မုန်တိုင်း၀င်လာပြီ
Vol. 25 Ch. 370
ရွှမ်ထျန်းမြို့ထဲတွင် ဆူဇီမိုနေခဲ့ရသည့် အကြောင်းရင်းတစ်ခုမှာ သူသည် သားရဲစီးဓါးပြဗိုလ်သုံးယောက်နှင့် ရန်ငြိုးရန်စကို တစ်ခါတည်း အပြီးပြတ် ဖြေရှင်းလိုသောကြောင့် ဖြစ်လေသည်။ တစ်လက်စတည်းမှာပင် ထန်ယုပြောပြခဲ့သော ရှေးဟောင်းဂိုဏ်းအပျက်အဆီးကိုလဲ သူစူးစမ်းချင်လေသည်။
ထျန်ဟွမ်ပြည်မကြီးမှ ထိပ်သီးအဖွဲ့အစည်းအချို့၏ အာရုံကို ဆွဲဆောင်နိုင်သော ဂိုဏ်းအပျက်အစီးနေရာတစ်ခုက သာမန်ထက် များစွာကျော်လွန်နေမှာ သေချာလေသည်။
တစ်ကယ်တော့ ရွှမ်ထျန်းမြို့ထဲမှာ နာမည်ဂုဏ်သတင်းတစ်ခုနှင့် အာဏာစက်ကို တည်ဆောက်ထားနိုင်မည်ဆိုလျှင် အပျက်အစီးနေရာသို့ ၀င်ရောက်ရာ၌ ပိုမိုလွယ်ကူချောမွေ့ပေလိမ့်မည်။
သားရဲစီးဓါးပြများနှင့် တိုက်ပွဲက ရှောင်လွဲလို့ မရနိုင်ပေ။
အဆိုးဆုံး အခြေအနေမှာ သူ့ရဲ့သားရဲကျင့်ကြံမှုကို ဖော်ထုတ်ရုံသာ…
နောက်ရက်အနည်းငယ်အတွင်း ဆူဇီမိုသည် လမ်းထောင့်တစ်နေရာ၌ မလှုပ်မယှက်ထိုင်နေ၏။ သူ့စိတ်က ဗလာကျင်းနေပြီး ဘုန်းတော်ကြီးတစ်ပါးလို တည်ငြိမ်စွာ ကျင့်ကြံနေလေသည်။
တတိယမြောက်နေ့တွင် ဆူဇီမို၏ ပဉ္စမမြောက်မရီးဒါန်က ပုံသဏ္ဌာန်အားဖြင့် စတင်ပေါ်လာပြီး ထိုအထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များက တိုး၀င်လာကာ အပြည့်အ၀ ပုံပေါ်လာလေသည်။
ဆူဇီမို၏ အဆင့်ချိုးဖျက်တက်လှမ်းမှုက ရွှမ်ထျန်းမြို့ရှိ ကျင့်ကြံသူများကို တအံ့တဩ ဖြစ်မသွားစေခဲ့ပေ။
ဘာလိုပဲဖြစ်ဖြစ် ကျင့်ကြံသူအများစု လက်ခံယုံကြည်ထားကြသည်မှာ ဆူဇီမိုက မရီးဒါန်လေးခုအဆင့်ဖြစ်စေ၊ မရီးဒါန်ငါးခုအဆင့်ဖြစ်စေ ကိစ္စမရှိပေ။ တစ်ကယ်တမ်းပြောရလျှင် သူက မရီးဒါန်ခြောက်ခု အခြေတည်အဆင့်ကို ရောက်ရှိသွားသည်ဆိုလျှင်တောင် ရလဒ်က များစွာ ပြောင်းလဲလာမည် မဟုတ်ပေ။
သူတို့အများစုက ရန်ပွဲတစ်ခု ကြည့်ဖို့သာ စောင့်ဆိုင်းနေကြခြင်း ဖြစ်လေသည်။
သာရဲစီးဓါးပြသုံးယောက်က ဆူဇီမိုကို ဘယ်လိုမျိုးနည်းလမ်းတွေသုံးပြီး ညှင်းပန်းနှိပ်စက်မလဲဆိုတာရယ်၊ သူတို့၏ အမျက်ဒေါသအောက်၌ အပြစ်မဲ့ကျင့်ကြံသူ ဘယ်လောက်များများ ညှပ်ပါဦးမလဲဆိုတာကိုသာ လူတိုင်းသိချင်နေကြလေသည်။
အချိန်တွေက ကုန်ဆုံးလာပြီး သားရဲစီးဓါးပြသုံးယောက်က ပြန်ရောက်ဖို့ နီးကပ်လာသောကြောင့် ရွှမ်ထျန်းမြို့ထဲတွင် လေထုက ပိုမိုလေးလံသိပ်သည်းလာနေ၏။
