ရှစ်ပီအလောင်းကောင်နှင့် အာ့လော့အိုင်း
Vol. 40 Ch. 603
ရွှီချင်း၏ မျက်လုံးထဲမှာ အနက်ရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်နှင့် သူက ခေါင်းညိတ်လိုက်သည်။ သူ၏ စူးရှသော မျက်လုံးဖြင့် ဘေးပတ်ဝန်းကျင်ကို မစစ်ဆေးခင် ခေါင်းဆောင်ထံသို့ အမြန်လှမ်းကြည့်လိုက်သည်။
မြေပြင်ပေါ်တွင် မြို့ ၃၆ခုမှ သတ်မှတ်ထားသော နယ်နိမိတ်မျဉ်းအပြင် အင်မော်တယ်အူခွေသစ်ပင်များ၏ အစွန်းဖျားနှင့် အတွင်းပိုင်းလမ်းကြောင်းများကြားတွင် ထင်ရှားသော ကွာခြားမှုများ ရှိသည်။
ပထမအနေနှင့် တောတွင်းပိုင်းသည် ပို၍ထူထဲပြီး ရှုပ်ထွေးပွေလီ၏။ ညအချိန်အခါတွင် သစ်ပင်ကြီးများသည် ကြောက်မက်ဖွယ် တစ္ဆေများ၊ မွန်းစတားများအဖြစ်သို့ ပြောင်းလဲသွားကြဟန်ထင်ရပြီး ခြောက်ခြားဖွယ်ခံစားမှုကို ပေး၏။ ရံဖန်ရံခါ လေချွန်သံများကို တိုးတိုးတိတ်တိတ် ကြားရလေရာ ပတ်ဝန်းကျင်ကို ပို၍ကြောက်စရာကောင်းစေ၏။
...
ဒုတိယအနေနှင့် အတွင်းပိုင်းထဲမှာ တာအိုသစ်သီးအများအပြား ရှိသည်။ မရေမတွက်နိုင်သော မျက်လုံးများသည် ယခင်ကဲ့သို့ တစ်ချိန်လုံး ပွင့်မနေဘဲ မှိတ်လိုက်ပွင့်လိုက်ဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်နေကြသည်။
တတိယအနေနှင့် အတွင်းပိုင်းထဲရှိ မြေပြင်ပေါ်တွင် သစ်ရွက်ခြောက်များ သို့မဟုတ် သစ်ကိုင်းခြောက်များကို လုံးလုံးလျားလျား မတွေ့ရပေ။
မြေပြင်သည် သန့်ရှင်းနေပြီး အပေါ်ယံမြေဆီလွှာသာ ရှိ၏။
ရွှီချင်းသည် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝတ်ရုံနက်အစောင့်အရှောက်များ၏ လမ်းကြောင်းရှာဖွေမှုကို စောင့်လိုက်သည်။ ထို့နောက် လင်းယွမ်သုန်း၏ ကာကွယ်ပေးမှုအောက်မှာ အရှေ့သို့ ဆက်လျှောက်သွားသည်။
သူတို့ အထဲသို့လျှောက်ဝင်သွားသည်နှင့် ဘေးဘီကို ကြည့်နေသည့် သစ်ကိုင်းများပေါ်တွင် တွဲလွဲရှိနေကြသော မျက်လုံးများသည် တဖြည်းဖြည်း လှည့်လာပြီး အားလုံးပေါ်သို့ စွဲမြဲစွာ စိုက်ကြည့်လိုက်သည်။
မကောင်းသောစိတ်ဆန္ဒက ထိုမျက်လုံးများထဲမှ ပျံ့နှံ့ထွက်လာပြီး အားလုံး၏ အသိစိတ်နှင့် ပေါင်းစပ်သွားသည်။
လူတိုင်းသည် သူတို့၏ ခြေလှမ်းကို ရပ်တန့်လိုက်ကြပြီး သတိကြီးစွာထား၍ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ကြသည်။ တစ်ခဏကြာ စောင့်ကြည့်ပြီးသော်လည်း ထိုမျက်လုံးများနှင့်ပတ်သက်၍ တခြားမည်သည့်ထူးခြားမှုမှ သူတို့ရှာမတွေ့ပေ။ သူတို့သည် သတိကြီးစွာထား၍ အရှေ့သို့ ဆက်လျှောက်သွားကြသည်။
အင်မော်တယ်အူခွေသစ်ပင်များ၏ အတွင်းပိုင်းထဲမှ တာအိုသစ်သီးများကို မခူးဆွတ်နိုင်ပေ။ ယင်းတို့ကို ထိလိုက်သည်နှင့် စေးကပ်ကပ်အရည်သို့ ပြောင်းလဲသွားလိမ့်မည်။
