ကောင်းကင်ပေါ်က ကြယ်ပင်လယ်လို့ စိတ်မျိုး
Vol. 20 Ch. 297
အားလုံးကို အမြန်ချမှတ်ရေးသားပြီးနောက် ရှားကျန်း ပြောလိုက်သည်။ “ဘော့စ်ဖေး ထန်းတာ့ကနေ ဖန်တီးလိုက်တဲ့ ဂိမ်းတိုင်းက အရမ်း အမြတ်အစွန်းရပြီး နာမည်လည်းကြီးတယ်ဆိုတာ ကျွန်မတို့ သိထားပြီးသားပါ။ ဒါမျိုးက အရမ်းရှားတယ်နော်”
“ဂိမ်းဖန်တီးသူအတော်များများက အကျိုးအမြတ်ကိုပဲ မျှော်ပိုးပြီး ဂိမ်းရဲ့ ဂုဏ်သတင်းကိုတော့ စတေးဖို့ ရွေးချယ်ကြတယ်။ ရလဒ်အနေနဲ့ အလားအလာရှိတဲ့ လက်ရာကောင်းတွေတောင် လမ်းတစ်ဝက်မှာ ကျရှုံးသွားတာမျိုးတွေ ရှိခဲ့တယ်”
“တခြား ဂိမ်းဖန်တီးသူတွေကျတော့လည်း ဂိမ်းရဲ့ အရည်အသွေးကို ပိုပြီး အလေးထားလို့ မချွေတာချင်ကြဘူး။ ရလဒ်အနေနဲ့ သူတို့ နာမည်ကောင်းရခဲ့ပေမယ့် အကျိုးအမြတ်လုံလုံလောက်လောက်တော့ မရခဲ့ဘူး။ တချို့ဆို နေ့စဉ် အော်ပရေးရှင်းတွေကို ကာမိအောင်တောင် ပြန်မရကြဘူး”
“အဲ့ဒီနှစ်ဖက်စလုံးက စိတ်မကောင်းစရာ အခြေအနေတွေချည်းပဲဆိုတာတော့ ဝန်ခံရမယ်”
“ဘော့စ်ဖေးက အကျိုးအမြတ်ကော ဂုဏ်သတင်းကော တစ်ချိန်တည်းမှာ ရအောင် ဘယ်လိုလုပ်ခဲ့တယ် ဆိုတာလေး ကျွန်မတို့ကို မျှဝေပေးပါဦး”
ဖေးခချမ့် ငြင်ငြင်သာသာ သက်ပြင်းချလိုက်ပါသည်။ “တကယ်တော့ ကျွန်တော်က အကျိုးအမြတ်ရဖို့ အဲ့လောက်ကြီး စိတ်မဝင်စားဘူးဗျ”
“ဂုဏ်သတင်းမွှေးဖို့နဲ့ အကျိုးအမြတ်ရဖို့နှစ်ခုကို ဘယ်လိုမျှေချေညီအောင် လုပ်ရမယ်ဆိုပြီးတော့လည်း ကျွန်တော် တစ်ခါမှ မစဉ််းစားဖူးဘူး။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ ထန်းတာ့ရဲ့ ဂုဏ်သတင်းတွေကတက်လာတယ်။ ရောင်းအားတွေ တိုးလာတယ်။ အမြတ်အစွန်းတွေလည်း အများကြီး ပိုရလာကြတယ်”
“အခု အရမ်း အမြတ်အစွန်းဝင်လွန်းလို့ မွန်းကြပ်ဖို့တောင် ကောင်းလာပြီ”
“ဂိမ်မာတွေက ဘာကြောင့် ကျွန်တော်တို့ဂိမ်းကို ဆက်ချီးကျူးနေပြီး ပိုက်ဆံတွေ ပုံပေးနေကြလဲ နားမလည်နိုင်တော့ဘူး။ အဲ့လိုလုပ်လို့ ကျွန်တော့်ကို ပိုပြီး ဒုက္ခများစေတယ်လေ”
