← Chapters

ဘော့စ်ဖေး လုပ်သမျှ မှားယွင်းနေသလိုပဲ

Vol. 20 Ch. 293

ဘော့စ်ဖေး လုပ်သမျှ မှားယွင်းနေသလိုပဲ

Vol. 20 Ch. 293

ကျန်းယွမ် ယောင်လည်လည် ဖြစ်သွားသည်။

“ဟမ် ဘော့စ်ဖေး ဘာကိုဆိုလိုတာလဲ”

ဖေးချမ့် ရယ်လိုက်၏။ “အခုအခြေအနေတွေ အတိုင်းသာဆို ကတ်စတမ်မာတွေက အော်ဒါတင်ပြီး စနစ်ယူနစ်တွေ သူတို့အိမ်ရှေ့ ရောက်လာဖို့ အနည်းဆုံး ၄ ရက် ၅ ရက်လောက် စောင့်ရမယ် မဟုတ်လား”

ကျန်းယွမ် ခေတ္တစဉ်းစားကြည့်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။ “အာ… ကျွန်တော်တို့ မြန်မြန် ဆောင်ရွက်မယ်ဆိုရင် ယူနစ်တွေကို ၃ ရက် ၄ ရက်အတွင်း ပို့ပေးလို့ ရမှာပါ”

ဖေးချမ့်က သိသိသာသာ စိတ်မကျေနပ်စွာဖြင့် ခေါင်းခါလိုက်ပါသည်။ “နှေးလွန်းတယ်”

“ငါတို့ရဲ့ လက်ရှိမော်ဒယ်အရဆို ငါတို့က ယွီအင်တာနက်ကဖေးမှာ ချပြဖို့ ကွန်ပျူတာ အကောင်းစားတွေကို ဖန်တီးနေတာ။ ဂိမ်မာတွေက ကွန်ပျူတာတွေ ကောင်းမကောင်း သိရဖို့ အင်တာနက်ကဖေးဆီလာပြီး ကိုယ်တိုင် စမ်းကြည့်လို့ရတယ်”

“သူတို့ ကွန်ပျူတာတွေကို ကြိုက်ရင် ပိုက်ဆံပေးရမယ်။ အဲ့ကျရင် ငါတို့က လိုအပ်တဲ့ ဟာ့ဒ်ဝဲတွေကို အော်ဒါတင်ပြီး သူတို့အတွက် ကွန်ပျူတာ ဆင်ပေးရမှာ။ တစ်ချိန်တည်းမှာပဲ ငါတို့က စနစ်ယူနစ်တွေကို သူတို့အိမ်ရှေ့ထိလည်း ပို့ပေးရမယ်။ နောက်ဆက်တွဲ ဝန်ဆောင်မှုတွေအတွက်လည်း တာဝန်ယူရမယ်။ ငါတို့ရနိုင်တာဆိုလို့ တပ်ဆင်ခနဲ့ ဝန်ဆောင်ခတို့ပဲ ရှိတာ မဟုတ်လား”

“ပြဿနာက ဒီလိုရှိတယ်။ လိုအပ်တဲ့ ဟာ့ဒ်ဝဲတွေကို ငါတို့က အွန်လိုင်းပေါ်မှာ အော်ဒါတင်လိုက်ရင် ဒလီဘာရီက မြန်တယ်ဆိုရင်တောင် ဒီကိုရောက်လာဖို့ အနည်းဆုံး ၂ ရက် ၃ ရက်လောက် ကြာမှာ။ ပြီးရင်လည်း စနစ်ယူနစ်ကို တပ်ဆင်နပြီး ပို့ဆောင်ပေးရဦးမယ်။ အဲ့တာဆို အနည်းဆုံး နောက်ထပ် ၁ ရက်လောက် ကြာဦးမယ်။ အဲ့ဒီရက်ပိုင်းအတွင််း ကတ်စတမ်မာတွေ စိတ်ဖိစီးလာနိုင်တယ်လို့ မထင်ကြဘူးလား”

“အဲ့တာ ကြီးကြီးမားမား ပြဿနာပဲပေါ့”

ကျန်းယွမ် အနည်းငယ် ကြောင်သွား၏။ “ဟင်။ ဒီတိုင်း ၃ - ၄ ရက်တည်းကို။ သူတို့ မစောင့်နိုင်ကြဘူးလား”

“အသင့်တပ်ဆင်ထားပြီးသား ကွန်ပျူတာတွေ ရောင်းတဲ့ အွန်လိုင်းဆိုင်တွေကတောင် အဲ့တိုင်းပဲ လုပ်ကြတာ မဟုတ်ဘူးလား။ တချို့ဆိုင်တွေဆို အော်ဒါတင်ပြီး ၁ ပတ်လောက်ကြာမှ စနစ်ယူနစ်တွေကို ပို့ပေးကြတာ။ ကျွန်တော်တို့က တော်တော်မြန်နေပြီလို့ သတ်မှတ်လို့ရတယ် မဟုတ်ဘူးလား”

