စာဖတ်သူအသစ်တွေ ဘယ်ကရောက်လာကြတာလဲ
Vol. 19 Ch. 285
ဗီဒီယိုအဆုံးသတ်ပိုင်းအနားတွင် ‘အမှတ်ပြည့် အက်ဆေး’ ဟုပြောကြသည့် ကောမန့်ပေါင်းများစွာ ဖန်သားပြင်ပေါ် တက်လာသည်။
သို့သော် ဒါနဲ့တင် မပြီးသေး။ ဆရာချောင်းက ကောမန့်များကို နောက်တစ်ခေါက် ဇာတ်ရှိန်မြင့်သွားအောင် နှုတ်ဆက်စကားတစ်ခွန်း ဆိုလိုက်ပါသေးသည်။
“အပေါ်မှာ ပြသထားတာက နတ်ဘုရားအဆင့်ထုတ်ကုန်များ ဒီအပိုင်းအတွက် Content အပြည့်အစုံပါပဲ။ အားလုံးလည်း ဂိမ်းရသတွေ အများကြီး ရကြမယ်လို့ မျှော်လင့်ပါတယ်။ တခြားသူတွေ ဂိမ်းအောင်တာကို ဘယ်နှခေါက်ပဲကြည့်ကြည့် ယားယံမှုကို အင်္ကျီပေါ်က ကုတ်ရသလိုဖြစ်နေမှာပဲ။ ကိုယ်တိုင် ဂိမ်းကို ကစားတာနဲ့ ဘာမှ မယှဥ်နိုင်ဘူး”
“စကေးမကောင်းလို့ ဂိမ်းကို မအောင်နိုင်မှာလည်း စိုးရိမ်စရာမလိုဘူး။ ဒါပြီးရင် ငါ့လိုမျိုး စကေးသိပ်မကောင်းတဲ့ ကစားသမားတွေလည်း ဂိမ်းကို ကိုယ်တိုင် အောင်နိုင်အောင် ဆော့နိုင်ဖို့အတွက် အသေးစိတ် Walkthrough ဗီဒီယိုတွေ တင်ပေးမယ်”
“နတ်ဘုရားအဆင့်ထုတ်ကုန်များ ဒီအပိုင်းကတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါ့မယ်။ ခဏနေရင် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းမှာ အဆင့်တွေအောင်နိုင်ဖို့အတွက် နည်းဗျူဟာတွေ တင်ပေးမယ်။ ကျေးဇူးပြုပြီး စောင့်မျှော်ပေးကြပါဦး”
“ဒီစီးရီးကို သဘောကျတယ်ဆို ငါ့ကို အားပေးကြပါဦးနော် နတ်ဘုရားအဆင့်ထုတ်ကုန်များ နောက်လာမယ့် အပိုင်းမှာ ပြန်တွေ့ပါမယ်”
‘မစောင့်နိုင်တော့ဘူး’ ‘ကျေးဇူးတင်ပါတယ် အစ်ကိုကြီးချောင်း’ ‘Update ကိုစောင့်နေပြီ’ ‘နောက်နှစ် စီးရီးမှာ ပြန်တွေ့မယ်’ အစရှိသည့် ကောမန့်များစွာက ဖန်သားပြင်ပေါ်တွင် ပေါ်လာပါသည်။ နောက်တစ်ဖန်် ဖေးချမ့် တိတ်ဆိတ်သွားရပြန်သည်။
ငါတော့သွားပြီ။ ဒီဆရာချောင်းက ဗီဒီယိုကို စီးရီးအလိုက် ထုတ်မှာဟ ဂိမ်းအတွက် အသေးစိတ် Walkthrough တစ်ခုပါ ထုတ်ဦးမယ်။
ဖေးချမ့် ဒီလိုစီးရီးမျိုးကိုတော့ မျှော်မှန်းထားပြီးသားဖြစ်သည်။
နတ်ဘုရားအဆင့်ထုတ်ကုန်များ စီးရီးတွင် မတင်ပါက နာမည်ကြီးမှုလည်း အကန့်အသတ်ရှိလိမ့်မည်ဟု ဖေးချမ့် မျှော်လင့်ထားခဲ့သည်။