ရှားကျင်းက တည်တည်တံ့တံ့မျက်နှာမျိုးဖြင့် ခေါင်းငြိမ့်လိုက်ကာ မာန်ပါစွာ မှတ်စုများ ချမှတ်နေသည်။
‘ပစ္စည်းဥစ္စာတွေအပေါ် နှစ်သက်မှုမရှိတော့ဘဲ အယူဝါဒနဲ့ စိတ်ခွန်အားအပေါ်မှာပဲ ပိုပြီးဆန္ဒပြင်းပြတဲ့ ဒီဇိုင်နာတစ်ယောက်’
‘ဘယ်လောက်များများရပါစေ ဝန်ဘယ်တော့မှ လျော့သွားလေ့မရှိတဲ့ စိတ်ဓာတ်’
‘ပစ္စည်းဥစ္စာစည်းစိမ် နည်းနည်းလောက်နဲ့ မကျေနပ်ဘူး။ ဒါပေမယ့် အယူဝါဒနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးမြှင့်မှုတွေအတွက် သူ့ရဲ့ဆာလောင်မှုတွေကတော့ မတင်းတိမ်နိုင်ဘူး’
‘သူ့ပန်းတိုင်တွေ မရောက်နိုင်မှာကို ဘယ်တော့မှ မစိုးရိမ်ဘူး။ အဲ့ဒီအစား ကိုယ့်ကိုယ်ကိုပဲ ပြန်ချင့်ချိန်တယ်’
‘ငါအဲ့လိုမျိုး အယူဝါဒနဲ့ စိတ်ဓာတ်ခွန်အား အဆင့်မျိုးကို မရောက်သေးဘူးလား’ ‘သူ့ကိုယ်သူ အမြဲတမ်း အဲ့လိုမေးလေ့ရှိိတယ်’
ထိုစာသားများကို ချရေးပြီးနောက် ရှားကျန်း ထပ်မေးလိုက်ပါသည်။ “ဘော့စ်ဖေးက ဒီလောက် ပြောင်မြောက်တဲ့ ရလဒ်တွေကို ရရှိထားပြီးသားဆိုတော့ နောက်ထပ် ပန်းတိုင်က ဘာများဖြစ်မလဲ”
ဖေးချမ့် လည်ချောင်းရှင်းလိုက်ပြီး တည်တည်တံ့တံ့မျက်နှာဖုံးတပ်လိုက်၏။ “ကျွန်တော့် ပန်းတိုင်က ဘယ်တော့မှ မပြောင်းလဲဘူး။ ကျွန်တော့်ရဲ့ ပန်းတိုင်က အမြဲတမ်း အရှုံးပေါ်တဲ့ဂိမ်းတစ်ခု ဖန်တီးဖို့ပဲ”
ရှားကျင်း ရပ်တန့်သွား၏။ ထို့နောက် ခေါင်းငြိမ့်ကာ နောက်တစ်ဖန် စာများ ချရေးလေသည်။
‘သူ့ဘဝမှာ အနိုင်ရခဲ့တာတွေ များနေပြီ ဖြစ်တာကြောင့်လား’
‘ဒီဇိုင်နာအများစုက သူတို့တစ်သက်လုံး အောင်မြင်တဲ့ ဂိမ်းတစ်ခုကို ဖန်တီးနိုင်ဖို့ပဲ ကြိုးစားနေကြတာ။ သူကတော့ ကျရှုံးဖို့အတွက်ပဲ တိတ်တဆိတ် မျှော်လင့်စောင့်စားနေခဲ့တယ်’
‘ဧကန္တ အောင်မြင်မှုဆိုတာ အခု သူ့အတွက် ပျင်းစရာကောင်းသွားပြီ ထင်တယ်။ မျှော်လင့်မထားတဲ့ ကျရှုံးမှု တစ်ခုက သူ့ကို စိန်ခေါ်မှုတွေ ပိုပေးနိုင်မှာ မို့လို့ ဖြစ်နိုင်တယ်’
‘သူက ကျရှုံးမှုကို သူ့ရဲ့ပန်းတိုင်အဖြစ် သတ်မှတ်ပြီး သူရရှိခဲ့သမျှကို ပြန်စွန့်လွှတ်နိုင်တယ်’
