← Chapters

ကောင်းပြီ ကောင်းပြီ

Vol. 40 Ch. 604

ကောင်းပြီ ကောင်းပြီ

Vol. 40 Ch. 604

“ မင်းက အတော်လေး သိထားတာပဲ… ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ရဲ့ အိမ်မက်ဆိုးကဘာလဲ ငါ့ကိုပြောပြစမ်း ”

ခေါင်းဆောင်က စိတ်ဝင်တစား ကြည့်သည်။

နင်ယန်သည် ခေါင်းလေးပုဝင်သွားပြီး မဝံ့မရဲပြောသည်။

“ သန့်စင်သွေးမျိုးဆက်ကဒ်ဘေးအင်မော်တယ်တွေ သေဆုံးပြီးသွားရင် သူတို့ခန္ဓာကိုယ်ထဲက ကဒ်ဘေးက အိမ်မက်ဆိုးအဖြစ် ပြောင်းလဲသွားလိမ့်မယ်ဆိုတဲ့ ကောလဟာလရှိတယ်… အဲ့ဒါက ချိတ်ပိတ်ထားတဲ့ ကမ္ဘာတစ်ခုလိုပဲ… သူတို့အလောင်းကို လာနှောင့်ယှက်တဲ့ ဘယ်သူမဆို ကမ္ဘာအတွင်းထဲမှာ ထာဝရပိတ်မိနေလိမ့်မယ်… သူတို့ရဲ့ အသွေးအသားနဲ့ အရိုးတွေက တဖြည်းဖြည်း ပျောက်ကွယ်လာမယ်… နောက်ဆုံး နှလုံးတစ်ခုပဲ ကျန်ခဲ့ပြီး အိမ်မက်ဆိုးနဲ့ ပေါင်းစပ်သွားလိမ့်မယ် ”

နင်ယန် တုန်တုန်ယင်ယင် ပြောပြီးသည့်အခါ ချင်းချိုးသည် မျက်မှောင်ကြုတ်လိုက်ပြီး အလျှင်အမြန် ဘေးဘီကိုကြည့်သည်။

ရွှီချင်း၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားခြင်းမရှိပေ။ သူ၏ အကြည့်က အဝေးသို့ ကျရောက်သွား၏။ သူဆက်၍ လေ့လာနေစဉ် ခေါင်းဆောင်က တဟားဟား အော်ရယ်လိုက်သည်။

“ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ရဲ့ မျိုးဆက်ဆိုတဲ့အတိုင်းပဲ… အာ့လော့အိုင်းအတားအဆီးကို မင်း တကယ်သိတယ်… မဆိုးဘူး မဆိုးဘူး ”

ခေါင်းဆောင်၏ စကားဆုံးသည်နှင့် ဒုန်းဟူသော မြည်သံတစ်ခု ထွက်ပေါ်လာသည်။ ယင်းက နှလုံးခုန်သံနှင့် ဆင်တူ၏။ ထိုအသံ ပဲ့တင်ထပ်သွားသည့်အခါ မြေပြင်က တုန်ယင်လာပြီး တောင်ကုန်းက လှုပ်ယမ်းလာသည်။ သွေးက အတွင်းပိုင်းထဲမှာ စီးဆင်းနေသည့်အလား သွေးနီရောင် ပိုထွန်းလင်းလာသည်။

မိုးကောင်းကင် အနီရောင်ပိုသန်းလာသည့်အခါ သွေးအလင်းသည် ရွှီချင်းနှင့် တခြားလူများကို လွှမ်းခြုံသွားသည်။ သိပ်မကြာမီ ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ပျောက်ကွယ်နေကြောင်း သတိထားမိသွားသည်။

သူ၏ ညာခြေထောက်မှ လက်သီးဆုပ်အရွယ်ခန့် အသားပိုင်းတစ်ခုသည် ပျောက်ဆုံးနေသည်။

သွေးက စီးကျလာခြင်းမရှိသလို နာကျင်မှုကိုလည်း သူမခံစားရပေ။ ယင်းက တိတ်တဆိတ် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။

