ပေါင်ရှု ခုချိန်ကစပြီး ဂိမ်းခေါင်းဆောင် ဖြစ်သွားပြီ
Vol. 20 Ch. 300
အောက်တိုဘာလ ၂၃ ရက်နေ့…
အရှုံးပေးပြီးကယ်တင်ခြင်းခံစေ၏ အင်္ဂလိပ်ဗားရှင်းနဲ့ ဂျပန်ဗားရှင်းတို့ တရားဝင် ထုတ်လုပ်လိုက်ပါပြီ။
ချက်ချင်းဆိုသလိုပဲ ဟောက်ရှုအိုင်ချီက ဂိမ်း၏ အင်္ဂလိပ်ဗားရှင်းကို ဒေါင်းလုတ်ဆွဲလိုက်ပြီး ရေပန်းစားစပြုလာပြီ ဖြစ်သည့် Streamming ပလက်ဖောင်း Link Live ပေါ်မှာ အစက ပြန်ဆော့ပြတာကို တိုက်ရိုက် လွှင့်လိုက်ပါသည်။
သို့သော်လည်း ဒီတစ်ခေါက်တော့ ဂိမ်းကို ပုံမှန် နည်းလမ်းအတိုင်း မကစားပေ။ ထို့အစား အမြန်ဆန်ဆုံး ကစားနိုင်အောင် ကြိုးစားသည်။
ဟိုးယခင် ဟောက်ရှုအိုင်ချီ ဂိမ်းကို တိုက်ရိုက်ထုတ်လွှင့်မှု စလုပ်စဉ်ကတည်းက Subscriber အရေအတွက်များ ဆက်တိုက် တိုးတက်နေခဲဲ့သည်။ လောလောဆယ် ၁၀၀,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ သူက ဖွံ့ဖြိုးတိုးတက်လာသည့် Streaming ပလက်ဖောင်း Link Live ပေါ်တွင် အတော်လေး နာမည်ကြီးသည့် UP မာစတာ ဖြစ်သည်ဟု ဆိုနိုင်၏။
နေ့တိုင်းဆိုသလို တစ်ယောက်ယောက်က သူ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ တောင်းဆိုလေ့ ရှိသည်။ “ဂိမ်းရဲ့ အင်္ဂလိပ်ဗားရှင်းကို ဘယ်တော့ ထုတ်မှာလဲ”
အိုင်လီကျွန်းပေါ်တွင် တင်ထားသည့် ဟောက်ရှုအိုင်ချီ၏ အရှုံးပေးပြီးကယ်တင်ခြင်း ခံစေ ဗီဒီယိုတွေကလည်း အလွန်အမင်း ရေပန်းစားလာခဲ့သည်။ ဟောက်ရှုအိုင်ချီ၏ တိုက်ရိုက်ထုတ်လွှင့်မှု၌ နိုင်ငံခြားသားများ၏ သုံးသပ်ချက်က ပြည်တွင်းကစားသမားများ အကြားတွင် ပြောစရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
ယခု အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်း၏ အင်္ဂလိပ်ဗားရှင်း နောက်ဆုံးတော့ ထွက်ရှိခဲ့ပြီ ဖြစ်သောကြောင့် ဟောက်ရှုအိုင်ချိလည်း အခွင့်အရေးကို အရရယူပြီး သူ့ကြည့်ရှုသူများကို ကျယ်ကျယ်ပြန့်ပြန့် ကြေညာပေးလိုက်ပါသည်။
သူ့တိုက်ရိုက်ထုတ်လွှင့်မှုရှိ ကြည့်ရှုသူတွေက အပျော်လွန်သွားကြလေသည်။
“ဒီဂိမ်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ငါစောင့်ကြည့်နေတာ ကြာပြီ။ တော်တော် ခက်ခဲတဲ့ပုံပဲ ငါတို့ကို ဒီလိုပျော်စရာ ဂိမ်းမျိုးနဲ့ မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် UP မာစတာ”
