← Chapters

အပိုင်စီးခြင်း

Vol. 40 Ch. 600

အပိုင်စီးခြင်း

Vol. 40 Ch. 600

ရွှီချင်း စိုးရိမ်နေသည်။

ဝိညာဉ်တော်ဖြင့် စစ်ဆေးခံရပြီးနောက် လေးရက်ကြာနှင့်ပြီ ဖြစ်သည်။

ထိုလေးရက်အတွင်း၌ သူတို့စုဆောင်းရရှိသော တာအိုသစ်သီးများမှာ တစ်ထောင်ကျော်လာပြီဖြစ်ကာ ခေါင်းဆောင်သည်လည်း ကောင်းချီးပေးမည့်ကိစ္စအား သတင်းလွှင့်ထားပြီး သန့်စင်ရေလှိုင်းမျိုးနွယ်အများအပြားအား စိတ်ဝင်စားမှု မြင့်တက်စေသည်။

ခေါင်းဆောင်၏စီမံမှုအောက်တွင် သူတို့သည် ရှားပါးရတနာအများအပြားကို ရရှိခဲ့ကြ၏။

သို့သော်လည်း သူတို့၏အစစ်အမှန်ပစ်မှတ်ဖြစ်သော အင်မော်တယ်အူခွေသစ်ပင်များမှာ အလုံးစုံရင့်မာခြင်း မရှိသေးပေ။

အချိန်များ ကြာလေလေ ရွှီချင်း စိတ်မသက်မသာ ဖြစ်လေပင်။ ထိုသို့ စိတ်လေးလံမှုသည် ဒေသငယ်မြို့တော်၌ ကြုံတွေ့ခံစားခဲ့ရသည်နှင့် ဆင်တူလွန်းလှသည်။ ၎င်းသည် ကောင်းကင်တာအိုမိုဆာဆောထံမှ လာခြင်း ဖြစ်သည်။ ထို့အပြင် မူယဲ့သည်လည်း အချိန်အတော်ကြာအောင် ပျောက်ဆုံးနေခဲ့သည်။

မူယဲ့သည် အလွန့်အလွန်ဝေးကွာသောအရပ်၌ ရှိနေကြောင်း ရေးရေးမျှ ခံစားမိသည်။

“သူ့ကို သန့်စင်ရေလှိုင်းပြည်ထောင်သို့ ပို့ဆောင်ခံရတာ ဖြစ်မယ်။”

ရွှီချင်း ငြိမ်ကျသွားကာ သူ ရထားသော တာအိုသစ်သီးများအား စစ်ဆေးကြည့်လိုက်သည်။ သူ၏စစ်ရေးအကျိုးပြုမှတ်များအား တွက်ချက်ပြီးနောက် ထွက်သွားလိုသောစိတ်ဆန္ဒမှာလည်း ပိုမိုပြင်းထန်လာသည်။

သို့သော်လည်း ခေါင်းဆောင်ကား ထွက်သွားရန် ဆန္ဒမရှိပေ။

“ချင်းလေး… ငါတို့ နောက်တစ်ရက် ထပ်နေရအောင်”

“မနက်ဖြန် ငါတို့ ကောင်းချီးပေးရမယ့် ဂွင်ကြီးကြီးတွေ့ထားတယ်။ ပြီးတော့ သူတို့ထဲက တစ်ယောက်ပြောတာ ကြားထားတယ်။ သူတို့က အင်မော်တယ်အူခွေသစ်ပင်တွေဆီက လှုပ်ရှားမှုတွေကို ခံစားမိတယ်တဲ့။ ဆိုလိုတာက သစ်ပင်တွေ ကြီးရင့်တော့မယ်။”

