှာ။

ကိုယ့်ဂိမ်းကိုယ် ကောင်းအောင်ဖန်တီးဖို့ မစဥ်းစားဘူး။ ထန်းတာ့ဂိမ်းတွေရဲ့ နာမည်ကောင်းရမှုနဲ့ ရောင်းအား ကောင်းတာတွေကို မနာလိုဖြစ်နေကြတယ်။ ထန်းတာ့ စျေးကွက်ထဲမှာ ပေါ်လာပြီး နောက်ပိုင်း သူတို့တွေ ဝင်ငွေ မကောင်းတော့တာကို မုန်းနေကြတာဖြစ်မယ်။ အဲ့တာကြောင့် ဒီယုတ်ညံ့တဲ့ လုပ်ရပ်တွေသုံးပြီး ထန်းတာ့ရဲ့ ဂုဏ်သတင်းကို တိုက်ခိုက်နေကြတာ။

လုံးဝ လက်မခံနိုင်စရာပဲ။

Review သမားအတုတွေရဲ့ ယုတ်ညံ့သည့် အကြံအစည်များကို ဖော်ထုတ်ဖို့အတွက် ချောင်းလျန် ရှေ့ထွက်ပြီး ဗီဒီယိုတင်ပစ်လိုက်ချင်သည်။ ဒီလိုရှားရှားပါးပါး ကောင်းမွန်သည့် ဂိမ်း၏ ဂုဏ်သတင်းကို ကာကွယ်ပေးချင်မိသည်။

သို့သော်လည်း ကံကောင်းတာက ဘော့စ်ဖေးနဲ့ အပေးအယူလုပ်ထားတဲ့ အချိန်က ၁ ရက်သာ ကျန်ပါတော့သည်။

မနက်ဖြန်ဆို ဆရာချောင်း လူမြင်ကွင်းရှေ့တရားဝင်ထွက်ပေါ်လာပြီး ဒီ Review သမားအတုတွေနဲ့ မုန်းတီးရေးသမားတွေကို သင်ခန်းစာကောင်းကောင်း ပေးလိုက်မည်။

ချောင်းလျန် သူ့ကွန်ပျူတာပေါ်က ဗီဒီယိုကလစ်များနဲ့ သူရေးသားထားသည့် အကျဥ်းချုပ်များကို စစ်ဆေးကြည့်လိုက်သည်။

သူ့အစီအစဥ်အရဆိုရင်တော့ ဒီနေ့ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်း၏ စိတ်ဝင်စားစရာ အချက်များကို ပြောပြထားသည့် နတ်ဘုရားအဆင့်ထုတ်ကုန်များ နောက်ဆုံးထွက် အပိုင်းသစ်ကို ဒီနေ့ အချောသပ်မည်ဖြစ်သည်။ ထို့နောက် ဂိမ်းနဲ့ ပတ်သတ်သည့် ဗီဒီယိုတစ်ပုဒ်ကို ဖန်တီးပြီး ကြည့်ရှုသူတွေအတွက် ဂိမ်း Walkthrough တစ်ခုကို ပေးလိုက်မည်ဖြစ်သည်။

ဂိမ်းက ဗီဒီယို ဆယ်နဲ့ချီပြီး ထိုက်တန်ပါသည်။

သူကြုံတွေ့ခဲ့ရသည့် နာကျင်မှုများကို ဖြတ်သန်းပြီးနောက် ရရှိခဲ့သည့် အောင်မြင်မှုများကို ကြွားဖို့အတွက် ဗီဒီယိုစီးရီးတစ်ခုတောင် ထုတ်နိုင်ပါသည်။ သူ့စကေးတွေကို ဗီဒီယိုထဲမှာ ထုတ်ပြပြီး သူ့ဗီဒီယိုတွေကို စိတ်ပါဝင်စားစွာ စောင့်မျှော်နေကြသည့် ပရိသတ်တွေကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်သည်။

နတ်ဘုရားအဆင့်ထုတ်ကုန်များ၊ အနောက်ဘက်တွင် သက်ဆိုင်ရာဗီဒီယိုတွေ တန်းစီပြီး ပါလာမည်။

