← Chapters

ငွေကိုယူထား၊ ပြန်မလွှဲနဲ့

Vol. 20 Ch. 294

ငွေကိုယူထား၊ ပြန်မလွှဲနဲ့

Vol. 20 Ch. 294

ကျုံးထျန်တရုတ်နက်ဝေါ့ခ်၊ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ၏ အသေးစိတ်စာမျက်နှာ၊ ထန်းတာ့ဂိမ်း တရားဝင် Weibo အကောင့်တို့အားလုံးတွင် တစ်ချိန်တည်း ကြေညာချက်တစ်ခု တက်လာခဲ့၏။ မကြာမီ ကစားသမားများစွာ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့ပါသည်။

“အမ် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းဖန်တီးသူတွေက အသေးစား အွန်လိုင်းဝတ္ထုဝက်ဘ်ဆိုက်လေးတစ်ခုနဲ့ အလုပ်ပူးတွဲလုပ်ဆောင်နေတယ်ဟုတ်လား”

“အဲ့ဝက်ဘ်ဆိုက်က အရှုံးပေးပြီးကယ်တင်ခြင်းခံစေရဲ့ တရားဝင်ဝတ္ထုတင်ထားတဲ့ ဝက်ဘ်ဆိုက်မလား”

“ဒီပူးတွဲ Event အတွက် ဆုလာဘ်တွေက အရမ်းကောင်းတာပဲ ဝတ္ထုဝက်ဘ်ဆိုက်ကို အကန့်အသတ်မဲ့ ဝင်ရောက်ခွင့်ရရုံတင်မကဘူး ဂိမ်းထဲက Item တွေလည်း ရနိုင်ဦးမယ်တဲ့”

“ပုံစံပြောင်း ဆေးတောင့်ဟုတ်လား။ ဇာတ်ကောင်တွေရဲ့ ပုံစံကို ပြောင်းပေးနိုင်တယ်တဲ့။ လခွမ်း။ ငါ့ကိုမတားနဲ့တော့။ ငါသေချာပေါက် ရအောင် လုပ်မယ်”

“အကောင့်တွေက ချိတ်ဆက်ထားတာတဲ့။ ကောင်းတာပေါ့။ ငါတို့ အကောင့်သစ်ဖွင့်ဖို့ မလိုတော့ဘူး”

“ဒီဝက်ဘ်ဆိုက်ကို ငါစောင့်ကြည့်နေတာာ။ အစောပိုင်းတုန်းကတော့ စာအုပ်တွေက အမှိုက်သာသာပဲ။ ဒါပေမယ့် လတ်တလော သူတို့ ဝတ္ထုတွေက တော်တော်လေး ကောင်းကြတယ်။ အဆုံးမဲ့တရုတ်နက်ဝေါ့ခ်မှာ တွေ့ရတဲ့ လက်ရွေးစင်ဝတ္ထုတွေနဲ့ သိပ်မကွာဘူး။ ဘာမှ လုပ်စရာမရှိတဲ့အခါ ဖတ်ကြည့်လို့ရတယ်”

“ပုံစံပြောင်းဆေးတောင့် ရဖို့ လုပ်လိုက်ကြစို့”

လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

နောက်ဆုံးတော့လည်း ဆုလာဘ်တွေကို ရွေးချယ်မှု ကောင်းမွန်ခဲ့ပါသည်။

အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းထဲက ဇာတ်လိုက်က သာမန်လူတစ်ယောက်လိုသာ ဖြစ်သည်။ လောလောဆယ် ကစားသမားတွေက သူတို့ဇာတ်ကောင်များကို စိတ်ကြိုက်ပြင်ဆင်ခွင့်မရှိပေ။ ဘာပဲဖြစ်ဖြစ် ထိုအချိန်တုန်းက အလှကြိုက်သူတွေကို ဟန့်တားနိုင်ဖို့ ဖေးချမ့် အတော်ကြိုးစားခဲ့ရတာ မဟုတ်ပါလား။

ထို့ကြောင့် ဇာတ်ကောင်ပုံစံများကို ပြောင်းလဲနိုင်မည်ဆိုသည့် အချက်က ကစားသမားများအတွက် အများကြီး ပိုအရေးပါလာသည်။

ဂိမ်းထဲမှာ NPC များစွာရှိသည်။ အထူးသဖြင့် ဇာတ်လိုက်နဲ့ အတော်လေး ဆင်တူသည့် မိန်းကလေး ဇာတ်ကောင်များ ဖြစ်သည်။

