ကောင်းကင်သို့ ပူဇော်ပသခြင်း
Vol. 40 Ch. 606
ထိုစဉ် အရှေ့ဖုန်းဆိုးဒေသငယ်အတွင်းရှိ အင်မော်တယ်အူခွေသစ်ပင်ပေါ်တွင်…
ရွှီချင်းနှင့် တခြားလူများသည် ဆက်လက်ခရီးဆက်နေဆဲပင်။
ခေါင်းဆောင်သည် သူ၏ အူများကို ဆက်ပြီးဖြတ်တောက်နေသည်။ သူ၏ အမူအရာပေါ်မှာ ရူးသွပ်မှုနှင့် မဆုတ်မနစ်ကြိုးစားမှုက အတိုင်းသား ပေါ်လွင်နေသည်။
.....
ရွှီချင်းသည် အံကြိတ်၍ တစ်ပုံစံတည်း လိုက်လုပ်သည်။ သူ၏ အူအခွေမှ နောက်ထပ်အပိုင်းအစတစ်ခုကို လှီးဖြတ်ပြီး သစ်ပင်နှင့် ပေါင်းစပ်စေသည်။
ခေါင်းဆောင်က အဘယ့်ကြောင့် ထိုသို့လုပ်ဆောင်နေကြောင်း သူသေချာမသိပေ။ သို့သော်လည်း သူသည် ကျင့်ကြံခြင်းခရီးတွင် အတွေ့အကြုံများစွာရှိပြီးသူဖြစ်သဖြင့် အင်မော်တယ်အူခွေသစ်ပင်များ၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်ပြီးကတည်းက ခေါင်းဆောင်၏ လုပ်ဆောင်မှုများက ရိုးရာဓလေ့တစ်ခုနှင့် ဆင်တူနေကြောင်း သတိပြုမိသည်။
ထို့အပြင် သူတို့သည် ထွဋ်ခေါင်နိုင်ငံဘုရင်ပြောသည့် အချိန်လေဟာနယ်ဖရိုဖရဲဖြစ်မှုနှင့် ကျိန်စာများကို မတွေ့ကြုံခဲ့ရပေ။
ကဒ်ဘေးအင်မော်တယ်မျိုးနွယ်၏ မျိုးဆက်များကြားတွင် ပျံ့လွင့်နေသော ကောလဟာလတစ်ခုက ရွှီချင်း၏ စိတ်ထဲသို့ ခဏခဏ ဝင်ရောက်လာသည်။
“ အင်မော်တယ်အူခွေသစ်ပင်တွေထဲက အန္တရာယ်တွေက ပဟေဠိအပိုင်းအစတွေလိုပဲ… ဝင်တဲ့နည်းလမ်းမှားရင် အန္တရာယ်တွေကို နေရာတိုင်းလိုလိုမှာ တွေ့ရလိမ့်မယ်… လမ်းကြောင်းမှန်ကို ကျွမ်းကျင်မှပဲ အထဲကို ဘေးမထိရန်မခဘဲ ဝင်ရောက်နိုင်လိမ့်မယ် ”
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ့အရှေ့မှ ခေါင်းဆောင်ကိုကြည့်သည်။
‘ ငါတို့တွေ အင်မော်တယ်အူခွေသစ်ပင်ရဲ့ နယ်နိမိတ်မျဉ်းကို ဖြတ်တုန်းက ရှစ်ပီအလောင်းကောင်အတားအဆီးပေါ်လာဖို့ ခေါင်းဆောင်က တစ်ခုခုလုပ်ခဲ့တာဖြစ်မယ်… အဲ့ဒါက ပဟေဠိရဲ့ ပထမအပိုင်းအစဖြစ်မယ် ’
‘ ပဟေဠိရဲ့ ဒုတိယအပိုင်းအစက အမွှေးမဲ့ငှက် အာ့လော့အိုင်းအတားအဆီးဖြစ်မယ် ’
‘ အဲ့ဒါပြီးနောက် ငါတို့တွေ အင်မော်တယ်အူခွေသစ်ပင်အောက်မှာ တိုက်ရိုက်ပြန်ပေါ်လာတယ်… ပြီးတော့ ပဟေဠိရဲ့ တတိယအပိုင်းအစ မျက်လုံးအတားအဆီးပေါ်လာတယ် ’
‘ အတားအဆီးသုံးခုကို တွေ့ကြုံပြီးတဲ့နောက် ခေါင်းဆောင်က သူ့အူကို စလှီးဖြတ်ပြီး သစ်ပင်နဲ့ ပေါင်းစပ်စေတယ် ’