“ငါတို့ နည်းနည်းစောင့်ရအောင်။ ဘယ်လိုပြောပြော ဒါက အရမ်းရှားပါးတဲ့ အခွင့်အလမ်းပဲ။ ငါတို့ အင်မော်တယ်အူခွေနယ်မြေရဲ့အတွင်းပိုင်းအထိ ဝင်နိုင်ရင် ဒါက ပြီးပြည့်စုံတဲ့အဆုံးသတ်ပဲ။ ငါက ဒီလိုနေ့ရက်ကို အချိန်အကြာကြီး စောင့်ခဲ့ရတာ။”

ခေါင်းဆောင်၏မျက်လုံးများသည် အလိုလောဘများဖြင့် စူးရှနေသည်။ သူက နှာခမ်းကို သပ်ကာ အလျင်အမြန် အသံပို့လွှတ်လိုက်၏။

“ငါတို့က အပြင်စည်းဘက်က တာအိုသစ်သီးတွေကို စားလို့ မရဘူး။ ဒါပေမဲ့ ငါ့ရဲ့ စူးစမ်းလေ့လာမှုတွေအရ အင်မော်တယ်အူခွေနယ်မြေအတွင်းစည်းဘက်က သစ်သီးတွေဟာ စားသုံးလို့ရပြီးတော့ တစ်ကိုက်စီတိုင်းဟာ ဝိညာဉ်စွမ်းအင်တစ်လုံးတစ်ခဲကြီးတွေပဲ။”

“မင်းလည်း ကျင့်ကြံခြင်းကို တိုးတက်ချင်တယ်မလား။ ဒီတစ်ခေါက် သေချာပေါက် တိုးတက်စေရမယ်လို့ အာမခံတယ်။”

“အရေးအကြီးဆုံးကတော့… ချင်းလေး… စီနီယာအစ်ကိုကြီးက မင်းကို အနှိုင်းမဲ့တဲ့ အခွင့်အလမ်းကြီးတစ်ခု ပေးတော့မှာ။ ငါ အဲဒါကို အခုပြောလို့ မရသေးဘူး။ ဒီကိစ္စဟာ နက်နဲတယ်။ ကိုယ်တိုင်တွေ့ကြုံမှပဲ နားလည်နိုင်တဲ့ဟာမျိုး။ ငါ့ကို ယုံစမ်းပါ။”

“ထွက်သွားမယ့်နည်းလမ်းကတော့… ငါက ဖုန်းဟိုင်ဒေသငယ်သို့ တိုက်ရိုက်တည်နေရာပြောင်းနိုင်တဲ့ အစွမ်းထက်ရတနာတစ်ခုကို ပြင်ဆင်ထားတယ်။ ပြီးတော့ ဒီလိုရတနာကို သုံးစွဲတဲ့ကုန်ကျစရိတ်ဟာ အရမ်းများလွန်းတယ်။ ဒါကြောင့် ငါက အင်မော်တယ်အူခွေပင်မခန္ဓာကိုယ်ကို သုံးဖို့လိုတယ်။”

ရွှီချင်း အတန်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းဆောင်အား တစ်ချက်ကြည့်သည်။ အတိတ်က အကြောင်းအရာများအားလုံးကို ပြန်တွေးလိုက်ပြီးနောက် သူက အံကြိတ်လိုက်ကာ နောက်တစ်ရက်စောင့်ရန် သဘောတူလိုက်သည်။

ထိုနည်းဖြင့် လေးရက်မြောက်ညသို့ ရောက်လာခဲ့သည်။

ညအလယ်အချိန်အခါ၌ ရွှီချင်းသည် ကောင်းကင်နက်ရုပ်တုကို လေ့လာစူးစမ်းနေစဉ် သူ့အာရုံသည် ရုတ်တရက် လှုပ်ခတ်သွားပြီး သူ့သိစိတ်ပင်လယ်သည်လည်း လှိုင်းထန်သွား၏။

ဝေဝါးသောအာရုံထဲ၌ ဧရာမမီးလုံးကြီးတစ်ခုသည် အင်မော်တယ်အူခွေသစ်ပင်များဆီမှ ပေါက်ကွဲထွက်လာ၏။ မီးတောက်များသည် ပြင်းထန်စွာ လောင်မြိုက်နေပြီး ပတ်ဝန်းကျင်သို့ အပူလှိုင်းများ ရိုက်ခတ်နေသည်။

