ယန်ဆေးဂိုဏ်း
Vol. 25 Ch. 367
“ဓါးဝင်္ကပါသခင်ဟ.. သူက ဓါးဝင်္ကပါသခင်ဟ”
“ဒါ့ကြောင့်လဲ မရီးဒါန်လေးခု အခြေတည်အဆင့်လောက်နဲ့ သူက ရွှမ်ထျန်းမြို့ထဲကို ရောက်အောင်လာနိုင်ခဲ့တာကိုး..”
ကျင့်ကြံရေးလောကတွင် ဓါးဝင်္ကပါသခင်များက အလွန်တရာ ရှားပါးလှသောကြောင့် လူတိုင်းသည် တုန်လှုပ်သွားကြ၏။
ဒုတိယထပ်တွင် ဦးလေးလျန့်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။ သူ့အမူအယာက အနည်းငယ် ပြောင်းလဲသွားပြီး တီးတိုး ရေရွတ်လိုက်၏။
“အဲ့ဒီဓါးဝင်္ကပါက သတ်ဖြတ်စွမ်းအားက အရမ်းအားကောင်းတာပဲ”
“ဦးလေးလျန့် အဲ့ဒါကို သိလား” အဖြူရောင်ဝတ်လူငယ်က မေးလိုက်၏။
အတန်ကြာစဉ်းစားပြီးနောက် ဦးလေးလျန့်က ခေါင်းခါလိုက်၏။
“ငါ အရင်က အဲ့ဒါကို တစ်ခုမှ မမြင်ဖူးဘူး.. ဒီဓါးဝင်္ကပါရဲ့စွမ်းအားက ရှေးဟောင်းအစီအရင်ဂိုဏ်းက ပညာတွေအောက် မလျော့ဘူး”
တစ်သီးပုဂ္ဂလလေးအုပ်စုတွင် ယန်ဆေးဂိုဏ်း၊ ကြိုးကြာတစ်ထောင်ဂိုဏ်း၊ အသွန်းတစ်ရာဂိုဏ်းနှင့် ရှေးဟောင်းအစီအရင်ဂိုဏ်းတို့ ပါဝင်လေသည်။ ထျန်ဟွမ်ပြည်မကြီးရှိ တစ်ကယ်ထိပ်တန်း နတ်ဆေးဆရာ၊ နတ်ပန်းပဲဆရာ၊ အဆောင်လက်ဖွဲ့သခင်နှင့် ဝင်္ကပါသခင်တို့သည် ထိုဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများသာ ဖြစ်တတ်ကြလေသည်။
ကျင့်ကြံရေးလောကရှိ နာမည်ကြီးကျော်ကြားသော ဓါးဝင်္ကပါသခင် အများစုမှာ ရှေးဟောင်းအစီအရင်ဂိုဏ်းမှ ဖြစ်ကြလေသည်။
ဦးလေးလျန့်က ထပ်မံ ခေါင်းခါလိုက်၏။
“သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်နေတာ ဆိုးတာပဲ.. သူသာ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူဆိုရင် အဲ့ဒီဓါးဝင်္ကပါတစ်ခုတည်းသက်သက်နဲ့တောင် ဖန်သားနန်းတော်နဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက အမွေဆက်ခံသူတွေကို ထိန်းထားနိုင်လောက်တယ်”
“ကျုပ်တို့ အောက်ဆင်းပြီး တစ်ချက်လောက် သွားကြည့်ရအောင်”
ဦးလေးလျန့်က သူ့ကို ထပ်မံ ဖျောင်းဖျလိုက်၏။
“သခင်လေး.. အဲ့လူက ဘယ်လောက်ပဲ အလားအလာကောင်းကောင်း သူက သိပ်ကြာကြာ အသက်ရှင်ရတော့မယ့်လူ မဟုတ်ဘူး.. တခြားသားရဲစီးဓါးပြဗိုလ်သုံးယောက် ရွှမ်ထျန်းမြို့ထဲကို ပြန်ရောက်တာနဲ့ သူက သေမှာပဲ.. အခုနေ သူ့ကို လူသစ်ခေါ်ဖို့ဆိုတာ ဉာဏ်ရှိရာ မကျဘူးနော်”
“မလိုပါဘူး”
အဖြူရောင်ဝတ်လူငယ်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်၏။
. . .
ခြံဝန်းထဲတွင်..