သူတို့ အရှေ့သို့ဆက်လျှောက်သွားသည့်အခါ အန္တရာယ်တချို့နှင့် တွေ့ကြုံလာသည်။ သို့သော်လည်း ဝိညာဉ်သိုက်အဆင့်ကျင့်ကြသူများ၊ ကျိုးရှင်းဝူနှင့် ထွဋ်ခေါင်နိုင်ငံဘုရင်အပြင် ဝတ်ရုံနက်အစောင့်အရှောက်များ၏ ကာကွယ်ပေးမှုကြောင့် ရွှီချင်းသည် လမ်းတစ်လျှောက် ဘေးကင်းလုံခြုံသည်။
နှစ်နာရီကြာပြီးနောက် သူတို့သည် ပို၍နက်ရှိုင်းသော အတွင်းပိုင်းထဲသို့ ရောက်ရှိသွားကြသည်။ အရှေ့ဆုံးမှ ကင်းထောက်စစ်ဆေးနေသော ဝတ်ရုံနက်အစောင့်အရှောက်များထဲမှ တစ်ဦးသည် ရုတ်တရက် အော်ဟစ်ညည်းညူလိုက်သည်။
ထိုသူ၏ ခန္ဓာကိုယ်ကို အမှောင်ရိပ်တစ်ခုက ရစ်ပတ်ထားပြီး မြေပြင်ပေါ်မှ ဆွဲမြှောက်လိုက်လေရာ လေထဲတွင် တွဲလွဲဖြစ်နေ၏။ တခြားလူများ သူ့ကို မကယ်နိုင်ခင် ထိုဝတ်ရုံနက်အစောင့်အရှောက်၏ ခန္ဓာကိုယ်ထဲမှ သွေးက ဒလဟော စီးကျလာပြီး ခန္ဓာကိုယ်က အလျှင်အမြန် ခြောက်သွေ့လာသည်။
မျက်စိတစ်မှိတ်အတွင်း သူက အလောင်းခြောက်ဖြစ်သွားသည်။
အလောင်းခြောက်ကိုယ်ပေါ်တွင် ဥအရွယ်အစားခန့်ရှိသော အဖုများ ဒါဇင်ခန့် ပြွတ်သိပ်ထွက်လာသည်။ တစ်ခဏအကြာမှာ ထိုအဖုအားလုံးက ပေါက်ကွဲသွားပြီး အဝါရောင်အရည်ပန်းထွက်လာသည်။ ယင်းက အားလုံးကို ခြောက်ခြားသွားစေသည်။
ကျင့်ကြံသူများ၏ အမူအရာသည် သုန်မှုန်သွားသည်။ အလောင်းခြောက်နောက်မှ သစ်ပင်များပေါ်တွင် တွဲလောင်းချိတ်ဆွဲထားသော အလောင်းများကို သူတို့သတိပြုမိကြပြီး ဖြစ်၏။
အလောင်းအရေအတွက်သည် လွန်စွာများပြားလေရာ တစ်သောင်းထက်မနည်း ရှိ၏။
သစ်ကိုင်းသစ်ခတ်နီးပါးတိုင်းမှာ အလောင်းခြောက်များ ရှိသည်။ အတူတကွ ကပ်တွယ်နေသော အလောင်းခြောက်တချို့ပင် ရှိသည်။
ထိုအလောင်းများသည် ပုပ်သိုးဆွေးမြေ့ပြီး ခြောက်သွေ့၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများသည်လည်း ဟောင်းနွမ်းစုတ်ပြတ်၏။
သူတို့၏ ဝတ်ဆင်ပုံကိုကြည့်ခြင်းဖြင့် သူတို့က မတူညီသောမျိုးနွယ်မှဖြစ်ကြောင်း ပြောနိုင်၏။
နောက်အခိုက်အတန့်မှာ တချို့အလောင်းများပေါ်မှ အဖုများသည် ပေါက်ထွက်သွားပြီး အဝါရောင်အရည်ပန်းထွက်လာသည်။ တစ်ချိန်တည်းမှာ သူတို့၏ မျက်လုံးထဲ၌ အန္တရာယ်အကြည့် ဖြစ်ပေါ်လာကာ လူတိုင်းကို ခြောက်ခြားဖွယ်ကောင်းအောင် စိုက်ကြည့်နေသည်။
တချို့အလောင်းများသည် ရင့်မှည့်နေသော သစ်သီးများပမာ သစ်ကိုင်းများမှ ပြုတ်ကျလာကြသည်။
ခဏအကြာမှာ အလောင်းများ တစ်ခုပြီးတစ်ခု ပြုတ်ကျလာကြသည်။
ထွဋ်ခေါင်နိုင်ငံဘုရင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ ဤဖြစ်ရပ်သည် မြို့ ၃၆ခု၏ မှတ်တမ်းများထဲမှာ မပါရှိပေ။
