← Chapters

ငါ စမ်းကြည့်မယ်

Vol. 37 Ch. 552

ငါ စမ်းကြည့်မယ်

Vol. 37 Ch. 552

“ဆရာရဲ့၊ ဒီမှာ ခဏ စောင့်နေပေးပါ၊ ကျုပ်တို့ ခင်ဗျားအတွက် လူနာတွေကို ရွေးချယ်လိုက်ပါဦးမယ်”

ပါမောက္ခကျန်းနှင့် အခြားသူများသည် မနှောင့်နှေးရဲဘဲ ICU သို့ ချက်ချင်း အပြေးသွားလေသည်။

နတ်ဆေးဆရာဝိုင် ကိုယ်တိုင်ကိုယ်ကျ ကုသခြင်းက ရှားပါးလှသည်။ ဤသည်က မြို့တော်ဆေးရုံမှ လူများအတွက် သတင်းကောင်းပင်။ တစ်ချိန်တည်းမှာပင် နတ်ဆေးဆရာဝိုင်၏ ကုသမှုကို ကြည့်ရှုခွင့်ရသည့်အတွက် သူတို့အတွက်လည်း ကံကောင်းခြင်းပင်။ ယင်းက သူတို့အတွက် ပျော်စရာကောင်းသော အရာတစ်ခု ဖြစ်ပေသည်။

တကယ်တမ်းတွင် ဤကမ္ဘာကြီး၏ ဆေးပညာသည် အတော်လေး တိုးတက်နေပြီ ဖြစ်သည်။ သာမန် ရောဂါများစွာအား ကုသနိုင်ပေသည်။ ၎င်းက လူ့အသက်ကို အခြေခံအားဖြင့် အာမခံထားနိုင်လေပြီ။ သို့သော် သာမန် ရောဂါများအပြင် ပို၍ ရှားပါးပြီး ရှုပ်ထွေးသော ရောဂါများလည်း ရှိသည်။

ကိန်းဂဏန်း အချက်အလက်များကို ကြည့်မည်ဆိုလျင် ကမ္ဘာကြီး၌ ကုသနိုင်သော ရောဂါများက စုစုပေါင်း နှစ်ဆယ် ရာခိုင်နှုန်းမျှသာ ရှိသည်။ ကျန်ရှိသည့် ရှစ်ဆယ် ရာခိုင်နှုန်းသော ရောဂါများမှာမူ ယနေ့ခေတ် လူအဖွဲ့အစည်း၌ ကုသ၍ မရနိုင်ချေ။

ရှစ်ဆယ် ရာခိုင်နှုန်းသော ရောဂါများထဲ၌ ကုသမရနိုင်သည့် ရောဂါအများစုမှာ အသက် အန္တရာယ် မပြင်းထန်သည့် နာတာရှည် ရောဂါများ ဖြစ်လေသည်။ ဥပမာအားဖြင့် လည်ချောင်းနာနှင့် အခြား ရောင်ရမ်းစေသော ရောဂါများ ဖြစ်သည်။

ကျန်ရှိသော အရာများမှာ ကုသ၍ မရနိုင်သော ရောဂါများ ဖြစ်လေသည်။ ရှေးခေတ်ကတည်းက ဘဝသည် အလွန် အထိခိုက် မခံနိုင်ဘဲ မုန်တိုင်းအား နည်းနည်းလေးမျှ ကျော်ဖြတ်နိုင်စွမ်း မရှိချေ။ ရောဂါကြောင့် သေဆုံးသွားသော လူများအား ရေတွက်၍ပင် မရနိုင်တော့ချေ။ နိုင်ငံတွင်းသာမက အခြားသော ပြည်ပနိုင်ငံများတွင်လည်း ထိုနည်းတူပင်။

“ရောဂါ ကုသရတဲ့စရိတ်က များသထက် များလာပြီ”

