← Chapters

သားရဲစီးဓါးပြလေးယောက်

Vol. 25 Ch. 362

သားရဲစီးဓါးပြလေးယောက်

Vol. 25 Ch. 362

အဖြစ်အပျက်များက မြန်ဆန်လွန်းလှ၏။

ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ချောင်ဝမ်လီတို့အုပ်စုကို အသာထား.. ဘေးကနေ ကြည့်နေကြသူများပင်လျှင် ကြောင်အ၍ မှင်တက်နေကြ၏။ အတန်ကြာမှသာလျှင် သူတို့၏ မျက်လုံးထဲတွင် တုန်လှုပ်ချောက်ချားမှုက ဝင်ရောက်လာ၏။

သွေးများစိုရွှဲနေသော အစိမ်းရောင်ဝတ်ကျင့်ကြံသူကိုကြည့်ပြီး သူတို့၏ စိတ်ထဲတွင် စကားသံတစ်ခု ပေါ်လာ၏။ ‘ပြတ်သားစွာသတ်ဖြတ်ခြင်း’

ချောင်ဝမ်လီသည် သူ၏ ပထမတိုက်ခိုက်မှု လွဲချော်ပြီးနောက် ပြန်လည်တိုက်ခိုက်ဖို့ပင် အခွင့်အရေး မရခဲ့ပေ။

“ဒီလူရဲ့ စိတ်နေစရိုက်က ရှေးဟောင်းတိုက်ပွဲမြေမှာ ကျင်လည်ဖို့ တော်တော်လေးကို လိုက်ဖက်တာပဲ.. နှမြောစရာ ကောင်းလိုက်တာ...” လူအုပ်ကြီးထဲမှ ကျင့်ကြံသူတစ်ယောက်က ခေါင်းခါလိုက်၏။

“ချောင်ဝမ်လီက သေပြီ.. သားရဲစီးဓါးပြလေး‌ယောက်ကလဲ လက်စားချေသန်သန်နဲ့တော့ တွေ့ပြီ.. သူတို့အုပ်စုက ရွှမ်ထျန်းမြို့ထဲမှာ ဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်း နောက်ခံမရှိဘူးဆိုရင်တော့ မသေမချင်း ညှင်းဆဲခံရတော့မှာပဲ”

“ထိပ်သီးအဖွဲ့အစည်းက ဂိုဏ်းတွေက သားရဲစီးဓါးပြလေးယောက်ကို မကြောက်ကြဘူးဆိုပေမယ့်လဲ ဒီလူတွေအတွက်နဲ့တော့ သူတို့က သားရဲစီးဓါးပြလေးယောက်နဲ့ ရန်ငြိုးအဖြစ်ခံမှာ မဟုတ်ဘူး.. အခုဆို သူတို့ကို လက်ခံစုဆောင်းချင်တဲ့ဂိုဏ်းရှိမှာ မဟုတ်ဘူး”

လမ်းမထက်တွင် ဆူဇီမို၏ အမူအယာက တည်ငြိမ်နေပြီး ဘေးဘက်သို့လှည့်ကာ ပြောလိုက်၏။

“ဒီနေရာကနေ အရင်ထွက်သွားကြရအောင်”

ကျိန်ချန်းရှန်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြ၏။

အခုချိန်မှာတော့ သူတို့လည်းပဲ သဘောပေါက်လာကြလေသည်။

ရှေးဟောင်းတိုက်ပွဲမြေ၊ ရွှမ်ထျန်းမြို့တွင်.. ယုတ္တိကျတာတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ဘာတစ်ခုမှ မရှိပေ။ အသန်မာဆုံးသူသာ ရှင်သန်နိုင်မည့် လောကတစ်ခု ဖြစ်လေသည်။

သွေးသံများနှင့် ပြည့်နှက်နေသော ရက်စက်ကြမ်းကြုတ်သည့်နေရာတစ်ခု ဖြစ်လေသည်။

လမ်းတစ်လမ်းလုံးက သွေးကွက်ကြီးများဖြင့် ပြည့်နေ၏။

တိုက်ပွဲများက အချိန်မရွေး ပေါ်ပေါက်လာနိုင်ပြီး အခြားကျင့်ကြံသူများက ကိုယ်နဲ့မဆိုင်သလို ဘေးကနေသာ စောင့်ကြည့်နေကြမည်သာ ဖြစ်လေသည်။

သူတို့၏ အားနည်းချက်ကို လှစ်ပြလိုက်မိသည်နှင့် တစ်ဖက်လူက ထိုသည်ကို အခွင့်ကောင်းယူပြီး ထိုးနှက်ဖို့ လုပ်ကြပေလိမ့်မည်။