ဖေးချမ့် ခေါင်းခါလိုက်သည်။ “ငါတို့က တခြား အွန်လိုင်းဆိုင်တွေထက် ၂ ရက် ၃ ရက်လောက်ပဲ ပိုမြန်တာ။ ဘယ်လိုလုပ်ပြီး အဲ့တာကို အဓိက အားသာချက်လို့ ခေါ်လို့ရမှာလဲ”

“မြန်ဆန်တဲ့ ဝန်ဆောင်မှုဆိုတာ ဒါမျိုး။ ကတ်စတမ်မာတွေက မနက်ခင်း အော်ဒါတင်လိုက်ပြီး အဲ့ဒီနေ့ နေ့လည်ခင်းမှာ စနစ်ယူနစ်ကို လက်ခံရရှိတာမျိုးကို ခေါ်တာ”

“အဲ့တာကြောင့် ငါတို့က ကတ်စတမ်မာတွေ တောင်းဆိုမှ ဟာ့ဒ်ဝဲတွေကို အော်ဒါတင်လို့ မဖြစ်ဘူး။ ငါတို့ ဟာ့ဒ်ဝဲတွေကို ကြိုတင်ပြင်ဆင်ထားရမယ်”

“ငါတို့ အချက် ၄ ချက်ကို လုပ်ရမယ်”

“ကတ်စတမ်မာတွေ တကယ့် အပြင်ဆိုင်မှာ လာဝယ်တယ်လို့ ခံစားသွားရလောက်အောင် အမြန်ဆုံး ပို့ဆောင်ပေးရမယ်။ ငါတို့ရဲ့ နောက်ဆက်တွဲ ဝန်ဆောင်မှုတွေကလည်း ထိပ်တန်းအဆင့် ဘရန်းတွေလောက်နီးနီး ကောင်းရမယ်။ ငါတို့ရဲ့ မားကတ်တင်းပုံစံနဲ့ ပစ္စည်းအရည်အသွေးတွေကလည်း စေတနာပါတဲ့ အွန်လိုင်းစတိုးအများစုရဲ့ စံနှုန်းနဲ့ ကိုက်ညီရမယ်။ ငါတို့ရဲ့ အရည်အသွေး-စျေးနှုန်း အချိုးကလည်း မသမာတဲ့ ကုန်သည်တွေရဲ့ အပေါ်ယံပစ္စည်းတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေရမယ်”

“အဲ့လိုတွေ လုပ်နိုင်တဲ့အခါကျမှ ဒီမီးလင်းနေတဲ့ Logo က အဓိပ္ပာယ်ရှိလာမှာ နားလည်လား”

ကျန်းယွမ်ဆွံ့အသွားရသည်။ ခေတ္တ စဉ်းစားကြည့်လိုက်ပြီး ပြောလိုက်၏။ “အဲ့တာဆို ကျွန်တော်တို့ ကုန်တွေ အများကြီး ပြင်ဆင်ထားဖို့ လိုတာပေါ့။ ဒါပေမယ့် အဓိပ္ပာယ် မရှိဘူးလေ။ ကျွန်တော်တို့ ကုန်တွေကို ရောင်းမထွက်ရင် နောက်ထပ် ဂျန်နရေးရှင်းအသစ်တွေ ထွက်လာတဲ့အထိ ဒီတိုင်း သိမ်းထားရမှာ။ အဲ့အခါကျရင်လည်း ဒီလက်ကျန်ပစ္စည်းတွေကို အရမ်းနိမ့်တဲ့စျေးနဲ့ ပြန်ရောင်းမှပဲ ရတော့မယ်။ စွန့်စားရမှာတွေက များလွန်းတယ်”

ဖေးချမ့် ပြုံးလိုက်၏။ “ငါတို့ဘာပဲလုပ်လုပ် စွန့်စားရတာတွေ ရှိမှာပဲ။ အဲ့တာကိုကြောက်တာနဲ့ပဲ ဒီတိုင်း ထိုင်နေပြီး ဘာမှ မလုပ်လို့ ဖြစ်မလား”

“ငွေနဲ့ ငါတို့ ကတ်စတမ်မာတွေအတွက် ကောင်းမွန်တဲ့ စျေးဝယ်မှု အတွေ့အကြုံကို ဝယ်ယူပေးနိုင်မယ်ဆိုရင် သုံးရတာ တန်တာပဲ”

“ဒါတို့ ဒီလုပ်ငန်းထဲ ခြေချဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ အရမ်းကြီး လူမသိသူမသိ လုပ်နေစရာမလိုဘူး။ မင်းတို့ကို ငါအရင်းအနှီးထုတ်ပေးမယ်။ ငါတို့ ယွီအင်တာနက်ကဖေးဆိုင်ခွဲတိုင်းရဲ့ အနီးအနားမှာ ဂိုထောင်တွေငှားပြီး ကုန်တွေကို အဲ့မှာ သိမ်းထားလိုက်”