“ကောင်းလိုက်တာ နောက်ဆုံးတော့ အင်္ဂလိပ်ဗားရှင်း ထွက်လာပြီပေါ့ မန်ဒရင်းဗားရှင်းကို ကစားဖို့ကြိုးစားရင်း ငါဘယ်လောက်သည်းခံခဲ့ရလဲ မင်းတို့ စဉ်းစားကြည့်ကွာ”
“ဒီဂိမ်းရဲ့ အင်္ဂလိပ်ဗားရှင်းက တကယ် အရမ်းကြီး မဆိုးဘူးပဲ။ ငါတစ်ချက်လောက် အကြမ်းဖျင်း ကြည့်ကြည့်ပြီးသွားပြီ။ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုလည်း သင့်တော် တိကျအောင် ဘာသာ ပြန်ပေးထားတယ်။ မူလဂိမ်းရဲ့ အဓိပ္ပာယ်ကို မပျက်အောင်လည်း ယူဆောင်လာပေးနိုင်တယ်။ ဂိမ်းဖန်တီးသူတွေက တကယ်စေတနာပါတာပဲ။ သူတို့ အသေးစိတ်တိုင်းကို အာရုံစိုက်ထားကြတယ်။ ငါအဆင့်သတ်မှတ်ချက် ကောင်းကောင်း ပေးလိုက်ဦးမယ်”
“ငါဘယ်တုန်းကမှ တရုတ်ရိုးရာယဉ်ကျေးမှု အကြောင်း စိတ်မဝင်စားဖူးဘူး။ ဒါပေမယ့် ဒီဂိမ်းကြောင့် ငါစိတ်ဝင်စားသွားပြီ”
“ဒီ UP မာစတာက ဒီဂိမ်းကို အကြိမ်ပေါင်းများစွာ အောင်ပြီးပြီ။ ငါ့အတွက်လည်း ဒီဂိမ်းက ပြဿနာရှိတော့မယ် မထင်ဘူး”
ကစားသမားများစွာကလည်း တရားဝင် ပလက်ဖောင်း၏ နိုင်ငံခြား ချန်နယ်များ၊ နိုင်ငံခြား Forum နဲ့ ဝက်ဘ်ဆိုက်ပေါင်းစုံတို့တွင် ဂိမ်းကို Review ကောင်းများ ပေးနေကြပါသည်။
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ၏ နိုင်ငံခြား ဗားရှင်းများက အတော်လေး အဆင်ပြေနေသည့် ပုံပင်။
ထန်းတာ့ နက်ဝေါ့ခ် ကုမ္ပဏီလီမိတက်…
လီယာ့တာက နိုင်ငံခြား ဝက်ဘ်ဆိုက်များ၏ ကိန်းဂဏန်းများကို စောင့်ကြည့်နေသည်။ သူမ ပိုပြီး စောင့်ကြည့်လေလေ ပိုပြီး ကြည်နူးလာမိလေလေဖြစ်သည်။
“နိုင်ငံခြားဝက်ဘ်ဆိုက်တွေထဲက ကိန်းဂဏန်းတွေက ပြည်တွင်းထက်ပိုတောင် မြင့်နေမယ်ထင်မထားဘူး။ ဘော့စ်ဖေးက တော်လိုက်တာ”
လီယာ့တာ လုံးဝ အထင်ကြီးသွားမိပါသည်။
တရားဝင် ပလက်ဖောင်းက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းကို နိုင်ငံခြားဘာသာ စကားများစွာဖြင့် ထုတ်လုပ်နိုင်ဖို့ ထန်းတာ့ကို ကူညီပေးခဲ့ပါသည်။ ဘာသာပြန်များက အရည်အသွေးမြင့်ကြသော်လည်း နိုင်ငံခြားမှာ ဂိမ်းက အောင်မြင်လိမ့်မည်ဟု လီယာ့တာ ရာနှုန်းပြည့် မသေချာနိုင်ပါ။
အကြောင်းအရင်းကတော့ ရိုးရှင်းပါသည်။ ယဉ်ကျေးမှုအနုပညာကွာဟချက်က များပြားလွန်းသောကြောင့် ဖြစ်သည်။