ဤနေ့တွင် မြို့အထက်ကောင်းကင်၌ မည်းမှောင်နေသော တိမ်များက လွှမ်းခြုံလာပြီး မိုးကြိုးသံများက တဂျိန်းဂျိန်း မြည်နေ၏။
ကောင်းကင်က မင်မည်းများဖြင့် ပန်းချီဆွဲထားသလို တိမ်တိုက်များက လျှင်မြန်စွာ ပြောင်းလဲနေပြီး လေများက တဝူးဝူး တိုက်ခတ်နေ၏။ လေထုက စိုထိုင်းထိုင်းရနံ့သင်းနေပြီး မိုးကြိုးမုန်တိုင်းတစ်ခု လာတော့မည်ကို ပြနေ၏။
ရွှမ်ထျန်းမြို့၏ အရှေ့ဘက်ခြမ်းတွင် ပျက်စီးမှုမရှိဘဲ ပကတိအကောင်းတိုင်းကျန်နေသော အိမ်တော်တစ်လုံး ရှိလေသည်။ ၀င်ပေါက်၀၌ တန်ဖိုးကြီး၀တ်စုံကို ၀တ်ဆင်ထားသော ရုပ်ချောချောနှင့် အမျိုးသားတစ်ယောက်က လက်နှစ်ဖက်နောက်ပစ်၍ ရပ်ပြီး ညိုမည်းအုံ့မှိုင်းနေသော တိမ်စိုင်များကို အနည်းငယ် မော့ကြည့်လိုက်၏။ သူ့မျက်လုံးများက ဖန်သားလို ကြည်လင်တောက်ပနေ၏။
ခါးမှာ ဂိုဏ်းတံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထားသော ကျင့်ကြံသူတစ်ယောက်က ခပ်လှမ်းလှမ်းကနေ ပြေးလာနေ၏။ ထိုတံဆိပ်ပြားက အိမ်တော်ထဲရှိ ရုပ်ချောချောလူ၏ ခါးမှဟာနှင့် အတူတူပင် ဖြစ်လေသည်။
သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် ထိုတံဆိပ်ပြားပေါ်တွင် ‘’ဖန်”ဟူသော စာလုံးတစ်လုံးကို တွေ့ရပေမည်။
“စီနီယာအစ်ကိုဖေး မင်္ဂလာပါ”
တန်ဖိုးကြီး၀တ်စုံနှင့်လူရှေ့သို့ ထိုတပည့်က ရောက်လာပြီး အနည်းငယ် ဦးညွှတ်ကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။
“သတင်းထူးတယ်ဗျို့၊ သားရဲစီးဓါးပြသုံးဦးက မြို့ထဲကို ပြန်ရောက်လာပြီတဲ့”
“အင်း”
တန်ဖိုးကြီး၀တ်စုံနှင့်လူက ကောင်းကင်ကို ဆက်ငေးကြည့်နေပြီး ဂရုမထားသလို ပြန်ဖြေလိုက်၏။
ထိုတပည့်က ဆက်ပြောလိုက်၏။
“ယန်ဆေးဂိုဏ်းက တစ်ခုခု လှုပ်ရှားမယ့်ပုံပဲ၊ သခင်လေးထန်ယုက ကျင့်ကြံသူတစ်အုပ်စုကိုခေါ်ပြီး ဟိုအိမ်ဘက်ကို သွားနေတယ်တဲ့၊ ဘာလို့လဲဆိုတာတော့ ကျတော်တို့ မသိရသေးဘူး”
“ဟင်းဟင်း.. “
တန်ဖိုးကြီး၀တ်စုံနှင့်လူက သူ၏ ရှည်လျားသွယ်လျသော လက်ချောင်းများကို ကြည့်ပြီး အရေးမကြီးဟန်နှင့် သရော်သလို ပြောလိုက်၏။
“သားရဲစီးဓါးပြလေးဦး.. ခွေးရိုင်း၊ ဝံပုလွေ၊ ကျားနှင့် ကျားသစ်မလား.. အခုကျားသစ်က သေပြီဆိုတော့ ကျန်တဲ့သားရဲသုံးကောင်က ရူးသွပ်နေလောက်ပြီ။ အခုချိန် သူတို့ကို ဆန့်ကျင်မယ့်သူက ဓါးခုတ်ရာ လက်၀င်လျှိုချင်တာနဲ့ အတူတူပဲ”
