← Chapters

အချိန်ကောင်း စောင့်ရအောင်

Vol. 20 Ch. 289

အချိန်ကောင်း စောင့်ရအောင်

Vol. 20 Ch. 289

ထိုအချိန်တွင် ဖေးချမ့်က လေဆောင်ပို့ဆောင်ရေးမှ ထွက်လာခါစဖြစ်သည်။ ယွမ်အင်တာနက်ကဖေး ဟွမ်ယုထျန်ကျဲဆိုင်ခွဲကို သွားရောက်လည်ပတ်ဖို့ ပြင်ဆင်နေချိန် ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ဂိမ်းနဲ့ပတ်သတ်ပြီး အခု သူ လုပ်လို့ ရတာ များများစားစား ဘာမှ မရှိတော့ပါ။ ငွေပိုငွေလျှံများကို တတ်နိုင်သမျှ အမြန်ဆုံးဖြုန်းပစ်ဖို့သာ ရှိသည်။

လေဆန်ပို့ဆောင်ရေးကတော့ အတော်လေး ချောမွေ့စွာ လည်ပတ်နေပါသည်။ လုမင်လျန်က ဝန်ထမ်းတွေ ခန့်အပ်ဖို့နဲ့ ပို့ဆောင်ရေးရုံးသစ်တွေ ထပ်ဖွင့်ဖို့အတွက် အမြန်ဆောင်ရွက်နေသည်။ လုမင်လျန်က အမြဲတမ်းအားကိုးရသူဖြစ်သဖြင့် ဖေးချမ့် သူ့ကို ဘယ်တော့မှ စိတ်ပူဖို့ မလိုအပ်ပါ။

သို့သော်လည်း ဒီလိုအရေးပေါ်အခြေအနေမျိုးမှာ အခြေအနေတွေကို ကိုယ်တိုင်လာကြည့်တာက အကောင်းဆုံးဖြစ်မည်ဟု ဖေးချမ့် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူ အလုပ်ရှုပ်ရမည်ဖြစ်သော်လည်း မတတ်နိုင်ပါ။ အနည်းဆုံး ငွေစာရင်းရှင်းချိန် ပြီးဆုံးသည့်အထိ ဒါကို သည်းခံထားရမည်။

ကားထဲရောက်သည့်အခါ ဖေးချမ့်၏ ဖုန်းသံ မြည်လာ၏။ လှမ်းကြည့်လိုက်ရာ လီယာ့တာ ဖြစ်နေမှန်း မြင်လိုက်ရသည်။

သူ့ရင်တွေ ခုန်လာပြန်၏။

အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ တစ်ခုခု ဖြစ်ပြန်ပြီလို့ လာမပြောနဲ့နော်။ ငါ့ကို လာမရှုပ်နဲ့။ ဒီပြဿနာတွေ အကုန်လုံးကို ရှင်းဖို့တောင် အခု အသေကြိုးစားနေရပြီ။ ငါ့အတွက် ပြဿနာတွေ ထပ်မရှာကြပါနဲ့တော့။

သူ ဖုန်းကို မြန်မြန်ကိုင်လိုက်ပါသည်။

“ဘော့စ်ဖေး၊ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းအတွက် အင်္ဂလိပ်ဗားရှင်း ထုတ်ဝေချင်လား”

“ကျွန်မတို ဂိမ်းအောက်မှာ နိုင်ငံခြားသားတွေအများကြီး ကောမန့်လာရေးကြတယ်။ ကျွန်မတို့ကို အင်္ဂလိပ်ဗားရှင်း ထုတ်ပေးဖို့ မျှော်လင့်နေကြတယ်”

“ပြီးတော့ ကျွန်မတို့ နိုင်ငံခြားစျေးကွက်ထဲကိုလည်း ခြေချနိုင်လောက်တယ်။ ကျွန်မတို့ရဲ့ တရုတ်ရိုးရာယဥ်ကျေးမှု အနုပညာတွေကို နိုင်ငံခြားမှာ ပေါ်လွင်စေဖို့အတွက် ပြည်တွင်း ဂိမ်းဖန်တီးသူတွေကို နိုင်ငံခြားစျေးကွက်ထဲ ခြေချဖို့ တာဝန်ရှိသူတွေက တွန်းအားပေးနေကြတာ ကြာပြီမဟုတ်လား…”

ထိုစကားကြားသောအခါ သူ့နှလုံးတွေ အခုန်မြန်လာပြန်သည်။ ချက်ချင်းဆိုသလိုပဲ သူစာပြန်လိုက်၏။ “အဲ့ဒီကိစ္စ အလောတကြီး မလုပ်ကြရအောင်”

