သခင်လေးထန်လား
Vol. 25 Ch. 368
ထျန်ဟွမ်ပြည်မကြီးတွင် ပင်မအဖွဲ့အစည်း ကိုးဖွဲ့က နေရာ အနှံ့အပြားကို အုပ်ချုပ်လေသည်။
အင်မော်တယ်ကိုးဂိုဏ်း၊ သာရဲမျိုးနွယ်ရှစ်စု၊ မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်း၊ ဗုဒ္ဓဝါဒီကျောင်းတော်ခြောက်ကျောင်း၊ မိစ္ဆာဒိဋ္ဌိငါး၀ါဒီ၊ တစ်သီးပုဂ္ဂလလေးအုပ်စု၊ မဟာတော်၀င်မိသားစုသုံးစု၊ ကျွန်းနှစ်ကျွန်းနှင့် နန်းတော်တစ်ခုတို့ ဖြစ်လေသည်။
ယန်ဆေးဂိုဏ်းသည် တစ်သီးပုဂ္ဂလလေးအုပ်စုတွင် ပါ၀င်ပြီး နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိလေသည်။ ပြောကြသည်မှာ သူတို့ဂိုဏ်း၏ သမိုင်းကြောင်းက ရှေးဟောင်းခေတ်ကတည်းကဟုပင်။
ကျင့်ကြံရေးလောကတွင် နာမည်အကြီးဆုံး နတ်ဆေးဆရာ အများစုမှာ ယန်ဆေးဂိုဏ်းထွက်များ ဖြစ်ကြလေသည်။
ယန်ဆေးဂိုဏ်း၏ ပကတိအင်အားက သေချာပေါက် အခြားဂိုဏ်းများထက် အားနည်းလေသည်။ သို့သော်လည်း သူတို့၏ ဆေးဖော်စပ်စွမ်းရည်ကြောင့် အခြားသော အဖွဲ့အစည်းကြီးများနှင့် အချိတ်အဆက် ပြုလုပ်ထားနိုင်ပြီး ကျင့်ကြံရေးလောကတွင် သူတို့နှင့် မဟာမိတ်ဖွဲ့ထားသော စွမ်းအားကြီးသည့် ပညာရှင်များစွာ ရှိလေသည်။
ကျင့်ကြံရေးလောကတွင် ဆေးလုံးများက မရှိမဖြစ် လိုအပ်လေသည်။ ကျင့်ကြံဖို့အတွက်ဖြစ်စေ၊ တိုက်ပွဲမြေပြင်မှာဖြစ်စေ ဆေးလုံးများက လွန်စွာ အရေးပါလေသည်။
ယန်ဆေးဂိုဏ်းသည် ရွှမ်ထျန်းမြို့ထဲတွင် ထိပ်သီးအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်လေသည်။
ယန်ဆေးဂိုဏ်း၏ အမွေခံတပည့်တစ်ယောက်အနေနှင့် ထန်ယုက ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ဖြစ်လေသည်။
ယန်ဆေးဂိုဏ်းဟူသော စကားကိုကြားရချိန်တွင် ဆူရှောင်းနင်သည် စိတ်ပါလာပြီး မျက်လုံးက အရောင်တောက်သွား၏။ သူမသည် နာခံကျိုးနွံစွာ ဆိတ်ဆိတ်နေရင်း ဆူဇီမိုကို မျှော်တလင့်လင့်နှင့် ကြည့်နေ၏။
ဆူဇီမိုက အသံတိတ်နေပြီး ဆုံးဖြတ်ချက် မချရသေးပေ။
ရုတ်တရတ် ထန်ယု၏ မျက်လုံးများက ပြတ်သားလာပြီး သူက ပြောလိုက်၏။
“အကယ်၍များ.. ခင်ဗျားက သားရဲစီးဓါးပြဗိုလ်သုံးယောက်ရဲ့ တိုက်ခိုက်မှုကို ၁၅မိနစ်ကြာတဲ့အထိ တောင့်ခံနိုင်မယ်ဆိုရင်.. ခင်ဗျားကို ကူညီဖို့ ကျုပ်တို့ယန်ဆေးဂိုဏ်းက ရှေ့ထွက်လာပေးမယ်!”
“သခင်လေး!!"
