← Chapters

အင်တာဗျူးသူနဲ့ အင်တာဗျူးဖြေသူတို့ရဲ့ လိုက်ဖက်မှု

Vol. 20 Ch. 298

အင်တာဗျူးသူနဲ့ အင်တာဗျူးဖြေသူတို့ရဲ့ လိုက်ဖက်မှု

Vol. 20 Ch. 298

ဖေးချမ့် နဖူးပေါ်က ချွေးစက်များကို သုတ်ရင်း ဧည့်ကြိုခန်းထဲက ထွက်လာခဲ့သည်။

ဒီလိုဖြစ်လာမှာကို သူကြိုမြင်နေသည်ဟု ဆိုနိုင်၏။ အင်တာဗျူးအဖွဲ့က တကယ်ပဲ ဝှက်ဖဲ တစ်ခုခုတော့ ရှိနေပါသည်။

၎င်းတို့ကို ရင်းရင်းနှီးနှီးဆက်ဆံပေးလိုက်ခြင်းဖြင့် ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု ဖေးချမ့် တွေးခဲ့မိသည်။ ဘာပဲဖြစ်ဖြစ် အင်တာဗျူးတစ်ခု သက်သက်ပဲ မဟုတ်ပါလား။ သတင်းသမား ရေးမှတ်ဖို့ ဟိုအကြောင်းဒီအကြောင်းတချို့သာ ပြောလိုက်ပြီး စာဖတ်သူတွေက ဖတ်ကြလိမ့်မည်။ သူ ဘာမှ အရမ်းကြီး ကြိုးစားနေမှာ မဟုတ်ဘဲ ဒါတွေအားလုံး ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်မည်။

အယ်ဒီတာချုပ်ရှားက အချက်အလက်များကို ကွေ့ဝိုက်ပြီး အဓိပ္ပာယ်ကောက်ရာတွင် ဒီလောက် တော်လိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပါ။

လက်ရှိအခြေအနေကို ကြည့်ရသလောက်တော့ ဒါ ပြဿနာ အသေးအဖွဲ မဟုတ်ပေ။ ဒီကိစ္စကိုသာ သေသေချာချာ မကိုင်တွယ်နိုင်ပါက အကျိုးဆက်တွေက ဆိုးရွားလောက်သည်။

ဖေးချမ့် ခပ်မြန်မြန်ပဲ လက်ထောက်ရှင်းကို ဆွဲခေါ်လိုက်၏။ “အယ်ဒီတာချုပ်ရှားက ဘယ်သူ့ကို အင်တာဗျူးဖို့ ပြင်နေတာလဲ”

လက်ထောက်ရှင်းလည်း ခေတ္တစဉ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ “ထန်းတာ့မှာ သူများထက်ပိုပြီး ထူးချွန်တဲ့ ဝန်ထမ်းတွေကို အင်တာဗျူးမှာဆိုတော့ ဟွမ်းစစ်ပေါ်၊ ပေါင်ရှု၊ လင်းဝမ်၊ လုမင်လျန်တို့လို လူတွေပေါ့…”

ဖေးချမ့် လေအေးများ ရှူရှိုက်လိုက်မိ၏။

ဒီလူတွေက ဘော့စ်ဖေးကို ပြဿနာများ ဆက်တိုက်ပေးနေခဲ့သည့် လူတွေချည်း ဖြစ်၏။

အများစုက အဝေးကို ဖယ်ထုတ်လိုက်ရသည့် ထူးချွန်ဝန်ထမ်းများဖြစ်ကြပြီး ပေါင်ရှုလို ပြဿနာ ရှာတတ်သည့် လူတွေကိုလည်း ဖေးချမ့်က အနီးကပ် စောင့်ကြည့်ထားရသေးသည်။

ထို့အပြင် နောက်ကျောဓားထိုးတတ်သည့် ထိုဝန်ထမ်းအားလုံးမှာ တူညီတာတစ်ခုတော့ ရှိသည်။ စိတ်ကူးယဉ်နိုင်စွမ်း အလွန်ရှိကြခြင်းပင်။ ဟွမ်းစစ်ပေါ်၊ ပေါင်ရှု၊ လင်းဝမ်တို့အားလုံးက စိတ်တိုဖို့ကောင်းလောက်အောင် စိတ်ကူးယဉ်ဆန်ကြသည့် မကောင်းဆိုးရွားများ ဖြစ်သည်။