“ပစ္စည်းတွေ ရောင်းမကုန်မှာ စိတ်မပူစမ်းပါနဲ့။ ငါ ၁၀၂၄ ပရိုဂရမ်မာနေ့ပွဲတော် တစ်ခုကျင်းပဖို့ စဉ်းစားနေတာ။ အဲ့ဒီအခွင့်အရေးကိုအသုံးချပြီး ROF ရဲ့ ဘရန်းကိုလည်း ကြော်ငြာလို့ရတယ်”

သုံးယောက်သား ကြောင်စီစီ ဖြစ်သွားကြသည်။ “ပရိုဂရမ်မာနေ့ဟုတ်လား”

ဖေးချမ့် ခေါင်းငြိမ့်လိုက်ပြီး သူ့အစီအစဉ်ကို အသေးစိတ် ရှင်းပြလိုက်ပါသည်။

“အဓိက အစီအစဉ်ကတော့ ယွီသရေစာလုပ်ငန်းနဲ့ လေဆန်ပို့ဆောင်ရေးလုပ်ငန်းတွေကို အောက်တိုဘာလ ၂၄ ရက်နေ့ ရက်သတ္တပတ် အစကနေ စပြီး လျှော့စျေးကြီးကြီးမားမား ပေးဖို့ပဲ။ ဒီပွဲက ကတ်စတမ်မာအဟောင်းတွေကော အသစ်တွေအတွက်ကော ရည်ရွယ်ပြီး လုပ်ငန်းရဲ့ ဂုဏ်သတင်းတိုးမြှင့်ဖို့နဲ့ စျေးကွက် ရှယ်ယာတန်ဖိုးကို တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်။”

အမှန်ပင်။ အဓိက ရည်ရွယ်ချက်မှာ ငွေကို ဖြုန်းနိုင်သလောက် ဖြုန်းဖို့သာ ဖြစ်သည်။

ကွန်ပျူတာတပ်ဆင်ခြင်းလုပ်ငန်းအကြောင်းကို သိရှိသွားပြီးနောက် ၁၀၂၄ ပရိုဂရမ်မာနေ့ပွဲတော်တွင် ထိုလုပ်ငန်းကိုပါ ထည့်သွင်းဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်၏။

ပရိုဂရမ်မာနေ့တွင် ယွီသရေစာလုပ်ငန်းနဲ့ လေဆန်ပို့ဆောင်ရေးလုပ်ငန်းတို့အတွက်ပဲ ဒစ်စ်ကောင့်ပေးပါက နည်းလွန်းသည်ဟု ထင်ရသည်။

ယခုတော့ ကွန်ပျူတာ စနစ်ယူနစ်တွေအတွက်ပါ ဒစ်စ်ကောင့်ပေးနိုင်ပြီ ဖြစ်သဖြင့် အဆင်ပြေသွားပါပြီ။

“ROF ကိုလည်း ကွန်ပျူတာတပ်ဆင် ဘရန်းအဖြစ် ပွဲတော်ထဲ ထည့်သွင်းလို့ရတဘ်။ ဒါပေမယ့် အပြောင်းအလဲလေးတော့ နည်းနည်း လုပ်ရမယ်”

“ပထမဆုံး ငါတို့မှာ စနစ်အမျိုးအစား အရမ်း နည်းလွန်းနေတယ်။ တိတိကျကျ ပြောရရင် တစ်မျိုးပဲ ရှိတယ်။ ကတ်စတမ်မာတွေရဲ့ တောင်းဆိုချက်ကို ပြည့်မှီအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး”

“ငါတို့ စနစ်အမျိုးအစား ၃ ခုလောက် ခွဲထားပေးလို့ရမယ်ထင်တယ်။ ၇,၉၉၉ ယွမ်၊ ၁၁,၉၉၉ယွမ် နဲ့ ၁၅,၉၉၉ ယွမ် အသီးသီးပေါ့။ လျှော့စျေးပွဲတော်အတွင်းမှာ ဒီစနစ်ယူနစ်တွေကို ကုန်ကျစျေးအတိုင်း ရောင်းပေးလို့ရမယ်။ ရှင်းရှင်းပြောရရင် ဒီစနစ်တွေကို သူတို့ရဲ့ သက်ဆိုင်ရာ ဟာ့ဒ်ဝဲ စုစုပေါင်းကုန်ကျစရိတ်အတိုင်းပဲ ပြန်ရောင်းပေးမယ်။ ဆိုလိုတာက ငါတို့ အခဲ့ ပို့ဆောင် တပ်ဆင်ပေးရမယ်”

“အခမဲ့ အဆင့်မြှင့်တင်မှုလည်း လုပ်ပေးလို့ရတယ်။ ၇,၉၉၉ ယွမ်တန် စနစ်ကို ဝယ်ထားတဲ့လူတွေက ၁၁,၉၉၉ ယွမ်တန်အဖြစ် အခမဲ့ပြောင်းလဲလို့ရမယ်။ ၁၁,၉၉၉ ယွမ်တန်ကို ဝယ်ထားတဲ့လူတွေက ၁၅,၉၉၉ ယွမ်တန်အဖြစ် အခမဲ့အဆင့်မြှင့်တင်လို့ ရမယ်”

