ဆေးပညာ ကျင့်ဝတ်နှင့် သဘောထားကြီးခြင်း
Vol. 37 Ch. 551
ပန်းတိုင် ရှိခြင်းနှင့် မရှိခြင်းတို့ကြား၌ ကြီးမားသော ခြားနားချက် ရှိပေသည်။
ကျွန်းတစ်ကျွန်းသည် ရဲ့လင်းချန်အား ကြီးမားသော အခြေခံတစ်ခု ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။ ကျွန်းကို ဒီဇိုင်း ရေးဆွဲခြင်းက လူတိုင်း၏ အိပ်မက်ပင်။ ထိုသို့သော အိပ်မက်မျိုးကိုနှင့် အလွန် နီးကပ်လာသောအခါ လူတိုင်း ကြိုးစားချင်စိတ် ဖြစ်ပေါ်လာသည်က သဘာဝပင်တည်း။
ဝန်ထမ်းများ အားလုံးတောင်မှ မျှော်လင့်တကြီး ဖြစ်လာသည်။ ထို့အပြင် သူ၏ လှပသော မိန်းကလေး မိတ်ဆွေများလည်း ထိုသို့ ဖြစ်နေကြသည်။ ယင်းက သူတို့၏ ကိုယ်ပိုင်အိမ်ကို ဆောက်နေသည်ဟု ခံစားနေရသည်။
သူတို့သည် ဝင်ကူညီပြီး ကျွန်းသို့ မြန်နိုင်သမျှ မြန်မြန် ပြောင်းချင်နေကြသည်။ ထိုသို့ တွေးမိရုံနှင့်တင် သူတို့ အလွန် စိတ်အား ထက်သန်လာပြီး လိုချင်စိတ်များ ဖြစ်ပေါ်လာသည်။
ရဲ့လင်းချန်သည်လည်း စိတ်အားထက်သန်မှုတို့နှင့် ပြည့်နှက်နေ၏။ ယနေ့ညတွင် အလှကုန်ပစ္စည်းအချို့ကို ဒီဇိုင်းဆွဲပြီး ဝိုင်အလှကုန် ပစ္စည်းဆိုင်နာမည်အောက်မှ ဖြန့်ချိ၍ သူ၏ ကိုယ်ပိုင် ထုတ်ကုန်ကို ကြော်ညာရန် စိတ်ကူးထားသည်။ ယင်းက သူ ယခင်ကတည်းက တွေးထားမိသည့် အကြံပင်။
သူ၏ ဓာတုဗေဒ စွမ်းရည်က အပြည့် ဖြစ်နေသဖြင့် သူ၏ ကိုယ်ပိုင် အလှကုန်ပစ္စည်းများ ဖန်တီးရန် သူ့အတွက် မခက်ခဲပေ။ အများအပြား ထုတ်လုပ်ရန်သာ ကျန်ရှိတော့သည်။
နောက်တစ်နေ့၌ …
မနက်စောစော၌ ကျန်းယွင်ရှီက ဝိုင်အလှကုန် ပစ္စည်းဆိုင်သို့ ထွက်သွားသဖြင့် တုန်းမြောင်မြောင် တစ်ယောက်တည်းသာ ကျန်ခဲ့ပြီး မျက်နှာကျက်အား ပျင်းရိပျင်းတွဲနှင့် ကြည့်နေလေသည်။
ရဲ့လင်းချန်ကို သတိထားမိသောအခါ တုန်းမြောင်မြောင်၏ မျက်လုံးများ ဂနာမငြိမ် ဖြစ်သွားသည်။ သူမက နှုတ်ခမ်းကိုက်လိုက်မိပြီးမှ စကား လှမ်းပြောလိုက်သည်။
“ဒါရိုက်တာရဲ့၊ ကျွန်မတို့ ဘယ်တော့လောက် ဆေးဝါးထုတ်လုပ်ရေးကို စကြမှာလဲ”