ရှယ်ပဲ။

ထိုသို့ စဥ်းစားလျက် ချောင်းလျန်တစ်ယောက် ဗီဒီယိုများကို စတင်ဖန်တီးခဲ့ပါသည်။

‘နတ်ဘုရားအဆင့်ထုတ်ကုန်များ’ စီးရီး၏ ဒုတိယပိုင်းက ‘အရှုံးပေးပြီးကယ်တင်ခြင်းခံစေ: ကစားသမားတွေကို နှိပ်စက်မယ့် ခက်ခဲတဲ့ ဂိမ်းတစ်ခု’

ဗီဒီယိုအတွက် အပိုင်းအစများကို ရိုက်ကူးပြီးသားဖြစ်သည်။ အကျဥ်းချုပ်ကိုလည်း ရေးသားပြီးလုနီးပါး ဖြစ်နေပါပြီ။ ဗီဒီယိုကိုမတင်ခင် တည်းဖြတ်ဖို့နဲ့ နောက်ခံအသံထည့်ဖို့သာ လိုအပ်သည်။

ဗီဒီယို၏ အကြောင်းအရာက ဂိမ်းရဲ ခက်ခဲမှုကို ဗဟိုပြုမှာမဟုတ်ပါ။အင်တာနက်ပေါ်မှာ ဂိမ်း၏ ခက်ခဲမှုအဆင့်နဲ့ ပတ်သတ်သည့် အငြင်းပွားမှုများစွာ ရှိနေပြီးသားဖြစ်သည်။

ချောင်းလျန်ရဲ့အမြင်မှာတော့ Review သမားအတုတွေ နဲ့ မုန်းတီးရေးသမားတွေ ဝေဖန်ဖို့ ကိုင်စွဲထားသည့် အဓိကလက်နက်က ဂိမ်းရဲ့ ခက်ခဲမှုအဆင့်ဖြစ်သည်။ သူတို့လုပ်ခဲ့တာက လုံးဝ ယုတ်မာသော်လည်း ထိုအချက်ကို အလွန်အကြူး ရှင်းပြမိပါက သူတို့ထောင်ချောက်ထဲ ရောက်သွားနိုင်ပါသည်။

Review သမားအတုတွေရဲ့ အဓိက ရည်ရွယ်ချက်က ဂိမ်းရဲ့ ခက်ခဲမှုအဆင့်ကို ပေါ်လွင်စေဖို့ဖြစ်သည်။ သူတို့က ဂိမ်းရဲ့ ခက်ခဲမှုကို နာမည်ဖျက်ပြီး ဂိမ်းစကေးကို ယုံကြည်ချက်မရှိကြသည့် Netizen များအား ဂိမ်းမကစားအောင် တားဆီးနိုင်ဖို့ဖြစ်သည်။ သူသာ ထိုအချက်ကို အရမ်း အလေးပေးလိုက်ပါက သူ့ကြည့်ရှုသူတွေရဲ့ စိတ်ထဲကို ဂိမ်းက ခက်သည်ဟူသည့် ထင်မြင်ချက်အား ရိုက်သွင်းပေးလိုက်သလိုပဲ ဖြစ်သွားနိုင်သည်။ ဂိမ်းကို သာမန် Netizen များအတွက် ပရိုမိုးရှင်းဆင်းပေးချင်သည့် သူ့နဂိုရည်ရွယ်ချက်နဲ့ အတော်လေး လမ်းလွဲသွားနိုင်ပါသည်။

ထို့ကြောင့် ဂိမ်းရဲ့ ခက်ခဲမှုအဆင့်က Netizen တွေကို ဂိမ်းကစားချင်စိတ်ပျောက်အောင် တားဆီးထားသည့် ပုံမှန် အတားအဆီးတစ်ခုသာ ဖြစ်သည်။ Review သမားအတုတွေနဲ့ မုန်းတီးရေးသမားတွေရဲ့ အဓိက စစ်မြေပြင်တစ်ခုဖြစ်သည်။