၎င်းတို့၏ ဇာတ်လိုက်ကို မိန်းကလေးအဖြစ် ပြောင်းလဲနိုင်မည်ဟု ကစားသမားတွေ ကြားလိုက်တာနဲ့ ပိုပြီး စိတ်လှုပ်ရှားလာကြသည်။

အမှန်ပင်။ ဂိမ်း၏ အနေအထားနဲ့ ဒီဇိုင်းကြောင့် မိန်းကလေး NPC များက အရမ်းကြီးတော့ ဆွဲဆောင်မှုမရှိကြပါ။ ဇာတ်ကောင်ပုံစံကို အသားပေးသည့် လူကြီးဂိမ်းများနဲ့ အကွာကြီး ကွာပါသည်။

သို့သော်လည်း အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ကစားသမားများက ဂိမ်း၏ နောက်ခံဇာတ်ကြောင်းကြောင့် မွန်းစတားများနဲ့ အလောင်းကောင်များကို မြင်ရတာ အသားကျနေပါပြီ။ ဘယ်လို မိန်းကလေး NPC မျိုးကမဆို ဒီလိုကမ္ဘာမျိုးမှာ လှပပြီး ဆွဲဆောင်မှုရှိနိုင်ပါသည်။

ထို့ကြောင့် ၇ ရက်အချိန်ပြည့်သည့်အခါ ပုံစံပြောင်း ဆေးတောင့်ကို ရဖို့ မျှော်လင့်ချက်ဖြင့် တာဝန်များဆောင်ရွက်ဖို့ ကစားသမားအုပ်လိုက်ကြီး ကျုံးထျန်တရုတ်နက်ဝေါ့ခ်ထဲ လော့အင်ဝင်လာကြပါသည်။

ဒီလို Item မျိုးရဖို့အတွက် ပိုက်ဆံတောင် အများကြီး သုံးဖို့မလိုအပ်ပါ။ သူတို့လုပ်ဖို့လိုတာဆိုလို့ ၇ ရက်ဆက်တိုက် လော့အင် ဝင်ပေးဖို့ဖြစ်သည်။ သူတို့ လက်လွှတ်ခံလိုက်ပါက လုံးဝ နှမြောဖို့ကောင်းပါသည်။

တစ်ချိန်တည်းမှာပင် ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကလည်း လက်ရွေးစင်ဝတ္ထု အမြောက်အများကို ပွဲထုတ်လိုက်လေသည်။

အယ်ဒီတာများ၏ မပင်မပန်း ညွှန်ကြားမှုများ အောက်တွင် အဆင့်မြင့်တက်သွားပြီး အတော်လေး ကောင်းမွန်သည့် ဝတ္ထုများ ဖန်တီးနိုင်လာသော စာရေးဆရာအညံ့စားတချို့ ရှိနေပါသည်။

ကိန်းဂဏန်းအချက်အလက်များအပေါ် မူတည်ပြီး မာယိချွမ်က မျိုးစေ့ကောင်းများကို ရွေးချယ်ကာ ဘော့စ်ဖေး သူ့ကို လွှဲပေးထားသည့် ငွေကိုအသုံးပြုရင်း ၎င်းတို့၏ လစာကို တိုးမြှင့်ပေးလိုက်သည်။ ထိုစာရေးဆရာများ ရရှိသည့် လစာက တခြား ဝက်ဘ်ဆိုက် အကြီးစားများတွင် သူတို့ရေးသားသည့်အခါ ရရှိမည့် လစာနဲ့ ယှဉ်နိုင်သဖြင့် အားလုံး တက်ကြွလာကြပါသည်။

စာရေးဆရာအမြောက်အများက Event ကာလအတွင်း ၎င်းတို့၏ ဝတ္ထုများကို ပိုမို မြန်ဆန်စွာ Update တင်ကြသည်။ ထို့ကြောင့် စာဖတ်သူတွေကလည်း အလွယ်တကူ ပိုရောက်ရှိလာကြပါသည်။

ဒီလိုနဲ့ ကျုံးထျန်တရုတ်နက်ဝေါ့ခ်တွင် အရည်အသွေးမှန်ကန်သည့် ဝတ္ထုကောင်းများကော၊ မှန်ကန်သည့် စာဖတ်သူ အရေအတွက်များပါ ရရှိသွားပြီ ဖြစ်ကာ အံ့ဖွယ် သံသရာတစ်ခု ဖြစ်တည်လာခဲ့ပါသည်။