ပြည်တွင်းဂိမ်းစျေးကွက်က နိုင်ငံခြား ဂိမ်းစျေးကွက်နဲ့ ကမ္ဘာခြားလျက် ရှိ၏။ တရုတ်မှာ ရေပန်းစားသည့် ဂိမ်းပေါင်းများစွာက နိုင်ငံခြားမှာ ကျရှုံးသွားလေ့ရှိသည်။ တခြား ဂိမ်းဖန်တီးသူတွေက သူတို့ ဂိမ်းကို ဘယ်လောက်ပဲ ကြိုးစားပမ်းစား မားကတ်တင်း ဆင်းကြပါစေအမြဲတမ်း အသုံးဝင်တယ်ဆိုတာမျိုး မရှိပါ။
တစ်ဖက်မှတော့ တရုတ်မှာ လုံးဝ လူသိရှင်ကြား မရှိသည့် ဂိမ်းများက နိုင်ငံခြားမှာ အလွန် ရေပန်းစားသွားလေ့ရှိ၏။
ထို့ကြောင့် နိုင်ငံခြားစျေးကွက်ကို အထူး အာရုံစိုက်ထားသည့် ဂိမ်းဖန်တီးသူတွေက တရုတ်နိုင်ငံမှာ ပေါ်ထွက်လာကြသည်။ သူတို့က နိုင်ငံခြားဂိမ်မာများ၏ စိတ်ဝင်စားမှုကို နားလည်အောင် ကြိုးစားပြီး ပြည်တွင်းဂိမ်းများကို နိုင်ငံခြား ယဉ်ကျေးမှုများနဲ့ ပေါင်းစပ်ဖို့ တာဝန်ယူထားကြ၏။ တကယ်တော့ ဒီလို လုပ်ရပ်မျိုးက အတော်လေး အမြတ်အစွန်း ရလေ့ရှိပါသည်။
ထို ‘ပေါင်းစပ်ခြင်း’ လုပ်ငန်းစဉ်တွင် စတိုင်၊ ဂိမ်းကစားပုံ၊ ဂိမ်း၏ အသေးစိတ်များ၊ မားကတ်တင်း နည်းလမ်းများ၊ တခြား ကဏ္ဍ များစွာ ပါဝင်သည်။ နိုင်ငံခြားဂိမ်မာများ အကြိုက်တွေ့စေဖို့ ပြည်တွင်းဂိမ်းဒီဇိုင်းကို လုံးဝ ပြောင်းလဲလိုက်တာမျိုးလည်း ပါဝင်သည်။
တစ်ခါတစ်လေ ပိုအောင်မြင်ဖို့အတွက် ဖန်တီးသူတွေက ဂိမ်းဆက်တင်တစ်ခုလုံးကို ပြောင်းလဲလိုက်ပြီး နိုင်ငံခြားသာတွေ အကြိုက်တွေ့စေမည့် အနောက်တိုင်းစတိုင်မျိုး ဖြစ်အောင် လုပ်လေ့ ရှိကြသည်။
ထို့ကြောင့် ဂိမ်းတစ်ခုတည်းက ပြည်တွင်းမှာကော နိုင်ငံခြားမှာကော ရေပန်းစားလာဖို့ဆိုတာ အလွန်ရှားပါးသည်။
ဒါမျိုး အောင်မြင်မှုရရှိသွားသည့် ဂိမ်းတွေက ဘယ်လိုဂိမ်းကုမ္ပဏီအတွက်မဆို မဟာ ငွေဝင်ပေါက် ဒေါက်တိုင်ကြီး ဖြစ်သွားပါလိမ့်မည်။
ထို့ကြောင့်ပဲ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းက နိုင်ငံခြားမှာပါ အောင်မြင်နေတာကို မြင်လိုက်ရသည့်အခါ လီယာ့တာ အလွန် အံ့အားသင့်သွားရခြင်းဖြစ်သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်း နိုင်ငံခြားမှာ ရေပန်းစားလာလိမ့်မယ်လို့ ငါထင်မထားဘူး”