အယ်တီတာချုပ်ရှားသာ သူတို့အကုန်လုံးကို အင်တာဗျူးသွားပါက ၎င်းတို့၏ စိတ်ကူးစိတ်သန်းကောင်းမှုက ပြဿနာအပေါ် သာမန် အပေါင်းလက္ခဏာသက်ရောက်မှုတစ်ခုသက်သက် မဟုတ်နိုင်လောက်တော့ပေ။ ထို့အစား အမြှောက်လက္ခဏာ သက်ရောက်မှု၊ ထပ်ညွှန်း သက်ရောက်မှုတို့တောင် ဖြစ်လာနိုင်သည်။

ဒါဆို ဘယ်သူက အင်တာဗျူးကို ဖတ်နိုင်တော့မှာလဲ။ ချီးကျူးမှုများဖြင့်သာ ပြည့်နှက်နေလွန်းသဖြင့် ဘော့စ်ဖေး နှလုံးရောဂါ ရသွားလောက်သည်။

တခြားသူတွေကိုပဲ အင်တာဗျူးဖို့ ဖေးချမ့် စီစဉ်ပေးချင်၏။ သို့သော်လည်း ဒီလိုဆို မသင့်တော်မှန်း နားလည်လိုက်ရပါသည်။

ပထမတစ်ချက်က တခြားဝန်ထမ်းတွေလည်း သူတို့လောက် စိတ်ကူးစိတ်သန်းမကောင်းနိုင်ဘူးဟု ဖေးချမ့် အာမမခံနိုင်ပေ။ ထို့အပြင် အဆင့်အနိမ့်ဆုံး သာမန်ဝန်ထမ်းတွေကို အင်တာဗျူးဖြေခိုင်းလိုက်ပါက ၎င်းတို့၏ ကိုယ်ပိုင်အဆင့်ကိုလည်း အယ်ဒီတာရှားကို ထုတ်ပြမိလောက်သည်။ ဒီလိုဆို လက်မခံနိုင်စရာပင်။

အယ်ဒီတာရှားက ဖေးချမ့်ဘာကြောင့် အချက်အချာကျသည့် ဝန်ထမ်းတွေကို အင်တာဗျူးမဖြေခိုင်းတာလဲဆိုတာကို သေချာပေါက် စိတ်ဝင်စားသွားလောက်သည်။ တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေသည်ဟုပင် သူမ သံသယဝင်သွားလောက်ပါသည်။

အယ်ဒီတာရှားသာ စိတ်ကူးစိတ်သန်းကောင်းသည့် ငကြောင်တစ်သိုက်ကို ခိုးပြီး အင်တာဗျူးသွားပါက ဘော့စ်ဖေးကြီးကြီးမားမား အံ့အားသင့်သွားရဦးမည်။

ထိုအတွေးနဲ့တင် ဖေးချမ့် ထိတ်လန့်တုန်လှုပ်သွားရသည်။ သူ စိတ်ကူးယဉ်ကြည့်လို့တောင် မရပါ။

ထို့ကြောင့် ဒီလူတွေကိုပဲ အင်တာဗျူးဖြေခိုင်းဖို့ ခွင့်ပြုလိုက်ရတော့သည်။

သူ့ကိုသူ ကယ်တင်ဖို့အတွက်ကတော့…

အနည်းငယ် တွေးတောပြီးနောက် ဖေးချမ့် ပြောလိုက်သည်။ “အင်တာဗျူးနေချိန်မှာ ငါ့အကြောင်း ဘယ်တော့မှ မပြောဖို့ သူတို့ကို သတိပေးထားလိုက်။ သူတို့ ပြောရင်တောင် ငါ့အကြောင်း ကောင်းတာ တစ်ခုမှ ပြောလို့ မဖြစ်ဘူးနော်။ နားလည်လား”

ရှင်းဟိုက်လူ မှင်သက်သွား၏။ “ဘော့စ်ဖေး။ အဲ့တာကတော့… နည်းနည်းခက်မယ်ထင်တယ်”