ရွှီချင်းသည် မကြောက်လန့်သွားပေ။ သူ၏ ဒဏ်ရာကိုစစ်ဆေးပြီးနောက် ကိုယ်တွင်းရှိ တတိယနတ်နန်းတော်မှ တားမြစ်အဆိပ်ဆေးလုံးကို လှည့်ပတ်လိုက်လေရာ သူ၏ တစ်ကိုယ်လုံး အဆိပ်ဆန္ဒဖြင့် ပြည့်လျှံသွားသည်။

တခြားလူများထံတွင်လည်း သူတို့၏ အသွေးအသားများ စတင်ပျောက်ဆုံးလာနေသည်။ ချင်းချိုး၏ လက်ဝါးတစ်ဝက်က ပျောက်ဆုံးသွားပြီး နင်ယန်၏ ညာနားရွက်နှင့် သူ့မျက်နှာမှ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးသွား၏။

“ အဲ့ဒါစနေပြီ… ငါတို့တော့ သွားပြီ ”

နင်ယန်သည် သွေးပျက်ဖွယ်ကောင်းစွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ခြောက်ခြားမှုနှင့် စိတ်ပျက်မှုက အတိုင်းသား ပေါ်လွင်နေသည်။ သို့သော်လည်း သူငိုကြွေးတော့မည့်အချိန်မှာ ခေါင်းဆောင်က နင်ယန်ကို ပါးရိုက်လိုက်ပြီး ပါးစပ်ဟစေကာ တစ်စုံတစ်ခုကို ထိုးထည့်လိုက်သည်။

ထို့နောက် သူက နင်ယန်၏ ဝမ်းဗိုက်ကို ရိုက်လိုက်သည်။ နင်ယန်သည် မျက်လုံးပြူးကျယ်သွားပြီး သူ့ပါးစပ်ထဲမှအရာကို မရည်ရွယ်ဘဲ မျိုချလိုက်မိသည်။ သူက ကြောက်လန့်သွားပြီး ဗလုံးဗထွေးပြောသည်။

“ မင်း… မင်း… ငါ့ကို ဘာကျွေးလိုက်တာလဲ ”

“ ကောင်းကောင်းနေစမ်းပါ… ခဏနေတော့ မင်းသိရလိမ့်မယ် ”

ခေါင်းဆောင်၏ မျက်နှာပေါ်မှာ အပြုံးတုရှိသည်။ သူက စကားဆုံးသည့်အခါ ရွှီချင်းဆီ ကြည့်သည်။

ခေါင်းဆောင်၏ အကြည့်ကို သတိထားမိသောအခါ ရွှီချင်းသည် ခေါင်းစောင်းလိုက်ပြီး သူ့ကိုကြည့်သည်။ ဤသို့လမ်းတစ်လျှောက်တွင် ခေါင်းဆောင်၏ အမျိုးမျိုးသော လုပ်ဆောင်မှုများက သူ၏ ခန့်မှန်းမှုကို အတည်ပြုပေးခဲ့ပြီး ဖြစ်၏။

‘ ဂျူနီယာညီလေး... မင်းငါ့ကိုယုံလား ’

ခေါင်းဆောင်သည် ပြုံးပြီး အသံပို့လွှတ်သည်။

ရွှီချင်းသည် ခေါင်းညိတ်ပြပြီး သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလနတ်နန်းတော်သည် လှုပ်ယမ်းသွားပြီး ခရမ်းရောင်လအရှိန်အဝါက ပျံ့နှံ့ထွက်လာကာ ချင်းချိုး၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

ယင်းက သူမ၏ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်သွားခြင်း မရှိပေ။ ယင်းအစား သူမ၏ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားပြီး ဤနေရာမှ အဖျက်စွမ်းအင်ကို တောင့်ခံနိုင်ရန် သူမအား အကူအညီပေးနေ၏။

ချင်းချိုး၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာပေါ်လာသည်။ ရွှီချင်းသည် ယင်းကို လျစ်လျူရှုပြီး ခေါင်းဆောင်ဆီသို့ တည်ငြိမ်စွာ အသံပို့လွှတ်သည်။

ခေါင်းဆောင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ့ထံမှ ထိုစကားတစ်ခွန်းဖြင့်ပင် ရွှီချင်းက သူဖော်ပြချင်သည့် အကြောင်းအရာကို နားလည်ကြောင်း သူသိလိုက်သည်။ ထိုသို့ အပြန်အလှန် စိတ်ချင်းနားလည်မှုသည် တကယ်ကျေနပ်ဖွယ်ကောင်း၏။ သူက နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ အသံပြန်ပို့လွှတ်သည်။