‘လူပေါင်းများစွာက အောင်မြင်ဖို့ ကြိုးစားကြပေမယ့် ကျရှုံးမှုကို ရှာဖွေသူကတော့ အလွန်နည်းပါးတယ်’
‘ဒီလောက် သန်မာတဲ့ စိတ်ဓာတ်မျိုးရလာလောက်အောင် သူဘယ်လောက်တောင် အန္တရာယ်များတဲ့ အခြေအနေတွေနဲ ကြုံခဲ့ရလဲဆိုတာ ဘယ်သူမှ စဉ်းစားကြည့်လို့တောင် မရနိုင်လောက်ဘူး။ သူ မဟာ ရှုံးနိိမ့်မှုတွေကိုတောင် မကြောက်ရွံ့တော့ဘူး’
စကားလုံးများ သူမ ခေါင်းထဲ ချောချောမွေ့မွေ့ ဝင်ရောက်လာတာကို ခံစားမိသည်။ သူမ၏ ဘောပင်နဲ့ မှတ်စုစာအုပ်မျက်နှာပြင်တို့ ပွတ်တိုက်သံများ အချိန်အကြာကြီး ဆက်လက် ထွက်ပေါ်နေခဲ့ပါသည်။
သူမရှေ့တွင် ထိုင်နေသည့် ဖေးချမ့်ကတော့ စတင် သံသယဝင်လာပါသည်။ သူ့စိတ်ထဲမှာ မေးခွန်းတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး အဖြေကို စတင်ရှာဖွေလေတော့သည်။
ငါဖြေတာတွေကို သူဘာလို့ အံ့သြတဲ့ပုံမပေါက်တာလဲ။
သူဘာတွေရေးနေတာလဲ။
ငါပြောတာကို နားလည်တဲ့ပုံစံမျိုး ဘာလို့ ပေါက်နေတာလဲ။
ဖေးချမ့် ပိုပိုပြီး နေရထိုင်ရခက်လာ၏။
ဒါရိုက်တာ၊ ဇာတ်ညွှန်းတစ်ခုခုမှားနေပြီထင်တယ် ကျွန်တော် ပေါက်ကရတွေချည်းပဲ ပြောနေတာကို ဒီသတင်းသမားက ဘာလို့ သံသယနည်းနည်းလေးတောင် မဝင်တာလဲ။ အဲ့ဒီအစား သူ့ကို ရွှေအကြံဉာဏ်တွေ ပေးနေသလိုမျိုး မှတ်စုတွေ အတည်ပေါက်ကြီး ချရေးနေပါလား…
ဖေးချမ့် ရှားကျန်း၏ မှတ်စုစာအုပ်ကို ချောင်းကြည့်လိုက်၏။ သို့သော်လည်း စကားလုံးများက လျှောက်ခြစ်ထားသလိုပင်။ သူတစ်လုံးမှ ဖတ်မရပါ။
ငါမေးကြည့်ရင် ကောင်းမလား။
သို့သော် မသင့်တော်လောက်ပေ။
ဘယ်လို အင်တာဗျူးခံရသူက အင်တာဗျူးသူကို ဘာတွေရေးနေတာလဲလို့ မေးမှာလဲ။ အင်တာဗျူးသူရဲ့ ပရော်ဖက်ရှင်နယ်ကျမှုနဲ့ စွမ်းရည်တို့ကို သံသယဝင်ရာ ရောက်သည်။ အလွန်ရိုင်းရာ ကျပါမည်။
ဖေးချမ့် တည်တည်ငြိမ်ငြိမ်နဲ့ ဘာမှ မဖြစ်သလို ပြုံးနေလိုက်သည်။ သို့သော်လည်း သူ့ရင်ထဲမှာတော့ စိတ်ရှုပ်မှုများဖြင့် ပြည့်နှက်နေပါသည်။ တစ်ခုခုတော့ မှားနေသလိုမျိုး ခံစားမိ၏။
