ဓါးဝင်္ကပါသခင်
Vol. 25 Ch. 366
ယခုအခါ ထိုနေရာတွင် စုဝေးနေကြသော ကျင့်ကြံသူများက အနည်းဆုံး ထောင်ကျော်လေသည်။
သို့သော်လည်း အခုအချိန်မှာတော့ လူတိုင်းသည် အသက်တောင်ကောင်းကောင်း မရှူနိုင်တော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ဖြစ်ပျက်ခဲ့သည်က အရမ်းကို ကြောက်စရာကောင်းလေသည်။
သားရဲစီးဓါးဗိုလ်လေးယောက်က သူတို့၏ ကိုယ်ကာယနှင့် အနီးကပ်တိုက်ခိုက်ရည်တို့ကြောင့် ကျော်ကြားလေသည်။ သူတို့ထဲမှာမှ ပေါင်ယွင်ဖုန့်သည် အလွန်တရာ လက်မြန်လက်မြန်ရှိပြီး ပေါ့ပါးဖျတ်လတ်လေသည်။ မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူများထဲမှာဆို သူက ပြိုင်ဘက်ကင်းပြီး မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်ကျင့်ကြံသူမှသာ သူ့ကိုလှဲချနိုင်ပေလိမ့်မည်။
မရီးဒါန်လေးခုအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ဖျစ်ညှစ်သတ်လိုက်လို့ ပေါင်ယွင်ဖုန့်သည် အလောင်းတောင် လူရုပ်သူရုပ်မကျန်ဘဲ သေသွားရသည်ကို သူတို့ကိုယ်တိုင်သာ မြင်တွေ့ရခြင်းမဟုတ်လျှင် ယုံနိုင်စရာကို မရှိပေ။
ဒါ့ထက် ရွှမ်ထျန်းမြို့ထဲမှာ ပေါင်ယွင်ဖုန့်ကို တစ်ယောက်ယောက်က သတ်ဖြတ်ရဲလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။
ဒါက ကိစ္စကြီးပင်။
ပေါင်ယွင်ဖုန့်၏ သေဆုံးမှုက ပေါ့သေးသေး မဟုတ်။ အခြားကြမ်းကြုတ်ရက်စက်သည့် သားရဲစီးဓါးပြဗိုလ်သုံးယောက် ဒေါသူပုန်ထ၍ သောင်းကျန်းသတ်ဖြတ်လျှင် အပြစ်မရှိသည့် များစွာသော ကျင့်ကြံသူများပါ ရောပါ အသတ်ခံရနိုင်လေသည်။
ဒုတိယထပ်တွင် အဖြူရောင်ဝတ်လူငယ်သည် သူ့ယပ်တောင်ကို သိမ်းလိုက်ပြီး ရုတ်တရတ် လှည့်မေးလိုက်၏။
“ဦးလေးလျန့်.. အဲ့လူကို ဘယ်လိုမြင်လဲ”
ဦးလေးလျန့်က ပြန်ဖြေလိုက်၏။
“သူက အနီးကပ်တိုက်ခိုက်ရည်မှာ အရမ်းသန်မာတယ်.. ရက်စက်တယ်.. သတ်ဖြတ်ဖို့ ပြတ်သားတယ်”
“ဒါပေမယ့်.. ဒီကောင်လေးက အရမ်းကို မိုက်ရူးရဲဆန်လွန်းတယ်.. ဘယ်လိုဘယ်ပုံ နောက်ပြန်ဆုတ်ရမလဲ မသိဘူး.. သူ့ပုံစံက အရမ်းကို ဖြောင့်မတ်တယ်ဆိုပေမယ့်လို့ အခုတော့ သားရဲစီးဓါးပြတွေနဲ့ သူက ဘယ်လိုမှ ညှိနှိုင်းလို့ မရတော့ဘူး.. သူကတော့ သေမှာပဲ”
