← Chapters

နတ်သားတော်မှ ဘုံကျောင်းကို ထိတ်လန့်စေခြင်း

Vol. 40 Ch. 605

နတ်သားတော်မှ ဘုံကျောင်းကို ထိတ်လန့်စေခြင်း

Vol. 40 Ch. 605

သစ်ရွက်ကိုစားပြီးနောက် ချင်းချိုး၏ နှလုံးသားထဲမှာ သံသယဖြစ်ပေါ်လာသည်။ သူက ရွှီချင်းနှင့် ခေါင်းဆောင်ကို သံသယဖြစ်စွာ ကြည့်သည်။

ဤမြင်ကွင်းက အနည်းငယ် ရင်းနှီးနေသည်ဟု သူခံစားရပြီး စက်ဆုပ်ဖွယ်တစ္ဆေလက်နှင့် ခွေးရူးအကြောင်း တွေးမိသည်။

သို့သော်လည်း ကောင်းကင်နက်မျိုးနွယ်မှ နတ်သားတော် သူ့အပေါ်ဆက်ဆံပုံကို ပြန်သတိရသွားသည့်အခါ ယင်းက မဖြစ်နိုင်ကြောင်း သူခံစားမိသည်။ မည်သို့ဆိုစေ သူနှင့် တစ္ဆေလက်သည် အချင်းချင်း သဘောမကျကြပေ။ အကယ်၍ တစ္ဆေလက်မှာ သူ့ကိုသတ်ရန် အခွင့်အရေးရှိသည်ဆိုလျှင် သူက သေချာပေါက် စိတ်ပျော့ပျောင်းနေလိမ့်မည်မဟုတ်။

.....

ချင်းချိုးတွေးတောနေစဉ် ရွှီချင်းက သစ်ရွက်များကိုကြည့်သည်။ သူက နှုတ်ခမ်းသပ်လိုက်ပြီး သစ်ရွက်တစ်ရွက်ကို ခူးယူရန်ပြင်သည်။ သို့သော်လည်း ထိုအချိန်တွင် အင်မော်တယ်အူခွေသစ်ပင်သည် အပြင်းအထန် တုန်လှုပ်လာသည်။ ကောင်းကင်ထိ ထိုးတတ်နေသော ပင်စည်သည် လှုပ်ယမ်းလာပြီး အရပ်ရှစ်မျက်နှာသို့ လေကြမ်းများ ဖြစ်ပေါ်စေသည်။

ဤသည်ကိုမြင်သဖြင့် ရွှီချင်းသည် နောင်တရစွာ သူ့အတွေးကို ပြန်ရုတ်သိမ်းလိုက်ရတော့သည်။

ခေါင်းဆောင်သည် ချင်းချိုးကိုလှည့်ကြည့်ပြီး ပြုံးသည်။

“ မင်းလည်း ဒီကံကောင်းမှုကို လိုချင်တာလား… ကောင်းပြီလေ ဟိုအတွက်ကြောင့်… အဟန့် ငါမင်းကို ထည့်တွက်ပေးမယ် ”

ခေါင်းဆောင်သည် စကားပြောပြီးသည်နှင့် မကောင်းဆိုးဝါးတစ္ဆေတံစဉ်းကို ထုတ်ယူလိုက်ပြီး ချင်းချိုးထံ ပစ်ပေးသည်။

တံစဉ်းကို ဖမ်းမိသည့်အခါ ချင်းချိုး နှလုံးတုန်သွားသည်။ မကောင်းဆိုးဝါးတစ္ဆေ၏ အော်ငိုကြွေးသံကို စိတ်ထဲမှာ သူကြားနေရသည်။ သူက စိတ်ရှုပ်ထွေးစွာ ခေါင်းဆောင်နှင့် ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် ချင်းချိုး၏ သိုလှောင်အိတ်ကို ပစ်ပေးလိုက်သည်။

ချင်ချိုးသည် အသက်ရှူသံမြန်လာသည်။ သူက သိုလှောင်အိတ်ကို ဖမ်းမိသည်နှင့်ချက်ချင်း မျက်နှာဖုံးတစ်ခုကို ထုတ်ယူလိုက်ပြီး မျက်နှာပေါ် တပ်လိုက်သည်။ သူ အနည်းငယ် စိတ်တည်ငြိမ်လာသည့်အခါ ရွှီချင်းနှင့် ခေါင်းဆောင်ကို သံသယဖြစ်စွာ နောက်တစ်ကြိမ် ကြည့်သည်။ သူ၏ အသိစိတ်ထဲမှ မကောင်းဆိုးဝါးတစ္ဆေကို မေးကြည့်သော်လည်း အဖြေမရသည့်နောက် ရုတ်တရက် ပြောသည်။

