စနစ်ယူနစ်တွေမှာ Logo တပ်ခြင်း
Vol. 20 Ch. 291
လီယာ့တာ အလျင်အမြန်ပဲ ပြန်ဖြေလိုက်၏။ “သြော် ဟုတ်ကဲ့ သိပ်မကြာသေးခင်ကမှ ကျွန်မ ဘာသာပြန်လုပ်ငန်းတချို့ကို ဆက်သွယ်ခဲ့သေးတယ်။ ဒါပေမယ့် အဲ့ဒီဘာသာပြန်တွေအတွက် အရှုံးပေးပြီးကယ်တင်ခြင်းခံစေက စံနှုန်းနည်းနည်းမြင့်လွန်းနေလို့။ သင့်တော်တဲ့ ဘာသာပြန်ကိုတော့ ရှာမတွေ့သေးပါဘူး”
“အတွေ့အကြုံရှိတဲ့ ဘာသာပြန်တွေကို ဆက်သွယ်ဖို့ ထပ်ကြိုးစားနေပေမယ့် နည်းနည်းတော့ အချိန်ကြာလောက်တယ်…”
တစ်ဖက်လူက ပြုံးလိုက်ပါသည်။ “ကောင်းတာပေါ့”
“တရားဝင်ပလက်ဖောင်းက အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို တရုတ်ရိုးရာယဉ်ကျေးမှုကို ပုံဖော်နိုင်မယ့် ဂိမ်းတွေအတွက် စံပြအဖြစ် ဖန်တီးဖို့ စဉ်းစားနေတာ။ ခင်ဗျားတို့ သဘောတူမယ်ဆိုရင် ခင်ဗျားတို့ကိုယ်စား အတွေ့အကြုံရှိတဲ့ ဘာသာပြန်တွေကို ကျွန်တော်တို့လည်း ရှာပေးလို့ရပါတယ်။ ဘာသာပြန်က စစ်မှန််ပြီး ရှင်းလင်းမယ်လို့ ယုံကြည်တယ်။”
“ဘာသာပြန်ကြေးနဲ့ တခြား အသေးအဖွဲကိစ္စတွေကိုလည်း ဘာမှ စိတ်ပူစရာ မလိုဘူးနော်။ ကျွန်တော်တို့မှာ အဲ့ဒီကိစ္စတွေ ဖြေရှင်းဖို့အတွက် ပရော်ဖက်ရှင်နယ်တွေ ရှိပါတယ်”
“ကျွန်တော်တို့ အင်္ဂလိပ်ဗားရှင်းနဲ့ ဂျပန်ဗားရှင်းတို့ကို အရင်ထုတ်ကြည့်ဖို့ စဉ်းစားထားတယ်။ ပြီးမှ တခြား ဘာသာတွေနဲ့ ထုတ်လုပ်ဖို့ အချိန်ယူကြတာပေါ့။ လောဖို့ မလိုပါဘူး”
လီယာ့တာ ဝမ်းသာသွားပါသည်။ “အဆင်ပြေတာပေါ့ အဲ့လိုဆို သိပ်ကောင်းတာပေါ့”
တရားဝင်ပလက်ဖောင်းမှာ ထန်းတာ့လို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုထက် အဆက်အသွယ်နဲ့ ရင်းမြစ်တွေအများကြီး ပိုရှိမှာ သူမ သိပါသည်။ သူတို့ပါ ဝင်ပါပြီး သင့်တော်သည့် ဘာသာပြန်များ ကူညီ ရှာဖွေပေးပါက ကျွမ်းကျင် ဘာသာပြန်တွေကို ငှားနိုင်လောက်ပါသည်။
လီယာ့တာ ကမ်းလှမ်းချက်ကို သဘောတူပြီးနောက် ကိစ္စတချို့ကို ထပ်ဆွေးနွေးကာ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ ဖလှယ်ခဲ့ကြပါသည်။