“ ဒီတစ်ခေါက် အင်မော်တယ်အူခွေသစ်သီးသီးတာ တစ်ခုခုတော့ အကြီးကြီး လွဲမှားနေတယ် ”
ထွဋ်ခေါင်နိုင်ငံဘုရင်သည် မျက်လုံးမှေးကျဉ်းပြီး ရွှီချင်းကို အလျှင်အမြန် ကြည့်သည်။ ထို့နောက် သူ၏ အကြည့်ကို ဝတ်ရုံနက်အစောင့်အရှောက်များထံ ပြောင်းရွှေ့လိုက်သည်။ သို့သော် သူက မည်သည့်စကားမှ မပြောပေ။
ရွှီချင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ထိုအခိုက်အတန့်မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းတစ်ခုက ရုတ်ချည်း လှုပ်ရှားလာသည်။
၎င်း၏ ဦးခေါင်းသည် အရုပ်တစ်ခုပမာ ဘယ်ညာယမ်းပြီး လည်တိုင်က ပြောင်းပြန်လှည့်သွားသည်။ ၎င်း၏ မျက်နှာတစ်ပြင်လုံး အရေအတွက်များပြားသော မျက်လုံးကြီးများဖြင့် ပြည့်နှက်နေပြီး ရွှီချင်းနှင့် တခြားလူများကို စိုက်ကြည့်နေသည်။ ထို့နောက် ၎င်းက သားရိုင်းတစ်ကောင်ပမာ သူတို့ထံ တစ်ဟုန်ထိုး ပြေးလာသည်။ ၎င်း၏ လှုပ်ရှားမှုများသည် တွန့်လိမ်ကောက်ကွေးနေပြီး လုံးဝပုံမှန်မဟုတ်ပေ။
ဝတ်ရုံနက်အစောင့်အရှောက်တစ်ဦးသည် ချက်ချင်း တိုက်ခိုက်လိုက်ပြီး အလောင်းကောင်ကို နှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။
သို့သော်လည်း မြေပြင်ပေါ်မှ အလောင်းဒါဇင်ခန့်သည် လှုပ်ရှားလာကြသည်။ ထို့နောက် အရေအတွက်က တစ်ရာထိတိုးသွားသည်။ သိပ်မကြာမီ မြေပြင်ပေါ်မှ အလောင်းအားလုံး ထရပ်လာကြပြီး အသံမဲ့ဟိန်းဟောက်မှုကို ထုတ်ဖော်ကာ လူတိုင်းထံသို့ ရူးသွပ်စွာ ခုန်အုပ်လာကြသည်။
လေပြေက တဖန်တိုက်ခတ်လာသည်။ သစ်ပင်ပင်စည်ကြီးများပေါ်မှ အလောင်းများစွာသည် ဗလုံးဗထွေးအော်သံနှင့်အတူ လှုပ်ရှားလာပြီး လွတ်မြောက်ရန် ရုန်းကန်ကြသည်။
ကျိုးရှင်းဝူ၏ အမူအရာသည် သုန်မှုန်နေ၏။ သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ သူ့အရှေ့မှ များစွာသော အလောင်းကောင်များသည် ပျက်စီးပြိုလဲသွားကြသည်။ ဝတ်ရုံနက်အစောင့်အရှောက်များသည်လည်း အလောင်းကောင်များကို ရပ်တန့်ရန် စလှုပ်ရှားကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံများနှင့် မန္တန်လှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ချက်ချင်း ပျံ့နှံ့သွားကြသည်။
ရွှီချင်းသည် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ပေ။ သူက အားလုံးကို အေးစက်စွာ ကြည့်ရှုနေစဉ် ခေါင်းဆောင်က သူ၏ ဘေးတွင် မျက်လုံးမှေးကျဉ်း၍ မတ်တတ်ရပ်နေသည်။
သို့သော်လည်း ဤနေရာတွင် အန္တရာယ်က ထိုတစ်ခုတည်းမဟုတ်ပေ။ မကြာမီ နောက်ထပ်အလောင်းကောင်များစွာက တောတွင်းနက်ထဲမှ ပြေးထွက်လာကြသည်။
