အရှင့်ရဲ့ သက်စောင့်မီးအိမ်ပါ
Vol. 40 Ch. 602
ရွှီချင်း မျက်လုံးမှေးကျဉ်းလိုက်သည်။
ထွဋ်ခေါင်နိုင်ငံဘုရင်က ဆက်ပြောသည်။
“ အင်မော်တယ်အူခွေသစ်ပင်တွေရဲ့ အတွင်းပိုင်းထဲမှာ လူတွေကိုရူးသွပ်စေတဲ့ စွမ်းအားတစ်မျိုးရှိပါတယ်… စွမ်းအားရဲ့ လွှမ်းမိုးမှုကြောင့် ရူးသွပ်သွားတဲ့ လူတိုင်းက ရန်သူမိတ်ဆွေ မခွဲခြားနိုင်တော့ပါဘူး… သူတို့က အသိဉာဏ်ဆုံးရှုံးသွားသလိုမျိုး သူတို့ကိုယ်သူတို့ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ကလို့ မှတ်ထင်သွားကြပါတယ် ”
.....
“ ဒါပေမဲ့ ပိုပြီးထူးဆန်းတာကတော့ မြို့ ၃၆ခုရဲ့ မှတ်တမ်းတွေထဲမှာ အတွင်းပိုင်းထဲက သေဘေးကနေ လွတ်မြောက်လာကြတဲ့ ဘယ်သူမှ အဆုံးသတ်မကောင်းကြပါဘူး… ဒါ့အပြင် သူတို့ရဲ့ ဝမ်းဗိုက်က ကွဲထွက်ပြီး အူတွေ ပျံထွက်ကျလာတယ်… အဲ့ဒီလို အသေဆိုးနဲ့ သေကြပါတယ် ”
“ တချို့က သူတို့ဝမ်းဗိုက်ကို ကိုယ်တိုင်လှီးဖြတ်ကြတယ်… ဒါပေမဲ့ တချို့ကျတော့ အူတွေက ဝမ်းဗိုက်ထဲကနေ ဖောက်ထွက်လာကြတယ်… ဒါကြောင့် အင်မော်တယ်အူခွေသစ်ပင်တွေရဲ့ အတွင်းပိုင်းထဲမှာ အသက်အူကို နိုးထစေနိုင်တဲ့ စွမ်းအားရှိတယ်လို့ မှတ်တမ်းတွေထဲမှာ ပါပါတယ် ”
“ အပြောင်းအလဲတွေလည်း ရှိပါသေးတယ်… အင်မော်တယ်အူခွေသစ်သီးသီးတဲ့အခါတိုင်း ဖြစ်ပေါ်လာတဲ့ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေက တစ်ခုနှင့်တစ်ခု မတူညီကြပါဘူး… ဒါကြောင့် ပိုပြီး အန္တရာယ်များတာပါ ”
“ ခြုံငုံပြောရရင် ကျုပ်တို့မြို့ ၃၆ခုက အတွင်းပိုင်းထဲကို ခြေမချရဲပါဘူး… အစွန်းပိုင်းမှာရှိတဲ့ တာအိုသစ်သီးလောက်ပဲ စုဆောင်းနိုင်တာပါ… အို ဟုတ်သား… အင်မော်တယ်အူခွေသစ်ပင်တွေနဲ့ပတ်သက်ပြီး ကောလဟာလတစ်ခု ရှိပါသေးတယ် ”
ထွဋ်ခေါင်နိုင်ငံဘုရင်သည် ရွှီချင်းကိုကြည့်ပြီး လေသံတိုးတိုးဖြင့် ပြောသည်။
“ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ကနေ ဆင်းသက်လာသူတွေကြားမှာ ကောလဟာလတစ်ခု ရှိပါတယ်… ဘာလို့ ဒီနေရာက အန္တရာယ်များတာလဲဆိုတော့ အင်မော်တယ်အူခွေသစ်ပင်တွေက သူတို့ကို တခြားလူတွေ လာနှောင့်ယှက်မှာကို တားဆီးဖို့လို့ဆိုပါတယ်… တကယ်လို့ ဒီနေရာကို သင်္ချိုင်းလို့ဆိုရင် အန္တရာယ်တွေက သင်္ချိုင်းဖောက်သူတွေအတွက် ပြင်ဆင်ထားတာလို့ ယူဆနိုင်ပါတယ် ”
“ အတွင်းပိုင်းထဲဝင်ဖို့ လမ်းကြောင်းမှန်ကို မသိဘူးဆိုရင် သေရလိမ့်မယ်… ဒီမှာရှိတဲ့ အန္တရာယ်တွေအားလုံးက ပဟေဠိတွေလိုပါပဲ… လမ်းကြောင်းမှန်ကို ရှာတွေ့မှပဲ အတွင်းထဲကို ဘေးကင်းကင်းနဲ့ ဝင်ရောက်နိုင်ပါမယ် ”