သို့သော် ယခုတော့ ဆရာချောင်းက နတ်ဘုရားအဆင့်ထုတ်ကုန်များတွင် ဗီဒီယိုကို တင်လိုက်ပါသည်။ အခြေအနေက လုံးဝ ခြားနားသွားလေပြီ။
ဂိမ်မာများစွာက ကောမန့်အကန့်ထဲတွင် ကောမန့်များစွာကို ရေးသားကြ၏။ အားလုံး တက်ကြွသွားကြမှန်း သိသာလှပါသည်။
“ဒါမျိုး ကြည့်ရဖို့ တစ်သက်လုံးစောင့်လာခဲ့တာ နောက်ဆုံးတော့ နတ်ဘုရားအဆင့်ထုတ်ကုန်များ အပိုင်း ၂ ထွက်လာပြီကွ”
“အပိုင်း ၂ ကလည်း ထန်းတာ့ဂိမ်းအကြောင်းပဲ ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး”
“တကယ့် ငါ့သားကြီးပဲ။ သူဗီဒီယို တစ်ပုဒ်ထုတ်လိုက်တိုင်း ဂိမ်းချန်နယ်ထဲက တခြား UP မာစတာတွေ အာလုံးကို အနိုင်ယူသွားတယ်။ ရှယ်ပဲဟေ့”
“ပြောသွားတာလည်း တကယ်ကောင်းတယ်။ ဒီဂိမ်းရဲ့ အနှစ်သာရက အနည်းဆုံး အဆင့် ၃ ဆင့်လောက် တက်သွားပြီ။ တကယ် အကြောင်းအရာနဲ့ ပြည့်စုံတယ်လို့ ပြောရမယ် သာမန် လူတွေကတော့ ခက်တယ်ဆိုရဲ့ အကာအရံကြောင့် အရူးမျက်ကန်းလို ဖြစ်နေကြမှာပဲ။ ဂိမ်းရဲ့ ကြွယ်ဝမှုတွေကို အားလုံး အသိအမှတ်ပြုဖို့အတွက် ဆရာချောင်းလို ဂိမ်းကို စိစစ်နိုင်တဲ့ ပရော်ဖက်ရှယ်နယ်တွေ လိုနေတာပဲ”
“အစ်ကိုကြီးချောင်း မင်းကတော့ တကယ့် XXX ဖြစ်ပြီး အရည်အသွေးမြင့် ဗီဒီယို တစ်ပုဒ်ကို ထုတ်လုပ်လိုက်ပြန်ပြီ။ နတ်ဘုရားအဆင့်ထုတ်ကုန်က ထန်းတာ့ရဲ့ ဂိမ်းတစ်ခုတည်းမဟုတ်ဘဲ မင်းရဲ့ ဗီဒီယိုကလည်း နတ်ဘုရားအဆင့်ထုတ်ကုန်ပါပဲ”
“အစ်ကိုချောင်း ဒီလောက် အရည်အသွေးမြင့်တဲ့ ဗီဒီယိုကို ထုတ်လုပ်ဖို့အတွက် ၁ ပတ်တိတိ ဓားသွေးနေခဲ့တာပေါ့ ဟုတ်လား”
“ဒီဗီဒီယိုကို ကြည့်ပြီးမှ လိပ်ပြာမလုံသလို ခံစားလိုက်ရပြီ။ ငါက ‘အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဇာတ်သိမ်း’ ကိုရသွားတဲ့လူတွေထဲက တစ်ယောက်ပဲ။ ငါက ညံ့လွန်းလို့ ဂိမ်းကို ပြန်အပ်လိုက်တယ်။ အခုပဲ ပြန်ဝယ်လိုက်တော့မယ်”
“ဂိမ်းကို အမြန်အောင်ဖို့ ဖုတုလက်နက်မသုံးဖို့ တားပေးတာ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးချောင်း။ ဒီလက်နက်ကို စွန့်လွှတ်လိုက်ပြီး ဒီဂိမ်းကို ကိုယ်ပိုင်စကေးနဲ့ပဲအောင်မြင်အောင် ကစားကြည့်လိုက်တော့မယ်”