ဦးလေးလျန့်က မျက်မှောင်ကြုတ်ပြီး သတိလှမ်းပေးလိုက်၏။
ဦးလေးလျန့်သဘောအရဆို.. ဆူဇီမိုက ၁၅မိနစ်ကြာသည့်အထိ တောင့်ခံနိုင်ခဲ့လျှင်တောင် ယန်ဆေးဂိုဏ်းက ရှေ့ထွက်ကူဖို့ မလိုသေးပေ။
သူတို့ ထိုသို့ လုပ်လိုက်သည်နှင့် သူတို့နှင့် သားရဲစီးဓါးပြဗိုလ်သုံးယောက်တို့က ရန်သူများ ဖြစ်လာကြမည်ဖြစ်ပြီး ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် အသေအကြေတိုက်ပွဲဆီကို ဦးတည်သွားပေလိမ့်မည်။
“အဲ့ဒါ အရမ်းအန္တရာယ် များလွန်းတယ်၊ ဒီလူက အလားအလာကောင်းတယ်ဆိုပေမယ့် အဲ့လောက်ထိ မထိုက်တန်သေးဘူး” ဦးလေးလျန့်က တိုးတိုးကပ်ပြောလိုက်၏။
ထန်ယုက ပြတ်သားစွာ ခေါင်းခါ၍ ဆူဇီမို၏ တုံ့ပြန်မှုကို စောင့်စားရင်း စောင့်ကြည့်နေ၏။
“ခင်ဗျားက ဘာလို့ ကျုပ်ကို ကူညီချင်ရတာလဲ” ဆူဇီမိုက ထန်ယုကိုကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်၏။
ဆူဇီမို၏ တုံ့ပြန်ပုံကို မြင်သောအခါ ဦးလေးလျန့်၏ မျက်လုံးထဲတွင် အထင်ကြီးမှုက ပေါ်လာ၏။
သူသည် ဆူဇီမိုကို ကူညီဖို့အတွက် ထန်ယု၏ သဘောထားကို မထောက်ခံသော်လည်း ဒီအစိမ်းရောင်ဝတ်ကျင့်ကြံသူက တစ်ကယ့်ကို ထက်မြက်၍ ရင့်ကျက်တည်ငြိမ်သော ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း အသိအမှတ်ပြုလက်ခံလိုက်လေသည်။
အခြားသူများသာဆိုလျှင် ဤကဲ့သို့ ကိုယ့်ဘက်က နစ်နာစရာမရှိသည့် ကမ်းလှမ်းမှုမျိုးကို တန်းပြီး သဘောတူလက်ခံပေလိမ့်မည်။ သို့သော်လည်း ဒီလူကတော့ စဉ်းစားချင့်ချိန်တတ်ပြီး လွယ်လင့်တကူ သဘောမတူသေးပေ။
အခြားအရာများကို အသာထား.. သူ၏ တည်ငြိမ်ရင့်ကျက်မှုတစ်ခုတည်းကတင် လူငယ်မျိုးဆက်၏ အခြားသောတပည့်များအားလုံးထက် အပုံကြီးသာလွန်လေသည်။
ထန်ယုက ပြုံးလိုက်၏။
“ကျုပ် ခင်ဗျားကို ကူညီရတာက အကြောင်းပြချက်နှစ်ခု ရှိတယ်.. ပထမတစ်ခုက နဲနဲတော့ တစ်ကိုယ်ကောင်းဆန်တာပေါ့လေ.. အဲ့ဒါ ကျုပ်က ခင်ဗျားရဲ့ အလားအလာကို တန်ဖိုးထားလို့ပဲ”
ထန်ယု၏ ရိုးသားစွာ ပြောဆိုပုံကို ကြည့်ပြီး ဆူဇီမိုသည် နည်းနည်းတော့ စိတ်ပြေလျော့သွားလေသည်။ သူက ခေါင်းညိတ်ပြပြီး ဆက်လက်ပြောဆိုဖို့ အမူအယာပြလိုက်၏။
ထန်ယုက ဆက်ပြောလိုက်၏။
“ဒုတိယတစ်ခု.. ရွှမ်ထျန်းမြို့ထဲမှာ ပေါင်ယွင်ဖုန့်လို လူမျိုးဆီက ကမ်းလှမ်းမှုကို တန်းပြီး ငြင်းပစ်လိုက်တာ အရမ်းမိုက်တယ်.. ကျုပ်တော်တော် အထင်ကြီးမိသွားတယ်”
“အဲ့ဒါက ဘာမှအထင်ကြီးစရာ မရှိပါဘူး.. ကျုပ်က ဒီအတိုင်း ဓါးပြတွေနဲ့ တစ်ဖွဲ့ထဲ မနေနိုင်လို့ပဲ” ဆူဇီမိုက သာမန်ကာလျှံကာပင် ပြန်ပြောလိုက်၏။
“အဲ့ဒါက အဓိကအချက်ပဲလေ”
ထန်ယုက ခေါက်ယပ်တောင်ကို ဝေ့ရမ်းပြီး တဖြည်းဖြည်း ကျဲပါးသွားပြီဖြစ်သော လူအုပ်ကြီးကို ညွှန်ပြလိုက်၏။
