လမ်းခွဲကြရပြီ
Vol. 25 Ch. 369
ထန်ယု၏ ပါးပြင်နှစ်ဖက်က ရဲသွားပြီး ရှက်သွေးဖြန်းသွားသည့် အမူအယာကို မြင်လိုက်သောအခါ ကျိချန်းရှန်နှင့် အခြားသူများသည် သဘောပေါက်လာကြ၏။
အစတုန်းကတော့ ထန်ယုက ရှောင်းနင်ကို ကျီစယ်စနောက်မလို့ပင်။ အခုအခါမှာတော့ အခြားတစ်ယောက်က သူမကို ကျီစယ်စနောက်လိုက်တာကို ခံလိုက်ရလေသည်။
လူတိုင်းသည် ရယ်ချင်စိတ်ကို အောင့်အည်း၍ ဆူဇီမိုနှင့် ထန်ယုတို့ကို တစ်လှည့်စီ ကြည့်လိုက်ကြ၏။
သူမက ယောက်ျားလေးတစ်ယောက်ပုံစံ ရုပ်ဖျက်ထားသော်လည်း ထန်ယုက မိန်းကလေးတစ်ယောက်သာဖြစ်ပြီး အလွယ်တကူ ရှက်ရွံ့တတ်လေသည်။ လူတိုင်းက ဝိုင်းကြည့်ကြချိန်တွင် သူမသည် ခေါင်းကိုမော့၍ ချာကနဲ လှည့်ထွက်လိုက်၏။
ရှောင်းနင်က ထန်ယုကို နောက်ကျောကို အချိန်အတန်ကြာသည့်အထိ ငေးကြောင်ကြည့်နေမိ၏။
“ရှောင်းနင်.. အဲ့ဒါကို စိတ်ထဲ ထားမနေနဲ့တော့”
ဆူဇီမိုက ချောင်းတစ်ချက်ဟန့်ပြီး ရှောင်းနင်၏ ပုခုံးကို ပုတ်လိုက်၏။
ရှောင်းနင်က ဆူဇီမိုကို လှည့်ကြည့်ပြီး မျက်ခုံးနည်းနည်း ပင့်လိုက်၏။ သူမသည် အမှန်တရားကို လက်ခံချင်သေးပုံမရဘဲ.. မေးလိုက်၏။
“သခင်လေးထန်က တစ်ကယ်ပဲ မိန်းကလေးလား”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ဟင်း”
ရှောင်းနင်က သက်ပြင်းချပြီး စိတ်ပျက်လက်ပျက် ဖြစ်သွား၏။
ဆူဇီမိုက တိတ်တဆိတ် ခါးသက်သက် ပြုံးလိုက်လေသည်။ ရှောင်းနင်က အပျိုပေါက်အရွယ်ဖြစ်ပြီး ဖူးပွင့်လာကာစဖြစ်၏။ အခုတော့ သူမ၏ ပထမဆုံးအချစ်က မိန်းကလေးတစ်ယောက်အပေါ်မှာ ပေါ်ပေါက်ခဲ့လေသည်။
ကံကောင်းစွာနှင့် သူတို့နှစ်ယောက်က ထိတွေ့ဆက်ဆံမိသည်မှာ မကြာသေးဘဲ ထင်ကျန်ရစ်စရာ ဘာမှ မယ်မယ်ရရ မရှိပေ။
သိပ်မကြာမီ ရှောင်းနင်က ပုံမှန်အခြေအနေသို့ ပြန်ရောက်သွာပြီး ဆူဇီမိုအနားသွားကာ တည်တံ့စွာ ပြောလိုက်၏။
“ကိုလေး.. ကျမ ယန်ဆေးဂိုဏ်းကို ဝင်ချင်တယ်”
“ဘာလို့လဲ”
ဆူဇီမိုသည် အကြောင်းရင်းကို ခန့်မှန်းမိသော်လည်း မေးကြည့်လိုက်၏။
“ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ လူ့အသက်ကို ရှည်စေနိုင်တဲ့ ဆေးဖော်စပ်နည်းရှိမယ်ဆိုရင်.. အဲ့ဒါက ယန်ဆေးဂိုဏ်းမှာပဲ ဖြစ်ရမယ်.. ကျမ အဲ့ဒါကို စမ်းကြည့်ချင်တယ်”
ဆူဇီမို ထင်ထားသည့်အတိုင်းပင်။
တစ်ကယ်လည်း ရှောင်းနင်တစ်ယောက် နတ်ဆေးဆရာမ ဖြစ်လာရခြင်းမှာ လူတစ်ယောက်၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်သော အသက်ရှည်ဆေးကို ဖော်စပ်ချင်သောကြောင့် ဖြစ်လေသည်။
သူတို့၏ အစ်ကိုကြီး ဆူဟုန်က မော်တယ်တစ်ယောက် ဖြစ်လေသည်။ သူက မကျင့်ကြံနိုင်သောကြောင့် သူ့ဘဝသက်တမ်းက အလွန်ဆုံး နှစ် ၁၀၀ထိသာ။
