← Chapters

မိုးရေထဲက ပြင်းထန်သော တိုက်ပွဲ

Vol. 25 Ch. 372

မိုးရေထဲက ပြင်းထန်သော တိုက်ပွဲ

Vol. 25 Ch. 372

“သတ်”

ချိုင်လီသည် လေထဲသို့ တက်ပြီး ဆူဇီမိုဆီသို့ ခုန်ဝင်လိုက်၏။

“ဂါး”

“ဝုအူး.”

“ဝေါင်း..”

မြေပြင်တွင် မဟူရာဂြိုလ်ဆိုးဝံပုလွေ၊ မဟူရာငှက်မွှေးခွေးရိုင်းနှင့် ရာဟုကျားတို့သည် သူတို့၏ ပါးစပ်ကြီးကို ဖြဲ၍ မာန်ဖီဟိန်းဟောက်လိုက်ကြ၏။

သူတို့သုံးကောင်းစလုံးက ရှေးဦးအဆက်နွယ်သားရဲများဖြစ်ကြပြီး သိပ်သည်းပြင်းထန်သော သားရဲချီများက ထွက်ပေါ်နေလေသည်။ သူတို့က ကြီးမားသောကိုယ်ထည်၊ ထက်ရှသော လက်သည်းတို့ဖြင့် အခြေတည်အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိနေကြလေပြီ။

ထိုသားရဲသုံးကောင်က သုံးဖက်ခွဲပြီး ဆူဇီမိုဆီသို့ ခုန်ဝင်လာကြ၏။

အထူးသဖြင့် မဟူရာဂြိုလ်ဆိုးဝံပုလွေ ဖြစ်လေသည်။

သူ့သခင်ကို ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူက သတ်ဖြတ်လိုက်တာကို မြင်တွေ့လိုက်ရပြီးနောက် အခုလောလောဆယ် သူအလုပ်ချင်ဆုံးအရာမှာ ဤလူ၏ လည်မျိုကို အပိုင်းပိုင်းဖြစ်အောင် ကိုက်ဖြတ်ဖိုပင် ဖြစ်လေသည်။

လေထဲတွင် ချိုင်လီက ဆေဘာကြီးကို ကိုင်၍ ဆင်းသက်လာပြီး ဟူမုန့်ကလည်း ကြေးလှံတံကြီးကို ကိုင်စွဲ၍ ဆင်းသက်လာနေ၏။

လူဆိုးလူမိုက်တစ်ထောင်ကျော်ကလည်း နေရာတစ်ခုလုံးကို ဝန်းရံပိတ်ဆို့၍ ပြေးတက်လာနေကြပြီဖြစ်ပြီး ဆူဇီမိုမှာ ထွက်ပေါက်လုံးဝ မရှိတော့ပေ။

“သတ် သတ် သတ်..”

လူဆိုးလူမိုက်တစ်ထောင်ကျော်က ဒေါသတကြီး အော်ဟစ်တိုက်ခိုက်လိုက်ကြ၏။

တချို့က ဓါးပျံများကို ဆင့်ခေါ်ထုတ်၊ တချို့က စိတ်ဝိညာဉ်တိုက်ကွက်များကို ထုတ်ဖော်ကြပြီး အခြားသူများက ဆေဘာများ.. ပုဆိန်များ...ဖြင့်...

ထိုသည်ကို မြင်သောအခါ ဘေးကနေ ပွဲကြည့်သူများသည် ခေါင်းခါ၊ သက်ပြင်းချလိုက်ကြ၏။

ထိုမျှ များပြားပြင်းထန်လှသည် တိုက်ခိုက်မှုအောက်တွင် ဆူဇီမိုလို မရီးဒါန်ငါးခု အခြေတည်အဆင့် ကျင့်ကြံသူကိုထား၊ ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့လို အဖွဲ့အစည်းများမှ အမွေခံတပည့်များပင်လျှင် မထိမခိုက် လွတ်မြောက်နိုင်ဖို့ မဖြစ်နိုင်ပေ။

ဆူဇီမိုအပေါ်မှာ တစ်ချိန်လုံး ကျရောက်နေသော ထန်ယု၏ အကြည့်က ပြင်းပြတောက်လောင်လာ၏။

သူမ အံ့အားသင့်သွားရသည်မှာ.. ဆူဇီမို၏ မျက်နှာပေါ်၌ ကြောက်လန့်မှု တစ်စွန်းတစ်စကိုမျှ သူမ မမြင်ရပေ။ သေချာစူးစိုက်ကြည့်မည်ဆိုလျှင် သူ၏ တောက်ပနေသော မျက်လုံးများထဲ၌ စိတ်လှုပ်ရှားတက်ကြွနေသည့် အရိပ်အယောင်များကိုပင် မြင်တွေ့ရမည် ဖြစ်လေသည်။

ဆူဇီမိုက နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေး၍ ခပ်ယဲ့ယဲ့ သရော်ပြုံး ပြုံးလိုက်၏။

သူက ပြုံးနေတာ..