“ကျုပ်ကတော့ သူ့ကို တော်တော်လေး စိတ်ဝင်စားနေပြီ” အဖြူရောင်ဝတ်လူငယ်က ညင်သာစွာပြုံး၍ ပြောလိုက်၏။
ဦးလေးလျန့်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“ဘာလဲ သခင်လေးက သူ့ကို လူသစ်စုဆောင်းဖို့ ကြံနေတာလား”
“ဒါပေါ့” အဖြူရောင်ဝတ်လူငယ်က ခေါင်းညိတ်ပြလိုက်၏။
ဦးလေးလျန့်က ဆက်ပြောလိုက်၏။
“အခုနေ သူ့ကိုခေါ်မယ်ဆိုရင် သားရဲစီးဓါးပြလေးဦးကို ဆန့်ကျင်တိုက်ခိုက်လိုက်တာနဲ့ အတူတူပဲ.. အဲ့ဒါက ဉာဏ်နည်းရာကျတယ်.. ကျုပ်တို့ ဒီတစ်ခေါက် ရှေးဟောင်းတိုက်ပွဲမြေကို ဝင်လာရတာက ဆေးရေအိုင်ဂိုဏ်းရဲ့ အပြိုအပျက်နေရာအတွက်ပဲ.. အဲ့လောက်အင်အားကြီးတဲ့ရန်သူတွေကို မမွေးမြူသင့်ဘူး”
ခဏမျှ ရပ်တန့်ပြီးနောက် ဦးလေးလျန့်က ထပ်ပြောလိုက်၏။
“အခုဆို ဖန်သားနန်းတော်၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနဲ့ တခြားတောင့်တင်းတဲ့ အဖွဲ့အစည်းတွေကလဲ ရွှမ်ထျန်းမြို့ပတ်လည်မှာ ရောက်နေကြပြီ။ သူတို့ကလဲ ဆေးရေအိုင်ဂိုဏ်းရဲ့ အပြိုအပျက်နေရာအတွက်ပဲ ဖြစ်ရမယ်.. ဖန်သားနန်းတော်တို့၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့နဲ့စာရင် ကျုပ်တို့မှာက ထိပ်တန်းပညာရှင်တွေ ချို့တဲ့နေတယ်.. ကျုပ်တို့သတိထားမှရမယ် သခင်လေး”
“ထိပ်တန်းပညာရှင်လား”
အဖြူရောင်ဝတ်လူငယ်က ပြုံးကာ ခြံဝန်းထဲရှိ အစိမ်းရောင်ဝတ်ကျင့်ကြံသူကို လှမ်းကြည့်ပြီး ပြောလိုက်၏။
“အဲ့မှာတစ်ယောက်ရပြီလေ.. မဟုတ်ဘူးလား”
“သူလား”
ဦးလေးလျန့်က ရယ်မောလိုက်၏။
“ကျုပ်က အိုနေပြီဆိုပေမယ့်လဲ မျက်စိတော့ မမှုန်သေးပါဘူး.. အဲ့လူက အနီးကပ်တိုက်ခိုက်ရည်မှာ သန်မာတာ ဟုတ်ပါတယ်.. ဒါပေမယ့် သူက ထိပ်တန်းပညာရှင်အဆင့်ကို ရောက်ပြီလို့တော့ ကျုပ်မထင်ဘူး”
အဖြူရောင်ဝတ်လူငယ်က ဘာမှပြန်မပြောတော့ဘဲ ပြုံးရုံသာ ပြုံးနေတော့၏။
. . .
ခြံဝန်းထဲတွင်..
ဆူဇီမိုက ပေါင်ယွင်ဖုန့်ကို အနာကွန်ဒါဖျစ်ညှစ်ခြင်းဖြင့် သတ်ဖြတ်ပြီးနောက် မတ်တပ်ထရပ်လိုက်၏။ သူ့အစိမ်းရောင်ဝတ်စုံက သွေးများဖြင့် နီစွေးနေ၏။ သတ်လိုဖြတ်လိုအော်ရာက ဖြာထွက်လာပြီး သူ့အကြည့်က သင်တုန်းဓါးပါးလို ထက်ရှကာ အားကောင်းသော သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထား၏။
“သတ်..”