“ဒီလို ဂိမ်းတိုတိုတစ်ခုမှာ ဒီလောက်ကြမ်းတဲ့ ဇာတ်လမ်းဇာတ်ကွက်ကြီး ရှိနေမယ် ထင်မထားဘူးကွာ။ တကယ့်ကို လေးစားဖို့ကောင်းတဲ့ လက်ရာပါပဲ”
“ဇာတ်လမ်းဇာတ်ကွက်တွေဆိုတာ ဂိမ်းတွေအတွက် သာမန် အလှဆင်မှုတစ်ခုလို့ သဘောထားခံရပေမယ့် ထန််းဒါကတော့ သူတို့ဂိမ်းအတွက် ဒီလောက် ကြွယ်ဝတဲ့ ဂိမ်းကမ္ဘာန့ ဇာတ်လမ်းဇာတ်ကွက်ကို ပရော်ဖက်ရှင်နယ်ကျကျ ဒီဇိုင်းဆွဲခဲ့တယ်။ ပြီးတော့လည်း ကစားသမားတွေ လျှို့ဝှက်လက်နက် ရှာတွေ့နိုင်ဖို့အတွက် သဲလွန်စချန်ထားပေးခဲ့ပြီး ဝတ္ထုရဲ့ အကြောင်းအရာ နည်းနည်းလေးကိုပဲ သုံးထားတယ်။ သူတို့ကတော့ တကယ့် စေတနာရှင်တွေပံ”
“ငါအခုပဲ ဝတ္ထုသွားဖတ်ကြည့်လိုက်တော့မယ်”
“ဂိမ်းထဲက ဇာတ်လမ်းမှာ ဟာကွက်တွေ အများကြီး ရှိတယ်လို့ ငါတော့ ခံစားရတယ်။ အစ်ကိုကြီးချောင်း ပြောသွားတဲ့ထဲမပါတဲ့ အသေးစိတ်တချို့ကိုလည်း သတိထားမိသေးတယ်။ ခဏနေရင် ဗီဒီယိုတစ်ပုဒ် ထုတ်ပြီး အားလုံးနဲ့ မျှဝေပေးမယ်”
ရေပန်းအစားဆုံး ကောမန့်များကို ဖတ်ကြည့်ပြီးနောက် ဖေးချမ့် မျက်ရည်တွေဝဲလာပါသည်။
မင်းတို့အကုန်လုံး ဟိုကောင် ဦးနှောက်ကျင်းတာခံလိုက်ရပြီ။ ဒီဗီဒီယိုက အမှန်တရားနဲ့ အဝေးကြီး ဝေးသွားပြီ မင်းတို့အကုန်လုံးကို ‘အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဇာတ်သိမ်း’ ကို ရစေချင်တာကွ မင်းတို့ကောင်တွေ တစ်ခါတည်း အရှုံးပေးလိုက်လို့ မရဘူးလား။
ဂိမ်းထဲက ဇာတ်လိုက်ရဲ့နာကျင်မှုနဲ့ ထာဝရဒုက္ခပင်လယ်ကို မင်းတို့ကို ဘယ်သူက စိတ်ကူးယဥ်ခိုင်းလို့လဲ။ ဒါ သောက်ဂိမ်းလေး တစ်ခုသက်သက်ပါကွာ။ အရမ်းကြီး အတည်ပေါက် မယူကြပါနဲ့ တောင်းပန်ပါတယ်။
ထိုကောမန့်များအကြား ဖေးချမ့်ကို နှစ်သိမ့်မှုတချို့ ပေးနိုင်သည့် တစ်ခုတည်းသော ကောမန့်ဆိုလို့ လေထဲက ကစားသမားများအကြောင်း ပြောသည့် လူတစ်ယောက်သာရှိသည်။
အားလုံး သူများတွေ ကစားနေတာကိုပဲ ပျော်ပျော်ကြီး ကြည့်နေရင် ဘယ်လောက်ကောင်းလိုက်မလဲ။
သို့သော်လည်း ဒါက ဘော့စ်ဖေး၏ စိတ်ကူးယဥ်အတွေးတစ်ခုသက်သက်သာ ဖြစ်လေ၏။
