ကစားသူတွေကို ဆယ်သွယ်တဲ့ဂိမ်း
Vol. 19 Ch. 284
“ဂိမ်းရဲ့ခက်ခဲမှုကိုတော့ လူတော်တော်များများလည်း အကျဥ်းချုပ် သိပြီးကြပြီပေါ့”
“ဒါက အရမ်းခက်ခဲတဲ့ ဂိမ်းတစ်ခုပဲ။ သာမန် ဂိမ်မာတွေ အသားကျဖို့ဆိုရင် အချိန်အကြာကြီး ယူရမယ်။ ကစားနေတုန်းလည်း အရမ်းခံစားရမယ်။ စိန်ခေါ်မှုကို သဘောကျတဲ့ ဂိမ်မာတွေကတော့ ဒီဂိမ်းကို အနိုင်ယူနိုင်ရင် သူတို့ အားရကျေနပ်တဲ့ခံစားချက်တစ်ခုကို ရသွားမယ်။
“ဒါပေမယ့် ဂိမ်းက အဲ့လောက်ပဲလို့ ထင်လား”
“ဒီဂိမ်းက လူနည်းစုဖြစ်တဲ့ ကျွမ်းကျင်ကစားသမားတွေအတွက် အထူးတလည် ဖန်တီးပေးထားတယ်လို့ ထင်လား။ ဖန်တီးသူတွေက လူများစုဖြစ်တဲ့ စကေးမရှိ ကစားသမားတွေကို ဂရုမစိုက်ဘူးလို့ ထင်လား။ အဲ့လိုထင်ရင် လုံးဝ မှားသွားမယ်”
“တာဝန်ရှိသူတွေက သာမန်ကစားသမားတွေအတွက်လည်း တခြားလမ်းတစ်ခုကို ခင်းပေးထားတယ်။ အထူးလက်နက် ဖုတုနဲ့ပေါ့”
“လူတွေအများကြီး နားမလည်ကြဘူး။ ဒီလျှို့ဝှက်လက်နက်ကို ဘုန်းတော်အိုကြီးရဲ့ လက်ချက်နဲ့ ၆ ခါတိတိ သေပြီးမှ ရနိုင်တယ်။ ဂိမ်းဖန်တီးသူတွေက ကစားသမားတွေ ဒီလက်နက်ကို ဘယ်လိုရှာတွေ့မယ်လို့ မျှော်လင့်ထားကြတာလဲ”
“ကံသက်သက်နဲ့သား”
“မဟုတ်ဘူး မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး”
“တာဝန်ရှိသူတွေက တမင်သက်သက် သဲလွန်စတွေချန်ထားပေးခဲ့တာ။ စကေးမရှိပေမယ့် ဂိမ်းရဲ့ဇာတ်လမ်းကို စိတ်နှစ်ထားတဲ့ ဂိမ်မာတွေ လက်နက်ကို ရှာတွေ့မယ်လို့ မျှော်လင့်ထားကြတာ”
“ဘုန်းတော်အိုကြီးက အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းရဲ့ တရားဝင်ဝတ္ထုထဲမှာ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ထားတယ်”
“အဲ့ဒီဘုန်းတော်အိုကြီးက နဂိုဇာတ်လမ်းထဲမှာဆို အားကောင်းတဲ့ လက်ရွေးစင် မွန်းစတားတစ်ကောင် အဖြစ် ဖော်ပြခံထားရတာ။ ဒါပေမယ့် ဂိမ်းထဲမှာတော့ သာမန် မွန်းစတားတွေထက်တောင် ပိုပြီး ပျော့သွားသေးတယ်”
“အဲ့တာဘာကြောင့်လို့ထင်လဲ”