“ကျုပ်ပြောရဲတယ်.. ရွှမ်ထျန်းမြို့ထဲက ကျင့်ကြံသူအများစုကလဲ သားရဲစီးဓါးပြတွေနဲ့ တစ်ဖွဲ့ထဲ ဖြစ်ချင်ကြမှာ မဟုတ်ဘူး.. ဒါပေမယ့် သူတို့ထဲ ဘယ်သူကများ သားရဲစီးဓါးပြလေးယောက်ကို ရှေ့တင်မှာ အာခံရဲလို့လဲ”
“အစတုန်းကတော့ ကျင့်ကြံသူတိုင်းက မှန်ကန်ဖြောင့်မတ်တဲ့လူတစ်ယောက်အဖြစ် နေထိုင်ကြမယ်ပေါ့.. ဒါပေမယ့် တဖြည်းဖြည်းကြာလာတာနဲ့ သူတို့ရဲ့ ပြတ်သားမှုက မှိန်ဖျော့လာတာပဲ.. တစ်ကယ်တမ်း ရက်စက်ကြမ်းတမ်းမှုနဲ့ ရင်ဆိုင်ရချိန်မှာတော့ သူတို့က ဦးညွှတ်လိုက်ကြတာပဲ.. တချို့ဆို တစ်ခါက သူတို့ အထင်သေးခဲ့ဖူးတဲ့ လူတွေရဲ့ပုံစံလိုမျိုးတောင် ပြောင်းလဲသွားတတ်ကြသေးတယ်”
“ဒါပေမယ့်.. ခင်ဗျားကတော့ တော်တော်လေး ကွဲပြားခြားနားတယ်”
နောက်ဆုံး ထန်ယု၏ အကြည့်က ဆူဇီမိုအပေါ် ကျရောက်သွားပြီး သူက ကြည်လင်ရွှင်ပျစွာ ပြောလိုက်၏။
“ခင်ဗျားရဲ့ ပြတ်သားမှု၊ ယုံကြည်ချက်ခိုင်မာမှုကို ကျုပ်တွေ့နေရတုန်းပဲ.. ကျင့်ကြံရေးလောကမှာ တစ်ကယ့် သေရေးရှင်ရေးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အခါ သူတို့၏ နုလုံးသားထဲက စစ်မှန်တဲ့ခံယူချက်နဲ့ သတ္တိရှိရှိ ရှေ့ဆက်တိုးရဲသူက သိပ်အများကြီး မရှိဘူး.. ခင်ဗျားကတော့ အဲ့လိုလူမျိုးထဲက တစ်ယောက်ပေါ့”
ထန်ယု၏ စကားများကို ကြားရသောအခါ ကျိချန်းရှန်နှင့် အခြားသူများသည် စိတ်ခံစားမှုများ မြင့်တက်လာကြ၏။
ထန်ယုပြောခဲ့သလိုပင် သူတို့အားလုံးသည် သားရဲစီးဓါးပြလေးဦးကို ရွံ့ရှာမုန်းတီးပြီး သူတို့နှင့် တစ်ဖက်တည်း မနေလိုကြပေ။
သို့သော်လည်း ... ဆူဇီမိုလိုတော့ သူတို့မလုပ်နိုင်ခဲ့ကြပေ။
ဆူဇီမိုက စုတ်သတ်လိုက်ပြီး သူ့ကိုယ်သူ အပြစ်တင်သလို ပြောလိုက်၏။
“ကျုပ်လိုလူမျိုးတွေက သိပ်တော့ အသက်မရှည်တတ်ကြဘူးလေ”
“အဲ့ဒါကြောင့်လဲ ကျုပ်က ခင်ဗျားကို ကူညီဖို့ ရောက်လာရတာပေါ့” ထန်ယုက ပြုံးလိုက်၏။
ထန်ယု၏ မျက်လုံးများထဲမှ အလင်းစက်နှင့် ဆုံတွေ့လိုက်သောအခါ ဆူဇီမိုသည် နည်းနည်း ငေးကြောင်သွားပြီး သူ့ရင်ထဲသို့ ထူးဆန်းသည့် စိတ်ခံစားချက်က ဝင်လာ၏။ သူက ကပျာကယာ စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်၏။
“ခင်ဗျားက ကျုပ်ရဲ့အလားအလာကို တန်ဖိုးထားတယ်ဆိုတော့.. ကျုပ်ကို လုပ်စေချင်တာ တစ်ခုခုရှိလို့လား”
“အမှန်ပဲ”
ထန်ယုက ခေါင်းညိတ်လိုက်၏။
“အခုဆို ရွှမ်ထျန်းမြို့ထဲမှာ အင်အားကြီးတဲ့ လူအတော်များများ ရောက်နေကြပြီ.. သူတို့အကုန်လုံးက ရှေးဟောင်းခေတ်က ဂိုဏ်းအပျက်အစီးတစ်ခုအတွက် ရောက်လာကြတာပဲ.. အဲ့ချိန်ကျရင် ခင်ဗျားက ယန်ဆေးဂိုဏ်းရဲ့ဘက်မှာ ရှိစေချင်တယ်”
ရှေးဟောင်းဂိုဏ်းအပျက်အစီး..