“ ဒါပေမဲ့ ကဒ်ဘေးအင်မော်တယ်ရဲ့ မျိုးဆက်တွေနဲ့ ဒီဒေသရဲ့ ဒေသခံလူမျိုးတွေတောင် လမ်းကြောင်းမှန်ကို မသိကြပါဘူး… ဒါကြောင့် အဲ့ဒါက ကောလဟာလတစ်ခုလို ရှိနေတာပါ ”
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ သူ၏ အကြည့်က ခေါင်းဆောင်ထံ အမှတ်မထင် ဖြတ်ကျော်သွားသည်။ ခေါင်းဆောင် စောစောတုန်းက ပြောခဲ့ဖူးသော သူ့အားပေးမည့် ကမ္ဘာမြေတုန်ဟီးပြီး တုနှိုင်းမဲ့သည့် ကံကောင်းမှုတစ်ခုအကြောင်းကို ပြန်အမှတ်ရသွားသည်။
‘ ဒီနေရာနဲ့ စီနီယာအကိုကြီးရဲ့ ရင်းနှီးမှုအရ အဲ့ဒါကို မြို့တော်က သတင်းအချက်အလက်ကနေပဲ ရလာတာတော့ ဟုတ်မယ်မထင်ဘူး ’
ရွှီချင်းသည် စဉ်းစားနေလျက် ဆက်လျှောက်သွားသည်။
ထိုသို့ဖြင့် အချိန်မှာ ကုန်ဆုံးသွားသည်။ နေ့အချိန်ကုန်လွန်ပြီး ကောင်းကင်သည် မှေးမှိန်လာသည်။ ကွယ်လုဆဲဆဲ နေမင်းသည် ကောင်းကင်ကို လွှမ်းခြုံထားသည်။ ရွှီချင်းနှင့် တခြားလူများသည်လည်း အင်မော်တယ်အူခွေသစ်ပင်များ၏ အပြင်ဘက်အဝန်းမှ အတွင်းပိုင်းနယ်နိမိတ်မျဉ်းဆီသို့ ရောက်ရှိသွားကြသည်။
နယ်နိမိတ်မျဉ်းကို လူများက ပြုလုပ်ထားခြင်းဖြစ်သည်။ ရှည်လျားသော စက်ဝိုင်းမျဉ်းကို အင်မော်တယ်အူခွေသစ်ပင်များအား ဗဟိုထား၍ မြေပြင်ပေါ်တွင် ထူးခြားသောဆေးရောင်ဖြင့် ရေးဆွဲထား၏။
ထိုနေရာအရောက်တွင် လူတိုင်းရပ်တန့်သွားကြသည်။
ယနေ့ ရွှီချင်းရရှိသည့် အကျိုးအမြတ်သည် အတော်လေး များသည်။
ထွဋ်ခေါင်နိုင်ငံဘုရင် လမ်းပြပေးခြင်းနှင့် ဝတ်ရုံနက်အစောင့်ရှောက်များက တာအိုသစ်သီးများ ခူးဆွတ်ပေးခြင်းကြောင့် ယခု ရွှီချင်းသည် တာအိုသစ်သီး သုံးထောင်ကျော်ရရှိထားသည်။
အန္တရာယ်အနေဖြင့် သူတို့ အများအပြား မတွေ့ကြုံခဲ့ရပေ။ ရံဖန်ရံခါ တချို့ထူးခြားဆန်းကြယ်ဖြစ်ရပ်များနှင့် တွေ့ကြုံရသော်လည်း ယင်းတို့အားလုံးကို ဝတ်ရုံနက်အစောင့်အရှောက်များက အလွယ်တကူ ဖြေရှင်းခဲ့သည်။
ထို့အပြင် လင်းယွမ်သုန်းက သူ့အသက်ကိုစတေးပြီး ရွှီချင်းကို ကြိမ်ဖန်များစွာ ကာကွယ်ခဲ့သည်။ ရွှီချင်း ခေါင်းညိတ်ပြီး အသိအမှတ်ပြုတိုင်း သူ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
“ အရှင်နတ်သားတော်… ဒီနေရာမှာ ရပ်ရအောင်… ဒီမျဉ်းက မြို့ ၃၆ခုရဲ့ ဘိုးဘေးတွေ ပြုလုပ်ထားတာပါ… အဲ့ဒါက အလွန်ပဲ အန္တရာယ်များပါတယ် ”