‘ ဂျူနီယာညီလေး... မင်းမှာ မေးခွန်းတွေ အများကြီးရှိတာ ငါသိတယ်... ဒါပေမဲ့ အခုချိန်က စကားပြောရမယ့်အချိန်မဟုတ်ဘူး အလုပ်လုပ်ရမယ့်အချိန်... ထွဋ်ခေါင်နိုင်ငံဘုရင်ပြောတာ မှန်တယ်... အင်မော်တယ်အူခွေသစ်ပင်‌တွေဆီ ဝင်ရောက်ဖို့လမ်းက ပဟေဠိတစ်ခုလိုပဲ... အတင်းကာရော ချိုးဖြတ်ဝင်လို့ မရဘူး... ရှစ်ပီအ‌လောင်းကောင်အတားအဆီးက ပဟေဠိရဲ့ ပထမအပိုင်း... အခု အာ့လော့အိုင်းအတားအဆီးက ဒုတိယအပိုင်း ’

‘ ငါတို့ ဒီမှာ တစ်နာရီနေရလိမ့်မယ်... အများဆုံး နှစ်နာရီပဲ... ပြီးရင် ဒီကနေ ထွက်သွားနိုင်မယ် ’

ရွှီချင်းသည် ခေါင်းညိတ်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူက ငြိမ်သက်စွာ စောင့်‌ဆိုင်းနေစဉ် ချင်းချိုး၏ ခန္ဓာကိုယ်ပေါ်မှ ခရမ်းရောင်လအရှိန်အဝါကို ပိုများလာစေရန် လှည့်ပတ်ပေးနေသည်။

ချင်းချိုးသည် ပို၍စိတ်ရှုပ်ထွေးလာသည်။ သူ၏ အရှေ့မှ ကောင်းကင်နက်မျိုးနွယ်ဝင်သည် သူမအပေါ် ကွဲပြားစွာ ဆက်ဆံကြောင်း ခံစားမိသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။

‘ ဒီကောင်းကင်နက်နတ်ဆိုးကောင်မှာ ရည်ရွယ်ချက်ကြီး သေချာပေါက်ရှိရမယ် ’

ချင်းချိုးသည် အသက်ပြင်းပြင်းရှူပြီး သူမဘာသာ စိတ်ထဲမှ တွေးတောလိုက်သည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် ပျောက်ဆုံးလာနေ၏။ သို့သော်လည်း သူ့မှာ ‌အသွေးအသားပျောက်ဆုံးမှုနှုန်းကို နှေးကွေးစေနိုင်သည့် နည်းလမ်းရှိသည်မှာ သိသာ၏။ ရွှီချင်းနှင့် ချင်ချိုးမှာမူ ပျောက်ဆုံးမှုနှုန်းက ပို၍ပင် နှေးကွေးသည်။

နင်ယန်တစ်ဦးတည်းသာ မည်သည့်အကူအညီမှ မရရှိပေ။ သို့သော်လည်း ထူးဆန်းသည်မှာ သူ၏ အသွေးအသားသည် ဆက်၍ မပျောက်ဆုံးတော့ပေ။

သို့သော် သူသည် ပျော်ရွှင်နေရမည့်အစား ပို၍သတိထားလာသည်။ မည်သို့ဆိုသော် သူ၏ အသွေးအသားက မပျောက်ဆုံးတော့သော်လည်း ဝမ်းဗိုက်က တဖြည်းဖြည်း ဖောင်းကားလာနေသောကြောင့် ဖြစ်၏။

တစ်စုံတစ်ခုက သူ၏ ဝမ်းဗိုက်ထဲမှာ အစပျိုးလာသလိုမျိုး ခံစားနေရသည်။

သူ၏ ဝမ်းဗိုက်‌ဖောင်းဖောင်းကိုကြည့်လျက် နင်ယန်၏ မျက်နှာသည် ဖြူဖျော့လာပြီး မျက်လုံးသည် ပြူးကျယ်လာသည်။ သူက ချက်ချင်း ခေါင်းဆောင်ကိုကြည့်ပြီး တောင်းပန်သည်။