ကျန်လုပ်ငန်းများကို တစ်ဆင့်ချင်း ဆောင်ရွက်ဖို့ လိုအပ်သေးသော်လည်း တရားဝင်ပလက်ဖောင်း၏ အားကောင်းသည့် ထောက်ပံ့ပေးမှုနဲ့သာဆို အဆင်ပြေချောမွေ့မည်ဟု လီယာ့တာ သေချာပါသည်။
ဖုန်းချပြီးနောက် လီယာ့တာတစ်ယောက် အံ့ဖွယ်ဖြစ်ရပ်အား စတင်စဉ်းစားသည်။
တရားဝင်ပလက်ဖောင်းက အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းအား တခြား ဘာသာစကားများအဖြစ် ဘာသာပြန်ဖို့ ကမ်းလှမ်းသည်။ ထို့အပြင် သူတို့ကိုယ်စား ဂိမ်းကို မားကတ်တင်းဆင်းပေးဖို့တောင် ဦးဆောင် ကမ်းလှမ်းသည်။ သို့သော်လည်း ထပ်စဉ်းစားကြည့်မှ ဖြစ်သင့်မှန်း လီယာ့တာ တွေးမိပါသည်။
အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက အကြောင်းအရာ ကြွယ်ဝသည့် အရည်အသွေးမြင့် ဂိမ်းတစ်ခု ဖြစ်ပါသည်။ တရားဝင်ပလက်ဖောင်းအတွက် ပြီးပြည့်စုံသည့် မားကတ်တင်း အခွင့်အလမ်း ဖြစ်သည်။
Bloody Battle Song ၏ မိုဘိုင်းဗားရှင်းမှ Game Designer အထိ ဖြစ်ပျက်ခဲ့သမျှကို ပြန်ကြည့်သောအခါ တာဝန်ရှိသူများက ဂုဏ်သိက္ခာရှိပြီး အဓိပ္ပာယ်လေးနက်သည့် မူရင်းဂိမ်းများကို ထောက်ခံကြောင်း ပြောနိုင်ပါသည်။
ထို့အပြင် အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက ဂိမ်းကစားနည်းနဲ့ အရည်အသွေးအရ ကောင်းမွန်ရုံတင်မကဘဲ ရိုးရာယဉ်ကျေးမှုလည်း ကြွယ်ဝစွာ ပါဝင်သည်။ နိုင်ငံခြားသားတိုင်းက ဂိမ်းကို ကစားရင်း အဘိဓာန်ကြည့်ရတာကို စိတ်မညစ်ကြပါ။ ဂိမ်းရဲ့ ဆွဲဆောင်မှုအား ဒီအချက်က အထောက်အကူ အများကြီးပြုခဲ့မှန်း သိသာပါသည်။
ဒါက တရားဝင်ပလက်ဖောင်းက လိုချင်နေတဲ့ ဂိမ်းမျိုးပဲ မဟုတ်လား။
ထို့ကြောင့် သူတို့ အပြည့်အဝ ထောက်ပံ့ပြီး ဘာသာပြန်ဖို့ ဦးဆောင်ကမ်းလှမ်းခဲ့တာ ယုတ္တိရှိပါသည်။
လီယာ့တာ နားလည်သဘောပေါက်သွားခဲ့၏။
“မဟုတ်မှလွဲရော ဘော့စ်ဖေး ဒီလိုဖြစ်လာမှာကို ကြိုတွေးထားပြီးသားလား”
“ဘော့စ်ဖေး အရင်က ဘာပြောခဲ့လဲ”
“သူပြောခဲ့တာက နိုင်ငံခြားစျေးကွက်ထဲ ခြေချဖို့ အချိန်မှန်ကို စောင့်ဖို့ လိုအပ်တယ်တဲ့။ အချက်အလက်တိုင်း မှန်ကန်နေမှ ဖြစ်မယ်တဲ့။ လုံလောက်တဲ့ ရင်းမြစ်နဲ့ ထောက်ပံ့မှုမရှိရင် ခြေချချချင်းမှာပဲ ကျရှုံးသွားနိုင်တယ်တဲ့”