“တာဝန်ရှိသူတွေက တမင်သက်သက် သဲလွန်စချန်ခဲ့မှန်း သိသာတယ်။ သိချင်စိတ်နဲ့ ဂိမ်မာတွေက ဒီဘုန်းတော်အိုကြီးကို အနီးကပ် လေ့လာကြလိမ့်မယ်။ ဘုန်းတော်အိုကြီးက ကစားသမားတွေကို ၆ ကြိမ်တိတိ သတ်ပြီးတဲ့နောက်မှာ အသိစိတ်ပြန်ဝင်လာပြီး ကစားသမားတွေကို အရမ်းကောင်းတဲ့လက်နက် ဖုတုကို ပေးလိုက်လိမ့်မယ်။”
“အဲ့လိုဆို အသုံးမကျတဲ့ ကစားသမားတွေကတောင် ဂိမ်းကို အောင်မြင်နိုင်မယ့် လက်နက်တစ်ခုကို ရသွားလိမ့်မယ်”
“ဒီဂိမ်းက ကျွမ်းကျင်ကစားသမားတွေကို သူတို့ရဲ့ စကေးကြမ်းကြမ်းတွေ ပြသခွင့်ပေးသလို စကေးမရှိတဲ့ ကစားသမားတွေကိုလည်း တိုက်ခိုက်မှုတွေကို ကျော်နိုင်အောင် လုပ်ပေးခဲ့တယ်။ အဲ့တာကြောင့် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းက လူနည်းစုအတွက်ပဲ မဟုတ်ဘဲ အားလုံးအတွက် ဖန်တီးထားတဲ့ ဂိမ်းတစ်ခုပဲ”
ဖေးချမ့်၏ ကျောပေါ်တွင် ဇောချွေးများ စီးကျလာသလို ခံစားလိုက်ရသည်။
ဒါကြောင့် လက်နက်ကို ဒီလောက်မြန်မြန် ရှာတွေ့သွားကြတာကိုး တရားဝင် ဝတ္ထုထဲမှာ ပါနေတာပဲ
အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက တရားဝင်ဝတ္ထုအတိုင်း အတော်လေး နီးစပ်ပါသည်။ ထို့ကြောင့်လည်း ဘုန်းတော်အိုကြီးကို နဂိုက လက်ရွေးစင် မွန်းစတားတစ်ကောင်အဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။ သို့သော်လည်း ဖုတုလက်နက်ကို ဖုံးကွယ်နိုင်ဖို့အတွက် ဖေးချမ့်က တမင်သက်သက် ဘုန်းတော်အိုကြီးကို အားနည်းသွားအောင် လုပ်လိုက်သည်။ ဘုန်းတော်အိုကြီး လက်မှာ ကစားသမားတွေ သေနိုင်ခြေ နည်းသွားစေဖို့ဖြစ်ကာ ဒါမှ ဖုတုလက်နက်ကို တွေ့ဖို့ ခက်သွားမှာ ဖြစ်ပါသည်။
သို့သော်လည်း ဘုန်းတော်အိုကြီး၏ စွမ်းအားများကို ပြောင်းလဲပြီးနောက် တရားဝင်ဝတ္ထုအကြောင်း သူမေ့သွားခဲ့သည်။
ဖေးချမ့်ကို အပြစ်တင်လို့ မရပေ။ သူလည်း ဒါမျိုးဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မိမှာ မဟုတ်ပါ။
နောက်ဆုံးတော့ ဖုတုလက်နက်ကို ဘယ်လိုရှာတွေ့သွားကြသလဲဆိုတာ နားလည်သွားပါသည်။ ဖေးချမ့် သူ့ရင်ဘတ်သူ ပွတ်လိုက်ပြီး ဆက်ကြည့်လိုက်ပါသည်။
“ဒါပေမယ့် ဂိမ်းက ဒီလောက်ပဲလို့ ထင်နေသေးလား”
“သာမန်ကစားသမားတွေနဲ့ ကျွမ်းကျင်ကစားသမားတွေကို တခြားလက်နက်တစ်ခုခုပေးသုံးတာအပြင် ဂိမ်းထဲမှာ ဘာမှအဓိပ္ပာယ်မရှိတော့ဘူးလို့ ထင်နေလား”