ရဲ့လင်းချန်က ကျွန်းဝယ်လိုက်မှန်း သူတို့ သိထားသည်။ သို့သော် မနေ့က သူတို့ ဆွေးနွေးခဲ့ချိန်၌ ၎င်းကို တည်ဆောက်ရန် ငွေကြေး ပမာဏများစွာ လိုအပ်ပေသည်။ သူတို့၌ ပိုက်ဆံရှိလျင်တောင်မှ ဆောက်လုပ်ရေး လုပ်ငန်းစဉ်က အချိန်တိုအတွင်း ပြီးနိုင်သော အရာမဟုတ်ပေ။ သူမ ယခုကဲ့သို့ ဆက်၍ ထိုင်မစောင့်ချင်တော့ပေ။
“အလျင်လိုစရာ မလိုပါဘူး”
“ဪ”
တုန်းမြောင်မြောင် ခပ်တိုးတိုး ပြောလိုက်ပြီး ထိုအတွက် ပျော်ရွှင်ပုံ မရချေ။ သူမက မျက်နှာကျက်ကို ဆက်ကြည့်၍ ရေရွတ်လေသည်။
“ကျွန်မက တခြားလူရဲ့ အမိုးအောက်မှာ နေနေကတည်းက ဘာမှလုပ်စရာ မရှိဘူးလေ”
ရဲ့လင်းချန်သည် သူမ၏ ညည်းတွားပုံကို သတိပြုမိပြီး ရယ်လိုက်မိသည်။
*ဒီကောင်မလေးကတော့ …*
တစ်ခဏမျှ စဉ်းစားပြီးနောက် သူ ပြောလိုက်သည်။
“အခုတလော ဘာမှလုပ်စရာမရှိတော့ မင်း ငါနဲ့အတူ ကုန်ကြမ်းတွေ လိုက်ယူပါလား”
“ကုန်ကြမ်းစုဖို့လား”
တုန်းမြောင်မြောင် အံ့ဩသွားသည်။ ထို့နောက် သူမ၏ မျက်နှာက စိတ်လှုပ်ရှားစွာ ဝင်းပလာပြီး ရုတ်တရက် အားအင်တို့နှင့် ပြည့်နှက်လာသည်။
“ကျွန်မတို့ ဆေးပင်တွေ ရှာမှာလား”
ဆေးဝါး ဖော်စပ်ခြင်း၌ ဆေးပင် စုဆောင်းခြင်းက ပထမဆုံးအဆင့်ပင်။
ရဲ့လင်းချန်က ခေါင်းခါ၍ ပြန်ပြောလိုက်သည်။
“မင်း လိုက်ချင်ရင် လိုက်ခဲ့”
တုန်းမြောင်မြောင် မျက်မှောင်ကြုတ်သွားပြီးမှ မကျေနပ်သံပြု၍ လိုက်လာသည်။
မြို့တော်ဆေးရုံ၌။
ဆရာဝန်တစ်ယောက်က ရှေ့တံခါးဝ၌ စောင့်နေသည်။ ရဲ့လင်းချန်ကို မြင်သောအခါ သူက ဆေးရုံအုပ် ရုံးခန်းသို့ ချက်ချင်း လိုက်ပြပေးသည်။
“ဆရာရဲ့”
ပါမောက္ခကျန်းနှင့် အခြားသူများက သူ့ကို စောင့်ဆိုင်းနေကြသည်။ ရဲ့လင်းချန်ကို မြင်သည်နှင့် သူတို့က စိတ်လှုပ်ရှားစွာ ထရပ်၍ နှုတ်ဆက်ကြလေသည်။
“ပါမောက္ခကျန်း၊ ပါမောက္ခယွီ၊ ပါမောက္ခချန် …”
တုန်းမြောင်မြောင်သည် အနည်းငယ် တွေဝေနေဆဲ ဖြစ်သည်။ ဤနေရာ၌ စုဝေးနေသော လူများကို မြင်သောအခါ သူမ ပါးစပ်အဟောင်းသား ဖြစ်ကာ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိလေသည်။ သူမမျက်လုံး၌ မယုံနိုင်ဟန်တို့ဖြင့် ပြည့်နေ၏။
ဤနေရာမှ လူတိုင်းကို သူမ သိပါသည်။ သူမ သူတို့ကို သိရုံတင်မကဘဲ သူတို့ကိုလည်း လေ့လာခဲ့ဖူးသည်။