ဘယ်လိုလူပါလိမ့်..

ထန်ယုသည် မျက်မှောင်ကြုတ်လိုက်မိ၏။

ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေမှာတောင် ဆူဇီမိုက ဘယ်လိုဖြစ်လို့ ပြုံးနေနိုင်တာလဲ သူမ တစ်ကယ်ကို နားမလည်နိုင်တော့ပေ။

“ဟ..ဟ..ဟား.ဟား..”

ရုတ်တရတ် ဆူဇီမိုက ကောင်းကင်ကို မော့ကြည့်ပြီး ကျယ်လောင်စွာ ရယ်ချလိုက်၏။

သူ့ရယ်သံ၌ မမြင်ရသော အားတစ်ခုဖြင့် တွန်းထုတ်လိုက်သလို မိုးရေစက်များက ဘေးဘက်သို့ ပြန့်ကျဲထွက်သွားလေသည်။

ဘေးပတ်လည်ရှိ လူဆိုးလူမိုက်များသည် တုန်လှုပ်သွားကြ၏။ ဆူဇီမို၏ ရယ်သံက သူတို့၏ စိတ်အတွင်းပိုင်းထဲကို ဝင်ရောက်မွှေနှောက်လိုက်သလို ထင်ရပြီး သူတို့၏ အမြင်အာရုံများကပါ ဝေဝါးသွား၏။

လူတိုင်း၏ လက်များသည် တုန်တုန်ယင်ယင် ဖြစ်လာကြလေသည်။

ထိုအချိန်၌ ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး သူ့ပုံရိပ်က လှစ်ခနဲ လှုပ်ရှားသွား၏။ ချိုင်လီနှင့် ဟူမုန့်တို့ ရောက်မလာခင်မှာပင် သူက ရှေးဦးအဆက်နွယ်သားရဲသုံးကောင်ဆီသို့ ပြေးဝင်ချသွား၏။

“တိရစ္ဆာန်သုံးကောင်ကတောင် ငါ့ကိုသတ်နိုင်မယ်လို့ တွေးနေပြီပေါ့လေ”

အားရပါးရ ဟိန်းဟောက်ရယ်မောရင်း.. ဆူဇီမို၏ မျက်လုံးများထဲတွင် မထီမဲ့မြင်အထင်သေးမှုက ပေါ်လာပြီး သူ့မျိုးဆက်သွေးက ရုန်းကြွလာကာ ဆူနာမီ၊ မိုးကြိုး၊ ကျားနှင့် ကျားသစ်တို့၏ အသံက ရောနှောထွက်ပေါ်လာပြီး ကြားရသူတိုင်းကို ကျောချမ်းသွားစေ၏။

ဝင်ရောက်လာ‌သော ရှေးဦးအဆက်နွယ်သားရဲသုံးကောင်ကို ဆူဇီမိုသည် ခုတ်ပိုင်းချလိုက်၏။

ဧရာမဆေဘာကြီးမှ သွေးရောင်အလင်းက ပြန့်ကားသွားပြီး ရာဟုကျားနှင့် မဟူရာငှက်မွှေးခွေးရိုင်းတို့အပေါ် အုပ်မိုးလွှမ်းခြုံလာလေသည်။

ထို့နောက် ဆူဇီမိုက ရှေ့သို့ခုန်တက်လိုက်ပြီး သူ့ဘယ်ဘက်လက်သီးကို ချိတ်စည်းတစ်ခုလိုသုံးကာ မဟူရာဂြိုလ်ဆိုးဝံပုလွေ၏ ဦးခေါင်းကို ပစ်ထိုးချလိုက်၏။

မဟူရာဂြိုလ်ဆိုးဝံပုလွေ၏ မျက်လုံးများက ကြမ်းကြုတ်မှုနှင့် တောက်ပလာပြီး သူက ရှောင်လဲမရှောင်သလို၊ နောက်လည်းမဆုတ်ပေ။ ထို့အစား သူက ဆူဇီမို၏ လည်ပင်းကို ထက်ရှသောလက်သည်းများနှင့် ကုတ်ဆွဲဖို့ လုပ်လိုက်၏။