လူဆိုးလူမိုက်များအားလုံးက မရီးဒါန်ခြောက်ခု အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့သာ အတူတကွ ပူးပေါင်းပြီး တိုက်ခိုက်မည်ဆိုလျှင် ဖယောင်းမီးဓါးဝင်္ကပါကို ဖြိုဖျက်နိုင်လောက်၏။
သို့သော် အခုအခါမှာတော့ သူတို့၏ ဗျူဟာစုဖွဲ့ပုံက ဆူဇီမိုနှင့် ညဝိညာဉ်တို့ကြောင့် တစ်စစီ ပြန်ကျဲ့ထွက်သွားလေပြီ။ သူတို့အနေနှင့် ဖယောင်းမီးဓါးဝင်္ကပါ၏ သတ်ဖြတ်စွမ်းအားကို ဘယ်လိုမှ ရပ်တန့်နိုင်ခြင်း မရှိတော့ပေ။
ချွင်.. ချွင်..
ဓါးသံများက တချွင်ချွင်နှင့် ကြောက်လန့်တကြား အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်နေ၏။ လူဆိုးလူမိုက်များသည် မြင်ပင်များ အရိတ်ခံရသလို အညှာတာမဲ့စွာ အစုလိုက်အပြုံလိုက် သေကြေကုန်ကြ၏။
စုတ်ချာနေသော အိမ်တော်က သွေးများဖြင့် နီစွေးသွားလေသည်။
အသွေးအသားများကို အသာထား.. ဖယောင်းမီးဓါးဝင်္ကပါနှင့် ထိတွေ့လျှင် သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်များတောင် ကြေမွသွားပေလိမ့်မည်။
လေထုက သိပ်သည်းသော သွေးရနံ့များဖြင့် ထုံမွမ်းသွား၏။
ဤအခိုက်အတန့်၌ လူဆိုးလူမိုက်များသည်ပင် သတ္တိမကောင်းနိုင်တော့ဘဲ တကွဲတပြားစီ အဘက်ဘက်သို့ ဦးတည်ရာ ထွက်ပြေးကုန်ကြ၏။
နောက်တစ်ခဏကြာသော် ခြံဝန်းထဲတွင် ပူပူနွေးနွေးအလောင်းများသာလျှင် ကျန်ခဲ့လေတော့သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။ သူတို့အမြင်တွင် သွေးအိုင်များကြားထဲမှာ မတ်တပ်ရပ်နေသော ရဲရဲနီစွေးနေသည့်ပုဂ္ဂိုလ်သည် အခုမှ ငရဲပြည်ကနေ တက်လှမ်းလာသော အဆူရာတစ်ယောက်လိုပင်။
“အခုဆို ပေါင်ယွင်ဖုန့်က သေပြီ.. အခြားသားရဲစီးဓါးပြဗိုလ်သုံးယောက်သာ ပြန်ရောက်လာရင် အဲ့လူကတော့ သေပြီပဲ”
“ပြောလို့တော့ မရသေးဘူးကွ.. မနက်ဖြန်မနက်စောစောကျရင် သူက ဒီနေရာကနေ ထွက်ပြေးသွားလို့ရတာပဲ.. ဒီကပ်ဘေးကနေ သူတို့လွတ်ရင်လဲ လွတ်သွားနိုင်တာပဲ”
“ဟဟ..”