“ ရှင်တို့က တကယ်ပဲ ဘယ်သူတွေလဲ ”

“ မင်း ငါ့မျိုးနွယ်ရဲ့ နတ်သားတော်ကို ဘယ်လိုစကားမျိုး ပြောတာလဲ ”

ခေါင်းဆောင်သည် စူးစူးရဲရဲကြည့်သည်။

ရွှီချင်းသည် အကူအညီမဲ့စွာ ချောင်းဟန့်လိုက်ပြီး ခေါင်းဆောင်ကို ထပ်မစတော့ရန် သတိပေးသည်။

ခေါင်းဆောင်သည် တဟားဟားရယ်လိုက်ပြီး ဆက်မပြောတော့ပေ။ ယင်းအစား သူ၏ အရှေ့မှ အင်မော်တယ်အူခွေသစ်ပင်ပေါ်သို့ ခုန်လိုက်သည်။ သူက ရွှီချင်းထံ လက်ဝှေ့ပြပြီး ဆက်လက်ခုန်တတ်သွားသည်။

နင်ယန်သည် မှင်တတ်သွားပြီး သံသယဖြစ်လာသည်။ သူက ခေါင်းဆောင်နှင့် ရွှီချင်းကိုကြည့်လျက် အတွေးနက်သွား၏။

သို့သော်လည်း သူ့အတွက် တွေးတောရန် အချိန်အများကြီးမရပေ။ ဝမ်းဗိုက်မှ နွယ်က ဆွဲဆောင့်ခံလိုက်ရလေရာ သူက ခေါင်းဆောင်နောက်သို့ အလိုအလျောက် လိုက်ပါသွားသည်။

မူလက သူ၏ သံသယက ချက်ချင်း စိတ်သောက၊ စိတ်ပျက်မှုအဖြစ် အစားထိုးသွားသည်။

ရွှီချင်းသည် အင်မော်တယ်အူခွေသစ်ပင်ပေါ်သို့ တည်ငြိမ်စွာ ခြေချလိုက်ပြီး အရှေ့သို့ အရှိန်မြှင့်လိုက်သည်။

ချင်းချိုးသည် အံတင်းတင်းကြိတ်၍ အနောက်မှ အလျှင်အမြန် လိုက်သွားသည်။

အင်မော်တယ်အူခွေသစ်ပင်များမှ နိုးထလာနေသော အရှိန်အဝါတစ်ခုသည် ဆက်လက်ပြီး ကြီးမားလာနေသလို သစ်ပင်သည်လည်း ပိုပိုပြီး လှုပ်ယမ်းလာသည်။ ထိုသို့ဖြင့် သူတို့လေးယောက်သည် သစ်ပင်ပေါ်မှာ ပေတစ်ထောင်ခန့်အထိ ပြေးနေကြသည်။

ဤအမြင့်မှဆိုလျှင် သူတို့သည် ခေါင်းငုံ့ရုံဖြင့် မြေပြင်မှ တောတွင်းကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ သို့သော်လည်း ဤနေရာသည် အဝေးမှ တောတွင်း၏ အစွန်အဖျားကိုမြင်ရန် မလုံလောက်သေးပေ။

ဘေးဘီသို့ စစ်ဆေးကြည့်နေစဉ် ရွှီချင်းသည် ရုတ်တရက် သူ၏ ညာလက်မောင်းနောက်မှ ယားယံမှုကို ခံစားရလာသည်။ ထိုနေရာသို့ ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးသည် မှေးကျဉ်းသွားသည်။

သူ၏ ညာလက်မောင်းနောက်တွင် သေးငယ်သော အဖုတစ်ခုရှိပြီး အက်ကွဲရာတစ်ခုက အဖုပေါ်မှာ ထွက်ပေါ်လာသည်။ ရွှီချင်း ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအက်ကွဲရာက ပွင့်သွားသည်။

၎င်း၏ အကြည့်သည် နက်ရှိုင်းပြီး ရွှီချင်း၏ အကြည့်နှင့် တွေ့ဆုံသွားသည်။

ထိုသို့အလားတူဖြစ်ရပ်က ချင်းချိုး၏ ခန္ဓာကိုယ်ပေါ်မှာလည်း ဖြစ်ပေါ်လာသည်။ မျက်လုံးတစ်လုံးက သူ့လက်မောင်းပေါ်မှာ စထွက်လာသည်။