ဖေးချမ့် လက်ရမ်းပြလိုက်သည်။ “ဒါအမိန့်ပဲ။ သူတို့လုပ်ကိုလုပ်ရမယ်။ သွားပြောလိုက်တော့”

ရှင်းဟိုက်လူ ခေါင်းငြိမ့်လိုက်သည်။ သူမဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး အင်တာဗျူးခံရတော့မည့် ဝန်ထမ်းများကို အမြန်ဆုံး ရွေးချယ်လိုက်သည်။ ထို့နောက် ၎င်းတို့ကို Group တစ်ခုထဲ ထည့်သွင်းလိုက်ပြီး ဘော့စ်ဖေး၏ ညွှန်ကြားချက်များကို ပို့ပေးလိုက်ပါသည်။

ထို့နောက် လက်ထောက်ရှင်းက ဧည့်ကြိုခန်းထဲသို့ သွားကာ အယ်ဒီတာရှားကိုလည်း အသေးစိတ်ညွှန်ကြားချက်တချို့ ပေးခဲ့၏။

ဒီလိုဆိုရင်တောင် ဖေးချမ့် စိတ်မအေးနိုင်သေးပေ။

သို့သော်လည်း သူ့မှာ တခြား အလုပ်ကိစ္စရှိသေးသည်ဟု အယ်ဒီတာရှားကို ပြောခဲ့သဖြင့် ရုံးထဲမှာ ဆက်ပြီး ကြာကြာနေလို့ မရတော့ပေ။

ထို့ကြောင့် စိတ်မအေးနိုင်သေးသော်လည်း ဖေးချမ့် ရုံးထဲက ထွက်လာလိုက်ပါသည်။ ဒီနေ့ အင်တာဗျူးများပြီးဆုံးသွားပြီး မနက်ဖြန်ကျမှ ဖြေရှင်းချက်တစ်ခုရှာဖို့ အချိန်ယူစဉ်းစားမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ဟွမ်းစစ်ပေါ် ဧည့်ကြိုခန်းထဲကို ဝင်လာပြီး သူ တစ်ခါမှ မမြင်ဖူးခဲ့သည့် အပြင်အဆင်များကို မြင်လိုက်ရသည်။ သူအနည်းငယ် စိတ်ဖိစီးသွားရ၏။

ကင်မရာ သုံးလုံး ရှိသည်။ တစ်လုံးက ၃ ချောင်းထောက်ခုံဖြင့် တင်ထားပြီး တခြား နှစ်လုံးက ဘေးပတ်လည်တွင် ရွေ့လျားနေပြီး မြင်ကွင်းကို ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးနေ၏။ ထို့အပြင် အယ်ဒီတာချုပ်ရှားကလည်း အလွန် ပရော်ဖက်ရှင်နယ် ဆန်သည့်ပုံစံပေါက်သည်။

ဒါတွေအားလုံးက ဒီအင်တာဗျူး ဘယ်လောက် စံနှုန်းမြင့်သလဲဆိုတာကို ပြသနေသလိုပင်။

ဟွမ်းစစ်ပေါ်က အိမ်မက်ရန်ပုံငွေကို ပထမဆုံး ရရှိခဲ့သူဖြစ်သည့်အလျောက် ပထမဆုံး အင်တာဗျူးခံရတာ ဖြစ်သင့်ပါသည်။

ဒီအင်တာဗျူးက မေးခွန်းများကို ပွင့်ပွင့်လင်းလင်း ဖြေရသည့် သာမန် အင်တာဗျူးတစ်ခုသာဖြစ်လိမ့်မည်ဟု သူထင်ခဲ့သည်။ သူအများကြီး မစဉ်းစားထားခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးက အဓိက အကြောင်းအရာဖြစ်သည်။ ဘော့စ်ဖေး၏ ပုံရိပ်ကို တိတိကျကျ စိတ်ကူးယဉ်ပြီး အင်တာဗျူးသူရဲ့ မေးခွန်းတွေ မှန်သမျှကို အမှန်တိုင်းဖြေရင် သူ အဆင်ပြေမှာပဲ မဟုတ်လား။