Review သမားအတုတွေနဲ့ မုန်းတီးရေးသမားတွေကို အနိုင်ယူချင်ပါက ထိုအထင်အမြင်များအား ပိုပြီး အဆင့်မြင့်သည့် ရှုထောင့်တစ်ခုကနေ ပြန်တိုက်ခိုက်ဖို့လိုအပ်သည်။ ဂိမ်းခက်ခဲနေရခြင်း၏ နောက်ကွယ်က ရည်ရွယ်ချက်နဲ့ အကြောင်းအရင်းတို့ကို သူရှင်းပြရမည်။

ချောင်းလျန် အချိန်အကြာကြီး ခံစားခဲ့ရသည့် နာကျင်မှုတို့ကို ဖြတ်ကျော်ပြီးသောအခါ အကြောင်းအရင်းအသစ်တစ်ခုကို ရှာတွေ့ခဲ့ပါသည်။ ဂိမ်း၏ အနှစ်သာရဗဟိုချက်ဖြစ်သည်။ ဂိမ်းရဲ့ ခက်ခဲမှုအဆင့်နဲ့ ဂိမ်းရဲ့ အနှစ်သာရဗဟိုချက်တို့ကို ဆက်သွယ်ပေးလိုက်လို့ရသည်။ ဂိမ်းက က ကစားသမားတွေကို ပေးချင်သည့် လေးလေးနက်နက် အဓိပ္ပာယ်များကို ဆိုလိုသည်။

ချောင်းလျန်က ကျုံးထျန်တရုတ်နက်ဝေါ့ခ်တွင် တွေ့ခဲ့သည့် စာသားတချို့ကို ပြန်ကိုးကားလိုက်သည်။ ဂိမ်းကို ကစားခဲ့စဥ်က သူ့အတွေးတချို့ကိုသာ ချရေးလိုက်ပြီး သူ့အကျဥ်းချုပ်ထဲမှာ ထည့်သွင်းလိုက်ပါသည်။ ပြီးဆုံးသွားသောအခါ စီးရီး၏ ထိုအပိုင်းအတွက် ချောင်းလျန် အကြောင်းအရာများ ရေးသားပြီးသွားပါပြီ။

အကြိမ်ရေ နည်းနည်းလောက် ပြန်ဖတ်လိုက်သည်။ သူဖတ်နေတာတွေကို အားရသဖြင့် ချောင်းလျန် ခေါင်းငြိမ့်လိုက်ပါသည်။

ထို့နောက် ဗီဒီယိုပြုပြင်သည့် ဆော့ဝဲအား ဖွင့်လိုက်သည်။

“စိတ်ချ ဘော့စ်ဖေး၊ ဘော့စ်ဖေးအတွက် ကျွန်တော်ရှိတယ်”

အောက်တိုဘာလ ၇ ရက်နေ့….

ဖေးချမ့် ဝက်ဘ်ဆိုက်စာမျက်နှာကို ဆွဲကြည့်နေကာ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်း၏ ကိန်းဂဏန်း အချက်အလက်များကို စစ်ဆေးနေပါသည်။

ယခင် ဆူညံသောင်းကျန်းမှုများ ဖြစ်ပေါ်ပြီးနောက် နောက်ဆုံးတော့ Forum ထဲ ငြိမ်းချမ်းရေး ရသွားခဲ့ပါပြီ။

ဘာပဲဖြစ်ဖြစ် အချိန် ၁ ပတ်တောင် ကုန်လွန်သွားခဲ့ပြီမဟုတ်လား။ ဂိမ်းကို စိတ်ဝင်စားတဲ့လူတွေလည်း ဂိမ်းကို ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဝယ်မိတာ နောင်တရသူတွေက ပြန်အမ်းငွေ ရရှိပြီးကြပြီဖြစ်သည်။ တချို့ ကျွမ်းကျင်ဂိမ်မာတွေဆို အဆင့်အားလုံးကိုတောင် အောင်နိုင်သွားပါပြီ။