“ အရှင် ငါ့ကို ဘာကျွေးလိုက်တာလဲ... ဘာလို့ ငါ့ဗိုက်ထဲမှာ တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားနေရတာလဲ ”

သူစကားပြောနေစဉ်မှာပဲ နင်ယန်၏ ဝမ်းဗိုက်က ရုတ်တရက် အရှေ့သို့ ကားထွက်လာပြီး ပိုကြီးလာသည်။ သူအလွန်အမင်း စိုးရိမ်ပူပန်လာသည်။

ချင်းချိုးသည် ပင့်သက်ရှိုက်လိုက်သည်။ ရွှီချင်းသည်လည်း ထူးဆန်းသော အမူအရာဖြစ်လာသည်။ ဝူကျန်းဝူ၏ ချစ်စဖွယ်သားရဲများကို သူသတိရသွားသည်။

“ မင်းဗိုက်ထဲမှာ ဘယ်လိုခံစားရလဲ ”

ခေါင်းဆောင်သည် နင်ယန်၏ ဘေးသို့ အမြန်လျှောက်သွားသည်။ သူ၏ မျက်လုံးထဲမှာ မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်နေပြီး နူးညံ့စွာ မေးသည်။

“ ငါ့ဗိုက်ထဲမှာ တစ်ခုခုက ကန်ကျောက်နေတယ်လို့ ခံစားရတယ် ”

နင်ယန်သည် အမှန်တကယ် ငိုချင်လာသည်။

“ ကောင်းကောင်းမွန်မွန် မွေးနိုင်ပါစေ... ဟား ဟား ”

ခေါင်းဆောင်က ရယ်လိုက်သည်။

နင်ယန်သည် ကျိန်ဆဲချင်သော်လည်း လုပ်ရဲသောသတ္တိမရှိပေ။ ထိုအခိုက်အတန့်မှာ သူ၏ နဖူးပေါ်၌ ချွေးစေးများရှိနေပြီး စိတ်သောကနှင့် နာကြည်းမှုကို တစ်ချိန်တည်း ခံစားနေရသည်။ သူ၏ ဝမ်းဗိုက်ထဲမှ အရာက စတင်ရွေ့လျားသွားနေကြောင်း ရုတ်ချည်း သူခံစားမိလာသည်။ ထိုအရာက သူ၏ ချက်ကို ဖိကပ်လာပြီး လွန်ဖောက်သကဲ့သို့ တိုးထွက်လာနေသည်။

“ အရှင်... အဲ့ဒါ အဲ့ဒါက... ”

နင်ယန်သည် အလွန်ကြောက်လန့်သွားသည်။ ယခုအချိန်တွင် ဝတ်ရုံဖြင့် ဖုံးထားသော သူ၏ ဝမ်းဗိုက်ပေါ်မှာ ချွန်ထက်သော အမှတ်တစ်ခု ဖြစ်ပေါ်လာသည်။

ရွှီချင်းနှင့် တခြားနှစ်ယောက်သည် ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။

ရွှီချင်း၏ အကြည့်ထဲမှာ ခေါင်းဆောင်ကဲ့သို့ မျှော်လင့်တောင့်တမှုမရှိဘဲ စူးစမ်းသိလိုစိတ်သာ ရှိသည်။

ချင်းချိုးမှာမူ ထိုမြင်ကွင်းကိုမြင်သည့်အခါ နှလုံးတုန်လာသည်။ ကောင်းကင်နက်မျိုးနွယ်၏ နတ်ဆိုးနည်းစနစ်များသည် အလွန်ကြောက်စရာကောင်းသည်ဟု သူမခံစားမိသည်။

နင်ယန်၏ စိတ်ထဲမှာ အဆုံးမရှိသော ခြောက်ခြားမှုဖြင့် ပြည့်နေပြီး သူ စတင်အော်ဟစ်တော့သည်။ ချက်ချင်းဆိုသလို သူ၏ တာအိုဝတ်ရုံက စုတ်ပြဲသွားပြီး နူးညံ့သော နွယ်စိမ်းများက တွားသွား ထွက်လာကြသည်။