သို့သော်လည်း သူက မျက်လုံးကို ဖွင့်လိုက်သောအခါ အရာခပ်သိမ်း ပျောက်ကွယ်သွားခဲ့သည်။

ရွှီချင်း၏မျက်လုံးများထဲ၌ ထူးဆန်းသောအလင်းများ ဖြစ်ပေါ်လာသည်။

“ဒါက မူယဲ့နဲ့ ခေါင်းဆောင်တို့ပြောတဲ့ အင်မော်တယ်အူခွေသစ်ပင်တွေရဲ့ ထူးဆန်းတဲ့လှုပ်ခတ်မှုတွေလား။”

ရွှီချင်း တီးတိုးရေရွက်ကာ အဝေးမှ အမှောင်ထုအား ကြည့်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်ပြန်သည်။

အတန်ကြာလျှင် မီးလုံးသည် တဖန်ပြန်လည်ဖွဲ့စည်းဖြစ်ပေါ်လာသည်ကို သူ အာရုံခံမိသည်။ ၎င်းသည် ဆက်လက်၍ လောင်ကျွမ်းလျှင် ရွှီချင်းသည် အဖြူရောင်ပုံရိပ်တစ်ခု ကောင်းကင်ထက်တွင် ကခုန်နေသည်အား မြင်လာရ၏။

အဖြူရောင်ပုံရိပ်သဏ္ဍာန်သည် တစ်ယောက်တည်းမဟုတ်ပေ။ မရေမတွက်နိုင်သော ပုံရိပ်သဏ္ဍာန်များသည်လည်း သူ့ဘေးတွင် ပေါ်လာကာ သူနှင့်အတူ ကခုန်ကြ၏။

ထိုပုံရိပ်များသည် ထူးဆန်းသောဟန်ပင်များဖြင့် ကခုန်နေကြ၏။ ၎င်းသည် ကောင်းကင်ဘုံအား ပူဇော်သည့်ထုံးတမ်းဓလေ့အလား ထင်မှတ်ရသည်။

သူတို့ ကခုန်သည်တွင် မီးတောက်များ ပိုမိုပြင်းထန်လာပြီး ဇောအဟုန်များလည်း ပိုမိုအားကောင်းလာကြ၏။

မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိသော စည်သံများလည်း ရှိနေပြီး ၎င်းတို့သည် ရွှီချင်း၏စိတ်အသိအား ရိုက်ခတ်နေကြကာ သူ၏နှလုံးခုန်သံနှင့် အစားထိုးလိုနေကြ၏။

ရွှီချင်း တစ်ခါမှ မကြားဖူးသော ရှေးဟောင်းဂါထာရွက်သံများကိုလည်း ကြားရသည်။

တဖြည်းဖြည်းဖြင့် ကောင်းကင်တွင် ဧရာမဟင်းလင်းပြင်အပေါက်တစ်ခု ပွင့်ဟလာ၏။ ထိုအပေါက်မှနေ၍ နှိုင်းဆမရနိုင်သော တည်ရှိမှုတစ်ခုသည် တစ်စုံတစ်ခုအား စောင့်စားနေသည့်အလား ကြည့်နေသည်။

အတိအကျတွက်ဆမရသော အချိန်တစ်ခုကြာပြီးနောက် အလယ်တွင် ကခုန်နေသောပုံရိပ်ထံမှ စိတ်လှုပ်ရှားသောအသံတစ်ခု ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်ကာ သူ၏ဝမ်းဗိုက်အား တစ်စုံတစ်ခုနှင့် ထိုးခွဲလိုက်၏။ အူခွေများ အပွတ်လိုက် အပြင်သို့ ထိုးထွက်လာကြကာ ၎င်းတို့သည် မြွေများအလား ကောင်းကင်သို့ တွန့်လိမ်လျှက် ထိုးတက်သွားကြသည်။