လမ်းမထက်ရှိ လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြပြီး ဆူဇီမိုတို့အုပ်စုကို သေလူများလို သဘောထားကာ ကြည့်နေကြ၏။

အခုချိန်တွင် ကျိချန်းရှန်နှင့် အခြားသူများအတွက် အရေးအကြီးဆုံးမှာ ဒီညအတွက် အထိုင်ချနားနေဖို့ နေရာတစ်ခုရှာပြီး သူတို့၏ စွမ်းအင်များကို ပြန်လည်အားဖြည့်ကာ အနာများကို ကုသဖို့ပင် ဖြစ်လေသည်။

ရွှမ်ထျန်းမြို့ထဲတွင် ကောင်းကောင်းမွန်မွန် အဆောက်အဦများအားလုံးကို များစွာသော အဖွဲ့အစည်းများနှင့် ကျင့်ကြံသူများက နေရာယူထားကြပြီဖြစ်ပြီး ပြိုကျတော့မည်ကဲ့သို့ ယိုယွင်းပျက်ဆီးနေ‌သော အဆောက်အဦအနည်းငယ်သာ ကျန်ရှိလေတော့သည်။

ခဏကြာ လှည့်ပတ်ကြည့်ရှုပြီးနောက် ဆူဇီမိုတို့အုပ်စုသည် လမ်းထောင့်တစ်နေရာတွင် စုတ်ပြတ်သတ်နေသော အိမ်တော်တစ်လုံးကို တွေ့လိုက်ကြ၏။

အိမ်တော်လိုပင် ခေါ်ရခက်နေလေပြီ။

အိမ်တော်၏ ပတ်လည်ရှိ နံရံတံတိုင်းများက ပြိုကျနေပြီး တစ်ပိုင်းတစ်စ ကျိုးပဲ့နေသော တံတိုင်းအချို့သာ ကျန်လေတော့သည်။ ခြံဝန်းထဲတွင် မြက်ပင်ပေါင်းပင်များက ထူထပ်စွာ ပေါက်နေပြီး ခနော်နီခနော်နဲ့နှင့် အိမ်ဆောင်လေးအချို့တော့ ကျန်နေသေး၏။

“ဒီညတော့ ဒီမှာပဲ နားကြတာပေါ့”

သူတို့ဆက်ပြီး ရှာနေလျှင်တောင် နေရာကောင်းတစ်ခုကို ရှာတွေ့မည်မဟုတ်ကြောင်း ဆူဇီမို ကောင်းကောင်းသိလိုက်၏။ နောက်ပြီး ကျိချန်းရှန်၊ လမ့်ရိုနှင့် အခြားသူများက မောပန်းနွမ်းနေကြပြီဖြစ်ပြီး သူတို့ကို အပြင်ဘက်မှာကြာကြာထားဖို့ အဆင်မပြေတော့ပေ။

“နောင်ကြီး.. အရင်ဆုံးနားလိုက်ဦး.. ကျုပ်အပြင်ဘက်ကို လမ်းလေးဘာလေး ထွက်လျှောက်ပြီး ရွှမ်ထျန်းမြို့အကြောင်း စနည်းနာလိုက်ဦးမယ်” ဖက်တီးလေးက အနားကပ်ပြီး တိုးတိုးပြောလိုက်၏။

“ကောင်းပြီလေ.. ဂရုစိုက်ဦး” ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ဖက်တီးလေးသည် အရင်ကတည်းက ခန္ဓာမီးဆေးနည်းစနစ်ကို လေ့ကျင့်ထားပြီး သူက ကျိချန်းရှန်၊ လမ်ရိုနှင့် အခြားသူများထက် ကိုယ်ကာယကြံခိုင်မှုမှာ အများကြီး ပိုသာလေသည်။

နောက်ပြီး သူပုံစံက ဝဝကစ်ကစ်နှင့် ရင်းနှီးဖော်ရွေလေသည်။ သူက လိမ်မာပါးနပ်ပြီး သတိကြီး၏။ ဖက်တီးလေး၏ လုံခြုံရေးအတွက် ဆူဇီမိုက သိပ်ပြီး စိတ်ပူမနေပေ။

သူတို့နှင့် လုံးဝမရင်းနှီးသောပတ်ဝန်းကျင်ကို ရောက်ရှိလာသောကြောင့် လူတိုင်း၏ ရင်ထဲတွင် လေးလံနေကြ၏။