ထိုနွယ်များသည် သေးသွယ်ပြီး တစ်ခုနှင့်တစ်ခု အလျှင်အမြန် ရစ်ပတ်ချည်နှောင်သွားကြသည်။ ၎င်းတို့က ဆက်လက်ပြီး ရှည်လျားကြီးထွားလာလေရာ မကြာမီ ပေသုံးဆယ်ခန့်သို့ ရောက်ရှိသွားကြသည်။ ၎င်းတို့၏ အရောင်သည် အစိမ်းရောင်မှ အညိုရောင်သို့ ပြောင်းလဲသွားပြီး ရှေးဟောင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

“ ယိုလင်နွယ် ”

နင်ယန်သည် နွယ်ကိုကြည့်ပြီး ပါးစပ်မှ လွှတ်ခနဲ ပြောထွက်သွားသည်။

အံ့ဩသော အရိပ်အယောင်က ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီး နင်ယန်ကို နောက်ထပ် အနည်းငယ် ကြည့်လိုက်လေသည်။

“ စိတ်ဝင်စားစရာပဲ... မင်းက တော်တော်ဗဟုသုတစုံတာ ငါနားလည်ပြီ ”

နင်ယန်၏ ဝမ်းဗိုက်ထဲမှ ကြီးထွားလာသော နွယ်များသည် အမြင့်ပေသုံးဆယ်သို့ရောက်သောအခါ ကွေးညွတ်သွားကြသည်။ အသက်ဆယ်ခါရှူချိန်အတွင်း နွယ်များသည် စက်ဝိုင်းတစ်ခုသဖွယ် အမှန်တကယ် ကွေးသွားကြသည်။

၎င်းတို့အချင်းချင်းဆက်သွားသည့်အခါ စက်ဝိုင်းထဲ၌ အားလှိုင်းအတတ်အကျများ ထွက်ပေါ်လာပြီး ယင်းတို့က ရေမျက်နှာပြင်ပေါ်မှ လှိုင်းဂယက်များကဲ့သို့ ပျံ့နှံ့သွားကြသည်။ ထိုစက်ဝိုင်းက အဝိုင်းဂိတ်တံခါးတစ်ခုအဖြစ် ပြောင်းလဲသွားဟန် ရသည်။

“ သွားကြစို့ ”

ခေါင်းဆောင်သည် ရွှီချင်းကို မျက်စပစ်အချက်ပေးပြီးနောက် အဝိုင်းဂိတ်တံခါးထဲသို့ တိုက်ရိုက် ဝင်သွားသည်။

ရွှီချင်းသည် တုံ့ဆိုင်းမနေပေ။ သူက ချင်းချိုးကို ဖမ်းဆုပ်ပြီး အဝိုင်းဂိတ်တံခါးထဲသို့ တန်းမတ်စွာ ဝင်သွားသည်။ နင်ယန်သည် စိုးရိမ်ကြောင့်ကြလာသည်။ သူ အော်ဟစ်အကူအညီတောင်းတော့မည့် အချိန်မှာပဲ လက်တစ်ဖက်က အဝိုင်းဂိတ်တံခါးထဲမှ တိုးထွက်လာပြီး နင်ယန်၏ ဝမ်းဗိုက်နှင့် ဆက်သွယ်ထားသည့် နွယ်တစ်စိတ်တစ်ပိုင်းကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် နင်ယန်၏ ခန္ဓာကိုယ်ကို အဝိုင်းဂိတ်တံခါးထဲသို့ အားဖြင့် ဆွဲခေါ်သွားသည်။

နင်ယန်ထွက်သွားပြီး ပျောက်သွားသည့်အခါ စက်ဝိုင်းသဏ္ဍာန်ရစ်ခွေနေသော နွယ်များသည် နောက်တစ်စက္ကန့်အကြာမှာ အလျှင်အမြန် ပြန်ဆုတ်သွားကြသည်။

အားလုံးပြန်ပေါ်လာသည့်အခါ သူတို့သည် အင်မော်တယ်အူခွေသစ်ပင်များ၏ အတွင်းပိုင်းထဲမှာသာ ရှိနေကြသေးပေသည်။ သို့သော်လည်း စောစောက ငှက်ရှိနေခဲ့သည့်နေရာ မဟုတ်တော့ချေ။ အမှန်တော့ သူတို့က အင်မော်တယ်အူခွေသစ်ပင်များ၏ အနက်ရှိုင်းဆုံးအပိုင်းဆီသို့ တိုက်ရိုက်ရောက်သွားကြခြင်း ဖြစ်သည်။