အင်္ဂလိပ်ဗားရှင်းတောင် ထုတ်မယ်ဟုတ်လား။ ငါ့ကို အသေသတ်နေကြတာလား။

Dark Souls ဂိမ်းစီးရီး၏ ပထမဆုံးဂိမ်းက အနောက်တိုင်းမှာ ရေပန်းစားခဲ့တာကို ဖေးချမ့် ကောင်းကောင်း သိပါသည်။ အနောက်တိုင်းက လူတွေက ထိုကဲ့သို့ ခက်ခဲသည့် ဂိမ်းများ၏ နှိပ်စက်မှုကို ခံရတာ သဘောကျလေ့ ရှိကြသည်။

အရှုံးပေးပြီးကယ်တင်ခြင်းခံစေ အင်္ဂလိပ်ဗားရှင်းကိုသာ ထုတ်လိုက်ရင် ကိုယ့်သေတွင်းကိုယ် တူးလိုက်တာပဲ မဟုတ်လား။

အမှန်ပင်။ ထိုအကြံကို လုံးဝ ကန့်ကွက်နေတာ မဟုတ်ပေ။ သို့သော်လည်း ဒီတစ်သုတ်အတွက် အလွန်အရေးကြီးသည့် အခိုက်အတန့်ကို ရောက်နေတာဖြစ်သည်။ သူငွေလိုချင်ရင်တောင် အခုချိန် လုပ်လို့ မရတော့ပါ။

ငွေစာရင်းရှင်းချိန်ရောက်ဖို့က ၁ လတောင် မလိုတော့ချေ။ ဖေးချမ့် အရှုံးပေါ်ပါစေဟူသည့် မျှော်လင့်ချက်လေးဖြင့် ယွီအင်တာနက်ကဖေးဆိုင်ခွဲများ၊ လေဆန်ပို့ဆောင်ရေးရုံးများကို အလောတကြီး လိုက်ဖွင့်နေရသည်။ သူ ယွမ် သိန်းဂဏန်းလောက် အရှုံးပေါ်နိုင်ရင်တောင် သူ့အိတ်ကပ်တွေ ပြည့်သွားရုံတင်မကဘဲ စနစ်၏ အထူးဆုလာဘ်ဆိုတာကိုပါ ရနိုင်ဦးမည်။

ဒီလိုအချိန်မျိုးမှာမှ နိုင်ငံခြားစျေးကွက်ထဲ ဂိမ်းရဲ့အင်္ဂလိပ်ဗားရှင်းကို ထုတ်လုပ်လိုက်ပါက အကုန်လုံးကို ပျက်စီးသွားအောင် လုပ်လိုက်တာနဲ့ မတူဘူးလား။

ဂိမ်းကို အင်္ဂလိပ်ဗားရှင်းထုတ်ဖို့ ဘာသာပြန်ဖို့အတွက် ငွေတွေ သုံးဖို့ လိုမှာ မှန်သော်လည်း အများကြီး မကုန်ကျနိုင်လောက်ပေ။

ဘာသာပြန်လုပ်ငန်းက အနောက်တိုင်းမှာ အလွန်လေးစားစရာ လုပ်ငန်းဖြစ်သော်လည်း တရုတ်နိုင်ငံမှာတော့ ဘာသာပြန်လုပ်ငန်းက စီးပွားရေး လုပ်ငန်းတွေ့ဆုံပွဲတွေမှာ အချိန်မှီဘာသာပြန်လုပ်ငန်းတွေလောက် အရေးမကြီးပါ။ စျေးထဲက ဟင်းသီးဟင်းရွက်တွေလောက်သာ တန်ကြေးရှိသည်ဟု ဆိုနိုင်သည်။ စကားလုံး ၁,၀၀၀ ကို ယွမ် ၃၀၀ - ၄၀၀ လောက်နဲ့ ဘာသာပြန်နိုင်သည်။ ဆိုလိုရင်းက စကားလုံး သိန်းဂဏန်းလောက်သာ ရှိသည့် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းအတွက် ဘာသာပြန်ခိုင်းဖို့ဆို ယွမ် သောင်းဂဏန်းလောက်သာ သုံးဖို့ လိုအပ်ပါလိမ့်မည်။

ဘော့စ်ဖေး ဒီလောက် ငွေနည်းနည်းလေး သုံးဖို့အတွက် တန်ရဲ့လား။

နာမည်ကျော်ဘာသာပြန်တစ်ယောက်ကို ငှားမယ်ဆိုရင်တောင် အလွန်ဆုံး ယွမ် ၁၀၀,၀၀၀ ကျော်လောက်ပဲ ဖြုန်းနိုင်မည်။ အင်္ဂလိပ်ဗားရှင်းမှ ရလာမည့် အမြတ်အစွန်းနဲ့ ယှဥ်လိုက်ပါက လျစ်လျူရှုလို့တောင် ရပါသည်။ လုံးဝ မတန်ပါ။