မကြာခင် ရှားကျန်းက မေးခွန်းနောက်တစ်ခု ထပ်မေးလိုက်၏။ “ဘော့စ်ဖေးရဲ့ နောက်ဆုံးထွက် လက်ရာ ဖြစ်တဲ့ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ အကြောင်း ပြောကြရအောင်”
“ရှင်က အကြိမ်တိုင်းမှာ မတူညီတဲ့ ဂိမ်းအမျိုးအစား တစ်ခုစီကို ဖန်တီးတယ်လို့ အားလုံးသိထားကြတယ်။ မတူညီတဲ့ နယ်ပယ်တွေမှာ ခြေချဖို့အတွက် ဘယ်လိုအရာက ဘော့စ်ဖေးကို အားပေးခဲ့တာလဲ”
“ရဲရင့်ချင်ပြီး အလွယ်ကြိုက်တဲ့ဇုန်ထဲက ကိုယ့်ကိုယ်ကို တွန်းထုတ်ချင်လို့လား။ ဒါမှမဟုတ် သင်ယူနိုင်သမျှကို သင်ယူဖို့အတွက်လား။ ဒါမှမဟုတ် ဂိမ်းတွေနဲ့ လောကကြီးအပေါ် ကြီးမားတဲ့ သဘောထာားတွေ ရှိနေလို့လား”
ဖေးချမ့် ဆွံ့အနေ၏။
ဒီအင်တာဗျူးကတော့ ပိုပိုပြီး အဓိပ္ပာယ်မဲ့လာပါပြီ။
ယခင်မေးခွန်းတွေကမှ မျှမျှတတရှိိသေးသည်။ သို့သော်လည်း ဒီမေးခွန်းကတော့ ရှားကျန်း၏ ဘက်လိုက်မှုကို အလွန်သိသာသွားစေပါသည်။
ဖေးချမ့်က ခေါင်းခါလိုက်ပြီး ချက်ချင်း ငြင်းဆန်လိုက်၏။ “ပြောသွားတာတွေ တစ်ခုမှ မဟုတ်ဘူး။ ကျွန်တော် ကျရှုံးနိုင်ချေ ပိုများအောင် မကြုံဖူးတဲ့ နယ်ပယ်တွေထဲကို ခြေချချင်တာ သက်သက်ပါ”
ဒီတစ်ခေါက် ရှားကျန်း ဘာမှ ချမရေးတော့ပါ။ ထို့အစား ပြုံးကာ ပြောလိုက်သည်။ “ကျွန်မ နားလည်ပါတယ်”
ဖေးချမ့်၏ စိတ်ထဲ မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားလေသည်။
နင်ဘာကို နားလည်တာလဲ။ ငါအကုန်သိတယ်ဆိုတဲ့ ပုံစံမျိုးတွေကို အမုန်းဆုံးပဲ
ဖေးချမ့် လုံးဝ ဆွံ့အနေပါသည်။ ယခုတော့ ဒီသတင်းသမားက သူ့ကို နားလည်မှုလွဲနေမှန်း ရာနှုန်းပြည့် သေချာသွားလေပြီ။ ထို့အပြင် အန္တရာယ်များပြီး အဓိပ္ပာယ်မရှိသည့် နားလည်မှုလွဲပုံမျိုးလည်း ဖြစ်သည်။ ဖေးချမ့် ဒေါသထွက်သွားသော်လည်း သူ့စိတ်က သူ့ကို တည်တည်ငြိမ်ငြိမ်နေဖို့ ပြောလိုက်ပါသည်။
ဒီသတင်းသမား သူ့ကို နားလည်မှုလွဲတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဖေးချမ့် သူ့နဂို ရည်ရွယ်ချက်ကို မမေ့သေးပါ။
