← Chapters

ရင်ဘောင်တန်း၍ တိုက်ခိုက်ကြခြင်း

Vol. 25 Ch. 374

ရင်ဘောင်တန်း၍ တိုက်ခိုက်ကြခြင်း

Vol. 25 Ch. 374

ရင်းနှီးပြီးသား အသံသုံးသံကို ကြားပြီးနောက် ဆူဇီမိုက မျက်လုံးက တောက်ပဝင်းလက်သွား၏။

“သူတို့ပဲလား”

ထန်ယုသည် အနည်းငယ် တုန်လှုပ်သွားလေသည်။

သူတို့သုံးယောက်သည် မြို့ထဲကို စဝင်လာတုန်းက ဆူဇီမို၏ နောက်ကနေ လိုက်လာကြသူများ ဖြစ်ကြလေသည်။ ကျိချန်းရှန်ဟုခေါ်သော မရီးဒါန်ခြောက်ခုအခြေတည်အဆင့် ကျင့်ကြံသူကလွဲလျှင် အခြားနှစ်ယောက်က မရီးဒါန်လေးခု အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။

အဲ့တုန်းက သူတို့အုပ်စု ရွှမ်ထျန်းမြို့ထဲက ထွက်သွားခြင်းသည် ဉာဏ်ရှိရာကျလေသည်ဟု ထန်ယုက တွေးခဲ့လေသည်။

သူတို့၏ ကျင့်ကြံမှုအဆင့်များအရ.. ရွှမ်ထျန်းမြို့ထဲမှာ ဆက်နေလျှင် လူဆိုးလူမိုက်များ၏ သတ်ဖြတ်ခြင်းခံရတာပဲ အဖတ်တင်ပေမည်။

သို့သော်လည်း သူတို့လေးယောက်ထဲမှ သုံးယောက်က ပြန်လှည့်လာလိမ့်မည်ဟု ထန်ယု မထင်ထားမိပေ။

ထန်ယုနောက်မှ မောက်မာဟန်နှင့်လူက လှောင်ရယ်လိုက်၏။

“သူတို့က သေရမှာ သိသိနဲ့တောင် ရွှမ်ထျန်းမြို့ထဲကို ပြန်လာလိုက်သေးတယ်.. ဘယ်လောက် ရူးမိုက်လိုက်သလဲ”

ကျင့်ကြံသူအများစုမှာ ထိုသို့ တွေးနေမိကြသော်လည်း ပေါ်ပေါ်ထင်ထင် ထုတ်ပြောခြင်းကို ကြားရတာကတော့ အလွန်တရာ စက်ဆုပ်ဖွယ်ရာ ကောင်းနေလေသည်။

“ယန်ကျွင်း..”

ထန်ယုက မျက်မှောင်ကြုတ်ပြီး နောက်လှည့်ကာ ခပ်အုပ်အုပ် မာန်လိုက်၏။

ယန်ကျွင်းဟုခေါ်သော ထိုကျင့်ကြံသူက ယန်ဆေးဂိုဏ်း၏ တပည့်တစ်ယောက်သာ ဖြစ်သော်လည်း သူက ဂိုဏ်း၏ တိုက်ခိုက်ရေးခန်းမမှ ဖြစ်လေသည်။ မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်ဖြစ်သောသူက သူတို့အဖွဲ့၏ ပင်မထောက်တိုင်တစ်ခုဖြစ်သောကြောင့် ထန်ယုက သူ့ကို မာမာထန်ထန် အော်ငေါက်လို့ မရပေ။

ယန်ကျွင်းက နှာတစ်ချက်မှုတ်ပြီး ဘာမှထပ်မပြောတော့ပေ။

ရုတ်တရတ် နူးညံ့ညင်သာပြီး ပြတ်သားသည့်အသံတစ်သံက ထွက်လာ၏။

“အဲ့ဒါက ရူးမိုက်တာ မဟုတ်ဘူး.. သစ္စာရှိတာလို့ခေါ်တယ်”