ပေါင်ယွင်ဖုန့်သေဆုံးသွားပြီးနောက် ရာနှင့်ချီသော လူဆိုးလူမိုက်များသည် နောက်ဆုတ်မသွားသည့်အပြင်.. ဒေါသူပုန်ထကာ ဆေဘာများ၊ လက်နက်များကို ကို်ငစွဲ၍ ဆူဇီမိုဆီသို့ တစ်ဟုန်ထိုး ပြေးတက်လာကြ၏။
အဲ့ဒါက လူးဆိုးလူမိုက်များ၏ သဘာဝပင်.. သေရမှာကို ကြောက်မနေပေ။
သူတို့စီးထားသော ကြမ်းကြုတ်သည့်မြင်းများအားလုံးက အခြေတည်အဆင့်စိတ်ဝိညာဉ်သားရဲများ ဖြစ်ကုန်၏။ နီရဲနေသောမျက်လုံးများ၊ ကြောက်စရာခွန်အားနှင့်အတူ.. ထိုမြင်းများ၏ နင်းခြေခြင်းခံရလျှင် ကျင့်ကြံသူများက စုတ်ပြတ်သတ်ထွက်ကုန်ပေလိမ့်မည်။
ကျင့်ကြံသူတစ်ရာကျော်က ဒေါသတကြီး ချီတက်လာကြသောကြောင့် ဖုန်များက တထောင်းထောင်းတလုံးလုံး ထလာ၏။
အခြားသူများသာဆိုလျှင် ဤမျှများပြားလှသည့် စစ်တပ်ကြီးနှင့် ရင်ဆိုင်ရလျှင် နင်းခြေခံရမည်ဆို၍ လွတ်ရာကျွတ်ရာသို့ ရှောင်ပြေးဖို့ ကြိုးစားပေလိမ့်မည်။
သို့သော် ဆူဇီမိုကတော့ ရှောင်လည်းမရှောင်၊ နောက်လည်းမဆုတ်ပေ။ သူ့မျက်လုံးက ဝင်းလက်သွားပြီး သူ့မျိုးဆက်သွေးကို ရုန်းကြွစေလိုက်သောအခါ မိုးကြိုးသံများရောယှက်နေသော ဆူနာမီအသံက ထွက်ပေါ်လာလေသည်။
နိုးထလာသော မျိုးဆက်သွေးနှင့်အတူ သူ့ခွန်အားက တစ်ဟုန်ထိုး တိုးတက်လာ၏။
“ဘုန်း..”
ဆူဇီမိုက အသက်ရှူထုတ်လိုက်ရင်း.. ကြီးမားသည့် လက်ဝါးကြီးများကို ဆန့်ထုတ်ကာ ဒေါသတကြီး ဝင်ရောက်လာသော မြင်းနှစ်ကောင်၏ ဦးခေါင်းများကို တွန်းထုတ်လိုက်၏။
ချက်ချင်းပင် သူ့အင်္ကျီလက်စများက စုတ်ပြဲထွက်သွားပြီး ကြွက်သားများ တစ်ခုနှင့်တစ်ခု ထုံးဖွဲ့ထားသော လက်တံနှစ်ဖက်က ပေါ်လာ၏။
ဒုန်းစိုင်းပြေးလာသော မြင်းများ၏ အရှိန်အဟုန်က ပြင်းထန်အားကောင်းလှ၏။
ကျင့်ကြံသူများကို မဆိုနှင့်.. တောတောင်ထဲက တော်တန်ရုံစိတ်ဝိညာဉ်သားရဲများတောင် အဲ့ဒါကို ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မြင်းနှစ်ကောင်ကတော့ ဆူဇီမို၏ လက်ဝါးဖိအားအောက်တွင် တစ်လက်မမျှ ရှေ့ဆက်မတိုးနိုင်တော့ပေ။
ဆူဇီမို၏ ခြေထောက်များက မြေကြီးထဲနစ်ဝင်သွားပြီး သူက မယိမ်မးယိုင်နက်ရှိုင်းသောအကြည့်နှင့် ရှေးခေတ်က နတ်ဘုရားတစ်ပါးလို ခိုင်မာစွာ ရပ်နေ၏။
ထိုမြင်းနှစ်ကောင်ပေါ်ရှိ လူမိုက်နှစ်ယောက်သည် အငိုက်မိသွားပြီး ရှေ့သို့ လွင့်စင်ကျသွား၏။
ဖက်တီးလေးနှင့် ရှစ်ကျန့်တို့က ဧရာမပုဆိန်ကြီးနှင့် သံမဏိတုတ်တို့ကို အသီးသီး ကိုင်စွဲထားကြ၏။ သူတို့က အခွင့်အရေးကို အမိအရ အသုံးချပြီး လေထဲကနေ လွင့်ပျံကျလာသော လူနှစ်ယောက်ကို လေထဲမှာတင် ဖမ်းပြီး ရိုက်သတ်လိုက်ကြ၏။