ထို့အပြင် အလောင်းကောင်များစွာဖြင့် အတူတူပေါင်းစပ်ထားသည့် အလောင်းကောင်များပင် ရှိသည်။ ၎င်းတို့က အဆင့်မြင့် ရွှေအမြုတေဖွဲ့စည်းခြင်းခွန်အားကို ထုတ်လွှတ်နိုင်ကြသည်။
အလောင်းကောင်အရေအတွက်မှာလည်း အလွန်များပေသည်။
ဤနေရာသည် လျှပ်တစ်ပြက်အတွင်း ဖရိုဖရဲဖြစ်လာသည်။
မကြာမီ ကြောက်မက်ဖွယ်ကောင်းသော သားရဲဟိန်းသံက တောတွင်းအနက်ပိုင်းထဲမှ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို နောက်ထပ် အလောင်းကောင်ဒါဇင်ခန့် ထွက်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထုတ်လွှတ်နေသော အားလှိုင်းအတတ်အကျသည် ဝိညာဉ်အခြေတည်စကျင့်ကြံသူများနှင့် နှိုင်းယှဉ်နိုင်ပေသည်။
ရုတ်ချည်း မြေပြင်က တုန်ခါသွားပြီး အလောင်းကောင်တစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသော ဧရာမအလောင်းကောင်တစ်ကောင်က အဝေးမှ ပေါ်ထွက်လာသည်။ ၎င်းမှ ထုတ်လွှတ်နေသော စွမ်းအင်လှိုင်းများသည် ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူနှင့် တုယှဉ်နိုင်လေရာ အားလုံး၏ အမူအရာကို သိသာစွာ ပြောင်းလဲသွားစေသည်။
ပို၍ထိတ်လန့်စရာကောင်းသည်မှာ ၎င်းက တစ်ကောင်တည်းမဟုတ်ပေ။ ဝိညာဉ်သိုက်အဆင့်အလောင်းကောင်များသည် အများအပြား ပေါ်ထွက်လာကြသည်။
ထိုမြင်ကွင်းက ရွှီချင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။ သူက ချက်ချင်းပင် အနောက်ဆုတ်လိုက်သည်။
ခေါင်းဆောင်၏ မျက်လုံးထဲမှာ အလင်းတစ်ခု ထွက်ပေါ်လာသည်နှင့် သူက ရွှီချင်းဆီသို့ အသံပို့လွှတ်လိုက်သည်။
‘ ထင်ထားသလိုပဲ… ဒီနေရာမှာ ရှစ်ပီအတားအဆီးရှိတယ်… ချင်းလေး ငါမင်းကို စောစောကပြောခဲ့တဲ့ အံ့ဖွယ်ကံကောင်းမှုကို ငါတို့ ကျိန်းသေပေါက်ရရမယ် ’
‘ စီနီယာအကိုကြီး… မင်း ဒီထဲကို အရင်ကရောက်ဖူးလို့လား ’
ရွှီချင်းက နတ်အာရုံဖြင့် အသံပြန်ပို့လွှတ်သည်။
‘ ဒီဘဝမှာ ဒီထဲကို တစ်ခါမှ မရောက်ဖူးဘူး ’
ခေါင်းဆောင်သည် အဝေးမှ ကောင်းကင်ထိ ထိုးတတ်နေသော အင်မော်တယ်အူခွေသစ်ပင်များကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။
ရွှီချင်းသည် အတွေးနက်သွားသည်။ သူဆက်၍ မေးတော့မည့်အချိန် ခေါင်းဆောင်၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားသည်။ သူက အလောင်းကောင်များကို ကြောက်လန့်တကြား ကြည့်နေသော နင်ယန်ကို ဖမ်းဆုပ်သည်။ ထို့နောက် သူက အဝေးသို့ အရှိန်တင်ပြေးသွားပြီး အမြန်အသံပို့လွှတ်သည်။
“ ချင်းလေး… ငါ့နောက်လိုက်ခဲ့ ”
ရွှီချင်းသည် လုံးဝ တုံ့နှေးမနေပေ။ သူက ညာလက်ကိုမြှောက်၍ ချင်းချိုးကို ဖမ်းဆုပ်သည်။ ချင်းချိုး နှလုံးတုန်လာသည်နှင့် ရွှီချင်းက သူ၏ ပခုံးကို ဖမ်းဆုပ်ပြီး ခေါင်းဆောင်နောက်သို့ လိုက်သွားသည်။