‘ ဆိုလိုတာက ဒီမှာအတားအဆီးက သုံးခုမကဘူး ’
ရွှီချင်းသည် အတွေးနက်သွား၏။ အရှေ့သို့ ခက်ခက်ခဲခဲ သူဆက်သွားနေရင်း မြေပြင်အောက်သို့ ငုံ့ကြည့်လိုက်သည်။
ယခုအချိန်တွင် သူတို့သည် အမြင့်ပေနှစ်သောင်းကျော်သို့ ရောက်ရှိနေကြသည်။ ဤနေရာတွင် လေကြမ်းက တဟူးဟူးတိုက်ခတ်နေပြီး မြေပြင်က အတော်လေး ကျုံ့သွား၏။ ယခု တောတွင်းတစ်ခုလုံးသာမက ရောင်စုံအစက်အပြောက်များသို့ ပြောင်းလဲသွားသည့် မြို့ ၃၆ခုကိုလည်း သူမြင်နေရသည်။
‘ ခေါင်းဆောင်ပြောတဲ့ ကံကောင်းမှုက တကယ်ပဲဘာလဲ ’
မြေပြင်ကို စိုက်ကြည့်နေရင်း ထိုမေးခွန်းက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း နက်နဲစွာ ဆက်မတွေးနိုင်ခင် သူ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အရှေ့သို့ ကြည့်လိုက်လေသည်။
သူတစ်ဦးတည်း အမူအရာပြောင်းလဲသွားခြင်းမဟုတ်။ ခေါင်းဆောင်သည်လည်း ရပ်တန့်လိုက်ပြီး အဝေးမှ ပင်စည်ကို ကြည့်လိုက်သည်။
သူတို့အရှေ့ရှိ ညိုနက်နက်ပင်စည်ပေါ်မှ သစ်ခေါက်အပိုင်းအစများသည် ရုတ်တရက် လူးလွန့်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း သစ်ခေါက်များသည် တစ်ခုပြီးတစ်ခု နိုးထလာပြီး အသားဖုလုံးကောင်များသို့ ပြောင်းလဲသွားကြသည်။
အသားဖုလုံးတစ်ကောင်စီသည် ငါးပေခန့်ရှည်လျားပြီး တစ်ပေခန့်ထူသည်။ သူတို့၏ ခန္ဓာကိုယ်မှ အရောင်အသွေးသည် ပင်စည်နှင့်မခြားပေ။ အသားဖုလုံးကောင်၏ ဦးခေါင်းတွင် ပန်းပွင့်အသွင် အလွှာတစ်ခုစီ ခွဲထွက်လာပြီး သွေးသားနှင့် ထက်ရှသော အစွယ်များကို ထုတ်ပြနေသည်။
ပျစ်ချွဲချွဲအရည်က သူတို့၏ စက်ဆုပ်ဖွယ်ပါးစပ်ထဲမှ စီးကျလာသည်။
ရွှီချင်း၏ အကြည့်က အေးခဲသွားသည်။ ထိုအသားဖုလုံးကောင်များက သာမန်မဟုတ်ကြောင်း သူပြောနိုင်၏။
နင်ယန်နှင့် ချင်ချိုး၏ အမူအရာသည်လည်း မည်းမှောင်သွားသည်။ ခေါင်းဆောင်၏ မျက်လုံးထဲ၌သာ ရူးသွပ်မှုနှင့် ပြည့်နှက်နေပြီး သူက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
“ ကောင်းကင်က ပွင့်တော့မယ် ”
ခေါင်းဆောင်၏ စကားသံ ပဲ့တင်ထပ်သွားသည်နှင့် ပင်စည်ပေါ်မှ အရေအတွက်တစ်သိန်းကျော် အသားဖုလုံးကောင်များသည် ပါးစပ်ဖွင့်လိုက်ကြသည်။ သူတို့သည် တစ်ညီတစ်ညာတည်း မတ်တတ်ရပ်၍ ကောင်းကင်ပေါ်သို့ မျက်နှာမူပြီး စတင်လှုပ်ယမ်းလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်လာသည်။