အကြောင်းမှာ ဤလူများသည် မြို့တော်မှ ဆရာဝန်များ ဖြစ်ပြီး သူတို့နယ်ပယ်၌ လုပ်ပိုင်ခွင့်ရှိသူများ ဖြစ်သောကြောင့်ပင်။ ဤလူများနှင့် ဆက်ဆံရေး ထူထောင်နိုင်ပါက ဆေးရုံ အခွင့်အာဏာပိုင်များနှင့် အဆက်အသွယ်ကောင်း ရှိလိုက်သည်နှင့် အတူတူပင်။ သူတို့ ထုတ်လုပ်သော ဆေးဝါး၏ ရောင်းအားကို စိုးရိမ်စရာ မလိုတော့ချေ။
သို့သော် သူမသည်သာမက သူမဖခင် အသက်ရှင်နေလျင်တောင်မှ ဤလူများထဲမှ လူတစ်ယောက်နှင့် တွေ့နိုင်ရန် မဖြစ်နိုင်ချေ။
ဤလူများ၏ ရဲ့လင်းချန်အပေါ် ဆက်ဆံပုံကို မြင်သောအခါ သူမဦးနှောက်က အခြေအနေကို နားလည်အောင် မလုပ်နိုင်ဟု ခံစားနေရသည်။ သူမသည် ထောင့်တစ်နေရာ၌ တွေဝေစွာ ရပ်နေသည်။ ရဲ့လင်းချန်က သူမကို နည်းလမ်းပေါင်းစုံနှင့် အံ့ဩစေခဲ့လေသည်။
သူမ သတိဝင်လာသောအခါ သူမမျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာသည်။ ဤအဆက်အသွယ်နှင့်ဆိုလျင် သူတို့၏ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီ၏ ရှင်သန်ရေးက အာမခံနိုင်လေပြီ။
“ဆရာရဲ့၊ မင်း ဒီကို ရောက်လာတာက …”
ပါမောက္ခကျန်း၏ မျက်နှာက နီရဲနေပြီး ရဲ့လင်းချန်အား စိတ်အားထက်သန်စွာ ကြည့်နေသည်။ သူ၏ အသံတောင်မှ အနည်းငယ် တုန်ယင်နေသည်။
အခြားသူများသည်လည်း ပြောမပြတတတ်လောက်အောင် စိတ်လှုပ်ရှားနေ၏။
ရဲ့လင်းချန်က သူတို့ကို ဆက်သွယ်လာချိန်၌ လူနာတစ်ချို့ကို ကုသပေးချင်သည်ဟု အရိပ်အမြွက် ပေးခဲ့သည်။
ယင်းက ဘာကို ဆိုလိုနေသနည်း။ သူတို့ လေ့လာသင်ယူနိုင်ပြီဟု ဆိုလိုနေသည် မဟုတ်ပါလော။ ဆေးပညာ၌ ဘဝကို နှစ်မြှုပ်ထားသည့် သူတို့အတွက် ယင်းက အရေးအကြီးဆုံးပင်။
“အရင်က အခန်းကိုပဲ သုံးကြတာပေါ့၊ ကျွန်တော့်ကို အဝတ်အစားနဲ့ mask ပေးပါ”
ရဲ့လင်းချန်က ပြောလိုက်သည်။ ထို့နောက် သူက ဆက်ပြောလေသည်။
“ရှုပ်ထွေးတဲ့ ရောဂါ ဒါမှမဟုတ် နာတာရှည် ရောဂါတွေ ရှိရင် အဲ့ဒါတွေကို ဦးစားပေးပေးပါ”
*ဒီယုံကြည်ချက်က*
တုန်းမြောင်မြောင် မျက်လုံးပြူးသွားသည်။ ရဲ့လင်းချန်၏ ယုံကြည်ချက်ကြောင့် သူမ မှင်တက်သွားရသည်။