ရှောင်းနင် နတ်ဆေးဆရာမတစ်ယောက် ဖြစ်လာရခြင်းမှာ သူမ၏ အစ်ကိုကြီး၏ ဘဝသက်တမ်းကို တတ်နိုင်သမျှ ဆွဲဆန့်ပေးချင်သောကြောင့် ဖြစ်လေသည်။
သို့သော်လည်း ထိုသို့သော ဆေးလုံးများက ကျင့်ကြံရေးလောကတွင် မရှိလောက်အောင် ရှားပါးလွန်းလေသည်။
ထိုသို့သော ဆေးလုံးများက မဟာကျိုးအင်ပါယာတွင် တစ်ကြိမ်တစ်ခါဖူးမျှကို ပေါ်မလာခဲ့ဖူးပေ။
အဲ့ဒါက အလွန်တရာ ကြုံတောင်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်တာကြောင့် ရှောင်းနင်က လက်မလွှတ်လိုပေ။
တစ်ကယ်တော့ ဆူဇီမိုကလည်း ရှောင်းနင်ကို ယန်ဆေးဂိုဏ်းသို့ ဝင်စေချင်လေသည်။
ပထမတစ်ချက်အနေနှင့် သူသည် သွေးကျီးကန်းနန်းတော်နှင့် နက်ရှိုင်းသော ရန်းငြိုးရှိပြီး ဆန်းကြယ်တောင်ထွတ်သို့ ပြန်ရောက်တာနှင့် သူက သေရေးရှင်ရေးမဟာကပ်ဘေးတစ်ခုကို ရင်ဆိုင်ရဖို့ ရှိလေသည်။ ရှောင်းနင်က ယန်ဆေးဂိုဏ်းသို့ ဝင်ရောက်နိုင်လျှင် သူမက ထိုကပ်ဘေးကို ရှောင်လွှဲနိုင်ပေလိမ့်မည်။
ဒုတိယတစ်ချက်အနေနှင့် ယန်ဆေးဂိုဏ်းက တစ်သီးပုဂ္ဂလလေးအုပ်စုမှ ဖြစ်ပြီး နက်ရှိုင်းသော အခြေခံအုတ်မြစ်နှင့် အတော်အတန် တောင့်တင်းခိုင်မာသော အင်အားရှိလေသည်။ အဲ့နေရာက အဇူရာနှင်းမြူလွှာဂိုဏ်းထက် အပုံကြီး သာလွန်ပြီး ရှောင်းနင်အတွက် မှန်ကန်သင့်လျော်သော ကျင့်ကြံရေးလမ်းကြောင်းတစ်ခုပင်။
ဆူဇီမိုက ပြောလိုက်၏။
“ရတယ်လေ.. အချိန်ကျရင် ညဝိညာဉ်ကို နင်နဲ့အတူ ထည့်ပေးလိုက်မယ်”
သူသည် ယန်ဆေးဂိုဏ်းနှင့် ပတ်သတ်ပြီးသိတာ ဘာမှသိပ်မရှိတော့ကြောင့် ရှောင်းနင်ဘေးတွင် ညဝိညာဉ်ရှိနေမှသာ စိတ်ချနိုင်ပေမည်။
ဆူဇီမိုက ကျိချန်းရှန်နှင့် အခြားသူများကို လှည့်ကြည့်လိုက်၏။ သူက ခဏကြာ ချင့်ချိန်စဉ်းစားပြီးနောက် အလေးအနက် ပြောလိုက်လေသည်။
“အချိန်တစ်ခုထိ ငါက ရွှမ်ထျန်းမြို့ထဲမှာ နေရလိမ့်မယ်.. မင်းတို့တွေ ခဏလောက် အနားယူအားဖြည့်ပြီးရင်.. ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန် ထွက်သွားကြတော့”
ဖက်တီးလေးက မျက်မှောင်ကြုတ်ပြီး အော်လိုက်၏။
“နောင်ကြီး ကျုပ်တို့ချည်းပဲ မသွားနိုင်ဘူး မဟုတ်ရင်လဲ.. ဒီမှာပဲ အတူနေကြမယ်”
“ဟုတ်တယ်” ကျိချန်းရှန်ကလည်း ခေါင်းညိတ်လိုက်၏။
ဆူဇီမိုက လက်ကာပြလိုက်၏။
“သားရဲစီးဓါးပြသုံးယောက်က ငါ့ကိုပဲ ပစ်မှတ်ထားနေကြတာ.. မင်းတို့နဲ့ငါထွက်သွားရင် ငါတို့တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး... ငါ့ခွန်အားက ငါ့ကိုယ်ငါတော့ ကာကွယ်နိုင်ပါတယ်.. ဒါပေမယ့် မင်းတို့ပါ မြို့ထဲမှာနေမယ်ဆိုရင် သက်သက် အလဟဿ အသေခံသလို ဖြစ်နေမှာပဲ.. စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့”
ကျိချန်းရှန်နှင့် အခြားသူများက တိတ်ကြသွား၏။
ဆူဇီမိုပြောနေသည်က ယုတ္တိကျကြောင်း သူတို့သိလေသည်။