ရှောင်းနင်က သည်းညည်းခံတတ်သူတစ်ယောက်ဖြစ်ပြီး တော်တန်ရုံကိစ္စဆို သူမက မှန်နေလျှင်တောင် ခေါင်းငုံငြိမ်နေတတ်သူဖြစ်လေသည်။ ထိုစကားကိုပြောဖို့အတွက် သူမက အတော်‌လေး သတ္တိမွေးခဲ့ရပုံပင်။

ဘာကြောင့်ရယ်မသိ သူမ၏ ရင်ထဲတွင် ခံပြင်းစိတ်က ရုန်းကြွလာပြီး လက်သီးကို တင်းတင်းဆုပ်ကာ ယန်ကျွင်းကို စိုက်ကြည့်လိုက်၏။

“ရှင့်လိုလူမျိုးကတော့ သစ္စာဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်တော့မှ သိလာမယ့်ပုံ မပေါ်ဘူး”

“သစ္စာသိတာဟုတ်လား.. အကုန်အတူတူ သေကြမယ်ဆိုတဲ့ သောက်ကျိုးနဲ အဓိပ္ပါယ်လား”

ယန်ကျွင်းက နှာတစ်ချက်မှုတ်ပြီး ဆူရှောင်းနင်ကို လှောင်ပြောင်သလို ကြည့်လိုက်၏။ သူက သရော်သလို ပြုံးပြီး အေးစက်စွာ ဆက်ပြောလေသည်။

“နင်က သစ္စာတရားအကြောင်း အဲ့လောက်သိနေမှတော့ ဘာလို့ သူတို့နဲ့အတူတူ ဝင်သေဖို့ မလုပ်တာလဲ.. ဟမ့်”

ဘာပဲပြောပြော ယန်ကျွင်းက မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ ယခုလို အနေအထားကို ရောက်လာဖို့အတွက် သူ့လက်က သွေးဘယ်လောက်များများ စွန်းထင်းခဲ့ပြီလဲ ဘယ်သူမှ မသိနိုင်ပေ။

ယန်ကျွင်း၏ အေးစက်စက်အကြည့်အောက်တွင် ရှောင်းနင်သည် စိတ်ထဲ ကြောက်လန့်သိမ်ငယ်သွားပြီး နောက်သို့ ခြေတစ်လှမ်း အလိုလို ဆုတ်လိုက်မိ၏။

ထိုအချိန်မှာပင် မြေကြီးပေါ်တွင် ခြေပစ်လက်ပစ် ဝပ်တွားနေသော ညဝိညာဉ်က သူ့မျက်လုံးများကို ဖွင့်လိုက်၏။

နက်မှောင်နေသော မျက်လုံးများထဲမှ မဟူရာအလင်းက လက်လာ၏။

သူတို့ဝန်းကျင်ရှိ အပူချိန်က ချက်ချင်း ကျဆင်းလာလေသည်။

ဦးလေးလျန့်အပါအဝင် ကျင့်ကြံသူများအားလုံးသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာကြ၏။

ဦးလေးလျန့်သည် ရင်ထဲ ထိတ်ကနဲ ဖြစ်သွား၏။

စောစောက မောက်မာပြနေသော ယန်ကျွင်းသည် ကြက်သီးမွေးညင်းများ ထလာလေသည်။

သေမင်း၏ အငွေ့အသက်များက သူ့အပေါ် လွှမ်းခြုံလာသလို အေးစက်တောင့်တင်းလာ၏။

ညဝိညာဉ်၏ အပြုအမူကို သတိထားမိလိုက်ပြီး ရှောင်းနင်က ညဝိညာဉ်၏ ဦးခေါင်းကို ကပျာကယာ ပွတ်သတ်ချောမြှူကာ မဆင်မခြင်မလုပ်ဖို့ အမူအယာဖြင့် ပြလိုက်၏။