တစ်နည်းဆိုရလျှင် သူတို့က အင်မော်တယ်အူခွေသစ်ပင်များအောက်သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။

သူတို့ပေါ်ထွက်လာသည့်အခိုက် ပြင်းထန်သော လှိုင်းဂယက်များသည် ရွှီချင်း၏ အသိစိတ်ထဲမှာ ဖြစ်ပေါ်လာသည်။ အင်မော်တယ်အူခွေသစ်ပင်များနှင့် အနီးစပ်ဆုံးနေရာကို ပထမဆုံးအကြိမ် သူရောက်ရှိဖူးခြင်း ဖြစ်ပေသည်။

သူ၏ အရှေ့မှ အင်မော်တယ်အူခွေသစ်ပင်တစ်ပင်စီသည် လုံးပတ်ပေတစ်ထောင်ခန့်ထူပြီး အတူတကွ ပြွတ်သိပ်တည်ရှိနေလေရာ ပေပေါင်းတစ်ထောင် ဧရိယာတစ်ကွက်ကို အပိုင်စိုးရထား၏။ ၎င်းတို့က မတူညီသော ဦးတည်ရာသို့ အသီးသီး တိုးထွက်နေပြီး ‌တိမ်တိုက်နှင့်ပင် ထိလုနီးပါးရှိသည်။

မရေမတွက်နိုင်သော သစ်ရွက်ငယ်များက ၎င်းတို့ပေါ်မှာ ရှိနေကြသည်။ သစ်ရွက်တစ်ရွက်ချင်းစီတွင် လောကစည်းမျဉ်းတချို့ ပါရှိနေသည်ဟုထင်ရပြီး သိပ်သည်းသော စိတ်ဝိညာဉ်ချီလှိုင်းများကို ထုတ်လွှတ်နေလေရာ သစ်ရွက်တစ်ရွက်၏ အံ့မခန်းတန်ဖိုးကို မှန်းဆကြည့်နိုင်ပေသည်။

သစ်ပင်ပင်စည်များထံမှ သစ်ကိုင်းများသည် မရေမတွက်နိုင်အောင် တိုးထွက်နေကြသည်။ ထိုသစ်ကိုင်းများ၏ တန်ဖိုးသည် သစ်ရွက်များထက် အဆမတန် များပြားလှမည်မှာ မလွဲဧကန်ပင်။ ယင်းတို့ပေါ်မှာ လှည့်ပတ်နေသည့် မှိန်ဖျဖျရတနာအလင်းတွင် လောကစည်းမျဉ်းစွမ်းအားသာမက တာအိုစာလုံးများလည်း ပါရှိ၏။

ယင်းတို့ထဲမှ မည်သည့်တစ်ခုမဆို အထွတ်အထိပ်ရတနာဖြစ်၏။

သစ်ပင်ကြီးသည်တော့ ညိုနက်နက်အရောင်ရှိ၏။ သစ်ရွက်၊ သစ်ကိုင်းများထက် သစ်ပင်၏ ပင်စည်တစ်ခုလုံးကို ဖောင်းအစ်နေသော မျက်လုံးများက အပြည့်ဖုံးလွှမ်းထားသည်။ ယခုအချိန်မှာ ထိုမျက်လုံးများက ရွှီချင်းနှင့် တခြားလူများကို စိုက်ကြည့်နေကြသည်။ သစ်ပင်သည် သွေးသားအညှီအဟောက်အနံ့ရပြီး အံ့မခန်းဖိအားကို ထုတ်လွှတ်နေသည်။

ဤအင်မော်တယ်အူခွေသစ်ပင်များက တကယ်အသက်ရှိနေသည်ဟူသော ခံစားမှုကို ပေး၏။

သို့မဟုတ် အစစ်အမှန်အင်မော်တယ်တစ်ပါးက ရှင်သန်နေသလိုပင်။

ထိုဖိအားအောက်မှာ ရွှီချင်း၏ အမြင်သည် ဝေဝါးလာသည်။

အင်မော်တယ်အူခွေသစ်ပင်များက ထိတ်လန့်ဖွယ်ပုံရိပ်တစ်ခုသို့ ပြောင်းလဲသွားသည့်အလား ရိုးရာအကကို သရုပ်ဖော်နေ၏။ ထိုနေရာမှာ မီးပင်လယ်တစ်ခုလည်းရှိပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများက ဘေးပတ်ပတ်လည်မှဝိုင်း၍ မြူးတူးကခုန်နေကြသည်။