အရှိန်အဟုန်ဖြင့် ဒုန်းစိုင်းပြေးလာသော မြင်းနှစ်ကောင်သည် ထိုမျှ ပြင်းထန်လှသော ပစ်တိုက်တုန်ခါအားကို တောင့်ခံနိုင်စရာအကြောင်းမရှိပေ။ သူတို့သည် တအီအီမြည်၍ နေရာမှာတင် သေကုန်ကြ၏။ သူတို့၏ အရိုးများနှင့် အရွတ်များက ကျိုးကြေမွကုန်၏။
သူတို့နောက်ကနေ ကပ်လျက်လိုက်ပါလာသော မြင်းစီးသမားများမှာလည်း အချိန်မီမရပ်တန့်နိုင်ဘဲ မြေပြင်ပေါ်သို့ ဖရိုဖရဲ လုံးထွေးပြုတ်ကျကုန်၏။
တစ်ဖက်မှာတော့ မြင်းတစ်ကောင်သည် ဆူဇီမို၏ ရင်အုပ်ထဲသို့ ခုန်ဝင်လာ၏။
“ဟေး”
ဆူဇီမိုက လှောင်ရယ်လိုက်ပြီး ရှေ့သို့ လှမ်းတက်ကာ မြင်းတစ်ကောင်ကဲ့သို့ပင် ဒူးကိုမ၍ ပစ်တိုက်ချလိုက်၏။
ဘုန်း..
ကြီးမားသည့် စိတ်ဝိညာဉ်သားရဲမြင်းကြီးက လွင့်စင်ထွက်သွားပြီး လေထဲမှာတင် သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွား၏။
“ဂါး”
ထိုအချိန်မှာပင် ညဝိညာဉ်က ရှေ့လက်နှစ်ဖက်နှင့် ခေါင်းကိုငုံ့ပြီး တိုက်ခိုက်မည့်ဟန်ယူလိုက်၏။ ရုတ်တရတ် သူက ဝမ်းခေါင်းသံကြီးနှင့် မာန်ဖီဟိန်းဟောက်လိုက်၏။
အစက တိုက်ခိုက်လိုစိတ်အပြည့်နှင့် ဒေါသူပုန်ထနေကြသော စိတ်ဝိညာဉ်သားရဲမြင်းများသည် ချက်ချင်းပင် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် အဆုံးမရှိသော ကြောက်ရွံ့မှုများက အတိုင်းသားပေါ်လာ၏။
မည်သည့်စိတ်ဝိညာဉ်သားရဲမှ ညဝိညာဉ်ကို မမှတ်မိကြပေ။
သို့သော်လည်း ထိုဟိန်းဟောက်သံအပေါ်တွင် သူတို့၏ မျိုးဆက်သွေးအနက်ပိုင်းထဲမှာ ကြောက်ရွံ့မှုက အမြစ်တွယ်နေပုံရ၏။
တချို့မြင်းများက မြေကြီးပေါ် ခွေယိုင်လဲကျကာ ချီးများသေးများပင် ထွက်ကြကုန်၏။
တချို့မြင်းများသည် ရူးသွပ်သွားပုံရပြီး သူတို့၏ ကျောပေါ်က ကျင့်ကြံသူများကို ခါချလိုက်ကြ၏။ သူတို့သည် လူအုပ်ကြီးကို တွန်းထိုး၍ လွတ်ရာကျွတ်ရာ အပြင်ဘက်သို့ အလွန်လျှင်မြန်စွာ ထွက်ပြေးကြကုန်၏။
တစ်ခဏအတွင်းမှာပင် လူမိုက်များသည် ကစင်ကလျား ဝရုန်းသုန်းကား ဖရိုဖရဲဖြစ်ကုန်ကြ၏။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တုန်လှုပ်သွားကြပြီး ညဝိညာဉ်အပေါ် သူတို့၏ အမြင်ကလည်း တဖြည်းဖြည်း ပြောင်းလဲသွားကြ၏။
သူတို့သည် ထိုရန်ပွဲမှာ မပါဝင်သော်လည်း ညဝိညာဉ်၏ ဟိန်းဟောက်သံကြောင့် ကြောက်လန့်သွားပြီး လှည့်ပြေးမိတော့မတတ်ပင်။
ဆူဇီမိုက သိုလှောင်အိတ်ကို ပုတ်ပြီး ဓါးပျံ ၁၈လက်ကို ထုတ်ကာ သူ့ရှေ့မှာ ပျံဝဲစေလိုက်၏။
ဇီ..