တစ်ဖက်အဖွဲ့ရှိ ဓါးပြဗိုလ်သုံးယောက်မှာ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် တစ်ယောက်ပါပြီး မရီးဒါန်ခြောက်ခု အခြေတည်အဆင့် လူဆိုးလူမိုက်များက ရာပေါင်းများစွာ ရှိလေသည်။
ကျိချန်းရှန်နှင့် အခြားသူများ၏ ခွန်အားအရ.. သူတို့က သူတို၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေလျှင်တောင် ရာနှင့်ချီသောလူဆိုးလူမိုက်များ၏ တိုက်ခိုက်မှုအောက်၌ ရှင်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုကို သူတို့ပေးနိုင်သော အကူအညီအထောက်အပံ့က လျစ်လျူရှုလို့ရသလောက်ဖြစ်ပြီး သူတို့က သူ့အတွက် ဝန်ထုပ်ဝန်ပိုးတောင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။
ဆူဇီမိုကို ထားခဲ့ပြီး ရွှမ်ထျန်းမြို့ထဲကနေ ထွက်ခွာဖို့က သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်လေသည်။
. . .
တစ်ကယ်တော့ ဆူဇီမိုသည် မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်တစ်ယောက်ကို မနိုင်နိုင်တာတော့ မဟုတ်ပေ။
သူ့သွေးချီကို ထုတ်လွှတ်လိုက်သည်နှင့် သားရဲချီ၏ အကူအညီနှင့် သူ့ခွန်အားက နောက်တစ်ဆင့်သို့ မြင့်တက်သွားမည်ဖြစ်ပြီး မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်တစ်ယောက်နှင့် သေချာပေါက် သူယှဉ်ပြိုင်နိုင်လေသည်။
သို့သော်လည်း ထိုသို့လုပ်လိုက်ပါက သူသည် လူအများ၏ ပစ်မှတ်ဖြစ်လာပြီး ပို၍ပင်သန်မာသော ကျင့်ကြံသူများနှင့် ရန်စဖြစ်လျှင်ဖြစ် မဟုတ်လျှင် ရွှမ်ထျန်းမြို့ထဲရှိ ကျင့်ကြံသူများအားလုံး၏ ဝိုင်းဝန်းခြင်းကို ခံရနိုင်လေသည်။
ထိုသို့မဟုတ်ဘဲ သူ၏ သားရဲချီကို ကွယ်ဝှက်ထားပြီး သူ့မျိုးဆက်သွေးမျှနှင့် တိုက်ခိုက်မည်ဆိုလျှင် သွေးသောက်သူ၏ အကူအညီနှင့်ဆိုပါက သူသည် အများဆုံး မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့် ကျင့်ကြံသူနှင့် ယဉ်နိုင်ရုံတော့ ရှိပေလိမ့်မည်။
သို့သော်လည်း သူသည် မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့် ကျင့်ကြံသူကို နိုင်အောင်တိုက်ဖို့ သို့မဟုတ် သတ်ဖြတ်နိုင်ဖို့ကတော့ အတော်လေးကို ခက်ခဲပေလိမ့်မည်။
သူသည် သူ၏ ပါးစပ်ဒွာရနှင့် မျက်လုံးဒွာရတို့ကို ဖွင့်နိုင်ပြီး ဒွာရရှင်းလင်းခြင်းတွင် စဦးအောင်မြင်မှု ရလာလျှင်တော့ အခြေအနေက တစ်မျိုးတစ်မည် ဖြစ်နိုင်လေသည်။
သို့သော်လည်း အဲ့ဒါက သိပ်တော့ ယုတ္တိမကျပေ။
တစ်နည်းအားဖြင့်ပြောရလျှင် ဆူဇီမိုအတွက် တစ်ခုတည်းသော မျှော်လင့်စရာမှာ.. သားရဲစီးဓါးပြဗိုလ်သုံးယောက်၏ တိုက်ခိုက်မှုကို ၁၅မိနစ်ကြာသည့်အထိ တောင့်ခံပြီး ယန်ဆေးဂိုဏ်း၏ စစ်ကူကို စောင့်ဆိုင်းဖို့ပင်..