ရွှမ်ထျန်းမြို့က သားရဲများ၏ ရန်မှကာကွယ်ပေးနိုင်သော်လည်း မြို့ထဲရှိ တချို့ကျင့်ကြံသူများက သားရဲများထက်ပင် ကြောက်စရာကောင်းသေးလေသည်။

ဆူဇီမိုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်သောကြောင့် ကျိချန်းရှန်နှင့် အခြားသူများသည် အချိန်ကို အကျိုးရှိရှိ အသုံးချ၍ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရင်း သူတို့၏ ဒဏ်ရာများကို ကုသနေကြ၏။

သိပ်မကြာမီ ဖက်တီးလေး ပြန်ရောက်လာလေသည်။

“နောင်ကြီး ဒီနားမှာ ကျုပ်လျှောက်မေးပြီးသွားပြီ”

ဖက်တီးလေးက နှုတ်ခမ်းကို စူပြီး တည်တံ့စွာ ပြောလိုက်၏။

“ရွှမ်ထျန်းမြို့ထဲမှာ ထိပ်သီးအဖွဲ့အစည်းအချို့ရှိတယ်.. အင်မော်တယ်ဂိုဏ်းက ဖန်သားနန်းတော်ရယ်၊ မိစ္ဆာဂိုဏ်းက ဆိုးယုတ်မြေကမ္ဘာဂိုဏ်းရယ်၊ မိစ္ဆာဒိဋ္ဌိငါးဝါဒီက ရုပ်သေးဂိုဏ်းရယ် ပြီးတော့.. တစ်သီးပုဂ္ဂလလေးအုပ်စုက ယန်ဆေးဂိုဏ်းနဲ့ ကြိုးကြာတစ်ထောင်ဂိုဏ်းတို့လဲ ရှိတယ်”

ကျိချန်းရှန်နှင့် အခြားသူများသည် သုန်မှုန်နေသော အမူအယာနှင့် မျက်မှောင်ကြုတ်လိုက်ကြ၏။

အင်မော်တယ်ဂိုဏ်းများ၊ မိစ္ဆာဂိုဏ်းများ၊ တစ်သီးပုဂ္ဂလအုပ်စုများနှင့် မိစ္ဆာဒိဋ္ဌိဝါဒီများသည် ထျန်ဟွမ်ပြည်မကြီး၏ ထိပ်သီးအဖွဲ့အစည်းများ ဖြစ်ကြလေသည်။

သူတို့သာ ရှေးဟောင်းတိုက်ပွဲ၏ အနက်ပိုင်းထဲကို စွန့်စားမဝင်ရောက်လာခဲ့လျှင် သူတို့ဘဝတစ်လျှောက်လုံး ထိုထိပ်သီးအဖွဲ့အစည်းများနှင့် တွေ့ကြုံရဖို့ မရှိပေ။

ဆူဇီမိုသည် နုလုံးတစ်ချက်ခုန်သွား၏။

သူသည် အခြားအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်နွယ်မှု မရှိသော်လည်း လွန်ခဲ့သည့်နှစ်နှစ်လောက်က မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းနှင့် ရင်ဆိုင်ခဲ့ဖူးလေသည်။

မြေအောက်အက်ကွဲကြောင်းထဲတွင် ဆူဇီမိုသည် မိစ္ဆာအမွေခံသူအချို့နှင့် ရင်ဆိုင်ခဲ့ရပြီး သူတို့ငါးယောက်နှင့် ရင်ဆိုင်ခဲ့ရာတွင် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ အမွေဆက်ခံသူကိုတောင် သူက သတ်ဖြတ်ခဲ့သေး၏။

ပြောရမည်ဆိုလျှင် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူသည် ထိုတိုက်ပွဲမှာတုန်းက တရားမျှတမှုမရှိဘဲ သေဆုံးခဲ့ရခြင်း ဖြစ်လေသည်။

စိတ်ဝိညာဉ်သော့ခတ်အစီအရင်ကြောင့်သာ မဟုတ်လျှင်၊ ထိုမိစ္ဆာအမွေဆက်ခံသူများက သူတို့၏ ခွန်အားအပြည့်ကို ဖော်ထုတ်နိုင်ခဲ့လျှင်.. သေရမည့်သူက ဆူဇီမိုသာလျှင် ဖြစ်ခဲ့ပေမည်။

အခုဆို ထိုအဖြစ်အပျက်က နှစ်အနည်းငယ် ကြာခဲ့ပြီဖြစ်တာကြောင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက နောက်ထပ်အမွေဆက်ခံသူအသစ်တစ်ယောက်ကို ရွေးချယ်ပြီးလောက်ပေပြီ။