ထိုမှုန်ဝါးဝါးမြင်ကွင်းက ရွှီချင်းကို အလွန်အမင်း စိတ်မသက်မသာဖြစ်စေသည်။ သူ၏ အရှေ့မှ ကမ္ဘာသည် အစဉ်အမြဲပြောင်းလဲနေ၏။ တစ်ခါတစ်ရံ အူမော်တစ်အူခွေသစ်ပင်များ ဖြစ်သွားလိုက် တစ်ခါတစ်ရံ မီးပင်လယ်နှင့် ကခုန်နေသော ကျင့်ကြံသူများ ဖြစ်သွားလိုက်ဖြင့် အဖန်တလဲလဲ ပြောင်းလဲနေသည်။ သူတို့သည် တဖြည်းဖြည်း တစ်ခုနှင့်တစ်ခု ထပ်ဆင့်သွားကြသည်။

သူ၏ ခန္ဓာကိုယ်သည် လိမ်ရစ်လာပြီး ဗိုက်ထဲမှ အူများက လှုပ်ခါလာကာ အပြင်သို့ ထွက်တော့မည့်နှယ် ရွှီချင်း ခံစားရလာသည်။

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ တတိယနတ်နန်းတော်၏ တားမြစ်အဆိပ်ဆေးလုံးမှ စွမ်းအင်နှင့် စတုတ္ထနတ်နန်းတော်မှ ခရမ်းရောင်လတို့ တစ်ချိန်တည်း ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ထိုမှတဆင့် ချင်းချိုးဆီသို့ ဆက်လက်ပျံ့နှံ့သွားသည်။ သို့မှသာ သူ၏ ဝိုးတိုးဝါးတားအမြင်က အနည်းငယ် သက်သာလာသည်။

ချင်းချိုး၏ မျက်နှာသည် ဖြူဖျော့နေပြီး အံတင်းတင်းကြိတ်ထားသည်။ သူမ၏ မျက်လုံးသည် သွေးရောင်လွှမ်းနေပြီး အသိစိတ်မလွတ်သွားအောင် မနည်းထိန်းထားနေရ၏။

ခေါင်းဆောင်သည်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ မျက်နှာတစ်ခု ထွက်ပေါ်လာသည်။ မျက်လုံးထဲရှိ မျက်နှာထဲတွင် နောက်ထပ်မျက်နှာတစ်ခု ရှိသေးပြန်သည်။ ယင်းတို့က အလွှာတစ်ခုပြီးတစ်ခု ထပ်ဆင့်သွားပြီး အင်မော်တယ်အူခွေသစ်ပင်များထံမှ ဖိအားကို မျှဝေယူလိုက်သည်။

နင်ယန်တစ်ဦးတည်းသာ ပုံမှန်ဖြစ်၏။ သူ၏ တစ်ကိုယ်လုံးမှ ကြေးနီအလင်းကို ထုတ်လွှတ်နေလေသည်။ တစ်ချိန်တည်းမှာ သူ၏ ဝမ်းဗိုက်ပေါ်မှ နွယ်များသည် အင်မော်တယ်အူခွေသစ်ပင်များနှင့် တစ်သားတည်းအလား လှုပ်ယမ်းလာကြသည်။

သူက ထွက်ပြေးချင်သော်လည်း နွယ်တဖက်၏ အစွန်းကို ခေါင်းဆောင်က ဖမ်းဆုပ်ထား၏။ မည်သို့ပင် သူကြိုးစားပါစေ နွယ်ကို မချိုးဖြတ်နိုင်ပေ။ ထို့ကြောင့် ဤနေရာမှာ ထိုင်စောင့်ရုံသာ သူတတ်စွမ်းတော့သည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ အသိစိတ် ပြန်ကြည်လင်လာပြီးနောက် ဘေးပတ်ဝန်းကျင်ကို ချက်ချင်း စမ်းစစ်လိုက်သည်။