“ငါတို့ရဲ့ ရည်ရွယ်ချက်က ဆေးရေအိုင်ဂိုဏ်းရဲ့ အပျက်အစီးနေရာအတွက်ပဲ၊ အဲ့ဒီ ဆူဆိုတဲ့ ငနဲကတော့.. သူကိုယ့်သူ ဟုတ်လှပြီဆိုပြီး မာန်တက်နေတဲ့ ပုရွက်ဆိတ်တစ်ကောင်သာပါပဲ”
ရွှမ်ထျန်းမြို့၏ အနောက်ဘက်ခြမ်းတွင်.. နန်းဆောင်တစ်ဆောင်ထဲ၌ အနက်ရောင်၀တ် ကျင့်ကြံသူတစ်ယောက်က ကြီးမားသော ရွှေရောင်ဆေဘာကြီးနှင့်အတူ ထိုင်နေ၏။ သူ့ဒူးပေါ်တွင် အရိုးလှံတံတစ်ချောင်းကို ကန့်လန့်ဖြတ်တင်ထား၏။ သူ့မျက်လုံးများကို မှိတ်ထားသော်လည်း သူ့ဘေးပတ်လည်တွင် သတ်လိုဖြတ်လိုအော်ရာက ရှိနေ၏။
“အမွေခံသူ.. သားရဲစီးဓါးပြသုံးယောက်က မြို့ထဲကို ပြန်ရောက်လာပါပြီ”
“ငါသိပြီ”
အနက်ရောင်ဝတ်ကျင့်ကြံသူက သူ့မျက်လုံးကိုတောင် မဖွင့်ဘဲ ဒီအတိုင်း ပြန်ဖြေလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ရုပ်သေးဂိုဏ်း၊ ကြိုးကြာတစ်ထောင်ဂိုဏ်း... နှင့် ရွှမ်ထျန်းမြို့ထဲရှိ အဖွဲ့အစည်းများသည် ထိုသတင်းကို ရသွားကြပြီး မရေမတွက်နိုင်သော အကြည့်များက လမ်းမထက်ကို ရောက်နေကြလေသည်။
သိပ်မကြာမီ မုန်တိုင်းက ဝင်ရောက်၍ မိုးရေများက သည်းထန်စွာ ရွာချလာ၏။ ကောင်းကင်ထက်တွင် လျှပ်စီးလျှပ်ပန်းများက ရှေးဟောင်းမြို့တော်ကို အစိတ်အမွှာမွှာ ခွဲခြမ်းပစ်တော့မည့်အလား တဖျတ်ဖျတ်လက်၍ လွှမ်းခြုံသွား၏။
မုန််တိုင်းက သည်းထန်၊ ပြင်းထန်လေသည်။ တစ်ခဏလေးအတွင်းမှာပင် ဆူဇီမို၏ အစိမ်းရောင်ဝတ်ရုံသည် ရွှဲရွှဲစိုသွား၏။
ထိုသို့ဆိုလျှင်တောင် သူက နဂိုနေရာမှာပင် မျက်လုံးကိုမှိတ်လျက်သား မတ်မတ်ထိုင်နေ၏။ သူ့ပုံစံက အေးဆေးတည်ငြိမ်နေပြီး အရာရာတိုင်းကို မထီမဲ့မြင်ပြုနေ၏။
မလှမ်းမကမ်းတွင် ထန်ယုက အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ငေးငိုင်ကြည့်နေ၏။ ခဏကြာပြီးနောက် သူမက ငေးငိုင်နေရာမှ နိုးထလာကာ သင်္ကာမကင်းဟန်နှင့် လှည့်ကြည့်လိုက်၏။
“ဦးလေးလျန့်.. သူက ၁၅မိနစ်ကြာတဲ့အထိ တောင့်ခံနိုင်မယ်လို့ ထင်လား”
“မလွယ်လှဘူး”
ဦးလေးလျန့်က ခေါင်းခါလိုက်၏။
“သားရဲစီးဓါးပြသုံးယောက်ကို အသာထား.. သူတို့နဲ့ အတူပါလာမယ့် လူဆိုးလူမိုက် ထောင်ကျော်နဲ့တင် အဲ့လူကို အပိုင်းပိုင်းဆွဲဖြဲလို့ရတယ်”
“ကျမအစ်ကိုက သေချာပေါက် အဲ့ဒါကို ကျော်ဖြတ်နိုင်တယ်”
သူမ၏ ဘေးတွင် ညဝိညာဉ်က မြေကြီးပေါ်မှာ တိတ်တဆိတ် ဝပ်တွားပြီး ရှောင်းနင်ကို စောင့်ရှောက်နေ၏။
လမ်းမရှည်ပေါ်တွင်..