ဖေးချမ့်သာ လီယာ့တာကို ခွင့်ပြုလိုက်ပါက သူမ၏ အစွမ်းအစနဲ့သာဆို ၂ ရက်အတွင်း သင့်တော်တဲ့ ဘာသာပြန်တွေ ရှာဖွေနိုင်ပါလိမ့်မည်။

ဘာသာပြန်တစ်ယောက်စီကို ဂိမ်း၏ မတူညီသည့် အပိုင်းတစ်ပိုင်းစီ တာဝန်ယူခိုင်းလိုက်ပါက ဒီအလုပ် အချိန်တိုအတွင်း ပြီးနိုင်သည်။

ငွေစာရင်းရှင်းချိန်က အနားနီးနေပြီဖြစ်သဖြင့် ဖေးချမ့် ဒီလိုလွဲချော်မှုမျိုး လုပ်လို့မရပါ။

ထို့ကြောင့် ဖေးချမ့် သူမကို ကန့်ကွက်လိုက်သည်။ သူဂိမ်းကို ဘာသာပြန်ချင်တယ် ဆိုရင်တောင် ငွေစာရင်း ရှင်းပြီးချိန်အထိ စောင့်ရမည်။

ဖေးချမ့် လည်ချောင်းရှင်းလိုက်၏။ “ရုတ်တရက်ဆန်နိုင်လွန်းတယ်”

“နိုင်ငံခြားစျေးကွက်ထဲကို ခြေချဖို့အတွက်ဆို ငါတို့ မှန်ကန်တဲ့ အချိန်ကို စောင့်ရမယ်။ အချက်အလက်တိုင်း မှန်ကန်နေမှ ဖြစ်မှာနော်။ လုံလောက်တဲ ရင်းမြစ်နဲ့ ထောက်ခံမှုတွေမရှိရင် ငါတို့ ခြေချချလိုက်ချင်းမှာပဲ အရှုံးပေါ်သွားနိုင်တယ်”

“ဟုတ်ပါတယ်။ ငါတို့ ကြောက်နေရမယ်လို့ ပြောတာမဟုတ်ဘူး။ ဒီတိုင်း ဒီကိစ္စက ငါတို့ကုမ္ပဏီရဲ့ ရေရှည် အစီအစဥ်နဲ့ သက်ဆိုင်နေတယ်လို့ ပြောချင်တာ။ ငါတို့ ပိုသတိထားရမယ်လေ”

“ပြည်တွင်းစျေးကွက်ထဲမှာပဲ ငါတို့ရဲ့ နေရာကို အရင်မြဲအောင်လုပ်ကြစို့။ ဂိမ်းကို တခြား ဘာသာစကားတွေ ပြောင်းလဲဖို့ကိုတော့ နောက်လလောက်ထဲ စဥ်းစားလို့ရတယ်”

“လောလောဆယ် အချိန်တွင်း သင့်တော်တဲ့ ဘာသာပြန်သမားတွေ ရှာထားလိုက်လေ။ သူတို့ ဂိမ်းကို ဘယ်ချိန် စပြီး ဘာသာပြန်ရမလဲဆိုတာကိုတော့…. နောက်လထဲမှာ ဆက်ပြီး ဆွေးနွေးတာပေါ့”

လီယာ့တာက ပြန်ဖြေလိုက်သည်။ “သြော် ဒါပေမယ့် အခု နိုင်ငံခြား ကစားသမားတွေအတွက် ဘာလုပ်ပေးရမလဲဟင်။ သူတို့က သနားဖို့ကောင်းတယ်။ သူတို့ကို နောက်လလောက်အထိ အဘိဓာန်တွေ ခေါက်ရင်း ကစားခွင့်ပေးရမှာလား”

ဖေးချမ့်က တည်တံ့စွာဖြင့် ပြောလိုက်သည်။ “အဲ့တာဘာဖြစ်လို့လဲ။ ဒါသူတို့ မန််ဒရင်းစကား သင်ယူနိုင်မယ့် အခွင့်အရေးကောင်းပဲလေ”

“အခုငါတို့ ဂိမ်းကို ကစားနေတဲ့လူတွေက မန်ဒရင်းစကားနည်းနည်း နားလည်ထားလောက်တယ်။ အဘိဓာန်တွေသုံပြီး သူတို့မေ့နေတဲ့ အသိပညာတွေ ပြန်နွှေးကြပါစေလား။ သူတို့ ကစားရင်းနဲ့ မန်ဒရင်း အသုံးအနှုန်းတွေလည်း သင်ယူပြီးသား ဖြစ်သွားလိမ့်မယ်။ အဲ့တာ မကောင်းဘူးလား”