မဟူရာဂြိုလ်ဆိုးဝံပုလွေက အရွယ်အစားအားဖြင့် ဆူဇီမိုထက် များစွာပိုကြီးမားလေသည်။

ပုံမှန်အခြေအနေမှာသာဆိုလျှင် ဆူဇီမို၏ ကန်ချက်က မရောက်ခင်မှာပင် မဟူရာဂြိုလ်ဆိုးဝံပုလွေ၏ လက်သည်းများက သူ့လည်မျိုကို ဆုတ်ဖြဲပြီးနေလောက်ပေပြီ။

မဟူရာဂြိုလ်ဆိုးဝံပုလွေ၏ မျက်လုံးများက စိတ်လှုပ်ရှားတက်ကြွမှုနှင့် တောက်ပလာ၏။

သူ့လက်သည်းချက်ဖြင့် သေဆုံးသွားမည့်လူ၏ ပုံကိုပင် မြင်ယောင်လာလေသည်။

ရုတ်တရတ် ပြောင်းလဲမှုက ဖြစ်ပေါ်လာ၏။

ဝံပုလွေက ရှေ့သို့ ခုန်တက်လာစဉ်မှာပင် ဆူဇီမို၏ အရိုးများနှင့် အရွတ်များမှ အသံဗလံများက မြည်လာ၏။ သူ့အရွတ်များက လေးကြိုးကို ဆွဲတင်လိုက်သလို သေးငယ်၍ ရှည်လျားလာပြီး တုန်ခါသံများက ထွက်ပေါ်လာလေသည်။

ဖန်း.. ဖန်း.. ဖန်း...

ဆူဇီမို၏ လက်တံက လျှင်မြန်စွာ ရှည်ထွက်လာပြီး ချိတ်စည်းတစ်ခုလို အသွင်ပြောင်းသွားသော သူ့လက်သီးက မဟူရာဂြိုလ်ဆိုးဝံပုလွေ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ အရင်ရောက်သွားလေသည်။

အရိုးကျိုးပဲ့သံက ထွက်ပေါ်လာ၏။

စိတ်ဝိညာဉ်သားရဲများတွင်မှ.. ဝံပုလွေများက ကြေးလိုဦးခေါင်းခွံနှင့် သံလိုအရိုးများရှိသည်ဟု ပြောကြလေသည်။ ပြောရမည်ဆိုလျှင် ဝံပုလွေဦးခေါင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အမာကျောဆုံး အပိုင်းဖြစ်လေသည်။

အခုအခါမှာတော့ ရှေးဦးအဆက်နွယ်သားရဲ၊ မဟူရာဂြိုလ်ဆိုးဝံပုလွေ၏ ဦးခေါင်းက ဆူဇီမို၏ လက်သီးချက်ဖြင့် ကြေမွသွားလေပြီ။ သူ့ဦးနှောက်ရည်များက ပြန့်ကျဲထွက်သွားပြီး စူးစူးဝါးဝါးတစ်ချက်အော်ကာ နေရာမှာတင် သေဆုံးသွားလေတော့သည်။

မဟူရာဂြိုလ်ဆိုးက အသတ်ခံရပြီးနောက် မဟူရာငှက်မွေးခွေးရိုင်းနှင့် ရာဟုကျားရိုင်းတို့သည် သွေးသောက်သူ၏ ထက်ရှမှုကို အာရုံခံမိလိုက်ပြီး နောက်ဆုတ်လိုက်ကြ၏။

ဤအခိုက်အတန့်၌ အခြားကျင့်ကြံသူများ၏ တိုက်ခိုက်များကလည်း ကျရောက်လာလေပြီ။

ဆူဇီမိုကို အကြီးမားဆုံး ခြိမ်းခြောက်နိုင်စွမ်းရှိ‌သော မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်ဖြစ်သည့် ချိုင်လီနှင့် ဟူမုန့်တို့က သူတို့၏ လက်နက်များကို အသီးသီးကိုင်စွဲ၍ ဆူဇီမိုထံသို့ ခုန်ဝင်လာကြပြီဖြစ်၏။

သွေးလွှမ်းတိုက်ပွဲက ပေါက်ကွဲထွက်ပေါ်လာလေပြီ။

ချွမ်.. ချွင်..