သူတို့၏ ပုံစံမှာ ကောင်းကင်ထံသို့ အသံကုန်အော်ဟစ်နေဟန် ထင်ရ၏။ သို့သော်လည်း မည်သည့်အသံမှ မကြားရချေ။
သူတို့အော်ဟစ်နေသော အသံက ကျင့်ကြံသူများအဖို့ ကြားနိုင်စွမ်းမရှိသည့်ပုံ ပေါ်၏။ ထို့ကြောင့် ရွှီချင်း၏ မျက်လုံးထဲမှာတော့ သူတို့က အသံမဲ့အော်သံများကို ထုတ်ဖော်နေသည်ဟု မြင်မိသည်။
သူတို့ရှိနေသည့် အင်မော်တယ်အူခွေသစ်ပင်တစ်ပင်တည်း ထိုသို့ဖြစ်နေခြင်းမဟုတ်ပေ။ အနီးနားဝန်းကျင်မှ တခြားအင်မော်တယ်အူခွေကိုးပင်ထံတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပျက်နေကြသည်။
ယင်းက အလွန်ထူးခြားသောဖြစ်ရပ်တစ်ခုပင် ဖြစ်၏။
ပို၍ထူးခြားဖွယ်ကောင်းသည်မှာ အသားဖုလုံးကောင်သန်းပေါင်းများစွာ၏ အသံမဲ့အော်သံများကြောင့် ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားသည်။
အက်ကွဲကြောင်းတစ်ခုက ကောင်းကင်၏ အဆုံးမှာ မသဲမကွဲ ဖြစ်ပေါ်လာသည်။
ရွှီချင်း၏ အသိစိတ်က ဗြောင်းဆန်သွားသည်။ ယခင်တုန်းက ဤမြင်ကွင်းကို သူ၏ စိတ်အာရုံဖြင့် မြင်ခဲ့ဖူးသည်။
ထိုအချိန်တုန်းကလည်း ကောင်းကင်ပေါ်တွင် ယခုကဲ့သို့ အက်ကွဲကြောင်းတစ်ခု ရှိသည်။
စိတ်အာရုံဖြင့် မြင်ခဲ့ရသော ထိုမြင်ကွင်းကို ယခုထိ သူမှတ်မိနေသေးပေသည်။ ထိုအက်ကွဲကြောင်းအတွင်းမှာ မမှန်းဆနိုင်သည့် တည်ရှိမှုတစ်ခု ရှိသည်။
ရွှီချင်းသည် အသက်ရှူမြန်လာသည်။ ထိုအခိုက်အတန့်မှာ အနီးနားဝန်းကျင်သည် လွင့်ပျယ်လာသည်။ ထို့နောက် မမြင်ရသည့် တစ်စုံတစ်ခုက ခေါင်းဆောင်ကို အဆက်မပြတ် ထိုးနှက်လိုက်သည့်အလား သူ့တစ်ကိုယ်လုံးက တုန်ခါသွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။
သူတစ်ဦးတည်းမဟုတ်ပေ။ နင်ယန်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ချင်းချိုး၏ လက်ထဲမှ မကောင်းဆိုးဝါးတစ္ဆေက အော်ညည်းလိုက်သည်။
ထို့နောက် ရွှီချင်းသည်လည်း မမြင်ရသောအရာကို အာရုံခံမိသွားသည်။
ထိုအရာကဘာမှန်း သူမသိသော်လည်း တစ်စုံတစ်ခုက သူ့အပေါ် ကျရောက်လာကြောင်း ခံစားမိသည်။ နောက်တစ်စက္ကန့်မှာ သူ၏ အသိစိတ်က တုန်လှုပ်သွားပြီး ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုလှိုင်းများ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို သူ၏ အသွေးအသားက ထုံကျင်လာပြီး အမြစ်ပြတ်သုတ်သင်သော ခံစားမှုတစ်ခုက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ အသက်စွမ်းအင်ကို မှေးမှိန်စေသည်။