တုန်းမြောင်မြောင်က ဆေးရုံ၌ ဝင်ထွက်နေသည့် လူများကို ကြည့်ပြီး သက်ပြင်းချလေသည်။

မြို့တော်ဆေးရုံသည် ကြီးမားသော်လည်း လူထူထပ်နေသည်ဟု ထင်ရဆဲပင်။ ဤသို့သော အခြေအနေ၌ သူတို့လက်ထဲမှ ပိုက်ဆံကို သုံးနိုင်သည့် နေရာ ရှိနေသည်ကပင် ကံကောင်းနေလေပြီ။

လူတို့သည် သူတို့၏ တစ်ဘဝလုံး အလုပ်လုပ်နေခဲ့သော်လည်း ဖျားနာမည်ကို ကြောက်ရွံ့ကြသည်။ အဘယ်ကြောင့် ဆိုသော် သူတို့ ကုသစရိတ် မတတ်နိုင်၍ ဖြစ်သည်။

တုန်းမြောင်မြောင်၏ မျက်လုံးများ ဝေဝါးလာသည်။ သူမသည် ဖခင်ဖြစ်သူအား ရောဂါကြောင့် ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ဤမြင်ကွင်းက သူမအား ပြန်လည် သတိရလာစေ၏။

ယင်းကို တွေးမိပြီးနောက် သူမ ရဲ့လင်းချန်ကို ပြန်ကြည့်မိသည်။ အကယ်၍ သူမ ဤလူကိုသာ စောစော တွေ့ခဲ့ပါက သူမဖခင် မသေလောက်ပါ။ ဤလောက၌ သူ့ကဲ့သို့သော လူများ ပိုရှိနေလျင် သူမဖခင်သည် သေခြင်းတရားနှင့် ရင်ဆိုင်ရလောက်မည် မဟုတ်ပါ။

“ဆရာ ကယ်ပါဦး”

ထိုစဉ် အမျိုးသမီးတစ်ယောက်သည် မျက်ရည်များနှင့် ဆေးရုံအဆောင်ထဲသို့ အလျင်စလို ပြေးဝင်လာသည်။ သူမသည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် အလျင်စလို အော်ဟစ် အကူအညီ တောင်းနေသည်။

သူမအနောက်၌ ယောက်ျားလေး သုံးယောက်နှင့် မိန်းကလေး နှစ်ယောက် ပါလာပြီး မိသားစုဝင်များ ဖြစ်ပုံရသည်။ သူတို့သည်လည်း သူမကဲ့သို့ စိုးရိမ်ပူပန်နေကြသည်။

“ကယ်ပါဦး၊ ကျွန်မသားက ပြန်ပြီးတော့ လေသင်တုန်း ဖြတ်နေလို့ပါ”

အမျိုးသမီးက အနီးအနားမှ ဆရာဝန်ကို လှမ်းဆွဲ၍ အသည်းအသန် အကူအညီ တောင်းလေသည်။

ထိုအဆောင်အား တာဝန်ယူထားသည့် ဆရာဝန်သည် သတင်းကြားပြီး အလျင်အမြန် ပြေးလာ၏။ သူသည် လေးနက်သော အမူအရာနှင့် မေးလိုက်သည်။

“လူနာရဲ့ အခြေအနေက ဘယ်လိုရှိလဲ”

အမျိုးသမီးက ဗလုံးဗထွေးနှင့်‌ ပြောနေသောကြောင့် နားမလည်နိုင်ပေ။ သူမဘေးမှ အမျိုးသားက ဝင်ပြောလာသည်။

“ကျွန်တော့်သားက ခုနက အဆင်ပြေနေတာ၊ ရုတ်တရက်ကြီး သူက မျက်ဖြူလန်ပြီးတော့ တော်တော်လေး ဆန့်ငင်ဆန့်ငင် ဖြစ်လာတယ်၊ အခု သူ ကယောင်ကတမ်း ဖြစ်နေပါတယ်”

ထိုလူ၏ အသံက ပြာအက်နေသည်။ သူ့မျက်လုံးများက ချိုင့်ကာ နီရဲနေ၏။

ရဲ့လင်းချန်နှင့် တုန်းမြောင်မြောင်သည် အချင်းချင်း ကြည့်လိုက်ပြီးနောက် သူတို့နားသို့ ကပ်သွားသည်။