“ဒါဆို လုံးဝ မှားသွားပြီ”
ဆရာချောင်း၏ ဗီဒီယိုကိုကြည့်ရင်း ဖေးချမ့် နှလုံးရောဂါရတော့မည်။
ဘာလို့လုံးဝ မှားရမှာလဲ။ မင်းရဲ့ဗီဒီယို ဒီလောက်ရှည်နေတာက မင်းအကုန်လုံးကို အလွန်အကျွံတွေးနေမှန်း ပြနေတာပဲ ဂိမ်မာတွေ ဖုတုလက်နက်ကို ရှာတွေ့ဖို့တောင် ငါမျှော်လင့်ထားတာ မဟုတ်ဘူး မင်းငါ့ကို ဆက်ပြီး နားလည်မှုလွဲနေဦးမှာလား။
ဆရာချောင်း၏ ထူးထူးခြားခြားအသံက ဗီဒီယိုထဲမှ ဆက်လက်ထွက်ပေါ်လာပါသည်။
“ဖုတုလက်နက်က ဂိမ်းထဲမှာ အဆင့်တွေ အမြန်အောင်နိုင်တဲ့ လက်နက်လို့ အားလုံးလည်း သိပြီးကြလောက်ပြီပေါ့။ တချို့ မွန်းစတားတွေကို သတ်နိုင်ပေမယ့် ဂိမ်းထဲက ရန်သူအားလုံးကိုတော့ မသတ်နိုင်ဘူး။ အဲ့တာကြောင့် လူအတော်များများက ကစားသမားတွေကို ညစ်ဖို့ တာဝန်ရှိသူတွေက တမင်သက်သက်လုပ်ထားတာဆိုပြီး စွပ်စွဲကြတယ်”
“သူတို့မှားနေပြီ”
“တာဝန်ရှိသူတွေ ဒီလိုလုပ်တာက ကစားသမားတွေကို ညစ်ဖို့ မဟုတ်ဘူး။ ပိုလေးနက်တဲ့ အဓိပ္ပာယ်ရှိတယ်”
“ငါအသေးစိတ် စမ်းသပ်ချက်တချို့ လုပ်ကြည့်ပြီးပြီ။ ဂိမ်းမှာ လောလောဆယ် ဇာတ်သိမ်းက ၃ ခု ရှိတယ်။ ပထမတစ်ခုက ‘ဆိုးသွမ်းဝိညာဥ်ဇာတ်သိမ်း’၊ ငရဲမင်းရဲ့ နန်းတော်ထဲကကိုရောက်သွားပြီး ငရဲမင်းနဲ့ တရားသူကြီးတွေကို သတ်ပစ်လိုက်ပြီးတော့ ယုတ်ညံ့တဲ့ ဝိညာဥ်တစ်ကောင်ဖြစ်လာတဲ့ ဇာတ်သိမ်းပေါ့။ ဒုတိယ ဇာတ်သိမ်းက ‘ပြန်လည်မွေးဖွားခြင်း ဇာတ်သိမ်း’ ပြန်လည်မွေးဖွားခြင်းနဲ့ ဖြစ်တည်ခြင်း လောက ၆ ပါးထဲဝင်ရောက်ပြီး ပြန်လည်မွေးဖွားတဲ့ ဇာတ်သိမ်းပဲ။ တတိယတစ်ခုက ‘စတေးခြင်းဇာတ်သိမ်း’ ငရဲကို သွားပြီး ရူးသွပ်နေတဲ့ အုပ်ချုပ်သူကြီးကို နှိမ်နင်းပြီး ဝိညာဥ်ဆိုးတွေအားလုံးကို ဖိနှိပ်ဖို့အတွက် ကိုယ့်ကိုယ်ကို စတေးလိုက်တဲ့ ဇာတ်သိမ်းပေါ့”
“ကစားသမားတွေ အသက်ကျောက်တုံး ၃ တုံး၊ မေ့ပျောက်ခြင်းတံတား စတဲ့ အချက်အချာနေရာတွေမှာ ပြုလုပ်တဲ့ အရာတိုင်းက ဘယ်ဇာတ်သိမ်းကို ရမလဲဆိုတာ အဆုံးအဖြတ်ပေးတယ်။ ဒါပေမယ့် ကျယ်ကျယ် ပြန့်ပြန့်ပြောရမယ်ဆိုရင်တော့ အဓိက ဇာတ်သိမ်းက ၃ ခု ရှိတယ်။ ဒါပေမယ့် အဲ့ဒီအပြင် လျှို့ဝှက်ဇာတ်သိမ်း ၁ ခုလည်း ရှိသေးတယ်”