စပြောသောသူက လှောင်ရယ်လိုက်၏။
“သားရဲစီးဓါးပြဗိုလ်သုံးယောက်က ငတုံးတွေလို့ မင်ထင်လို့လား.. သူတို့က တောတောင်ထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့တာ.. နောက်ယောင်ခံလိုက်တဲ့နေရာမှာ သူတို့က အတော်ဆုံးပဲ.. သူတို့မျက်စိအောက်ကလွတ်အောင် ဘယ်သူမှ မပုန်းနိုင်ဘူး”
ဆူဇီမိုသည် ဓါးပျံဆယ့်ရှစ်လက်ကို ပြန်သိမ်းပြီးနောက် ပေါင်ယွင်ဖုန့်နှင့် အခြားသူများ၏ သိုလှောင်အိတ်များကိုသာ လိုက်လံသိမ်းဆည်းလိုက်၏။ ဘေးပတ်ပတ်လည်မှ အတင်းအဖျင်းနှင့် ဝေဖန်လေကန်သံများကို ကြားသော်လည်း သူက ထီမထင်မျက်နှာပေးနှင့် ပုံမှန်လိုပင် တည်ငြိမ်နေ၏။
ကျိချန်းရှန်နှင့် အခြားသူများသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။
လူအုပ်ကြီးက တဖြည်းဖြည်း လူချဲသွားကြ၏။
ဆူဇီမိုသည် တစ်ခုခုကို အာရုံခံမိလိုက်ပြီး ဘေးဘက်သို့ လှည့်ကြည့်လိုက်သောအခါ.. လမ်းလျှောက်လာနေသော အဖြူရောင်ဝတ်ထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။
အဖြူရောင်ဝတ်လူက အရမ်းကာရော ချောမောလှပနေပြီး ပကတိပြီးပြည့်စုံနေသည်ဟုပင် ဖော်ပြလို့ရလေသည်။ တစ်ချက်ကြည့်ရုံနှင့် သူက အမျိုးသမီးတစ်ယောက်ထက်ပင် ပိုချောပိုလှနေကြောင်း သိနိုင်လေသည်။
သို့သော်လည်း အဖြူရောင်ဝတ်လူ၏ နောက်မှာ ကပ်ပါလာသော မုတ်ဆိတ်ရှည်နှင့် အကြီးအကဲပုံစံ လူကြီးတစ်ယောက်ကို မြင်လိုက်ရချိန်တွင်တော့ ဆူဇီမိုသည် တုန်လှုပ်သွားလေသည်။
ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ရာတွင် အသက်ကန့်သတ်ထားခြင်း မရှိသော်လည်း.. များသောအားဖြင့်တော့ ဝင်ရောက်လာသူများမှာ ဒီဘက်မျိုးဆက်၏ ဉာဏ်ကြီးရှင်၊ ပါရမီရှင်လူငယ်များ ဖြစ်ကြလေသည်။ ဤနေရာတွင် လူကြီးပိုင်းတစ်ယောက်ကို မြင်တွေ့ရခြင်းက မျက်စိစူးစရာကောင်းနေလေသည်။
ဒါ့အပြင် ထိုအကြီးအကဲလူက အလွန်တရာ အန္တရာယ်ရှိကြောင်း ဆူဇီမို၏ အာရုံခံသတိစိတ်က ပြောပြပေးနေ၏။
ရှေးဟောင်းတိုက်ပွဲမြေကို ဝင်ရောက်လာပြီးနောက် ဆူဇီမိုသည် တိုက်ပွဲအတော်အများများကို ဆင်နွှဲခဲ့ရ၏။ သို့သော်လည်း အခြားကျင့်ကြံသူများထံမှ ယခုကဲ့သို့ အော်ရာမျိုးကို မမြင်ခဲ့ရပေ။
အဲ့ဒါက အလွန်ကြောက်စရာကောင်းပြီး လူတစ်ယောက်ကို ရင်တလျှပ်လျှပ် ဖြစ်သွားစေ၏။
ဆူဇီမိုက အကြီးအကဲလူကို အလေးအနက် ကြည့်ပြီးနောက် အဖြူရောင်ဝတ်လူကို တစ်ဖန်ပြန် အာရုံစိုက်လိုက်၏။
အဖြူရောင်ဝတ်လူက ခေါက်ယပ်တောင်ကိုင်ထားသောလက်ကို နောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် လက်ခုပ်ပုံလုပ်ပြီး ပြုံးပြလိုက်၏။
“ကျုပ်က ထန်ယု.. ဒီကတာအိုရောင်းရင်းကိုရော ဘယ်လိုခေါ်ရမလဲ မသိဘူး”
“ဆူဇီမို”
ဆူဇီမိုက ထိုလူ၏ ခါးပေါ်မှ ဂိုဏ်းတံဆိပ်ပြားကိုကြည့်ပြီး မှင်သေသေနှင့် ပြန်ဖြေလိုက်၏။
ရှေးဟောင်းတိုက်ပွဲမြေတွင် ဂိုဏ်းတံဆိပ်ပြားကို ဖော်၍ ပြထားရဲသည့်သူများက များသောအားဖြင့် ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးကြီးမှ လူများ ဖြစ်ကြလေသည်။