မိုးက သည်းထန်လာပြီး လေများက အရူးအမူး တိုက်ခတ်လာ၏။
မုန်တိုင်းက သည်းထန်နေသည့်ကြားမှ ခပ်လှမ်းလှမ်းတွင် မြင်းခွာသံများက ထွက်ပေါ်လာပြီး တဖြည်းဖြည်းနှင့် ကျယ်လောင်ပီသလာ၏။
တဖြည်းဖြည်းနှင့် မြင်းခွာသံများက မိုးချိမ်းသံများကဲ့သို့ မြည်လာ၏။
မုန်းတိုင်းကတောင်မှ လမ်းမရှည်၏ အစွန်းတစ်ဖက်မှ ထွက်လာနေသော သတ်ဖြတ်လိုစိတ်ကို မဖုံးအုပ်နိုင်တော့ပေ။
ဝေဝေဝါးဝါး မိုးထဲရေထဲ ခပ်လှမ်းလှမ်းမှ ချည်းကပ်လာနေသော ပုံရိပ်သုံးခုကို မြင်လာရ၏။ သူတို့က သားရဲစီးဓါးပြသုံးယောက်ပင် ဖြစ်လေသည်။
သူတို့သုံးယောက်စီးလာသော ရှေးဦးအဆက်နွယ်သားရဲများမှ သိပ်သည်းပြင်းထန်သည့် ခြေသံများက ထွက်လာနေ၏။ ထိုသားရဲသုံးကောင်က နီရဲနေသော မျက်လုံးများနှင့် အရိုင်းဆန်သောအော်ရာကို ထုတ်ကာ လမ်းထောင့်တစ်နေရာကို စိန်းစိန်းဝါးဝါး စူးစိုက်ကြည့်နေကြ၏။
သူတို့သုံးယောက်၏ နောက်မှာတော့ လွန်စွာ ကြီးမားသည့် မြင်းစီးစစ်တပ်ကြီးက ရိုင်းစိုင်းကြမ်းကြုတ်စွာ လိုက်ပါလာကြ၏။
တစ်ချက်ကြည့်လိုက်ရုံနှင့် လူပေါင်းတစ်ထောင်ကို မြင်နိုင်လေသည်။
မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူအပါအဝင် လူဆိုးလူမိုက် တစ်ထောင်ကျော်.. ရွှမ်ထျန်းမြို့ကိုအသာထား၊ ရှေးဟောင်းတိုက်ပွဲမြေတစ်ခုလုံးမှာတောင် ထိုအင်အားက သွားရှုပ်လို့ မရ၊ အထင်သွားသေးလို့ မရပေ။
တစ်ကယ်တမ်းပြောရလျှင် သားရဲစီးဓါးပြလေးဦးအဖွဲ့ထက် ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ပိုမိုသန်မာတောင့်တင်းလေသည်။
သို့သော်လည်း အခုအချိန် ရွှမ်ထျန်းမြို့ထဲမှာ များစွာသော အဖွဲ့အစည်းမှာ စုဝေးနေရခြင်းသည် ဆေးရေအိုင်ဂိုဏ်း၏ အပျက်အစီးနေရာအတွက် ဖြစ်လေသည်။
အခုအချိန်မှာ ဘယ်သူကမှ သူတို့၏ အင်အားကို နည်းနည်းလေးမျှ အထိခိုက်မခံလိုကြပေ။
လမ်းထောင့်တွင် ဆူဇီမို၏ စိုရွှဲနေသော အနက်ရောင်ဆံပင်ရှည်များက ဖရိုဖရဲ ဖြစ်နေ၏။
ပေ ၁၀၀၀..