“ငါတို့မှာ အခု ရင်းမြစ်ကော ထောက်ခံမှုကော ရှိနေပြီ ငါတို့ နိုင်ငံခြားစျေးကွက်ထဲ ခြေချဖို့ စောင့်စရာ မလိုတော့ပါဘူး ဟုတ်တယ်မလား”
“ကြည့်ရတာ ဘော့စ်ဖေးက ဒီအခွင့်အရေးကို စောင့်ဖို့ ငါ့ကို စိတ်ရှည်ရှည်ထားခိုင်းထားတာ ဖြစ်မယ်။ တရားဝင် ပလက်ဖောင်းက ဒီလထဲ တစ်ခုခု လုပ်တော့မယ်ဆိုတာကို သူသိနေတာ။ အဲ့တာကြောင့် သူ အရမ်း တည်ငြိမ်နေတာပေါ့”
“အမ်… ဒါပေမယ့် ဘော့စ်ဖေးက နောက်လကျမှ ဂိမ်းကို ဘာသာပြန်ဖို့ စဉ်းစားမယ်လို့ ပြောသွားတယ်”
“တရားဝင်ပလက်ဖောင်းက နောက်လမှ ဂိမ်းကို သတိထားမိသွားပြီး အဲ့ဒီကျမှ ဘာသာပြန်ဖို့ စီစဉ်ပေးမယ်လို့ ဘော့စ်ဖေး ခန့်မှန်းထားတာလား”
“အဲ့တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဂိမ်းရေပန်းစားလာပြီး တရားဝင်ပလက်ဖောင်း သတိထားမိဖို့က အချိန်ယူရတာပဲ။ ဧကန္တ ဘော့စ်ဖေးက အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်း ဒီလောက်မြန်မြန် ရေပန်းစားလာမယ်လို့ ထင်မထားတာ ဖြစ်မယ်”
“ကောင်းတယ်။ ငါ အခုချက်ချင်းပဲ ဘော့စ်ဖေးကို သတင်းကောင်းပါးလိုက်တော့မယ်”
“သူရုံးမှာ မရှိတာ နှမြောစရာပဲ။ ရှိနေရင် သူ့ကို တရားဝင်ပလက်ဖောင်းဝန်ထမ်းနဲ့ ကိုယ်တိုင် စကားပြောခိုင်းလိုက်ပါတယ်။ သူအရမ်းတွေ အပျော်လွန်သွားမှာ။ ဟုတ်တယ်မလား။”
လီယာ့တာ ရင်ထဲတွင် အောင်ပွဲခံရင်း ဘော့စ်ဖေး ဖုန်းနံပါတ်ကို နှိပ်လိုက်ပါသည်။
“ဟပ်ချိုး”
အငှားတိုက်ခန်းထဲ စောင်ခြုံကွေးလျက် ဖေးချမ့် ရုတ်တရက်ကြီး နှာချေမိသွားသည်။ တံတွေးကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး ခပ်လှမ်းလှမ်းက အမှိုက်ပုံးထဲ လှမ်းပစ်ထည့်လိုက်ပါသည်။ သို့သော် မဝင်ဘဲ အမှိုက်ပုံးဘေး ကြမ်းပြင်ပေါ် ကျသွား၏။
“ယီးထဲမှ”
ဖေးချမ့် ဆွံ့အသွားသည်။ စောင်ကို ဘေးဖယ်လျက် ကုတင်ပေါ်က ခုန်ဆင်းလိုက်ကာ တစ်ရှူးကို အမှိုက်ပုံးထဲ သေချာထည့်လိုက်၏။ ထို့နောက် ကုတင်ပေါ် အလင်းလို အမြန်နှုန်းနဲ့ ပြန်ခုန်တက်ပြီး အပျင်းဆက်ထူနေလိုက်၏။
ဒီနေ့ အလုပ်သွားစရာမလိုပါ။ အဘယ့်ကြောင့်ဆိုသော်… တုပ်ကွေးနေခြင်းကြောင့်ပင်။