အဆုံးမဲ့တရုတ်နက်ဝေါ့ခ်တွင် ဝတ္ထုများ ဖတ်ရှုနေကြသည့် ဂိမ်မာများစွာကလည်း ၎င်းတို့စာရင်းထဲ နောက်ထပ် ဝတ္ထုဝက်ဘ်ဆိုက်သစ်တစ်ခုကို ပျော်ပျော်ကြီး ထည့်လိုက်ကြပါသည်။ သူတို့ ဝက်ဘ်ဆိုက် ၂ ခုစလုံးတွင် မတူညီသည့် ဝတ္ထုများကို အပြန်ပြန်အလှန်လှန် ဖတ်ရှုနိုင်ပါသည်။

စာဖတ်သူများထံမှ ရရှိထားသည့် ဝင်ငွေနဲ့ဆို နောက်ပိုင်း ဝက်ဘ်ဆိုက်ကို ဘော့စ်ဖေး ထောက်ပံ့ပေးဖို့ မလိုတော့ပေ။ ဖြည်းဖြည်းချင်း အရှုံးမှ အမြတ်အဖြစ် ပြောင်းလဲလာပါတော့မည်။

ဝက်ဘ်ဆိုက်၏ ကိန်းဂဏန်းများ မြင့်တက်လာတာကို ကြည့်ရင်း မာယိချွမ် ကျေနပ်အားရသွားသည်။

“ဒီသတင်းကောင်းကို ဘော့စ်ဖေးဆီ တင်ပြဦးမှပဲ”

မာယိချွမ်တစ်ယောက် ကိုယ့်ကိုယ်ကို ဂုဏ်ယူစွာဖြင့် ဘော့စ်ဖေး၏ ဖုန်းနံပါတ်ကို နှိပ်လိုက်ပါသည်။

“ဟယ်လို…”

ဖုန်းထဲတွင် ဘော့စ်ဖေးအသံက အလွန်နှာသံ ပေါက်နေပါသည်။

မာယိချွမ် ရပ်တန့်သွား၏။ “ဘော့စ်ဖေး တုပ်ကွေးမိနေတာလား။ တောင်းပန်ပါတယ်ဗျာ။ အခုချိန်ကြီး မနှောင့်ယှက်သင့်ဘူး”

ထန်းတာ့ဝန်ထမ်းတိုင်းက ဘော့စ်ဖေးရဲ့ ကျန်းမာရေးကို အလွန်စိုးရိမ်ကြသည်။ ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးက သူတို့အတွက် ဆရာတစ်ဆူလိုပင်မဟုတ်ပါလား။

ဖေးချမ့် ပြန်ဖြေလိုက်၏။ “ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ပါဘူး။ ဝက်ဘ်ဆိုက် ပြဿနာတစ်ခုခုဖြစ်လို့လား။ မြန်မြန်ပြောချေ”

မာယိချွမ် စိတ်ထင်တာလားတော့မသိပေ။ ဘော့စ်ဖေးအသံထဲမှာ မျှော်လင့်ချက်အရိပ်အယောင်များ ရောယှက်ပါဝင်နေသလိုပင်။

ဝက်ဘ်ဆိုက်ပြဿနာတက်နေမယ်လို့ သူ မျှော်လင့်ထားတာလား။

မဖြစ်နိုင်ပါဘူး။ ဘော့စ်ဖေး ဖျားနေလို့ အဲ့လေသံ ဖြစ်နေတာ နေမှာပါ။ ငါစိတ်ထင်တာ ဖြစ်မယ်။

မာယိချွမ် သွားပေါ်အောင် ပြုံးလိုက်၏။ “ဘော့စ်ဖေး ကျွန်တော်သတင်းကောင်းပြောစရာ ရှိတယ်”

“နောက်လကစပြီး ကျွန်တော်တို့ စာရေးဆရာတွေအတွက် လစာပေးဖို့ ဘော့စ်ဖေး ငွေတွေအများကြီး ထောက်ပံ့ပေးဖို့ မလိုတော့ဘူး ဒီလကုန်တာနဲ့ ဘော့စ်ဖေး ကျွန်တော့်ဆီ လွှဲပေးထားတဲ့ ငွေတချို့ကိုလည်း ပြန်လွှဲပေးဖို့ ပြင်ထားတယ်။ ၃ လ ၄ လအတွင်း ကျုံးထျန်တရုတ်နက်ဝေါ့ခ်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လာနိုင်တော့မယ်”

ဘော့စ်ဖေး အကြာကြီး တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်မိ၏။ “ဟမ်။”

မာယိချွမ် ဆက်ပြောလိုက်သည်။ “ဘော့စ်ဖေးက အရှုံးပေးပြီးကယ်တင်ခြင်းခံစေကနေ တဆင့် ကျုံးထျန်တရုတ်နက်ဝေါ့ခ်ဆီ လူတွေအများကြီး ခေါ်ပေးခဲ့တာပဲ။ အရမ်းအာနိသင်ရှိတယ်”