ခုတင်ပေါ်၌ လှဲနေသည့် ကောင်လေးသည် အသက် ခုနစ်နှစ်၊ ရှစ်နှစ်ဝန်းကျင်မျှသာ ရှိပေသည်။ သို့သော် သူ၏ တစ်ကိုယ်လုံးအား စောင်များဖြင့် တင်းကျပ်စွာ ပတ်ထားသည်။ သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်နေပြီး သွားဖြဲနေသည်။ သူသည် မကြာခဏ ခွေးတစ်ကောင်ကဲ့သို့ မာန်ဖီသံတောင်မှ ပြုနေ၏။

ရဲ့လင်းချန် မျက်ခုံးလှုပ်သွားသည်။

“ခွေးရူးပြန်ရောဂါလား”

“အဲ့ဒါမှ မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲလေ”

ဘေးမှကြည့်နေသူများထဲမှ တစ်ယောက်က ပြောလာသည်။

“ဒီကလေးကို တခြားသူရဲ့

“ဒီကလေး ကျောင်းကနေ အိမ်ကို ပြန်လာတုန်း တခြားသူရဲ့ခွေး ကိုက်တာကို ခံလိုက်ရတယ်လို့ ငါ ကြားခဲ့တယ်၊ သူက အိမ်ကို ရောက်ပြီးတာတောင် မပြောရဲလို့ လက္ခဏာတွေ ပြလာမှ ဒီကို ရောက်လာတာ၊ အခုတော့ အရမ်း နောက်ကျသွားပြီ၊ ဟူး …”

“ကံဆိုးလိုက်တာ၊ လမ်းမှာ ခွေးတွေနဲ့တိုးရင် ငါလည်း ကြောက်မိမှာ၊ ပြီးတော့ သူက ကလေးပဲ ရှိသေးတယ်”

“ဒီမိသားစုက ဆေးရုံကို ရောက်လာတာ နှစ်ခါရှိပြီ၊ သူတို့ မျက်ရည်တွေက လုံးဝ ရပ်မသွားဘူး၊ တကယ် ရင်ကွဲဖို့ ကောင်းတယ်”

“ငါ ခွေးတွေကို လုံးဝ သဘောမကျဘူး၊ လူတွေအတွက် ကပ်ဆိုးပဲ”

သူတို့နားမှ အခြားလူများက ခေါင်းခါယမ်းနေကြသည်။

အမှန်အတိုင်း ဝန်ခံရမည်ဆိုလျင် ရဲ့လင်းချန်သည် ခွေးများကို မွေးထားသည့် အချို့သောသူများကို အပြင်းအထန် ဆန့်ကျင်မိသည်။

ခွေးက လူ၏ မိတ်ဆွေကောင်းဟု ပြောကြသော်လည်း အရာအားလုံးက ချင့်ချင့်ချိန်ချိန် ဖြစ်သင့်သည်။ ယင်းက လုံးဝ မှန်သော စကား မဟုတ်ပေ။

ခွေးများသည် တိရစ္ဆာန်များသာ ဖြစ်သည်။ သူတို့၏ တိရစ္ဆာန်ဗီဇအား ဖယ်ရှားရန် မဖြစ်နိုင်ချေ။ သူတို့သည် သဘာဝ သားရဲဗီဇကြောင့် အတော်လေး ရန်လိုတတ်ပြီး ကလေးများနှင့် မယဉ်ပါးသဖြင့် ခွေးကိုက်ခံရသည့် ကလေးများစွာ ရှိတတ်သည်။

ခွေးတစ်ကောင်နှင့် ရင်ဆိုင်ရလျင် ကလေးတစ်ယောက်၏ ခွန်အားက မပြောပလောက်ချေ။ အနား၌ လူကြီးများသာ မရှိပါက သူတို့ အကိုက်ခံရပေမည်။