“ဂိမ်းတစ်ခုလုံးက တရုတ်ရိုးရာ အနုပညာအပေါ် အခြေခံထားတာ။ ပြည်တွင်း ကစားသမားတွေပဲ နားလည်နိုင်မယ့် အရာတွေပါတယ်။ ဥပမာ မေ့ပျောက်ခြင်း တံတား၊ အသက် ကျောက်တုံး ၃ တုံး၊ မန်ဖို စတာတွေပေါ့။ အဲ့တာတွေက နိုင်ငံခြားသားတွေဆို ဘာမှ သိကြမှာတောင် မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံခြားသားတွေက ဒီဂိမ်းကို အရမ်းသဘောကျကြတဲ့ပုံပဲ။ ဒီဂိမ်း ဘယ်လောက် အောင်မြင်နေလဲ သိသာတယ်”
“အားလုံးက ဘော့စ်ဖေးရဲ့ ကြိုးစားအားထုတ်မှု ကျေးဇူးကြောင့်ပေါ့”
ဘော့စ်ဖေး ဂိမ်းအပေါ်တွင်ထားခဲ့သည့် ကြိုးစားအားထုတ်မှုများစွာက လီယာ့တာကို လေးစားမှုများဖြင့် ပြည့်နှက်သွားစေ၏။
“ပထမဆုံး ဂိမ်းဒီဇိုင်း…”’
“အရှုံးပေးပြီးကယ်တင်ခြင်းခံစေက နိုင်ငံခြားသားအကြိုက် ခက်ခဲတဲ့ အက်ရှင်ဂိမ်းအမျိုးအစားပဲ။ ဘော့စ်ဖေးက ပြည်တွင်း ဂိမ်မာတွေ မကြိုက်မယ့် စွန့်စားမှုမျိုးကို ပြုလုပ်ပြီး ဂိမ်းကို အရမ်းခက်အောင် လုပ်ပစ်လိုက်တယ်။ သူအစောကြီးကတည်းက ဂိမ်းကို နိုင်ငံခြား စျေးကွက်မှာပါ ထုတ်လုပ်ဖို့ စီစဉ်ထားပြီးသားလား”
“ဒုတိယတစ်ခုက ကြော်ငြာနည်းလမ်း…။ နိုင်ငံခြား UP မာစတာတွေအများကြိးက အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို Link LIve ပေါ်မှာ အဘိဓာန်တစ်အုပ်ကို တစ်ချိန်လုံး ဘေးချပြီး ကစားပြကြတာ။ အဲ့တာကြောင့် ဂိမ်းက နိုင်ငံခြားမှာပါ ရေပန်းစားလာပြီး ဂိမ်မာ အားလုံးကြားထဲမှာ ပြောစရာ အကြောင်းအရာတစ်ခုဖြစ်လာတယ်”
“နိုင်ငံခြားသား UP မာစတာတွေ ပြည်တွင်း ဂိမ်းတစ်ခုကို သူတို့ဆန္ဒနဲ့သူတို့ ထောက်ခံ ပေးနိုင်ချေက အရမ်းနိမ့်တယ် ဒါပေမယ့် ဂိမ်းအပေါ်မှာလည်း မူတည်ပါတယ်”
“အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းက ဒီလောက် ကောင်းတော့ ဟောက်ရှုအိုင်ချီ မဟုတ်ရင်တောင် တခြား နိုင်ငံခြား UP မာစတာတွေက ရှာတွေ့သွားပြီး ညွှန်းပေးကြမှာပဲ။”
“နောက်ဆုံးအနေနဲ့က ဘော့စ်ဖေးက ငါ့ကို တခြားဘာသာစကားတွေ အလောတကြီး မထုတ်ဖို့ တားခဲ့တာ”
“တစ်ဖက်မှာ ငါတို့က နိုင်ငံခြားသားတွေ အကြား ဂိမ်းရေပန်းစားလာမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့ရတယ်။ နောက်တစ်ဖက်မှာလည်း ငါတို့ ဂိမ်းရဲ့ အဓိပ္ပာယ်နဲ့ ယဉ်ကျေးမှုအနုပညာတွေကို လှလှပပ တိတိကျကျ ထုတ်ဖော်နိုင်ဖို့အတွက် ဘာသာပြန်တွေကိုလည်း အချိန်ပိုပေးနိုင်သွားတယ်”
