ဘော့စ်ဖေးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူသယ်ပေးမယ်
Vol. 20 Ch. 287
ညအချိန်…
ချောင်းလျန်က အိုင်လီကျွန်းထဲဝင်လိုက်ပြီး နတ်ဘုရားအဆင့်ထုတ်ကုန်များ အပိုင်းသစ် အခြေအနေကို ကြည့်လိုက်သည်။ စိတ်အားထက်သန်နေသည့် ဂိမ်မာတွေက သူ့ကို ဂိမ်းချန်နယ်ထဲမှာ အဆင့် ၁ ရောက်အောင် တွန်းပို့ပေးနိုင်ခဲ့ကာ ဝက်ဘ်ဆိုက်တစ်ခုလုံးမှာ အဆင့် ၃ ရောက်အောင် တွန်းပို့ပေးနိုင်ခဲ့သည်။
ဒီလိုအခြေအနေတွေအတိုင်းသာဆို နောက်တစ်နေ့ ဝက်ဘ်ဆိုက်တစ်ခုလုံးရဲ့ အဆင့် ၁ နေရာကို ရဖို့က ချောင်းလျန်အတွက် အလှမ်းဝေးသည့် အိပ်မက် မဟုတ်တော့ပါ။
ဗီဒီယိုကို နှိပ်ကြည့်လိုက်ပြီး ကောမန့် အကန့်ကို ဆွဲကြည့်လိုက်သည်။ သူ့ပရိသတ်တွေရဲ့ သူ့ကို ချီးကျူးထားသည့် စကားများကို ဖတ်ပြီးသောအခါ အားရကျေနပ်သွားပါသည်။
ကြည့်လိုက်စမ်း။ ဒါမှ တကယ့် ထိပ်တန်းအဆင့် UP မာစတာကြီးကွ။
ထိပ်တန်းအဆင့် UP မာစတာတစ်ယောက်က အိုင်လီကျွန်းရဲ့ ထိပ်တန်းဗီဒီယိုအဆင့်ပေါ် ရောက်ဖို့ ဗီဒီယို တစ်ပုဒ်ပဲ တင်ဖို့လိုတယ်။
သူ့ကိုယ်သူ အလွန်အထင်ကြီးနေရင်း ချောင်းလျန် ဘော့စ်ဖေးကိုလည်း ကျေးဇူးတင်မိပါသည်။
ဘော့စ်ဖေးသာ ဒီလောက် ဆွေးနွေးမှုတွေ အများကြီးထွက်ပေါ်လာစေမည့် ဂိမ်းတစ်ခုကို မထုတ်လုပ်ခခဲ့ပါက ဒီလိုဗီဒီယိုမျိုး ချောင်းလျန် ထုတ်လုပ်ခွင့်ရမှာ မဟုတ်ပါ။ တခြား ဂိမ်းအကြောင်းအရာ ဖန်တီးသူတွေကြားထဲမှာ ထင်ပေါ်နေမှာမဟုတ်ပါ။ ကပ်ဖားလျက်ဖားများ၏ ကောမန့်အားလုံးကို ဖတ်ရှုပြီးနောက် ချောင်းလျန် Browser ထဲက ထွက်လိုက်ပြီး အရှုံးပေးပြီးကယ်တင်ခြင်းခံစေ Walkthrough အပြည့်အစုံ၏ ပထမပိုင်းကို စတင်တည်းဖြတ်လိုက်သည်။
ချောင်းလျန် အချိန်နည်းနည်းယူပြီးမှ တင်ချင်သော်လည်း ဂိမ်းက အခု အလွန်ရေပန်းစားနေချိန် ဖြစ်သည်။ ဒီရေပန်းစားမှုနောက်လိုက်နိုင်ဖို့ အခွင့်အရေးကို အမိအရဆုပ်ကိုင်ရပါမည်။
အိုင်လီကျွန်းပေါ်က ထိပ်တန်းဗီဒီယိုအဆင့်တွေထဲ သူ့ Walkthrough အပြည့်အစုံ အပိုင်းတိုင်း ရောက်နိုင်ပါက ပရိသတ် အသစ်တွေ အများကြီးရလာမှာ သိသာပါသည်။ နောက်ပိုင်း သူရရှိလာမည့် စပွန်ဆာအရေအတွက်ကလည်း တိုးမြင့်လာနိုင်ပါသည်။
