လိပ်ခဲတည်းလည်း
Vol. 25 Ch. 363
ဆူရှောင်းနင်က မျက်မှောင်နည်းနည်းကြုတ်လိုက်၏။
“သားရဲစီးဓါးပြလေးယောက်အဖွဲ့က ဒီလောက်တောင် ဆိုးသွမ်းယုတ်မာနေကြတာ.. တရားမျှတမှုကို ထိန်းသိမ်းဖို့အတွက် အင်မော်တယ်ဂိုဏ်းကလူတွေက ဘာလို့ ရှေ့ထွက်ပြီး ဖြေရှင်းမပေးကြတာလဲ”
သူမ၏ စိတ်ထဲတွင်.. အင်မော်တယ်ဂိုဏ်းမှ ထိုလူများသည် လူဆိုးလူယုတ်များကို သတ်ဖြတ်၍ တရားမျှတမှုကို လက်ကိုင်ထားဖို့ တာဝန်ရှိလေသည်။ သူတို့က ဘာလို့ သူတို့နဲ့မဆိုင်သလို နေနိုင်ရတာလဲပေါ့။
ကျိချန်းရှန်က ခေါင်းခါလိုက်၏။
“ကျင့်ကြံရေးလောကမှာ သမာသမတ်ကျတဲ့လူတွေဆိုတာရှားတယ်.. အင်မော်တယ်ဂိုဏ်းတွေမှာလဲ အတူတူပဲ.. တစ်ကယ်တော့ အင်မော်တယ်တွေနဲ့ မိစ္ဆာတွေဆိုတာ သူတို့လျှောက်လမ်းတဲ့ တာအိုလမ်းကြောင်းက ခြားနားနေရုံပဲ”
“ဟုတ်တယ်.. အဲ့လိုမျိုး သမာသမတ်ကျတဲ့ စစ်သည်တော်တွေကလဲ အသက်မရှည်တတ်ကြဘူး” ဖက်တီးလေးက ခေါင်းညိတ်လိုက်၏။
ရုတ်တရတ် ဆူဇီမိုက မေးလိုက်၏။
“သားရဲစီးဓါးပြလေးယောက်ရဲ့ ကျင့်ကြံမှုတွေက ဘယ်လောက်လဲ”
ဖက်တီးလေးက ပြန်ဖြေပေးလိုက်၏။
“သူတို့ရဲ့ခေါင်းဆောင် ချိုင်လီကတော့ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်၊ ကျန်တဲ့သုံးယောက်- လန့်ထန်၊ ဟူမုန်၊ ပေါင်ယွင်ဖုန့်တို့တော့ မရီးဒါန်ခြောက်ခု အခြေတည်အဆင့်တွေပဲ.. ပြောကြတာတော့ သူတို့က ရှေးဦးအဆက်နွယ်သားရဲတွေရဲ့ နို့ရည်ကိုသောက်ပြီး တောထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ကြီးပြင်းလာခဲ့ကြတာတဲ့.. သူတို့အကုန်လုံးက အရမ်းကို သန်မာကြံ့ခိုင်ကြပြီးတော့ သားရဲတွေနဲ့ ယှဉ်လို့ရတယ်တဲ့”
ထိုသည်ကို ကြားသောအခါ ဆူဇီမိုသည် နုလုံးတစ်ချက်ခုန်သွား၏။
မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်ဆိုပါလား..
သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေ၏ အနက်ပိုင်းထဲသို့ စွန့်စားလာရင်း နောက်ဆုံးမှာတော့ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်တစ်ယောက်နှင့် ရင်ဆိုင်ရပေတော့မည်။
ဆူဇီမို၏ လက်ရှိခွန်အားက အင်မော်တယ်ကျင့်ကြံရေးနည်းစနစ်များမှာဖြစ်စေ၊ အနီးကပ်တိုက်ခိုက်ရည်မှာဖြစ်စေ.. မရီးဒါန်ခြောက်ခုကျင့်ကြံသူများအားလုံးကို ဖိနှိမ်နိုင်လေသည်။
သို့သော်လည်း သူ၏ သွေးချီစွမ်းအားကို မထုတ်ဖော်ဘဲနှင့် မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့် တစ်ယောက်နှင့် ရင်ဆိုင်ဖို့ ယုံကြည်မှု သိပ်မရှိသေးပေ။
ဘာပဲပြောပြော သူ့ကျင့်ကြံမှုအဆင့်က မရီးဒါန်လေးခုအခြေတည်အဆင့်မှာသာ ရှိသေးပြီး အန္တိမသားရဲကျင့်စဉ်တွင် အခုထိ စဦးအောင်မြင်မှုကိုလည်း မရှိသေးပေ။ သူ၏ ပါးစပ်ဒွာရနှင့် မျက်လုံးဒွာရတို့ကို ရှင်းလင်းဖို့ ကျန်သေးလေသည်။
မရီးဒါန်များကလည်း တစ်ခုဖွင့်လှစ်ပြီးလျှင် နောက်တစ်ခုဖွင့်လှစ်ဖို့က ပိုပိုခက်ခဲလာ၏။
အပေါ်ယံကြည့်လျှင်တော့ မရီးဒါန်ခုနှစ်ခုကျင့်ကြံသူက မရီးဒါန်ခြောက်ခုကျင့်ကြံသူထက် မရီးဒါန်တစ်ခုသာ ပိုများတာ ဖြစ်လေသည်။ သို့သော်လည်း သူတို့အကြား ခွန်အားကွာဟချက်က အလွန်ကြီးမားလေသည်။
မရီးဒါန်ခြောက်ခု ကျင့်ကြံသူ ဆယ့်လေးငါးယောက်လောက် အတူပူးပေါင်းပြီး တိုက်ခိုက်လျှင်တောင် မရီးဒါန်ခုနှစ်ခုကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
သားရဲစီးဓါးပြလေးယောက်တွင် သားရဲတစ်ကောင်လို ကိုယ်ကာယနှင့် အနီးကပ်တိုက်ခိုက်ရည်မှာ အားကြီးသော မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်တစ်ယောက် ပါလာသောကြောင့် ဆူဇီမိုပင်လျှင် သူ့ကိုကိုင်တွယ်ဖို့ အတော်လေး အခက်တွေ့ရလေပြီ။
အိမ်ဆောင်ထဲမှာ အတန်ကြာသည့်အထိ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ပြီးနောက် ဖက်တီးလေးက ဆက်ပြောလိုက်၏။
“ဒါပေမယ့် ငါကြားတာတော့ အခုလောလောဆယ် ရွှမ်ထျန်းမြို့ထဲမှာ ပေါင်ယွင်ဖုန့်ဆိုတဲ့ ဓါးပြဗိုလ်တစ်ယောက်ပဲ ရှိတယ်တဲ့.. ကျန်တဲ့သုံးယောက်က အပြင်ကို ထွက်သွားကြတာ နောက်နှစ်ရက်သုံးရက်လောက်နေမှ ပြန်ရောက်လိမ့်မယ်တဲ့”
ဆူဇီမိုတို့အုပ်စုက အခုဆို မလူးသာမလွန့်သာ အခြေအနေကို ရောက်နေလေပြီ။
အခုညက မှောင်နေပြီ ဖြစ်တာကြောင့် ရွှမ်ထျန်းမြို့ထဲကနေ ထွက်မည်ဆိုလျှင် သူတို့သည် မရေမတွက်နိုင်သော ကြမ်းကြုတ်သားရဲများ၊ ရှေးဟောင်းသက်ရှိများနှင့် ရင်ဆိုင်ရပေမည်။ ဆူဇီမိုကလွဲလျှင် ကျန်သူများအားလုံးက သေရဖို့ များလေသည်။
သို့သော် မြို့ထဲမှာ သူတို့ ဆက်နေမည်ဆိုလျှင်လည်း ဓါးပြဗိုလ်လေးယောက်၏ လက်စားချေတတ်သော သဘာဝအရ သူတို့ကို အသက်ရှင်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။
ဒုန်း ဒုန်း ဒုန်း...
ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းမှ ဒုန်းစိုင်းလာသော မြင်းခွာသံများစွာက ထွက်ပေါ်လာပြီး မြေပြင်က မူမမှန်စွာ တုန်ခါလာ၏။ ထိုအသံများက သူတို့ရှိရာသို့ အလွန်တရာ လျှင်မြန်စွာဖြင့် ဦးတည်လာနေ၏။
“ဝေးဝေးရှောင်နေဟေ့.. သူတို့က သားရဲစီးဓါးပြအဖွဲ့ပဲ”
“အား”
စူးစူးဝါးဝါးအော်သံများနှင့် လူအုပ်ကြီးက ဖရိုဖရဲ ဖြစ်ကုန်ကြ၏။ အချိန်မီမရှောင်လိုက်နိုင်သော ကျင့်ကြံသူအချို့ဆိုလျှင် အသားပြားဖြစ်သည့်အထိ နင်းခြေခံလိုက်ရပြီး အလောင်းတောင် မကျန်ခဲ့ပေ။
“သူတို့ခေါင်းဆောင်က ပေါင်ယွင်ဖုန့်ထင်တယ်”
“ဟုတ်တယ် သူပဲ.. ဟိုရှေးဦးအဆက်နွယ်သားရဲက သူစီးနေကျ တိမ်လွှာရှာကျားသစ်ပဲ.. မှားစရာ မရှိဘူး”
မလှမ်းမကမ်းတွင် ဖုန်များက တထောင်းထောင်းထနေပြီး သွေးရနံ့က ထိုးထွက်လာ၏။ ဗလတောင့်တောင့်၊ အရပ်ရှည်ရှည်နှင့် ပုခုံးပေါ်မှာ ဆံပင်နက်များ ဖြန့်ချထားသော လူတစ်ယောက်က ကြမ်းကြုတ်ခက်ထန်သော လူများကို ဦးဆောင်လာ၏။
ထိုလူ၏အောက်တွင် ကြီးမားကြီး ကြမ်းကြုတ်သော ကျားသစ်တစ်ကောင်ရှိနေ၏။ ထိုကျားသစ်တွင် ထက်ရှသော လက်သည်း၊ ခြေသည်းများ ရှိနေပြီး တစ်ကိုယ်လုံးကို ထူထဲသော သားမွေးများဖြင့် ဖုံးအုပ်ထားကာ တိမ်စိုင်လိုအကွက်များ ပေါ်နေ၏။ သူ့အသွေးအမွေးက အမှောင်ထဲတွင် တောက်ပနေပြီး မျက်လုံးများထဲတွင် အေးစက်စက်အလင်းများ ရှိနေ၏။
ရှေးဦးအဆက်နွယ်သားရဲ၊ တိမ်လွှာရှာကျားသစ်..
“ဘာတွေဖြစ်နေတာလဲဟ.. သူတို့က ဘာလို့ အဲ့လောက် ဒေါသူပုန်ထနေရတာလဲ”
“မင်းမကြားလိုက်ဘူးလား.. သားရဲစီးဓါးပြဗိုလ်လေးယောက်အောက်က ကျင့်ကြံသူဆယ်ယောက်ကျော် မြောက်ဘက်ဂိတ်မှာ အသတ်ခံလိုက်ရတယ်တဲ့”
“အမ်.. ဘယ်သူက အဲ့လောက်ထိ ရဲတင်းရတာလဲ”
“ဟိုမှာတွေ့လား အဲ့မှာထိုင်နေကြတဲ့ လူတွေပဲ.. ငါကြားတာတော့ သူတို့ကို သတ်ခဲ့တဲ့သူက ဟိုအစိမ်းရောင်ဝတ်စုံနဲ့တစ်ယောက်တဲ့”
ကျင့်ကြံသူအချို့က ဆူဇီမိုတို့ရှိရာဘက်သို့ လက်ညိုးတထိုးထိုးနှင့် ပြောဆိုနေကြ၏။
ထိုသို့ ရုတ်ရုတ်သဲသဲအဖြစ်အပျက်က များစွာသော ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်မိသွား၏။ ညအချိန်ကို ရောက်နေပြီဖြစ်သော်လည်း အပြင်ဘက်တွင် စုဝေးလာသော ကျင့်ကြသူအရေအတွက်က အတော်များလာနေပြီဖြစ်၏။
မလှမ်းမကမ်းရှိ နှစ်ထပ်အဆောက်အဦတစ်ခုတွင် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသော ရုပ်ချောချောနှင့်လူငယ်တစ်ယောက်က ပြတင်းပေါက်နားမှာ ထိုင်နေ၏။ သူ့နောက်တွင် လက်နှစ်ဖက်ကိုချ၍ မတ်တပ်ရပ်နေသော အကြီးအကဲတစ်ယောက်ရှိ၏။
ရုပ်ချောချောလူငယ်က ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားပြီး သူ့ပုံစံက ပန်းချီကားတစ်ချပ်နှင့် တူနေ၏။ ချောမွတ်နူးညံ့သောအသားအရေနှင့် ဖော်ပြခြင်းငှာ မစွမ်းသာသော လှပကြော့ရှင်းမှု ရှိလေသည်။