“ပထမဆုံး ကတ်စတမ်မာ အယောက် ၁၀၀ ပဲ ဒီအခမဲ့ အဆင့်မြှင့်တင်မှု အခွင့်အရေးကို ရနိုင်မယ်။ ပြီးရင် ငါတို့ လျှို့ဝှက်မဲစနစ်နဲ့ ကံကောင်းတဲ့ ကတ်စတမ်မာတွေကို အခမဲ့ အဆင့်မြှင့်တင်ခွင့် ပေးလို့ရတယ်”

“ယွီအင်တာနက်ကဖေးမှာလည်း ပုံမှန် အချိန်ကာလအပိုင်းအခြားတိုင်းမှာ လျှို့ဝှက်မဲပေးစနစ်လုပ်လို့ရတာပဲ။ ကံကောင်းတဲ့ ကတ်စတမ်မာကို ငါတို့ စနစ်ယူနစ်တစ်ခုလုံး လက်ဆောင်ပေးသွားမယ်”

“ဟုတ်တာပေါ့။ ဒီလုပ်ဆောင်ချက်တွေအကုန်လုံးကို အောက်တိုဘာလ ၂၄ ရက်နေ့နဲ့ ၃၁ ရက်နေ့ အကြားမှာ ဆောင်ရွက်ရမယ်။ ပြီးသွားရင်တော့ ပုံမှန်ပဲ ပြန်လည်ပတ်ရမယ်”

“ဒီလို ပရိုမိုးရှင်းပွဲတော်တစ်ခု ကျင်းပပေးလိုက်ခြင်းဖြင့် ငါတို့ကို နာမည်ပိုရစေပြီး ငါတို့ဘရန်းလည်း နာမည်တစ်ခု ရလာမယ်။ ငွေနည်းနည်းလောက် သုံးရတာ အဓိပ္ပာယ်မရှိရာ မကျပါဘူး။ ဟုတ်တယ်မလား”

ဖေးချမ့်က တကယ်တမ်း သူတို့သုံးယောက်ကို စကားပြောနေခြင်း မဟုတ်ဘဲ စနစ်ကို စကားပြောနေခြင်း ဖြစ်သည်။

အမှန်ပင်။ စနစ်က သူ့ကို မတားမြစ်ပါ။

စနစ်က ‘ပရိုမိုးရှင်း’ နဲ့ ‘အခမဲ့လက်ဆောင်’ ဟူသည့် အချက် ၂ ခုအကြား စည်းမျဉ်းကို အလွန်ဝေဝါးစွာ သတ်မှတ်ထား၏။ အပေါ်ယံမှာ ပရိုမိုးရှင်းပွဲတော်တစ်ခုနဲ့တူနေပြီး ဒစ်စ်ကောင့်များပေးခြင်းဖြင့် ရေပန်းစားလာဖို့ ရည်ရွယ်သည်ဟု ဖေးချမ့် ရှင်းပြလိုက်ပါက သူ့လုပ်ရပ်များကို စနစ်လက်ခံပေးလိမ့်မည်။

သူ ကြည်နူးသွားရသည်။ တကယ်ပဲ အပြင်လုပ်ငန်းတွေက အကောင်းဆုံးပါလား။

ဂိမ်းလုပ်ငန်းအတွက် ဒါမျိုး လုပ်လို့ မရပေ။

ဂိမ်းဖန်တီးမှုများ ပြီးဆုံးသွားပြီဆိုတာနဲ့ ဂိမ်းတွေက ထုတ်လုပ်မှု ကုန်ကျစရိတ် မရှိတော့ပေ။ ပရိုမိုးရှင်းများ ပိုလုပ်လေလေ ငွေပိုရလာလေလေ ဖြစ်သည်။

တစ်ဖက်မှာတော့ အပြင်လုပ်ငန်းများကို လည်ပတ်ဖို့ ဝန်ထမ်းအင်အား၊ ဆိုင်ငှားခများအတွက် ကုန်ကျစရိတ်အများကြီး သုံးစွဲရသည်။ ထို့အပြင် ပရိုမိုးရှင်းပွဲတော် အကြီးစားကြီးများ ကျင်းပပြီး ကွန်ပျူတာဟာ့ဒ်ဝဲများကို စျေးနိမ့်နိမ့်ဖြင့် ရောင်းချပေးနိုင်၏။ ထိုပွဲတော်များကို အချိန်အကြာကြီး မကျင်းပဘဲ ဂုဏ်သတင်းနဲ့ နာမည်များ ပြန်ရနိုင်သရွေ့ စနစ်က ရည်ရွယ်ချက်ရှိိရှိ အရှုံးပေါ်သည်ဟု သတ်မှတ်မှာ မဟုတ်ပါ။