အင်မော်တယ်အူခွေသစ်ပင်များအောက်မှ မြေဆီလွှာသည် အနီရောင်ဖြစ်၏။ လာလမ်းတုန်းကနှင့် တူညီစွာပင် မြေပြင်ပေါ်မှာ သစ်ရွက်ခြောက်များ၊ သစ်ကိုင်းအကျိုးများ မရှိပေ။ ထို့ကြောင့် ရွှီချင်း၏ အကြည့်သည် သူ့အရှေ့မှ အင်မော်တယ်အူခွေသစ်ပင်၏ သစ်ရွက်များနှင့် သစ်ကိုင်းများထံသို့ အမှတ်မထင် ကျရောက်သွားသည်။

‘ ဒီမှာ သစ်ကိုင်းတွေအများကြီးရှိတယ်… ငါတစ်ခုလောက် ချိုးယူတာက ပြဿနာမဖြစ်လောက်ဘူး ’

ရွှီချင်းသည် နှုတ်ခမ်းသပ်ပြီး ခေါင်းဆောင်ကိုကြည့်သည်။ ထိုအခိုက်အတန့်မှာ ခေါင်းဆောင်ကလည်း သူ့ကို ကြည့်နေသည်။ မျက်လုံးချင်းဆုံသည့်အခါ တစ်ဦး၏ ဆန္ဒကို အခြားတစ်ဦးက နားလည်သဘောပေါက်ပေသည်။

ရွှီချင်းက အရှေ့သို့ ပြေးသွားသည်။

ခေါင်းဆောင်သည်လည်း မလိုက်ချင်သော နင်ယန်ကို တရွတ်တိုက်ဆွဲခေါ်၍ အရှေ့သို့ ပြေးသွားသည်။ သူ သစ်ပင်တစ်ပင်၏ အောက်သို့ ရောက်သွားသည့်အခါ ရွှီချင်းနှင့်အတူ တစ်ချိန်တည်း လှုပ်ရှားလိုက်သည်။

ခေါင်းဆောင်သည် သစ်ရွက်သုံးရွက်ကို ခူးယူ၍ ပါးစပ်ထဲသို့ ထိုးသွင်းလိုက်သည်။

ရွှီချင်းသည် သစ်ကိုင်းတစ်ခုကို ချိုးယူလိုက်သည်။

သူတို့နှစ်ယောက်သည် ကိစ္စအသီးသီးကို လုပ်ဆောင်ပြီးသည်နှင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

“ အဆင်ပြေလား ”

“ အဆင်ပြေတယ် ”

သူတို့စကားပြောသည်နှင့် အင်မော်တယ်အူခွေသစ်ပင်များသည် ရုတ်တရက် အပြင်းအထန် လှုပ်ခါလာသည်။ နိုးထလာနေသော စွမ်းအင်တစ်ခုက ၎င်းတို့ဆီမှ ပျံ့နှံ့ထွက်လာသည်။

ထိုမြင်ကွင်းက နင်ယန်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သူက ရွှီချင်းနှင့် ခေါင်းဆောင်ကို အသက်ရှင်ရငြီးငွေ့နေသူများအလား ကြည့်လိုက်သည်။ ယခုအချိန်မှာ ထိုနှစ်ယောက်က ရူးကြောင်ကြောင် လူထူးဆန်းများဖြစ်သည်ဟု သူတွေးမိသည်။

သို့သော်လည်း နောက်တစ်စက္ကန့်မှာ ချင်းချိုးကလည်း လှုပ်ရှားလိုက်သည်။ သူက သစ်ရွက်တစ်ရွက်ကို တကယ်ခူးယူလိုက်ပြီး ဝါးစားလိုက်သည်။

“ ချီး… မင်းရော သူတို့နဲ့အတူတူပဲလား ”

အင်မော်တယ်အူခွေသစ်ပင်များ ပိုပြီးကြမ်းကြမ်းတမ်းတမ်း လှုပ်လာသည်ကိုမြင်သောအခါ နင်ယန်၏ မျက်လုံးထဲ၌ ခြောက်ခြားမှုဖြစ်ပေါ်လာသည်။

All Chapters