ဓါးပျံ ၁၈လက်က လေထဲမှာ တဝီဝီမြည်၍ တုန်ခါလာပြီး တဖျတ်ဖျတ်တလက်လက်ပုံစံနှင့် အဆုံးမရှိ တောက်ပလာ၏။
“အား”
“ထိပ်တန်းအဆင့်ဓါးပျံတွေ.. အကုန်လုံးက ထိပ်တန်းအဆင့်ဓါးပျံတွေချည်းပဲဟ”
“ထိပ်တန်းအဆင့်ဓါးပျံ ၁၈လက်တောင်ရအောင် သူလူဘယ်နှစ်ယောက်တောင် သတ်ခဲ့ပြီးပြီလဲ မသိဘူး”
လူအုပ်ကြီးထဲမှ အံ့အားသင့်သံများက ထွက်ပေါ်လာ၏။
ဒုတိယထပ်တွင် အဖြူရောင်ဝတ်လူငယ်နှင့် ဦးလေးလျန့်သည်လည်း အံ့အားတသင့် ရေရွတ်မိလိုက်ကြ၏။
ဦးလေးလျန့်က တစ်မူးထူးစွာ မျက်မှောင်ကြုတ်၍ ခေါင်းခါလိုက်၏။
“သိပ်တော့ မူမမှန်ဘူး.. အဲ့ဒီ ဓါးပျံ ၁၈လက်က အရှည်ရော၊ ဗျက်ရော၊ အထူရော တစ်ပုံစံထဲပဲ.. စိတ်ဝိညာဉ်အင်းကွက်တေတောင် အတူတူပဲ.. တွေ့ရာစုထားတာမျိုး မဟုတ်ဘူး.. ငါထင်တာတော့ အဲ့ဒါတွေက နတ်ပန်းပဲဆရာတစ်ယောက်ထဲရဲ့ လက်ရာတွေ..”
“ထင်တဲ့အတိုင်းပဲ.. သူက ဓါးဝင်္ကပါသခင်တစ်ယောက်ပဲ” အဖြူရောင်ဝတ်လူငယ်က ရုတ်တရတ် ပြောလိုက်၏။
အဖြူရောင်ဝတ်လူငယ်၏ စကားမဆုံးသေးခင်မှာပင်.. ဆူဇီမိုက လက်ကိုဝေ့ရမ်းလိုက်သောအခါ ဓါးပျံ ၁၈လက်က လေထဲမှာ ကူးလူးယှက်ဖြာသွားပြီး နောက်တွင် ဓါးလမ်းကြောင်းရာများက ကျန်ရစ်ခဲ့လေသည်။
ဝှစ်...
ဝင်္ကပါအလင်းက ဝင်းလက်တောက်ပလာပြီး ညကောင်းကင်ကို လင်းထိန်သွားစေ၏။
ထို့နောက် ဓါးပျံ ၁၈လက်က တစ်ပြိုင်တည်း အတူတကွ ချိတ်စက်သွားပြီး ဓါးသွားများက အပြင်ဘက်သို့ ညွှန်လျက်သားနှင့် စက်ဝိုင်းသဏ္ဌာန်ဓါးစက်ကြီးတစ်ခုလို ဖွဲ့တည်လာ၏။ ဓါးချီများမှ ရောင်ခြည် ၁၈ခုက နေမင်းကြီးတစ်စင်းလို တဝင်းဝင်းတလက်လက်နှင့် ဖြာထွက်လာ၏။
ဖယောင်းမီးဓါးဝင်္ကပါပင် ဖြစ်လေသည်။
“သွား”
ဆူဇီမိုက ရှေ့သို့ ညွှန်လိုက်၏။
စက်ဝိုင်းသဏ္ဌာန်ဓါးစက်ကြီးက လူအုပ်ကြီးထဲကို တိုးဝင်သွားပြီး လူဆိုးလူမိုက်များကို စတင်လှီးဖြတ်လေတော့သည်။ ခြေလက်များက လွင့်ပျံလာပြီး သွေးမြူများက အဆက်မပြတ် ထွက်ပေါ်လာလေသည်။