ခေါင်းဆောင်ဆီမှာမူ မျက်လုံးက ဦးခေါင်းနောက်တွင် ထွက်ပေါ်လာသည်။

နင်ယန်၏ အခြေအနေက အနည်းငယ် ပိုကောင်းမွန်သည်။ သို့သော်လည်း သူ၏ တစ်ကိုယ်လုံးမှာ အဖုများရှိသည်။ အဖုများက မျက်လုံးများသို့ ပြောင်းသွားရန် အချိန်သိပ်မကြာတော့ဟန်ရ၏။

“ ဘာမှမမှားဘူး… ထင်ထားသလိုပဲ ဒီမှာ မျက်လုံးအတားအဆီးရှိတယ် ”

ခေါင်းဆောင်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက ခေါင်းလှည့်၍ ရွှီချင်းကိုကြည့်ပြီး သူ၏ မျက်လုံးထဲမှ ရူးသွပ်မှုကို ဖော်ပြသည်။

‘ ချင်းလေး… စောစောက ငါမင်းကိုပြောခဲ့တဲ့ ကံကောင်းမှုက မကြာခင် ထွက်ပေါ်လာတော့မယ် ’

အသံပို့လွှတ်ပြီးသည့်အခါ ခေါင်းဆောင်သည် သူ့လက်ကိုမြှောက်၍ လက်မောင်းပေါ်မှာ အသစ်ထွက်လာသော မျက်လုံးကို ကိုက်လိုက်ပြီး မမျိုချမီ ဝါးစားလိုက်သည်။ ထို့နောက် သူက အရှေ့သို့ ဆက်သွားသည်။

ထိုမြင်ကွင်းက နင်ယန်ကို အလွန်စိတ်မသက်မသာ ခံစားရစေသည်။ သူက မှတ်ဉာဏ်ဆိုးတချို့ကို ပြန်တွေးမိသွားဟန်ရပြီး စိတ်သောက ပိုများလာသည်။

ရွှီချင်းသည် သူ့လက်မောင်းနောက်မှ မျက်လုံးကို ကြည့်လိုက်သည်။ တားမြစ်အဆိပ်ဆေးလုံးမှ စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာသည်။ ချက်ချင်းဆိုသလို မျက်လုံးသည် မည်းနက်သွားပြီး ပုပ်သိုးဆွေးမြေ့သွားသည်။

ထို့နောက် သူက ခံစားချက်မဲ့စွာ ဘယ်လက်ကိုမြှောက်လိုက်ပြီး ဓားမြှောင်ဖြင့် အသားပုပ်ထဲသို့ ထိုးစိုက်လိုက်သည်။

သူက ဓားမြှောင်ကို လှည့်လိုက်ပြီး အသားအပိုင်းအစကို လှီးထုတ်လိုက်သည်။ နောက်ထပ်ဖြစ်လာမည့် ထူးထူးဆန်းဆန်းအရာများကို ကာကွယ်နိုင်ရန် ထိုအသားအပိုင်းအစကို သူက လွှတ်မပစ်ဘဲ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သူက အရှေ့သို့ ဆက်သွားသည်။ မျက်လုံးများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဆက်လက်ထွက်ပေါ်လာဆဲ ဖြစ်သည်။ စောစောကအတိုင်း ယင်းတို့ကို တားမြစ်အဆိပ်ဆေးလုံး၏ စွမ်းအားဖြင့် သတ်ဖြတ်ပြီး အသားပုပ်များကို လှီးထုတ်ပစ်သည်။

တဖြည်းဖြည်း မျက်လုံးအရေအတွက်နှင့် အထွက်နှုန်းက တိုးမြှင့်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာလည်း ဒဏ်ရာများစွာ ဖြစ်ပေါ်လာသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ မျက်လုံးအရေအတွက်နှင့် အထွက်နှုန်းက အံ့မခန်းမြင့်တတ်လာနေကြောင်း သူသတိပြုမိသွားသည်။

ယခုအချိန်တွင် အဖုတစ်ရာကျော်က သူ၏ ခန္ဓာကိုယ်ပေါ်မှာ ချက်ချင်း ထွက်ပေါ်လာပြီး မျက်လုံးများသို့ အမြန်ပြောင်းလဲသွားသည်။ အသက်ရှစ်ခါရှူချိန်အတွင်း ရွှီချင်း၏ လက်မောင်းများ၊ ပေါင်များ၊ ရင်ဘက်၊ ကျောကုန်း၊ လည်ပင်းနှင့် သူ၏ မျက်နှာမှာပင် မျက်လုံးများဖြင့် ပြည့်နှက်လာသည်။