“ မိုးကြိုးကပ်ဘေးအတားအဆီးလား ”
ယင်းကို သူမမြင်နိုင်သော်လည်း စိတ်အာရုံကိုအသုံးပြု၍ ချက်ချင်း ဆုံးဖြတ်မှုတစ်ခုပြုလုပ်ခဲ့သည်။
ထိုခံစားမှုက မိုးကြိုးပစ်ချခံရသည့် ခံစားမှုနှင့် တစ်ထပ်တည်းတူညီသည်။
ကျန်းကန်းဂိုဏ်း၏ ဘိုးဘေးထံမှ ညည်းတွားသံကလည်း ယင်းကို အတည်ပြုပေးခဲ့သည်။
“သခင်… အဲ့ဒါမိုးကြိုးပါ… ဒါပေမဲ့ ဒီမိုးကြိုးက ထူးဆန်းတယ်… မြင်လည်းမမြင်နိုင်ဘူး အာရုံခံလို့လည်းမရဘူး… ဒါ ဘယ်လိုမိုးကြိုးကပ်ဘေးအတားအဆီးလဲ ”
ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူ၏ အရှေ့တွင် မရေမတွက်နိုင်သော မိုးကြိုးများရှိဟန် ရ၏။ သို့သော်လည်း ယင်းတို့ကို သူအာရုံမခံနိုင်ပေ။ မိုးကြိုးများက အဆက်မပြတ် ကျဆင်းလာနေပြီး သူ့အား အရှေ့သို့ဆက်မသွားနိုင်ရန် တားဆီးနေသည်။
အားလုံး အရှေ့သို့ဆက်သွားရန် ရပ်တန့်နေရစဉ် ခေါင်းဆောင်က ရူးသပ်စွာ ပြုံးလိုက်သည်။
“ ဒါက ဂါသအသံအတားအဆီး ”
“ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ရဲ့ သဘောပေါက်မှုအရ အင်မော်တယ်ဖြစ်လာဖို့ လမ်းစဉ်က ကိုယ့်ဝမ်းဗိုက်ကိုဖွင့်ပြီး အူတွေကို ကမ္ဘာထဲမှာ ထားရမယ်… ပြီးတော့ အရာအားလုံးနဲ့ ဆက်သွယ်ရမယ် ”
“ အဲ့ဒီလိုပဲ မိုးကြိုးကပ်ဘေးအတားအဆီးရဲ့ ဇစ်မြစ်နဲ့ ပေါ်ပေါက်လာပုံအပေါ် သူတို့ရဲ့ နားလည်မှုကလည်း တခြားမျိုးနွယ်တွေနဲ့ ကွာခြားတယ် ”
“ သူတို့ယုံကြည်ထားတာက ကမ္ဘာကြီးစတင်မွေးလာတော့ ဂါသအမည်ရတဲ့ တည်ရှိမှုက ကောင်းကင်ဘုံတာအိုကို ဖြုတ်ချချင်ခဲ့တယ်… နောက်ဆုံးမှာ ဂါသက ရှုံးနိမ့်သွားပြီး ကမ္ဘာရဲ့ နတ္ထိနယ်မြေမှာ ကောင်းကင်ဘုံတာအိုရဲ့ ချိတ်ပိတ်တာခံခဲ့ရတယ်… ဂါသကို ကမ္ဘာက မမှတ်မိအောင် အာရုံခံလို့မရအောင် ကောင်းကင်ဘုံတာအိုက လုပ်ခဲ့တယ် ”
“ ဒါပေမဲ့ ဂါသက လက်မခံနိုင်ဘဲ ဟင်းလင်းပြင်ထဲမှာ မကြာခဏဆိုသလို ဟိန်းဟောက်တယ်… သူ့ရဲ့ ဟိန်းသံက အသံတစ်ခုလိုပြောင်းသွားပြီး ကမ္ဘာတစ်ခုလုံးမှာ နေရာကွက်လပ်မကျန်အောင် ပျံ့နှံ့သွားခဲ့တယ် ”
“ မိုးကြိုးပေါ်ပေါက်လာပုံကို ကဒ်ဘေးအင်မော်တယ်မျိုးနွယ်တွေက အဲ့လို နားလည်ထားကြတယ် ”