“ အံ့ဖွယ်ကောင်းကင်မိစ္ဆာလဆေးလုံးက ထွဋ်ခေါင်နိုင်ငံဆီ မကြာခင် ရောက်ပါတော့မယ်… တာအိုသစ်သီးအတွက် တခြားမြို့တွေနဲ့ ကျုပ်ဆက်သွယ်ပြီးပါပြီ… လဝက်အတွင်း မြို့အားလုံး သစ်သီးခူးဆွတ်ပြီးတဲ့အခါ အရှင့်ဆီ လာပို့ပါလိမ့်မယ် ”
ရွှီချင်းသည် ခေါင်းဆောင်ကိုကြည့်သည်။ ခဏအကြာမှာ သူက တည်ငြိမ်စွာ ပြောသည်။
“ ကျိုးရှင်းဝူ… ငါ့သက်စောင့်မီးအိမ်က ဘယ်မှာလဲ ”
ဤသည်ကို လင်းယွမ်သုန်းကြားသောအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။ တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ကျိုးရှင်းဝူက လေသံတိုးတိုးဖြင့် ပြောသည်။
“ အရှင်… ဒီနေရာမှာ အသံပို့လွှတ်ဖို့ ကန့်သတ်ထားပါတယ်… ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်တော်မပြောနိုင်ပါဘူး… ဒါပေမဲ့ ကျွန်တော်တို့ပြန်တဲ့အခါ အကျိုးအကြောင်းသိရလိမ့်မယ် ထင်ပါတယ် ”
“ ပြန်သွားပြီး စစ်ဆေး… သက်စောင့်မီးအိမ်ကို ဒီကိုယူလာခဲ့… ငါဒီမှာ စောင့်နေမယ် ”
ရွှီချင်းသည် တည်ငြိမ်စွာ ပြောပြီးသည်နှင့် တင်ပျဉ်ခွေ၍ တရားထိုင်သည်။
ကျိုးရှင်းဝူသည် မျက်မှောင်ကြုတ်လိုက်၏။ တဖက်လူ၏ စကားက ထွဋ်ခေါင်နိုင်ငံသို့ပြန်ရန် သူ့မှာ အစီအစဉ်လုံးဝမရှိဘဲ အင်မော်တယ်အူခွေသစ်ပင်များ၏ အတွင်းပိုင်းဆီသို့ သွားတော့မည်ဟု အရိပ်အမြွက်ကို သူခံစားမိလာသည်။
‘ ဒီနတ်သားတော်က သက်စောင့်မီးအိမ်ကို ဘာလို့ဆန္ဒအရမ်းစောနေတာလဲ ’
ကျိုးရှင်းဝူသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူတိတ်ဆိတ်သွားသည်နှင့် ထွဋ်ခေါင်နိုင်ငံဘုရင်သည် ရုတ်တရက် စကားမပြောခင် ရွှီချင်းကို လေးနက်စွာ လှမ်းကြည့်လိုက်သည်။
“ အရှင်နတ်သားတော်က သက်စောင့်မီးအိမ်တွေမှာပါတဲ့ ခြောက်သွေ့သွေးမျိုးဆက်ကို အသက်သွင်းနိုင်တဲ့ လျှို့ဝှက်အတတ်ပညာတစ်မျိုးမျိုးကို တတ်ထားလို့များလား… အဲ့ဒါက အင်မော်တယ်အူခွေသစ်ပင်တွေရဲ့ ကျိန်စာတချို့ကို ပျက်ပြယ်စေနိုင်တာလား ”
ထွဋ်ခေါင်နိုင်ငံဘုရင် ထိုသို့စကားပြောသည့်အခါ ရွှီချင်း အနည်းငယ် အံ့ဩသွားသည်။ သူ ထွဋ်ခေါင်နိုင်ငံဘုရင်ဆီသို့ လှမ်းကြည့်သည့်အခါ တဖက်လူက ခေါင်းစောင်းလိုက်သဖြင့် သူ၏ အကြည့်နှင့် မတွေ့ဆုံသွားပေ။ ယင်းအစား သူက ကျိုးရှင်းဝူကို လေသံအနိမ့်ဖြင့် ပြောသည်။
“ ဆရာကျိုး… နတ်သားတော် ညွှန်ကြားနေပြီ… မြန်မြန်သွားတော့ ”