ကုန်ပစ္စည်းအမြောက်အများ တင်သွင်းချင်သည်ဟုလည်း ပြောခဲ့သေးသည်။ ကုန်ပစ္စည်းများအလွန်အကျွံ တင်သွင်းထားဖို့ ဖေးချမ့် ငွေတွေ အများကြီး သုံးမည်ဖြစ်ပြီး အကုန်လုံး ရောင်းထွက်မည်ဟုလည်း မထင်ပါ။ ထုတ်ကုန်အသစ်တွေ ထွက်လာတာနဲ့ ပိုလျှံနေသည့် ကုန်ပစ္စည်းများကို အလွန်နိမ့်သည့် စျေးနှုန်းနဲ့ ပြန်လည် ရောင်းချရမည််။ ဒါဆို နောက်ထပ် အရှုံးပေါ်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သည်။

ကောင်းတယ်။

ဘော့စ်ဖေးရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်းယွမ် လက်မထောင်ပြလိုက်ပါသည်။ “ဘော့စ်ဖေးက တကယ် အမြော်အမြင်ရှိပြီး လုပ်ရဲကိုင်ရဲရှိတာပဲ”

“ဒါပေမယ့် ကျွန်တော် အသေးစား အကြံပြုချက်လေးတော့ လုပ်ချင်တယ်”

“၁၀၂၄ က ပရိုဂရမ်မာနေ့ဆိုပေမယ့် အဲ့ဒီအကြောင်းအရင်းတစ်ခုတည်းနဲ့ ပရိုမိုးရှင်း ပွဲတော်တစ်ခု ကျင်းပလိုက်ရင် အာနိသင် မရှိလောက်ဘူး။ ကျွန်တော်တို့က အားလုံးကို ပစ်မှတ်ထားဖို့ ကြိုးစားနေတာလေ… ပရိုဂရမ်မာတွေကိုပဲ မဟုတ်ဘူး”

“ကျွန်တော်တို့ ‘၁၀၂၄ ဒစ်ဂျစ်တယ်နေ့’ လို့ ခေါ်လိုက်တာ မကောင်းဘူးလား။ အဲ့တာဆို ကျွန်တော်တို့ရဲ့ အားပေးသူတွေလည်း ပိုကျယ်ပြန့်သွားနိုင်ပြီး ပရိုမိုးရှင်းကို ကြော်ငြာဖို့ ပိုလွယ်သွားနိုင်တယ်”

ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပြီ။ အဲ့လိုလည်း ဖြစ်တာပဲ”

သူလည်း အောက်တိုဘာ ၂၄ ရက်နေ့ကို ပရိုဂရမ်မာနေ့အဖြစ် ခေါ်ဝေါ်ခြင်းက သင့်တော်သည်ဟု မထင်မိပေ။

ပထမတော့ သရေစာလုပ်ငန်းနဲ့ ဒလီဘာရီဝန်ဆောင်မှုတို့ကိုသာ ပရိုမိုးရှင်းပေးဖို့ စီစဉ်ထားခဲ့၏။ ဒီလိုပွဲတော်မျိုးကို ပရိုဂရမ်မာနေ့ဟု ခေါ်ဝေါ်တာ မဖြစ်သင့်ပါ။

ယခု ပွဲတော်တွင် သရေစာလုပ်ငန်း၊ ပို့ဆောင်ရေး လုပ်ငန်းနဲ့ ကွန်ပျူတာ တပ်ဆင်ခြင်း ဝန်ဆောင်မှုတို့ ပါဝင်မည်ဖြစ်သဖြင့် ၁၀၂၄ ဒစ်ဂျစ်တယ်နေ့ဟု ခေါ်ဆိုတာက ပိုပြီး အမှတ်ရစရာကောင်းပါသည်။

ကျင်းကျိုးမြို့က လူအများစုလည်း သတိထားမိကြမည်ဖြစ်ကာ ဖေးချမ့် အရှုံးပိုပေါ်နိုင်သည်။

ဒီကာလအတွင်း ဖေးချမ့် သုံးစွဲရမည့် ဝန်ထမ်းအင်အား ကုန်ကျစရိတ်အပြင် ငွေအမြောက်အများ ထပ်သုံးရမှာ သေချာနေပါပြီ။

ကျန်းယွမ် အလွန်စိတ်လှုပ်ရှားလာပြီး အားတက်သွားသည်။

ဘော့စ်ဖေးက တော်လိုက်တာ။

ငါ့ကိုလည်း ယုံကြည်တယ်။

ဒီ့မတိုင်ခင်က ကျန်းယွမ်တစ်ယောက် လုပ်ငန်းကို ဇာတ်နိမ့်ဆောင်ရွက်ဖို့သာ တွေးခဲ့မိသည်။ အွန်လိုင်းကွန်ပျူတာတပ်ဆင် လုပ်ငန်းများ၏ ပုံမှန် လမ်းအတိုင်းလိုက်ပြီး ယွီအင်တာနက်ကဖေး၏ နာမည်ကို အသုံးချဖို့ စီစဉ်ထားသည်။ သူဌေးများကို ပစ်မှတ်ထားပါက အကျိုးအမြတ်တချို့ ရနိုင်လိမ့်မည်ဟု သူတွေးခဲ့သည်။