သူတို့က ယခု ဆောင်းဦးနဲ့ ဆောင်းရာသီအကြား ကာလကို ရောက်နေပြီ ဖြစ်သည်။ ရာသီဥတုက ပိုပိုအေးလာပြီ။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဟိုပြေးဒီပြေးလုပ်ခဲ့ရသဖြင့် ဖေးချမ့် တုပ်ကွေးမိနေပါပြီ။
ထို့ကြောင့် ဒီနေ့ ဘယ်မှ မသွားဖို့ ဆုံးဖြတ်ထား၏။ အလောင်းကောင်လို ကုတင်ပေါ်လှဲနေပြီး သောက်နိုင်သမျှ ရေနွေးတွေ သောက်ဖို့သာ စီစဉ်ထားသည်။
“တော်တော်သနားဖို့ကောင်းတဲ့ ငါပါလား”
ဖေးချမ့် ငြီးတွားလိုက်ပါသည်။
ဒီဇာတ်လမ်းက ငါထင်ထားတာထက် ဘာလို့ ဒီလောက်ကွဲပြားနေရတာလဲ။
ငါ့မူလအစီအစဉ်အတိုင်းဆိုရင် အေးအေးဆေးဆေး ပက်လက်လှန်နေပြီး ငါ့အမြတ်အစွန်းတွေကို ထိုင်တွက်နေရတော့မှာ မဟုတ်ဘူးလား။ အခုချိန်ထိ ငွေဖြုန်းဖို့ကို ဘာလို့ ဒီလောက်အသည်းအသန် ကြိုးစားနေရတာလဲ ဟာကွာ ဝမ်းနည်းဖို့ကောင်းလိုက်တာ။
ဖေးချမ့် သူ့ဖုန်းနဲ့ ကစားနေတုန်း လီယာ့တာ၏ ဖုန်းဝင်လာသည်။ ဖေးချမ့် ခေတ္တ ရပ်တန့်သွားပြီး ဖုန်းကို အမြန်ဖြေလိုက်ပါသည်။
ငါမရှိတဲ့ ၂ ရက်အတွင်း နောက်ထပ် ပြဿနာကြီးကြီးမားမား ရှာလိုက်ပြန်ပြီလို့တော့ မပြောနဲ့နော်။ ငါ ဒီ့ထက် ခံနိုင်ရည်မရှိတော့လို့ပါဟာ။
“တစ်ခုခု ဖြစ်လို့လား…” ဖေးချမ့်အသံက နုံးချည့်နေသည်။
လီယာ့တာ လန့်သွား၏။ “ဘော့စ်ဖေး တုပ်ကွေးမိနေတာလား”
“သြော်် ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး။ ရေနွေးတွေ အများကြီး သောက်ထားတယ်။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ တစ်ခုခုဖြစ်လို့လား” ဖေးချမ့် အပိုတွေပြောဖို့ စိတ်မပါပေ။
လီယာ့တာက ပျော်ရွှင်နေသည့် လေသံဖြင့် ပြန်ဖြေလိုက်ပါသည်။ “ဟုတ်တယ် ဘော့စ်ဖေးရေ တရားဝင် ပလက်ဖောင်းက ခုလေးတင် ဖုန်းဆက်ပြီး အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို ပရော်ဖက်ရှင်နယ်ကျကျ ဘာသာပြန်ဖို့ စီစဉ်ပေးမယ်လို့ ပြောသွားတယ်။ နိုင်ငံခြားမှာ မားကတ်တင်းဆင်းဖို့ကိုလည်း ကျွန်မတို့ကို ကူညီပေးမယ်တဲ့ ဘော့စ်ဖေး မျှော်လင့်ထားတာထက် တစ်ပတ်ပိုစောပြီး ထုတ်လုပ်နိုင်တော့မယ်”
“စိတ်မပူပါနဲ့ ဘော့စ်ဖေး ကျွန်မတို့ ပြင်ဆင်တာတွေ ပြီးလုနီးပါးဖြစ်နေပါပြီ”
ဖေးချမ့် “???”