အခုချိန်လောက်ဆို သာမန် ပြဿနာအသေးစားလေးတွေနဲ့ ပြင်းထန်သည့် အငြင်းပွားမှုများကို မဖြစ်စေနိုင်တော့ပါ။

ဂိမ်းတိုင်းကို ထုတ်လုပ်ပြီးနောက် ရွှေရောင်သန်းနေသည့် အဆင့်ဆိုတာ ရှိသည်။ ထိုအဆင့်မှာ ရှင်သန်နိုင်တာနဲ့ နောက်ဆက်တွဲ သူ့ဘဝကြီး လွယ်ကူသွားလိမ့်မည်ဟု ဖေးချမ့် ယုံကြည်ထားသည်။

လက်ရှိ အခြေအနေတွေကို ကြည့်ရသလောက်တော့ ဂိမ်းရဲ့ ခက်ခဲမှုအဆင့်နဲ့ ပတ်သတ်ပြီး အင်တာနက်ပေါ်က စကားဝိုင်းတွေကလည်း သက်ရောက်မှုရှိပါသည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရောင်းအား တိုးလာမှုတွေလည်း သိသိသာသာ နှောင့်နှေးသွားပါပြီ။

ဘာပဲဖြစ်ဖြစ် ကစားသမားများစွာက လိုအပ်သည့် စကေးများ မရှိတတ်ကြသဖြင့် လက်ရှိ စျေးကွက်အခြေအနေက ခက်ခဲသည့်ဂိမ်းများကို သဘောမကျကြပေ။

အားလုံးရဲ့စိတ်ထဲမှာ ဂိမ်းက ခက်ခဲသည်ဟူသော အတွေးမျိုးဝင်သွားတာနဲ့ ဂိမ်းရဲ့ နာမည်ကို ထိခိုက်မှု မရှိစေနိုင်ရင်တောင် ရောင်းအားကတော့ သေချာပေါက် ထိခိုက်ပါလိမ့်မည်။

ကစားသမားအများစုက ၎င်းတို့၏ စကေးညံ့ကြောင်းကို ဝန်ခံကြမှာမဟုတ်ပါ။ လက်တွေ့မှာတော့ ဂိမ်းတစ်ခုက ရက်စက်သည်ဟု ကြားမိတာနဲ့ ဘာမှမစဥ်းစားဘဲ Vote ပေးကာ ဂိမ်းကို ဝယ်မှာ မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ပြည်တွင်းဂိမ်းလောကထဲမှာ Souls-like ဂိမ်းဆိုတာမျိုး မရှိခဲ့ဖူးပေ။ ကစာသမားတွေရဲ့ အလေ့အထကလည်း တိုးတက်မှု မရှိသေးပါ။ ဂိမ်းထဲမှာ ကိုယ့်ကိုယ်ကို နှိပ်စက်ရတာ သဘောကျသည့် ကစာသမားတွေက လူနည်းစုသာ ဖြစ်သည်။

ဖုတုလက်နက် တည်ရှိနေမှုက ထိုအခြေအနေကို အတော်လေး သက်သာသွားစေသည်။ လက်ရှိအခြေအနေက လက်ခံနိုင်စရာတော့ ဖြစ်နေပါသေးသည်ဟု ဖေးချမ့် ခံစားမိပါသည်။

သို့သော် သူ စိတ်ချလိုက်လို့ မဖြစ်ပါ။

ဆရာချောင်း ဗီဒီယိုတွေ မတင်ရသေးပေ။ သူ ဗီဒီယို မတင်မချင်း ဖေးချမ့် စိတ်အေးရမှာ မဟုတ်ပါ။