ဘော့စ်ဖေး ဒီလောက် ရက်ရောလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ကျန်းယွမ် ကြည်နူးသွားရလောက်သည့်အထိ ထောက်ပံ့မှုများ ကမ်းလှမ်းနေသည်။

“ဘော့စ်ဖေး စိတ်မပူပါနဲ့ ကျွန်တော် ကောင်းကောင်း ဆောင်ရွက်ပေးပါ့မယ်”

ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပြီ။ အမြဲတမ်းလိုပဲ ငွေသုံးဖို့ကို မကြောက်ကြနဲ့ နားလည်လား”

ဘော့စ်ဖေးလည်း ကိစ္စတွေကို လေးလေးနက်နက် စဉ်းစားပြီးသွားပါပြီ။ သူ့ကိုယ်ပိုင်ဝန်ထမ်းများ၏ နောက်ကျောဓားထိုးမှုကို ရှောင်လွှဲလို့ မရပါ။

သူ့လုပ်ငန်းပိုပြီး ကျယ်ပြန့်လာလေလေ အားလုံးကို ကိုယ်တိုင် လိုက်ထိန်းဖို့က မဖြစ်နိုင်လေလေ ဖြစ်သည်။ သူ့လက်အောက်ငယ်သားတွေကလည်း ကိစ္စမှန်သမျှကို သူ့ဆီ တင်ပြမည်ဟု မျှော်လင့်ထားလို့ မရပါ။ တစ်ခါတစ်လေမှ ပြောင်းလဲမှုများကို တင်ပြနိုင်သည်။ အချက်အလက်မှားယွင်းမှုနဲ့ အချိန်ကြန့်ကြာမှုများက ရှောင်လွှဲလို့ မရနိုင်ပါ။

သူ့လက်အောက်မှာ ဝန်ထမ်းများစွာရှိနေပြီ ဖြစ်သည်။ ဘာမှ လုပ်စရာမရှိဘဲ လုပ်ငန်းတစ်ခုခုကို စတင်ဖို့ ကြိုးစားချင်သည့် လူတွေဆိုတာ အမြဲတမ်း ရှိနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးက သူတို့အားလုံးကို ကောင်းမွန်စွာ ဆက်ဆံထားသည်။ သူတို့ ဘဝများက တည်ငြိမ်နေပြီး သက်တောင့်သက်သာ ရှိနေကြပြီ ဖြစ်သည်။ တချို့တွေက ၎င်းတို့၏ လုပ်ငန်းတွင် အောင်မြင်မှုမျာားရရှိဖို့ အစရှိသည့် ပိုပြီး အဆင့်အတန်းမြင့်မားသည့် အိပ်မက်များကို ဖြည့်ဆည်းချင်ကြသည်။ ဖေးချမ့် သူတို့ကို အပြစ်တင်လို့မရပေ။

ထို့ကြောင့် ဝန်ထမ်းတွေ သူ့နောက်ကျောကို ဓားဖြင့်ထိုးသည့် ကိစ္စမှာလည်း ဘော့စ်ဖေး အပြစ်မကင်းပေ။ အားလုံးကို အလိုလိုက်ခဲ့လွန်းတာကိုး။

ဘာမှ စိုးရိမ်ပူပန်စရာများ မရှိတော့သဖြင့် သူတို့ ကိုယ်ပိုင်လုပ်ငန်း ဘယ်လိုစတင်ရမည် ဆိုတာကို စဉ်းစားဖို့ အချိန်များ ရှိလာကြလိမ့်မည်။

ဖေးချမ့် စိတ်မကောင်းဖြစ်သွားသည်။ အားလုံးက ဘော့စ်ဖေး အပြစ်ချည်းသာ ဖြစ်၏။

သို့သော်လည်း မကောင်းသည့် ကိစ္စတော့ မဟုတ်ပေ။ အဓိက အချက်က ဘယ်လို ရှုထောင့်က ကြည့်ရမလဲ ဆိုတာသာ ဖြစ်သည်။

အားလုံးကို မကောင်းသည့်ဘက်က ကြည့်ပါက လူတိုင်း သူ့ကို အသေသတ်ချင်နေကြသည်ဟုသာ ပြောနိုင်လိမ့်မည်။ အကောင်းဘက်က ကြည့်ပါက သူတို့ အရူးမျက်ကန်းလို အလုပ်လုပ်လျှင် သူ့အတွက် ငွေကူဖြုန်းပေးနိုင်ချေ ရှိသည်ဟု ဆိုနိုင်သည်။

ရေစီးကြောင်းကို တွန်းကန်မည့်အစား လမ်းကြောင်းလွှဲပေးလိုက်တာ ပိုကောင်းသည် ဟူသည့် ဆိုရိုးစကားအတိုင်းပင်။