ဆန်းကြယ်တောင်ထွတ်က မဟာကျိုးအင်ပါယာတွင် ဂိုဏ်းကြီးငါးဂိုဏ်းစာရင်းဝင်သော်လည်း ထျန်ဟွမ်ပြည်မကြီးမှာတော့ ဘာမှကို မဟုတ်ပေ။ ထို့ကြောင့် ဆူဇီမိုနှင့် အခြားသူများက သူတို့၏ ခါးတွင် သိုလှောင်အိတ်ကလွဲလို ဘာကိုမှ ချိတ်ဆွဲမထားကြပေ။
အဖြူရောင်ဝတ်လူ၏ နောက်ခံက သာမန်မဟုတ်ကြောင်း ဆူဇီမိုသည် ခန့်မှန်းမိသော်လည်း ထိုဂိုဏ်းတံဆိပ်ပြားနှင့် ထိုသူ၏ ရည်ရွယ်ချက်ကို သူမသိရပေ။
ထန်ယုက ခေါက်ယပ်တောင်ကို ဖြန့်ပြီး ညင်သာစွာ ခပ်လိုက်၏။
“တာအိုရောင်းရင်းက ရွှမ်ထျန်းမြို့ကို အခုမှရောက်လာတာမလား.. သားရဲစီးဓါးပြဗိုလ်လေးယောက်အကြောင်း ခင်ဗျားသိပ်မသိသေးလောက်ဘူး.. ဒါပေမယ့် ကျုပ်ကတော့ သူတို့နဲ့ပတ်သတ်ပြီး အတန်အသင့် သိထားတာရှိတယ်”
“ပြောပြမယ်ဆိုရင် ကျုပ်နားထောင်ချင်ပါတယ်” ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“သူတို့ကို သားရဲစီးဓါးပြလေးယောက်လို့ ခေါ်ရတာကတော့ သူတို့က ခွေးရိုင်း၊ ဝံပုလွေ၊ ကျားနဲ့ ကျားသစ်ဆိုတဲ့ သားရဲလေးကောင်ကို တစ်ယောက်တစ်ကောင်စီ စီးလာတတ်ကြလို့ပဲ.. သူတို့ကို အရမ်းကို သန်မာကြတယ်.. သူတို့ထဲက ခေါင်းဆောင်လုပ်သူ ချိုင်လီက မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်၊ ကျန်တဲ့သုံးယောက်ကတော့ မရီးဒါန်ခြောက်ခု အခြေတည် အထွတ်အထိပ်အဆင့်.. မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်ကို အချိန်မရွေး တက်လှမ်းသွားနိုင်တယ်”
ထန်ယုက ဆက်ပြောလိုက်၏။
“ရွှမ်ထျန်းမြို့ထဲမှာ သားရဲစီးဓါးပြလေးယောက်က အသန်မာဆုံးတော့ မဟုတ်ဘူး.. ဒါပေမယ့် ဘယ်ထိပ်သီးအဖွဲ့ကမှ သူတို့ကို ရန်သွားစချင်ကြမှာ မဟုတ်ဘူး.. ဘာလို့လဲဆိုတော့ သူတို့ထဲမှာ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေလို့ပဲ”
“အခု ပေါင်ယွင်ဖုန့်က သေပြီဆိုတော့ ခင်ဗျားနဲ့ သားရဲစီးဓါးပြဗိုလ်သုံးယောက်တို့က ဘယ်လိုမှ ညှိနှိုင်းလို့ မရတော့ဘူး.. ခင်ဗျားအခုနေ ရွှမ်ထျန်းမြို့ထဲက ထွက်ပြေးမယ်ဆိုရင်တောင် သူတို့က ရအောင်ရှာနိုင်တယ်.. တိုက်ပွဲကတော့ ဘယ်လိုမှ ရှောင်လွဲလို့ မရတော့ဘူး”
ထန်ယုက အခိုင်အမာ ပြောနေပြီး ဆူဇီမိုကတော့ ဆိတ်ဆိတ်နေပြီး သူ့ကို တိတ်တဆိတ် ကြည့်နေ၏။
ခဏကြာပြီးနောက် ဆူဇီမိုက မေးလိုက်၏။
“ခင်ဗျားက ကျုပ်ကို ဘာပြောချင်နေတာလဲ”
“ကျုပ် ခင်ဗျားကို ကူညီပေးလို့ရတယ်” ထန်ယုက စကားကို အံ့အားသင့်ဖို့ကောင်း၏။
“အို့”
ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။
အခုသူက သားရဲစီးဓါးပြများကို ရန်စထားသည့်အတွက် သူ့ဘက်မှာ ဘယ်သူမှ ရှိမနေချင်ကြပေ။ ရွှမ်ထျန်းမြို့ထဲကို သူ့ကို ကူညီပေးမည်သူ ပေါ်လာလိမ့်မည်ဟု လုံးဝမထင်ထားမိပေ။
ထန်ယုက ထပ်ပြောလိုက်၏။
“တစ်ကယ်တမ်းပြောရမယ်ဆိုရင် ကျုပ်က ခင်ဗျားဘက်ကနေ တစ်ချိန်လုံး ရပ်တည်ပြီး သားရဲစီးဓါးပြတွေကို ထိပ်တိုက်ရင်ဆိုင်ပေးမယ်လို့တော့ မဆိုလိုဘူးနော်.. အဲ့ဒါက ကျုပ်အတွက်လဲ အကျိုးမရှိဘူး. ဒါပေမယ်လို့...”