ဘာကွ တရားဝင်ပလက်ဖောင်းက ငါတို့အတွက် ပရော်ဖက်ရှင်နယ် ဘာသာပြန်တွေ ငှားပေးမယ် ဟုတ်လား လခွီး ဒါဆို ငါသေပြီမဟုတ်ဘူးလား။ ဒီကိစ္စကို ဘယ်လိုငြင်းရမလဲ။
ဖေးချမ့် ရုတ်တရက် မူးသွားသည်။ တုပ်ကွေးတောင် ပိုပြင်းထန်လာသလိုပင်။
သူအလောင်းကောင်လို ကုတင်ပေါ်လှဲနေလို့ တော်သေးသည်။ သတိလစ်ပြီး ကြမ်းပြင်ပေါ် လဲသေသွားမှာ စိုးရိမ်ဖို့ မလိုတော့ပါ။ ၁ မိနစ်လုံးလုံး တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်ပါသည်။ “သြော်… တခြား ဘာပြောစရာ ရှိသေးလဲ”
လီယာ့တာ ပြန်ဖြေလိုက်သည်။ “အာ… တခြားတော့ ဘာကိစ္စမှမရှိပါဘူး။ ဘော့စ်ဖေးကို ဒီအကြောင်းတင်ပြချင်လို့ပါ။ အဆင်ပြေရဲ့လား ဘော့စ်ဖေး။ ဆေးဝါး ဒါမှမဟုတ် အကူအညီတွေဘာတွေ လိုသေးလား”
“မလိုဘူး…” ဖေးချမ့် ရီဝေစွာဖြင့် မျက်နှာကြက်ကြီးကို ကြည့်နေမိသည်။ “ငါတစ်ယောက်တည်းနေပြီး နားပဲ နားချင်တော့တယ်”
“သြော် ကောင်းပါပြီ ဘော့စ်ဖေး။ အလုပ်တွေ အရမ်းကြိုးစားထားတာကိုး။ ကောင်းကောင်းအနားယူပါ”
လီယာ့တာ ဖုန်းချပြီးနောက် တစ်ယောက်တည်း ရေရွတ်လိုက်ပါသည်။
“အမှန်ပဲ။ ဘော့စ်ဖေးက ကြိုမျှော်မှန်းထားပြီးသား။ သူ နည်းနည်းလေးတောင် အံ့သြသွားတဲ့ပုံမပေါ်ဘူး”
ဖေးချမ့် ဖုန်းကို ဘေးပစ်ချလိုက်ပြီး သက်ပြင်းအရှည်ကြီးချလိုက်ပါသည်။
ငါဘာမှ လုပ်လို့မရတော့ဘူး။ တရားဝင်ပလက်ဖောင်းက အကုန်လုံးကို သေချာ ပြင်ဆင်ထားတာ။ သူတို့ကို စော်ကားလို့မရဘူး။ သူတို့ကို ငြင်းဖို့လည်း ယုတ္တိရှိတဲ့ အကြောင်းပြချက် မပေးနိုင်ဘူး။ ငါလုပ်နိုင်တာဆိုလို့ ဒီခက်ခဲတဲ့ ဆေးတောင့်ကြီးကို မျိုချဖို့ပဲ ရှိတော့တယ်။
ဒေါသထွက်လိုက်တာကွာ ခုချက်ချင်း လေဆန်ပို့ဆောင်ရေးရုံးတွေ ထပ်ဖွင့်ရမယ်။
ယွီအင်တာနက်ကဖေး ပင်မ ဆိုင်တွင်…
မာယန်နဲ့ ကျန်းယွမ်တို့ ဒီဆိုင်ကိုမလာတာ ကြာပါပြီ။
အရင်တုန်းကနဲ့ ခြားနားသွားသည့် တစ်ခုတည်းသောအရာက အင်တာနက်ကဖေးနေရာတွင် အရင်ကလိုမျိုး လူသူ ကင်းမဲ့မနေတော့ပေ။ ထို့အစား ထိုင်ခုံနေရာ ၈၀ ရာခိုင်နှုန်းလောက် လူတွေပြည့်နေပါပြီ။ အတော်လေး လူစည်ကားလှ၏။