“အဲ့တာက ‘အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဇာတ်သိမ်း’ ပဲ”
ဒီအထိရောက်လာသောအခါ ဖေးချမ့် မူးနောက်သွားသည်။
ပထမဇာတ်သိမ်း ၃ ခုကို ဆုံးဖြတ်ထားတာ ငါပါ ဟုတ်ပါတယ်။
ဒါပေမယ့် ‘အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဇာတ်သိမ်း’ ဆိုတာ ဘာကြီးလဲဟ ဂိမ်းထဲမှာ အဲ့ဒီဇာတ်သိမ်း ရှိနေမှန်း ငါတောင် ဘာလို့ မသိရတာလဲ ဆရာချောင်း လုပ်ကြံပြီး ပြောနေတာလား။
ထိုနေရာကစလို့ ဆရာချောင်း၏ လေသံ အတော်လေး တက်ကြွလာသည်။
“အဲ့ဒီ ဇာတ်သိမ်းက ဂိမ်းထဲမှာ မဟုတ်ဘဲ အပြင်လောကမှာ ဖြစ်တည်နေတာ”
“ခါးသီးမှုဆိုတာ အဆုံးမရှိဘူး၊ အရှုံးပေးပြီး ကယ်တင်ခြင်းခံလိုက်ပါ’ အဲ့ဒီစာသားရဲ့ မူရင်းအဓိပ္ပာယ်က အရမ်းကောင်းတယ်။ ဒါပေမယ့် ကစားသမားတွေကို အရှုံးပေးအောင် ဖျောင်းဖျဖို့အတွက် ဂိမ်းထဲမှာလည်း သုံးထားသေးတယ်”
“ဂိမ်းကို ပထမဆုံးကစားတဲ့အချိန်မှာ အဆုံးမရှိတဲ့ နာကျင်ခံစားမှု ခရီးကြီးတစ်ခုကို စတင်လိုက်ရမှန်း အားလုံး သိကြလိမ့်မယ်။ ရွာထဲကနေ တိုက်ခိုက်ပြီး ထွက်လာရင် မြို့ကိုရောက်မယ်။ မြို့ကနေထွက်လာရင် ငရဲတံခါးဝကို ဖြတ်သန်းပြီး မရဏလောကသို့အသွားလမ်းနဲ့ မေ့ပျောက်ခြင်းတံတားတို့ကို ရောက်မယ်… နောက်ဆုံးတော့ ငရဲမင်းရဲ့နန်းတော်နဲ့ ငရဲဆီကို ရောက်သွားမယ်”
“ပိုပြီး ဝေးဝေးရောက်လေလေ မွန်းစတားတွေက ပိုပြီး အားကောင်းလာလေလေပဲ”
“ဂိမ်းထဲက ခရီးစဥ်တစ်ခုလုံးက အဆုံးမရှိတဲ့ ဒုက္ခပင်လယ်ကြီးလိုပဲ။ မင်းတို့ရဲ့ ရင်ထဲမှာ ‘အရှုံးပေးပြီး ကယ်တင်မှုကို ခံလိုက်တော့’ ‘နောက်ပြန်လှည့်လိုက်တော့’ ‘ဆက်ပြီး တိုက်ခိုက်ဖို့ မလိုတော့ဘူး’ လို့ ပြောနေကြမှာပဲ”
“တာဝန်ရှိသူတွေက နည်းလမ်းပေါင်းစုံနဲ့ သင်္ချိုင်းစာလိုမျိုး ပုံစံတွေ၊ ငွေပြန်အမ်းခွင့် ကန့်သတ်ချိန် ကုန်လွန်တော့မယ်လို့ အသိပေးချက်တောင် ထည့်ထားသေးတယ်။ မင်းတို့ရင်ထဲက အဲ့လိုအတွေးတွေကို နှိုးဆွပေးဖို့လေ”