“မန်ဒရင်းစကား လုံးဝ နားမလည်တဲ့လူတွေကတော့… ဘယ်လိုဖြစ်ဖြစ် စောင့်ရမှာပဲ။ တစ်လလောက် စောင့်ရတာ အဲ့လောက် အများကြီး မခြားနားသွားပါဘူး”

“ပြီးတော့ ငါတို့ဂိမ်းထဲမှာ ရှေးဟောင်းကဗျာစာတွေ အများကြီးပါတယ်။ ဘာသာပြန်တွေက အဲ့တာတွေကို ဘာသာပြန်ဖို့ဆိုရင် ဘယ်လောက်ကြာလိုက်မလဲ။ ဘာသာပြန်တာကို အလောတကြီးလုပ်ရင် အရည်အသွေး ထိခိုက်သွားနိုင်တယ်။ နိုင်ငံခြားသားတွေအကြား လှောင်ရယ်စရာကြီး ဖြစ်သွားဦးမယ်။ အဲ့တာကြောင့် အဲ့ကိစ္စတွေကို မလောသင့်ဘူး။ ရေရှည်ကို စဥ်းစားရမယ်။ အခုချိန်မှာတော့ နာမည်ကြီးပြီး ကျွမ်းကျင်တဲ့ ဘာသာပြန်တွေ စရှာထားလို့ရတယ်။ တစ်ယောက်နှစ်ယောက် တွေ့ပြီဆိုမှ အဲ့ကိစ္စတွေ ထပ်ဆွေးနွေးကြတာပေါ့”

လီယာ့တာ ခေတ္တစဥ်းစားကြည့်လိုက်ပြီး ဘော့စ်ဖေးပြောတာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရပါသည်။ “ကောင်းပါပြီ။ ကျွန်မ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်လိုက်ပါ့မယ်”

ဖုန်းချပြီးနောက် ဖေးချမ့် သက်ပြင်းအရှည်ကြီးချလိုက်ပါသည်။

ငါဉာဏ်ကောင်းလို့ တော်သေးတာပေါ့။ ပြဿနာအကြီးကြီး တက်တော့မလို့။

နောက်အပတ် ပြဿနာများကို နောက်အပတ်မှ ဖြေရှင်းလို့ရသည်။ ဒီရက်ပိုင်းအတွင်း သူတို့ အကုန်လုံးကို ဇွတ်ထည့်ဖို့ မလုပ်သရွေ့ ငွေစာရင်းရှင်းချိန်ပြီးမှ ဆွေးနွေးနိုင်ပါသည်။

ဖေးချမ့် ကိုယ့်စိတ်ကို ကိုယ်လျှော့လိုက်သည်။ ခဏကြာသောအခါ ဟွမ်ယုထျန်ကျဲသို့ ရောက်ရှိလာ၏။

ကားထဲက ဆင်းလိုက်ပြီး တတိယထပ်ရှိ ယွီအင်တာနက်ကဖေးဆီသို့ တန်းဦးတည်လိုက်သည်။

ဖေးချမ့် ဒီရက်ပိုင်းထဲ ထန်းတာ့ကိုသာ စောင့်ကြည့်နေရသဖြင့် ယွီအင်တာနက်ကဖေးကို လာမကြည့်မိတာ ကြာပါပြီ။ သူစိတ်မလျှော့နိုင်ခင် ဒီနေ့ အခြေအနေကို ကိုယ်တိုင် လာကြည့်ဖို့ လိုအပ်သည်။

သို့သော် အင်တာနက်ကဖေးထဲ မဝင်ရသေးခင်မှာပဲ တစ်ခုခုလွဲနေသလို ဖေးချမ့် ခံစားလိုက်ရ၏။

တနင်္ဂနွေနေ့ နေ့လည်ခင်းအချိန် ဖြစ်သည်။ ဒါက ကျင်းကျိုးမြို့ရဲ့ အကြီးမားဆုံး ရှော့ပင်းမောကြီး ဖြစ်သဖြင့် ဟွန်ယုထျန်ကျဲမှာ လာရောက်သူများစွာ ရှိပါသည်။

ပုံမှန်ဆိုရင်တော့ ယွီအင်တာနက်ကဖေးက တတိယထပ်မှာ ရှိနေသဖြင့် ဘာသက်ရောက်မှုမှ မရှိနိုင်ပါ။ ဘာပဲဖြစ်ဖြစ် ဒီကိုလာတဲ့လူအများစုက ရှော့ပင်ထွက်ဖို့၊ စားသောက်ဖို့၊ ရုပ်ရှင်ကြည့်ဖို့ လာရောက်ကြသူများ ဖြစ်ကြသည်။ ဂိမ်းကစားဖို့ လာရောက်သည့်လူက အလွန်နည်း၏။