ဆူဇီမို၏ သိုလှောင်အိတ်ထဲမှ ထိပ်တန်းအဆင့် ဓါးပျံ ၁၈လက်က ထွက်ပေါ်လာပြီး ဖယောင်းမီးဓါးဝင်္ကပါကို ပုံဖော်သွား၏။

အခုအခါမှာတော့ ဖယောင်းမီးဓါးဝင်္ကပါက တိုက်စစ်ပုံစံမဟုတ်ဘဲ ခံစစ်အသွင် ပြောင်းလဲသွားလေသည်။

လူဆိုးလူမိုက်တစ်ထောင်ကျော်၏ တိုက်ခိုက်မှုက စုပြုံကျရောက်လာမှာ ဖြစ်တာကြောင့် ဆူဇီမိုသည် အာရုံခံသတိစိတ်ကို အားကိုးလို့ မရတော့ပေ။

ချွမ်.. ချွမ်း.. ခွမ်း..

ဓါးပျံ ၁၈လက်က စက်လုံးသဏ္ဌာန် လည်ပတ်သွားပြီး ဝင်ရောက်လာသည့် များစွာသော ဓါးပျံများကို ပိတ်ဆို့တားဆီးလိုက်၏။

ကံကောင်းထောက်မစွာနှင့် ဆူဇီမိုသည် မရီးဒါန်ငါးခု အခြေတည်အဆင့်ကို တက်လှမ်းထားနိုင်ခဲ့‌ကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင်သိုလှောင်နိုင်စွမ်းက များစွာတိုးတက်လာခဲ့၏။ မဟုတ်ပါက မရေမတွက်နိုင်သော စိတ်ဝိညာဉ်လက်နက်များနှင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများအောက်၌ ဖယောင်းမီးဓါးဝင်္ကပါသည် စွမ်းအင်ထောက်ပံ့မှု မလုံလောက်ဘဲ ပျက်ပြယ်သွားနိုင်လေသည်။

ရွှစ်..

ဆူဇီမို၏ ပုံရိပ်က လှစ်ကနဲ ခုန်ထွက်သွားပြီး ချိုင်လီနှင့် ဟူမုန့်တို့၏ တိုက်ခိုက်မှုမှ ရှောင်ထွက်သွားလေသည်။ သူက လူအုပ်ကြီးထဲသို့ ခုန်ဝင်သွားပြီး သွေးသောက်သူကို ကိုင်စွဲကာ စတင်ခုတ်ပိုင်းလေတော့သည်။

ဖောက်.. ဖောက်.. ဖောက်.. ရွှက်.. ရွှက်..

ဆူဇီမိုသည် မည်သည့်ဆေဘာနည်းစနစ်ကိုမှ မသိပေ။ သို့သော်လည်း သူ့မျိုးဆက်သွေးက အလွန်တရာ သန်မာအားကောင်းပြီး သူ့ခွန်အားက ပြိုင်ဘက်ကင်းပင်။ သွေးသောက်သူကလည်း အရမ်းကို ထက်ရှအားကြီးနေသောကြောင့် သူသည် ပတ်ချာလည် နေရာတစ်ခုလုံးကို စီးနင်းထားနိုင်လေသည်။

ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်များက သွေးသောက်သူ၏ စွမ်းအားကို ခံနိုင်ရည်မရှိကြပေ။ သွေးသောက်သူနှင့် ထိတွေ့မိသူ မည်သူမဆို.. သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြတ်သတ်ထွက်ကုန်ပြီး အသားများနှင့် သွေးများက အဘက်ဘက်သို့ ပြန့်ကျဲကုန်၏။

တချို့ကျင့်ကြံသူများက သူတို့၏ လက်နက်များကိုသုံး၍ သွေးသောက်သူ၏ စွမ်းအားကို ခုခံနိုင်ရုံ ရှိလိုက်လျှင်တောင် ထက်ရှသောဓါးသွားကနေ သယ်ဆောင်လာသော ကြီးမားသည့်ခွန်အားနှင့် သူတို့က လွင့်စင်ထွက်သွားကြပြီး သူတို့က ကိုယ်တွင်းအင်္ဂါများကို စုတ်ပြဲကုန်ကြ၏။

ချွမ်း.. ချွမ်း..

သွေးသောက်သူကို လွှဲရမ်း၍ ဆူဇီမိုသည် ချိုင်လီနှင့် ဟူမုန့်တို့နှင့် နောက်တစ်ဖန် ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။

ဒီတစ်ကြိမ်တွင်‌တော့ ဆူဇီမိုက ခြေတစ်လှမ်းတောင် ဆုတ်မပေးတော့ပေ။ သူ့မျိုးဆက်သွေးက ဆူပွက်လာပြီး သူသည် ရှေ့သို့ ခြေတစ်လှမ်းထပ်တိုးကာ နှစ်ချက်ဆင့်ခုတ်ချလိုက်၏။

ချွမ်း.. ချွမ်း..