ချောင်းလျန်က Update တစ်ခုတင်လိုက်သည်။ “Walkthrough အပိုင်း ၁ ကို တရားဝင် ထုတ်လုပ်နေပြီနော် စောင့်မျှော်ပေးကြပါ ပြီးတော့ ငါ့မိတ်ဆွေတော်တော်များများက သူတို့ဟာ့ဒ်ဝဲတွေက ဂိမ်းကစားဖို့ သိပ်မကောင်းဘူးလို့ ပြောကြတဘ်။ အဲ့ဒီဂိမ်းကို အဆင့်မြင့် အင်တာနက်ကဖေးတစ်ခုခုမှာ သွားကစားဖို့ အကြံပေးချင်ပါတယ်။ ကျင်းကျိုးမြို့မှာ ရှိတဲ့ ငါ့မိတ်ဆွေတွေအတွက် ယွီအင်တာနက်ကဖေးကို အထူးတလည်ညွှန်းပေးချင်တယ်။ သေချာပေါက် ပြီးပြည့်စုံတဲ့ ဂိမ်းရသမျိုးကို ရနိုင်မှာပါ။ တစ်ခုတည်းသော ပြစ်ချက်ကတော့ မင်းတို့ သေရင် ကွန်ပျူတာ ဟာ့ဒ်ဝဲကို အပြစ်တင်လို့ မရတော့ဘူးပေါ့”
အခွင့်အရေးကို အရယူကာ ဘော့စ်ဖေးကိုယ်စား ယွီအင်တာနက်ကဖေးကိုပါ ကြော်ငြာပေးလိုက်ပါသည်။
ဝက်ဘ်ဆိုက်ပေါ်မှာ ကိုယ်ထင်ပြလိုက်ပြီးနောက် ဆရာချောင်း နောက်ဆုံးတော့ Browser ကို ပိတ်လိုက်ပါပြီ။ ထိုအချိန်တွင် သီးသန့်မက်ဆေ့တစ်စောင် ဝင်လာခဲ့၏။
ဖွင့်ကြည့်လိုက်သောအခါ တခြား UP မာစတာ တစ်ယောက်ထံက ဖြစ်မှန်း မြင်လိုက်ရပါသည်။
“ဟယ်လို ဆရာချောင်း။ ကျွန်တော်က Content ဖန်တီးသူတစ်ယောက်ဖြစ်ပြီး US ကလာတဲ့ Exchange ကျောင်းသားတစ်ယောက်ပါ။ ကျွန်တော့်နာမည် ဟောက်ရှူအိုင်ချီပါ။ ကျွန်တော်လည်း အရှုံပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို သဘောကျတယ်။ Link Live မှာ တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် စဥ်းစားနေတာ။ ခင်ဗျားရဲ့ Content တချို့ကို သုံးချင်လို့ အဆင်ပြေမလား သိချင်လို့ပါ။ ကျေးဇူးတင်ပါတယ်”
ချောင်းလျန် ရပ်တန့်သွား၏။ ဒီ UP မာစတာကို သူသိပါသည်။
သူက နိုင်ငံခြား Exchange ကျောင်းသားတစ်ယောက် ဖြစ်သည်။ မပီမသ မန်ဒရင်းစကား ပြောသော်လည်း သူ့ဗီဒီယိုများက အတော်လေး ကောင်းမွန်သည်။ အိုင်လီကျွန်းပေါ်မှာလည်း အတော်လေး ရေပန်းစားပါသည်။
အသုံးပြုသူ၏ ပရိုဖိုင်းဓာတ်ပုံကို နှိပ်ကြည့်လိုက်ပြီး သူ ဟုတ် မဟုတ် အတည်ပြလိုက်ပါသည်။
ချောင်းလျန် ဝမ်းသာသွား၏။ ခပ်မြန်မြန်ပဲ စာပြန်လိုက်ပါသည်။ “ရတာပေါ့”
Link Live အကြောင်းလည်း ချောင်းလျန်သိပါသည်။ ရေပန်းစားသည့် Chat ဆော့ဖ်ဝဲတစ်ခုမှ စတင်လိုက်သည့် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းအသစ်တစ်ခု ဖြစ်သည်။
တရုတ်မှာဆို ZZ တိုက်ရိုက်ထုတ်လွှင့်မှု ရှိသည်။ ၎င်းကလည်း အတော်လေး သစ်လွင်သည့် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်း ဖြစ်ပါသည်။
သို့သော်လည်း Link Live က နိုင်ငံခြားမှာ ပိုစောစော စတင်ခဲ့သည်။ လုပ်ဆောင်ချက်တွေ ပိုများပြီး အသုံးပြုသူတွေအတွက်လည်း ပိုလွယ်ကူသည်။ ထို့ကြောင့် ပြည်တွင်းက ZZ တိုက်ရိုက် ထုတ်လွှင့်မှုထက် ပိုရေပန်းစားပါသည်။