သို့သော်လည်း လက်တွေ့က သူမျှော်မှန်းထားတာနဲ့ ခြားနားနေပါသည်။

ဟွမ်းစစ်ပေါ် ဧည့်ကြိုခန်းထဲ မဝင်နိုင်ခင်မှာပင် အလွန်အရေးကြီးသည့် မက်ဆေ့တစ်စောင်ကို လက်ခံရရှိခဲ့သည်။ အင်တာဗျူးနေချိန်တွင် ဘော့စ်ဖေးအကြောင်း လုံးဝ ပြောလို့မရဘူးဟု ဆိုသည့် မက်ဆေ့ဖြစ်၏။ ထို့အပြင် သူ ရွေးချယ်စရာ မရှိဘဲ ပြောရမယ်ဆိုရင်တောင် ဘော့စ်ဖေးကို ချီးကျူးခွင့် မရှိပေ။

ချက်ချင်းဆိုသလိုပဲ ဟွမ်းစစ်ပေါ် ဖိအားများစွာကို ခံစားလိုက်ရသည်။

သူ အများကြီးတော့ သံသယ မဖြစ်ခဲ့ပေ။ ဘော့စ်ဖေးက အမြဲတမ်း နားလည်ရခက်ပြီး ထူးခြားသူဖြစ်သည်။ ယုတ္တိမရှိဘူးဟုထင်ရသည့် လုပ်ရပ်တိုင်းနဲ့ တောင်းဆိုမှုတိုင်းရဲ့ နောက်ကွယ်မှာ လေးနက်ပြီး ပိုရှုပ်ထွေးသည့် အဓိပ္ပာယ်များ ရှိနေတတ်ပါသည်။

ဟွမ်းစစ်ပေါ်နဲ့ ထန်းတာ့ရှိ ဝန်ထမ်းအများစုက ဒါကို အသားကျနေကြပါပြီ။ ဘော့စ်ဖေးကို ချီးကျူးခွင့်မရသော်လည်း သေချာပေါက် စော်ကားမှာတော့ မဟုတ်ပါ။

ဒီလိုအရေးကြီးတဲ့အင်တာဗျူးတစ်ခုမှာ အရူးတွေသာ ကိုယ့်ဘော့စ်ကိုယ် မကောင်းပြောကြလိမ့်မည်။

ထို့အပြင် သူတို့အားလုံးမှာ ဘော့စ်ဖေး၏ ကျေးဇူးအများကြီးရှိသည်။ အင်တာဗျူးနေစဉ် သူ့မကောင်းကြောင်း ပြောမိပါက သူတို့ လိပ်ပြာမလုံဖြစ်သွားနိုင်ပါသည်။

ထို့ကြောင့် ဟွမ်းစစ်ပေါ်က ဘော့စ်ဖေးအကြောင်း လုံးဝ မပြောဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

သို့သော်လည်း ဘော့စ်ဖေးရဲ့ တောင်းဆိုချက်ကို လိုက်နာတာကြောင့် အင်တာဗျူးကို မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ။

ဘာပဲဖြစ်ဖြစ် ကင်မရာ ၃ လုံးက သူ့ကို ချိန်ထားသည်။ ဂိမ်မာအများစုက နောက်ဆုံး ဗီဒီယိုကို ကြည့်ကြလိမ့်မည်။ ဘော့စ်ဖေးရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့အတွက်နဲ့ ဂိမ်မာပေါင်း သိန်းချီရဲ့ မျက်နှာတည့်တည့်ကိုတော့ မီးခိုးနဲ့မှုတ်လိုက်လို့ မရဘူး မဟုတ်လား။ ဒီလူတွေအားလုံးရှေ့မှာ ထန်းတာ့ကို အရှက်ရစေလိမ့်မည်။

ဟွမ်းစစ်ပေါ် ဝေခွဲရခက်နေပါသည်။

ထို့ကြောင့် ဘော့စ်ဖေးရဲ့တောင်းဆိုချက်ကို လိုက်နာပြီး သံသယတွေမဖြစ်အောင် အင်တာဗျူးကိုလည်း ပြီးမြောက်အောင်ဖြေဆိုဖို့ ဘယ်လိုစကားမျိုးတွေ ပြောရမလဲ ခက်ခက်ခဲခဲ စဉ်းစားလိုက်သည်။