ပေ ၅၀၀..
သားရဲစီးဓါးပြသုံးဦးက နီးကပ်လာနေ၏။ ရှေးဦးအဆက်နွယ်သားရဲသုံးကောင်၏ ပါးစပ်မှ ထွက်လာသော ညှီနံ့ကိုပင် ဆူဇီမိုသည် ခံစားမိလာ၏။
သို့သော်လည်း သူက ငြိမ်သက်နေဆဲဖြစ်၏။
သားရဲစီးဓါးပြသုံးဦးက ပေ ၃၀၀ ဝန်းကျင်သို့ ရောက်လာသောအခါ ဗြုန်းကနဲဆို ဆူဇီမိုက မျက်လုံးကောက်ဖွင့်ပြီး သူ့လက်ထဲသို့ ဧရာမလေးကြီးတစ်စင်းက ရောက်လာ၏။
သူက လေးကြိုးထက်မှာ မြားများကို တင်ဆွဲလိုက်၏။
လေးက လပြည့်ဝန်းကဲ့သို့ ကွေးညွှတ်သွားပြီး မြားများက ကြယ်များကဲ့သို့ လွင့်ထွက်သွား၏။
ရွှစ်.. ရွှစ်.. ရွှစ်..
မြားလေခွင်းသံများက တစ်ခုတည်းကဲ့သို့ ရောနှောသွား၏။
ထိုလေးက တစ်ပိုင်းမူလအဆင့်စိတ်ဝိညာဉ်လက်နက်ဖြစ်သော လရောင်ဝှက်လေးပင် ဖြစ်လေသည်။
ဆူဇီမို၏ လက်ထဲတွင် လေးက စိတ်ဝိညာဉ်အင်းကွက်ငါးခုနှင့် လင်းလက်လာပြီး လန့်ထန်သည် မအီမသာ ခံစားလာရ၏။
နောက်ခဏ၌ သူ့ရှေ့တွင် အေးစက်စက် အလင်းက ဖျတ်ကနဲပေါ်လာပြီး ချက်ချင်းနီးကပ်လာ၏။
မြား၏ အမြန်နှုန်းက ကြောက်စရာကောင်းလှပြီး သာမန်မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် တန်းပြီး သေသွားလောက်ပေသည်။
သို့သော်လည်း လန့်ထန်သည် တောတောင်ထဲမှာ သေရေးရှင်ရေး အခြေအနေများကို မရေမတွက်နိုင်အောင် တွေ့ကြုံခဲ့ဖူးသောကြောင့် သူ၏ တုံ့ပြန်မှုက သာမန်ကျင့်ကြံသူများထက် အများကြီး ပိုမြန်လေသည်။
ဖျတ်ကနဲဆို သူက ဘေးတိုက်စောင်းလိုက်၏။
အေးစက်စက်အလင်းက သူ့ပါးကို ပွတ်သပ်သွားပြီး သွေးသံရဲရဲ ထိုးခွဲသွားသော ဒဏ်ရာတစ်ခုက ပေါ်လာ၏။ အဲ့ဒါက နစ်ဝင်လှီးဖြတ်သွားလုနီးပါးပင်။
သူ အဲ့ဒါကို ရှောင်လိုက်နိုင်သည်ဟု ဆိုရပေမည်။
သို့သော်လည်း လန့်ထန်စိတ်ထဲ မအေးခင်မှာပင် သူ့နဖူးဆီ ပျံသန်းလာသော နောက်ထပ်အေးစက်စက် အလင်းကို မြင်တွေ့လိုက်ရပြီး သူ့မျက်ခွံက တဆတ်ဆတ်လှုပ်သွား၏။
ဒုတိယမြားက ရောက်ချလာပြီဖြစ်ပြီး သူ့မှာ ရှောင်ဖို့အချိန်မရတော့ပေ။
မြားများက ဆက်တိုက်ပစ်လွှတ်လိုက်ခြင်းပင်။
လန့်ထန်သည် ခေါင်းနပန်းကြီးသွား၏။
သူက ပထမမြားကို မြားကို ရှောင်လိုက်နိုင်တာကပင် တော်တော်ကံကောင်းလွန်းနေလေပြီ။
သို့သော်လည်း ဒုတိယမြားက ရောက်လာချိန်မှာတော့ သူလုပ်နိုင်တာ ဘာမှမရှိတော့ပေ။