“ အဲ့ဒါကို ဖုံးကွယ်ထားချင်လို့ ကောင်းကင်ဘုံတာအိုက ဂါသရဲ့အသံထဲမှာ အလင်းနိယာမကို အပ်နှင်းပေးခဲ့တာကြောင့် မမြင်နိုင်တာကနေ မြင်နိုင်လာတယ်… နောက်တော့ အဲ့ဒါကို မိုးကြိုးကဒ်ဘေးအတားအဆီး၊ မိုးကြိုး၊ မိုးကြိုးသွား အစရှိတဲ့ နာမည်တွေပေးခဲ့ကြတယ် ”
“ အဲ့ဒါကြောင့် သက်ရှိအားလုံးက မိုးကြိုးကိုပဲ သိကြပြီး မိုးကြိုးဇစ်မြစ်ကို သူတို့သိတယ်လို့ ထင်ကြတယ်… ဒါပေမဲ့ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ရဲ့ အမြင်မှာတော့ အဲ့ဒါက ဂါသရဲ့အသံပဲ ”
ခေါင်းဆောင်က ကျယ်လောင်စွာ ရယ်မောရင်း ရှင်းပြသည်။
ဤသည်ကိုကြားသောအခါ ရွှီချင်း၏ နှလုံးသည် ဗြောင်းဆန်သွားသည်။ မိုးကြိုးအား ထိုသို့ရှင်းပြခြင်းကို ပထမဆုံးအကြိမ် သူကြားဖူးခြင်း ဖြစ်၏။
သူစကားပြောတော့မည့်အချိန်မှာပဲ ခေါင်းဆောင်က နွယ်ကြိုးကို ဆောင့်ဆွဲလိုက်သည်။ နင်ယန်သည် အော်ဟစ်လျက် အရှေ့သို့ ပျံသန်းသွားသည်။ ခေါင်းဆောင်သည် နင်ယန်ကို အကာအကွယ်တစ်ခုပမာ သူ့အရှေ့တွင် ကိုင်ဆောင်ထားလိုက်သည်။
နင်ယန်သည် စိတ်ထဲမှနေ၍ အဆုံးမရှိအောင် ကျိန်ဆဲနေသည်။ သို့သော်လည်း အပြင်မှာတော့ စကားတစ်လုံးပင် သူမပြောဝံ့ချေ။ ဝမ်းနည်းမှုနှင့် မခံမရပ်နိုင်သော ဒေါသက သူ့နှလုံးသားထဲမှာ ဆက်လက်မြင့်တတ်လာသည်။
ခေါင်းဆောင်သည် နင်ယန်အား အကာအကွယ်တစ်ခုပမာ အသုံးပြု၍ အရှေ့သို့ ဆက်လျှောက်သွားသည်။
မမြင်ရသော မိုးကြိုးအားလုံးက နင်ယန်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။ နင်ယန်သည် မရပ်မစဲ အော်ဟစ်ညည်းညူသည်။ သို့သော်လည်း သူ၏ အရေပြားမှ မာကျောမှုက ရွှီချင်းကိုပင် စိတ်လှုပ်ရှားစေသည်။
ထိုသို့ အဆက်မပြတ် မိုးကြိုးပစ်ချမှုအောက်မှာပင် သူက ဒဏ်ရာကြီးကြီးမားမား မရပေ။
“ စီနီယာအကိုကြီးပြောတာ မှန်တယ်… ဒီနင်ယန်က တစ်ခုခုတော့ တစ်ခုခုပဲ ”
ခဏအကြာမှာ ခေါင်းဆောင်က အသားဖုလုံးကောင်များနှင့် ပြည့်နှက်နေသော ဧရိယာကို ဖြတ်ကျော်သွားသည်။
သူအဝေးသို့ ရောက်ရှိသွားသောအခါ နင်ယန်ကို ပစ်ချလိုက်ပြီး အော်ပြောသည်။
“ ဖမ်းလိုက် ”
နင်ယန် အာခေါင်ခြစ်အော်သည်နှင့် သူ့ခန္ဓာကိုယ်ကို ရွှီချင်းက ဖမ်းလိုက်သည်။
“ အရှင်နတ်သားတော်… ငါ… ”
နင်ယန်သည် မျက်ရည်စီးကျလာသည်။ သူ ရွှီချင်းကို ဝမ်းနည်းကြေကွဲစွာ ကြည့်လိုက်သည့်အခါ ရွှီချင်းက ခေါင်းဆောင်၏ လုပ်ဆောင်မှုအတိုင်း တုပ၍ သူ့ကို အကာအကွယ်ကဲ့သို့ သဘောထားပြီး အရှေ့သို့ ပြေးသွားသည်။