ဆရာချောင်းက အသေးစိတ်ကျကျ ဂိမ်း Walkthrough တစ်ခုကို ဖန်တီးဖို့များသည်ဟု ဖေးချမ့် ထင်၏။ လကနက်ပေါင်းစုံ၏ အားသာချက်၊ အားနည်းချက်အကြောင်းကိုပြောကာ၊ ဘော့စ်တိုင်းကို ဘယ်လိုသတ်ရမလဲစသဖြင့် သင်ကြားပေးလိမ့်မည်။ တခြား သက်ဆိုင်ရာ အကြောင်းအရာတွေလည်း ပါနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် တခြား UP မာစတာတွေနဲ့ ယှဥ်ရင် ဆရာချောင်းမှာ အကြီးမားဆုံး အားသာချက်ကြီးတစ်ခု ရှိထားသည်။ ဗီဒီယိုကို ထုတ်လုပ်ဖို့ အနည်းဆုံး အားထုတ်ဖို့ လိုသူ ဖြစ်ပါသည်။

ဒီလိုဗီဒီယိုမျိုးက ဖေးချမ့်ကို အများကြီး ထိခိုက်စေမှာ မဟုတ်ပါ။

ဆရာချောင်း ထိုအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး မတင်ရင်တောင် အဆင့်အားလုံးကို အောင်နိုင်သွားပြီ ဖြစ်သည့် တခြား ကျွမ်းကျင်ဂိမ်မာတွေက သေချာပေါက် တင်ပါလိမ့်မည်။ ရှောင်လွှဲလို့ မရနိုင်ပါ။။

ဒီလိုဗီဒီယိုတွေက ဂိမ်းကို ဝယ်ယူထားသော်လည်း အဆင့်တစ်ဆင့်မှာ တစ်နေကြသည့် ကစားသမားများ၊ ဗီဒီယိုသာ ကြည့်ပြီး ကိုယ်တိုင်ပဲ ဂိမ်းကစားထားသလို ဟန်ဆောင်ကြသည့် Cloud ကစားသမားများအတွက် အလွန်အသုံးဝင်သည်။

သို့သော်လည်း ဂိမ်းရဲ့ ရောင်းအားကိုတော့ တက်လာစေမှာ မဟုတ်ပေ။

ဆရာချောင်းကို ဂိမ်းစမ်းကစားခိုင်းဖို့ ဖိတ်ကြားလိုက်တုန်းက ဖေးချမ့် သေသေချာချာ စဥ်းစားထားပြီးသားဖြစ်သည်။ သူ့အတွက် အရမ်းကြီးတော့ အန္တရာယ်မရှိလောက်ပါ။

ဂိမ်းရဲ့ ခက်ခဲမှုအဆင့် ‘ခံတပ်’ ကြီး ပြိုလဲမသွားသရွေ့ ဖေးချမ့် ဘာမှ စိတ်ပူဖို့မလိုအပ်ပေ။

အိုင်လီကျွန်း၏ ဝက်ဘ်ဆိုက်စာမျက်နှာကို နောက်တစ်ခေါက် Refresh လုပ်ကြည့်လိုက်ပြီးနောက် ဖေးချမ့် အနားယူပြီး ဒရမ်မာကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

သို့သော်လည်း အိုင်လီကျွမ်းရဲ့ Update အကန့်မှာ ဗီဒီယိုတစ်ပုဒ်က ရုတ်တရက်ပေါ်လာခဲ့သည်။

နတ်ဘုရားအဆင့်ထုတ်ကုန်များ စီးရီးရဲ့ အပိုင်း (၂) - အရှုံးပေးပြီးကယ်တင်ခြင်းခံစေ: ကစားသမားတွေကို နှိပ်စက်မယ့် ခက်ခဲတဲ့ ဂိမ်းတစ်ခု

ဖေးချမ့် ကြောင်သွားသည်။

“…”

သူ အမြန်ဖွင့်ကြည့်လိုက်ရ၏။

ဗီဒီယိုအညွှန်းအကန့်မှာ စကားလုံးတချို့ရှိနေသည်။

ကစားသမားတော်တော်များများက ဂိမ်းကို ခက်လို့ အရှုံးပေးသွားကြတယ်။ တကယ် စိတ်မကောင်းစရာပဲ။ ကျွန်တော့်အမြင်က ဒီဂိမ်းက စကေးမကောင်းတဲ့ ကစားသမားတွေကို နှင်ထုတ်တဲ့ ဂိမ်းမျိုးမဟုတ်ပါဘူး။ အဲ့ဒါနဲ့ ဆန့်ကျင်ဘက် စကေးမကောင်းတဲ့ ကစားသမားတွေပဲ ဂိမ်းရဲ့ တန်ဖိုးကို နားလည်နိုင်မှာ”