နာမည်ကြီး ဆရာဝန်များက ရဲ့လင်းချန်ကို တပည့်သဖွယ် အရိုအသေပေး၍ သူ့အား ရိုးသားစွာ ကြည့်၍ ရဲ့လင်းချန်က သူတို့ကို ဝင်ကူညီခိုင်းရန် မျှော်လင့်နေသော အကြည့်များကြောင့် သူမ ထိတ်လန့်သွားရပြန်သည်။
*ဆေးကို ထုတ်လုပ်ဖို့ သူ ယုံကြည်ချက်ရှိတာ မဆန်းပါဘူး၊ သူက အစကတည်းက ဆရာဝန်ကောင်းတစ်ယောက် ဖြစ်နေတာကိုး*
တုန်းမြောင်မြောင် နှလုံးခုန်နှုန်း မြန်လာသည်။ သူမအကြည့်များက ထိတ်လန့်ရာမှ ကျေးဇူးတင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ထို့နောက် လေးစားခြင်းသို့ ပြောင်းလဲလာသည်။ သူမ၏ အံ့ဩနေသော မျက်လုံးများက တောက်ပနေ၏။
*ဖေဖေ စောင့်ကြည့်နေပါ၊ အခုချိန်ကစပြီး အဖေ့သမီးက ချွန်းမြောင် ဆေးဝါး ထုတ်လုပ်၊ ဖြန့်ချိရေးကို နာမည် ကျော်အောင် လုပ်ပြမှာပါ*
“ဆရာရဲ့၊ ကုသစရိတ်က …”
ပါမောက္ခကျန်းက ရုတ်တရက် အနေရခက်ဟန်ဖြင့် မေးလာသည်။
သူတို့စိတ်ထဲတွင် ရဲ့လင်းချန်၏ ကုသကြေးက အနည်းဆုံး တစ်သန်းမက ဖြစ်သင့်သည်ဟု ထင်နေကြသည်။ သူ ကုသသည့် လူနာများအားလုံးက ရောဂါကျွမ်းနေသော သူများ ဖြစ်သည်။ ပိုက်ဆံနှင့် အသက်ကို လဲခြင်းအား ဈေးကြီးသည်ဟု စဉ်းစားကြမည်လော။
“ကုသကြေးက …”
ရဲ့လင်းချန် နှာခေါင်းကို ပွတ်နေသည်။
“ခြွင်းချက်မရှိဘူး၊ လူနာကို သူတို့ ပေးချင်သလောက်သာ ပေးခိုင်းလိုက်ပါ”
ပါမောက္ခကျန်းနှင့် အခြားသူများ အံ့ဩသွားပြီးနောက် လေးစားလာကြသည်။
“ဆရာရဲ့က တကယ် သဘောထားကြီးတာပဲ”
*ဒါကမှ တကယ့် ဆေးပညာ ကျင့်ဝတ်ပဲ*
လေပူလက္ခဏာ တုပ်ကွေး ဖြစ်ခွားခဲ့စဉ်ကလည်း ရဲ့လင်းချန်သည် ပိုက်ဆံ ရှာနိုင်သည့် အခွင့်အရေး ရခဲ့သော်လည်း တုံ့ဆိုင်းမနေဘဲ လက်လွှတ်ခဲ့သည်။ ထို့ကြောင့် လူနာများသည် တပြားမှ အပိုမပေးရဘဲ ဆေး၏ ကုန်ကျစရိတ် ကိုသာ ပေးခဲ့ရသည်။
ယခုတခေါက်တွင်လည်း သူသည် သဘောထားကြီးပြီး အသက်များကို ကယ်တင်ရန်သာ အာရုံစိုက်လေသည်။
ရဲ့လင်းချန်နှင့် နှိုင်းယှဉ်လိုက်သောအခါ သူတို့ရင်ထဲ၌ အပြစ်ရှိစိတ်တို့ ဖြစ်ပေါ်လာပြီး ရှက်ရွံ့လာရသည်။
“ရှင် အခုတလော ငွေလိုနေတယ် မဟုတ်ဘူးလား”
တုန်းမြောင်မြောင်က တီးတိုး မေးလိုက်သည်။