ဘာပဲပြောပြော ရွှမ်ထျန်းမြို့ထဲတွင် ဆူဇီမိုကို ထောက်ပံ့ပေးနိုင်သည်က ယန်ဆေးဂိုဏ်းသာလျှင် ရှိလေသည်။

ညဝိညာဉ်ကသာ ယန်ကျွင်းကို သတ်လိုက်လျှင် ယန်ဆေးဂိုဏ်းနှင့် ဆူဇီမိုက သဟဇာတဖြစ်နိုင်တော့မည် မဟုတ်ပေ။

ညဝိညာဉ်က သူ့မျက်လုံးများကို ပြန်မှိတ်သွား၏။

ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ အေးစက်မှုက ပျောက်ကွယ်သွားလေသည်။

စောစောက လူတိုင်းခံစားခဲ့ရသည်က ထင်ယောင်ထင်မှား ဖြစ်ပျက်ခဲ့သလိုပင်။

များစွာသော ကျင့်ကြံသူများသည် စိတ်ရှုပ်ထွေးစွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အကြောက်မပြေကြသေးပေ။ စောစောက ညဝိညာဉ်၏ အပြုအမူကို သတိထားမိလိုက်သူက သိပ်မရှိပေ။

ဦးလေးလျန့်က ညဝိညာဉ်ကို အဓိပ္ပါယ်ပါပါ လေးနက်စွာ ကြည့်လိုက်၏။

ယန်ကျွင်းသည် ချောက်ချားသွားပြီး ပတ်ချာလည်ကို လှည့်ကြည့်လိုက်၏။ ထူးထူးခြားခြား ဘာကိုမှ မတွေ့ရမှသာ သူသည် သက်ပြင်းချလိုက်နိုင်လေသည်။

. . .

ရှည်လျားသော လမ်းမထက်တွင်..

“စီနီယာအစ်ကိုကျိ.. အစ်မလမ့်ရိုရောလား”

ဖက်တီးလေးက မယုံကြည်နိုင် ဖြစ်သွား၏။

ကျိချန်းရှန်နှင့် လမ့်ရိုတို့သည်လည်း ထို့အတူပင်။

အဲ့ဒါက သေရဖို့ အလားအလာများသည့် တိုက်ပွဲဖြစ်တာကြောင့် သူတို့ထဲမှ ဘယ်သူကမှ အခြားသူများကို ဝင်မပါစေချင်ကြပေ။

သူတို့တစ်ယောက်ချင်းသည် တစ်ယောက်စိတ်ဆန္ဒကိုတစ်ယောက် မသိရသောကြောင့် အခြားသူများကို မတိုက်တွန်းလိုခဲ့ကြပေ။ ထို့ကြောင့်ပင် သူတို့သည် ရွှမ်ထျန်းမြို့ထဲမှ ထွက်ပြီးနောက် အသီးသီး လမ်းခွဲသွားခဲ့ကြခြင်း ဖြစ်လေသည်။

သို့သော် ယခုအခါမှသာ သူတို့အကုန်လုံးသည် စိတ်ချင်းဆက်နေသလို ဆူဇီမိုနှင့်အတူ တိုက်ခိုက်ဖို့ရွေးချယ်ပြီး ရွှမ်ထျန်းမြို့ထဲသို့ အသီးသီးပြန်ဝင်လာခဲ့ကြလေသည်။

အဲ့ဒါက သူတို့၏ ရေစက်ပင် ဖြစ်လေသည်။

ဖက်တီးလေးက စိတ်ဝိညာဉ်အင်းကွက်လေးခုနှင့် ဧရာမပုဆိန်ကြီးကို ကိုင်စွဲပြီး လူအုပ်ကြီးထဲပြေးဝင်ကာ အရူးအမူး လိုက်လံခုတ်ပိုင်းလေတော့သည်။

ဖက်တီးလေး၏ ဝဝတုတ်တုန် ခန္ဓာကိုယ်မှ မရီးဒါန်ခြောက်ခုက တောက်ပလာ၏။

အခြားတစ်ဖက်တွင် လမ့်ရိုသည် အဆောင်ဆယ့်လေးငါးခုကို ပစ်ထုတ်လိုက်ပြီး သူမ၏ ဓါးပျံကို ဆင့်ခေါ်ကာ တိုက်ပွဲထဲသို့ ဝင်သွားလေသည်။ သူမ၏ ခန္ဓာကိုယ်မှလည်း မရီးဒါန်ခြောက်ခုက တောက်ပလာလေသည်။

မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်..