ဒီနိုင်ငံခြားသားသာ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို Link Live မှာ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်လိုက်ပါက တရုတ်ရိုးရာယဥ်ကျေးမှုကို အမွှမ်းတင်ပေးသလိုမျိုးပဲ မဟုတ်လား။
ထို့အပြင် ဒီ UP မာစတာနဲ့ ဆရာချောင်း မိတ်ဆွေဖြစ်လာနိုင်ပါက သူတို့ နောက်ပိုင်း လုပ်ငန်း ပူးတွဲဆောင်ရွက်လို့ ရနိုင်သည်။ ဒါဆို နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အခြေအနေဖြစ်မသွားနိုင်ဘူးလား။
ထို့ကြောင့် ဆရာချောင်း ချက်ချင်းပဲ UP မာစတာ၏ တောင်းဆိုချက်ကို သဘောတူလိုက်ပါသည်။ ဟောက်ရှုအိုင်ချီ ဂိမ်းကစားနေရင်း အခက်အခဲတစ်ခုခုရှိလာရင်လည်း ချောင်းလျန်ကို မေးနိုင်သည်ဟု ပြောလိုက်သည်။ ချောင်းလျန်က သူ့ကို လေးလေးနက်နက် ကူညီပေးမည်ဟု ကတိပေးခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေက ခက်ခဲသည့် ဂိမ်းတစ်ခုဖြစ်သည်။ ရှေးဟောင်း မန်ဒရင်းဘာသာစကားကို အသုံးပြုထားသည့် အရန် ဇာတ်လမ်းများစွာနဲ့ ပဟေဠိများစွာ ပါဝင်သည်။ UP မာစတာ၏ မပီမသ မန်ဒရင်းစကားကို နားထောင်ရသလောက်တော့ သူအခက်တွေ့လာမှာ ချောင်းလျန် သေချာသလောက် ရှိပါသည်။
သူတို့နှစ်ယောက်သား ခဏလောက် စကားပြောခဲ့ကြပြီး ခင်မင်ရင်းနှီးမှုတစ်ခု ဖန်တီးခဲ့ကြပါသည်။ သူတို့ တရားဝင် မိတ်ဆွေများဖြစ်သွားကြပြီး ဂိမ်းထဲက အတွေ့အကြုံတွေကိုပါ ပုံမှန် ဆွေးနွေးဖို့ သဘောတူလိုက်ကြသည်။
ဟောကက်ရှုအိုင်ချီက သူ့ Link Live ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုများကို မှတ်တမ်းယူပြီး အိုင်လီကျွန်းပေါ်မှာ ပြန်တင်ဖို့ စိတ်ဝင်စားကြောင်းကိုလည်း ပြောလာသည်။ ထိုအခါကျလျှင် ဆရာချောင်း သူ့ဗီဒီယိုတွေကို ကူ Share ပေးဖို့ မျှော်လင့်ထားပါသည်။
အောက်တိုဘာလ ၈ ရက်နေ့ သောကြာနေ့…
ယွီအင်တာနက်ကဖေး ဟွမ်ယုထျန်ကျဲ ဆိုင်ခွဲတွင်….
မာယန်နဲ့ ကျန်းယွမ်တို့နှစ်ယောက် အင်တာနက်ကဖေးထဲက အနားယူသည့် နေရာတွင် ထိုင်နေကြ၏။ နတ်ဘုရားအဆင့်ထုတ်ကုန်များ အပိုင်းသစ်ကို ဖန်သားပြင်ပေါ်တွင် ပြသနေပါသည်။
“ညီအစ်ကိုမာ အခုဆို အင်တာနက်ကဖေးက ပိုပိုပြီး ရေပန်းစားလာပြီ။ အဲ့တာကြောင့် ဘော့စ်ဖေးက အမြဲတမ်း အမြော်အမြင်ရှိတယ်လို့ ပြောတာပေါ့” ကျန်းယွမ်က လူတစ်ဝက်ကျော်လောက် ပြည့်နေပြီဖြစ်သည့် အင်တ်ာနက်ကဖေးကြီးကို ကြည့်လျက် ပြောလိုက်ပါသည်။