သူတို့သည် စည်သံများနှင့် ဆက်လက်၍ ကခုန်သည်တွင် အူခွေများသည်လည်း အဆက်မပြတ် တွန့်လိမ်နေကြ၏။

ထို့နောက်တွင် ဘေးနားမှ တခြားသူများသည်လည်း သူတို့၏ဝမ်းဗိုက်ကို ခွဲထုတ်ကာ အူများအား အပြင်သို့ ထိုးထွက်လာစေသည်။ အဝေးမှ ကြည့်ပါက မရေမတွက်နိုင်သော အူခွေများ လေထဲတွင် တွန့်လိမ်လှုပ်ရှားနေကြသည်ကို မြင်နိုင်၏။

တစ်ချိန်တည်းမှာပင် ရွှီချင်းသည်လည်း ထိုလူများနှင့်အတူ သူ၏အူကို ဖွင့်ထုတ်ကာ ကခုန်လိုစိတ်များ အတော်မသတ် ဖြစ်ပေါ်လာ၏။

သို့သော်လည်း ရွှီချင်း၏တတိယနတ်နန်းတော်နှင့် စတုတ္ထနတ်နန်းတော်တို့ တုန်ခါသွားကာ တားမြစ်အဆိပ်ဆေးလုံးနှင့် ခရမ်းရောင်လ၏စွမ်းအားတို့ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်သွားကာ သူ့စိတ်အား တုန်ခါသွားစေသည်။ သူ၏အူကို ဖွင့်ထုတ်ပစ်လိုသော စိတ်ဆန္ဒများလည်း များစွာ အားနည်းဖျော့တော့သွား၏။

အင်မော်တယ်အူခွေသစ်ပင်များရှိရာအရပ်မှ ရွှီချင်းသည် မီးတောက်လှိုင်းများနှင့် သွေးညှီနံ့များ အဆက်မပြတ် ရိုက်ခတ်လာသည်ကို ရွှီချင်း ခံစားမိ၏။ သူ့ခန္ဓာကိုယ်သည်လည်း ရုတ်တရက် တုန်ခါသွားကာ ပုံရိပ်ယောင်များထဲမှ နိုးထလာခဲ့သည်။

ကောင်းကင်အပြင်ဘက်သည်လည်း လင်းလက်လာ၏။

အလင်းအရင်းအမြစ်သည် လူသားပုံစံမီးအိမ်များဖြစ်ကြသည်။ အပြင်ဘက်ကောင်းကင်သည် လင်းထိန်သွားလျှင် ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း လင်းထိန်လာသည်။

ပထမဆုံးသိသာသည့်အချက်ကား အသားလောင်ကျွမ်းသောရနံ့ဖြစ်ပြီး စူးရှကာ ဆိုးရွားသော အငွေ့အသက်အား သယ်ဆောင်ထားသည်။ သို့သော်လည်း ၎င်းကို တဖြည်းဖြည်းရှုမိသည်တွင် ပုံမှန်မဟုတ်သော မွေးရနံ့အဖြစ် အသွင်ပြောင်းသွားကာ အာရုံနှင့်စိတ်နယ်ပယ်ထံသို့ ကျူးကျော်ဝင်ရောက်လာကြ၏။

ရွှီချင်း၏ဆဌမနတ်နန်းတော်သည် နယ်မြေဂကို မျိုးတုံးသတ်ဖြတ်ခြင်းကြောင့် တစ်ဝက်တစ်ပျက် ပြီးမြောက်နေပြီ ဖြစ်သည်။ ယခု ထိုရနံ့ကြောင့် ၎င်းသည် အမှန်တကယ် တုန်ခါသွား၏။ ၎င်းသည် လှုံ့ဆော်ခံရသည့်အလား ပို၍ ထင်ရှားပြတ်သားလာခဲ့သည်။