ချိုင်လီနှင့် ဟူမုန့်တို့ မရီးဒါန်များထဲမှ စိတ်ဝိညာဉ်စွမ်းအင်များက အရူးအမူး လည်ပတ်လာပြီး သူတို့သည် ဆူဇီမို၏ တိုက်ခိုက်မှုကို ခုခံလိုက်ကြ၏။ သူတို့၏ မျက်နှာအမူအယာက ပြောင်းလဲသွားခြင်းမရှိဘဲ.. သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်က ပိုမိုသိပ်သည်းလာ၏။

“ရွှစ်”

မကောင်းဆိုးဝါးဆန်သောလေက တိုက်ခတ်လာ၏။

ဆူဇီမိုက ချိုင်လီနှင့် ဟူမုန့်တို့နှင့် တိုက်ခိုက်နေသည်ကို မြင်သောအခါ ထိုသည်ကို အခွင့်ကောင်းယူ၍ မဟူရာငှက်မွေးခွေးရိုင်းက ဆူဇီမို၏ နောက်ကျောကို သူ၏ ထက်ရှသောလက်သည်းများနှင့် ချိန်ရွယ်၍ ခုန်အုပ်လိုက်လေသည်။

ထိုတိုက်ခိုက်မှုသာ ထိမိသွားလျှင် ဆူဇီမို၏ နုလုံးက ပေါက်ထွက်သွားနိုင်လေသည်။

ဆူဇီမိုက လှည့်ပင်မကြည့်ဘဲ သူ့လက်ကို ကျာပွတ်တစ်ခုလို နောက်ပြန်လွှဲလိုက်၏။ စောစောက မာကျောခက်ထန်နေသော သူ့လက်တံက ရုတ်တရတ် ဆင်နှာမောင်းတစ်ခုလို အလိုက်သင့်ပျော့ပျောင်းသွားပြီး မဟူရာငှက်မွေးခွေးရိုင်း၏ ဦးခေါင်းကို ရစ်ပတ်ကာ ဆွဲလှည့်လိုက်၏။

ဖျောက် ဖျောက် ဖျောက်..

အားလုံး၏ ရှေ့မှောက်မှာပင် မဟူရာငှက်မွေးခွေးရိုင်း၏ ဦးခေါင်းက လည်ပင်းနားကနေ ချာလည် လည်သွားပြီးမှ ရပ်တန့်သွား၏။ သူ၏ ဂုတ်ရိုးက ကျိုးထွက်သွားပြီဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး စင်းသွားလေတော့သည်။

ထိုအခွင့်အရေးကို အသုံးချ၍ ရာဟုကျားကလည်း ဆူဇီမို၏ လည်မျိုကို ကိုက်ဖို့ ခုန်ဝင်လာလေသည်။

ရုတ်တရတ် ပြေးဖို့လမ်းမရှိတော့သော ဆူဇီမို၏ နောက်ကျောမှ ကြီးမားသည့် တောင်ပံတစ်စုံက ဆန့်ထွက်လာပြီး စိတ်ဝိညာဉ်အလင်းဖြင့် တဖျတ်ဖျတ် တောက်ပနေ၏။

ဆူဇီမိုက စိတ်ဝိညာဉ်တောင်ပံများကို ခတ်၍ လေထဲသို့ ပျံတက်သွား၏။

ဖြီး..

သူက နည်းနည်းတော့ နောက်ကျသွားသေး၏။

ဆူဇီမို၏ ဘယ်ဘက်ခြေထောက်က ရာဟုကျားလက်သည်း၏ ကုတ်ချက်မိသွားပြီး ပြတ်ရှရာအချို့ပေါ်လာကာ သွေးများက စီးကျလာလေသည်။

သူက ဒဏ်ရာရသွားလေပြီ။

တိုက်ပွဲစတင်သည်က ၁၅မိနစ်မပြည့်သေး.. ဆူဇီမိုက ဒဏ်ရာရရှိသွားလေပြီ။

နောက်ပြီး ဆူဇီမို၏ အခြေအနေက ပို၍ပို၍ အန္တရာယ်များလာဖို့သာ ရှိလေသည်။

မိုးရေများက အညှာတာမဲ့စွာ ဆက်လက်ရွာသွန်းနေဆဲဖြစ်လေသည်။

All Chapters