“ဒီကာလအတွင်း ဂိမ်မာတွေအများကြီး ကျုံးထျန်တရုတ်နက်ဝေါ့ခ်ဆီ ရောက်လာတာကို မြင်ခဲ့ရတယ်။ ကျွန်တော်တို့ ဝက်ဘ်ဆိုက်ကို အရင်ကထက် ပိုပြီး ရေပန်းစားလာစေတယ်လေ”

“အဲ့တာကြောင့် ကျွန်တော် လီယာ့တာနဲ့အတူ ပူးတွဲ Event တစ်ခု ကျင်းပဖို့ စဉ်းစားမိတာ။ ကျွန်တော်တို့ ရလဒ်တွေကို မြင်နေရပြီထင်တယ်ဗျ”

“ဝက်ဘ်ဆိုက်ပေါ်မှာ စာရင်းသွင်းအသုံးပြုသူနဲ့ Active ဖြစ်တဲ့ အသုံးပြုသူအရေအတွက်တွေ တိုးလာပြီ။ အဲ့ဒီအပြင် စာဖတ်သူတွေက ဝတ္ထုပေါင်းစုံကို Follow လုပ်ထားကြတယ်။ ဆိုလိုတာက ဂိမ်မာတွေက အရှုံးပေးပြီးကယ်တင်ခြင်းခံစေ တရားဝင် ဝတ္ထုကို ဖတ်ဖို့အတွက်ပဲ ကျုံးထျန်တရုတ်နက်ဝေါ့ခ်ဆီကိုလာတာမဟုတ်ဘူး။ ကျွန်တော်တို့ ဝက်ဘ်ဆိုက်ထဲက တခြား ဝတ္ထုတွေကိုလည်း ဖတ်ကြတယ်”

“အဲ့ဒီစာဖတ်သူတွေဆီက ရတဲ့ ဝင်ငွေနဲ့ဆို ဒီကာလအတွင်း ဝက်ဘ်ဆိုက် အမြတ်အစွန်း ပိုရလာနိုင်တယ်။ အဲ့တာကြောင့် ကျွန်တော်တို့ စာရေးဆရာတွေရဲ့ လစာပေးဖို့ အိတ်စိုက်စရာ သိပ်မလိုတော့ဘူးလို့ ကျွန်တော်ထင်မိတာ”

“အဲ့တာကြောင့်လည်း ကျွန်တော့်ကို ဘော့စ်ဖေး လွှဲပေးထားတဲ့ ငွေတချို့ကို ပြန်လွှဲပေးဖို့ တွေးနေတာလေ။ အဲ့တာဆို အဲ့ဒီငွေတွေကို ပိုပြီး အဓိပ္ပာယ်ရှိိတဲ့နေရာမှာ သုံးလို့ရ…”

မာယိချွမ် ပြောလို့ မပြီးသေးခင်မှာပင် ဖေးချမ့် သူ့အကြံပြုချက်ကို ငြင်းဆန်လိုက်ပါသည်။

“မလိုဘူး မလုပ်နဲ့”

မာယိချွမ် ကြောင်သွား၏။ “ဟမ်”

ဖေးချမ့် လည်ချောင်းရှင်းကာ ကိုယ့်ကိုယ်ကို စိတ်လျှော့ဖို့ ကြိုးစားလိုက်၏။ “ငွေကအရေးမကြီးပါဘူး။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေက ရောင်းအား ကောင်းနေတာပဲကို။ ထန်းတာ့မှာ ငွေမရှိမှာကို စိုးရိမ်နေတာလား”

“ဘယ်လိုပဲဖြစ်ဖြစ် ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှာ အဲ့ဒီငွေက ပိုအသုံးတည့်မှာပါ”

“အခုငါတို့ ဘယ်အဆင့်ရောက်သေးလို့လဲ။ ငါတို့ အရှုံးတွေ အမြတ်အဖြစ်ပြောင်းနိုင်မယ့် လက္ခဏာကို မြင်ခါစပဲ ရှိသေးတယ်။ အွန်လိုင်း စာပေလောကမှာ အဆုံးမဲ့တရုတ်နက်ဝေါ့ခ်လို အကျော်အမော်တွေ ဖြစ်လာဖို့က အဝေးကြီးလိုသေးတယ်။”

“ငွေကို ယူထားပြီး ပြန်မလွှဲပေးနဲ့”