မျက်လုံးများထွက်ပေါ်လာသည်နှင့် သူ၏ အသိစိတ်ပင်လယ်သည် စတင်ပရမ်းပတာဖြစ်လာပြီး ထူးဆန်းသော ဝိညာဉ်တချို့ ထွက်ပေါ်လာသည်။ ထိုဝိညာဉ်များသည် သူ့ခန္ဓာကိုယ်နှင့် တစ်ပုံစံတည်း တူညီပြီး သူ၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ပင်။

သို့သော်လည်း သူတို့၏ အမူအရာသည် ခြားနားကြသည်။ တချို့က အန္တရာယ်ပေးမည့်ပုံစံ၊ တချို့က ငိုနေသည့်ပုံစံ၊ တချို့က ရယ်မောနေသည့်ပုံစံ၊ တချို့က ညည်းတွားနေသည့်ပုံစံ၊ တချို့က ဆုံးဖြတ်ချက်ပြတ်သားသည့်ပုံစံနှင့် တချို့က သူရဲဘောကြောင်သည့်ပုံစံ အစရှိသဖြင့် မတူကွဲပြားကြသည်။

အသိစိတ်ပင်လယ်ထဲမှ ထိုဝိညာဉ်များကို အာရုံခံမိသောအခါ ရွှီချင်း၏ အမူအရာသည် သုန်မှုန်လာသည်။ မျက်လုံးတစ်ခု အသစ်ထွက်ပေါ်လာသည့်အခါတိုင်း သူ၏ အသိစိတ်ပင်လယ်ထဲမှာ နောက်ထပ်ဝိညာဉ်တစ်ခု တိုးပွားလာနေကြောင်း ရှာတွေ့သွား၏။

ထိုဝိညာဉ်များသည် ပိုင်ဆိုင်နိုင်သော အရည်အချင်း မရှိကြပေ။ သူတို့၏ အကျင့်စရိုက်သည် ကွဲပြားခြားနားပြီး အမှီအခိုမဲ့ဝိညာဉ်များပမာ သူ၏ ဝိညာဉ်ထဲသို့ ပေါင်းစပ်ရန် ကြိုးစားနေကြသည်။

သူတို့အောင်မြင်သွားသည်နှင့် ရွှီချင်းသည် အကျင့်စရိုက်များစွာရှိသည့် အရူးတစ်ယောက်နှယ် ဖြစ်လာလိမ့်ပေမည်။

ခေါင်းဆောင်၏ ခန္ဓာကိုယ်အနှံ့တွင် မျက်လုံးများက ဖုံးလွှမ်းထားသလို ချင်းချိုးသည်လည်း အတူတူပင် ဖြစ်သည်။

နင်ယန်တစ်ယောက်တည်းသာ ပုံမှန်ဟုယူဆနိုင်ပေသည်။ အစမှယခုအထိ မည်သည့်မျက်လုံးမှ သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်မလာသေးပေ။ အဖုများသာ ဆက်လက်များပြားလာနေသည်။ ယင်းတို့ပေါ်မှာ အက်ကွဲရာများရှိသော်လည်း သူ၏ အရေပြားက အလွန်မာကျောလှသဖြင့် ထိုမျက်လုံးများက ပွင့်မလာနိုင်ကြပေ။

မရေမတွက်နိုင်သော အဖုများက တစ်ခုပေါ်တစ်ခု ထပ်ဆင့်သွားသည့်တိုင် မျက်လုံးများက ပွင့်မလာနိုင်ကြပေ။ အဖုများစွာက တစ်ခုနှင့်တစ်ခု ဖိထားပြီး အချင်းချင်း ဖျက်ဆီးနေကြသည်။

ထိုဝိညာဉ်များ၏ ထူးခြားသော လုပ်ဆောင်မှုကို အာရုံခံမိပြီးသောအခါ ရွှီချင်းသည် မတုံ့ဆိုင်းတော့ပေ။ သူ၏ အသိစိတ်ပင်လယ်ထဲမှ တစ္ဆေအင်ပါယာတောင်ကုန်းက ဖိနှိပ်သော အရှိန်အဝါကို ထုတ်လွှတ်ပြီး ဝိညာဉ်များကို ဖိနှိပ်လိုက်သည်။

အောက်လမ်းတာအိုလုယက်အတတ်ဖြင့် ရန်သူ၏ ရွှေအမြုတေများကို သူသိမ်းယူခဲ့စဉ်က ရန်သူ၏ ဆန္ဒနှင့် အတွေးတချို့ကိုလည်း ကမ္မအကျိုးကြောင့် စုပ်ယူခဲ့ရသည်။ တစ္ဆေအင်ပါယာတောင်ကုန်း၏ လုပ်ဆောင်မှုသည် ထိုအတွေးများကို ဖိနှိပ်နိုင်စွမ်း ရှိ၏။