ရွှီချင်း မျက်တောင်ပင့်လိုက်သည်။

ထိုအခိုက်တွင် ခေါင်းဆောင်သည်လည်း တစ်စုံတစ်ခုကို ခံစားမိကာ ဘေးခန်းမှ ထွက်လာသည်။ သူ့မျက်လုံးများတွင် အလိုလောဘ၏အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေ၏။ သူ့အသက်ရှုနှုန်းသည် မြန်ဆန်နေကော အင်မော်တယ်အူ‌ခွေသစ်ပင်များရှိရာသို့ လှမ်းကြည့်နေသည်။

“အင်မော်တယ်အူခွေသစ်ပင်တွေ ရင့်သန်လာပြီ။”

ခေါင်းဆောင်၏အသံထွက်ပေါ်လာသည်နှင့်အတူ အင်မော်တယ်အူခွေသစ်ပင်များထံမှလည်း ဆူညံပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ အသံမှာ ဆယ့်နှစ်သံဖြစ်ကာ တစ်ကြိမ်စီသည် နောက်ဆုံးတစ်ကြိမ်ထက် ပို၍ ပြင်းထန်ကျယ်လောင်၏။

ချက်ချင်းပင် ထိုအသံများကြားထဲ၌ ရွှီချင်းသည် ဧရာမသစ်ပင်အမိုးကိုင်းများသည် တဖြည်းဖြည်း ကျုံ့ဝင်လာကာ နှစ်တစ်ရာအတွင်း၌ ပျောက်ကွယ်နေသော နေရောင်များ မြေပြင်သို့ စတင်သက်ဆင်းလာသည်ကို မြင်ရသည်။

အသေအချာကြည့်ပါက သစ်ကိုင်းများသည် ကျုံ့ဝင်သွားခြင်းမဟုတ်ဘဲ အချင်းချင်းနွယ်ယှက်နေရာမှ ကွဲကွာသွားခြင်းဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

ထိုဖြစ်စဉ်သည် တစ်နာရီခန့် ကြာမြင့်၏။ အပြင်လောကသည် လုံးဝလင်းကျင်းသွားကာ နေရောင်များ ဖြန်းပက်သွားသည်တွင် သစ်ပင်အမိုးအုပ်ကြီးသည်လည်း ပျောက်ကွယ်သွား၏။

ဧရာမသစ်ပင်ကြီးဆယ်ပင်သည် အချင်းချင်း ထိတွေ့ချင်းမရှိတော့ဘဲ မြွေများအလား တကွဲတပြားအရပ်များထံသို့ မိုးမျှော်ဦးတည်နေကြ၏။

ထိုသစ်ပင်ပင်စည်များသည် ကောင်းကင်နှင့်မြေပြင်အကြား၌ အူခွေများအလား လှုပ်ယိမ်းနေကြသည်။

မရေမတွက်နိုင်သော သစ်သီးများ အဆက်မပြတ် ဖြစ်ပေါ်လာကာ ထိုသစ်သီးများမှ မျက်လုံးများ ပွင့်ဟလာပြီး မြေပြင်သို့ ကြည့်နေကြ၏။

ရွှီချင်းလည်း အဝေးတွင် ရင့်သန်ဖူးပွင့်လာပြီဖြစ်သော အင်မော်တယ်အူခွေသစ်ပင်များကို ကြည့်ကာ ထရပ်သည်။ သူက ခေါင်းဆောင်နှင့် အကြည့်ဖလှယ်ကာ ခန်းမအပြင်သို့ အပြေးထွက်လိုက်ကြ၏။

ချင်းချိုးနှင့် နင်ယန်သည်လည်း အင်မော်တယ်အူခွေသစ်ပင်များထံမှ ရုတ်တရက်အပြောင်းအလဲများကို မြင်ကာ အံ့အားသင့်သွားကြသည်။ သို့သော်လည်း သူတို့က မည်သို့မျှ မစူးစမ်းရသေးမီ ရွှီချင်းက သူတို့အား နောက်မှ လိုက်လာရန် အချက်ပြလိုက်ရာ မည်သို့မှ မတတ်သာဘဲ ရွှီချင်းတို့နောက်သို့ လိုက်ပါသွားရတော့သည်။