သူတို့လေးယောက် ထွက်သွားသည့်အခါ အလောင်းကောင်များနှင့် ရင်ဆိုင်တိုက်ခိုက်နေသော ကျိုးရှင်းဝူက ရုတ်တရက် ခေါင်းလှည့်လိုက်သည်။ ရွှီချင်းနှင့် တခြားလူများ ထွက်သွားသည်ကိုမြင်သောအခါ သူက ပြေးလိုက်ရန် ဟန်ပြင်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ဝိညာဉ်သိုက်အဆင့်အလောင်းကောင်နှစ်ကောင်နှင့် ဆန့်ကျင်တိုက်ခိုက်နေသော ထွဋ်ခေါင်နိုင်ငံဘုရင်သည် သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး အနောက်ဆုတ်သွားသည်။ သူက ဝိညာဉ်သိုက်အဆင့်အလောင်းကောင်များ၏ ယှဉ်ပြိုင်ဘက်မဟုတ်ဟန် ရ၏။
သူ၏ တားဆီးမှုမရှိတော့သည့်အခါ အလောင်းကောင်နှစ်ကောင်က ကျိုးရှင်းဝူဆီသို့ ဦးတည်သွားကြသည်။
ထွဋ်ခေါင်နိုင်ငံဘုရင်သည်လည်း ကျိုးရှင်းဝူကို တားဆီးရန် အရှေ့သို့ တတ်လာသည်။
ကျိုးရှင်းဝူ၏ အမူအရာက ပြောင်းလဲသွားပြီး ရွှီချင်းနောက်လိုက်မည့် သူ့အစီအစဉ်ကို လက်လျှော့လိုက်ရသည်။ သူက အလျှင်အမြန် တိမ်းရှောင်ပြီး ထွဋ်ခေါင်နိုင်ငံဘုရင်ကို သုန်မှုန်စွာ ကြည့်သည်။
“ အရှင်ကျိုး… ကျုပ်တောင်းပန်ပါတယ်… နတ်သားတော်မှာ ကောင်းကင်နက်မျိုးနွယ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ရှိတယ်… သူ့နောက်လိုက်ဖို့ ကျုပ်တို့အတွက် မသင့်တော်ပါဘူး… အတင်းဖိအားမပေးပါနဲ့ ”
ထွဋ်ခေါင်နိုင်ငံဘုရင်က တည်ငြိမ်စွာ ပြောသည်။
“ သူတို့က တကယ်ပဲ ကောင်းကင်နက်မျိုးနွယ်ကလို့ ခင်ဗျားသေချာလား… သူတို့က ဒီလောက်အလျင်လိုနေပြီး ကျုပ်တို့ကို အနောက်ကလိုက်ခဲ့ဖို့ မပြောတာ ပြဿနာတစ်ခုခု ရှိရမယ် ”
ကျိုးရှင်းဝူ၏ အမူအရာသည် မည်းမှောင်နေသည်။
“ ဒါဆိုအရှင်ကျိုး… သူတို့က ကောင်းကင်နက်မျိုးနွယ်က မဟုတ်ဘူးလို့ မင်းတပ်အပ်ပြောနိုင်လား ”
ထွဋ်ခေါင်နိုင်ငံဘုရင်က တည်ငြိမ်စွာ ပြောသည်။
“ ဒါ့အပြင် မင်းရရှိထားတဲ့ အမိန့်တော်ထဲမှာ သူတို့က အစစ်လားအတုလားဆိုတာ စစ်ဆေးဖို့ မပါဘူး… အားလုံးကို အထက်လူကြီးတွေ ဆုံးဖြတ်လိမ့်မယ်… ဘာလို့ မင်းက အလကားနေ တာဝန်ခံချင်ရတာလဲ ”
ကျိုးရှင်းဝူသည် စကားပြန်မပြောပေ။ ဤသဘောတရားကို သူနားလည်၏။ အမှန်တော့ ယင်းက သူကြားချင်သည့်စကားပင် ဖြစ်သည်။ သို့မှသာ မမျှော်လင့်ထားသည့် ကိစ္စတစ်ခုခုဖြစ်ပေါ်လာလျှင် သူသည် ဖြေရှင်းချက်ပေးနိုင်လိမ့်မည်။
အလောင်းကောင်များအား ဝတ်ရုံနက်အစောင့်အရှောက်များက ဆန့်ကျင်တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူ၍ ရွှီချင်းနှင့် တခြားသုံးယောက်သည် တောတွင်းပိုင်းထဲသို့ အရှိန်တင်လိုက်ကြသည်။ အရှေ့ဆုံးမှ ဦးဆောင်နေသော ခေါင်းဆောင်၏ အလျှင်သည် ပေါက်ကွဲထွက်လာသည်။ သူက ကြောက်ရွံ့တုန်လှုပ်နေသော နင်ယန်ကို သယ်ဆောင်လျက် အပေါ်တတ်လိုက် အောက်ဆင်းလိုက်ဖြင့် ခုန်ပျံကျော်လွှားနေသည်။