ကျိုးရှင်းဝူသည် တစ်ချက်တွေးတောကြည့်ပြီးနောက် သူ၏ နှလုံးသားထဲမှ သံသယများကို ဖိနှိပ်လိုက်သည်။ မည်သို့ဖြစ်စေ ဤကိစ္စက သူနှင့် အများကြီး သက်ဆိုင်မှုမရှိပေ။ သူက သူ့အလုပ်ကိုသာလုပ်ရန် လိုအပ်သည်။ ထို့ကြောင့် သူက ဝတ်ရုံနက်အစောင့်ရှောက်များထဲမှ အရေအတွက်တချို့ကို ချန်ထားခဲ့ပြီးနောက် ကျန်လူများနှင့် ဤနေရာမှ ထွက်သွားကာ ထွဋ်ခေါင်နိုင်ငံသို့ ဦးတည်သွားသည်။
ဤနေရာသည် တိတ်ဆိတ်လျက် ကျန်ရစ်နေခဲ့သည်။ မိုးကောင်းကင် တဖြည်းဖြည်း မည်းမှောင်လာသည့်အခါ တိတ်ဆိတ်စွာ ရပ်နေသော ထွဋ်ခေါင်နိုင်ငံဘုရင်သည် ထွဋ်ခေါင်နိုင်ငံဘက်သို့ ကြည့်နေရင်းမှ မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။
ထိုနေရာသည် ကောင်းကင်လေတိုင်းပြည်၏ ဦးတည်ရာဖြစ်ပြီး လက်ရှိ သူ့သား နေထိုင်ရာနေရာလည်း ဖြစ်၏။ ရှုပ်ထွေးပွေလီသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ပေါ်လာသည်။
ခေါင်းဆောင်သည် ရွှီချင်းကို မျက်တောင်မခတ်ဘဲကြည့်သည်။ ရွှီချင်းသည် သူ၏ စိတ်အာရုံကို ဖြန့်ကျက်ထားပြီး ဖြစ်သည်။ မှေးမှိန်သော အနီရောင်အလင်းသည် ဝိုးတိုးဝါးတား ထွက်ပေါ်လာပြီး ဖိအားတချို့ကို ထုတ်လွှတ်နေ၏။ ယင်းမှာ ကောင်းကင်နက်ရုပ်တုဖြစ်၏။
ရွှီချင်းသည် အင်မော်တယ်အူခွေသစ်ပင်များဆီသို့ ဝင်ရောက်ရန် ဆုံးဖြတ်ပြီးကတည်းက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ အနီရောင်လစွမ်းအားဖြင့် ကောင်းကင်နက်ရုပ်တုကို အလုံးအစုံ မဖြည့်ဆည်းရသေးသော်လည်း ယင်းက သူ၏ အမိန့်များ အသံပို့လွှတ်ခြင်းကို သက်ရောက်မှုမရှိပေ။
အချိန်ကြာလာသည်နှင့်အမျှ ဘေးပတ်ပတ်လည်မှ ဝတ်ရုံနက်အစောင့်အရှောက်များသည် မခံသာတော့ဘဲ မြေပြင်ပေါ် ထိုင်ချပြီး စောင့်ကြသည်။ ထွဋ်ခေါင်နိုင်ငံဘုရင်သည် ရုတ်တရက်လှည့်ပြီး ရွှီချင်းကို ညင်သာစွာ ပြောသည်။
“ အရှင်နတ်သားတော်… ကျုပ်သားရဲ့ ဗီဇပါရမီက ဘယ်လိုပါလဲ ”
“ မူယဲ့က ဉာဏ်ကောင်းသလို သူ့ရဲ့ ဗီဇပါရမီကလည်း သာမန်မဟုတ်ဘူး… သန့်စင်ရေလှိုင်းဆိုတဲ့ သရုပ်က သူ့ရဲ့ အနာဂတ်ကို ကန့်သတ်ထားသလို ဖြစ်နေရုံပါ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
နေမဝင်ခင် နောက်ဆုံးလက်ကျန် အလင်းရောင်က ထွဋ်ခေါင်နိုင်ငံဘုရင်၏ မျက်လုံးအား ထွန်းလင်းစေပြီး သူ့အမူအရာကို ဖုံးလွှမ်းသွားလေရာ အပြင်လူများအနေဖြင့် သူ၏ အကြည့်နှင့် မျက်နှာပေါ်မှ အမူအရာပြောင်းလဲသွားမှုကို မမြင်တွေ့နိုင်ကြပေ။ သူ၏ နှုတ်မှ တီးတိုးရေရွတ်သံကိုသာ ကြားရကြသည်။