တစ်ကယ်တော့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ထိုလူများက သူ့ကို မှတ်မိနေမှာကို ဆူဇီမိုသည် စိုးရိမ်မနေပေ။

ထိုတိုက်ပွဲမှာတုန်းက စွမ်းအားကြီးမားသော အရိုးစုက နေရာတစ်ခုလုံးကို ပြိုကျပျက်စီးစေခဲ့၏။ နောက်ပိုင်းတွင် နတ်ဆိုးမကျိက ပြန်ပြောပြသည်မှာ သူတို့နှစ်ယောက်ကလွဲလျှင်.. အသက်ရှင်ကျန်ရစ်သည်မှာ မိစ္ဆာအမွေဆက်ခံသူငါးယောက်သာလျှင် ရှိလေသည်။

ဆိုလိုသည်မှာ အရင်က သူ့ကို မြင်ဖူးခဲ့သော ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှလူများက အကုန်သေသွားခဲ့ကြလေပြီ။

ဖက်တီးလေးက ဆက်ပြောလိုက်၏။

“သူတို့ထဲမှာဆို ယန်ဆေးဂိုဏ်းနဲ့ ကြိုးကြာတစ်ထောင်ဂိုဏ်းက အင်အားနည်းကြတယ်.. ယန်ဆေးဂိုဏ်းက ထျန်ဟွမ်ပြည်မကြီးရဲ့ အကြီးမားဆုံး ဆေးဖော်စပ်တဲ့ဂိုဏ်းတစ်ဂိုဏ်းပဲ.. သူတို့က ရှေးဟောင်းခေတ်ကထဲက အခြေတည်လာခဲ့တာလို့ ပြောကြတယ်.. ကြိုးကြာတစ်ထောင်ဂိုဏ်းကတော့ အကြီးမားဆုံး အဆောင်လက်ဖွဲ့ဂိုဏ်းပဲ.. ကျင့်ကြံရေးလောကမှာ အများဆုံး သုံးနေကြတဲ့ ဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်တဲ့ စိတ်ဝိညာဉ်ကြိုးကြာတွေကို သူတို့တီထွင်ဖန်တီးခဲ့ကြတာပဲ”

ယန်ဆေးဂိုဏ်းနှင့် ကြိုးကြာတစ်ထောင်ဂိုဏ်းအကြောင်း ကြားရချိန်တွင် ဆူရှောင်းနင်နှင့် လမ့်ရိုတို့၏ မျက်လုံးက ဝင်းလက်သွားကြ၏။

သူတို့သာ ထိုဂိုဏ်းများကို ဝင်ရောက်နိုင်ခဲ့လျှင် သူတို့၏ ကျင့်ကြံရေးလမ်းကြောင်းက နောက်တစ်ဆင့်ကို မြင့်တက်သွားပေလိမ့်မည်။

ကျိချန်းရှန်က ခေါင်းညိတ်လိုက်၏။

“သူတို့က တစ်သီးပုဂ္ဂလအုပ်စုတွေက၊ သူတို့က ဆေးဖော်စပ်တာနဲ့ အဆောင်လက်ဖွဲ့ဖန်တီးရာမှာ အာရုံစိုက်ထားမှတော့ သူတို့ရဲ့ခွန်အားက အားနည်းတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နတ်ဆေးဆရာတွေနဲ့ အဆောင်လက်ဖွဲ့သခင်တွေက သန်မာတဲ့လူတွေနဲ့ အဆက်အသွယ်ကောင်းတွေရှိကြတယ်.. သူတို့နဲ့အတူ သန်မာတဲ့လူတွေလဲ ပါလာမှာပဲ”

ဖက်တီးလေးက တံတွေးမျိုချလိုက်ပြီး သုန်မှုန်နေသော အမူအယာနှင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ရွှမ်ထျန်းမြို့ထဲမှာ သူတို့အပြင် နောက်ထပ် ရန်သွားမစသင့်တဲ့ အဖွဲ့တစ်ဖွဲ့ ရှိသေးတယ်.. အဲ့ဒါကတော့ သားရဲစီးဓါးပြလေးယောက်ပဲ”

ထိုစကားကိုကြားသောအခါ ကျိန်ချန်းရှန်နှင့် အခြားသူများသည် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားကြ၏။

“သူတို့က ငါတို့ မြောက်ဘက်ဂိတ်မှာ တွေ့ခဲ့တဲ့လူတွေနဲ့ ဆက်စပ်နေတာလား” ကျိချန်းရှန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