“မင်းတို့နှလုံးသားကိုမင်းတို့ နားထောင်ပြီး ဂိမ်းကို လက်လျှော့လိုက်မယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်ကွာ။ မင်းတို့ ဂိမ်းရဲ့ ‘အရှုံးပေးပြီးကယ်တင်ခြင်းခံစေ’ ဇာတ်သိမ်းကို ရသွားပြီ”
“မင်းတို့ လက်လျှော့လိုက်ပြီ။ မင်းတို့လွတ်လပ်သွားပြီ။ ဒုက္ခပင်လယ်ထဲက လွတ်မြောက်သွားသလို ခံစားလိုက်ရပြီ”
“ဒါပေမယ့် ဂိမ်းထဲက မင်းရဲ့ဇာတ်ကောင်က ဘာဖြစ်သွားမလဲ”
“”သူလည်း အရှုံးပေးပြီးကယ်တင်မှုကို ခံလိုက်ရတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ ကမ္ဘာကြီးကို ထာဝရပြောင်းလဲနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးသွားတာပဲ။ သူလည်း မရဏလောကသို့အသွားလမ်းပေါ်က အင်မော်တယ်ဝိညာဥ် ၃ ခုနဲ့ မော်တယ်ပုံစံ ၇ ခုတို့ကို ဆုံးရှုံးထားတဲ့ လေလွင့်မွန်းစတားတွေနဲ့ မခြားနားတော့ဘူး။ ထာဝရ ခါးသီးမှုတွေထဲမှာ နေထိုင်သွားရလိမ့်မယ်”
“မင်းတို့ကြားက ဖန်သားပြင်စည်းကြီး ကျိုးပေါက်သွားသလို ခံစားလိုက်ရလား”
“ဟုတ်တယ်။ ဂိမ်းထဲက ဇာတ်ကောင်ကလည်း မင်းတို့လိုမျိုး ခံစားနေရတာပဲ။ သူသေသွားတိုင်း မင်းလည်း ခံစားရတယ်။ မင်းတို့ လက်လျှော့လိုက်မယ်ဆိုရင် ခါးသီးမှုတွေထဲက လွတ်မြောက်သွားပြီလို့ ထင်ကောင်း ထင်လိမ့်မယ်။ ဒါပေမယ့် ကမ္ဘာကြီးကို ထာဝရပြောင်းလဲနိုင်မယ့် အခွင့်အရေးကိုတော့ မင်းတို့ ဆုံးရှုံးလိုက်ရပြီ”
“ဒီဂိမ်းက ဘာလို့ ဒီလောက်နက်ရှိုင်းလဲ နားလည်သွားပြီလား”
“ဒါပေမယ့် ဒီလောက်ပဲလို့ထင်လား။ ဒီလောက်နဲ့ အဆုံးသတ်သွားမယ်ထင်လား။ ဒါဆိုရင်တော့ လုံးဝ မှားသွားမယ်”
ဖေးချမ့် သူ့ခေါင်းကို လက်ပေါ်မှီထားလိုက်မိပါသည်။ သူ လဲကျသွားတော့မလို ခံစားလိုက်ရ၏။ ဆရာချောင်း နောက်ထပ် ဘာတွေဆက်ပြောဦးမလဲ သူစဥ်းစားလို့တောင်မရတော့ပေ။ အလွန်ကြိုးစားကြည့်သော်လည်း သူ့စိတ်ကူးယဥ်နိုင်စွမ်းကတောင် အကန့်အသတ်ရှိပါသည်။
“အရင်က ပြောခဲ့သလိုပဲ ဖုတုလက်နက်က ဂိမ်းထဲမှာ အဆင့်မြန်မြန်ကျော်နိုင်အောင် ကူညီပေးတယ်။ ဒါပေမယ့် အဲ့လက်နက်ကိုသုံးပြီး ‘ပြန်လည်မွေးဖွားခြင်း ဇာတ်သိမ်း’ ကိုပဲရနိုင်လိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ ‘ပြန်လည်မွေးဖွားခြင်း ဇာတ်သိမ်း’ က အတုအယောင်ဇာတ်သိမ်းကြီးပဲ”