“၁၅မိနစ်...”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။ သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းရောင်က လက်သွားပြီး စတင်ကျင့်ကြံလေတော့သည်။
နောက်နေ့မနက်၌ ထန်ယုက ရောက်မလာပေ။ သို့သော် ယန်ဆေးဂိုဏ်းမှ တပည့်တစ်ယောက်က ရောက်လာပြီး ဆူဇီမို၏ ဆုံးဖြတ်ချက်ကို မေးလိုက်၏။
“ငါနေမယ်”
ဆူဇီမိုက ပြောပြီး ဆူရှောင်းနင်ဘက်သို့ လှည့်ကြည့်လိုက်၏။
“ရှောင်းနင်ကိုတော့ ခင်ဗျားနဲ့ထည့်ပေးလိုက်မယ်.. သူမကို ကောင်းကောင်းစောင့်ရှောက်ပေးဖို့ ကျေးဇူးပြုပြီး သခင်လေးထန်ကို ပြောပေးပါလား”
ယန်ဆေးဂိုဏ်းမှ တပည့်က ညင်သာစွာ ပြုံးလိုက်၏။
“အဲ့လိုဆုံးဖြတ်မယ်ဆိုတာ ကျုပ်တို့ရဲ့ သခင်လေးက ကြိုတွက်ထားပြီးသားပါ.. အဲ့ဒါမို့ သူက ကျုပ်နဲ့ တစ်ခါထဲကြိုမှာလိုက်တယ်.. စိတ်မပူပါနဲ့တဲ့.. သူက ရှောင်းနင်ကို သေချာပေါက် ကာကွယ်ပေးမှာပါတဲ့”
“နောက်ပြီး စီနီယာအစ်ကိုရဲ့ ကျေးဇူးနဲ့ ဒီမှာ အနာကျက်ဆေးလုံးတွေလဲ ပါလာသေးတယ်.. ခင်ဗျားတို့အတွက် အသုံးတည့်မယ်လို့ ထင်ပါတယ်”
ယန်ဆေးဂိုဏ်းမှ တပည့်က ထွက်မသွားခင် အမျိုးမျိုးသောဆေးလုံးများ ပါရှိသည့် ကျောက်စိမ်းပုလင်းများ ထည့်ထားသော သိုလှောင်အိတ်တစ်လုံးကို ဆူဇီမိုအား ပေးထားခဲ့သေး၏။
ဆူဇီမိုယူပြီး တစ်ချက်ကြည့်လိုက်သော် မည်သည့်ပကတိအဆင့်ဆေးလုံးကိုမျှ မတွေ့ရပေ။ ထို့နောက် သူက အဲ့ဒါအကုန်လုံးကို ကျိချန်းရှန်နှင့် အခြားသူများသို့ ပေးလိုက်၏။
ရှောင်းနင်က ညဝိညာဉ်နှင့်အတူ ယန်ဆေးဂိုဏ်း၏ တပည့်နောက်ကနေ လိုက်ပါသွားလေသည်။
ဆူဇီမိုက ဆက်လက်ကျင့်ကြံနေလေသည်။
ဖိအားများသော အခြေအနေအောက်၌ သူ့ခန္ဓာကိုယ်မှ ပဉ္စမမြောက်မရီးဒါန်က သဏ္ဌာန်အားဖြင့် ပေါ်လာခဲ့ပြီဖြစ်တာကြောင့် နောက်ရက်အနည်းငယ်အတွင်း အဲ့ဒါကို သူဖွင့်လှစ်နိုင်ဖို့ အခွင့်ရှိလေသည်။
ထန်ယုလက်ဆောင်ထည့်ပေးလိုက်သော ဆေးလုံးများ၏ အကူအညီဖြင့် နောက်ရက်တွင် ကျိချန်းရှန်နှင့် အခြားသူများသည် လျှင်မြန်စွာ ပြန်လည်အားပြည့်လာပြီး ဒဏ်ရာအများစုကလည်း သက်သာပျောက်ကင်းကုန်လေသည်။