ယွီအင်တာနက်ကဖေးအတွက် သင့်တော်သည့် နေရာများကို ရှာခဲ့စဥ်တုန်းက တတိယထပ်ရှိ အထည်ဆိုင် ၂ ဆိုင်မှာ တောတော်လေး လူခေါင်နေမှန်း သတိထားမိသည်။ ကော်ဖီဆိုင်မှာတောင် လူသိပ်မရှိပါ။ ထို့ကြောင့် ယွီအင်တာနက်ကဖေးဆိုင်ခွဲသစ်ကို ဒီမှာ ဖွင့်ဖို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေက တစ်ခုခု မှားယွင်းနေသလိုပင်။

ဖေးချမ့် ဓာတ်လှေကားဖြင့် အပေါ်ထပ် တက်လာခြင်းဖြစ်သည်။ ဓာတ်လှေကားထဲမှာ လူတွေ အများကြီး ရှိနေ၏။ ပထမတော့ ဖေးချမ့် သိပ်စိတ်မပူပါ။ ဒီလူတွေက ရုပ်ရှင်ကြည့်ဖို့၊ သို့မဟုတ် အစားအသောက် စားကြဖို့ တက်လာကြသည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ဒီလူအုပ်ကြီး တစ်အုပ်လုံးက တတိယထပ်မှာ ဆင်းလိုက်ကြသဖြင့် ဖေးချမ့် တုန်လှုပ်သွားသည်။

မှင်သက်စွာဖြင့် ဖေးချမ့် ဓာတ်လှေကားထဲမှ နောက်ဆုံးထွက်လာသူ ဖြစ်သွားသည်။ လူအုပ်ကြီး တစ်အုပ်လုံး ယွီအင်တာနက်ကဖေးဆိုင်သို့ ဦးတည်နေတာကို ကြည့်ရင်း သူ့မျက်လုံများ ပြူးထွက်လာသည်။

နေဦး ရပ်ကြစမ်း ဘာလုပ်နေကြတာလဲ လမ်းလျှောက်နေတာ ရပ်လိုက်ကြစမ်း။

ဖေးချမ့် ယွီအင်တာနက်ကဖေးဆီသို့ ခပ်သွက်သွက် လျှောက်လာသည်။ အင်တာနက်ကဖေးထဲကို ကြည့်လိုက်ချိန်မှာတော့ လည်ချောင်းထဲ လေနင်ပြီး သတိလစ်ချင်သွားလေသည်။

ထိုင်ခုံများ၏ ၆၀ ရာခိုင်နှုန်းလောက်က လူတွေပြည့်နေပါပြီ။ လက်ရှိအခြေအနေတွေတိုင်းသာဆို အရှုံးကနေ အမြတ်ဖြစ်ဖို့အတွက် သိပ်မကြာလောက်တော့ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။

ခါးသီးတဲ့ ဇာတ်သိမ်းတွေ ချိုမြိန်တဲ့ နိဒါန်းတွေ အကုန် ယီးပဲ။

ဖေးချမ့် ချက်ချင်းပဲ မာယန်နဲ့ ကျန်းယွမ်တို့ကို လိုက်ရှာလိုက်သည်။

ဒီကောင်တွေ ဘယ်မှာလဲ ငါ့အင်တာနက်ကဖေးကို ဒီလိုဖြစ်သွားအောင် လုပ်လိုက်တာ ဒီနှစ်ကောင် လက်ချက်ပဲ ဖြစ်မယ် ဒီကိစ္စအတွက် တာဝန်ရှိတဲ့သူ အပြစ်တင်ခံရမယ်။ မိတာနဲ့ အသေသတ်ပစ်မယ်၊

ဖေးချမ့် အင်တာနက်ကဖေးထဲသို့ ထပ်လျှောက်လာခဲ့၏။ ခပ်ဝေးဝေးရောက်လေလေ နှလုံးခုန်နှုန်း ပိုမြန်လာလေလေပင်။

နောက်ဆုံးတစ်ခေါက် ဒီလိုမျိုး ကြုံတွေ့ခဲ့ရတာက ယွီအင်တာနက်ကဖေး ပင်မဆိုင်မှာ ဖြစ်သည်။ သို့သော်လည်း ပင်မဆိုင်မှာ ထိုအချိန်တုန်းက ရေပန်းစားခဲ့သည်ဟု ဆိုသော်လည်း လူအုပ်ကြီးက ချန်းလဲ့နဲ့ သောက်စရာများအတွက်သာ အဓိက လာရောက်ကြခြင်း ဖြစ်သည်။