သူ့နာမည်ကြီးမှုကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့ အကောင်းဆုံးကြိုးစားရမည်။ ဂိမ်မာတွေကြားထဲမှာ သူ့ကိုယ်သူ ပုံဆိုးပန်းဆိုးဖြစ်အောင် လုပ်ပြီး ရောင်းအား လျော့အောင် လုပ်ရမည်။ နောက်ဂိမ်း ကျရှုံးသွားအောင် လုပ်နိုင်လျှင် အကောင်းဆုံးဖြစ်၏။
ထိုအတွေးဖြင့် ဖေးချမ့် ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ပြီး ရှားကျန်းကို ဆက်ဗျူးဖို့ လက်ဟန် ပြလိုက်ပါသည်။
ရှားကျန်းကလည်း ဆက်မေး၏။ “ပရော်ဖက်ရှင်နယ် ဝေဖန်ရေးသမားများစွာက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းကို သုံးသပ်ချက်တွေ ပေးထားကြတယ်နော်။ ဂိမ်းနဲ့ပတ်သတ်ပြီး သူတို့ ဒီလိုသုံးသပ်ကြလိမ့်မယ်ဆိုတာကို ကြိုတွေးထားပြီးသားလား”
ဖေးချမ့် ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ပါသည်။ “လုံးဝ မတွေးထားပါဘူး”
ရှားကျန်း ပြုံးလိုက်၏။ “ဒါဆို ဂိမ်းရဲ့ အဓိပ္ပာယ်ကို အရမ်း လျှို့ဝှက်ထားဖို့ နဂိုကတည်းက တွေးထားပြီးသားလား။ လူတွေ နားမလည်အောင်လုပ်ဖို့ ပြင်ဆင်ထားပြီးသားလား”
“ဟမ် မဟုတ်ပါဘူး” ဖေးချမ့် ခေါင်းခါလိုက်၏။ “လူတွေ ဂိမ်းကို ဒီအတိုင်းအတာလောက်အထိ အကဲခတ်လွန်ကြမယ် မထင်ခဲ့လို့ပါ”
“အကဲခတ်လွန်တယ် ဟုတ်လား” ရှားကျန်း ဘောပင်ကို ထပ်ကိုင်လိုက်ပြန်ပါသည်။
ဖေးချမ့်က ခေါင်းငြိမ့်လိုက်၏။ “အမှန်ပဲ။ သူတို့ တော်တော်ကို လွန်တယ်။ သူတို့ ချီးကျူးနေတဲ့ ဇာတ်လမ်းကို ကျွန်တော်ဖန်တီးထားတာမဟုတ်ဘူး။ ဒီတိုင်း ကျောင်းကနေ ကြုံရာကျပန်း စာပေနဲ့ ဘွဲ့ရထားသူတွေကို တွေ့ပြီး သူတို့ ရေးချင်တာ ရေးခိုင်းလိုက်တာ”
“ဂိမ်းကလည်း ပိုပြီးလေးနက်ဖို့ ခက်ခဲအောင် လုပ်ထားတာ မဟုတ်ဘူး။ ကစားသမားတွေကို အဲ့ဂိမ်းနဲ့ နှိပ်စက်ချင်ရုံသက်သက်ပဲ။ ကစားသမားတွေ ဒီလိုနာကျင်ခံစားနေရတာကို မြင်ရတာ ကျွန်တော် သာယာတယ်”
“ကျွန်တော်ပြောတာ နားလည်ရဲ့လား”
ဖေးချမ့် အလွန်လေးနက်စွာဖြင့် မေးလိုက်၏။
ရှားကျန်းကလည်း သူ့နည်းတူ လေးလေးနက်နက်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ “နားလည်တာပေါ့ နားလည်တာပေါ့”
ဖေးချမ့် ဆွံ့အသွား၏။ “...”