ဥပမာ ဒီအဖြစ်အပျက်ကိုပဲ နမူနာ ယူကြည့်ပါ။ ကျန်းယွမ်က လူသိနည်းသည့် လုပ်ငန်းအသေးစား တစ်ခုကို ဆောင်ရွက်ချင်သည်။ ယွီအင်တာနက်ကဖေး၏ ဂုဏ်သတင်းနဲ့ လေဆန်ပို့ဆောင်ရေးလုပ်ငန်း၏ အဆင်ပြေ ချောမွေ့မှုတို့ကို အသုံးချပြီး သူ့ကွန်ပျူတာတပ်ဆင်ခြင်းလုပ်ငန်းကို လည်ပတ်ဖို့ စဉ်းစားထား၏။ ဒီလို လုပ်ငန်းမျိုးက ဝင်ငွေ အများကြီး မရနိုင်သော်လည်း အရှုံးလည်း အများကြီး ပေါ်မှာ မဟုတ်ပါ။ ဖြစ်နိုင်ချေ အရှိဆုံး ရလဒ်က ငွေအနည်းငယ် ဝင်လာဖို့ ဖြစ်သည်။

သို့သော်လည်း ချိန်ညှိိမှုတချို့လုပ်ကာ ထိုအခွင့်အရေးကို အသုံးချပြီး ဒီအသုတ်အတွင်း ဖေးချမ့် ငွေပိုဖြုန်းနိုင်အောင် လုပ်ခဲ့သည်။

ပြဿနာတစ်ခုကို ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲခဲ့၏။

ဖေးချမ့် မသိမသာ ရယ်လိုက်သည်။ ငါ ဉာဏ်ကြီးရှင် ဖြစ်နေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါ့ဝန်ထမ်းတွေ သတ်တာ ငါခံရတော့မှာ။

ပရိုမိုးရှင်း ပွဲတော်အတွက် ယေဘုယျ ဦးတည်ချက်အတွက် သူတို့ ဆွေးနွေးခဲ့ကြ၏။ နောက်ဆုံးတော့ ၁၀၂၄ ဒစ်ဂျစ်တယ်နေ့၏ တားဆီးမရသော ပရိုမိုးရှင်းပွဲတော်ကြီး အကောင်အထည် ပေါ်လာခဲ့ပါသည်။

အောက်တိုဘာလ ၁၄ ရက်နေ့…

ကျုံးထျန် တရုတ်နက်ဝေါ့ခ်…

အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အားလုံးပြင်ဆင်ပြီးသွားပါပြီ။

အားလုံးကို အလွန်အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ထားသည်။ အရေးအကြီးဆုံးက အရှုံးပေးပြီးကယ်တင်ခြင်းခံစေ၏ ရေပန်းစားမှုကျေးဇူးကြောင့် ကျုံးထျန်တရုတ်နက်ဝေါ့ခ်ထဲ ဝင်ရောက်ကြည့်ရှုသူ ပမာဏ ဆက်တိုက် တိုးမြင့်နေမှန်း မာယိချွမ် နားလည်ထားခြင်းပင်။

ဒီအာနိသင်က ကြာကြာခံမည်ဟု အာမမခံနိုင်ပါ။ ထို့ကြောင့် Event ကို စောစော ဖန်တီးလိုက်ခြင်းဖြင့် ဝက်ဘ်ဆိုက်ထဲဝင်ရောက် ကြည့်ရှုသူပမာဏကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

“အချိန်ကျတော့မယ်။ တရားဝင် အသိပေးစာ တင်လိုက်တော့”

မာယိချွမ်က လီယာ့တာကို မသိမသာ တံတောင်ဖြင့် တွတ်လိုက်သည်။ သူတို့ နှစ်ယောက် တစ်ပြိုင်တည်း အသိပေးစာများ တင်လိုက်ကြပါသည်။

အသိပေးစာထဲတွင် ပူးတွဲ Event အတွက် အသေးစိတ်အချက်အလက်များ အားလုံး ပါဝင်သည်။

ကျုံးထျန် တရုတ်နက်ဝေါ့ခ်က ၇ ရက်တာ လော့အင် Event တစ်ခုကို ဖွင့်လှစ်မည်။ အသုံးပြုသူ အသစ်များက ဒီဝက်ဘ်ဆိုက်ထဲက ဝတ္ထုအားလုံးကို အကန့်အသတ်မဲ့ ဖတ်ရှုခွင့်၊ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်း၏ ပုံစံပြောင်း ဆေးတောင့်နဲ့ တခြားဆုလာဘ်များကိုရရှိဖို့ ရိုးရိုးရှင်းရှင်း တာဝန်တချို့ကို ဆောင်ရွက်ဖို့သာ လိုပါသည်။

အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းထဲက တရားဝင် အသိပေးစာမှာလည်း ကစားသမားများ၏ အကောင့်များကို ထန်းတာ့၏ ဝက်ဘ်ဆိုက် အားလုံးနဲ့ ချိတ်ဆက်လိုက်ပြီ ဖြစ်မှန်း ဖော်ပြထားသည်။

ယခု ထိုအကောင့်တစ်ခုတည်းနဲ့ ကျုံးထျန်တရုတ်နက်ဝေါ့ခ်ထဲဝင်ကြည့်နိုင်ပြီး ဆုလာဘ်များကို ရယူနိုင်ပါပြီ။