“အဲ့ဒီအချက်တွေအားလုံးက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းရဲ့ နိုင်ငံခြားမှာ အောင်မြင်မှုကို အထောက်အကူပြုပေးခဲ့တာပဲ”
“ဧကန္တ လူတွေပြောကြတဲ့ စစ်သူကြီးတစ်ယောက် သူ့တဲထဲမှာ တစ်ယောက်တည်း ဗျူဟာချနေတာက အဝေးကတိုက်ပွဲတစ်ခုရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာ ဒါကိုဆိုလိုတာ ဖြစ်နိုင်တယ်။ ဘော့စ်ဖေးက အရာရာတိုင်းကို ကြိုတွေးထားတာပဲ။ သူ့အစီအစဉ်က လုံးဝ ပြီးပြည့်စုံတယ်”
“ကြည့်ရတာ ငါ့မှာ သင်ယူစရာတွေ အများကြီး ရှိသေးတယ် ထင်ပါတယ်”
လီယာ့တာ စိတ်ခံစားသွားခဲ့ရသည်။
သူမ စိတ်ခံစားချက်များ ပြည့်ဝနေစဉ် ဖေးချမ့် ရုံးကို ရောက်လာ၏။
လီယာ့တာ အမြန်မတ်တပ်ရပ်လိုက်သည်။ “ဘော့စ်ဖေး အရှုံးပေးပြီးကယ်တင်ခြင်းခံစေ နိုင်ငံခြားဗားရှင်းတွေက –”
ဖေးချမ့် မျက်နှာ မှောင်မိုက်သွားပြီး လက်ကို မြှောက်ကာ တားလိုက်ပါသည်။ “ငါ့ကို ပြောဖို့ မလိုဘူး”
လီယာ့တာ ချက်ချင်း ခေါင်းငြိမ့်လိုက်ပါသည်။ “သြော် ဟုတ်ကဲ့ပါ ဘော့စ်ဖေး”
အမှန်ပင်။ ဘော့စ်ဖေးလည်း ဒါကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ အခု သတင်းကောင်း သူ့ကို တင်ပြဖို့ မလိုတော့ပါ။
ဖေးချမ့် ဆွံ့အသွားသည်။
ဟူး… မနက်စောစောစီးစီးမှာတင် သတင်းဆိုး အရင်ကြားရတယ်လို့ကွာ။
“ဘော့စ်ဖေး ပရောဂျက်အဖွဲ့ အခုဘာမှ လုပ်စရာမရှိဘူး။ ကျွန်မတို့ အသေးစား bug တွေကိုပဲ လိုက်ပြင်နေရတယ်။ ကျွန်မတို့ ဂိမ်းအတွက် အဆင့်မြှင့်တင်မှုတွေ ဆက်လုပ်ခိုင်းရမလား ဒါမှမဟုတ် DLC အသစ် တစ်ခု ဖန်တီးခိုင်းလိုက်ရမလား”
“DLC ဟုတ်လား မလုပ်နဲ့” ဖေးချမ့် လန့်သွားသည်။ ဒီအန္တရာယ်များသည့် အတွေးကို ချက်ချင်း တားဆီးလိုက်ပါသည်။
ဖေးချမ့်က လီယာ့တာကို အတည်ပေါက် ကြည့်ကာ ပြောလိုက်သည်။ “အားလုံး အလုပ်တွေ ကြိုးစားနေခဲ့ကြရတာ။ နည်းနည်းလောက် အနားယူလိုက်ကြပါလား”
“ထန်းတာ့အတွက် ဝန်ထမ်းတွေက အကြီးမားဆုံး ပိုင်ဆိုင်မှုတစ်ခုပဲ။ နင်တို့ အလုပ်တွေ ဖိလုပ်လို့ မဖြစ်ဘူးနော် ပြီးတော့ အမြဲတမ်း ထုတ်လုပ်မှုပဲရှိပြီး ဖြည့်သွင်းမှုမရှိရင် နင်တို့ရဲ့ ဖန်တီးနိုင်စွမ်းတွေ လျော့ကျသွားလိမ့်မယ်”
“ဂိမ်းဒီဇိုင်နာတွေဖြစ်တဲ့အလျောက် နင်တို့ကလည်း ကုန်ကြမ်းပေါင်းစုံကို ရှာတွေ့ဖို့တွက် ဂိမ်းတွေ ကစားကြည့်ရမယ်။ အဲ့အခါမှ ဂိမ်မာတွေ အထင်ကြီးလောက်မယ့် ဂိမ်းမျိုးတွေကို ဖန်တီးနိုင်မှာ နားလည်လား”