သူတို့အုပ်စုသည် အချိန်ဖြုန်းမနေဘဲ အင်မော်တယ်အူခွေသစ်ပင်များထံသို့ ဦးတည်သွားလိုက်ကြသည်။ သို့သော်လည်း သူတို့ ထွဋ်ခေါင်နိုင်ငံအပြင်သို့ ထွက်လိုက်သည်နှင့် တည်နေရာပြောင်းအစီအရင်သည် ရုတ်တရက် တုန်ခါလာကာ အလင်းရောင်များ ထုတ်လွှတ်၏။ ချက်ချင်းပင် တည်နေရာပြောင်းအစီအရင်မှ ဝတ်ရုံနက်အစောင့်အရှောက် အများအပြား ထွက်ပေါ်လာကြသည်။

ဝတ်ရုံနက်အစောင့်အရှောက်များကို ဦးဆောင်လာသူကား သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်သည်။ သူသည် ဝိညာဉ်သိုက်အဆင့်တွင်ရှိကာ ရွှီချင်းတို့ထံသို့ အပြေးလှမ်းလာနေသည်။

သူ့နောက်က ဝတ်ရုံနက်အစောင့်အရှောက်များသည်လည်း တစ်ညီတစ်ညာလှုပ်ရှားကြ၏။ သူတို့၏အမူအရာများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်နေကြသည်။

သူတို့မှာ စုစုပေါင်း ၃၀၀ ခန့်ရှိကြကာ အားအနည်းဆုံးသည် နတ်နန်းတော်လေးခုတိုက်ခိုက်စွမ်းရည်ရှိကြ၏။ သူတို့ထဲတွင် နန်းတော်ရှစ်ခုစွမ်းရည်ရှိသူ ၄၀ ခန့်ရှိကာ ဝိညာဉ်သူငယ်အဆင့် ဆယ်ယောက်ခန့် ပါဝင်၏။

ဝတ်ရုံနက်အစောင့်အရှောက်များ ရုတ်တရက်ပေါ်လာခြင်းက ခေါင်းဆောင်နှင့် ရွှီချင်းတို့အား စိတ်များ လေးလံစေသည်။ ချင်းချိုးနှင့် နင်ယန်တို့လည်း ဝတ်ရုံနက်အစောင့်အရှောက်များ ရုတ်တရက်ရောက်လာခြင်းကြောင့် ထိတ်လန့်သွားကြ၏။

ဓားကိုင်များသည် သူတို့၏ဝတ်စုံနှင့် အငွေ့အသက်များကို လွန်စွာ ရင်းနှီးကြသည်။ သူတို့သည် လူသားမျိုးနွယ် ဓားကိုင်များ၏ မဟာရန်သူတော်များလည်း ဖြစ်ကြ၏။

သို့သော်လည်း သူတို့၏ဖွဲ့စည်းပုံအရ အပြင်းအထန်ဝင်စီးခြင်းမျိုး မဟုတ်ပေ။

ခေါင်းဆောင်သည် ထိုဝိညာဉ်သိုက်ကျင့်ကြံသူအား မမြင်ဖူးသော်လည်း ရွှီချင်းကား တစ်ကြိမ်မက မြင်ဖူး၏။

ပထမဆုံးအကြိမ် သူမြင်ဖူးသည်ကား ခုန်ရှန်းလုံက ဝိညာဉ်သူငယ်တစ်ဝက်ကျင့်ကြံသူအား နယ်စပ်စည်း၌ သတ်ဖြတ်ခဲ့စဉ်က ဖြစ်သည်။ တစ်ဘက်လူသည် နယ်စပ်စည်းတွင် ဒေါသတကြီး ပေါ်ထွက်လာဖူးသည်။