စကေးစုတ်လွန်းသဖြင့် ဂိမ်းကို အစက လက်လျှော့ခဲ့ကြသည့် ဂိမ်မာများစွာလည်း ဗီဒီယိုကို ကြည့်ရှုပြီးနောက် ဂိမ်းကို ပြန်ဝယ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ဂိမ်းကို ငွေပြန်အမ်းခိုင်းထားပြီးသားသူတွေက ပြန်ဝယ်ချင်နေကြသည်။
အရှုံးပေးခါနီးဆဲဆဲ လူတွေလည်း ဆက်လက်ကြိုးစားဖို့ အားတက်သွားကြ၏။ အဆိုးဆုံးက ဂိမ်းရဲ့ ခက်ခဲမှု အကြောင်းကို အလုံးစုံ ရှင်းပြသွားခြင်းပင်။
မုန်းတီးရေးသမားများနဲ့ Review သမားအတုများက ဂိမ်း၏ ခက်ခဲမှုကို အသုံးချပြီး ယခင်က ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။ ဂိမ်းကို ကစားရကောင်း မကစားရကောင်း စဥ်းစားနေသည့် စကေးညံ့ဖျင်းသော ကစားသမားများကို မကစားစေဖို့ ထိုအချက်ကို အသုံးချကာ ဖျောင်းဖျဖို့ ဖြစ်သည်။
သို့သော်လည်း ဆရာချောင်း၏ ဗီဒီယိုက ဂိမ်းကို ပိုပြီးမြင့်မားသည့် ရှုထောင့်က ကြည့်ပုံကြည့်နည်းအား ပြောပြသွားပြီး ဂိမ်း၏ ခက်ခဲမှုကို အာရုံလွဲသွားစေသည်။
အမှန်ပင်။ ဂိမ်းက ခက်သည်။ သို့သော် ဂိမ်း၏ ခက်ခဲမှုက ၎င်း၏ လေးနက်မှုကို အထောက်အကူပြုသည်။ တကယ်တော့ ဇာတ်လမ်း၏ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုတောင် ဖြစ်ပါသည်။
ဂိမ်းက ခက်ခဲတာကြောင့်ပဲ ပြီးပြည့်စုံလွန်းနေခြင်းဖြစ်သည်။ ဂိမ်းက ခက်ခဲတာကြောင့်ပဲ ဂိမ်မာတွေက ဂိမ်းရသ အပြည့်အဝ ရနိုင်ပြီး လွန်မြောက်ခြင်းကို ခံစားနိုင်ခြင်း ဖြစ်သည်။
ဂိမ်း၏ အဓိက အပြစ်အနာအဆာဖြစ်ခဲ့သည့် အချက်က အခုတော့ အကောင်းဆုံးအချက် ဖြစ်သွားလေပြီ။
ထိုရှုထောင့်ကို မိတ်ဆက်ပြီးနောက် ဆရာချောင်းက အနိုင်ယူမခံနိုင်ရအောင် ခံတပ်ကြီးတစ်ခုကို တည်ဆောက်လိုက်သည်။
အသေးစိတ် Walkthrough ဗီဒီယိုများကို ထုတ်လုပ်ပြီးနောက် ဂိမ်းကို မအောင်နိုင်မှာ စိုးရိမ်သည့် စကေးညံ့ ဂိမ်မာတွေလည်း သံသယအားလုံးကို ချက်ချင်း ဘေးဖယ်ထုတ်လိုက်ကြလိမ့်မည်။ အားလုံး ကျရှုံးနေပါက Walkthrough ကို အားကိုးပြီး ဖြည်းဖြည်းချင်း အဆင့်တက်လို့ရပါသည်။
ဒီလိုဆို ကစားသမားတွေ ဂိမ်းကို ပိုဝယ်လာစေလိမ့်မည်။
ဖေးချမ့် စိတ်ဓာတ်ကျသွား၏။
အခြေအနေတွေက တော်တော်ကို ဆိုးရွားလာပါပြီ။
ဆရာချောင်း၏ ရိုက်ချက် ဘယ်လောက်ပြင်းသလဲ သူလုံးဝ အထင်သေးခဲ့မိသည်။