ဒီတစ်ခေါက်က ဒီဆိုင်မှာ အင်တာနက်ကဖေးသာ ရှိသည်။

ဒီလူတွေအားလုံးက ဂိမ်းထိုင်ခုံတွေမှာ ထိုင်နေကြပြီး ဂိမ်းကို လေးလေးနက်နက် အာရုံစူးစိုက်နေကြသည်။ အများစုက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းကို ကစားနေကြ၏။ စုံတွဲတချို့နဲ့ သူငယ်ချင်းအုပ်စုများ တချို့တောင် ရှိပါသေးသည်။ အင်တာနက်ကဖေးကြီးက စည်ကားလျက် ရှိသည်။ အရင်တုန်းကလောက် အေးစက်ခြောက်သွေ့မနေတော့ပါ။

နာကျင်လိုက်တာ။

ဖေးချမ့် အနားယူသည့်နေရာကို ရောက်လာပြီး ဆရာချောင်း၏ ဗီဒီယိုကို ဖန်သားပြင်ပေါ်မှာ မြင်လိုက်ရပါသည်။

တချို့ ကတ်စတမ်မာတွေက အနားယူသည့်နေရာရှိ စားပွဲရှည်ကြီးတွင် ဝိုင်းရံကာ ထိုင်နေကြသည်။ တချို့က ကော်ဖီသောက်ကာ တချို့က မစ်တီးသောက်နေသည်။ သောက်ကြစားကြရင်း ဆရာချောင်း၏ Walkthrough ကိုလည်း နားထောင်နေကြသည်။ မကြာခဏဆိုသလို သူတို့မျက်နှာတွေမှာ နားလည်သဘောပေါက်မှု အရိပ်အယောင်တွေ ပေါ်လာပါသည်။

မာယန်လည်း အနားယူသည့်နေရာတွင် ထိုင်နေသည်။ သို့သော် ဘာကြောင့်မှန်းမသိဘဲ ကျန်းယွမ်တော့ ရှိမနေပေ။

“ညီအစ်ကိုချမ့် ရောက်နေတာလား”

မာယန်၏ မျက်နှာရှည်ရှည်ပေါ်တွင် သွားဖြီးအပြုံးကြီးတစ်ခုပေါ်လာပြီး ဖေးချမ့်ကို အနားယူသည့်နေရာတွင် ကြိုဆိုလိုက်ပါသည်။

“ကော်ဖီသောက်ဦးမလား။ ဟိုဘက်မှာ ကော်ဖီဆိုင်ရှိတယ်လေ။။ ငါတို့ အင်တာနက်ကဖေး လူစည်လာတာ သတိထားမိလို့ ငါတို့နဲ့ လုပ်ငန်းပူးတွဲပြီး ကတ်စတမ်မာတွေကို ၃၀ ရာခိုင်နှုန်း ဒစ်စ်ကောင့် ပေးထားတာ သူတို့ဆီက သောက်စရာတွေကလည်း တကယ်ကောင်းတယ်။ ကြည့်လိုက် ဒီကလူတွေ အကုန်သောက်နေကြတာ ဟဲဟဲ”

ဖေးချမ့် နှုတ်ခမ်းထောင့်များ တွန့်သွားသည်။

မာယန်က သူ့မျက်နှာကို ဓားဖြင့်တည့်တည့် ထိုးလိုက်သလိုပင်။ ဖေးချမ့် လုံးဝ ကြက်သေသေသွားရသည်။

“ဒီနေ့… ဘာလို့ဒီလောက်လူတွေ များနေတာလဲ” ဖေးချမ့်က တုန်ယင်စွာ မေးလိုက်သည်။

မာယန်က ဇဝေဇဝါဖြစ်လျက် ပြန်ဖြေ၏။ “ဟမ်။ အဲ့လိုတော့ မဟုတ်ပါဘူး။ ဒီမှာ နေ့တိုင်း ဒီလောက်လူတွေ များပါတယ်”

ဖေးချမ့် “...”