ဖိနှိပ်ခြင်းအလင်းတောက်ပလာသောအခါ ရွှီချင်း၏ အသိစိတ်ထဲမှ ဝိညာဉ်အားလုံး စတင်ပျက်စီးလာကြသည်။

ထိုသို့ပျက်စီးခြင်းက ရွှီချင်းအတွက် အတော်လေး အကျိုးအမြတ်ရှိသည်။ သူ၏ ဝိညာဉ်သည် အလျှင်အမြန် အားဖြည့်တင်းပြီး သန်မာလာသည်။

ထိုဖြစ်စဉ်က ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ မျက်လုံးအားလုံးကို လင်းလက်သွားစေသည်။ သူက အဆိပ်ဖြင့်မသတ်တော့ဘဲ ထိုမျက်လုံးများကို ဆက်၍ ထွက်ပေါ်လာရန် ခွင့်ပြုစေသည်။

တခြားလူများ၏ နည်းလမ်းသည် ရွှီချင်းနှင့်ခြားနားသော်လည်း သူတို့အားလုံး၏ အကြံအဖန်သည် အလုပ်ဖြစ်၏။

ပထမ ခေါင်းဆောင်သည် မျက်လုံးများကို ဝါးစားပစ်သည်။ သို့သော်လည်း မျက်လုံးများစွာ ထွက်ပေါ်လာသည့်နောက် သူက အမည်မသိအတတ်တစ်ခုကို ထုတ်သုံးလိုက်လေရာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပါးစပ်ပေါက်အများအပြား ထွက်ပေါ်လာကြသည်။ ထိုပါးစပ်ပေါက်များက ခန္ဓာကိုယ်အနှံ့လျှောက်သွားပြီး မျက်လုံးများကို တစ်လုံးပြီးလုံး ဝါးစားပစ်နေကြသည်။

နင်ယန်သည် ပုံမှန်အတိုင်းပင်။ သူ၏ ခန္ဓာကိုယ်မှ အဖုအများစုသည် သူတို့ဘာသာ ငြိမ်းသက်သွားကြပြီး အတွေးဝိညာဉ်တစ်ခုမှ မဖြစ်လာကြချေ။ ယင်းက ခေါင်းဆောင်၏ စိတ်ဝင်စားမှုကို ဖမ်းစားသွားသည်။ သူက လက်ထဲမှနွယ်ကို ဆွဲယူလိုက်ပြီး တုန်ယင်နေသော နင်ယန်ကို သူ့ဘေးသို့ ခေါ်ကာ အရှေ့သို့ဆက်သွားနေလျက် တစ်ချက်တစ်ချက် လေ့လာစမ်းစစ်သည်။

ချင်းချိုးကမူ ထိုမျက်လုံးများကို မဖျက်ဆီးပေ။

အကျင့်စရိုက်များသည် သူ့အတွက် ကြီးမားသော ကံကောင်းမှုဖြစ်သည်။ သူ၏ သွေးပိုင်နက်က စတင်ရန် အကျင့်စရိုက်များကို လိုအပ်သည်။ ယခုအခိုက်အတန့်မှာ သူ၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်းတစ်ခုထွက်ပေါ်နေပြီး အသက်ရှူသံက အနည်းငယ် မြန်ဆန်နေသည်။ သူရရှိသော အကျိုးအမြတ်က မသေးကြောင်း သိသာပေသည်။

အမှန်တော့ သူ၏ ခန္ဓာကိုယ်မှ တအိအိထုတ်လွှတ်နေသော အရှိန်အဝါက ရွှီချင်းကို အံ့အားသင့်စေသည်။

သို့သော်လည်း မျက်လုံးများထွက်ပေါ်မှုသည် အကန့်အသတ်ရှိသေးပေ၏။ အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်လွန်ပြီးနောက် အမြင့်ပေရှစ်ထောင်သို့ သူတို့ရောက်ရှိသွားသောအခါ မျက်လုံးများသည် ဆက်လက်ပေါ်မလာတော့ပေ။

ရွှီချင်းသည် အနည်းငယ် နောင်တရသည်။ အဆိပ်စွမ်းအားသည် ပျံ့နှံ့ထွက်လာပြီး သူ၏ တစ်ကိုယ်လုံးကို သွေးဖုံးလွှမ်းသွားစေသည်။

မျက်လုံးရာပေါင်းများစွာသည် ပုပ်သိုးဆွေးမြေ့သွားကြပြီး မင်ရည်သို့ ပြောင်းလဲသွားကာ စီးကျလာသည်။