အမှန်ပင်။ ယွီအင်တာနက်ကဖေး ၁.၀ က ယွီအင်တာနက်ကဖေး ၂.၀ နဲ့ခြားနားသည်။ ပင်မဆိုင်တွင် ကွန်ပျူတာက ပိုနည်း၏။ အင်တာနက်ကဖေးနေရာကို ဖြည့်ဖို့အတွက်က ကတ်စတမ်မာ အနည်းငယ်သာ လိုအပ်ပါသည်။ ထို့ကြောင့် ရာခိုင်နှုန်းမြင့်တိုင်း များသည်ဟု မဆိုလိုပေ။
သို့သော် ဘာပဲဖြစ်ဖြစ် ယွီအင်တာနက်ကဖေး၏ အင်တာနက်ကဖေးနေရာက အရင်ကလို ရှိုးထုတ်ထားဖို့သက်သက် မဟုတ်တော့ပေ။ အတော်လေး တိုးတက်မှုရှိတယ်ဆိုတာကိုတော့ ဝန်ခံရပါမည်။
ကျန်းယွမ်နဲ့ မာယန်တို့ ဒုတိယထပ်တွင်ရှိနေကြသည်။ စားပွဲပေါ်မှာလည်း အပြည့်အဝ တပ်ဆင်ထားသည့် ကွန်ပျူတာ စနစ်ယူနစ်တစ်ခုရှိနေပါသည်။
ယခင်က ကိုယ်ထည်အတိုင်းပဲ အသုံးပြုကြခြင်းဖြစ်ကာ စနစ်တစ်ခုလုံးက အထင်ကြီးဖို့ကောင်းပြီး တန်ဖိုးကြီးသည့်ပုံပေါက်ပါသည်။
ဘာပဲဖြစ်ဖြစ် သူတို့ ဒါကိုတပ်ဆင်ဖို့ ငွေတွေလည်း အများကြီးသုံးခဲ့ရတာ မဟုတ်ပါလား။ သူတို့ အပြင်ပိုင်း ပုံစံကိုလည်း ဂရုစိုက်မှဖြစ်ပါမည်။
စနစ်ယူနစ်အပြင် စားပွဲပေါ်မှာ ထူးခြားသည့် Logo တစ်ခုလည်းရှိနေပါသည်။ ‘ROF’ ဟူသည့် စာလုံးကို လက်ရေးကဲ့သို့ ရေးသားထား၏။ အတော်လေး အမှတ်ရစရာ ကောင်းပါသည်။
ဒါက ယုံကြည်ခြင်းနိုင်ငံ၏ သီးသန့်ထုတ် Logo ဖြစ်သည်။ Logo ကို စနစ်ယူနစ်အပေါ် တပ်ဆင်လိုက်ပြီး အရောင်လည်း တောက်နိုင်သည်။
အရောင်တောက်သည့် ဟာ့ဒ်ဝဲများက လုပ်ဆောင်ချက် ၅၀ ရာခိုင်နှုန်းပိုကောင်းလေ့ရှိသည်ဟု သိထားလေ့ ရှိကြပါသည်။
ယုံကြည်ခြင်းနိုင်ငံ ဘရန်းက ယွီအင်တာနက်ကဖေး၏ Logo ကို မသုံးပေ။ အဘယ့်ကြောင့်ဆိုသော် ယွီအင်တာနက်ကဖေး၏ Logo က အတော်လေး ပုံတုံးသောကြောင့် ဖြစ်၏။ ယုံကြည်ခြင်းနိုင်ငံ ဘရန်း၏ အဆင့်မြင့်မြင့် စတိုင်ကို ပေါ်လွင်စေမှာ မဟုတ်ပါ။
မာယန်က သူ့ရှေ့ရှိ စနစ်ယူနစ်ကို စိစစ်ခဲ့၏။ “အာ… ဘယ်ဆိုးလို့လဲ အနည်းဆုံးတော့ အပြင်ပိုင်းက လုံးဝ ကြည့်ကောင်းတယ်။ တစ်ချက်လောက်ကြည့်လိုက်တာနဲ့ စျေးကြီးတဲ့ ပစ္စည်းမှန်း ပြောနိုင်တယ်”
ကျန်းယွမ်ကလည်းခေါင်းငြိမ့်လိုက်သည်။ “တကယ်လည်း စျေးကြီးတာပဲ”