“ ကျုပ်က စတုတ္ထတန်းစားစစ်သည်တော်တစ်ဦးပါ… တကယ်လို့ ကျုပ်ရဲ့ နောင်လာနောင်သားတွေထဲမှာ ကောင်းကင်ဘုံဆန့်ကျင်နိုင်တဲ့ ကျင့်ကြံသူတွေမရှိဘူးဆိုရင် တစ်သက်လုံး ဒီအတိုင်းဆက်ရှိနေသွားတော့မှာ… ကံကောင်းစွာပဲ ကျုပ်သားက နတ်သားတော်ရဲ့ ကောင်းချီးပေးခြင်းခံရပြီး အမြင့်ဆုံးပထမတန်းစားကို ရရှိသွားတယ်။ ”
“ အရှင်နတ်သားတော်… အရှင့်ရဲ့ ရည်ရွယ်ချက်က အင်မော်တယ်အူခွေသစ်ပင်တွေရဲ့ အတွင်းပိုင်းထဲမှာဟုတ်တယ်မလား… ကောင်းကင်နက်မျိုးနွယ်ရဲ့ နတ်သားတော်အနေနဲ့ ယေဘုယျဆိုရင် အရှင်တစ်စုံတစ်ခုကို လိုချင်တဲ့အခါ အရှင့်ကို ကူညီယူပေးဖို့ ဘုံကျောင်းက သန့်စင်ရေလှိုင်းမျိုးနွယ်ကို အမိန့်ပေးနိုင်ပါတယ် ”
“ ဒါမှမဟုတ် ဒီလိုအန္တရာယ်များတဲ့နေရာကို သွားမယ်ဆိုရင် အရှင့်အပါးမှာ တာအိုအစောင့်အရှောက်တွေ လိုက်ပါသင့်တယ်မဟုတ်ဘူးလား ”
ရွှီချင်း၏ နှလုံးက တင်းကျပ်လာသည်။ ခေါင်းဆောင်သည် ရွှီချင်းနားသို့ ခြေလှမ်းအနည်းငယ် တိုးသွားသည်။ သို့သော်လည်း ဘေးပတ်ပတ်လည်မှ ဝတ်ရုံနက်အစောင့်အရှောက်အားလုံး မျက်စိမှိတ်ထားကြကြောင်း အလျှင်အမြန် သိရှိသွား၏။ မည်သည့်အချိန်ကတည်းကမှန်းမသိ သူတို့ နှစ်ခြိုက်စွာ အိပ်မောကျသွားကြပြီး ဖြစ်သည်။
“ ကျုပ်နားလည်ပါတယ် အရှင်နတ်သားတော်… ကောင်းကင်နက်မျိုးနွယ်မှာ အရှင့်ရဲ့ ရန်သူတော်တစ်ဦးတော့ ရှိရမယ်… အရှင့်ရဲ့ ရန်သူက အရမ်းလွှမ်းမိုးမှုရှိတယ်… ပြီးတော့ နတ်သားတော်တွေက တစ်ယောက်ထက်ပိုရှိတယ်… သူတို့က တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေကြတာဖြစ်မယ် ”
“ ဒါကြောင့် အရှင်က ကိုယ့်ဘာသာ ဒီနေရာကိုလာပြီး ကံကောင်းမှုလာရှာတာဖြစ်မယ်… ကောင်းကင်လေပြည်ထောင်ရဲ့ ထီးနန်းအတွက် ပြိုင်ဆိုင်ကြသလိုမျိုးပေါ့… အရှင့်မှာ ရန်သူတွေရှိပေမယ့် အရှင်ကောင်းချီးပေးရင်တောင် ကျုပ်တို့လိုသာမညောင်ညတွေအတွက်တော့ သက်ရောက်မှုရှိမှာမဟုတ်ပါဘူး ”
“ ဘာပဲပြောပြော… ကျုပ်တို့က အထက်တန်းစားမျိုးနွယ်ရဲ့ အဆင့်အတန်းနဲ့ ဘာမှကိုမယှဉ်နိုင်ပါဘူး ”
ထွဋ်ခေါင်နိုင်ငံဘုရင်သည် ရွှီချင်းကို လေးနက်စွာမကြည့်ခင် မပွင့်တပွင့်ပြောသည်။
“ အရှင်… ဒီတစ်ခေါက် အရှင် အင်မော်တယ်အူခွေသစ်ပင်တွေရဲ့ အတွင်းပိုင်းထဲကို ဝင်သွားပြီးရင် ပြန်လာမှာလား ”
“ အရှင်… ပြန်မလာဘူးဟုတ်တယ်မလား ”
ထွဋ်ခေါင်နိုင်ငံဘုရင်၏ မျက်လုံးထဲမှာ နက်ရှိုင်းသောအကြည့် ဖြစ်ပေါ်လာသည်။