“ဘာပဲဖြစ်ဖြစ် ဒီလအတွင်း အဲ့ဒီငွေအားလုံးကို သုံးဖို့ နည်းလမ်းရှာရမယ်။ငါတို့ စာဖတ်သူတွေကို အကျိုးခံစားခွင့် ပိုမပေးသင့်ဘူးလား”

“ငါတို့စာရေးဆရာတွေကလည်း လွန်ခဲ့တဲ့ လပိုင်းအတွင်းမှာ သူတို့ရဲ့ စိတ်အားထက်သန်မှု သက်သက်နဲ့ အလုပ်တွေ အရမ်းကြိုးစားနေခဲ့တာကြောင့် ဆုမပေးထိုက်ဘူးလား”

“ငါတို့ဝန်ထမ်းတွေလည်း အရမ်းကြိုးစားပမ်းစား အလုပ်လုပ်နေကြတာ။ အဖွဲ့အစည်း Event တွေကျင်းပပေးပြီး အားလုံးကို ရင်းနှီးသွားအောင် မလုပ်ပေးသင့်ဘူးလား”

“ငါတို့ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်း App တွေကို အဆင့်မြှင့်တင်ဖို့ ပရိုဂရမ်အသစ်တွေအတွက်လည်း သုံးလို့ရတယ်။ အခုစာဖတ်သူအသစ်တွေ အများကြီး ရောက်လာပြီဆိုတော့ ငါတို့ ဆာဗာနဲ့ Bandwidth တွေက လုံလုံလောက်လောက် ကောင်းရဲ့လား။ မကောင်းရင် အဲ့ဒါတွေကို အဆင့်မြှင့်ဖို့ ငွေသုံးလိုက်လေ”

“ငွေသုံးနိုင်တဲ့ နေရာတွေ အများကြီးရှိနေသေးတာကို။ ဘာလို့ အမြဲတမ်း တွန့်တိုပြီး အရင်းအနှီးကို ခြွေတာနေရတာလဲ။ မင်းကိုယ်ပိုင် ပိုက်ဆံလည်း မဟုတ်တော့ အဲ့လောက် ကပ်စေးမနဲပါနဲ့။”

“မင်းသုံးချင်သလောက်သာသုံး ငွေမလောက်ရင် ငါ့ကို ထပ်သာတောင်း”

ဘော့စ်ဖေး၏ စကားများကို ကြားသည့်အခါ မာယိချွမ် ရှက်ရွံ့သွားခဲ့မိပါသည်။

သူက စိတ်ပျက်စရာ ဝန်ထမ်းတစ်ယောက်ပင်။

မာယိချွမ်က ဝက်ဘ်ဆိုက်၏ အရှုံးကို အမြတ်အဖြစ် ပြောင်းလဲကာ ဘော့စ်ဖေးအတွက် ငွေချွေတာပေးဖို့သာ စဉ်းစားနေခဲ့၏။

ဘာပဲဖြစ်ဖြစ် အယ်ဒီတာများ၏ လစာများ၊ ဝက်ဘ်ဆိုက်၏ ကုန်ကျစရိတ်များ၊ စာရေးဆရာများ၏ လစာများ အစရှိသည်တို့အတွက် လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဝက်ဘ်ဆိုက်က ငွေတွေ ဖြုန်းတီးနေခဲ့သည်။

ထိုအချက်က မာယိချွမ်ကို အတော်လေး နေရခက်စေ၏။ ဘော့စ်ဖေးအတွက် ထိုငွေအားလုံးကို ဘယ်လို ပြန်ရှာပေးရမလဲဆိုတာကိုသာ စဉ်းစားနေမိခဲ့သည်။

ယခု ဘော့စ်ဖေး၏ စကားလုံးများက သူ့ကို တုန်လှုပ်သွားစေခဲ့လေပြီ။

အမြတ်ရဖို့က အရေးကြီးသော်လည်း ဝက်ဘ်ဆိုက်၏ ဖွံ့ဖြိုးတိုးတက်မှုက ပို၍ပင် အရေးကြီးပါသေးသည်။

ကျုံးထျန်တရုတ်နက်ဝေါ့ခ်က ဘော့စ်ဖေး၏ မဟာအစီအစဉ်ကြီးထဲက အစိတ်အပိုင်းတစ်ခုသာ ရှိသေးသည်။ လောလောဆယ် အသေးစားလုပ်ငန်းတစ်ခုဟုသာ သတ်မှတ်နိုင်၏။ အရှုံးကို အမြတ်အဖြစ် မာယိချွမ် ပြောင်းလဲနိုင်ရင်တောင် ဝက်ဘ်ဆိုက်က အမြတ်အစွန်း အနည်းငယ်သာ ရှာပေးနိုင်ပါလိမ့်မည်။

ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကို အဆုံးမဲ့တရုတ်နက်ဝေါ့ခ်ကဲ့သို့ အကျော်အမော်မျိုးနဲ့ နှိုင်းယှဉ်ကြည့်လို့ မရပေ။

ထန်းတာ့ဂိမ်းက ကျုံးထျန်တရုတ်နက်ဝေါ့ခ်ထက် ခြေလှမ်းအများကြီး ပိုသာနေပြီးသား ဖြစ်သည်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်က အစ်ကိုကြီးနောက်က ခြေရာခံလိုက်ပြီး အားလုံးကို ပုံတူလိုက်ကူးနေသည့် ညီငယ်လေး တစ်ယောက်လိုပင်။

ဒီလိုအချိန်မျိုးမှာ ညီငယ်က အစ်ကိုကြီး၏ ဝန်ထုပ်ဝန်ပိုးများကို ကူသယ်ပြီး အမြန်ဆုံး ရင့်ကျက်လာဖို့သာ စဉ်းစားသင့်သည်။

မာယိချွမ် အလွန်စိတ်ခံစားသွားရသည်။ ဘော့စ်ဖေးမှာ ကျုံးထျန်တရုတ်နက်ဝေါ့ခ်အတွက် တောက်ပသည့် အနာဂတ်တစ်ခု ရှိနေခြင်းကြောင့်သာ မကဘဲ မာယိချွမ်ကိုလည်း အလွန်ယုံကြည်ထားသည့်ပုံစံ ဖြစ်နေသောကြောင့်ပင်။

“ကောင်းပါပြီ ဘော့စ်ဖေး။ ဝက်ဘ်ဆိုက် ဖွံ့ဖြိုးဖို့အတွက် ကျွန်တော် ငွေတွေသုံးလိုက်ပါ့မယ်။ စိတ်မပူပါနဲ့”

…

ဖုန်းချပြီးနောက် ဖေးချမ့် တိတ်ဆိတ်စွာဖြင့် လက်ပ်တော့ကို ဖွင့်လိုက်ပြီး ကျုံးထျန်တရုတ် နက်ဝေါ့ခ်၏ အခြေအနေကို လေ့လာလိုက်သည်။

အနောက်က ကိန်းဂဏန်းများကို မမြင်ရသော်လည်း ဝက်ဘ်ဆိုက်ဘယ်လောက် ရေပန်းစားနေသလဲဆိုတာကို စစ်ဆေးဖို့အတွက် တခြားနည်းလမ်း ရှိပါသေးသည်။

ပင်မ စာမျက်နှာပေါ်က ကျပန်း ဝတ္ထုတစ်ခုကို နှိပ်ကြည့်လိုက်ပြီး ကောမန့် အကန့်ထဲဝင်ကြည့်နိုင်သည်။

ဒီ့မတိုင်ခင်တုန်းက ကောမန့်အကန့်များထဲတွင် အေးစက်ခြောက်သွေ့ခြင်း သို့မဟုတ် ဝေဖန်မှုများဖြင့်သာ ပြည့်နှက်နေခဲ့၏။ ဘယ်လိုပဲဖြစ်ဖြစ် တော်တော်လေး အရုပ်ဆိုးလှပါသည်။

သို့သော်လည်း အခုတော့ အခြေအနေက လုံးဝ ခြားနားသွားခဲ့ပါပြီ။ ပင်မစာမျက်နှာပေါ်က စာအုပ်ပေါင်းစုံကို ဖေးချမ့် နှိပ်ကြည့်လိုက်သည့်အခါ အားလုံးရဲ့ ကောမန့် အကန့်များက ပုံမှန်အတိုင်း ဖြစ်နေကြပါပြီ။

တချို့က စာရေးဆရာများကို အပိုင်းပုံမှန်တင်ဖို့ တွန်းအားပေးသည်။ တချို့က အကောင်းဘက်က ဝေဖန်ချက်များ ပေးကြပြီး တချို့က ဇာတ်လမ်းဇာတ်ကွက်ကို ဆွေးနွေးနေကြသည်။

ဒီဝတ္ထုများကို ထောက်ခံ၊ Vote ပေး၊ သိမ်းဆည်းထားကြသည့် လူတွေများစွာ ရှိနေတာလည်း သိသာလှပါသည်။

ဝတ္ထု တစ်ပုဒ်စ နှစ်ပုဒ်စမဟုတ်ဘဲ ပင်မ စာမျက်နှာပေါ်က ဝတ္ထုတိုင်းအားလုံးနီးပါး ဒီပုံစံ ဖြစ်နေခြင်းဖြစ်သည်။