ဒီနေ့က ကြာသပတေးနေ့ဖြစ်၏။ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ၏ ဝင်ငွေများကို တနင်္လာနေ့တွင် ရရှိမည်။ ဒီ ၃ ရက်အတွင်း ဂိမ်း၏ ဂုဏ်သတင်းက အတော်လေး တိုးမြင့်သွားနိုင်ပြီး ရောင်းအားတွေလည်း မိုးထိုးတက်သွားနိုင်ပါသည်။
ဒါ ပြဿနာအကြီးကြီးဖြစ်သည်။ ထိုအတွေးဖြင့် ဖေးချမ့် လုမင်လျန်ကို ချက်ချင်း ဖုန်းဆက်လိုက်ပါသည်။
လုမင်လျန်ကို တတ်နိုင်သလောက် အလုပ်ကြိုးစားပြီးလုပ်ကာ နောက်ထပ် လေဆန်ပို့ဆောင်ရေးရုံး ဆယ်ဂဏန်းလောက် ထပ်ဖွင့်ခိုင်းဖို့ဖြစ်သည်။ လာမယ့် ငွေစာရင်းရှင်းချိန် မပြီးဆုံးမချင်း ရုံးသစ်များကို ဆက်လက်ဖွင့်နေရပါမည်။ ဖေးချမ့်ရရှိမည့် ငွေပိုငွေစတိုင်းကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဖြုန်းပစ်ရမည်။
ဖုန်းဆက်ပြီးတာတောင် ဖေးချမ့် စိတ်မအေးနိုင်သေးပါ။
မဖြစ်သေးပါဘူး။ ငါကိုယ်တိုင်သွားမှဖြစ်မှာ ငါကိုယ်တိုင် အခြေအနေတွေကို ကြီးကြပ်ရမယ်။
လုမင်လျန်က အခြေအနေ ဘယ်လောက်အရေးကြီးသလဲ နားမလည်မှာ ဖေးချမ့် စိုးရိမ်သည့်။ လေဆန်ပို့ဆောင်ရေးရုံးကို သွားပြီး ထိုက ဝန်ထမ်းအားလုံးကို ပိုကြိုးစားဖို့ တွန်းအားပေးချင်သည်။
ယခုဖေးချမ့်က တစ်မိနစ်တောင် မစောင့်နိုင်တော့ပါ။ ယာဥ်မောင်းကို လာခေါ်ခိုင်းလိုက်ပြီး ရုံးထဲက အမြန်ထွက်လာခဲ့ပါသည်။
သူမသွားခင် လီယာ့တာကို ပြောခဲ့သေး၏။ “လေဆန်ပို့ဆောင်ရေးမှာ ကိစ္စတချို့ ရှင်းစရာရှိလို့။ ဘာမှ လုပ်စရာမရှိတော့ရင် အားလုံး ဒီနေ့ နားလိုက်ကြတော့”
အလောတကြီးဖြစ်နေသည့်ပုံ ပေါက်သည့် ဘော့စ်ဖေးကို ရုံးထဲက ဝန်ထမ်းအားလုံး ကြည့်လိုက်ကြပါသည်။ သူတို့အားလုံး စိတ်မကောင်းဖြစ်သွားမိ၏။
ငါတို့ ဂိမ်း ခုလေးတင် ထင်မထားလောက်အောင် ရေပန်းစားလာတာ မဟုတ်ဘူးလား။
ဘော့စ်ဖေးက အောင်ပွဲခံဖို့တောင် ကိုယ့်ကိုယ်ကို အနားမပေးဘူးလား။ အဲ့ဒီအစး လေဆန်ပို့ဆောင်ရေးက ပြဿနာတွေကို သွားရှင်းဦးမှာတဲ့လား။
အရမ်း အလုပ်ကြိုးစားလိုက်တာ။
ခေါင်းဆောင်က အချိန်ပိုလုပ်နေရပြီး ဝန်ထမ်းတွေကိုတော့ စောစော အလုပ်နားခိုင်းသည်။ ဒါ ဘယ်လိုစိတ်ဓာတ်မျိုးလဲ။
ထန်းတာ့အပေါ်ထပ်၊ ကျုံးထျန် တရုတ်နက်ဝေါ့ခ်တွင်….