ဒီလိုအချိန်တိုအတွင်း ပြောင်ပြောင်မြောက်မြောက် ဘာစကားမှ မစဉ်းစားနိုင်ပါ။ ရွေးချယ်စရာမရှိတော့ဘဲ အယ်ဒီတာချုပ်ရှား၏ မေးခွန်းများကို နားထောင်ပြီး အမြန်စဉ်းစားဖြေဖို့သာ ရှိတော့သည်။

ထိုအချိန်တွင် ရှားကျန်းကလည်း အင်တာဗျူးမည့် ဝန်ထမ်းစာရင်းကို မဟာရန်သူတစ်ယောက်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေသည့်အလား လှန်ကြည့်နေပါသည်။

ရှားကျန်းက အင်တာဗျူးမဖြေခင် နာမည်စာရင်းကို ရရှိခဲ့ခြင်းဖြစ်၏။ သူမလိုအပ်သည့် အချက်အလက်တိုင်းကို ရရှိခဲ့ပါသည်။ ဝန်ထမ်းများ၏ လျှောက်လွှာများ၊ သူတို့ တာဝန်ယူထားရသည့် လုပ်ငန်းများ၊ သူတို့ရဲ့ ထူးထူးချွန်ချွန် အောင်မြင်မှုများ စသည်တို့ အပါအဝင်ဖြစ်သည်။

ဒါဆို အင်တာဗျူးဖြေသူတွေထံမှ အချက်အလက်များစွာ မေးထုတ်ဖို့ အချိန် မကုန်တော့ဘဲ ပိုပြီး အဓိပ္ပာယ်ရှိတာတွေ မေးလို့ရသွားပါမည်။

လက်ထောက်ရှင်းကလည်း ရှားကျင်းကို ဘော့စ်ဖေးက အင်တာဗျူးဖြေနေစဉ် သူ့ဝန်ထမ်းတွေ သူ့အကြောင်းကို မပြောစေချင်ဘူးဟု အသိပေးထား၏။ ထို့အစား ဒီအင်တာဗျူးကို ဒီထူးချွန်ဝန်ထမ်းများ၏ ရင်ထဲက စကားတွေ အပေါ်မှာပဲ အာရုံစိုက်ထားစေချင်ပါသည်။

ရှားကျန်းကလည်း နားလည်သဘောပေါက်သည့်ပုံစံပင်။

ဘော့စ်ဖေးက သူ့ဝန်ထမ်းများထက် ပိုပြီး မပေါ်လွင်ချင်သည့် ဇာတ်နိမ့်နေတတ်သူ ဖြစ်သည်။ ထို့ကြောင့် သူ့မျက်နှာပြချိန်များကို သူ့ဝန်ထမ်းတွေအတွက်သာ ပေးလိုက်ပါသည်။

ဒါက အလွန်အမင်းရှားပါးပြီး တန်ဖိုးရှိသည့် အရည်အသွေးတစ်ခုပင်။

တခြား တစ်ယောက်ယောက်သာ ဒါမျိုးကို လုပ်ပါက ရှားကျန်း သူတို့ရဲ့ ရည်ရွယ်ချက်ကို သံသယဝင်လောက်သည်။ သို့သော်လည်း ဘော့စ်ဖေး ဒီလိုညွှန်ကြားချက်မျိုးတွေပေးတာ ဖြစ်သင့်သည်ဟု ရှားကျန်း ထင်မိ၏။ ထို့ကြောင့် ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို လေးစားပြီး တတ်နိုင်သလောက် သူ့အကြောင်း မပြောဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော် ဒီလောက်နဲ့ လုံလောက်ပါ့မလာား။