ရွှီချင်းသည် သူ၏ မျက်လုံးထဲသို့ ကြည့်သည်။ မည်သို့သူကြည့်ပါစေ တဖက်လူ၏ စောစောက တီးတိုးရေရွတ်မှုသည် သူ့ကိုယ်သူ နှစ်သိမ့်နေခြင်းသာ ဖြစ်ပေသည်။
မည်သို့ဖြစ်စေ နိုင်ငံတစ်ခု၏ အုပ်ချုပ်သူဖြစ်လာနိုင်ကတည်းက ယင်းက နိုင်ငံငယ်တစ်ခုဆိုလျှင်ပင် သူတို့၏ အသိဉာဏ်က မည်သို့မျှ သာမန်မဖြစ်နိုင်ပေ။
သို့သော်လည်း ဤအခြေအနေထိ ရောက်လာပြီးချိန်တွင် သူ့မှာ သံသယရှိသည် မရှိသည်က အရေးမကြီးတော့ပေ။ သူ့ဘဝတိုးတတ်မှုက သူတို့နှင့် အတူတကွ ချည်နှောင်ထားပြီး ဖြစ်၏။
“ ငါ့မှာ လုပ်စရာတခြားကိစ္စတွေရှိသေးတယ်… ပြန်လာမှာမဟုတ်ဘူး ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ သူက တဖက်လူကိုပြန်ဖြေလိုက်သော်လည်း သူ့စကားမှာ မည်သည့်မှားယွင်းမှုမှ မရှိပေ။
ယင်းကို ထွဋ်ခေါင်နိုင်ငံဘုရင်ကြားသည့်အခါ စကားပြန်မပြောတော့ပေ။
ထိုအချိန်တွင် ဘေးပတ်ပတ်လည်မှ ဝတ်ရုံနက်အစောင့်အရှောက်များသည် ပြန်နိုးလာကြသည်။ သူတို့၏ အမူအရာတွင် မည်သည့်မူမမှန်မှုမှ မရှိပေ။ သိသာစွာပင် သူတို့အိပ်ပျော်သွားကြောင်း နားမလည်ကြချေ။
ထိုသို့ဖြင့် အချိန်မှာ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ ညအချိန်ကျရောက်လာသည့်အခါ အဝေးမှ လေချွန်သံများ မြည်ထွက်လာသည်။ ထွဋ်ခေါင်နိုင်ငံဘုရင်၏ မျက်လုံးထဲ၌ အေးတိအေးစက်အလင်း ဖြတ်ပြေးသွားစဉ် ကျိုးရှင်းဝူသည် သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်၍ အလျှင်အမြန် ချဉ်းကပ်လာသည်။
ကျိုးရှင်းဝူ၏ အမူအရာသည် တည်ငြိမ်သည်။ သို့သော်လည်း သူ၏ စိတ်အာရုံထဲမှာ လှိုင်းများမြင့်တတ်နေ၏။ သူ၏ စိတ်အာရုံထဲ၌ လှိုင်းများဖြစ်ပေါ်ရခြင်းသည် သက်စောင့်မီးအိမ်ကြောင့် ဖြစ်သည်။ သူသည် အမှန်တကယ် သက်စောင့်မီးအိမ်ကို ရခဲ့သည်။
ကောင်းကင်လေပြည်ထောင်သည် အမှန်တကယ် သက်စောင့်မီးအိမ်ကို ပေးအပ်လိုက်၏။ ယင်းကြောင့် ရွှီချင်း၏ သရုပ်က အမှန်ဖြစ်ရန် နောက်ထပ်သုံးဆယ်ရာခိုင်နှုန်း သူ့ကို ပိုသေချာစေသည်။
သူရောက်ရှိလာသည့်အခါ လက်သီးဆုပ်၍ အရိုအသေပေးသည်။ သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သက်စောင့်မီးအိမ်နီတစ်ခုက လက်ထဲမှာ ထွက်ပေါ်လာသည်။ ယင်းကို သူက ရွှီချင်းထံ လွှဲပြောင်းပေးသည်။
ရွှီချင်းက သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ထားသည့်တိုင် ထိုသက်စောင့်မီးအိမ်ကိုမြင်သည့်အခါ နှလုံးခုန်သံမြန်လာသည်။ သူက လက်ကို မြှောက်တင်လိုက်ပြီး လေကို ဖမ်းဆုပ်လိုက်သည်။ သက်စောင့်မီးအိမ်နီက ပျံသန်းလာပြီး သူ၏ လက်ထဲသို့ ကျဆင်းလာသည်။