ထိုအသံကို ကြားရချိန်တွင် ကျိချန်းရှန်နှင့် အခြားသူများသည် စိတ်လှုပ်ရှားတက်ကြွသွားကြ၏။
ရှေးဟောင်းဂိုဏ်းအပျက်အစီးတစ်ခုမှာ ရှိသော ရတနာများနှင့် အခွင့်အရေးများက ရွှေအမြုတေတစ်ယောက်၏ ခန်းဝါထက်တော့ အများကြီးပိုမှာ သေချာလေသည်။
နောက်ပြီး ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် တစ်သီးပုဂ္ဂလအုပ်စုတို့ကလို ကျင့်ကြံသူများတောင် ဒီနေရာမှာ လာရောက်စုဝေးနေကြသည်ဆိုတော့ ထိုအပျက်အစီးနေရာက သာမန်မဟုတ်သည်မှာ သိသာလေသည်။
ရုတ်တရတ် ဦးလေးလျန့်က ပြောလိုက်၏။
“အဲ့အကြောင်းကို နောက်မှပြောကြတာပေါ့.. အခု မင်းဘယ်လို အသက်ရှင်အောင် လုပ်နိုင်မလဲပဲ ငါတို့ ပြောကြတာပေါ့”
ဆူဇီမိုက ခဏမျှ ချင့်ချိန်ပြီးနောက် ပြောလိုက်၏။
“မနက်ဖြန်မနက်ကျရင် ကျုပ်ခင်ဗျားတို့ကို အဖြေပေးပါမယ်”
“ကောင်းပြီလေ”
ထန်ယုက ခေါင်းညိတ်လိုက်၏။ သူက လှည့်ထွက်မလို့ ရှိသေးသည်.. ရှောင်းနင်က ရှေ့ထွက်လာပြီး အနည်းငယ် ရှက်သွေးဖြာနေသောပုံစံနှင့် မေးလိုက်၏။
“သ သခင်လေးထန်.. ကျမက နတ်ဆေးဆရာတစ်ယောက်ဆိုတာကို ရှင်က ဘယ်လိုများ သိသွားတာလဲ မသိဘူး”
ဆူဇီမိုက ရုတ်တရတ် ထပြောလိုက်၏။
“တာအိုရောင်းရင်း.. မင်းရဲ့ ယောက်ျားလို ရုပ်ဖျက်ထားတဲ့ပုံစံက လက်ဖျားခါလောက်ပါရဲ့.. ဒါပေမယ့် ဟာကွက်တချို့တော့ ရှိနေတုန်းပဲ”
ယောက်ျားလို ရုပ်ဖျက်ထားတာလား..
ကျိချန်းရှန်နှင့် အခြားသူများသည် အနည်းငယ် ကြောင်အသွားကြပြီး ထန်ယုကို အလိုလို လှည့်ကြည့်လိုက်ကြ၏။
ထန်ယုက အလွန်တရာ ချောမောလှပပြီး ပန်းချီကားထဲကလို မျက်လုံးများ ရှိသော်လည်း.. သူ့မှာ လည်စလုတ်ပါရှိပြီး ရင်အုပ်ကလဲ ချပ်လေသည်။ သူက ဘယ်လိုလုပ်ပြီး မိန်းကလေး ဖြစ်ပါ့မလဲ။
ထန်ယုက အလိုလို ပြန်မေးလိုက်၏။
“ဘယ်နားက ဟာသွားတာလဲ”
“မင်းဆီက ထွက်တဲ့ ရနံ့က အရမ်းဖျော့ပေမယ့်လို့.. ငါ့ဆီကနေတော့ မလွတ်ဘူး”
ဆူဇီမိုက သူ့နှာခေါင်းဒွာရကို ရှင်းလင်းထားပြီးဖြစ်တာကြောင့် သူ့အနံ့ခံအာရုံက အရမ်းကို ထက်နေလေပြီ။