ရှားကျန်းက ဘောပင်ကို ထပ်ကိုင်ကာ မှတ်စုတချို့ ထပ်ရေးပြန်သည်။ သို့သော်လည်း တစ်ခုခု လိုနေတာကို ခံစားမိပြီး ထပ်မေးလိုက်သေး၏။
“ဒါဆို ဖုတုလက်နက်က ဘယ်လိုလဲ”
ဖေးချမ့် အမှန်တိုင်း ပြောလိုက်ပါသည်။ “ကျွန်တော့်ဖာသာ ကစားရင် ညစ်ပြီး ကစားဖို့ ဖန်တီးထားတဲ့ လက်နက်ပါ။ ကစားသမားတွေက မတော်တဆ ရှာတွေ့သွားခဲ့တာပဲ”
ရှားကျန်းက ခေါင်းငြိမ့်လိုက်သည်။ “ဒါဆို ဘော့စ်ဖေးလည်း ဂိမ်းကို ကစားခဲ့တာပေါ့”
ဖေးချမ့် တိတ်ဆိတ်သွားသည်။
ဘာပြန်ပြောရမလဲ။ သူ မကစားခဲ့ဘူးလို့ ပြောရမလား။
ဒီလိုရိုးရိုးရှင်းရှင်း မေးခွန်းလေးကိုတော့ လိမ်ဖို့ မလိုအပ်ဘူးမလား။ ထို့အပြင် ဘယ်သူကမှလည်း သူ့ကို ယုံကြမှာ မဟုတ်ပါ။
ဒါဆို ကစားခဲ့တယ်လို့ ပြောရမလား။
ဒါဆိုလည်း သင့်တော်မှာ မဟုတ်ပါ။ ဂိမ်မာများကို နှိပ်စက်ဖို့အတွက် ဂိမ်းကို ဖန်တီးထားခြင်း ဖြစ်သည်ဟု ပြောထားပြီးသားဖြစ်သည်။ သူပါ ကစားခဲ့သည်ဟု ပြောလိုက်ပါက စိတ္တဇကောင်လို့ သူများတွေ ထင်မသွားနိုင်ဘူးလား။
ထို့ကြောင့် ဖေးချမ့် ခေတ္တ ပြောစရာ စကားပျောက်သွားသည်။
ရှားကျန်းက သူ့ကို သဘောပေါက်နားလည်သည့် အကြည့်မျိုးဖြင့်ကြည့်လိုက်ကာ မှတ်စုစာအုပ်ထဲတွင် ဆက်ရေးနေလိုက်ပါသည်။
‘ဘော့စ်ဖေးရဲ့ ဟာသဉာဏ်ကတော့ ကျွန်မစိတ်ထဲမှာ တစ်သက်လုံး စွဲသွားတော့မယ်ထင်တယ်’
‘သူ့လိုမျိုး အောင်မြင်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ ယောက်ျားတွေအားလုံးမှာ မွေးရာပါ ဟာသဉာဏ် ပါလာတတ်ကြတယ်ထင်တယ်။ သာမန်ဆန်ပြီး ပျင်းဖို့ကောင်းတဲ့ အင်တာဗျူးတစ်ခုတောင် သူနဲ့ဆို ပျော်ဖို့ ရွှင်ဖို့ ကောင်းလာတယ်’
‘ဘော့စ်ဖေးက အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို ဂိမ်မာတွေကို နှိပ်စက်ဖို့အတွက် ဖန်တီးထားတာလို့ တဲ့တိုး ဝန်ခံခဲ့တယ်’
‘ဒါပေမယ့် သူများကို မနှိပ်စက်ခင် ကိုယ့်ကိုယ်ကို အရင်ပြန်နှိပ်စက်ခဲ့တာကိုး။ ကစားသမားတွေ ဂိမ်းထဲမှာ နာကျင်ခံစားရတဲ့အခါ ဂိမ်းဖန်တီးသူကလည်း သူတို့လိုမျိုးပဲ တွေ့ကြုံခံရလိမ့်မယ်လို့ အများစုကတော့ ထင်မှာမဟုတ်ဘူး’
‘ဖုတုလက်နက်က သူ့အတွက်သူ လုပ်ထားတာလို့ ပြောပေမယ့် အားလုံးအတွက် မရည်ရွယ်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ’