ဤသက်စောင့်မီးအိမ်သည် သွေးတောင်ပံတစ်ခုနှင့် ဆင်တူ၏။
ငှက်မွှေးသဏ္ဍာန်ပန်းပုများသည် အသက်ဝင်ပြီး မိစ္ဆာဆန်သော အရှိန်အဝါလှိုင်းများကို ထုတ်လွှတ်နေ၏။ ယင်းကို တစ်ချက်မြင်ရုံမျှနှင့် ဤသက်စောင့်မီးအိမ်သည် သတ်ဖြတ်ခြင်းကို အဓိကရည်ရွယ်ကြောင်း မည်သူမဆို ပြောနိုင်၏။ ယင်းက အလွန်အံ့ဖွယ်ထူးခြားပြီး ထုတ်လွှတ်နေသော လှိုင်းအတတ်အကျများက ပို၍ပင် အံ့ဖွယ်ကောင်း၏။
သက်စောင့်မီးအိမ်ကို ကိုင်ထားလျက် ရွှီချင်းသည် အနည်းငယ် မိန်းမောသွားမိသည်။ ယင်းကို ဤကဲ့သို့ ရလာလိမ့်မည်ဟု သူတကယ် မျှော်လင့်မထားပေ။
ယင်းမှာ သက်စောင့်မီးအိမ်ဖြစ်၏။ သူ၏ ကိုယ်တွင်းထဲရှိ မီးအိမ်နှစ်ခုကိုရရန် သူ့အသက်ကို စွန့်စားခဲ့ရသည်။
‘ တတိယမြောက်တစ်ခု ’
ရွှီချင်းသည် သူ၏ နှလုံးသားထဲမှ ခံစားချက်များကို ဖိနှိပ်လိုက်သည်။ သက်စောင့်မီးအိမ်ကို သိုလှောင်အိတ်ထဲသို့ မထည့်သိမ်းနိုင်ကြောင်း သူသိ၏။ ယခုအချိန်မှာ ယင်းကို စုပ်ယူရန် သူ့အတွက် မသင့်တော်ပေ။ နောင်ကျလျှင် ယင်းကို သူသေချာ စစ်ဆေးရပေဦးမည်။ သူက သက်စောင့်မီးအိမ်ကို အိတ်ကပ်ထဲသို့ ထည့်သိမ်းလိုက်သည်။
ရွှီချင်း သက်စောင့်မီးအိမ်ကို သူ၏ အိတ်ကပ်ထဲသို့ ထည့်သိမ်းလိုက်သည်ကို ချင်းချိုးနှင့် နင်ယန်မြင်သောအခါ အသိစိတ်ဗလာဖြစ်သွားကြသည်။
‘ ချီးပဲ ကောင်းကင်နက်မျိုးနွယ်… ငါဒီလောက် ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တာတောင် သက်စောင့်မီးအိမ်တစ်ခုကို အခုထိ မရသေးဘူး… သူကျတော့ စကားလေးတစ်ခွန်းနဲ့… ’
ချင်းချိုးသည် အံကြိတ်လိုက်သည်။
နင်ယန်သည်လည်း အသက်ပြင်းပြင်းရှူနေရ၏။ သူ့အတွက် စိတ်အေးအေးထားရန် အတော်ခက်ခဲနေ၏။
“ အရှင်နတ်သားတော်… သက်စောင့်မီးအိမ်ရလာပါပြီ… ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ ”
ထွဋ်ခေါင်နိုင်ငံဘုရင်သည် ရွှီချင်းကို ရိုသေစွာ ဦးညွတ်လိုက်ပြီး ညွှန်ကြားချက်ကို မေးသည်။
“ အင်မော်တယ်အူခွေသစ်ပင်တွေရဲ့ အတွင်းပိုင်းထဲကို ဝင်မယ် ”
ရွှီချင်းသည် လေသံတိုးတိုးဖြင့် ပြောပြီး နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်သွားသည်။
ခေါင်းဆောင်၏ မျက်လုံးထဲ၌ အနက်ရောင်အလင်းတစ်ခု ပေါ်ထွက်လာပြီးလျှင် သူက အနောက်မှ နီးကပ်စွာ လိုက်သွားသည်။ ချင်းချိုးနှင့် နင်ယန်သည်လည်း ရွေးချယ်စရာမရှိဘဲ လိုက်သွားကြသည်။
ကျိုးရှင်းဝူသည် တုံ့ဆိုင်းသွား၏။