ဒုတိယတစ်ကြိမ်ကား ဓားကိုင်ရုံးတော်၌ ဖြစ်သည်။ ထိုလူသည် ယောင်မိသားစုနှင့်အတူ ရွှီချင်းတို့အား မေးခွန်းလာထုတ်စဉ်က ဖြစ်သည်။

ယခုကား တတိယအကြိမ် ဖြစ်သည်။

‘သူပဲ…’

ရွှီချင်း၏စိတ်ထဲ၌ သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။ သတ်လတ်ပိုင်းလူသည်ကား ဝတ်ရုံနက်အစောင့်အရှောက်များနှင့်အတူ မြန်ဆန်စွာ ရောက်လာ၏။

အနီးသို့ ရောက်လာသည်တွင် ထိုလူ၏ပုံစံက ပို၍ ရှင်းလင်းပြတ်သားလာခဲ့ကာ အချင်းချင်း မျက်လုံးများ ဆုံမိကြ၏။

ရွှီချင်း၏အကြည့်က ထိုသူနှင့်အတူ တခြားလူများထံသို့ ဖြတ်သန်းသွားရင်း ရုတ်တရက် တစ်စုံတစ်ယောက်အား စူးစိုက်ကြည့်လိုက်သည်။

ထိုသူကား လူငယ်တစ်ဦး ဖြစ်သည်။ သူသည် ချောမောခန့်ညားကာ ဆန်းပြားသော အရောင်အဝါအား ပိုင်ဆိုင်၏။ သူ၏ကျင့်ကြံဆင့်သည်လည်း မြင့်မားကာ ဝိညာဉ်သူငယ်မဟုတ်သေးသော်လည်း နတ်နန်းတော်ကိုးခုတိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သူ၏တာအိုဝတ်စုံတွင် သစ်ရွက်နှစ်ရွက်ပုံရှိရာ အမြုတေကျင့်ကြံဆင့်များထက် သာလွန်ကာ ဝိညာဉ်သူငယ်များနှင့် အဆင့်အတူတူဖြစ်သည်။

ရွှီချင်းသည် ထိုလူငယ်၏ခန္ဓာကိုယ်ထဲက သက်စောင့်မီးအိမ်ကို သတိပြုမိခြင်း ဖြစ်သည်။

၎င်းသည် သက်စောင့်နန်းတော်အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ပြီး အပြင်လူများ မမြင်နိုင်သော်လည်း ရွှီချင်းကား ရှင်းလင်းစွာ မြင်ရသည်။ ၎င်းသည် အပြာရောင်ကျောက်တုံးသက်စောင့်မီးအိမ်ဖြစ်သည်။

ရွှီချင်း၏အကြည့်က လူငယ်အား ဖြတ်သန်းသွားသည်တွင် သတ်လတ်ပိုင်းလူကြီးက ရွှီချင်းအား လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်ကာ နက်ရှိုင်းသောလေသံဖြင့် ပြောသည်။

“ကျုပ်နာမည် ကျိုးရှင်းဝူပါ။ ကောင်းကင်လေတိုင်းပြည်က ဝတ်ရုံနက်အစောင့်အရှောက် ဖြစ်ပါတယ်။ ကျုပ်က အရှင့်ကို ပို့ဆောင်ဖို့ ရောက်လာပါတယ်။”

ကျိုးရှင်းဝူ ဦးညွှတ်သည်တွင် ဝတ်ရုံနက်အစောင့်ရှောက်များသည်လည်း လူဖြန့်ထုတ်လိုက်ကာ ရွှီချင်းနှင့် ခေါင်းဆောင်တို့အား ဝန်းရံလိုက်ကြ၏။

ချင်းချိုးနှင့် နင်ယန်တို့ ထိုမြင်ကွင်းကို မြင်လျှင် အသက်ရှုနှုန်းများ မြန်ဆန်လာသည်။