ထိုအချိန်၌ အရှေ့မှ သွားနေသော ခေါင်းဆောင်သည် ရပ်တန့်လိုက်သည်။

သူ၏ လက်ချောင်းများဖြင့် တွက်ဆပြီးနောက် ဘေးဘီကိုကြည့်သည်။ ထို့နောက် သူ၏ ဝမ်းဗိုက်ကို လှီးဖြတ်ပြီး အူတစ်စကို ဆွဲထုတ်လိုက်လေရာ အားလုံး၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက အူကို ဖြတ်တောက်ပြီး ခြေထောက်အောက်မှ သစ်ကိုင်းတစ်ခုပေါ်သို့ ပစ်တင်လိုက်သည်။

သစ်ကိုင်းပေါ်သို့ အူစကျသွားသောအခါ ခေါင်းဆောင်၏ အူသည် ပင်စည်ထဲသို့ ပေါင်းစပ်သွားသည်။ ထို့နောက် သူက ရွှီချင်းကို တောက်ပသော မျက်လုံးဖြင့် ကြည့်သည်။

ရွှီချင်းသည် တိတ်ဆိတ်သွားသည်။ အသက်နှစ်ခါရှူချိန်ကြာပြီးနောက် သူက ဝမ်းဗိုက်ကို လှီးဖြတ်လိုက်ပြီး အူအပိုင်းအစတစ်ခုကို တည်ငြိမ်စွာ ဖြတ်တောက်လိုက်သည်။ ထို့နောက် သစ်ကိုင်းပေါ်သို့ ပစ်တင်လိုက်သည်။

ခေါင်းဆောင်သည် ချင်းချိုးဆီသို့ မျှော်လင့်တကြီး လှည့်ကြည့်သည်။

မျက်နှာဖုံးကြောင့် ချင်းချိုး၏ အမူအရာကို မည်သူမှမမြင်နိုင်ပေ။ သို့သော်လည်း အဆုံးမှာ ချင်းချိုးသည် ဘေးသို့ခေါင်းလှည့်လိုက်ပြီး သူ့အူကို မဖြတ်ပစ်ခဲ့ပေ။

ခေါင်းဆောင်က နောင်တရစွာ ကြည့်သည်။ ဘေးမှာရှိနေသော နင်ယန်သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ လမ်းတစ်လျှောက်မှာ ထူးဆန်းသော အဖြစ်ပျက်များကို သူတွေ့ကြုံခဲ့ပြီးဖြစ်သော်လည်း သူ့အရှေ့မှ ကောင်းကင်နက်မျိုးနွယ်ဝင်နှစ်ယောက်သည် အလွန်ရူးကြောင်သည်ဟု အခုထိ ခံစားနေမိတုန်းပင်။

မည်သို့ဆိုသော် သူတို့အရှေ့ဆက်သွားပြီး ပေတစ်ထောင်ရောက်သည့်အခါတိုင်း ဤကောင်းကင်နက်မျိုးနွယ်ဝင်နှစ်ယောက်က သူတို့၏ အူအပိုင်းအစတစ်ခုကို ဖြတ်တောက်ပြီး သစ်ပင်၏ အကိုင်းအခတ်ထဲသို့ ပေါင်းစပ်စေသောကြောင့် ဖြစ်ပေသည်။ အဝေးမှ အဆုံးမရှိသော သစ်ကိုင်းများကို မော့ကြည့်လျက် ယုတ္တိမတန်သော အတွေးတစ်ခုက သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။

‘ သူတို့ရဲ့ အူတွေက လုံလောက်ပါ့မလား… သူတို့အူတွေမလုံလောက်ရင် ငါ့ဗိုက်ထဲက အူတွေကို လာဖြတ်မှာလားမသိဘူး… တော်သေးတယ်… ဒီအတွက် စိုးရိမ်စရာမရှိဘူး… ငါ့အူတွေကို သူတို့မဖြတ်နိုင်လောက်ဘူး… မဟုတ်ဘူး… ဒီလူတွေက အရမ်းအန္တရာယ်များတယ်… ငါ့ဗိုက်ကိုဖြတ်ပြီး အူကိုထုတ်ဖို့ သူတို့မှာ တခြားနည်းလမ်းတွေ ရှိလောက်တယ် ’