နင်ယန် အော်ဟစ်ငိုကြွေးသည်။
မကြာမီ ရွှီချင်းက ထိုနေရာကို အောင်မြင်စွာ ဖြတ်ကျော်သွားသည်။ နင်ယန်၏ မာကျောမှုကို သက်ပြင်းချပြီးနောက် ရွှီချင်းသည် သူ့ကို ချင်းချိုးဆီသို့ ပစ်ပေးလိုက်သည်။
“ မလုပ်နဲ့တော့… အဲ့ဒါနာတယ် ”
နင်ယန်က အော်ငိုသည်။ ရုတ်တရက် သူ့မှာ ထိုသို့မာကျောသော ခုခံမှုရှိခြင်းကို နောင်တရလာသည်။
ထူးဆန်းသောအလင်းက ချင်းချိုး၏ မျက်လုံးထဲမှာ ပေါ်လာသည်။ သူက နင်ယန်၏ ဗိုက်ထဲမှ ထိုးထွက်နေသော နွယ်ကို ဆုပ်ကိုင်လိုက်ပြီး ယင်းကို ရတနာတစ်ခုအလား သဘောထား၍ အရှေ့သို့ ပြေးသွားသည်။
ထိုသို့ဖြင့် သိပ်မကြာခင် ချင်းချိုးသည်လည်း အသားဖုလုံးကောင်များနှင့် မိုးကြိုးကပ်ဘေးအတားအဆီးဧရိယာကို ဖြတ်ကျော်နိုင်သွားသည်။ သူက အသက်မဲ့နေဟန်ထင်ရသော နင်ယန်ကို ခေါင်းဆောင်ဆီ လွှဲပေးသည်။
“ မလိုဘူး ”
ခေါင်းဆောင်က ခေါင်းခါသည်။
ယင်းကို နင်ယန်ကြားသည့်အခါ အန္တရာယ်မှ သူလွတ်မြောက်သွားပြီဟု ခံစားမိသည်။ သို့သော်လည်း သူ၏ နှလုံးခုန်သံက မြန်လာသည်။ အတိတ်နိမိတ်ဆိုးကို သူ စတင်ခံစားရစဉ် ခေါင်းဆောင်က ရွှီချင်းကို ကြည့်သည်။
“ ဂျူနီယာညီလေး… ငါမင်းကိုပြောတဲ့ ကံကောင်းမှုက ဟိုးမှာ ”
ခေါင်းဆောင်က ကောင်းကင်မှ အက်ကွဲကြောင်းကို ညွှန်ပြသည်။
ရွှီချင်း၏ မျက်လုံးက လင်းသွားသည်။
သူတို့သည် ယခု အမြင့်ပေသုံးသောင်းမှာရှိနေကြပြီး ကောင်းကင်နှင့် အနည်းငယ် ဝေးကွာနေသေးသည်။ သို့သော်လည်း သူတို့မတ်တတ်ရပ်ပြီး ခေါင်းမော့လိုက်သည့်အခါ ကောင်းကင်မှ အက်ကွဲကြောင်းကို ရှင်းလင်းစွာ မြင်ရလာသည်။
“ အခု ငါဘာမှမပြောနိုင်သေးဘူး… ဒါပေမဲ့ မကြာခင် မင်းကို အားလုံးပြောပြမယ် ”
ထို့နောက် ခေါင်းဆောင်သည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထိုအခိုက်အတန့်မှာ သူ၏ ကိုယ်ပေါ်မှ ဝတ်ရုံသည် အနက်ရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားသည်။
ယင်းက ယခင်တာအိုဝတ်ရုံမဟုတ်တော့ဘဲ ရိုးရာဝတ်ရုံနှင့် ပိုတူသည်။
လေတဟူးဟူး တိုက်ခတ်မှုအောက်မှာ သူက အရှေ့သို့ ခြေကိုးလှမ်း လှမ်းပြီး လက်ကိုဘယ်ညာယမ်း၍ ကလိုက်သည်။