ရွှီချင်း၏အမူအရာကား တည်ငြိမ်နေကာ မည်သည့်စကားမှ ထုတ်ပြောခြင်း မရှိပေ။ ဘေးမှ ခေါင်းဆောင်သည်ကား မေးကို ပင့်ကာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

“မင်းတို့အားလုံး ထွက်သွားကြ။ ငါတို့ ကောင်းကင်လေတိုင်းပြည်ကို သွားမယ် မသွားဘူးဆိုတာ မင်းတို့ ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး။”

ကျိုးရှင်းဝူသည်ကား ခံစားချက်ကင်းမဲ့သော အမူအရာနှင့် ခေါင်းဆောင်အား တစ်ချက်မျှပင် မကြည့်ပါ။ ထိုအစား သူက ရွှီချင်းအား ကြည့်ကာ ပြောသည်။

“ကျုပ်မှာ ပြည်ထောင်အရှင်ရဲ့ အမိန့်တော်ပါတယ်။ ကျုပ်တို့ကို ခက်ခဲအောင် မလုပ်စေချင်ပါဘူး။”

သူ့ရှေ့က နတ်သားတော်သည် အမြင့်ဆုံးသော သွေးမျိုးဆက်အား ပိုင်ဆိုင်ထားနိုင်လောက်သည်ကို သူ သိထားသည်။ ပြည်ထောင်အရှင်၏အမိန့်တော်တွင် ယခုကဲ့သို့ လုပ်ရန် မမှာကြားထားသော်လည်း ဝတ်ရုံနက်အစောင့်အရှောက်များ၏ ခေါင်းဆောင်ဖြစ်သည့်အလျှောက် သူ့တွင်လည်း ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းများ ရှိသည်။

သူက ပြောရင်းဖြင့် လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဝတ်ရုံနက်အစောင့်အရှောက်များသည် မူလက အနည်းငယ်သာ ပိတ်ဆို့ထားသော်လည်း ယခုတွင် လုံးဝပိတ်ဆို့တားဆီးသည့်ပုံစံသို့ ပြောင်းလိုက်ကြ၏။ သို့သော်လည်း မည်သူကမှ ရန်လိုသော အငွေ့အသက်များ ထုတ်မလွှတ်ကြပေ။ သို့သော်လည်း သူတို့က စိတ်ပိုင်းဖြတ်ထားသော အမူအရာများအား ပြသနေကြသည်။

ခေါင်းဆောင်က ထိုမြင်ကွင်းအား မြင်သည်တွင် မျက်မှောင်ကျုံ့လိုက်သည်။ သူက စကားပြောမည်ပြုစဉ် ရွှီချင်းက ရုတ်တရက် မေးလိုက်သည်။

“မင်းနာမည် ဘာလဲ…”

သူက မေးလိုက်သည်နှင့် ကျိုးရှင်းဝူ၏အကြည့်က အနည်းငယ် နက်မှောင်သွားသည်။ တစ်ဘက်လူက အုပ်ချုပ်ရေးမှူး၏သားကို ကြည့်နေခြင်းဖြစ်ကြောင်း သူ သတိပြုမိသည်။

“အရှင်… ကျုပ်နာမည် လင်းယွမ်သုန်းပါ။”

ရွှီချင်း၏စိုက်ကြည့်ခြင်းကို ခံရသည်တွင် အုပ်ချုပ်ရေးမှူး၏သားသည် ရှေ့ကို တစ်လှမ်းတိုးကာ လက်နှစ်ဖက်ကို ဆုပ်၍ လေးစားစွာ ဖြေသည်။ သို့သော်လည်း သူ၏အမူအရာက အေးစက်နေ၏။

ရွှီချင်း ခေါင်းညိတ်ကာ တည်ငြိမ်စွာ ပြောသည်။

“ကျိုးရှင်းဝူ… သူ့သက်စောင့်မီးအိမ်ကို ထုတ်ယူလိုက်။ ငါ လိုချင်တယ်။”

All Chapters