“အားလုံးကို ဒီတစ်ပတ် ဘာမှ မလုပ်ကြဖို့ ပြောလိုက်။ အာ… အားလုံးကို အွန်လိုင်းဂိမ်း ကစားဖို့အတွက် ပေါင်ရှုကို အပြင်ခေါ်သွားခိုင်းလိုက်”
“ပေါင်ရှု မင်းက အခု ဂိမ်းခေါင်းဆောင်ကြီး ဖြစ်သွားပြီ။ မင်းက အားလုံးကို ဂိမ်းကစားဖို့ ခေါ်သွားရမယ့် တာဝန်ယူရမယ်”
“အစီအစဉ်တစ်ခုဆွဲပြီး အားလုံးကို တာဝန် တစ်ခုစီပေးလိုက် ဘာဂိမ်းကစားကစား ငါဂရုမစိုက်ဘူး။ ဒီတစ်ပတ် အားလုံး အနည်းဆုံး နာရီ ၄၀ ဂိမ်းကစားရမယ်။ မင်းတို့ အဲ့လောက်တောင် ပြည့်အောင် မကစားနိုင်ရင် အပြစ်ပေးမှာနော်”
အနောက်ဘက်တွင် သူများနဲ့ ရောနှောပြီး လူမမြင်အောင် ခေါင်းငုံ့ထားသည့် ပေါင်ရှု ရုတ်တရက်ကြီး ထခုန်မိသွားသည်။
လခွမ်း ငါ့ခေါင်း မော်နီတာထဲတောင် ဝင်လုနီးပါး ဖြစ်နေတာကို ဘော့စ်ဖေးက ငါ့ကို ဘာလို့ အလုပ်တွေ ထပ်ပေးနေသေးတာလဲ
ပေါင်ရှု အမြန် မတ်တပ်ရပ်လိုက်သည်။
“ကောင်းပါပြီ ဘော့စ်ဖေး”
ဖေးချမ့်လည်း သူ့ရုံးခန်းထဲ ဆောင့်ကြီး အောင့်ကြီးနဲ့ ဝင်သွားပါသည်။
အားလုံး ဘာလုပ်ရမှန်း မသိတော့ဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ပေါင်ရှုကို လှည့်ကြည့်လိုက်ကြ၏။
ပေါင်ရှု ဆွံ့အသွား၏။ သူ ခေါင်းကျုံ့ကာ မေးလိုက်၏။ “ငါ့ကို ဘာတွေလာကြည့်နေကြတာလဲ။ မြန်မြန် သွားကြ… ငါ့အလုပ်ကို ပိုခက်အောင် မလုပ်နဲ့”
အားလုံး တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြပြန်သည်။ ထို့နောက် လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြပြီး ချက်ချင်း ဂိမ်းများ စတင်ကစားလေသည်။
ရုံးခန်းထဲတွင် ဖေးချမ့်က သူ့ရဲ့ မတောက်တစ်ခေါက် အင်္ဂလိပ်စကေးဖြင့် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ အင်္ဂလိပ်ဗားရှင်း၏ ကောမန့်များကို ဖတ်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
အင်း အင်္ဂလိပ်ဗားရှင်းကို မထုတ်ခင်ကတည်းက ဒီရလဒ်ကို ကြိုမျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့်… ငါ ဘာမှ မတတ်နိုင်ဘူး။
ယဉ်ကျေးမှု အနုပညာကွာဟချက်က နိုင်ငံခြား ဂိမ်မာ ၉၀ ရာခိုင်နှုန်းကို ဂိမ်းမကစားအောင် တားမြစ်နိုင်လိမ့်မည်ဟု ဖေးချမ့် ထင်ခဲ့မိသည်။ သို့သော်လည်း ယခုမှ သူအကောင်းမြင်လွန်းခဲ့မှန်း နားလည်လိုက်ရပါသည်။