ဖေးချမ့်၏ စိတ်ထဲ မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားသည်။

ဘာလဲဟ။ စကေးမကောင်းတဲ့ ကစားသမားတွေပဲ ဂိမ်းရဲ့တန်ဖိုးကို နားလည်နိုင်မယ် ဟုတ်လား။ မင်း ဘာစကားတွေ ပြောနေတာလဲ။

မင်းစကားပြောတာ ကြည့်ပြောနော်။ ကစားသမားတွေရဲ့ ဂိမ်းအပေါ် နားလည်မှု လမ်းလွဲသွားရင် မင်းတာဝန်ယူရမယ်။

ဖေးချမ့် ချက်ချင်းပဲ ပျာယာခတ်သွားရသည့်။ ထို့ကြောင့် ဗီဒီယိုကို ခပ်မြန်မြန်ဖွင့်ကြည့်လိုက်ပါသည်။

“ဟေ့ အားလုံးပဲ။ မင်းတို့ရဲ့ ဆရာချောင်းပြန်လာပြီ”

“တကယ်တော့ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို စထုတ်ကတည်းက ငါ့ကို ကစားသမားတွေက ဗီဒီယိုလုပ်ဖို့ အတင်းတိုက်တွန်းနေကြတာ”

“ဒါပေမယ့် ဒီနေ့ကျမှပဲ ကျွန်တော်တင်နိုင်တယ်”

“ငါအကုန်လုံးကို အချိန်ဆွဲထားချင်တာကြောင့်လား။ မဟုတ်ဘူ လုံးဝမဟုတ်ပါဘူး တကယ်တော့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ လွန်ခဲ့တဲ့ ၁ လ၊ ဂိမ်းက ဖန်တီးမှုအဆင့်မှာပဲရှိနေတုန်းက ဂိမ်းကို စမ်းသပ်ကစားဖို့အတွက် ထန်းတာ့ဆီကနေ တရားဝင် ဖိတ်ကြားချက် ငါရခဲ့တယ်။”

“ဒီနေ့မှ ဗီဒီယိုတင်ရတဲ့ အကြောင်းအရင်းက ဂိမ်းကိုထုတ်လုပ်ပြီး ၁ ပတ်ကြာမှ ဂိမ်းအကြောင်း ငါသိထားသမျှကို ထုတ်ပြောပါ့မယ်လို့ ဒီဇိုင်းအဖွဲ့ကို ကတိပေးထားတာကြောင့်ပါ။ ဒီဗီဒီယိုကို နဂိုက ဂိမ်းရဲ့ လေးနက်တဲ့ အဓိပ္ပာယ်တွေကို အားလုံးရဲ့ နှလုံးသားနဲ့ ခံစားကြည့်နိုင်အောင် ကူညီပေးဖို့ပဲ လုပ်ထားတာ။”

“ဒါပေမယ့် အားလုံးရဲ့ အာရုံစိုက်မှုက ဂိမ်းရဲ့ခက်ခဲမှုအဆင့်ပေါ်ပဲ ရောက်နေကြပြီး ဂိမ်းရဲ့ လေးနက်တဲ့ အဓိပ္ပာယ်တွေကို လျစ်လျူရှုနေကြလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အရမ်း စိတ်ပျက်ဖို့ကောင်းတဲ့ လေ့လာချက်ပဲလို့ ငါတော့မြင်တယ်”

“ငါပြောချင်တာက ဂိမ်းရဲ့ ခက်ခဲမှုက နောက်ကွယ်က အဓိပ္ပာယ်တွေကို ကူညီသယ်ဆောင်ပေးမယ့်အရာပဲ”