“ဒါ ငါ ပိုက်ဆံရှာတဲ့ လမ်းကြောင်း မဟုတ်ဘူး”
ရဲ့လင်းချန်က ပခုံးတွန့်ပြလိုက်သည်။
“ငါက ဒီကို ကုန်ကြမ်းစုဖို့လာတာ၊ ငါ ရနိုင်သမျှ များများ ကူညီမှာ”
“ကုန်ကြမ်းစုတာ ဟုတ်လား”
“ဖျားနာတဲ့အခါကျရင် ငါတို့က ဆေးမှန်ကို သုံးဖို့ အာရုံစိုက်ကြတယ်၊ ငါက ဒီကို လာပြီး လူနာတွေကို ကုသပေးပြီးတော့ ခက်ခဲတဲ့ ရောဂါတွေကို ပိုနားလည်လာအောင် လုပ်တာ၊ ဒီကနေ ငါ သင့်တော်တဲ့ ကုသမှုကို ဖော်ထုတ်နိုင်ပြီးတော့ ထုတ်လုပ်ရေးကို ပို့တာ”
ရဲ့လင်းချန်က စိတ်ရှည်လက်ရှည် ပြန်ပြောပြသည်။
*ဒါက … ဆေးသစ်အတွက် ပြင်ဆင်မှုပဲ*
တုန်းမြောင်မြောင်က ရဲ့လင်းချန်ကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
*ဒီလူက ခဏခဏ ကြွားရတာ ကြိုက်ပင်မယ့် အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်လာရင်တော့ တကယ် ယုံကြည်ရတာပဲ*
*နေပါဦး … သူက ဒီကို ကြွားချင်တဲ့စိတ်နဲ့ ရောဂါကုဖို့ လာတာလား*
“ကျွန်မတို့ နောက်ပိုင်း ဒီဆေးတွေကို ဘယ်လို ဈေးသက်မှတ်မလဲ”
တုန်းမြောင်မြောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
အသက်ကယ်နိုင်သော ဆေးက မည်မျှ ဈေးကြီးပါစေ လူအများက ဝယ်ကြမှာပင်။ ရှေးခေတ်ကတည်းက သူတို့၏ ရောဂါကို ကုသရန် ပိုက်ဆံကို သုံးကြသည့်သူ ဘယ်လောက်များ ရှိနေခဲ့ပြီနည်း။
ရဲ့လင်းချန်၏ အကြည့်များက နက်မှောင်လာသည်။
“ငါတို့ အသက်ကယ်ဆေးရဲ့ ဈေးကို နည်းနိုင်သမျှ နည်းအောင် ထားဖို့ ကြိုးစားမယ်၊ ငါတို့ နည်းနည်းပဲ ရလဲ ကိစ္စမရှိဘူး၊ ရောဂါ ကုသမှုအတွက် ဆေးတွေက ဈေးကွက်ဈေးအတိုင်း သွားမယ်၊ မလိုအပ်တဲ့ ဆေးမျိုးဆို ဈေးကို မြှင့်ထားမယ်”
အားဆေးများအား မလိုအပ်သော ဆေးများထဲမှ တစ်ခုဟု သတ်မှတ်နိုင်ပေမည်။ ဥပမာပေးရလျင် ဗီတာမင်၊ ကာကွယ်ဆေး၊ ကြီးထွားမှုကို နှောင့်နှေးစေသော ဆေးများ စသည်တို့ ဖြစ်သည်။ ၎င်းတို့သည် လူချမ်းသာများ၏ ပန်းတိုင်များ ဖြစ်သည်။
“နားလည်ပြီ”
တုန်းမြောင်မြောင်က ခေါင်းညိတ်ပြီးနောက် ပြုံးလိုက်သည်။
“ကျွန်မ အခုမှ ရှင့်ကို ပိုပြီးတော့ စိတ်ဝင်စားလာပြီလို့ သတိထားမိတော့တယ်”