‘သူ့ကိုယ်သူ ကယ်တင်ရှင်အဖြစ် မမြင်နိုင်ခင် အားလုံးကို ကယ်တင်ဖို့ နည်းလမ်းတစ်ခုတော့ ရှာရမယ်မဟုတ်လား’
‘သူ့လိုမျိုးလူတစ်ယောက်ရဲ့ ညှာတာမှုနဲ့ စတေးမှုတွေကြောင့်သာမဟုတ်ရင် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဆိုတဲ့ ဂိမ်းက ထွက်လာပါ့မလား’
ဖေးချမ့်က အားလုံးကို ဘွင်းဘွင်းကြီး ပြောခဲ့သည်။ သို့သော်လည်း ရှားကျန်းတစ်ယောက် စာအုပ်ထဲမှာ အားသွန်ခွန်စိုက် ရေးနေပုံကိုကြည့်ပြီး ရုတ်တရက်ကြီး စိတ်ပျက်သွားသည်။
အသုံးမဝင်ဘူးဟ။ သူ ငါပြောတာ နားမထောင်ဘူး။ ငါ့ကိုလည်း လုံးဝ နားမလည်ဘူး။ ငါတို့ ကြိမ်နှုန်းတွေ လုံးဝ လွဲနေပြီ။
နောက်ထပ် မေးခွန်းကို ဘယ်လိုဖြေရမလဲတောင် ဖေးချမ့် မသိတော့ပါ။
ရှားကျန်းက မှတ်စုများ ရေးသားပြီးကာ နောက်ထပ် မေးခွန်းမေးဖို့ ပြင်လိုက်ပါသည်။ သို့သော်လည်း ဖေးချမ့်က ခပ်မြန်မြန်ပဲ လက်မြှောက်ကာ တားလိုက်၏။ “အယ်ဒီတာချုပ်ရှား…”
“ဟုတ်ကဲ့ ပြောပါ ဘော့စ်ဖေး” ရှားကျန်းက စိတ်အားထက်သန်နေသည့်ပုံစံပင်။
ဖေးချမ့်က စကားလုံးမှန်ရှာဖို့ မနည်းကြိုးစားလိုက်ရသည်။ “ခုနက ကျွန်တော် ပြောသွားတာတွေကို… ခင်ဗျားနားလည်မှုလွဲသွားနိုင်တယ်လို့ မထင်ဘူးလား”
အယ်ဒီတာချုပ်ရှား၏ အစွမ်အစကို သံသယဝင်နေကြောင်း ပြသလိုက်မိပြီဟု ဖေးချမ့် ထင်ခဲ့သော်လည်း ရှားကျန်းက လုံးဝ စိတ်မဆိုးပေ။ ထို့အစား ပြုံးကာ ခေါင်းသာ ပြန်ငြိမ့်ပြသည်။
“ဘော့စ်ဖေး ကျွန်မနားလည်ပါတယ်”
“ဘော့စ်ဖေးရဲ့ တွေးပုံခေါ်ပုံက နက်ရှိုင်းလွန်းတယ်။ ဘော့စ်ဖေးရဲ့ စကားလုံးနောက်ကွယ်က အဓိပ္ပာယ်တွေကို ရှာဖွေဖို့ ကျွန်မလည်း ခက်ခက်ခဲခဲကြိုးစားပေမယ့် အလွန်ဆုံး တချို့တဝက်ကိုပဲ မှန်ကန်အောင် ဖော်ဆိုနိုင်တယ်။ ဒါမျိုးက ကောင်းကင်ပေါ်က ကြယ်ပင်လယ်လိုပဲ။ ကျွန်မတို့ ဘယ်လောက်ဝေးဝေးကပဲကြည့်ကြည့် အလင်းပေါက်လေးတွေပဲ မြင်ရမှာ။။ ဒါပေမယ့် အမှောင်ထုရဲ့ နောက်ကွယ်မှာ လှပတဲ့ နဂါးငွေ့တန်းကြီး တစ်ခုလုံး ရှိနေတာတောင် ကျွန်မတို့ အသိအမှတ်ပြုဖို့ ကျရှုံးခဲ့ကြတယ်။ စိတ်မကောင်းပါဘူး ဘော့စ်ဖေး။ ကျွန်မ အကောင်းဆုံး ကြိုးစားနေပါသေးတယ်”
ဖေးချမ့် ကြောင်သွားသည်။
“?”