“ဘော့စ်ဖေး ဒါတွေအကုန်လုံးကို ကြိုတင်စီစဥ်ထားခဲ့တာလို့ ထင်လား။ ဒီဂိမ်း ထွက်လာရင် အရမ်း ရေပန်းစားသွားမယ်ဆိုတာ ကြိုသိပြီးသားဖြစ်နိုင်လား။ လူတွေအများကြီး အင်တာနက်ကဖေးမှာ ဒီဂိမ်းကို လာကစားကြမယ်ဆိုတာကော သူသိနေတာလား။ အဲ့တာကြောင့် ဒီဆိုင်ခွဲကို အမြန်ဆုံး ဖွင့်ခိုင်းပြီး နောက်ထပ် ၃ ဆိုင်ပါ ဖွင့်ခိုင်းထားတာလား”
မာယန်က ရယ်မောလိုက်သည်။ “သေချာတာပေါ့ကွာ။ ညီအစ်ကိုချမ့်က သူယုံကြည်ချက်မရှိတဲ့အရာကို ဘယ်တော့မှ မလုပ်တတ်ဘူး။ ဒါတွေအကုန်လုံးကို ကြိုတင် စီစဥ်ထားပြီးသားလို့ပဲ ငါတော့ထင်တယ်”
“အဲ့လိုဆိုမှ မနေ့က ရှင်းလဲ့အင်တာနက်ကဖေးဆိုင်ကို မနေ့က ခိုးပြီး ငါသွားကြည့်သေးတယ်။ ငါတို့ပုံစံ ကူးချပြီး ‘အဆင့်မြင့် လမ်းစဥ်’ လိုက်တယ်လို့ ပြောတဲ့ ကဖေးဆိုင်လေ။ ငါဘာတွေ့ခဲ့လဲသိလား။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို ကစားဖို့ ကြိုးစားကြည့်တော့ ကွန်ပျူတာတွေက ထစ်ကုန်တယ်။ ဟာ့ဒ်ဝဲတွေက ဂိမ်းကို အမြင့်ဆုံးအရည်အသွေးနဲ့ ချောချော မွေ့မွေ့ကို မကစားနိုင်တာ”
ကျန်းယွမ် ရပ်တန့်သွားသည်။ “ကစားလို့မရဘူးလား။ ရှင်းလဲ့အင်တာနက်ကဖေးရဲ့ ကွန်ပျူတာတွေကလည်း အဆင့်မြင့်တွေပဲ မဟုတ်ဘူးလား”
မာယန်က ခေါင်းခါလိုက်သည်။ “သူတို့ Specs တွေကို မြင်ခဲ့တယ်။ မင်း ဆင်ထားတဲ့ ကွန်ပျူတာတွေနဲ့ အကွာကြီးပဲ။ သူတို့ ငွေကို ချွေတာဖို့လုပ်လိုက်တာဖြစ်မယ်။ ငါတို့ ကွန်ပျူတာတွေ၊ မော်နီတာတွေ၊ အရံပစ္စည်းတွေ အားလုံး စုစုပေါင်း ယွမ် ၂၀,၀၀၀ ကျော် ကုန်တယ်။ စနစ်ယူနစ်တစ်ခုတည်းနဲ့ ယွမ် ၁၀,၀၀၀ ကျော် ကုန်ကျနိုင်တယ်”
“ငါအကဲခတ်ကြည့်သလောကတော့ ရှင်းလဲ့အင်တာနက်ကဖေးရဲ့ စနစ်ယူနစ်တစ်ခုက အလွန်ဆုံး ယွမ် ၅,၀၀၀ လောက်ပဲ တန်မှာပါကွာ။ ယှဥ်ကြည့်လို့တောင် ရပါ့မလား”
“အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းကို ဖွင့်လို့ရတယ်ဆိုရုံလောက်ပဲရှိတယ်။ ဂိမ်းရဲ့ ရုပ်ထွက်နဲ့ အရည်အသွေးကို လျှော့ပစ်လိုက်ရတယ်။ ဂိမ်းကစားရတဲ့ ခံစားချက်ကလည်း သာမန်ပါပဲ”
“မင်းသတိမထားမိဘူးလား။ ငါတို့အင်တာနက်ကဖေးမှာ ဂိမ်းကစားနေတဲ့လူတွေက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းကိုပဲ အဓိက ကစားနေကြတာ”