နိုင်ငံခြားသားတွေ ဂိမ်းတစ်ခုထဲမှာ စိတ်ညစ်ရဖို့အတွက်နဲ့ ကိုယ့်ကိုယ်ကို ဒီလောက်တောင် နှိပ်စက်ကြလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ ထို့အပြင် တရုတ် UP မာစတာများကိုပါ နာမည်ကြီးသွားအောင် တစ်ပါတည်း လုပ်ခဲ့သေး၏။
ပြည်တွင်းမှာကော နိုင်ငံခြားမှာကော ဂိမ်းက ဝေဖန်မှုကောင်းတွေ ရနေတာကို မြင်ပြီး တရားဝင် ပလက်ဖောင်းက ဂိမ်းကို တခြား ဘာသာစကားတွေအဖြစ်ပါ ဘာသာပြန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ အားလုံး ဒီလောက်အထိ အဆင်ပြေချောမွေ့နေ၏။
“ထားလိုက်တော့ ကံကိုပဲ ပုံအပ်ထားတော့မဘ်”
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဖေးချမ့် လုပ်နိုင်တာ ဘာမှ မရှိတော့ပါ။
ယခုက တိုက်ပွဲမစခင် လက်နက်သွေးရမည့် အချိန်ဖြစ်သည်။ ၁၀၂၄ ဒစ်ဂျစ်တယ် နေ့အတွက် ပြင်ဆင်ထားသည့် အစီအစဉ် အားလုံးကို ကြည့်လိုက်ပါသည်။
ဖေးချမ့် နေ့လည်ခင်းတွင် ရှိုးတချို့ ကြည့်လိုက်ပြီး အယ်ဒီတာချုပ်ရှားနဲ့ သူမအဖွဲ့တို့အတွက် ပြင်ဆင်ပေးထားသည့် နှုတ်ဆက်ပွဲညစာကို စောင့်ရင်း တစ်ရေးတစ််မော အိပ်လိုက်ပါတော့သည်။
ညနေခင်းတွင် ထန်းတာ့၏ ၇ ခုံကားနဲ့ ရိုးရိုးကားများ မင်ယွမ်စားဖိုဆောင်သို့ ရောက်ရှိလာကြသည်။
ရှားကျန်းက ကားထဲမှာ ဖြူရော်ဖြူဖတ် နေမကောင်းသည့် ပုံစံမျိုးဖြင့် ထွက်လာပါသည်။
သူမနောက်က လူတွေလည်း နေမကောင်းသည့် ပုံစံမျိုး ဖြစ်နေကြ၏။ ကင်မရာအဖွဲ့သားတွေထဲက ခပ်တောင့်တောင့် ယောက်ျားတစ်ဦးမှာ ဒယိုင်းဒယိုင်ပင် လမ်းလျှောက်နေသည်။ သူ့ပုံစံက အန်ထားတာ မကြာသေးဘဲ အားနည်းနေသည့်ပုံစံမျိုး ဖြစ်၏။
သူတို့အများစုက အလွန်ပျော်စရာကောင်းသည့် အစီအစဉ်များကို အသားမကျခဲ့မှန်း သိသာပါသည်။
ကျင်းကျိုးမြို့၏ ဖျော်ဖြေရေးဥယျာဉ် ရှင်းထျန်သျစ်တွင် ကြုံတွေ့ခဲ့ရသည့် အမှတ်တရများကို ပြန်စဉ်းစားကြည့်ရုံနဲ့ ရှားကျန်း နေမကောင်း ဖြစ်ချင်သွားပါသည်။
ရိုလာကိုစတာများ၊ တာဝါချားများ၊ ပင်လယ်ဓားပြများ၊ သရဲအိမ်များ…
ဒါတွေအားလုံးကို သူမ ဘယ်လိုတောင့်ခံခဲ့မှန်းတောင် ရှားကျန်း သေချာ မမှတ်မိတော့ပါ။ အခုတောင် သူမ ခြေထောက်များက အားနည်းနေဆဲ ဖြစ်သည်။
ဖေးချမ့်က သူတို့ကို မင်ယွမ်စားဖိုဆောင် ဝင်ပေါက်တွင် ကြိုစောင့်နေပြီးသား ဖြစ်၏။