ရှားကျန်း မထင်မိပေ။

ဘော့စ်ဖေးက ပစ္စည်းဥစ္စာစည်းစိမ်ကို လုံးဝ ဂရုမစိုက်ဘဲ ဂုဏ်သတင်းတိုးမြင့်ဖို့ကိုလည်း ရှောင်ချင် ရှောင်လွှဲနိုင်သည်။ သို့သော် ပရော်ဖက်ရှင်နယ် သတင်းသမားတစ်ယောက် အနေနဲ့ ရှားကျန်းမှာ ဘော့စ်ဖေးရဲ့ မြင့်မားပြီး အပြစ်ကင်းစင်သည့် စရိုက်ကို ပေါ်လွင်အောင် ပြသနိုင်စွမ်းရှိသည်။ သူမရဲ့ ပရိတ်သတ်ကို အမှန်တရား ထုတ်ပြရမည့် တာဝန်လည်း ရှိပါသည်။

သူ့အကြောင်းမပြောစေချင်သည့် ဘော့စ်ဖေးရဲ့ ဆန္ဒကို လေးစားပြီး သူ့ရဲ့ မြင့်မားပြီး အပြစ်ကင်းစင်တဲ့ စရိုက်ကို ကမ္ဘာကြီးမြင်အောင် မတင်ပြလို့ ဖြစ်ပါ့မလား။

အလွန်ခက်ခဲသည့် တာဝန်တစ်ခုဖြစ်နိုင်သော်လည်း ရှားကျန်းက ပြင်ဆင်ထားပြီးသား ဖြစ်ပါသည်။

ဟွမ်းစစ်ပေါ် ထိုင်ခုံတွင် ထိုင်လိုက်၏။ ရှားကျန်းကလည်း သူ့လျှောက်လွှာကို အမြန် လှန်ကြည့်လိုက်ပြီး အင်တာဗျူးကို စတင်ပါသည်။

ရှားကျန်း ပြုံးကာ ပြောလိုက်သည်။ “ကျွန်မတို့ သိထားပြီးသား အကြောင်းအရင်းတစ်ခုကြောင့် ဒီနေ့အင်တာဗျူးအတွက် အကြောင်းအရာ ပြောင်းလဲမှုတချို့ ရှိမယ်နော်”

“ရှင့်ရဲ့ အတွေးအမြင်ကို ထုတ်ပြောပြီး ကျွန်မ မေးခွန်းတွေကို အမှန်တိုင်း ဖြေပေးဖို့ပဲ လိုတာပါ ဟုတ်ပြီလား”

ဟွမ်းစစ်ပေါ် အမြန်ခေါင်းငြိမ့်လိုက်ပါသည်။

အမှန်ပင်။ ရှားကျန်းက ပရော်ဖက်ရှင်နယ် သတင်းသမားတစ်ယောက်ဖြစ်သည်။ သူမက သူ့အတွက် ပြဿနာများကို ဖြေရှင်းပေးပြီးသားပင်။ သူ့စိုးရိမ်မှုများ ပျောက်ပြယ်သွားပါသည်။

“ရှင်က ထန်းဒါရဲ့ သက်တမ်းရင့်ဝန်ထမ်း တစ်ယောက်ဖြစ်တာ ကျွန်မတို့ အားလုံး သိကြတယ်။ ရှင်အလုပ်မဝင်ခင်တုန်းက ဒီကုမ္ပဏီကို တည်ထောင်ထားတာ မကြာလောက်သေးဘူး။ အဲ့ဒီတုန်းက ဒီလိုကုမ္ပဏီကို ဘာကြောင့် ဝင်ခဲ့တာလဲဆိုတာ ကျွန်မတို့ကို ပြောပြလို့ရမလား” ရှားကျန်း မေးလိုက်သည်။

ထိုအချိန်တုန်းက အခြေအနေကို ဟွမ်းစစ်ပေါ် ပြန်စဉ်းစားကြည့်လိုက်သည်။

“အဲ့ဒီတုန်းက ကျင်းကျိုးမြို့ထဲက တခြား ကုမ္ပဏီတစ်ခုမှာ ကျွန်တော် တောက်တိုမယ်ရ အလုပ်တွေ လုပ်နေခဲ့တာပါ။ ကျွန်တော့်အလုပ်အတွက် လုပ်အားခကလည်း အရမ်းနည်းတယ်။ အဲ့ချိန် အွန်လိုင်းပေါ်ကနေ ထန်းတာ့ရဲ့ ဝန်ထမ်းခေါ်ယူမှု ကြော်ငြာစာကို မြင်သွားလို့ ကျွန်တော် ကံစမ်းကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။”