ကျုံးထျန်တရုတ်နက်ဝေါ့ခ်က ဒီကိန်းဂဏန်းများကို အတုလုပ်ထားတာ မဟုတ်မှန်း ဖေးချမ့် ကောင်းကောင်းသိပါသည်။ တကယ်တော့ လုပ်ကြံတိုးမြှင့်ထားသည့် ကိန်းဂဏန်းများရှိသည့် ဝတ္ထုတိုင်းကို ထောက်ခံနေရာကွက်များမှ ချက်ချင်း ဖယ်ရှားပစ်လိမ့်မည်။ ဒီလိုဝတ္ထုတွေ ဝက်ဘ်ဆိုက်၏ ပင်မစာမျက်နှာပေါ်မှာ ဆက်ရှိနေစရာ အကြောင်း မရှိပါ။

တစ်နည်းအားဖြင့် ပင်မစာမျက်နှာပေါ်မှာ ဖေးချမ့်မြင်နေရသည့် ကိန်းဂဏန်းများအားလုံးက အစစ်အမှန်များ ဖြစ်ကြသည်။ စာဖတ်သူများကြားထဲ ပိုပြီး ရေပန်းစားလာပါသည်။

ဒါက အဆိုးဆုံး မဟုတ်သေးပေ။

ဖေးချမ့် အံ့အားသင့်သွားရလောက်အောင် ပင်မစာမျက်နှာပေါ်က ဝတ္ထုတွေက အကြောင်းအရာ၊ ကာရန်၊ ဘာသာစကား ရှုထောင့်အားလုံးနီးပါးတွင် အရင်ကထက် အများကြီး ပိုကောင်းလာကြသည်။

ယခင်တုန်းက ကျုံးထျန်တရုတ်နက်ဝေါ့ခ်ပေါ်တွင် ဖေးချမ့် ဝတ္ထုများစွာကို ဖတ်ဖူးပါသည်။ အကုန်လုံးက သူဖတ်ခဲ့ဖူးသမျှထဲတွင် အဆိုးရွားဆုံး ဝတ္ထုများသာ ဖြစ်သည်။ ဇာတ်လမ်းကိုလည်း နားမလည်နိုင်ပေ။ ၁ ပိုင်း ၂ ပိုင်းလောက် ဖတ်ပြီး လူတွေ စွန့်ပစ်လိုက်ကြမည့် ဝတ္ထုမျိုး ဖြစ်၏။

သို့သော်လည်း အခု သူဖတ်ကြည့်သည့် ဝတ္ထုတွေကတော့ လုံးဝ တခြားတစ်ခုလိုပင်။

ခေါင်းစဉ်များနဲ့ ဇာတ်လမ်းအကျဉ်းများက ပိုပြီး ဆွဲဆောင်မှုရှိလာသည်။ နှုန်းထားပိုကောင်းပြီး စိတ်ကျေနပ်ဖို့ ပိုကောင်းသည့် ဇာတ်လမ်းများလည်း ရှိလာပါသည်။

အနှစ်ချုပ်အားဖြင့် ဝတ္ထုတွေက ပိုပြီး အရသာ ရှိလာသည်။

ကိန်းဂဏန်းတွေ တိုးမြင့်လာတာ အံ့သြဖို့မရှိတော့ပေ။

ဝက်ဘ်ဆိုက် ဝင်ရောက်သူမြင့်မားခြင်းက ပြဿနာ၏ တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်။ ပြဿနာရင်းမြစ်က စာအုပ်တွေ ပိုပို ကောင်းလာခြင်းပင်။ ထို့ကြောင့် စာဖတ်သူတွေက ဝက်ဘ်ဆိုက်ထဲမှာ ဆက်နေကြတာ ဖြစ်ပါသည်။

အမှန်ပင်။ စာအုပ်တွေက အရမ်းကြီးတော့ မကောင်းကြပေ။ အလွန်ဆုံး အဆုံးမဲ့တရုတ်နက်ခ်ဝေါ့ရှိ ထိပ်တန်းအဆင့် ဝတ္ထုများဟု သတ်မှတ်နိုင်၏။ သို့သော်လည်း ဖတ်ရှုလို့တော့ အလွန်ကောင်းပါသည်။

“ဘာတွေဖြစ်နေတာလဲ”