သူ၏ အကဟန်ပန်သည် ရွှီချင်း စောစောတုန်းက မသဲမကွဲမြင်ခဲ့ရသော အင်မော်တယ်အူခွေသစ်ပင်မှ ပုံပြောင်းအရိပ်နှင့် အနည်းငယ် ဆင်တူသည်။ ရွှီချင်း အံ့အားသင့်နေစဉ် ခေါင်းဆောင်က စတင်ရွတ်ဆိုသည်။
ယင်းက ပုံရိပ်ယောင်ထဲမှ သူအာရုံခံမိသည့် အိုဟောင်းပြီး တိုးညှင်းသောအသံနှင့်မတူဘဲ ခေါင်းဆောင်၏ အသံက အများကြီး ပိုရှင်းလင်းသည်။
“ အို ကြီးကျယ်မြင့်မြတ်တဲ့ ကောင်းကင်ဘုံ… ကမ္ဘာမြေဆီ ဆင်းသက်ပြီး အလင်းပေးတော်မူပါ… ရှေးခေတ်က စိတ်ဝိညာဉ်တွေကို စုစည်းပြီး ဘိုးဘေးကျေနပ်စေဖို့ရာ အတားအဆီးလေးခု ဖြစ်လာစေ ”
“ ရှစ်ပီအလောင်းကောင်အတားအဆီး… အတိတ်နဲ့ ပစ္စုပ္ပန်ကို တိုက်စားစေ ”
“ အာ့လော့အိုင်အတားအဆီး… လမ်းစဉ်ငယ် ”
“ မျက်လုံးအတားအဆီး… သင်္ဂြိုလ်စမ်း ”
“ ဂါသအသံအတားအဆီး… ဖုံးကွယ်ပြီး ခြောက်သွေ့စေ ”
အနီးနားဝန်းကျင်သည် လှုပ်ခါလာပြီး မီးတောက်များသို့ ပြောင်းလဲသွားကာ ကောင်းကင်သို့ ပျံသန်းသွားသည်။ ထို့နောက် မရေမတွက်နိုင်သော အကပုံရိပ်များက အရပ်မျက်နှာပေါင်းစုံမှာ ပေါ်ထွက်လာကြသလို အင်မော်တယ်အူခွေသစ်ပင်များပေါ်မှာလည်း ပေါ်ထွက်လာကြသည်။
အဝေးမှကြည့်လျှင် ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ဝင် သိန်းပေါင်းများစွာက အတူတူကခုန်နေကြပြီး ကောင်းကင်ထံ ဝတ်ပြုဆုတောင်းနေသည့် အံ့ဖွယ်ဖြစ်ရပ်ကို မြင်ရလိမ့်မည်။
ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး တိမ်နှင့်လေသည် တိုက်ခတ်ရွေ့လျားသွားသည်။ မိုးကြိုးသည် တိမ်တိုက်များကိုဖြတ်သန်း၍ ထစ်ချုန်းနေသည်။
ခေါင်းဆောင်၏ အကလှုပ်ရှားမှုများက ထူးဆန်းသော စည်းချက်တစ်ခုကို ထုတ်လွှတ်သည်။ ထိုအချိန်တွင် သူ၏ အသံက ပိုပြီး အူလှိုက်သဲလှိုက်ဖြစ်လာသည်။ နောက်ဆုံးတွင် သူက ကောင်းကင်ကို အရိုအသေပေး၍ ကျယ်လောင်စွာ ရွတ်လိုက်သည်။
“ ယဇ်ပူဇော်တဲ့အတားအဆီး ပြီးဆုံးပြီ… ကောင်းကင်က အက်ကွဲကြောင်း ဖွင့်လှစ်ပြီးပြီ… ဝမ်ကူးကောင်းကင်ဘုံတာအိုကို ဒီထဲမှာ ပါဝင်စေဖို့ ငါဆန္ဒပြုတယ် ”
ဘေးပတ်ပတ်လည်မှ ကဒ်ဘေးအင်မော်တယ်မျိုးနွယ် သိန်းပေါင်းများစွာသည် တစ်ညီတစ်ညာတည်း ကောင်းကင်ထံ အရိုအသေပေးလိုက်ကြသည်။
ဘွန်း
ဘွန်း..
ဘွန်း…
ကမ္ဘာကြီးပြိုလဲသော အသံက ကောင်းကင်အတွင်းမှ မြည်ဟိန်းထွက်လာသည်။ ကမ္ဘာတစ်ခွင်သို့ ပျံ့လွင့်သွားသော နားကွဲလုမတတ် အသံအောက်မှာ ကောင်းကင်မှ အက်ကွဲကြောင်းသည် ရုတ်တရက် ပွင့်သွားသည်။