ရဲ့လင်းချန်သည် ခွေးမွေးသည်ကို မကန့်ကွက်ပါ။ သူတောင်မှ ဝံပုလွေနှစ်ကောင်ကို မွေးထားသည် မဟုတ်ပါလော။

သို့သော် ခွေးအား ယဉ်ပါးလာအောင် လုပ်ပြီး လူ၏ မိတ်ဆွေကောင်း ဖြစ်အောင် လေ့ကျင့်ပေးသည်က အကောင်းဆုံးပင်။ သို့မဟုတ်ပါက ပိုင်ရှင်သည် မိမိခွေးက အခြားသူများအား ရန်ပြုသည်ကို တားနိုင်မည် မဟုတ်ပါ။ ခွေးပိုင်ရှင် အများစုသည် သတိတရား မရှိကြဘဲ သူတို့၏ ခွေးက သူတို့ သို့မဟုတ် အခြားသူများအား ကိုက်မည် မဟုတ်ဟု တွေးတတ်ကြသည်။ ထိုအတွေးအခေါ်က အဓိပ္ပာယ် မရှိချေ။

အထူးသဖြင့် အရွယ်အစားကြီးသော ခွေးများ၏ ပိုင်ရှင်များသည် မိမိတို့ခွေးအား သိုင်းကြိုး မပါဘဲ ကျောင်းကာ ဟုတ်လှပြီ ထင်နေကြသည်။ ထိုသို့သော အပြုအမူက စက်ဆုပ်ဖွယ် ကောင်းလှသည်။

ထိုသို့သော ခွေးမျိုးနှင့် သက်ကြီးရွယ်အိုတစ်ယောက်၊ ကလေးတစ်ယောက် သို့မဟုတ် ကိုယ်ဝန်ဆောင်သည် တစ်ယောက်တို့ တိုးမိသည်ဟု စဉ်းစားကြည့်ပါ။ သူတို့ ဘယ်လောက် ကူကယ်ရာမဲ့နေမည်နည်း။ ထိုလူများ၏ နောက်ကွယ်မှ လူများသည် ခွေးတစ်ကောင်ကြောင့် မိသားစု ပြိုကွဲရလေသည်။

တာဝန်မယူတတ်သော ခွေးပိုင်ရှင်များနှင့် ကြုံပါက သူတို့ခွေးက အခြားသူအား ရန်ပြုသည်ကိုပင် ပြန်၍ အပြစ်ပုံချ ပေလိမ့်မည်။ သူတို့သည် ကိုယ့်ခွေးကိုသာ မျက်နှာသာပေးပြီး ရန်ပြုခြင်းကြောင့် ဖြစ်ပေါ်လာသော တာဝန်အား ငြင်းပယ်တတ်သည်။

အထူးသဖြင့် ခွေးရူးပြန်ရောဂါသည် ကာကွယ်ရုံသာ ရှိပြီး ကုသ၍ မရနိုင်သေးပေ။ ခွေးရူးပြန် ရောဂါ ဖြစ်လာပါက သေဆုံးခြင်းနှင့် မလွဲမသွေ ကြုံရပေမည်။

“ဆရာ ကျွန်မသားကို ကယ်ပေးနိုင်လား”

တစ်မိသားစုလုံးက ဆရာဝန်ကို မျက်ရည်များနှင့် ကြည့်နေသည်။

“ကျွန်မတို့သားကို ကယ်နိုင်သရွေ့ ကျွန်မ ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းပစ်ပါ့မယ်၊ ကျွန်မအိမ်ကိုပါ ရောင်းပါ့မယ်”

“ဒါက …”