“အဲ့ဒီဇာတ်သိမ်းမှာဆိုရင် ဇာတ်လိုက်က ဒုက္ခကမ္ဘာကြီးထဲက လွတ်မြောက်သွားပြီလို့ သူ့ကိုယ်သူ ထင်လိမ့်မယ်။ ဒါပေမယ့် တကယ်တော့ သူက တူညီတဲ့ ပြန်လည်မွေးဖွားခြင်း သံသရာကိုပဲ နောက်တစ်ခေါက် ပြန်ဖြတ်သန်းရမှာ။ သက်သေလည်းရှိတယ်။ ဂိမ်းအစ လူသစ်ရွာထဲမှာ ဇာတ်လိုက်က မဖြစ်မနေသတ်ရမယ့် သေရတော့မယ့် အဘိုးကြီးတစ်ယောက်ရှိတယ်။ သူ့ကိုသတ်မှ သူ့ဝိညာဥ်နောက်လိုက်ပြီး မရဏလောကသို့အသွားလမ်းဆီ ရောက်နိုင်လိမ့်မယ်”
“ဒါပေမယ့် ကစားသမားတစ်ယောက်က ပြန်လည်မွေးဖွားခြင်းနဲ့ ဖြစ်တည်ခြင်း လောက ၆ ပါး အဆင့်ကို ရောက်ရှိပြီး ဂိမ်းကို ပြန်စလိုက်မယ်ဆိုရင် အဲ့ဒီ သေခါနီး အဘိုးကြီးက ဇာတ်လိုက်နဲ့ ဆင်တူတဲ့ လက်နက်ကို ကိုင်ထားပြီး ဆင်တူတဲ့ အဝတ်အစားတွေကို ဝတ်ထားမှန်း မြင်ရမယ်။ တကယ်တော့ အဲ့ဒီ အဘိုးကြီးက ဇာတ်လိုက်ကိုယ်တိုင်ပဲ”
“အားလုံး မှတ်ထားကြပါ ဖုတုလက်နက် မရှိရင်လည်း ဂိမ်မာတွေက ‘ပြန်လည်မွေးဖွားခြင်း’ ဇာတ်သိမ်းကို ရနိုင်ပါသေးတယ်။ ဆိုလိုတာက မွန်းစတားတွေကို ပိုပြီး ခက်ခက်ခဲခဲ တိုက်ခိုက်ရမယ်။”
“ဖုတုလက်နက်က ‘ပြန်လည်မွေးဖွားခြင်း’ ဇာတ်သိမ်းအတွက်ပဲ အထူးဖန်တီးထားတဲ့ လက်နက်တစ်ခုဖြစ်တယ်။ ဂိမ်းထဲက အဆင့်တော်တော်များများကို အဲ့ဒီလက်နက်နဲ့ ကျော်ပစ်လိုက်လို့ရရုံတင်မကဘူး။ အဲ့ဒီဇာတ်သိမ်းနဲ့ သက်ဆိုင်တဲ့ မွန်းစတားတွေ၊ ဘော့စ်တွေကိုလည်း အလွယ်လေး သတ်နိုင်တယ်”
“ဖုတုလက်နက်ကိုရဖို့ဆိုရင် ကစားသမားတွေက ၆ ကြိမ်တိတိ သေပေးရမယ်။ အဲ့တာက ပြန်လည်မွေးဖွားခြင်းနဲ့ ဖြစ်တည်ခြင်း လောက ၆ ပါးကို ဖြတ်သန်းပြီး ၇ ကြိမ်မြောက်ကြိုးစားမှုမှာ ဉာဏ်အလင်းပွင့်မှုကို ကိုယ်စားပြုတယ်။ အဲ့တာ ဘဝသစ်တစ်ခုရဲ့ အစ ပထမပဲ”
“အားလုံးက တိုက်ဆိုင်ချက်တစ်ခုလိုထင်ရပေမယ့် အကုန်လုံး အံဝင်ခွင်ကျဖြစ်နေတယ် မထင်ဘူးလား။ တချို့ ကစားသမားတွေကတော့ ဖုတုလက်နက်က ဂိမ်းရဲ့ အဆင့်တချို့ကို ကျော်နိုင်အောင်လုပ်ပေးပြီး နာကျင်မှုတွေ သက်သာစေပြီး ပျော်ရွှင်မှု ယူဆောင်လာပေးတယ်လို့ ထင်ကြလိမ့်မယ်။ မူလလ ‘ပြန်လည် မွေးဖွားခြင်း ဇာတ်သိမ်း’ နဲ့ယှဥ်ရင် ဒီဇာတ်သိမ်းက ကစားသမားတွေကို ပိုပြီးတောင် ပျော်စေလိမ့်မယ်”