နင်ဘယ်လောက်ခက်ခက်ခဲခဲ ကြိုးစားနေလဲဆိုတာကို ငါသံသယဖြစ်လို့လား။ နင်က ခက်ခက်ခဲခဲ ကြိုးစားနေတာတော့ ဟုတ်ပါတယ်။ ငါ့ကို နားလည်မှုလွဲအောင် ခက်ခက်ခဲခဲ ကြိုးစားနေတာလေ။
နင့်ကို နားလည်အောင် ဘာလို့ လုပ်လို့ မရတာလဲ။
မဖြစ်ဘူး။ ဒီအင်တာဗျူးကို ဆက်သွားခွင့်ပေးလို့မဖြစ်တော့ဘူး။ ဆက်သွားရင် အဆုံးသတ် ရလဒ်က ဘယ်လိုဖြစ်သွားမလဲ မပြောနိုင်ဘူး။
ဖေးချမ့်က ဆင်ခြေပေးဖို့ စဉ်းစားနေစဉ်မှာပဲ ဖုန်းသံမြည်လာ၏။ ယူကြည့်လိုက်သောအခါ အိပ်ယာထဖို့ မနက် ၁၀ နာရီ နှိုးစက်သံ ဖြစ်နေမှန်း မြင်လိုက်ရသည်။
ပုံမှန်ဆို ရုံးမှာ သူဘာမှ လုပ်ဖို့ မလိုပေ။ ဖေးချမ့်က မနက် ၁၀ နာရီအထိ အိပ်တတ်သည်။ အင်တာဗျူးက ၉ နာရီတွင် စတင်သဖြင့် ဒီနေ့ မနက်စောစော အိပ်ယာထဖို့ နောက်ထပ် နှိုးစက်သံ တစ်ခု သတ်မှတ်ထားခဲ့ပါသည်။
ယခု မနက် ၁၀ နာရီ နှိုးစက်သံက မြည်လာလေပြီ။ ဖေးချမ့် ခပ်မြန်မြန်ပဲ ပိတ်လိုက်ပြီး ဖုန်းကို နားရွက်နား ကပ်လိုက်ကာ ဖုန်းဖြေနေသလို ဟန်ဆောင်လိုက်ပါသည်။
“သြော် အေးကွာ ငါ့ကို အချိန်ခဏလောက်ပေး။ တတ်နိုင်သမျှ အမြန်ဆုံးလာခဲ့မယ်”
ဖုန်းကို ပြန်သိမ်းပြီးနောက် တောင်းပန်သည့် ပုံစံမျိုးဖြင့် ပြောလိုက်ပါသည်။ “အယ်ဒီတာချုပ်ရှား ကံမကောင်းဘူးဗျာ။ ကျွန်တော် အလုပ်ကိစ္စလေး တချို့ ပေါ်လာလို့။ ကျွန်တော့် ဝန်ထမ်းတွေကိုပဲ ဆက်ဗျူးလိုက်လို့ ရမလား။ ကျွန်တော် သွားရတော့မှာ မို့လို့ပါ”
အယ်ဒီတာချုပ်ရှားက အမြန်ခေါင်းငြိမ့်လိုက်ပါသည်။ “သြော် ရပါတယ် ဘော့စ်ဖေးရယ်။ ကျွန်မ ဒီနေ့အင်တာဗျူးကနေ အများကြီး ရလိုက်ပါတယ်။ လုပ်စရာရှိတာ ဆက်လုပ်ပါ”
ဖေးချမ့် တိတ်ဆိတ်စွာဖြင့် လှည့်ထွက်သွားလေသည်။
ထားလိုက်တော့ ငါရင်မဆိုင်နိုင်ရင် ထွက်ပြေးမယ်။
ဒီအင်တာဗျူးသာ ဆက်ဖြေနေရင် ငါ့ကို ကိုးကွယ်စရာ ဘုရားအဖြစ်တောင် ဖန်တီးသွားလောက်တယ်။ ငါပြေးနိုင်သမျှ အမြန်ဆုံး ပြေးရမယ်။
ဘော့စ်ဖေး ထွက်သွားတာကို ရှားကျန်းကြည့်ရင်း သူမ၏ မှတ်စုစာအုပ်ထဲ တိုးတိုးတိတ်တိတ် နောက်ထပ် စာသား တစ်ကြောင်း ချရေးလိုက်ပါသည်။
‘ကမ္ဘာပေါ်မှာ ကြောက်ဖို့အကောင်းဆုံးအရာက သာမန်လူတွေထက်တောင် ပိုပြီး အလုပ်ကြိုးစားတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပဲ’
သူမ ရေးပြီးတာနဲ့ ကင်မရာမန်းအဖွဲ့ကို ကင်မရာတွေ ယူလာဖို့ အယ်ဒီတာချုပ်ရှား လက်ဟန်ပြလိုက်ပါသည်။
“ဘယ်သူ့ကို အရင်ဆုံး အင်တာဗျူးရမလဲ ကြည့်ကြရအောင်”