နင်ယန်သည် မျက်ရည်ကျလုနီးပါးပင်။ ဤသို့အခြေအနေမှာပင် တဖက်လူက မည်သို့ကြောင့် သူ့ကို သယ်ဆောင်ထားသေးကြောင်း နားမလည်ပေ။ ယင်းက ကောင်းသောရည်ရွယ်ချက်ကြောင့် မဟုတ်နိုင်ပေ။ သူ့ကို တစ်စုံတစ်ခုပြုလုပ်ရန် အသုံးချချင်သည်မှာ သေချာ၏။
ချင်းချိုးသည်လည်း ထိုသို့တွေးမိသည်။
ရွှီချင်းက သူမကို ကိုင်ထားလျက် ခေါင်းဆောင်နောက်သို့ လိုက်ပြီး တောတွင်းကို ဖြတ်ကျော်နေသည်။
ချင်းချိုးသည် စိတ်သောကရောက်ပြီး မခံမရပ်နိုင်ဖြစ်နေ၏။ သူမက လွတ်မြောက်ရန် ရုန်းကန်ချင်သော်လည်း ယင်းက အကျိုးမရှိကြောင်း သိ၏။
ပြေးလွှားနေစဉ်တစ်လျှောက် ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူက သတိကြီးစွာထား၍ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးနေပြီး အချိန်တိုင်းလိုလို ခေါင်းဆောင်ကို လေ့လာအကဲခတ်၏။
အကြောင်းအရင်းအတိအကျကို သူဆက်မမေးခဲ့ရပေ။
စီနီယာအကိုကြီးကို ယုံကြည်ရန် သူရွေးချယ်ပြီးမှတော့ ယင်းကို ချက်ချင်း မေးမြန်းရန် မလိုအပ်ဘူးဟု ရွှီချင်း ခံစားမိသည်။
အထူးသဖြင့် ခေါင်းဆောင်၏ စောစောက စကားကို သူကြားပြီးနောက်တွင် သူ၏ သံသယတချို့ ရှင်းလင်းသွားခဲ့သည်။
‘ ဒီဘဝမှာ ဒီထဲကို သူတစ်ခါမှ မလာဖူးဘူးဆိုတာက အရင်ဘဝတွေမှာ သူဒီထဲကို မလာဖူးဘူးလို့ မဆိုလိုဘူး… ’
ရွှီချင်းသည် အတွင်းကျိတ် တွေးတောလိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို ယွမ့်နွဲ့လှုပ်ရှားပြီး အရှေ့မှ သစ်ကိုင်းများကို ရှောင်ရှားနေသည်။ ထိုသို့ဖြင့် သူတို့သည် အတွင်းပိုင်းနှင့် တဖြည်းဖြည်း နီးကပ်လာလေသည်။
ခေါင်းဆောင်သွားနေသော လမ်းကြောင်းသည် တစ်ဖြောင့်တည်းမဟုတ်ဘဲ ကွေ့ပတ်နေကြောင်း သူပြောနိုင်သည်။ သူက တစ်စုံတစ်ခုကို ရှာဖွေနေသလိုပင်။
“ စီနီယာအကိုကြီး… မင်းဘာကိုရှာနေတာလဲ ”
ရွှီချင်းက အသံပို့လွှတ်ပြီး မေးသည်။
ခေါင်းဆောင်၏ အသက်ရှူသံက သိသာစွာ မြန်ဆန်လာပြီး သူ၏ မျက်လုံးထဲမှ အလင်းသည် ပို၍ထင်ရှားလာသည်။ သူ၏ ပုံစံက ရူးသွပ်နေသည့်ပုံစံမဟုတ်ပေ။ မခန့်မှန်းနိုင်သော အလိုဆန္ဒကြောင့်ဖြစ်၏။
“ ငါ အာ့လော့အိုင်းကိုရှာနေတာ… ဘာလို့ အဲ့ဒါက ထွက်မလာသေးတာလဲမသိဘူး… ဘာမှမမှားသင့်တာကို… ပထမ ရှစ်ပီအလောင်းကောင်အတားအဆီးပြီးသွားရင် အာ့လော့အိုင်းအတားအဆီး လာရမှာ ”
ခေါင်းဆောင်ပြန်ဖြေသည်နှင့် အဝေးမှ ထူးဆန်းသော အသံတစ်သံက ရုတ်ချည်း ပျံ့လွင့်လာသည်။
တုံ..