ဖက်တီးလေးက ခေါင်းညိတ်လိုက်၏။

“နောင်ကြီးသတ်ခဲ့တဲ့ အဖွဲ့ရဲ့ခေါင်းဆောင်က ချောင်ဝမ်လီတဲ့.. သူက သားရဲစီးဓါးပြလေးယောက်ရဲ့ ညာလက်ရုံးတစ်ယောက်ပဲ”

“အင်မော်တယ်ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းတွေကတောင် ရန်မစချင်ရလောက်အောင် အဲ့ဒီသားရဲစီးဓါးပြလေးယောက်ရဲ့နောက်ခံက ဘာရှိလို့လဲ” ရှစ်ကျန့်က မေးလိုက်၏။

ဖက်တီးလေးက ပြန်ဖြေလိုက်၏။

“သားရဲစီးဓါးပြလေးယောက်ရဲ့ခွန်အားက ဖန်သားနန်းတော်တို့၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့လို ထိပ်သီးဂိုဏ်းတွေကိုတော့ ကျိန်းသေပေါက် မမီဘူးပေါ့.. ဒါပေမယ့်လို့ ပြောကြတာတော့ သူတို့ကို အရမ်းကို ကြမ်းကြုတ်ရက်စက်တယ်တဲ့.. သူတို့ရဲ့ လက်အောက်ငယ်သားတွေကလဲ အကုန်လူမိုက်လူရမ်းကားတွေချည်းပဲ”

“ဖန်သားနန်းတော်နဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့က သူတို့နဲ့ တိုက်ပွဲဖြစ်ရင် သေချာပေါက် အနိုင်ရမှာ ဆိုပေမယ့်.. သူတို့ဘက်ကလဲ တော်တော်လေး ဆုံးရှုံးရမှာပဲ.. အဲ့ဒါကြောင့် လောလောဆယ်မှာ သားရဲစီးဓါးပြလေးယောက်နဲ့ ထိပ်သီးအဖွဲ့အစည်းအချို့က သဟဇာတ ဖြစ်နေကြတာပဲ”

ထိုသည်ကို ကြားရသောအခါ ကျိချန်းရှန်နှင့် အခြားသူများသည် ထိတ်ထိတ်ပျာပျာနှင့် မျက်စိပျက်မျက်နှာပျက် ဖြစ်သွားကြ၏။

အဓိပ္ပါယ်မှာ သူတို့သည် ထိုကဲ့သို့သော အဖွဲ့နှင့် ရန်မီးစခဲ့ပြီးဖြစ်၍ ရွှမ်ထျန်းမြို့ထဲမှာ သူတို့က အချိန်မရွေး အသတ်ခံရဖို့ ရှိလေသည်။ အဲ့ဒါက သူတို့အတွက် မြို့ပြင်မှာနေတာထက်ပင် အန္တရာယ်များနေပြီ ဖြစ်လေသည်။

ဖက်တီးလေးက မှတ်ချက်ပေးလိုက်၏။

“ဒီကိစ္စမှာ နောင်ကြီးကိုလဲ အပြစ်တင်လို့ မရဘူး.. အစကထဲက သူတို့ရဲ့အလုပ်က အခြားသူတွေကို လုယက်သတ်ဖြတ်တဲ့အလုပ်ပဲ.. မြောက်ဘက်ဂိတ်ကို ဖြတ်လာတဲ့ ကျင့်ကြံသူတွေက အင်အားနည်းမယ်၊ ကျော်ထောက်နောက်ခံလဲ မရှိဘူးဆိုရင် သူတို့က အသက်ရှင်နိုင်ဖို့ အရမ်းကို အခွင့်နည်းတယ်”

“သူတို့က အရမ်းကို ယုတ်မာပြီး သတ်ဖြတ်ရတာကို ပျော်နေကြတဲ့ လူဆိုးလူမိုက်တွေပဲ.. မင်းတို့သိုလှောင်အိတ်ထဲမှာပါတဲ့ ရတနာတွေအကုန် ထုတ်ပေးရင်တောင် မင်းတို့အသက်ရှင်ဖို့ မသေချာဘူး”

ထိုနေရာအရောက်၌ ဖက်တီးလေးက သက်ပြင်းချလိုက်၏။

“ငါကြားခဲ့တာ‌တော့ ပြီးခဲ့တဲ့လအတွင်း အဲ့ဓါးပြတွေရဲ့ လက်ချက်နဲ့ သေခဲ့ရတဲ့ ကျင့်ကြံသူပေါင်း တစ်ထောင်ကျော်လောက် ရှိနေပြီတဲ့”

ဆူဇီမိုက မျက်စိကို မှေးကျဉ်းလိုက်ပြီး အေးစက်စက်အလင်က ဖြတ်သန်းသွား၏။

All Chapters