နင်ယန်၏ အသိစိတ်သည် ဖရိုဖရဲဖြစ်လာပြီး ပိုပြီးစိတ်ပျက်အားငယ်လာသည်။

ထိုသို့ဖြင့် သူတို့သည် အင်မော်တယ်အူခွေသစ်ပင်ဆီသို့ ဆက်ချီတတ်နေလေသည်။

အချိန်သည် မည်သို့မည်ပုံ ကုန်ဆုံးသွားမှန်းမသိ အာရုဏ်တတ်ချိန်သို့ ရောက်လာသည်။ နေမင်း၏ ပထမရောင်ခြည်တန်းများသည် ကောင်းကင်နှင့် မြေပြင်ကြားမှာ မြင့်တတ်လာသည်။ အဝေးမှကြည့်လျှင် မီးတောက်လောင်နေသော ကောင်းကင်သဖွယ် မြင်ရ၏။

သို့သော်လည်း အဝေးရှိ ကောင်းကင်၏ အခြားတဖက်တွင် သန့်စင်ရေလှိုင်းမျိုးနွယ် ကောင်းကင်လေတိုင်းပြည်၏ မြို့တော်ထဲမှာ မြေပြင်ထက်သို့ လေကြမ်းများ တိုက်ခတ်လာနေလေသည်။

ဤနေရာတွင် နေဝင်ချိန်ဖြစ်၍ ကောင်းကင်တစ်ခွင်လုံး နီညိုရောင်ထွန်းလင်းနေသည်။

ထိုစဉ် အလင်းနက်တစ်ခုသည် မြို့တော်၏ ဗဟိုယဇ်ပလ္လင်မှ ရုတ်တရုတ် ပေါက်ကွဲထွက်လာပြီး တစ်မြို့လုံးကို ဖြန့်ကျက်သွားကာ ကောင်းကင်ပေါ်သို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ထိုအလင်းနက်ထဲတွင် ရောင်စဉ်အားလုံး၊ လောကစည်းမျဉ်းအားလုံးကို ဝါးမျိုနိုင်ပြီး အလင်းမှန်သမျှကို သန့်စင်နိုင်သော အထွတ်အထိပ်စွမ်းအားတစ်ခု ပါရှိသည်။

မူလက နီညိုရောင်ကောင်းကင်သည် ထိုအလင်းနက်၏ ဖုံးလွှမ်းခြင်းခံလိုက်ရသည်။

အဝေးမှ လှမ်းမျှော်ကြည့်လျှင် အနီရောင်တစ်စွန်းတစ်စ တွဲစပ်နေသော အနက်ရောင်အစက်အပြောက်တစ်ခု ကြီးထွားလာနေသည့်ပုံကို မြင်တွေ့ရလိမ့်မည်။

အနက်ရောင်အစက်အပြောက်အောက် ယဇ်ပလ္လင်တွင် ဘုံကျောင်းတစ်ခုရှိသည်။

ယင်းမှာ ကောင်းကင်နက်ဘုံကျောင်းဖြစ်သည်။

ဘုံကျောင်းဆီမှ ခေါင်းလောင်းသံမြည်ဟီးသွားလေရာ အချိန်ကာလကို ဖြတ်ကျော်ပဲ့တင်ထပ်သွားသလိုမျိုး ရှေးဟောင်းခံစားမှုကိုပေးသည်။ တစ်ချိန်တည်းမှာ ကောင်းကင်‌ပေါ်မှ အနက်ရောင်အစက်အပြောက်သည် ကောင်းကင်နက်မျိုးနွယ်၏ ဧရာမမျက်နှာတစ်ခုသို့ ဖြည်းညှင်းစွာ ပြောင်းလဲသွားသည်။

၎င်းမှာ ကောင်းကင်နက်မျိုးနွယ်မှ အဖိုးအိုတစ်ဦး၏ မျက်နှာဖြစ်သည်။ ဆံပင်သည် ဖြူဖွေးနေပြီး ပါးရေနားရေသည် တွဲကျနေသည်။ ကောင်းကင်ပေါ်မှာ ကျန်ရှိနေသော အနီရောင်အလင်းသည် စုပ်ယူခံလိုက်ရပြီး အဖိုးအို၏ မျက်ခမ်းမွှေးများသို့ ပြောင်းလဲသွားသည်။

အဖိုးအို၏ ရောက်ချလာမှုသည် ကောင်းကင်လေတိုင်းပြည်မှ သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်တိုင်းကို နှလုံးတုန်သွားစေသည်။ သူတို့သည် ချစ်ကြောက်ရိုသေသော အမူအရာဖြင့် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်မှာ ဒူးထောက်လိုက်ကြသည်။