ပြဿနာကို တွေ့သွားပြီး ဖေးချမ့် မျက်မှောင်ကြုတ်သွားသည်။

မာယိချွမ်က အွန်လိုင်းစာပေအကြောင်း နားမလည်ဘူးလို့ ငါထင်ထားတာလေ။

သူထုတ်လုပ်ခဲ့သမျှ ဝတ္ထုတိုင်းက အောင်မှ မအောင်မြင်ခဲ့တာ။ အွန်လိုင်းစာပေလောကကို သူနားလည်မှုလွဲနေတာ သိသာတယ်။ အဲ့တာ အမှန်ပဲဆိုရင် သူလေ့ကျင့်ပေးထားတဲ့ အယ်ဒီတာာတွေကလည်း သူ့လိုပဲ ဘာမှန်းမသိတဲ့လူတွေပဲ ဖြစ်မှာပဲ။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်က အယ်ဒီတာတွေအားလုံးက အွန်လိုင်းစာပေအကြောင်း နားမလည်ဘူးဆိုရင်…

ဒီလို ပုံမှန်ထက် ပိုကောင်းတဲ့ ဝတ္ထုတွေကို ဘယ်လိုလုပ်ပြီး ပင်မစာမျက်နှာမှာ တင်ဖို့ ဆုံးဖြတ်လိုက်ကြတာလဲ။ ဝက်ဘ်ဆိုက်ရဲ့ ကိန်းဂဏန်းတွေအပေါ် မူတည်ပြီး ဆုံးဖြတ်လိုက်ကြတာလား။

အင်း… အဲ့တာဖြစ်နိုင်တယ်…

မာယိချွမ်၏ စံနှုန်းအစစ်ကို နားလည်မှုလွဲခဲ့မိပြီဟု ဖေးချမ့် စတင် သံသယ ဝင်လာပါသည်။

သို့သော်လည်း ထပ်စဉ်းစားကြည့်ခါမှ စာဖတ်သူများကသာ အရေးကြီးဆုံး အဆုံးအဖြတ်ပေးသူများဖြစ်ကြောင်း နားလည်လိုက်ရသည်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှာ စာဖတ်သူ များများစားစား မရှိသေးသော်လည်း ၎င်းတို့၏ ရွေးချယ်မှုများက အားကိုးလို့ ရပါသည်။

မာယိချွမ် စာအုပ်တိုင်းကို လိုက်ဖတ်နေဖို့ မလိုအပ်ပေ။ ကိန်းဂဏန်းအခြေအနေကောင်းသည့် စာအုပ်များကို ရွေးချယ်ပြီး ထောက်ခံစာရင်းထဲတွင် ထည့်ပေးလိုက်ဖို့သာ လိုသည်။

“ထားလိုက်တော့ ထားလိုက်တော့ အဲ့ကိစ္စတွေ တွေးနေတာ ရပ်လိုက်တော့မယ်”

“ငွေစာရင်းရှင်းချိန်က တော်တော်နီးနေပြီ။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်က ငါ့ကိုယ်စာ အဲ့ဒီ ငွေတွေကို ဖြုန်းပေးမှ ဖြစ်မယ်။ အဲ့တာတွေအကုန် အသေးစိတ် လိုက်ကြည့်နေဖို့ ငါ့မှာ အားမရှိတော့ဘူး”

ဖေးချမ့် ဖုန်းကို အိပ်ယာပေါ် ပစ်တင်လိုက်ပြီး အရာအားလုံးကို မျက်ကွယ်ပြုထားလိုက်ပါတော့သည်။

အခု ဘယ်သူလာနှောင့်ယှက်တာကိုမှ မခံချင်တော့ပါ။ သူ့ကိုယ်ပေါ်က ဖိအားများကို သက်သာစေဖို့ လုပ်ငန်းတိုင်းက သူတို့ရရှိထားသည့် ငွေပိုငွေလျှံများအား ဖြုန်းတီးပစ်ဖို့သာ လိုအပ်ပါသည်။

နေ့ခင်းအနားယူဖို့ ပြင်ရုံရှိသေး ၊ ဖုန်းသံ ထပ်မြည်လာပြန်သည်။ ယူကြည့်လိုက်သောအခါ လက်ထောက်ရှင်းဖြစ်နေတာကို မြင်လိုက်ရ၏။

“ဘော့စ်ဖေး၊ ဘော့စ်ဖေးရဲ့ ဂိမ်းဖန်တီးမှု နောက်ကွယ်က တွေးပုံခေါ်ပုံတွေအကြောင်း မေးမြန်းဖို့အတွက် တရားဝင်ပလက်ဖောင်းက သီးသန့် အင်တာဗျူးတစ်ခု လုပ်ချင်လို့ပါတဲ့”

ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွား၏။

“... ငါအခု အရမ်းအလုပ်များနေလို့ သူတို့ကို ငြင်းလိုက်လို့ရလား”

All Chapters