“ဒါပေမယ့် အဲ့ဒီ ကစားသမားတွေက ကိုယ့်ကိုယ်ကို လိမ်ညာနေတာပဲ”
“ကစားသမားတွေက ဖုတုလက်နက်ကို စွန့်ပယ်ပြီး နာကျင်မှုကို ကိုယ်ပိုင် အစွမ်းအစနဲ့ တောင့်ခံပြီး ငရဲမှာရှိနေတဲ့ ဘော့စ်ကို သတ်နိုင်မှသာ ဇာတ်သိမ်းအစစ်ကို ရနိုင်မယ်။ အဲ့ဒီအခါမှသာ သက်ရှိကမ္ဘာကြီးရဲ့ နာကျင်ခံစားမှုတွေကို အဆုံးသတ်ပေးနိုင်မယ်”
“အခုလောက်ဆို ငါပြောတာ အားလုံးနားလည်ကြလား”
“အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းကို ဒီလောက်ခက်ခဲအောင်လုပ်ထားတာက ကစားသမားတွေကို စကားပြောနိုင်ဖို့ပဲ။ ခက်ခဲမှုအဆင့်ကြောင့် ကစားသမားတွေကို ဂိမ်းထဲက ဇာတ်ကောင်နဲ့ တသားတည်း ဖြစ်သွားစေတယ်”
“ခက်ခဲမှုကြောင့် လက်လျှော့ပြီး ဂိမ်းကို ငွေပြန်အမ်းခိုင်းဖို့ တောင်းဆိုမယ်ဆိုရင် ‘အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဇာတ်သိမ်း’ ကို ရနိုင်တယ်။ ဇာတ်လိုက်ကလည်း လက်လျှော့သွားပြီး အဆုံးမရှိတဲ့ နာကျင်မှုတွေထဲမှာ ထာဝရနေသွားရမယ်။”
“ဖုတုလက်နက်ကို အသုံးချပြီး ဂိမ်းထဲမှာ ခပ်မြန်မြန်အဆင့်တွေကို ကျော်ပြီးတော့ လွယ်တဲ့ ဘော့စ်တွေကိုပဲ ရွေးတိုက်မယ်ဆိုရင် ‘ပြန်လည်မွေးဖွားခြင်း ဇာတ်သိမ်း’ ကိုရမယ်။ ဒါပေယ့် ကိုယ့်ကိုယ်ကိုနဲ့ သူများတွေကို လိမ်နေသလိုပဲ ဖြစ်မှာ။ ဂိမ်းထဲက ဇာတ်လိုက်က တကယ်တမ်း ပြန်လည်မွေးဖွားခြင်း သံသရာကနေ လွတ်မြောက်မသွားဘူး”
“ဖုတုလက်နက်ကို ချပြီး ဂိမ်းထဲက ဇာတ်လိုက်နဲ့အတူတူ နာကျင်ခံစားမှုတွေကို သည်းခံ၊ ကိုယ့်ကိုယ်ကို အားကောင်းလာအောင် ဆက်တိုက် လေ့ကျင့်မှုတွေပေးနေမှသာ ဇာတ်သိမ်းအစစ်ကို ရရှိမယ်။ အဲ့ဒီအခါကျမှ ဇာတ်လိုက်ကလည်း ကမ္ဘာကြီးကို တကယ်တမ်း ကယ်တင်နိုင်လိမ့်မယ်။ အဲ့တာကြောင့် ဒီဂိမ်းက စကေးမရှိတဲ့ ကစားသမားတွေနဲ့ ပိုပြီး သင့်တော်တယ်လို့ ပြောတာပေါ့”