“ဒါသာမန် လက်ရာမျိုးမဟုတ်ဘဲ ဂိမ်းရသအရဆိုရင် လုံးဝ ဂန္တဝင်လက်ရာမျိုးပဲ။ တခြား အရည်အသွေးမြင့် ဂိမ်းတွေ အကုန်လုံးကိုပါ ကျော်လွန်သွားပြီ။”

“ငါ့ရဲ့ ချစ်လှစွာသော ပရိသတ်ဒယ်ဒီလေးတို့၊ ငါပြောတာ နားထောင်ကြ”

ဗီဒီယိုအဖွင့်ကို ကြည့်ပြီးနောက် ဖေးချမ့် ကြောင်သွားသည်။

လခွမ်း။ ဆရာချောင်းက ပုံမှန်လမ်းကို မရွေးပါလား။

ဆရာချောင်း၏ ဗီဒီယိုက ပုံမှန်ဆို ဂိမ်း၏ ခက်ခဲမှုအဆင့်အပေါ်မှာပဲ အာရုံစိုက်လိမ့်မည်ဟု ဖေးချမ့် ထင်ထားခဲ့သည်။ ဂိမ်း Walkthrough တစ်ခုကို ဖန်တီးပြီး ဂိမ်းရဲ့ တိုက်ခိုက်မှုစနစ်နဲ့ အသေးစိတ်တွေကိုပဲ အာရုံစိုက်ထားလိမ့်မည်ဟု ဖေးချမ့် ထင်ခဲ့သည်။

သို့သော် မဟုတ်ပါ။

ကြည့်ရတာ ဆရာချောင်းက ဂိမ်းရဲ့ ခက်ခဲမှုအဆင့်အကြောင်း ပြောဖို့ အစီအစဥ်မရှိတော့ဘဲ ဂိမ်းရဲ့ အနှစ်သာရအပိုင်းကို ပြောဖို့ ကြံထားသည့်ပုံပင်။ ဂိမ်းရဲ့ကောင်းကွက်တွေကို အိုဗာဖြစ်အောင် ပြောပြီး ဂိမ်းရသအပိုင်းမှာ ဂန္တဝင်လက်ရာတောင် မြောက်သည်ဟု ပြောသွားတာ မဟုတ်လား။

ဖေးချမ့် ဇဝေဇဝါဖြစ်နေပါပြီ။

ဂိမ်းရသအပိုင်းမှာ ဂန္တဝင်လက်ရာဟုတ်လား။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းအကြောင်းကို ပြောနေတာကော ဟုတ်ရဲ့လား။ အဲ့ဒီဂိမ်းက ဘယ်လိုဂိမ်းရသမျိုး ပေးနိုင်မှာလဲ။

ဂိမ်းဆက်တင်ကလည်း ဆိုးရွားသည်။ ကစားသမားတွေ ဂိမ်းထဲကို စဝင်လိုက်တာနဲ့ ချက်ျင်း မွန်းစတားတွေ နှိပ်စက်တာကို ခံရမည်။ ဂိမ်းရသဆိုတာ ဘယ်မှာလဲ။

လုံးဝ အူကြောင်ကြောင်ဖြစ်လျက် ဖေးချမ့် ဗီဒီယိုကိုသာ ဆက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

“ကျေးဇူးပြုပြီး သေချာမှတ်ထားကြ ငါ့ကောင်တို့။ အခုပြောမယ့် ဇာတ်လမ်းရဲ့ သုံးသပ်မှုက ရင်းမြစ် ၃ ခုကနေ လာတယ်”

“ပထမတစ်ခုက ဂိမ်းထဲက အဆင့်တွေကို အောင်နိုင်အောင် ဆော့ရင်း အကဲခတ်ခဲ့တဲ့ အသေးစိတ်အချက်အလက်တွေပဲ”

“ဒုတိယတစ်ခုက ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှာ တင်ထားတဲ့ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ တရားဝင် ဝတ္ထုထဲက ဇာတ်လမ်းဆက်တင်ပဲ”