သူတို့အကုန်လုံး ဘယ်လောက် စိတ်ဓာတ်ကျနေသလဲဆိုတာကို မြင်ပြီး ရင်ထဲမှာ ပျော်ရွှင်မှုများဖြင့် ပြုံးလိုက်မိပါသည်။
ဟင်းဟင်း ထန်းတာ့အတွက် ၁ မှတ်။
ငါ့နောက်ကျောကို ဓားနဲ့ ထိုးရဲသေးလား။
အားရကျေနပ်စွာဖြင့် ဖေးချမ့်တစ်ယောက် ဒီသတင်းသမားများအားလုံးကို မျော့မျော့ပဲ ကျန်အောင် နှိပ်စက်ပေးလိုက်သဖြင့် တရားဝင် ပလက်ဖောင်းက လူတွေ ထပ်လွှတ်ဦးမလားဟု စဉ်းစားမိသည်။
“ဘယ်လိုနေလဲ အယ်ဒီတာချုပ်ရှား။ အားလုံး ဒီနေ့ ပျော်ခဲ့ကြရဲ့လား” ဖေးချမ့်က နွေးနွေးထွေးထွေး ချိုချိုသာသာ အပြုံးဖြင့် ပြုံးပြလိုက်ပါသည်။
ရှားကျန်းက အပြုံးတစ်ခု အတင်းလုပ်ယူလိုက်ပြီး ပြန်ဖြေလိုက်ပါသည်။ “ဟုတ်ကဲ့…”
ဖေးချမ့်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ “ကောင်းတာပေါ့ဗျာ ညစာကောင်းကောင်းစားပြီး ဒီနေ့ည အိပ်ရေးဝဝ အိပ်ကြ။ မနက်ဖြန်ကျရင် အားလုံး လေထီးခုန်ဖို့ စီစဉ်ပေးထာထးတယ်။ အရမ်း ပျော်ဖို့ကောင်းမှာ။ လွတ်သွားလို့ မဖြစ်ဘူးနော်”
ရှားကျန်း ဆွံ့အသွားရပါသည်။
နောက်တစ်နေ့ နေ့လည်ခင်းတွင်…
ရှားကျန်းနဲ့ သူမ အဖွဲ့တို့ တည်းခိုသည့် ဟိုတယ်ကို ဝန်ထမ်းများ ရောက်ရှိလာကြသည်။ သူတို့အခန်းထဲမှာ တွေ့တာဆိုလို့ ဆုဖလားတစ်ခု၊ အထောက်အထား လက်မှတ်တစ်ခုနဲ့ ဘော့စ်ဖေးအတွက် ချန်ထားပေးခဲ့သည့် ယွမ် ၁၀၀,၀၀၀ တို့သာ ရှိသည်။
ဆုဖလားဘေးတွင် စာတစ်စောင် ရှိနေသည်။
“ဘော့စ်ဖေး…”
“ဒီကာလအတွင်းမှာ ကျွန်မတို့ကို ဧည့်ဝတ် အရမ်းကျေပွန်အောင် ဧည့်ခံပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ကျင်းကျိုးမြို့မှာ မမေ့နိုင်စရာ အမှတ်တရတွေ ရခဲ့ပါတယ်”
“ကျွန်မတို့ အလုပ်တွေ အများကြီး လုပ်စရာ ရှိသေးလို့။ ကျွန်မတို့ ခေါင်းဆောင်က နောက်ထပ် အင်တာဗျူးတစ်ခု ကျွန်မတို့ကို တာဝန်ပေးလိုက်လို့လေ။ ကျွန်မတို့ အမြန်ဆုံး ပြန်ရမှာမို့လို့ပါ။ ဘော့စ်ဖေးက အရမ်း အလုပ်များနေမှန်း သိပါတယ်။ ကျွန်မတို့ သေချာ မနှုတ်ဆက်နိုင်ခဲ့တဲ့အတွက် လေးလေးနက်နက် တောင်းပန်ပါတယ်”
“စိတ်မပူပါနဲ့ဘောစ်ဖေး။ ကျွန်မတို့ ဘော့စ်ဖေးရဲ့ အင်တာဗျူးကို လက်ရာကောင်းကောင်းနဲ့ ထုတ်လုပ်ပေးမှာပါ အနာဂတ်ကျရင်လည်း ကျွန်မတို့ အလုပ်တူတူ လုပ်ဖို့ အခွင့်အရေး ရလာပါစေ”