မာယိချွမ်က TPDb ကြောင့် အလုပ်ရှုပ်နေ၏။ ယခု ဝက်ဘ်ဆိုက်က ပြီးဆုံးလုနီးပါးဖြစ်နေပြီဖြစ်သဖြင့် ဘာမှ လုပ်စရာ သိပ်မကျန်တော့ပါ။
အမှန်ပင်။ မာယိချွမ်က ကျုံးထျန်တရုတ်နက်ဝေါ့ခ်နဲ့ TPDb တို့ကို တစ်ပြိုင်တည်း တာဝန်ယူထားရသော်လည်း အချိန်ပိုတွေအများကြီး ရှိနေပါသေးသည်။
အဘယ့်ကြောင့်ဆိုသော် ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကို ဖန်တီးလိုက်ကတည်းက ထိုဝက်ဘ်ဆိုက်အတွက် မာယိချွမ် ဘာမှ များများစားစား လုပ်ဖို့ မလိုအပ်ပါ။ သူ့ဖာသာသူ လည်ပတ်ခွင့် ပေးထားလို့ ရပါသည်။
သူ့လက်အောက်ငယ်သားများကို အချိန်အကြာကြီး လေ့ကျင့်ပေးပြီးနောက် နောက်ဆုံးတော့ ကိုယ်ပိုင် အစွမ်းအစနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ သူတို့ကို ယုံကြည်နိုင်ပါပြီ။ ကျူးရှင်းအန် ဦးဆောင်သည့် အယ်ဒီတာများက ယခု တာဝန်ကျေစွာဖြင့် စာမူများ စစ်ဆေးခြင်း၊ ထောက်ခံချက်နေရာများ ခွဲဝေပေးခြင်း၊ စာရေးစရာပေါင်းစုံကို အကြံပေးခြင်း စသည့်လုပ်ငန်းများကို သူတို့ဖာသာ လုပ်နိုင်နေပါပြီ။
၎င်းတို့၏ အားလပ်ချိန်တွင် ကျူးရှင်းအန်နဲ့ တခြားအယ်ဒီတာတွေက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ တရားဝင်ဝတ္ထုအတွက်လည်း အလုပ်လုပ်ကြပါသေးသည်။
ဝတ္ထုက စာဖတ်သူများစွာ၏ ပြင်းပြင်းထန်ထန်ဝေဖန်မှုကို ခံထားရသော်လည်း ဘယ်သူမှ တကယ်တမ်း စိတ်ထဲမထားကြပေ။ သူတို့ဖာသာသူတို့ အပျင်းပြေ ရေးသားခြင်းသာ ဖြစ်သည်။
သူတို့ကို အကဲခတ်ရင်း မာယိချွမ် တစ်ခါတစ်လေ ခံစားသွားရပါသည်။ သူတို့တွေက တကယ်ပဲ ဟန်တုန်းတက္ကသိုလ်က ပါရမီရှင်လေးတွေဖြစ်ကြသည်။ လူတောမတိုးဘဲ အထီးကျန်စိတ်ဝေဒနာ အရိပ်အယောင်များ အားလုံး ပြခဲ့ကြသော်လည်း အရာအားလုံးကို ခပ်မြန်မြန်ပဲ လိုက်မှီနိုင်ကြသည်။
အွန်လိုင်းဝတ္ထုများ၏ စည်းမျဥ်းစည်းကမ်းများနဲ့ လမ်းစဥ်များအကြောင်း မာယိချွမ် သူတို့ကို ရှင်းပြပြီးနောက် အားလုံး နားလည်သဘောပေါက်သွားကြသည့်ပုံစံပင်။
သူတို့အားလုံးက ဒီလုပ်ငန်းနဲ့ သင့်တော်သည့်ပုံစံ ပေါက်ကြပါသည်။
အနှစ်ချုပ်အားဖြင့် ကျုံးထျန်တရုတ်နက်ဝေါ့ခ်က ဖြည်းဖြည်းမှန်မှန် တိုးတက်နေသည်။ ဝက်ဘ်ဆိုက်ကို စတင်တည်ထောင်ကတည်းက လူများများစားစား ထိုအကြောင်းကို မတွေးခဲ့ကြပါ။ စာဖတ်သူနဲ့ စာရေးဆရာတွေလည်း လုံလုံလောက်လောက်မရှိပါ။ သို့သော်လည်း အခြေအနေတွေက တိုးတက်မှု အရိပ်အယောင်များ ပြလာခဲ့ပါပြီ။