“ကျွန်တော် အင်တာဗျူးလာဖြေတော့ ကျွန်တော့်ရဲ့ အရင် အစီစဉ်ဆွဲသူချုပ် အစ်ကိုကြီးလျို့နဲ့ ပက်ပင်း တိုးခဲ့သေးတယ်။ သူတောင် အင်တာဗျူးမအောင်တာကို ကျွန်တော် သိလိုက်ရတယ်။ အဲ့တာကြောင့် ကျွန်တော်လည်း တော်တော်စိုးရိမ်ခဲ့တယ်”

“ကျွန်တော် ရုံးထဲကို ဝင်လာတော့ တည်ထောင်ထားတာ မကြာသေးတဲ့ ကုမ္ပဏီဆိုပေမယ့် အလုပ်ပတ်ဝန်းကျင်က အရမ်းကောင်းမွန်တယ်။ အဲ့တာကြောင့် ကျွန်တော် ဒီမှာ အလုပ်လုပ်ချင်စိတ်တွေ ပိုပေါ်လာခဲ့တယ်”

“ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်တယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော့်ရဲ့ လက်ရှိအလုပ်နဲ့ စွမ်းဆောင်ရည်တို့ကို အမှန်တိုင်း မိတ်ဆက်ပေးလိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို ကျွန်တော်မျှော်လင့်ထားတာထက် အများကြီး ပိုရက်ရောတဲ့ လစာမျိုး ကမ်းလှမ်းခဲ့တယ်။ အဲ့လိုနဲ့… ကျွန်တော် ဒီမှာ အလုပ်စလုပ်ခဲ့တာပါပဲ”

ဟွမ်းစစ်ပေါ် ဇာတ်ကြောင်းကို ပြန်ပြောရင်း ဘော့စ်ဖေးရဲ့ နာမည်ကို မပြောမိအောင် သတိထားခဲ့သည်။

ရှားကျန်းလည်း ဒါကို သတိထားမိပုံပေါ်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။ ထို့နောက် ဟွမ်းစစ်ပေါ် ပြောသွားသည့် အကြောင်းများနဲ့ ပတ်သတ်ပြီး အသေးစိတ်အချို့ကို ထပ်မေးပါသည်။

“ကုမ္ပဏီက ရှင့်ကိုတော့ ရွေးပြီး ရှင့်ထက် အများကြီး အတွေ့အကြုံရှိတဲ့ ရှင့်ရဲ့ အရင် အစီစဉ်ဆွဲသူချုပ်ဟောင်းကို မရွေးခဲ့ဘူးပေါ့”

ဟွမ်းစစ်ပေါ် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပါတယ်”

“အဲ့တုန်းက ထန်းတာ့က တည်ထောင်ခါစ ကုမ္ပဏီဖြစ်ပေမယ့် အလုပ်ပတ်ဝန်းကျင်ကတော့ အရမ်း ကောင်းမွန်တယ်ပေါ့”

“ဟုတ်ပါတယ်”

“ရှင်မျှော်လင့်ထားတာထက် အများကြီး ပိုသာတဲ့ လစာမျိုး ကမ်းလှမ်းခံခဲ့ရတယ်လို့ ပြောတယ်နော်။ ဘာလို့ အဲ့လိုကမ်းလှမ်းခံခဲ့ရတာလဲ”

ခဏစဉ်းစားပြီးနောက် ဟွမ်းစစ်ပေါ် ပြောလိုက်သည်။ “အာ… ကျွန်တော်က မျှော်မှန်းလစာ ပြောလိုက်တော့ ကျွန်တော့်ကို ၂ ဆ တိုးပေးလိုက်ကြတယ်လေ”

ရှားကျန်းက ဟွမ်းစစ်ပေါ်ကို အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်လိုက်ပါသည်။

ဟုတ်တယ်၊ ငါ ဖန်တီးချင်တဲ့ ဖီလင်မျိုးက ဒါပဲ။

ယခု သူတို့နှစ်ယောက် လိုက်လျောညီထွေးမှု တချို့ကို တည်ဆောက်လိုက်ပြီဖြစ်သဖြင့် အင်တာဗျူးက ပိုပိုပြီး ချောမွေ့လာသည်။