“ငါတို့က အခုမှ စရုံပဲရှိသေးတယ်။ ယွီအင်တာနက်ကဖေးရဲ့ ကွန်ပျူတာ ဘရန်းကို အရင်ဆုံးရောင်းပြီး ဘောစိတချို့ကို ဝန်ဆောင်မှုပေးဖို့ပဲ အရင်ဆုံး အာရုံစိုက်ထားမယ်။ ဒီယူနစ်တွေကို အမြောက်အများထုတ်လုပ်ဖို့ မလိုအပ်ဘူး။ အခုတော့ ငါတို့အတွက် ငါတို့ နာမည်တစ်ခု ရလာအောင် ယူရမယ်”
“နောက်ဆုံးတော့လည်း ငါတို့စနစ်ယူနစ်တွေကို ဝယ်တဲ့ လူတိုင်းကို တော်ဝင်ကတ်စတမ်မာလို ခံစားသွားရအောင် လုပ်ပေးရမှာပဲ။ စနစ်ယူနစ်ကို သူတို့အိမ်ရှေ့ထိ ပို့ဆောင်ပေးပြီး ချက်ချင်းလာရောက် ပြုပြင်ပေးတဲ့ ဝန်ဆောင်မှုတွေလည်း ကမ်းလှမ်းပေးရမယ်။ အဲ့တာကတော့ လိုအပ်တယ်။”
“ငါတို့နာမည်ရလာပြီဆိုတာနဲ့ တခြား ဟာ့ဒ်ဝဲအမျိုးအစားတွေ ဒါမှမဟုတ် ကတ်စတမ်မာတွေရဲ့ ရေပန်းစား တောင်းဆိုမှုတွေအလိုက် ထုတ်လုပ်ပေးဖို့ စဉ်းစားလို့ရပြီ”
“မော်နီတာတွေ၊ မောက်စ်တွေ စတာတွေအတွက် ကတ်စတမ်မာက ငါတို့စျေးနှုန်းကို အရမ်းမြင့်လွန်းတယ်လို့ ထင်ရင် တရားဝင် ညွှန်းဆိုချက် စာရင်းတစ်ခု ပေးလို့ရတယ်။ သူတို့ဖာသာ ဝယ်လို့လည်းရတနယ်။ သူတို့ မအားဘူးဆိုရင် သူတို့ကိုယ်စား ငါတို့သွားဝယ်ပေးလို့ရတယ်။ အဲ့တာကတော့ ငါတို့ရဲ့ လေဆန်ပို့ဆောင်ရေးက ညီကိုတွေအတွက် အလုပ်ပိုတစ်ခုပေါ့”
“ငါတို့ရဲ့ လုပ်ငန်းအောင်မြင်လာပြီဆိုတာနဲ့ ငါတို့ရဲ့ မော်နီတာတွေ၊ တခြား အသေးစိတ်ပစ္စည်းတွေကို ထုတ်လုပ်ဖို့ မူရင်းထုတ်လုပ်သူတွေကိုတောင် သွားဆက်သွယ်လို့ ရလောက်တယ်။ ပြီးရင်တော့ ယုံကြည်ခြင်းနိုင်ငံ ပြည့်စုံသွားပြီပဲ။ ငါတို့ ထုတ်ကြွားစရာ တစ်ခုခု ဖန်တီးပြီးသား ဖြစ်သွားမယ်။”
မာယန်ကလည်း သဘောတူစွာ ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်တယ် ငါတို့ ဖင်မနိုင်ဘဲ ပဲကြီးလှော်မစားသင့်ဘူး။ ငါတို့ရဲ့ စနစ်ယူနစ်တွေကို တပ်ဆင်ပြီး ပို့ဆောင်ပေးတာကနေ စကြမယ်။ ချက်ချင်း လာရောက်ပြုပြင်ပေးတဲ့ ဝန်ဆောင်မှုနဲ့ စျေးနှုန်းနည်းနည်းပဲ တောင်းပြီး ငါတို့နာမည်ကို တည်ဆောက်ရမယ်။။ ဒါက ယွီအင်တာနက်ကဖေးနဲ့ လေဆန်ပို့ဆောင်ရေးတို့ရဲ့ အရန်လုပ်ငန်း ဖြစ်လာလိမ့်မယ်”
“ငါတို့အောင်မြင်သွားရင် ယွီအင်တာနက်ကဖေးအတွက် အောင်မြင်မှုတစ်ခု ယူပေးလိုက်နိုင်သလိုပဲ”