တုံ… တုံ…
တုံ… တုံ… တုံ…
ထိုအသံက ချက်ချင်း သူတို့နှစ်ယောက်၏ အာရုံကို ဆွဲဆောင်သွားသည်။ သူတို့နှစ်ယောက် လှမ်းကြည့်သည့်အခါ သုံးပေခန့်ရှည်လျားသော ငှက်တစ်ကောင်က အနီးနားမှ သစ်ပင်ပေါ်မှာ အိပ်တန်းတတ်နေလျက် သစ်ပင်အား နှုတ်သီးဖြင့် ထိုးဆိတ်နေသည်ကို သတိပြုမိသွားကြသည်။ ငှက်၏ တစ်ကိုယ်လုံးနီးပါး ငှက်မွှေးကင်းမဲ့နေသည်။ ၎င်း၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်နေရာသည် ဆိုးဝါးစွာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ဒဏ်ရာများထဲမှ သွေးက တတောက်တောက် စီးကျနေသည်။
ငှက်၏ မျက်လုံးသည် ဟောင်းလောင်းပေါက်ဖြစ်နေပြီး မျက်စိရှိသင့်သောနေရာမှာ ဗလာတွင်းနက်နှစ်ခုသာ ရှိ၏။ ၎င်းက သစ်ပင်ပေါ်မှာ ထိုးဆိတ်နေလျက် သိမ့်ခနဲ တုံ့ခနဲ လှုပ်ရှားသွားလေ့ရှိသည်။
၎င်းရှိနေသော ဧရိယာအတွင်းဝယ် ထူးဆန်းသော ခံစားမှုတစ်ခုကို ပေးစွမ်း၏။ အကယ်၍ ဤဧရိယာကို ပန်းချီကားတစ်ချပ်နှင့် ခိုင်းနှိုင်းမည်ဆိုလျှင် ပန်းချီကားထဲမှာ တွင်းပေါက်များစွာ ရှိနေလိမ့်ပေမည်။
ဘယ်ဘက်ထောင့်တစ်ခုနှင့် ညာဘက်ထောင့်တစ်ခုရှိပြီး အစိတ်အပိုင်းများစွာက ပျောက်ဆုံးနေလေရာ အပေါက်များဖြင့် ပဟေဠိဆန်စွာ ရှိနေ၏။
ပျောက်ဆုံးသွားသော နေရာများမှာမူ နတ္ထိပျောက်သွားသကဲ့သို့ အနက်ရောင်ချည်းသာ ကျန်ရှိနေသည်။
ထိုထူးဆန်းသော မြင်ကွင်းက ရွှီချင်းနှင့် တခြားလူများ၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည့်အခါ ငှက်ထိုးဆိတ်သံက ထပ်မံပျံ့လွင့်လာသည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ ငှက်ထိုးဆိတ်နေရာမှ ထွက်ပေါ်လာသော အသံသည် ထူးဆန်းစွာ ဒြပ်ထည်ရှိလာပြီး ထင်ယောင်ထင်မှား သံစဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ဘေးတွင် လွင့်မျောနေကြောင်း သူသတိပြုမိသွားသည်။
သံစဉ်ကျဆင်းသွားသော နေရာသည် တစ်စုံတစ်ခု၏ ဝါးမျိုခံလိုက်ရသည့်အလား အလျှင်အမြန် မှုန်ဝါးလာသည်။
ယင်းနေရာက မြေကြီး သို့မဟုတ် သစ်ပင်ဖြစ်ပါစေ သံစဉ်နှင့်ထိတွေ့လိုက်သည်နှင့် လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားပြီး တွင်းနက်များအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
“ ဒီနေရာပဲ ”
ခေါင်းဆောင်၏ မျက်လုံးသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်လာသည်။ သံစဉ်အသစ်များ ဒြပ်ထည်ဖြစ်တည်လာပြီး ဘေးသို့ ပျံ့လွင့်သွားသည့်အခါ သူက ရွှီချင်းကို အမြန်ပြောသည်။ နင်ယန်ကို ဖမ်းဆုပ်ထားလျက် သူက သံစဉ်များဆီသို့ တစ်ဟုန်ထိုး ပြေးသွားသည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူပြီး ချင်းချိုးကို ဖမ်းဆုပ်လိုက် ပြေးလိုက်သွားသည်။