ဘော့စ်ဖေးက မာယိချွမ်ကို လုပ်ငန်းတိုးတက်စေဖို့အတွက် သိပ်မကြာသေးခင်က ငွေအတော်များများ ပေးခဲ့သေးသည်။ ယခု မာယိချွမ်က ပုံမှန်ထက် ပိုသာလွန်သည့် အွန်လိုင်းစာပေများကို ထုတ်လုပ်နိုင်သည့် စာရေးဆရာများအတွက် လစာကို တိုးမြှင့်ပေးနိုင်ပါပြီ။
မာယိချွမ်က ဘယ်စာအုပ် အလားအလာကောင်းသလဲဆိုတာ ဆုံးဖြတ်နိုင်ပြီး ဝတ္ထုများ၏ ကိန်းဂဏန်း အချက်အလက်များအရ ဖြန့်ဝေခြင်းကိုလည်း ကန့်သတ်နိုင်သည်။ ဒီလိုဆို စာရေးဆရာအသိုင်းအဝိုင်းထဲ ကျုံးထျန်တရုတ်နက်ဝေါ့ခ်၏ ဂုဏ်သတင်း ကြီးကြီးမားမား ပြောင်းလဲသွားနိုင်ပါသည်။
အဆင့်ပိုမြင့်လာသည့်အခါ ဝက်ဘ်ဆိုက်က သေချာပေါက် စကေးပိုကြွယ်သည့် စာရေးဆရာများ၏ အာရုံစိုက်မှုကို ခံလာရပါလိမ့်မည်။
တစ်ခုတည်းသောပြဿနာက စာဖတ်သူနည်းပါးခြင်းပြဿနာကို ဖြေရှင်းဖို့အတွက် ခက်ခဲသည်ဟု မာယိချွမ် ထင်နေခြင်းပင်။
ဘာပဲဖြစ်ဖြစ် စာရေးဆရာတွေရဲ့ လစာကို တိုးပေးလိုက်ခြင်းက ဒီပြဿနာအတွက် ရေရှည်အဆင်ပြေသော ဖြေရှင်းချက်မဟုတ်ပါ။ သိုသော် မာယိချွမ် စိတ်မပူပါ။ သူတို့ စာရေးဆရာများ၏ ဝင်ငွေကို အချိန်တစ်ခုအထိ တိုးမြှင့်ပေးထားပါက ဝက်ဘ်ဆိုက်ပေါ်ရှိ စာရေးဆရာကောင်းများ၏ အရေအတွက်လည်း တိုးလာနိုင်သည်။ တစ်နေ့နေ့ကျရင်တော့ သူတို့ ရေပန်းစားမည့် ဝတ္ထုတစ်ပုဒ်ပုဒ်ကို ဖန်တီးနိုင်ကြပါလိမ့်မည်။
တစ်နေ့နေ့ကျရင်တော့ စာဖတ်သူအရေအတွက်လည်း တိုးလာမှာပါ ဟုတ်တယ်မလား။
မာယိချွမ် ပလက်ဖောင်းထဲဝင်ကာ ဝတ္ထုများ၏ ကိန်းဂဏန်းအချက်အလက်များကို ကြည့်လိုက်သည်။
သူ့လက်ထဲမှာ ငွေပမာဏများစွာကို ကိုင်ဆောင်ထားရသဖြင့် ဘယ်စာရေးဆရာကို ငွေပေးရမလဲဆိုတာ အလွန်ဂရုတစိုက်နဲ့ ရွေးချယ်ရမည်။
အဘယ့်ကြောင့်ဆိုသော် ဒီလုပ်ရပ်က အလုံးစုံ ပျောက်ကွယ်နေမှာ မဟုတ်ပါ။ သူ့ဆုံးဖြတ်ချက်ကြောင့် ပဋိပက္ခတွေ ဖြစ်လာနိုင်သည်။ အရွေးမခံရသည့် စာရေးဆရာတွေသာ မနာလိုဖြစ်လာကြလျှင် ကျုံးထျန် တရုတ်နက်ဝေါ့ခ်ကို အွန်လိုင်းပေါ်မှာ ဝေဖန်ပြီး ဂုဏ်သတင်းကို ထာဝရ ပျက်စီးသွားအောင် လုပ်နိုင်ပါသည်။
ထို့ကြောင့် တတ်နိုင်သမျှ တရားမျှတမှုရှိအောင် ဆောင်ရွက်ရပါမည်။