ကျန်းယွမ် လေးနက်စွာ အားရသွားပါသည်။ ဘော့စ်မာကလည်း သူနဲ့ စိတ်ချင်းတူသည်။ နောက်ဆုံးတော့ သူ့ကို လိမ်ညာဖို့- အဲ ဖြောင်းဖြဖို့ ကျန်းယွမ် အားတွေ အများကြီး သုံးစရာ မလိုတော့ပါ။
အလွန်လျှင်မြန်စွာဖြင့် စနစ်ယူနစ်ကို ထုတ်ပိုးကာ သူတို့ရဲ့ ပထမဆုံး ကတ်စတမ်မာဆီသို့ ပို့ဆောင်ပေးဖို့ အသင့်ဖြစ်သွားပါပြီ။ လေဆန်ပို့ဆောင်ရေးက လူငယ်တစ်ယောက်က ဒီစနစ်ယူနစ်ကို ပို့ဆောင်ပေးလိမ့်မည်။
ယွီအင်တာနက်ကဖေးက ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုများကို တာဝန်ယူပါလိမ့်မည်။
ပုံမှန် ထိန်းသိမ်းရေးတွေအပြင် ယွီအင်တာနက်ကဖေးက အသေးအဖွဲပစ္စည်းများ အဆင့်မြှင့်တင်ခြင်း Display Card များ လဲလှည်ခြင်း အစရှိသဖြင့် ဝန်ဆောင်မှုများကိုလည်း ချက်ချင်းပေးနိုင်ပါသည်။
လေဆန်ပို့ဆောင်ရေးမှ ညီကိုများက မိသားစုတွေလိုပဲ ဖြစ်သည်။ စနစ်ယူနစ်များကို ပို့ဆောင်သည့်အခါ သတိထားဖို့ သူတို့ကို ကျန်းယွမ်နဲ့ မာယန်တို့ ယုံကြည်လို့ရပါသည်။ ရှင်းရှင်းပြောရလျှင် ကွန်ပျူတာများ ကွဲအက်ကုန်မှာ စိုးရိမ်ဖို့ မလိုပါ။ ယူနစ်တစ်ခုလုံး ကတ်စတမ်မာ၏ အိမ်ကို ဘေးကင်းကင်း လုံလုံခြုံခြုံရောက်သွားမှာ သေချာပါသည်။
ကျန်းယွမ်က တခြား သီးသန့်ထုတ် ROF logo များကို ယူလိုက်ပြီး အင်တာနက်ကဖေးထဲက ကွန်ပျူတာတွေပေါ်မှာလည်း တပ်ဆင်လိုက်ပါသည်။
ဒီ Logo ကို ယွီအင်တာနက်ကဖေး၏ ကွန်ပျူတာ အားလုံးတွင် တပ်ဆင်ထားမည်ဖြစ်သည်။ ဒါမှ သူတို့ဘရန်းကို ကစားသူတွေ အထင်ကြီးသွားမှာ ဖြစ်ပါသည်။
ဒီ့မတိုင်ခင်ကလည်း ကွန်ပျူတာတွေကို တစ်ချက်လောက် ကြည့်လိုက်တာနဲ့ ကိုယ်တိုင် တပ်ဆင်ထားမှန်း ကတ်စတမ်မာတွေ ပြောနိုင်ပါသည်။ သို့သော် Logo ပါ တပ်လိုက်ပါက ကွန်ပျူတာတွေက အများကြီး အထင်ကြီးစရာ ပိုကောင်းသွားပါမည်။
တစ်ယောက်ယောက်က သေချာပေါက် ကွန်ပျူတာ ဘရန်းကို မေးလာလိမ့်မည်။
ထို့နောက် အင်တာနက်ကဖေးထဲက ကူညီတတ်သည့် စားပွဲထိုးလေးများက သီးသန့်ထုတ်၊ အဆင့်မြင့်စနစ်ယူနစ် လုပ်ငန်းအကြောင်းကို မိတ်ဆက်ပေးနိုင်ပါသည်။