“ကျွမ်းကျင်ကစားသမားတွေသာဆို သက်ရှိကမ္ဘာထဲမှာ ပိတ်မိပြီး ရုန်းကန်နေရတဲ့ ဇာတ်လိုက်ကို နားလည်ကြမှာမဟုတ်ဘူး။ သူတို့အတွက် ဂိမ်းက ဘာသင်ခန်းစာမှလည်း ပေးနိုင်မှာမဟုတ်ဘူး။ သူတို့ တူညီတဲ့နည်းလမ်းအတိုင်း ခံစားကြရမှာမဟုတ်ဘူး။ တစ်ဖက်မှာတော့ စကေးမရှိတဲ့ ကစားသမားတွေက သွေး၊ချွေး၊ မျက်ရည်တွေရင်းပြီး ဂိမ်းထဲမှာ ဖြည်းဖြည်းချင်း အဆင့်တက်အောင်ကြိုးစားကြရတယ်။ သူတို့ နောက်ဆုံး အောင်မြင်သွားတဲ့အခါမှာ လွတ်မြောက်မှုနဲ့ ဉာဏ်အလင်းပွင့်မှုတို့ကို ရရှိသွားသလောက် ပျော်ရွှင်ကြရလိမ့်မယ်။ သူတို့ပဲ ဂိမ်းရဲ့နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်နိုင်ကြမယ်”
“ဒီဂိမ်းက ခက်ခဲပြီး ရက်စက်လွန်းတယ်လို့ တော်တော်များများက ပြောကြတယ်။ ငါပြောချင်တာကတော့ သူတို့ပြောတာ မှန်ပါတယ်။ ဂိမ်းက အရမ်းခက်ခဲတနယ်။ ဒါပေမယ့် အဲ့ဒီခက်ခဲမှုကြောင့်ပဲ အောင်မြင်သွားတဲ့အခါ တစ်ခုခုကို ရရှိသွားသလိုမျိုး ခံစားချက်ကို ခံစားရမှာ”
“ဘယ်သူမှ တောင်ပို့လေးတစ်ခုကို သတိထားမိကြမှာမဟုတ်ဘူး။ ဒါပေမယ့် ဧဝရတ်တောင်ကိုတော့ တောင်တက်သမားများစွာက တက်ချင်နေကြတယ်”
“အဲ့တာကြောင့် ဂိမ်းကို လက်လျှော့လိုက်တဲ့လူတွေလည်း ပြန်ဝယ်ပြီး နောက်တစ်ခေါက် ကြိုးစားကြည့်ဖို့ မျှော်လင့်ပါတယ်။ ဂိမ်းကို ဝယ်ထားတဲ့သူတွေလည်း အခက်အခဲ နည်းနည်းလေး တွေ့တာနဲ့ ငွေပြန်တောင်းဖို့ မကြိုးစားကြနဲ့”
“ကိုယ့်စိတ်ကိုယ် အနိုင်ယူလိုက်ကြ။ တခြားဂိမ်းတွေ နှိုးဆွမပေးနိုင်တဲ့ အောင်မြင်မှုခံစားချက်မျိုးကို မင်းတို့ သေချာပေါက် ခံစားရလိမ့်မယ်”
“နတ်ဘုရားအဆင့်ထုတ်ကုန်များ အပိုင်း ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါတော့မယ်။ ဂိမ်းထဲမှာ ဘာနောင်တမှ မကျန်ခဲ့စေနဲ့နော်”
အလွန်သင့်တော်သည့် နောက်ခံ ဂီတများနဲ့ ဆရာချောင်း၏ စိတ်အားတက်ကြွနေသည့်လေသံက ပရိသတ်ကိုပါ အားမာန်တက်ကြွသွားစေပြီး တိုက်ပွဲထဲ ရှေ့ဆုံးက ပြေးဝင်သွားချင်စိတ်များ ပေါ်ပေါက်လာစေပါသည်။
သို့သော်လည်း ဖေးချမ့် လက်နှစ်ဖက်စလုံး အေးစက်သွားသည်။ သူ့သွေးကြောထဲက သွေးတွေလည်း ခဲသွားသလို ခံစားလိုက်ရပါသည်။
“ဝမ်းနည်းဖို့ကောင်းလိုက်တာကွာ…” ဖေးချမ့် နာကျင်မှုများဖြင့် ခေါင်းမော့လိုက်ပြီး ပြောစရာ စကားမရှိအောင် ဆွံ့အသွားသလို ခံစားနေမိပါတော့သည်။