ဒီနေ့မနက်တွင်.. ဆူဇီမိုက အလေးအနက်ပုံစံနှင့် ပြောလေသည်။
“စီနီယာအစ်ကိုကျိ၊ ခင်ဗျားတို့တွေ ဒီနေ့ ထွက်ကြတော့.. သားရဲစီးဓါးပြသုံးယောက်က အချိန်မရွေး ပြန်ရောက်လာနိုင်တယ်.. ကျုပ်တို့ အချိန်ထပ်ဆွဲနေရင် နောက်ကျရင် ထွက်လို့တောင်မရ ဖြစ်တော့မယ်”
“ကောင်းပြီလေ”
ကျိချန်းရှန်နှင့် အခြားသူများက တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်ကြ၏။
လမ့်ရို၊ ဖက်တီးလေးနှင့် ရှစ်ကျန့်တို့သည် တစ်ယောက်ပြီးတစ်ယောက် ကျုံးထလိုက်ကြပြီး ဆူဇီမိုကို အသီးသီး နှုတ်ဆက်လိုက်ကြလေသည်။
လမ်းတွင် သူတို့လေးယောက်စလုံးက အတွေးကိုယ်စီနှင့် အသံတိတ်နေကြ၏။
ရွှမ်ထျန်းမြို့ထဲက ထွက်လာကြပြီးနောက် မြောက်ဘက်ဂိတ်အလွန်၌ ဖက်တီးလေးက ရုတ်တရတ် ရပ်တန့်လိုက်၏။ သူက လှည့်ပြီး စကားပြောလိုက်၏။
“စီနီယာအစ်ကိုကျိ၊ အစ်မလမ့်ရို၊ ငတုံးကျန့်.. ရှေးဟောင်းတိုက်ပွဲမြေမှာ ကျုပ်ဘာသာ တစ်ယောက်ထဲ စွန့်စားသွားလာကြည့်ချင်တယ်.. ကျုပ် ဒီနေရာမှာပဲ အကုန်လုံးကို နှုတ်ဆက်ပါရစေ”
“ငါက မတုံးပါဘူး” ရှစ်ကျန့်က တီးတိုးရေရွတ်လိုက်၏။
လမ့်ရိုက အေးတိအေးစက်ပုံစံနှင့်ပင် ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ”
ကျိချန်းရှန်က ပြုံးလိုက်၏။
“အကြံလာတူနေတာကိုး.. ငါလဲ တစ်ယောက်ထဲ စွန့်စားချင်နေတာ.. ဒီနေ့ လမ်းခွဲကြပြီးရင် ငါတို့က ဘယ်တော့ပြန်ဆုံကြမလဲ မပြောနိုင်တော့ဘူး.. အားလုံးပဲ ဂရုစိုက်ကြပါ.. ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့”
“ဂရုစိုက်ကြပါ”
လူတိုင်းသည် လက်သီးဆုပ်လေးစားဟန်ပြကာ.. ကျိချန်းရှန်၊ လမ့်ရိုနှင့် ဖက်တီးလေးတို့သည် အရပ်သုံးဘက်ခွဲ၍ ဓါးပျံစီးကာ ပျံသန်းသွားကြလေသည်။ သူတို့သုံးယောက်သည် တစ်ခဏအတွင်း ပျောက်ကွယ်သွားကြပြီး ရှန့်ကျန်သာ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။
သူက ခေါင်းကို ကုတ်ရင်း.. ကြုံရာကျပန်း အရပ်မျက်နှာတစ်ဘက်ကို ရွေးကာ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းထွက်လိုက်လေသည်။