“တတိယတစ်ခုကတော့ ဂိမ်းကစားနေစဥ်တစ်လျှောက်လုံး ခံစားခဲ့ရတဲ့ နာကျင်မှုတွေ၊ ရရှိခဲ့တဲ့ တိုးတက်မှုတွေကို ကြုံတွေ့ပြီး ငါ့အထင်အမြင်ပဲ”

“အဲ့ဒီရင်းမြစ် ၃ ခုထဲမှာမှ ကျုံးထျန်တရုတ်နက်ဝေါ့ခ် စာပေမှာ တင်ထားတဲ့ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ တရားဝင်ဝတ္ထုထဲက အကြောင်းအရာတွေက ဂိမ်းထက်တောင် ပိုပြီး ရှင်းလင်းတယ်လို့ ပြောချင်တယ်။ ဂိမ်းနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေအများကြီး ရှိခဲ့ပေမယ့် ဝတ္ထုထဲမှာ အဖြေတွေရခဲ့တယ်။ အဲ့ဒါတွေကို စိတ်ဝင်စားတယ်ဆိုရင် အဲ့ဒီဝတ္ထုကို သွားဖတ်ကြည့်ကြပေါ့”

“Link ကိုကောမန့်ထိပ်ဆုံးမှာ ပင်ထောက်ပေးထားတယ်။ အဲ့ဒီကနေ ဝတ္ထုသွားဖတ်လို့ရတယ်”

ဖေးချမ့် ကြက်သီးမွှေးများထောင်သွားသည်။ ဘာလို့ ကျုံးထျန်တရုတ်နက်ဝေါ့ခ် အကြောင်းကို ပြောသွားတာလဲ။

အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်း၏ တရားဝင်ဝတ္ထုကို ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှာ တင်ထားမှန်း ဖေးချမ့် သိပါသည်။

သို့သော်လည်း လူတိုင်း မုန်းကြတဲ့ ဝတ္ထုကြီး မဟုတ်ဘူးလား။

ဖေးချမ့် တစ်ခေါက်က ထိုဝတ္ထု၏ ကောမန့်များကို ဖတ်ကြည့်ခဲ့သေးသည်။ အတော် ဗြောင်းဆန်လွန်းပါသည်။ အားလုံးက ဝတ္ထုကို ဆဲနည်းပေါင်းစုံနဲ့ ဆဲထားကြသည်။ မာယိချွမ်နဲ့ တခြားသူတွေ ဒီလိုဖိအားကို ဘယ်လိုများ တောင့်ခံပြီး ဝတ္ထုကို ဝက်ဘ်ဆိုက် ပင်မစာမျက်နှာမှာ ဆက်တင်ထားသလဲ ဖေးချမ့် နားမလည်နိုင်ပါ။

ဝတ္ထုက ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ကြည့်ရှုသူအရေအတွက်ကို အထောက်အကူမပြုရုံတင်မကဘဲ စာဖတ်သူတွေကို ဒီဝက်ဘ်ဆိုက် အသုံးပြုဖို့ပါ အားလျော့သွားစေသည်ဟု ဖေးချမ့်ထင်ခဲ့သည်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်က ပျက်စီးနေပြီး အမှိုက်လို စာအုပ်တွေကိုသာ ထောက်ခံပေးထားသည့် ဆိုးဆိုးရွားရွား ဝက်ဘ်ဆိုက်ဖြစ်သည်ဟု Netizen တွေ ထင်သွားနိုင်သည်။

ထိုရှုထောင့်က ကြည့်လျှင် ထိုဝတ္ထု၏ အကျိုးကျေးဇူးများက ချီးကျူးထိုက်စရာပင်။ ထို့ကြောင့် ဖေးချမ့် ထိုကိစ္စကို စိတ်ထဲမထားခဲ့ပါ။

သို့သော်လည်း ရုတ်တရက်ကြီး ဆရာချောင်းက ဝတ္ထုကို မျက်စိကျသွားသည်။

ဘာတွေဖြစ်သွားတာလဲ။

ဖေးချမ့် ရင်တမမဖြင့် ဗီဒီယိုလက်ကျန်ကို ဆက်ကြည့်နေလိုက်ပါသည်။

All Chapters