အမှန်ပင်။ မာယိချွမ် အွန်လိုင်းပေါ်က ဝတ္ထုတိုင်းကိုတော့ လိုက်ဖတ်လို့ မနိုင်ပါ။ အပင်ပန်းလွန်းပြီး သေသွားနိုင်သည်။ နံပါတ်တွေပေါ်မှာပဲ အဓိက ကိုးကားပြီး သူ့ကိုယ်ပိုင် အကဲခတ်မှုတို့နဲ့ ပေါင်းကာ စာရေးဆရာများကို လစဥ် ဘယ်လောက်ပိုပေးသင့်သလဲ ဆုံးဖြတ်မည်ဖြစ်သည်။
ပထမဆုံး ပလက်ဖောင်းပေါ်က ကိန််းဂဏန်များကိုကြည့်လျက် သူ့ရွေးချယ်ခွင့်များကို ကျဥ်းမြောင်းသွားအောင် လုပ်ရမည်။ သိမ်းဆည်းထားသည့် အရေအတွက်နဲ့ ထောက်ခံချက် မဲပေးခံထားရသည့် အရေအတွက်တို့ကို ကြည့်လိုက်မည်။ ထို့နောက် အစပိုင်းနဲ့ အလယ်ပိုင်းရှိ အပိုင်းများကို မာယိချွမ့် လေ့လာကြည့်လိုက်မည်။ ထို့နောက် ကောမန့်အရေအတွက်ကို နှိိုင်းယှဥ်ကြည့်လိုက်ပြီး နံပါတ်တွေ ကျဆင်းသွားသလားဆိုတာ အကဲခတ်ကြည့်မည်။ Review သမားအတုတွေရဲ့ အရိပ်အယောင်ကိုလည်း သတိထားရပါမည်။
ဒီလိုဆို ဝတ္ထုတိုင်း၏ ရေပန်းစားမှုကို အကြမ်းဖျင်း ဆုံးဖြတ်နိုင်၏။
စာအုပ်တစ်အုပ်က ဇာတ်လမ်းအလယ်ပိုင်းလောက်မှာ စတင်ယိုယွင်းလာပြီဆိုရင်တောင် ကိန်းဂဏန်းများက ပြသလိမ့်မည်။ မာယိချွမ်က ဝင်ငွေ တိုးမြှင့်မှုများကို လိုက်လျောညီထွေးဖြစ်အောင် ညှိယူနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် ပိုက်ဆံတွေက ဘော့စ်ဖေးအပိုင်ဖြစ်၏။ မာယိချွမ်က သူ့အတွက် တာဝန်ကျေပွန်အောင် လုပ်ရမည်။ ငွေကို ရည်ရွယ်ချက်ရှိရှိသာ သုံးရမည်ဖြစ်ပြီး လက်လွတ်စပါယ် သုံးလို့ မဖြစ်ပါ။
ပလက်ဖောင်းပေါ်က ကိန်းဂဏန်းအမြင့်ဆုံးရှိသည့် ဝတ္ထုများကို ရှာဖွေကြည့်လိုက်သည်။
ရုတ်တရက်ကြီး သူ တုန်လှုပ်သွားရ၏။
ဒီစာအုပ်တွေရဲ့ ကိန်းဂဏန်းတွေ ဘာလို့ ဒီလောက်အတက်မြန်နေတာလဲ။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ တရားဝင်ဝတ္ထုက အများဆုံး တက်နေတာ ဖြစ်သည်။ ဂဏန်းတွေက တိုးတက်နေရုံတင်မဟုတ်ဘဲ ကြောက်ဖို့ကောင်းလောက်အောင် ပေါက်နေခြင်း ဖြစ်သည်။
မာယိချွမ်က ဝက်ဘ်ဆိုက်ပေါ်ရှိ စာရင်းသွင်းထားသည့် အကောင့် အရေအတွက်ကို ကြည့်လိုက်ရာ ထိုအရေအတွက်တောင် လျှင်မြန်စွာ တက်နေတာကို မြင်လိုက်ရပါသည်။ အံ့အားသင့်သွားသလို နက်နက်ရှိုင်းရှိုင်း ဇဝေဇဝါလည်း ဖြစ်သွားရသည်။
ဘာတွေဖြစ်နေတာလဲ။ ဒီအသုံးပြုသူအသစ်တွေက ဘယ်က ရောက်လာကြတာလဲ။
ဘော့စ်ဖေးက တစ်နေရာရာမှာ ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကို ကြော်ငြာလိုက်တာများလား။ ဒါပေမယ့် ဘော့စ်ဖေး ငါ့ကို ဘာမှ ပြောမထားဘူးလေ။