“ အရှင်ကျိုး… မင်းရဲ့တာဝန်က နတ်သားတော်ကို ကာကွယ်ဖို့ပဲ… ရှေ့ဆက်ရမယ့် ခရီးက အရမ်းအန္တရာယ်များတယ်… ကျုပ်နဲ့ ပူးပေါင်းပါ… နတ်သားတော်ရဲ့ လုံခြုံရေးကို ကျုပ်တို့ကာကွယ်ရမယ် ”
ထွဋ်ခေါင်နိုင်ငံဘုရင်သည် စကားဆုံးသည်နှင့် နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်သွားသည်။
ကျိုးရှင်းဝူသည် မျက်မှောင်ကြုတ်ပြီး မည်သည့်စကားမှ မပြောချေ။ တစ်ခဏကြာ စဉ်းစားပြီးနောက် သူသည်လည်း ဝတ်ရုံနက်အစောင့်အရှောက်များနှင့် လိုက်ဝင်သွားသည်။
သူတို့အားလုံး နယ်နိမိတ်အတွင်းသို့ ဝင်လိုက်သည်နှင့်ချက်ချင်း အင်မော်တယ်အူခွေသစ်ပင်များ၏ အတွင်းပိုင်းထဲမှာ ရုတ်ချည်း အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
မနေ့ညက ရွှီချင်း၏ စိတ်အာရုံထဲမှ အကပုံရိပ်သည် ယခုအချိန် အဝေးမှာ အမှန်တကယ် ပေါ်ထွက်လာသည်။
ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော မီးပင်လယ်ပုံရိပ်ယောင်တစ်ခုက ယင်းကို လွှမ်းခြုံသွားလေရာ အကခန္ဓာကိုယ်ကို မီးတောက်နှင့်အတူ လှုပ်ယမ်းသွားစေသည်။
တဖြည်းဖြည်း ပုံရိပ်များစွာ ထွက်ပေါ်လာကြသည်။ ရှေးဟောင်းရွတ်ဆိုသံများပင် ပဲ့တင်ထပ်လာသည်။
ထိုမြင်ကွင်းက ရွှီချင်းကို ရင်နင့်သွားစေသည်။
ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထူးခြားသောအလင်းတစ်ခု ထွက်ပေါ်လာသည်။ မည်သူမှ သတိမထားမိနိုင်သည့် ယခုအချိန်တွင် သူနှင့် တစ်ထပ်တည်းတူညီသော မျက်နှာက သူ၏ မျက်လုံးအနက်ပိုင်းထဲမှာ ထွက်ပေါ်လာသည်။
မျက်လုံးထဲမှ မျက်နှာသည် ပါးစပ်ဖွင့်ဟလိုက်ပြီး မည်သူမှမကြားနိုင်မည့် အသံတစ်မျိုးကို ထုတ်ဖော်လိုက်သည်။ ၎င်း၏ ပါးစပ်လှုပ်ရှားပုံသည် လေထဲမှာ ပျံ့လွင့်နေသော ရှေးဟောင်းရွတ်ဆိုသံနှင့် တူညီ၏။
သို့သော်လည်း နောက်တစ်စက္ကန့်မှာ ခေါင်းဆောင်၏ မျက်လုံးထဲမှ မျက်နှာသည် ပျောက်ကွယ်သွားသည်။ သူက မျက်တောင်ခတ်လိုက်သည်။ ခဏအကြာမှာ သူ၏ မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ ဝတ်ရုံနက်အစောင့်အရှောက်များနှင့် ထွဋ်ခေါင်နိုင်ငံဘုရင်သည် အဝေးမှ အပြောင်းအလဲများကို သုန်မှုန်စွာ ကြည့်နေကြသည်။
“ နတ်သားတော် ဂရုစိုက်ပါ… တစ်ခုခုတော့ မှားနေပြီ… ဒီနေရာက အတိတ်တုန်းကနဲ့ ကွာခြားနေတယ်… ကျုပ်ရဲ့ အတွေ့အကြုံ ဒါမှမဟုတ် မှတ်တမ်းတွေထဲမှာပဲဖြစ်ဖြစ် ဒီလိုပုံရိပ်ယောင်တွေက ကျုပ်တို့ အတွင်းနက်ပိုင်းထဲကို ရောက်တဲ့အခါမှ ပေါ်လာရမှာ ”