သူတို့နှစ်ယောက်စလုံးသည် ရွှမ်ထျန်းမြို့ထဲက‌နေ ထွက်သွားတုန်းက မရီးဒါန်လေးခုအခြေတည်အဆင့်များမှာသာ ရှိကြသေးလေသည်။

သူတို့နှစ်ယောက်သည် အချိန်တိုအတွင်း မရီးဒါန်ခြောက်ခုအခြေတည်အဆင့်ကို တက်လှမ်းနိုင်ဖို့က ဖြစ်နိုင်ခြေတစ်ခုတည်းသာလျှင် ရှိလေသည်။

ဆူဇီမိုကဲ့သို့ပင် ဖက်တီးလေးနှင့် လမ့်ရိုသည် မရီးဒါန်ငါးခုအခြေတည်အဆင့်သို့ ကျင့်ကြံကာ တမ်းလှမ်းသွားခြင်းပင်။ ထို့နောက် သူတို့က မရီးဒါန်ဖွင့်ဆေးလုံးများကို မှီဝဲကာ မရီးဒါန်ခြောက်ခု အခြေတည်အဆင့်သို့ ချိုးဖျက်တက်လှမ်းလိုက်ကြပုံပင်။

“ဟဟ ဟဟား”

ကျိချန်းရှန်၏ နောက်ကျောမှ စိတ်ဝိညာဉ်တောင်ပံတစ်စုံက ထွက်လာ၏။ သူက လေထဲသို့ ပျံတက်ပြီး အားရပါးရ ရယ်မောလိုက်၏။ သူ့ဝတ်ရုံအောက်မှ မရီးဒါန်ခုနှစ်ခုက တောက်ပစွာ ပေါ်လာလေသည်။

မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်..

ကျိချန်းရှန်ကလည်း အဆင့်ချိုးဖျက်တက်လှမ်းခဲ့လေပြီ။

ကျိချန်းရှန်၏ အလားအလာအရ သူက ရှေးဟောင်းတိုက်ပွဲမြေမှာ ကျင့်ကြံအားထုတ်ပြီး မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်ရှိလေသည်။ သို့သော်လည်း အခုလိုမျိုး ဗြုန်းစားကြီး အဆင့်တက်သွားဖို့တော့ မဖြစ်နိုင်ပေ။

ပြောရလျှင် သူကလည်း ဖက်တီးလေးနှင့် လမ့်ရိုတို့ကဲ့သို့ပင် မရီးဒါန်ဖွင့်ဆေးလုံးကို စားသုံးခဲ့တာ ဖြစ်ရမည်။

သူတို့သုံးယောက်က သူတို့၏ နုလုံးသားအနက်ပိုင်းထဲက‌နေ နှစ်နှစ်ကာကာ ပြုံးလိုက်ကြ၏။

မရီးဒါန်ဖွင့်ဆေးလုံးများက ပထမဆုံးတစ်ကြိမ် စားသုံးခြင်းမှာသာလျှင် အာနိသင်ရှိသည်ဖြစ်သောကြောင့် သူတို့၏ လက်ရှိကျင့်ကြံမှုအဆင့်အရ အဲ့ဒါကို ဘယ်သူမှ အသုံးချလိုစိတ် မရှိကြသေးပေ။

သို့သော်လည်း ဤတိုက်ပွဲအတွက် သူတို့သည် တိုင်ပင်ထားခြင်းမရှိဘဲ.. တူညီသော ဆုံးဖြတ်ချက်ကို အသီးသီး ချခဲ့ကြ၏။