ထို့အပြင် စာရေးဆရာ အားလုံးကို အသိပေးဖို့လည်း အယ်ဒီတာတွေကို မာယိချွမ် ညွှန်ကြားခဲ့သည်။

ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ကြည့်ရှုသူ ပမာဏက နောက်ရက်ပိုင်းအတွင်း တဟုန်ထိုး တိုးတက်လာလိမ့်မည်။ အားလုံး ဒီ့ထက်ပိုကြိုးစားမှ ဖြစ်မည်။

ကျုံးထျန် တရုတ်နက်ဝေါ့ခ်ကို တည်ထောင်ခဲ့တုန်းက အယ်ဒီတာများအား ၎င်းတို့၏ လုပ်ငန်းများတွင် မာယိချွမ် လမ်းညွှန်ပေးခဲ့သည်။ ထိုအချိန်ကတည်းက အယ်ဒီတာတွေကလည်း စာမူများကို မရပ်မနား အကဲဖြတ်နေခဲ့ကြသည်။ အဆင့်နိမ့်စာရေး ဆရာများအကြားတွင် ပိုတော်သည့် စာရေးဆရာများကို သူတို့ သိထားပြီးကြပြီ ဖြစ်ပါသည်။

နောက်တော့ ဝါရင့်စာရေးဆရာများ၏ ဝင်ငွေကို ဝက်ဘ်ဆိုက်အကြီးစားများတွင် အလုပ်လုပ်နေသလိုမျိုး ရရှိစေဖို့အတွက် တိုးမြှင့်ပေးဖို့ ကျုံးထျန်တရုတ်နက်ဝေါ့ခ်က ကမ်းလှမ်းခဲ့ပါသည်။ ထိုလုပ်ရပ်က ဝါရင့် စာရေးဆရာအုပ်စုအတွက် အများကြီး အားတက်စရာဖြစ်သည်။

ယခု ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ကြည့်ရှုသူ ပိုများလာတော့မည် ဖြစ်သောကြောင့် စာရေးဆရာတွေက အပိုင်းသစ်များ ပိုရေးနိုင်လျှင် ဝင်ငွေပိုကောင်းလာပါမည်။ ထို့ကြောင့် ကျုံးထျန်တရုတ်နက်ဝေါ့ခ်ရှိ စာရေးဆရာအားလုံး ဝမ်းမြောက်သွားကြပြီး အလုပ်ပိုကြိုးစားဖို့ အားတက်သွားကြသည်။

စာရေးဆရာ ပမာဏ အမြောက်အများက အပိုင်းသစ်များကို ကြိုတင်ရေးသားထားကြ၏။ ထိုအပိုင်းသစ်များကို စုထားကြပြီး ၎င်းတို့အားလုံးကို ပူးတွဲ Event ရောက်မှ တင်ဖို့ စောင့်နေကြ၏။ ၎င်းတို့ဝတ္ထုတွေလည်း အဆင့်သတ်မှတ်ချက် ဇယားများတွင် ယှဉ်ပြိုင်ပြီး ပိုရေပန်းစားလာမည်ဟူသည့် မျှော်လင့်ချက်ဖြင့် ဖြစ်သည်။

“ဝက်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုသူတွေ များလာပြီး စင်တွေမှာလည်း ဝတ္ထုကောင်းကောင်းတွေ များလာပြီ။ အောင်မြင်နိုင်ခြင်း မအောင်မြင်နိုင်ခြင်းက ဒီအစီအစဉ်ပေါ်မှာပဲ အပြည့်အဝ မူတည်နေပြီ”

မာယိချွမ် စိတ်ဖိစီးမိသော်လည်း ပျော်ရွှင်နေပါသည်။

အွန်လိုင်းစာပေလောကထဲမှာ သူလက်လျှော့ချင်ခဲ့၏။ ဘော့စ်ဖေးက သူ့ယုံကြည်ချက်များကို ပြန်လည်နှိုးဆွပေးခဲ့ပြီး ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကို သူ့လက်ထဲ ထည့်ပေးခဲ့သူဖြစ်သည်။

ထိုအချိန်ကစလို့ အချိန် ၃ လကျော်တောင် ကြာခဲ့ပြီ။ မာယိချွမ် ကြိုးစားပမ်းစားဖြင့် အောင်မြင်နိုင်ဖို့ လုပ်နိုင်တာမှန်သမျှ လုပ်ခဲ့သည်။ နောက်ဆုံးတော့ သူ့ရှေ့ကို အခွင့်အလမ်းတစ်ခု ရောက်ရှိလာပါပြီ။ ဘော့စ်ဖေးကို ကျေးဇူးပြန်ဆပ်ကာ ဝက်ဘ်ဆိုက်၏ အရှုံးကို အကျိုးအမြတ်အဖြစ် ပြောင်းလဲနိုင်မည့် အခွင့်အလမ်းပင် ဖြစ်၏။

All Chapters