နန်းတော်ထဲမှ ကောင်းကင်လေပြည်ထောင်၏ ပြည်တော်အရှင်နှင့် အထက်တန်းမျိုးနွယ်များ၊ မူးမတ်များအားလုံး ဦးနှိမ့်လိုက်ကြပြီး ရိုသေစွာ ဒူးထောက်လိုက်ကြသည်။

သူတို့ဒူးထောက်သည့်အခိုက် ကောင်းကင်ရှိ အနက်ရောင်အစက်အပြောက်မှ ဖြစ်တည်လာသော မျက်နှာသည် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။

ထိုမျက်လုံးသည် နက်ရှိုင်းပြီး အထဲတွင် အလွန်များပြားသော တာအိုသင်္ကေတများ ဖြတ်သန်းစီးဆင်းနေသည်ကို မသဲမကွဲမြင်ရသည်။ အနက်ရောင်အစက်အပြောက်သည်လည်း မှုန်ဝါးလာနေပြီး အချိန်ကာလမတူသည့်ခေတ်မှ မရေမတွက်နိုင်သော ဆင့်ပွားပုံရိပ်များက ထိုမျက်နှာပေါ်မှာ စုစည်းလာကြသည်။

ဘေးပတ်ပတ်လည်မှ ကောင်းကင်တွင် ကမ္ဘာငယ်များစွာ ဖြစ်တည်လာပြီး လွင့်စင်ပျောက်ကွယ်သွားကြသည်။

အဆုံးမှာ ထိုကမ္ဘာငယ်များက အာဟာရဓာတ်ဖြစ်လာဟန်ရ၍ အနက်ရောင်အခိုးအငွေ့သို့ ပြောင်းလဲသွားပြီး အနက်ရောင်အစက်အပြောက်၏ ဘေးပတ်ဝန်းကျင်သို့ လွင့်မျောပျံ့နှံ့သွားကာ အလင်း၊ ပုံရိပ်ယောင်တောင်တန်းများ၊ မြစ်များ၊ ကုန်းမြေများနှင့် အံ့ဖွယ်သက်ရှိများ အစရှိသည်တို့ကို ဝါးမျိုသွားလေသည်။

ယင်းက ကောင်းကင်၏ အဆုံးမှာ တည်ရှိနေသော အစစ်အမှန်မဟာလောကတစ်ခုနှင့် ဆင်တူပေသည်။

သို့သော်လည်း ဤမဟာလောကသည် စဦးအခြေအနေမှာသာရှိသေးပြီး တည်ငြိမ်မှုမရှိသေးပေ။

အကယ်၍ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဤမဟာလောကကြီး အစစ်အမှန်တည်ငြိမ်လာသည့်အခါ ယင်းကို တစ်စုံတစ်ယောက်၏ ပခုံးပေါ်မှာ ထမ်းတင်ထားခြင်းခံရမည်ကို စိတ်ကူးဖြင့် မှန်းဆကြည့်နိုင်ပေသည်။

ထိုသို့သော တည်ရှိမှုမျိုးက ကမ္ဘာ‌မြေပေါ်သို့ ဆင်းသက်လာသည့်အခါ ဗလာနတ္ထိအဆင့်ကျင့်ကြံသူ မဟုတ်တော့ပေ။ ဝိညာဉ်စုစည်းခြင်းအဆင့်ဖြစ်ပေမည်။

ကမ္ဘာသည် တိတ်ဆိတ်သွား၏။ တိုင်းပြည်ထဲရှိ သက်ရှိအားလုံးက ခေါင်းငုံ့ထားကြသည်။ အချိန်ခဏအကြာမှာ ရှေးဟောင်းအသံတစ်ခုက တိုင်းပြည်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

“ ကောင်း‌ကင်‌လေ ”

“ ကျွန်တော်မျိုးရှိပါတယ် ”

နန်းတော်အတွင်းရှိ ကောင်းကင်လေပြည်ထောင်မှ ပြည်တော်အရှင်သည် ရိုသေလေးစားစွာ ဖြေကြားသည်။

“ သွားပြီး နတ်သားတော်ကိုကြိုဆို ”

“ ကောင်းကင်နက်နတ်ဘုရားရဲ့ အမိန့်တော်ကို ကျွန်တော်မျိုး လေးစားပါတယ် "

ကောင်းကင်လေပြည်တော်အရှင်၏ နှလုံးသည် ဗြောင်းဆန်သွားပြီး လေသံအနိမ့်ဖြင့် ပြန်ဖြေကြားသည်။

ထိုအခိုက်အတန့်မှာ ကောင်းကင်နှင့် မြေကြီးကြားမှ လေသည် ပိုပြီး ပြင်းထန်စွာ တိုက်ခတ်လာ‌လေသည်။

All Chapters