ဘာကွ မျက်နှာရှည်ကောင်၊ ငါ့ကို ဒေါသဖြစ်အောင် လုပ်ပြီး သတ်နေတာလား။ မင်း အဲ့လိုလုပ်လို့ ဘာရမှာလဲ။

ဖေးချမ့် ကိုယ့်ကိုယ်ကို အတင်း စိတ်လျှော့ခိုင်းလိုက်သည်။ “အဲ့တော့ ဒီလူတွေ အကုန်လုံး ဘယ်ချိန်က စများလာတာလဲ”

အူကြောင်ကြောင်နိုင်စွာ မာယန်က ပြန်မေးလိုက်၏။ “ညီအစ်ကိုချမ့် မင်းမသိဘူးလား။ မင်း အရှုံးပေးပြီးကယ်တင်ခြင်း ခံစေ ဂိမ်းနဲ့ အလုပ်တွေ ရှုပ်နေတုန်း များလာတာလေ”

“ငါအရင်တုန်းက သတိမထားမိခဲ့ဘူး။ အဲ့တုန်းက ငါတို့ အင်တာနက်ကဖေးမှာ လူတွေ အများကြီးမှ မရှိခဲ့တာ။ ဒါပေမယ့် လတ်တလော ကျင်းကျိုးမှာ ဖြစ်ခဲ့တဲ့ အရာတွေအားလုံးကြောင့် ငါတို့နာမည်ကောင်း ရလာတာပဲ”

“ဒီဆိုင်ခွဲက အသစ်ဆိုပေမယ့် ချွမ်းမင် Review မှာလည်း အဆင့်သတ်မှတ်ချက် မြင့်မြင့် ရထားတယ်”

“ပထမတော့ လူနည်းနည်းပဲ လာတာ။ ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့ လာတဲ့လူတွေလည်း တိုးလာတာပဲ။ ရှော့ပင်ထွက်ပြီးရင် လူတွေက အနားယူဖို့ နေရာတစ်ခုရှာချင်ကြတယ်။ ကော်ဖီဆိုင်ကလည်း လူပြည့်နေတော့ ငါတို့အင်တာနက်ကဖေးဆီ ရောက်လာကြတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုရှော့ပင်းမောကြီးထဲမှာ တစ်နာရီ ၁၀ ယွမ်လောက် သုံးရတာက အများကြီးမှ မဟုတ်တာ”

“ညီအစ်ကိုချမ့် နောက်တော့ ဘာဆက်ဖြစ်လဲသိလား။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က သူတို့ ရှော့ပင်းမောထဲမှာ ဧရာမ စကိတ်ကွင်းကြီးတစ်ခု ပြင်ဆင်လို့ ပြီးသွားပြီး တရားဝင် ဖွင့်လိုက်ကြတယ်”

“အဖေတွေ အများကြီး သူတို့ကလေးတွေကို ရေခဲစကိတ်စီးဖို့ ဒီကို လိုက်ပို့ကြတယ်လေ။ သူတို့ ကလေးတွေ ရေခဲစကိတ်စီးတာ ၁ နာရီကျော်လောက် ကြာမှာ ဆိုတော့ အဖေတွေက အင်တာနက်ကဖေးမှာ ဂိမ်းလာကစားရင်း စောင့်ကြတာပေါ့”

“တချို့ ယောက်ျားလေးတွေကလည်း သူတို့ကောင်မလေးတွေ ဆံပင်၊ လက်သည်းဘာညာ အလှဆင်ဖို့ လိုက်ပို့ကြတယ်လေ။ အဲ့တာတွေက တစ်ခါတစ်လေ နာရီနဲ့ချီပြီး ကြာတာဆိုတော့ အချိန်ဖြုန်းဖို့ သူတို့လည်း ငါတို့ အင်တာနက်ကဖေးဆီ ရောက်လာကြတာပဲ”

“အဲ့တာတွေ အားလုံးအပြင် ငါတို့ ဂုဏ်သတင်းလည်း တော်တော်မွှေးနေတယ်။ ဆရာချောင်းကလည်း သူ့ဗီဒီယိုတွေထဲမှာ ငါတို့ကို ကြော်ညာပေးသွားသေးတယ်။ ချွမ်းမင် Review က ဝမ်ဖန်းလည်း ငါတို့ကို ထောက်ခံပေးထားတယ်”

“ဟုတ်တာပေါ့ အရေးအကြီးဆုံး အချက်က အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ရေပန်းစားလာတာကြောင့်ပဲ။ အင်တာနက်ကဖေးကိုပါ သူနဲ့ အတူ နာမည်ကြီးသွားစေတယ်။ ငါတို့ရဲ့ ကတ်စတမ်မာ အများစုက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေကို ချောချောမွေ့မွေ့ ကစားချင်ကြတာလေ။ အဲ့တာကြောင့် သူတို့ နေ့တိုင်း ရောက်လာကြတယ်။ ညီအစ်ကိုချမ့်၊ မင်းက လတ်တလော ထန်းတာ့လုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား။ ဒီကိစ္စတွေကို လုပ်နေတာ မဟုတ်ဘူးလား”