မျက်တောင်တစ်ခတ်အတွင်း သူတို့လေးယောက် သံစဉ်များနှင့် ထိတွေ့သွားသည့်အခါ သံစဉ်များမှ စွမ်းအားက ပေါ်ထွက်လာလေသည်။ သူတို့လေးယောက်က ရုတ်ချည်း ပျောက်ကွယ်သွားပြီး သူတို့ မူလကရှိနေခဲ့သည့်နေရာမှာ တွင်းနက်များ ဖြစ်ပေါ်လာသည်။
ငှက်သည် သစ်ပင်ကို ဆက်လက်၍ ထိုးဆိတ်နေပြီး သံစဉ်များကို ထုတ်လွှတ်နေ၏။
ဘေးပတ်ဝန်းကျင်မှ ဧရိယာအားလုံး ဆက်လက်ပျောက်ကွယ်သွားသည်။ နောက်ဆုံးမှာတော့ အရာအားလုံး ပျောက်ကွယ်သွားသည်။ ထို့နောက် အမွှေးမဲ့ငှက်သည် နားဝင်ဆိုးသော အော်သံကို မြည်တမ်းလျက် အခြားတစ်နေရာဆီသို့ ဦးတည်ပျံသန်းသွားသည်။
မကြာမီ ၎င်းက သစ်ပင်ကြီးတစ်ပင်ကိုရှာတွေ့သောအခါ သစ်ပင်ပေါ်တွင် အိပ်တန်းတတ်ပြီး ထိုးဆိတ်သော လုပ်ငန်းစဉ်ကို ဆက်၍လုပ်ဆာင်၏။ သံစဉ်များသည် တဖန်ပေါ်ထွက်လာပြီး ဘေးပတ်ဝန်းကျင်မှ ဧရိယာများသည် ပျောက်ကွယ်သွားကြပြန်သည်။ ထိုသို့ဖြင့် တူညီသော သံသရာတစ်ခု ဖြစ်ပေါ်လာလေသည်။
သွေးရောင်ကောင်းကင်အောက်မှာ ခရမ်းရောင်တောင်တန်းများသည် ကန့်လန့်ဖြတ် သွယ်တန်းတည်ရှိနေကြသည်။ ကောင်းကင်ပေါ်တွင် နေလမရှိပေ။ အလင်းရောင်၏ မူလဇစ်မြစ်မှာ သွေးနီရောင်မြေပြင်ဖြစ်ပြီး ယင်းက ကောင်းကင်ကို အလင်းရောင်ပေးထား၏။
ဤနေရာသည် ရွှီချင်း သံစဉ်နှင့်ထိတွေ့ပြီးနောက် ပေါ်ထွက်လာသောနေရာ ဖြစ်ပေသည်။
ဤနေရာတွင် ပန်းပင်များ၊ မြက်ပင်များ၊ သစ်ပင်များ လုံးဝမရှိပေ။ မြေကြီးဖြစ်စေ တောင်ကုန်းဖြစ်စေ ယင်းတို့ကို မြေဆီလွှာ သို့မဟုတ် ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပေ။ ရွှီချင်း မြေကြီးပေါ်သို့ ခြေချလိုက်သည့်အခါ ပျော့ပျောင်းမှုရော မာကျောမှုကိုပါ ခံစားမိသည်။ ယင်းတို့က အသွေးအသားများကဲ့သို့ပင်။
အနီရောင်အလင်း ပျံ့နှံ့ထွက်လာသည့်အခါ ချင်းချိုး၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။ ရွှီချင်းကဲ့သို့ပင် သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာသည်။ နင်ယန်၏ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ၏ ခြေထောက် မြေကြီးဖြင့်ထိသည်နှင့် ချက်ချင်း အော်ဟစ်ငိုကြွေးတော့သည်။
“ သွားပြီ… ငါတို့ကို ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ရဲ့ အိမ်မက်ဆိုးက ဝါးမျိုသွားပြီ… ငါတို့ ပြန်ထွက်လို့မရတော့ဘူး… ”
“ ပါးစပ်ပိတ်ထားစမ်း ”
ခေါင်းဆောင်က နင်ယန်ကို စူးစူးရဲရဲ ကြည့်သည်။
နင်ယန်သည် ချက်ချင်း အသံပိတ်သွားသည်။ သူ၏ မျက်နှာရှည်ပေါ်မှာ ဖော်လံဖားသော အမူအရာကို ဖျစ်ညှစ်ထုတ်၍ သူ့အရှေ့မှ ကြောက်စရာကောင်းသော ကောင်းကင်နက်မျိုးနွယ်ကို ကြည့်လိုက်သည်။