“ချန်းလျဲ့နဲ့ ဖြစ်ခဲ့တဲ့ကိစ္စတွေက ငါတို့ ယွီအင်တာနက်ကဖေးကို တော်တော်လေး နာမည်ရသွားစေတယ်။ ပြီးတော့ အမည်မဲ့စားသောက်ဆိုင်ရဲ့အောင်မြင်မှုနဲ့ ချွမ်းမင် Review ပေါ်က အဆင့်သတ်မှတ်ချက်တွေရောက်လာတယ်။ အခုတော့ ကျင်းကျိုးမြို့မှာ ငါတို့တော်တော် လူသိများနေပြီ”
“ကျင်းကျိုးမြို့က အဆင့်မြင့် အင်တာနက်ကဖေးလို့ တစ်ယောက်ယောက် ပြောလိုက်တိုင်း ယွီအင်တာနက်ကဖေးကိုပဲ ပြေးမြင်ကြတယ်”
“ညီအစ်ကိုချမ့်က တကယ်ပဲ အင်တာနက်ကဖေးတွေရဲ့ အနှစ်သာရအစစ်အမှန်ကို အလေးပေးခဲ့တာပဲ”
ကျန်းယွမ် ရင်ထဲထိသွား၏။ “မဟုတ်ရင် ဘော့စ်ဖေးကို ဘော့စ်ဖေးလို့ခေါ်ပါ့မလား။ အားလုံးက အချိတ်အဆက်မိနေတာပဲ။ ယာယီအရှုံးတွေက ရေရှည်အကျိုးအမြတ်တွေအတွက် လမ်းသွယ်ပေးရုံသက်သက်ပဲ။ တော်လိုက်တာဗျာ”
“ဒီတိုင်းသာ ဆက်သွားမယ်ဆို အခြေအနေတွေ အကောင်းဆုံး ဖြစ်လာလိမ့်မယ်”
အမှန်ပင်။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက ယွီအင်တာနက်ကဖေးဆိုင်တွေ နာမည်ကြီးလာဖို့အတွက် အခွင့်အရေးတစ်ခုပေးနေခြင်းသာ ဖြစ်သည်ဟု ကျန်းယွမ်နဲ့ မာယန်တို့ သိထားကြပါသည်။
တစ်ဖက်မှာတော့ မူလ ယွီအင်တာနက်ကဖေးဆိုင်များ ကျင်းကျိုးမြို့တွင် အတော်လေး ရေပန်းစားလာနေပြီဖြစ်သည်။ နောက်တစ်ဖက်မှာတော့ ယွီအင်တာနက်ကဖေးက ချွမ်းမင် Review ပေါ်မှာလည်း အတော်လေး နာမည်ကောင်းရထားပါသည်။ ထို့ကြောင့် လူများစွာက အင်တာနက်ကဖေးကို လာရောက်လည်ပတ်ကြ၏။
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းက အလွန်မြင့်မားသည့် ဟာ့ဒ်ဝဲကို လိုအပ်သည်။ ဟာ့ဒ်ဝဲမကောင်းပါက ဂိမ်းထဲတွင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်နိုင်သည်။ ကျင်းကျိုးမြို့က ကစားသမားအများစုက အကောင်းမွန်ဆုံး ဂိမ်းရသကို ရနိုင်ဖို့အတွက် ယွီအင်တာနက်ကဖေးကိုသာ သွားကြသည်။ ယွီအင်တာနက်ကဖေး ဟွမ်ယုထျန်ကျဲ ဆိုင်ခွဲကလည်း ဖြည်းဖြည်းချင်း နာမည်ရလာပြီဖြစ်သည်။
ရှော့ပင်းထွက်လာသည့် ယောက်ျားလေးများစွာက တဖြည်းဖြည်းနဲ့ ပျင်းရိလာပြီး အင်တာနက် ကဖေးမှာ အနားယူဖို့ ဆုံးဖြတ်ကြသည်။ ဒီလိုနဲ့ အင်တာနက်ကဖေး နာမည်ရလာတာပဲ ဖြစ်ပါသည်။
ကျန်းယွမ်နဲ့ မာယန်တို့ ဖန်သားပြင်ကို ကြည့်ရင်း ခံစားသွားရသည်။
ဘော့စ်ဖေးက တကယ့်ကို အမြော်အမြင်ရှိပါပေသည်။
“ခင်ဗျားတို့ နှစ်ယောက်ထဲက ဘယ်သူက ဘော့စ်လဲမသိဘူးခင်ဗျ”
ကျန်းယွမ် နောက်လှည့်ကြည့်လိုက်သောအခါ သာမန်ပုံပန်းသဏ္ဌာန်ရှိသော်လည်း အလွန်သေသပ်စွာ ဝတ်စားဆင်ယင်ထားသည့် လူငယ်တစ်ယောက် သူ့နောက်မှာ မတ်တပ်ရပ်နေတာကို မြင်လိုက်ရပါသည်။ သူ့ပုံစံက အတော်လေး ချမ်းသာသည့်ပုံစံပင်။