“သမုဒ္ဒရာရဲတိုက်ဂိမ်းအတွက် စပြီး အလုပ်မလုပ်ခင်က ဂိမ်းရဲ့ ယေဘုယျ ပုံကြမ်းကို စီစဉ်ထားပြီးသား ဟုတ်တယ်မလား။ အဲ့ဒီဂိမ်းရဲ့ ကြော်ငြာနည်းလမ်းကို… ရှင်လည်း သေချာ မသိခဲ့ဘူး မဟုတ်လား”

“သမုဒ္ဒရာရဲတိုက်ဂိမ်း ဖန်တီးပြီးသွားတော့ ရှင်ထန်းတာ့ဂိမ်းကနေ ထွက်သွားခဲ့တယ်။ အဲ့ဒီအကြောင်းလေး အသေးစိတ် ပြောပြလို့ ရမလား”

“အစောပိုင်းမှာ ဖေးဟွမ်လုပ်ငန်းက အရှုံးပေါ်နေခဲ့တာ။ ဒါပေမယ့် တခြား Content ဖန်တီးသူတွေလိုမဟုတ်ဘဲ အဆင့်နိမ့်တဲ့ စပွန်ဆာတွေကို ရှင် ဆက်တိုက် ငြင်းဆန်ခဲ့တယ်။ အဲ့တာက တခြားလူတစ်ယောက်က ရှင်တို့ကို ငြင်းဖို့ သတိပေးခဲ့လို့ မဟုတ်လား”

မေးခွန်းများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့သည်။ ဟွမ်းစစ်ပေါ်ကလည်း ရှားကျန်းမေးသည့် မေးခွန်းတိုင်းကို ဖြေခဲ့ပြီး စကားဝိုင်းက ပိုမိုချောမွေ့လာခဲ့ပါသည်။

မွန်းတည့်ချိန်ရောက်မှ ဟွမ်းစစ်ပေါ်၏ အင်တာဗျူး ပြီးဆုံးသွားပါသည်။

ရှားကျန်းက ဒီအင်တာဗျူးကို အလွန် စိတ်ကျေနပ်မှုရှိသည်။ သူမ မတ်တပ်ရပ်လိုက်ပြီး ဟွမ်းစစ်ပေါ်နဲ့ လက်ဆွဲ နှုတ်ဆက်လိုက်ပါသည်။

“ရှင်အလုပ်များနေတဲ့ထဲက ကျွန်မတို့အင်တာဗျူးကို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ရှင့်ရဲ့လုပ်ငန်းလည်း အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုတွေ ဆက်လက် ရရှိဖို့ ဆုတောင်းပေးပါတယ်”

… ယွီအင်တာနက်ကဖေးတွင် …

ဂိမ်းကစားနေသည့် ဖေးချမ့်တစ်ယောက် နာရီကို လှမ်းကြည့်လိုက်၏။ မွန်းတည့်ချိန် ရောက်တော့မည်။ ပထမ အင်တာဗျူးတော့ ပြီးသွားလောက်ပြီ မဟုတ်လား။

ဘာတွေ ပြောခဲ့ကြသလဲ သူမသိသဖြင့် ဖေးချမ့် စိတ်မသက်မသာ ဖြစ်နေပါသည်။

သို့သော်လည်း မေးကြည့်ဖိို့က ရှက်စရာ ကောင်းလိမ့်မည်။ သူ့ရဲ့အဖိုးတန် ဝန်ထမ်းတွေ သူ့စကားနားထောင်ပြီး သူ့ညွှန်ကြားချက်အတိုင်း လိုက်နာကာ သူ့အကြောင်း လုံးဝ မပြောဖို့ပဲ မျှော်လင့်ရတော့သည်။

ဖေးချမ့် ပိုပြီးစဉ်းစားမိလေလေ အခြေအနေက ပိုပြီး ရယ်ချင်စရာ ကောင်းလာလေလေပင်။

အင်တာဗျူးခံရတာ တခြားသူတွေဖြစ်နေတာတောင် သူ ဘာလို့ ဒီလောက် ကြောက်နေရတာလဲ။

All Chapters