ဆရာဝန်က သက်ပြင်းချ၍ မျက်မှောင်ကြုတ်နေပြီးမှ ပြောလိုက်သည်။

“ကျွန်တော်တို့ ပေးနိုင်တဲ့ တစ်ခုတည်းသော အဖြေက သူ့ကို ခွေးရူးပြန် ကာကွယ်ဆေး ထိုးပေးတာပါပဲ၊ ဒါကို ကျွန်တော်တို့ ခင်ဗျားတို့ ရောက်ကတည်းက ညွှန်ကြားပြီးပါပြီ၊ ဒါပေမဲ့ … သူ့ရဲ့ လက်ရှိ အခြေအနေက ကာကွယ်ဆေးက မထိရောက်တော့ဘူး၊ အခြား နည်းလမ်း မရှိတော့ဘူး …”

ထိုစကားများက သူ့အား သေဒဏ် ချလိုက်သလိုပင်။

“ခင်ဗျားတို့ စိတ်ကို ထိန်းနိုင်ဖို့ မျှော်လင့်ပါတယ်၊ အခု ကလေးက ရောဂါပိုး သယ်ဆောင်သူလဲ ဖြစ်နေပြီ။ ခင်ဗျားတို့ အကိုက်မခံရအောင် သတိထားပါ၊ မဟုတ်ရင် ခင်ဗျားတို့ ခွေးရူးပြန် ရောဂါပိုး ကူးနိုင်ချေ ရှိပါတယ်”

ဆရာဝန်က မကြည့်ရက်တော့သဖြင့် နောက်လှည့်ထားလေသည်။

“ဆရာ ကျေးဇူးပြုပြီး ကျွန်မသားလေးကို ကယ်ပါဦး၊ သူက အရမ်း ငယ်ပါသေးတယ် …”

အမျိုးသမီးသည် ကြမ်းပြင်ပေါ် ပစ်လဲသွားလေသည်။

“ခွေးရူးပြန် ရောဂါပိုး ပျံ့တာနဲ့ ကုသဖို့ မဖြစ်နိုင်တော့ဘူး”

“ဟူး … ဒီလိုရောဂါမျိုးက ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ အရာ မဟုတ်ဘူး”

သူတို့ ဝန်မခံချင်သော်လည်း ခွေးရူးပြန်ရောဂါသည် သူတို့၏ လက်ရှိ ဆေးပညာနှင့် မကုသနိုင်ပေ။ ဤသည်ကို လူတိုင်း သိကြပေသည်။

“ငါ စမ်းကြည့်မယ်”

ရုတ်တရက် ထွက်ပေါ်လာသောအသံက လူတိုင်းကို မှင်တက်သွားစေသည်။ ထို့နောက် သူတို့၏ အကြည့်က ရဲ့လင်းချန်ထံသို့ ရောက်လာ၏။

“မင်း …”

ဆရာဝန်သည် ရဲ့လင်းချန်အား မျက်မှောင်ကြုတ်၍ ကြည့်နေ၏။ ဤဆရာဝန်ကို မရင်းနှီးဟု သူ ခံစားနေရ သော်လည်း ရုတ်တရက် သူ သတိရသွားကာ ထိတ်လန့်သွားလေသည်။

“မ…မ…မင်းက ဝိုင်”

ပါမောက္ခကျန်းသည် ဆေးရုံမှ ဆရာဝန်အားလုံးအား ပြောပြထားပြီးသား ဖြစ်သည်။

“ကလေးကို ငါ့အခန်းထဲ ခေါ်လာခဲ့”

ရဲ့လင်းချန်က တည်ငြိမ်စွာပြောပြီးနောက် နောက်လှည့်၍ ထွက်သွားလေသည်။

လူအုပ်ကြီးသည် ရဲ့လင်းချန်၏ ကျောပြင်အား ဇဝေဇဝါဖြင့် ကြည့်နေ၏။

“ဆရာ ကျွန်မသား …”

“ခင်ဗျားသားကို ကယ်လို့ရပြီ”

ဆရာဝန်က အပြုံးနှင့် ဝမ်းသာအားရ ပြောသည်။

“ဒီနေ့ ခင်ဗျားတို့ တစ်မိသားစုလုံး ကံထူးတာပဲ၊ ခင်ဗျားတို့ နတ်ဆေးဆရာ ဝိုင်နဲ့ တိုးတာပဲ”

…

All Chapters