ကျန်းယွမ် သူ့ကို ပမထုတ်ရဲပါ။ ဘာပဲဖြစ်ဖြစ် သူကလည်း ကတ်စတမ််မာတစ်ယောက်ဖြစ်သည်။
ကတ်စတမ်မာတွေက သူတို့အတွက် ဘုရင်တွေလိုပဲဖြစ်ပါသည်။
သူချမ်းသာသာ မချမ်းသာသာ ယွီအင်တာနက်ကဖေးအတွက် ထမင်းရှင်တစ်ယောက်ဖြစ်သည်။
“ဘာများကူညီပေးရမလဲ” ကျန်းယွမ် အမြန် ပြန်မေးလိုက်၏။
လူငယ်လေးက ပြုံးလိုက်သည်။ “ဘာရယ်တော့မဟုတ်ပါဘူးး။ ဒီတိုင်း ခင်ဗျားတို့ရဲ့ ကွန်ပျူတာကို သုံးရတာ အရမ်းသဘောကျလို့ သုံးထားတဲ့ ဟာ့ဒ်ဝဲတွေအကုန်လုံးရဲ့ စာရင်းတစ်ခုလောက် ပေးလို့ရမလား။ ကျွန်တော့်အိမ်မှာ ပြန်ဆင်ချင်လို့ပါ”
ကျန်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ “ရပါတယ် ခဏလေး စောင့်ပေးပါနော်”
သူ စာရွက်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်း အမြန်ရှာလိုက်ပြီး ဟာ့ဒ်ဝဲအကုန်လုံးကို စာရင်းပြုစုလိုက်ပါသည်။
ကျန်းယွမ်က ဆိုင်ထဲရှိ ဟာ့ဒ်ဝဲအားလုံးနဲ့ အလွန် အကျွမ်းတဝင်ရှိသဖြင့် ယုံကြည်ချက်ပြည့်ဝစွာဖြင့် စာရင်းပြုစုလိုက်သည်။
“ဒီအောက်ခံအတွက် ကေဘယ်ကြိုး အပြင်အဆင်က အရမ်းကြီးတော့ အဆင်ပြေမှာ မဟုတ်ဘူး။ ခင်ဗျား အခက်အခဲတော့ ရှိမှာ မဟုတ်ပါဘူး ဟုတ်တယ်မလား” ကျန်းယွမ်က စာရင်းကို ကောင်လေးဆီ ကမ်းပေးလိုက်ရင်း မေးလိုက်ပါသည်။
ကောင်လေးက ခေါင်းကုတ်လျက် ပြောလိုက်ပါသည်။ “အာ… ကျွန်တော် ဟာ့ဒ်ဝဲ မဆင်တတ်ဘူး။ ကျွန်တော့်ကို ကူညီပေးလို့ရမလား”
ကျန်းယွမ် “...”
သူ ငြင်းဖို့ ကြံရုံရှိသေး၊ ကောင်လေးက ပြောလိုက်သည်။ “ကျွန်တော့်ကို ဟာ့ဒ်ဝဲဆင်ဖို့ ကူညီပေးရင် ယွမ် ၅၀၀ ပေးပါ့မယ်”
ကျန်းယွမ် ပြန်ဖြေလိုက်သည်။ “ကိစ္စမရှိဘူး”
“ဒီလိုဆိုရင်ကော ကျွန်တော်တို့ ဖုန်းနံပါတ် ဖလှယ်ထားကြမယ်လေ။ ခင်ဗျားကို ဟာ့ဒ်ဝဲဆင်ပေးမယ့် လူတစ်ယောက် ရှာပေးလိုက်မယ်။ ခင်ဗျားရဲ့ လိပ်စာသာ ပေးခဲ့လိုက်။ လိုအပ်တဲ့ ပစ္စည်းအကုန်လုံးကို ပို့ပေးလိုက်မယ်”
“အဲ့လိုလုပ်လို့ ဖြစ်တယ်လား။ ကျေးဇူးအများကြီးတင်ပါတယ်” ကောင်လေးက ပျော်ရွှင်သွားသည့်ပုံပင်။ အားပါးတရ ကျေးဇူးတင်ပြီး ပြန်သွားပါသည်။
သို့သော်လည်း မာယန် ဇဝေဇဝါဖြစ်လျက် အသံတိုးတိုးဖြင့် ပြောလိုက်ပါသည်။ “သူ့ဖာသာသူ ဆင်ခိုင်းလိုက်ပါလား။ ငါတို့က ဘာလို့ သူ့အတွက် အပင်ပန်းခံရမှာလဲ”