ထန်ယုက စကားလမ်းကြောင်းပြောင်းပြီးနောက် ဆက်ပြောလိုက်၏။
“ခင်ဗျားမှာရှိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုတော့ ကျုပ်ယူထားပေးနိုင်တယ်”
“ခင်ဗျား ဆိုလိုတာက..” ဆူဇီမိုက မျက်ခုံးအနည်းငယ် ပင့်လိုက်၏။
ထန်ယု၏ အကြည့်က ကျိချန်းရှန်နှင့် အခြားသူများကို ဖြတ်သန််းသွားပြီးနောက် ဆူရှောင်းနင်အပေါ်တွင် ဆင်းသက်သွား၏။ ခဏမျှ ချင့်တွက်ပြီးနောက် သူက ရုတ်တရတ် ပြောလိုက်၏။
“ဒီမိန်းကလေးက နတ်ဆေးဆရာတစ်ယောက်မလား”
ဆူဇီမိုက မှင်သေသေနှင့် ပြန်မဖြေပေ။
သို့သော်လည်း ဆူရှောင်းနင်ကတော့ ကြောင်အမ်းသွားပြီး သူမ၏ မျက်လုံးများထဲတွင် အံ့သြတုန်လှုပ်မှုက ပေါ်လာ၏။
အစကတည်းက သူမသည် ဆေးဖော်စပ်ခြင်းနှင့် စပ်ဆိုင်သောအရာ ဘာကိုမှ ပြမထားမိပေ။ ဒါတောင် သူမ၏ ရှေ့က အမျိုးသားက သူမ၏ သရုပ်မှန်ကို ချက်ချင်းတန်းပြောနိုင်လေသည်။ သူမ မအံ့သြဘဲ နေပါမည်လား။
ဆူရှောင်းနင်၏ တုံ့ပြန်မှုကို ဖမ်းပြီး ထန်ယုက ညင်သာစွာပြုံးကာ ခေါင်းညိတ်လိုက်၏။
“ငါပြောတာ မှန်သွားပုံပဲ”
သူက ဆက်ပြောလိုက်၏။
“ဒီမိန်းကလေးရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်နေတော့ သားရဲစီးဓါးပြဗိုလ်သုံးယောက်နဲ့ တိုက်ပွဲဖြစ်ရင် အကူအညီဖြစ်မှာမဟုတ်ဘူး.. သူက ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မယ်.. သူရဲ့ လုံခြုံမှုကို ကျုပ်အာမခံပေးနိုင်တယ်”
ကြီးမားပြင်းထန်သည့် တိုက်ပွဲက ဖြစ်လာလျှင် အကုန်လုံးက ဝရုန်းသုန်းကား ဖြစ်ကုန်မည်ဖြစ်ပြီး ညဝိညာဉ်ပင်လျှင် ရှောင်းနင်ကို မထိမခိုက်အောင် ကာကွယ်နိုင်ဖို့ မသေချာပေ။
ထန်ယုက ဆက်ပြောလိုက်၏။
“သူကသာ ဆေးဖော်တာမှာ ပါရမီပါတယ်ဆိုရင်.. ကျုပ်တို့ဂိုဏ်းကို ဝင်ရောက်ခွင့်တောင် ရနိုင်တယ်”
“ခင်ဗျားက ဘယ်ဂိုဏ်းကလဲ” ဆူဇီမိုက မေးလိုက်၏။
ထန်ယုက ဝင့်ကြွားစွာနှင့် ထုတ်ဖော်ကြေညာလိုက်လေသည်။
“တစ်သီးပုဂ္ဂလလေးအုပ်စုထဲက တစ်ခု.. ယန်ဆေးဂိုဏ်း”