ဖေးချမ့် တကယ် ဘာမှ မပြောတတ်တော့ပေ။

ဘာ။ ဘယ်လိုဖြစ်ပြီး ငါ့အပြစ်ဖြစ်လာပြန်တာလဲ။ ငါက အရှုံးပေးပြီးကယ်တင်ခြင်းခံစေကို ဒီလိုဖြစ်လာစေချင်တယ်ထင်လို့လား။

မာယန်က အနည်းငယ် ဝမ်းနည်းသွားသည့်ပုံစံဖြင့် ပြောလိုက်သည်။ “ငါတို့ အမြတ်ရဖို့ အဝေးကြီးလိုသေးတာတော့ နှမြောဖို့ကောင်းတယ်… အရင်တုန်းကထက် အများကြီး အဆင်ပြေနေတယ် ဆိုရင်တောင်ပေါ့။ ညီအစ်ကိုချမ့် မင်းလည်း အခုလက်ရှိ အခြေအနေကို သဘောမကျဘူးမလား။ ငါတို့ ဒီ့ထက် ပိုပြီး ရေပန်းစားလာသင့်တယ်လို့ ထင်တယ်မလား”

ဖေးချမ့် နှုတ်ခမ်းထောင့်များ တွန့်သွားသည်။

ငါ မပျော်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အကြောင်းအရင်းက တခြားစီပဲ။

ပိုအရေးကြီးသည့် ပြဿနာတစ်ခုကို စဥ်းစားမိလိုက်ပြီး ချက်ချင်း မေးလိုက်ပါသည်။ “တခြား ဆိုင်ခွဲတွေကော အခြေအနေ ဘယ်လိုရှိလဲ”

ပျော်ပျော်ရွှင်ရွှင်ဖြင့် မာယန်က ပြန်ဖြေသည်။

“ငါတို့ တခြား ဆိုင်နေရာတွေ ရွေးပြီးပြီ။ ရိုးရိုးရှင်းရှင်း ပြုပြင်မှုတွေ လုပ်ဖို့ပဲ လိုတော့တယ်။ နောက်အပတ်ထဲ ဆိုင်တွေ ဖွင့်လို့ ရလောက်ပြီ”

ဖေးချမ့် ခပ်မြန်မြန်ပဲ လက်ရမ်းပြလိုက်ပါသည်။

“အရေးမကြီးတော့ဘူး၊ အဲ့ဒီဆိုင်တွေ ဖွင့်လှစ်ဖို့ကို နောက်တစ်ပတ်ကျော်အထိ ရွှေ့ဆိုင်းလိုက် ၂၄ ရက်နေ့ အပတ်ကိုပြောတာ ဘာမှ အလောတကြီး လုပ်ဖို့ မလိုတော့ဘူး နားလည်လား”

ပထမတော့ တခြားဆိုင်ခွဲတွေဖွင့်လည်း ဘာမှ မထူးလောက်ဘူးဟု ဖေးချမ့် ထင်ခဲ့၏။ သို့သော်လည်း ဟွမ်ယုထျန်ကဲ၏ ဆိုးဆိုးရွားရွား အခြေအနေကို မြင်ပြီးနောက် တော်တော်လေး ထူးသွားနိုင်သည်ဟု ဖေးချမ့် နားလည်လိုက်ပါသည်။

တခြားဆိုင်တွေကိုသာ အစောကြီး ဖွင့်လိုက်ပါက ရလဒ်အနေဖြင့် ၎င်းတို့လည်း ကတ်စတမ်မာများစွာကို ရရှိသွားနိုင်သည်။ ဖေးချမ့် ရှင်းစရာ ပြဿနာတွေ ပိုပြီးတောင် များလာနိုင်ပါသည်။

ထို့ကြောင့် တခြား ဆိုင်ခွဲ ဖွင့်လှစ်မှုတွေကို ငွေစာရင်းရှင်းချိန် တစ်ပတ်အလိုသို့ ရွှေ့ပြောင်းလိုက်ရသည်။ ဆိုလိုရင်းက တစ်ပတ်တာ ဝင်ငွေ မရရှိတော့မှာ ဖြစ်သည်။ သူ့ကိုယ်သူ ဖိအားတွေ အများကြီး မပေးချင်ပါ။

မာယန် ရပ်တန့်သွားသည်။ “ဒါပေမယ့် ငါတို့ ဆိုင်ငှားခတောင် ပေးပြီးသွားပြီ။ ဘာလို့ ရွှေ့ဆိုင်းချင်တာလဲ…”

ဖေးချမ့် တည်တည်တံ့တံ့ဖြင့် ပြန်ပြောလိုက်ပါသည်။ “အချိန်ကောင်းကို စောင့်ရအောင်။ မေးခွန်းတွေ အများကြီး မမေးနဲ့။”

All Chapters