ကျန်းယွမ် ဘာကြောင့် သဘောတူလိုက်သလဲ မာယန် နားလည်ပုံမပေါ်ပါ။ ကျန်းယွမ်က ယွီအင်တာနက်ကဖေး၏ ဒေသတွင်းမန်နေဂျာတစ်ယောက် ဖြစ်၏။ ဘာကြောင့် အရင်တုန်းကလို သူများတွေအတွက် ဟာ့ဒ်ဝဲလိုက်ဆင်ပေးနေရဦးမှာလဲ။
ကွန်ပျူတာဆင်ခ ၅၀၀ က သာမန်ထက် မြင့်တာတော့ မှန်ပါသည်။ သို့သော်လည်း ကျန်းယွမ်က ဒီလောက် လစာမြင့်မြင့် ရထားပြီးသား မဟုတ်ပါလား။ ငွေပိုရဖို့အတွက် ဒီလောက်ကြိုးစားပမ်းစား လုပ်ဖို့ လိုပါ့မလား။
ကျန်းယွမ်က ပြုံးလျက် ပြန်ဖြေလိုက်သည်။ “ညီအစ်ကိုမာ။ ငါက ယွမ်ရာဂဏန်းလောက် မက်လို့ ဟာ့ဒ်ဝဲကို ဆင်ပေးတာ မဟုတ်ဘူး။ စီးပွားရေး အခွင့်အလမ်းတစ်ခုရှိတယ်လို့ ထင်လိုက်မိလို့။ ‘ယွီအင်တာနက်ကဖေးရဲ့ ကွန်ပျူတာ ဘရန်း’ ‘အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းအတွက် ကွန်ပျူတာ’ ‘ထန်းတာ့ရွေးချယ်ထားတဲ့ ကွန်ပျူတာ’ အဲ့လိုစကားလုံးတွေက နားထောင်လို့ကောင်းတယ်လို့ မထင်ဘူးလား”
မာယန် ရပ်တန့်သွားသည်။ “အာ… ထင်တော့ထင်ပါတယ်။ ဒါပေမယ့် ငါတို့ အင်တာနက်ကဖေးရဲ့ နာမည်ကိုခိုပြီး လိုက်သွားနိုင်ရင်တောင် အသုံးမဝင်ဘူးလေ။ ငါတို့က သာမန် ကွန်ပျူတာ ဘရန်းတွေနဲ့ ယှဥ်ပြိုင်ရဦးမှာ။ လွယ်မယ်မထင်ဘူး”
ကျန်းယွမ်က ခေါင်းခါလိုက်ပါသည်။ “သာမန် ဘရန်းတွေက အရမ်းနိမ့်တဲ့ ဟာ့ဒ်ဝဲတွေချည်းပဲ ထုတ်နေတာ။ ဒါမှ သူတို့ အကျိုးအမြတ်များများရမှာလေ။ စံနှုန်းအစစ်အမှန်ရှိတဲ့ ကစားသမားတွေဆို ကိုယ်တိုင်ဆင်တဲ့ DIY ကွန်ပျူတာတွေက ပိုတန်မှန်း သိကြတယ်”
မာယန်က ခေတ္တစဥ်းစားလိုက်ကာ ပြောလိုက်ပါသည်။ “ဒါပေမယ့် တခြားဘရန်းတွေက ရောင်းချပြီး ဝန်ဆောင်မှုတွေလည်း ရှိသေးတယ်လေ”
ကျန်းယွမ်ကပြုံးကာ ဖြေလိုက်၏။ “ငါတို့လည်း လုပ်လို့ရတာပဲ။ အဲ့တာတင်မကဘူ။ အဲ့ဒီဟာ့ဒ်တွေ ပစ္စည်းတွေကို လူတွေရဲ့အိမ်အထိ ရောက်အောင်တောင် ပို့ပေးလို့ရတယ်။ လေဆန်ပို့ဆောင်ရေးလုပ်ငန်းက ဘော့စ်ဖေးအပိုင်ဆိုတာ မေ့သွားပြီလား။ အသုံးမချရင် ဖြုန်းတီးရာ ကျသွားမှာပေါ့”
“ထုတ်လုပ်သူတွေအများကြီးက ကွန်ပျူတာတွေ အွန်လိုင်းပေါ်မှာ လက်ကားရောင်းချပြီး လူတွေကို လိမ်နေကြတာ။ ငါတို့ကတော့ တကယ့်အရည်အသွေးမြင့် အစစ်အမှန်တွေပဲ ရောင်းချပြီး တပ်ဆင်ခနဲ့ ဝန်ဆောင်ခ နည်းနည်းလေးပဲ တောင်းမှာလေ။ ငါတို့ အဆင့်မြင့်ကတ်စတမ်မာတွေကို ပစ်မှတ်ထားနိုင်ရင် အောင်မြင်နိုင်မှာပါ”
“ငါတို့သိသလောက်တော့ အနာဂတ်မှာ ငါတို့ရဲ့ ကိုယ်ပိုင် ရယ်ဒီမိတ် ဘရန်းတစ်ခုပါ ဖန်တီးနိုင်လောက်တယ်”