ထိုအချိန်တွင် ညနက်လာပြီဖြစ်သောကြောင့် အဖြူရောင်ဝတ်လူငယ်က ထထွက်ဖို့ မတ်တပ်ထရပ်လိုက်စဉ်မှာပင် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို မြင်တွေ့သွား၏။ သူသည် သိချင်စိတ်ဖြစ်သွားပြီး မေးလိုက်၏။
“ဦးလေး.. အဲ့မှာ ဘာတွေဖြစ်နေတာလဲ”
သူ့နောက်ဘက်ရှိ လူကြီးက ပြန်ဖြေလိုက်၏။
“ပြောကြတာတော့ ဟိုအစိမ်းရောင်ဝတ်နဲ့ကျင့်ကြံသူက ချောင်ဝမ်လီတို့အုပ်စုကို သတ်ပစ်ခဲ့တယ်တဲ့”
“အို”
အဖြူရောင်ဝတ်လူငယ်က အေးစက်စက် သရော်ရယ်လိုက်၏။
“ချောင်ဝမ်လီလား.. သေသွားတာပဲကောင်းတယ်.. သူ့လိုမျိုးလူဆိုးလူယုတ်က သေသင့်တာ ကြာပြီ”
အဖြူရောင်လူငယ်၏အသံက အေးစက်နေသော်လည်း တစ်မူထူး၍ နူးညံ့နေ၏။
“သခင်လေး သွားရအောင်.. အဲ့မှာ ဘာမှ ကြည့်စရာ မရှိပါဘူး.. ပေါင်ယွင်ဖုန့်က လူတွေအများကြီး ခေါ်လာတာဆိုတော့ သူတို့က မကြာခင် သေရတော့မယ့် လူတွေပဲ” လူကြီးက ပြောလိုက်၏။
“နေပါဦး”
အဖြူရောင်ဝတ်လူငယ်က လက်ကာပြပြီး ပြောလိုက်၏။
“ခဏလောက်တော့ စောင့်ကြည့်ရတာပေါ့”
ထိုသို့ပြောပြီး သူက ခေါက်ယပ်တောင်ကို ဖြန့်ကာ ပြန်ထိုင်ချလိုက်၏။
အမှောင်ထဲတွင် ရာနှင့်ချီသော ကျင့်ကြံသူများသည် တင်းမာခက်ထန်သော အမူအယာများ၊ ကြမ်းကြုတ်သောအော်ရာများနှင့် ပြေးလာနေကြ၏။ သူတို့၏ လက်နက်များမှ အေးစက်စက်အရောင်များက လရောင်အောက်တွင် တောက်ပနေ၏။
ဤအချိန်တွင် ကျိချန်းရှန်တို့က ကောင်းကောင်းတောင် အနားမယူရသေးပေ။ သူတို့၏ ခန္ဓာကိုယ်များက ကိုက်ခဲနေသေး၏။ သို့သော်လည်း ရန်သူများက တံခါးလာခေါက်နေလေပြီ။
“ငါတို့ ဘယ်လိုလုပ်ကြမလဲ”
လူတိုင်းက ဆူဇီမိုကို အလိုလို ကြည့်လိုက်ကြ၏။
ဆူဇီမိုက တင်ပျဉ်ခွေထိုင်၍ ဆက်လက်အနားယူကာ အားအင်ပြန်လည်ဖြည့်တင်းနေတုန်း ဖြစ်၏။
ညဝိညာဉ်က မြေပြင်တွင် ဝပ်နေ၏။ သူက ခေါင်းကိုတောင် မမော့ဘဲ ညအမှောင်ထဲတွင် ပုန်းလျှိုးနေသော မည်းနက်နေသည့် မျက်လုံးများနှင့် တိမ်လွှာရှာကျားသစ်ကို လှမ်းကြည့်လိုက်၏။
ခြံဝန်းထဲသို့ ပေါင်ယွင်ဖုန့် ဝင်လာချိန်တွင် ဆူဇီမိုက သူ့မျက်လုံးများကို ရုတ်တရတ်ဖွင့်ပြီး လှမ်းကြည့်လိုက်၏။
ပေါင်ယွင်ဖုန့်က တိုက်ခိုက်ဖို့အတွက် လူရမ်းကားတစ်ရာကျော်ကို ခေါ်ဆောင်လာ၏။ သူတို့၏ အော်ရာများက လွန်စွာကြောက်စရာကောင်းနေပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ကျောချမ်းသွားကြ၏။
ဆူဇီမိုက သူ့မျက်လုံးကို ဖွင့်လိုက်သည်နှင့် မွန်းစတားဆန်ဆန်အော်ရာက ထွက်ပေါ်လာပြီး သူက မတ်တပ်ထရပ်လိုက်၏။
ဆူဇီမိုက နေရာမှာတင် မလှုပ်မယှက် ရပ်နေ၏။ သူ့ခန္ဓာကိုယ်က ပျော့တိပျော့ဖတ်ပုံစံပင်။ သို့သော်လည်း သူ့အော်ရာက ပေါင်ယွင်ဖုန့်တို့အုပ်စုထက် အားမနည်းလှပေ။
“အာ”
မလှမ်းမကမ်း၊ ဒုတိယထပ်တွင် ဦးလေးလျန့်ဟုခေါ်သော လူကြီးက ထိုမြင်ကွင်းကို မြင်သောအခါ အနည်းငယ်အံ့အားသင့်သွားပုံရ၏။
အဖြူရောင်ဝတ်လူငယ်၏ မျက်လုံးကလည်း ဝင်းလက်သွားပြီး စိတ်ဝင်စားမှုပိုလာ၏။