သူတို့သည် သူတို့၏ ကျင့်ကြံရေးအတွက် ပိုကောင်းသည့် အခွင့်အရေးကို လက်လွှတ်ပြီး အသက်အန္တရာယ်ကနေ လွတ်မြောက်နိုင်သည့် အခွင့်အရေးကို စွန့်လွှတ်လိုက်ကြ၏။

ဆူဇီမိုသည် နားလည်သဘောပေါက်သွား၏။

သူတို့ပြန်လာသည်ကို မြင်သောအခါ ဆူဇီမိုသည် အကုန်လုံးကို သဘောပေါက်နားလည်သွား၏။

သို့သော်လည်း ဤအချိန်၌ စိတ်ခံစားမှုမြင့်တက်၍ သူ့နှုတ်ခမ်းက တုန်ယင်နေပြီး ဘာစကားမှ ထွက်မလာပေ။

“ငါလဲ လာပြီဟေ့”

တိုက်ပွဲမြေတွင် ရိုးရိုးအေးအေးပုံစံနှင့် ကျင့်ကြံသူတစ်ယောက်က ရုတ်တရတ် ပေါ်လာ၏။ သူက အသံကျယ်ကျယ်အော်ပြီး သူ့လက်ထဲက သတ္တုတုတ်ကို ဝေ့ရမ်းကာ လူမိုက်နှစ်ယောက်ကို ရိုက်ချလိုက်၏။

“ငတုံးကျန့်လား”

ထိုအသံကို ကြားရချိန်တွင် ဖက်တီးလေးက မယုံကြည်နိုင်ဟန်ဖြင့် လှည့်ကြည့်လိုက်လေသည်။

ယခုအခါ သူတို့လေးယောက်စလုံးက ရွှမ်ထျန်းမြို့ထဲသို့ ပြန်ရောက်လာခဲ့လေပြီ။

ဆူဇီမို၏ ရင်ထဲတွင် နွေးထွေးသည့်ခံစားချက်က စိမ့်ဝင်ပျံ့နှံ့သွား၏။ သူရထားသော ဒဏ်ရာများက ဆက်လက်မနာကျင်နိုင်တော့ပေ။

ဒီနေရာမှာ ကျေးဇူးတင်ပါတယ်ဆိုသည့်စကားများ မလိုအပ်တော့ပေ။

“ဟဟ ဟဟား ဟားဟား..”

နောက်ဆုံးမှာတော့ ဆူဇီမိုသည် အားပါးတရ ရယ်ချလိုက်၏။

ကျိချန်းရှန်၊ လမ့်ရို၊ ဖက်တီးလေးနှင့် ရှစ်ကျန့်တို့ကပါ လိုက်ရယ်လိုက်ကြ၏။

များပြားလှစွာသော ရန်သူများ၏ ဓါးများက တဖျတ်ဖျတ်လက်နေပြီး သူတို့ငါးယောက်သည် သိပ်ပြီး အခြေအနေ မကောင်းလှပေ။ သို့သော်လည်း သူတို့က ရင်ထဲအနက်ရှိုင်းဆုံးမှလာသော ပျော်ရွှင်ပီတိနှင့် ရူးသွပ်စွာ ရယ်မောလိုက်ကြ၏။

ရယ်နေရင်းနှင့် အချို့သည် မျက်ရည်များဝဲလာကြပြီး တချို့မျက်ရည်များက မိုးရေများနှင့် ရောပါသွားလေသည်။

“ငတုံးကျန့်.. မင်းပြောတော့ မင်းက မတုံးပါဘူးဆို.. ဒါနဲ့ ဘာလို့ ပြန်လာတာလဲ” ဖက်တီးလေးက မေးလိုက်၏။

“ငါလဲ.. ဘာမှလုပ်စရာ မရှိလို့” ရှစ်ကျန့်က ပြန်ဖြေလိုက်လေသည်။

All Chapters