မာယန် ကြောင်သွားသည်။ “ငါတို့ရဲ့ ကိုယ်ပိုင်ရယ်ဒီမိတ် ဘရန်း ဟုတ်လား”
ကျန်းယွမ်က ခေါင်းငြိမ့်လိုက်၏။ “ငါစဥ်းစားပြီးသွားပြီ။ ငါတို့ ယုံကြည်ခြင်းနိုင်ငံဆိုပြီး နာမည်တပ်လို့ရတယ်။ ဒါမှမဟုတ် အတိုကောက် ROF ပေါ့။ ဘယ်လိုထင်လဲ။ အချိန်တန်ရင် ငါတို့ ကျင်းကျိုးမြို့တစ်ခုလုံးကို ယွီအင်တာနက်ကဖေးနဲ့ လေဆန်ပို့ဆောင်ရေးစခန်းတို့နဲ့ ပေါင်းပြီး လွှမ်းမိုးပစ်လိုက်မယ်”
မာယန် ခေတ္တစဥ်းစားကြည့်လိုက်၏။
“ငါတို့ မလုပ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်… လုပ်ဖို့ မလိုဘူး ထင်တယ်နော်။ ငါတို့ အင်တာနက်ကဖေးဆိုင်တွေပဲ ကောင်းကောင်းလည်ပတ်နိုင်အောင် အာရုံစိုက်ထားတာ ပိုမကောင်းဘူးလား”
ကျန်းယွမ် ခေါင်းခါလိုက်ပါသည်။ ‘ညီအစ်ကိုမာ မင်းက တော်တော်ရိုးရှင်းတာ ကြိုက်ပါလား။ ဘော့စ်ဖေး လုပ်စေချင်တာတွေပဲ လုပ်နေလို့မဖြစ်ဘူးလေ။ ငါတို့ ဘာမှ ကြံဆနိုင်စွမ်းမရှိတဲ့ သဘောဖြစ်သွားမယ်။ ဘော့စ်ဖေးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူထမ်းပေးပြီး ငါတို့ဖာသာငါတို့ လုပ်ငန်းသစ်တွေ ရှာဖွေရမှာပေါ့”
“ညီအစ်ကိုမာ မင်းနဲ့ ဘော့စ်ဖေးတို့ ခင်မင်မှုက ခိုင်မာပေမယ့် ထန်းတာ့က အခု လုပ်ငန်း ကြီးကြီးမားမားကို လည်ပတ်နေတာနော်။ ငါတို့ အခွင့်အရေးကို အမိအရယူပြီး ရလဒ်တွေ မထုတ်နိုင်ရင် တခြား ဌာနတွေက ငါတို့ကို ကျော်တက်သွားလိမ့်မယ်”
“ဒီတစ်ခေါက် ယွီအင်တာနက်ကဖေး လုပ်ငန်းကို တိုးချဲ့ကြည့်တာပေါ့။ အောင်မြင်သွားရင် ထန်းတာ့ရဲ့ ယွီအင်တာနက်ကဖေး အဆင့်အတန်းက အများကြီး ပိုမြင့်သွားမယ်။ ငါတို့ရဲ့ အောင်မြင်မှုကို လူတိုင်းကို ထုတ်ပြလို့ရရင် မကောင်းဘူးလား”
မာယန် နောက်ဆုံးတော့ နားလည်သွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်တယ်။ မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ငါတို့ ညီအစ်ကိုချမ့်ပြောတဲ့အတိုင်းပဲ အမြဲတမ်း လုပ်နေလို့ မဖြစ်ဘူး။ ငါတို့ ဖာသာငါတို့ လုပ်ငန်းသစ်တွေ ချဲ့ထွင်ရမယ်”
“ဒါဆိုလည်း ကွန်ပျူတာလုပ်ငန်းတွေ စကြတာပေါ့။ ကွန်ပျူတာဆင်နိုင်တဲ့ လူတွေနဲ့ တပ်ဆင်ပြီး ဝင်ဆောင်မှု ပေးနိုင်မယ့် လူတွေကို အလုပ်ခန့်ဖို့ ရှာရအောင်”
“လေဆန်ပို့ဆောင်ရေးလုပ်ငန်းနဲ့ ငါတို့ ပူးပေါင်းလို့ရအောင် လုမင်လျန်ကိုလည်း ဒီအကြောင်း ပြောပြထားလိုက်မယ်။ ငါတို့ ဒီလုပ်ငန်းကို စတင်လို့ရအောင် ကြိုးစားကြမယ်”