← Chapters

မဟာကံကောင်းမှုကြီး

Vol. 40 Ch. 607

မဟာကံကောင်းမှုကြီး

Vol. 40 Ch. 607

ကောင်းကင်သည် ထက်ပိုင်းကွဲထွက်သွားသည်။

ယင်းက ကောင်းကင်ဘုံမျက်လုံးတစ်လုံး ပွင့်သွားသလိုပင်။

အတွင်းပိုင်းသည် မှုန်ဝါးပြီး သေချာရှင်းလင်းစွာ မမြင်ရပေ။ သို့သော်လည်း ကမ္ဘာအက်ကွဲစေမည့် ထူးခြားမြင့်မြတ်သော နိယာမစွမ်းအင်လှိုင်းများက ကမ္ဘာမြေဆီသို့ ပျံ့လွင့်လာကြသည်။

.....

နယ်မြေဂ၏ နယ်ရုပ်အနေဖြင့် ရွှီချင်းသည် ကမ္ဘာငယ်အတွင်းမှာ လောကတစ်ခု၏ နိယာမများကို တစ်ကြိမ်တစ်ခါ သယ်ဆောင်ဖူးသည်။ ထို့ကြောင့် နိယာမများအပေါ် သူ၏ အာရုံခံနိုင်စွမ်းသည် အလွန်ထက်ရှသည်။ သူ၏ ကိုယ်အတွင်းမှ မိုဆာဆောကောင်းကင်ဘုံတာအိုသည်လည်း တုန်လှုပ်လာပြီး ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်ကို ပေးသည်။

ကောင်းကင်ဘုံမျက်စိအတွင်းပိုင်းထဲမှ တည်ရှိမှုက ယင်းနှင့် တူညီသောဇစ်မြစ်မှ ဆင်းသက်လာသလိုပင်။

ရွှီချင်းသည် နှလုံးတုန်သွားသည်။ သူက ကခုန်နေသော ခေါင်းဆောင်ကို ကြည့်လိုက်သည်။ တဖက်လူ၏ တာအိုဝတ်ရုံဖြူက ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော်လည်း အကလှုပ်ရှားမှုများက သူ၏ စိတ်အာရုံထဲမှာ မြင်တွေ့ခဲ့ရသော ကဒ်ဘေးအင်မော်တယ်မျိုးနွယ်မှ ပုံရိပ်နှင့် တစ်ထပ်တည်း တူညီသည်။

‘ စီနီယာအကိုကြီးက အရင်ဘဝတွေထဲက တစ်ဘဝမှာ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ဝင်ဖြစ်ခဲ့တာလား ’

‘ ဒီဟာက ငါနဲ့ စီနီယာအကိုကြီး လုပ်ဆောင်ခဲ့တာတွေထဲမှာ တခြားအဆင့်မှာရှိတယ် ’

ရွှီချင်း၏ စိတ်ထဲမှာ အတွေးများစွာ ပေါ်လာသည်။

ချင်းချိုးသည်လည်း အံ့ဩသွားသည်။ သူက အားလုံးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေသည်။ ဤအတွေ့အကြုံက ဆယ်နှစ်ကျော် သူ့ဘဝထဲမှာ သက်ရောက်မှုအရှိဆုံးဟု ဆိုနိုင်ပေသည်။

သူက ကောင်းကင်နက်မျိုးနွယ်၏ ဖမ်းဆီးခံခဲ့ရပြီး အစေခံကျွန်ဖြစ်လာရန် အတင်းဖိအားပေးခံခဲ့ရသည်။ ကောင်းကင်နက်မျိုးနွယ်မှ ထိုလူနှစ်ယောက်က သံသယဝင်ခံရပြီး ဂုဏ်ထူးဆောင် ဧည့်သည်တော်များဖြစ်လာကြသည်အထိ သူကိုယ်တိုင်ကြည့်ရှုခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက် အင်မော်တယ်အူခွေသစ်ပင်များ၏ အတွင်းပိုင်းဆီသို့ လျှောက်သွားသည်ကို ကူကယ်ရာမဲ့စွာ သူကြည့်ရှုခဲ့သည်။ နောက်ဆုံး ဤနေရာတွင် ကောင်းကင်ဘုံအား ဝတ်ပြုဆုတောင်းခြင်းကို သူမြင်တွေ့ခဲ့သည်။

လူတိုင်းက ကောင်းကင်ဘုံကို ဝတ်ပြုမဆုတောင်းနိုင်ပေ။

ထို့အပြင် အနီးနားဝန်းကျင်၌ ထွက်ပေါ်လာကြသော ကဒ်ဘေးအင်မော်တယ်မျိုးနွယ်၏ ပုံရိပ်များက ကောင်းကင်နက်မျိုးနွယ်ဝင်ကို ဗဟိုပြုထားကြသည်မှာ ရှင်းလင်းပေသည်။

ချင်းချိုးနည်းတူ နင်ယန်သည်လည်း လုံးလုံးဆွံ့အနေသည်။ သူက အသက်ရှူမြန်လာပြီး အားလုံးကို မယုံကြည်နိုင်စွာ ကြည့်နေသည်။

ခေါင်းဆောင်နှင့် သိန်းပေါင်းများစွာသော ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ဝင်များ ကခုန်နေကြသည့် ထိုအခိုက်အတန့်မှာ အင်မော်တယ်အူခွေသစ်ပင်များသည် အပြင်းအထန် လှုပ်ယမ်းလာကြပြီး ကောင်းကင်အဆုံးမှ ဝမ်းနည်းကြေကွဲသော အော်သံတစ်ခု မြည်ဟိန်းထွက်လာသည်။

“ ဂျူနီယာညီလေး… ငါ့ကိုကူညီပြီး သူ့ကို ရပ်တန့်ပေး ”

ခေါင်းဆောင်က အမောတကောပြောသည်။

ရွှီချင်းသည် တုံ့ဆိုင်းမနေပေ။ သူက ခန္ဓာကိုယ်တစ်ချက် လှုပ်ယမ်းလိုက်လေရာ ခေါင်းဆောင်၏ အရှေ့သို့ တိုက်ရိုက်ရောက်ရှိသွားပြီး ကောင်းကင်နက်ရုပ်တုကို ဆင့်ခေါ်လိုက်သည်။ ကောင်းကင်နက်ရုပ်တုသည် ကောင်းကင်ယံမှ အလျှင်အမြန် ဆင်းသက်လာသည်။

“ သူ့အားနည်းချက်က မျက်လုံးမှာ… သူ့မျက်လုံးကို တိုက်ခိုက် ”

ခေါင်းဆောင်၏ အသံထဲမှာ စိတ်ဆောနေမှု အရိပ်အမြွက်ပါရှိ၏။ သူ့စကားဆုံးသည်နှင့် သစ်ပင်၏ အစွန်းဖျားမှ အံ့မခန်းအရှိန်အဟုန်ဖြင့် ပြေးလာနေသော ပုံရိပ်က ရွှီးချင်း၏ မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်း ပေါ်လာသည်။

ထိုပုံရိပ်ကို မြင်သည့်အခါ ရွှီချင်း၏ အသိစိတ်က လှုပ်ခါသွားသည်။

ထိုပုံရိပ်က သက်ရှိလူမဟုတ်ပေ။ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်၏ အလောင်းကောင်တစ်ကောင်ဖြစ်၏။ လူသားများနှင့် ခြားနားသည်မှာ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်၏ မျက်ခုံးနှစ်ခုကြားတွင် တိုတမ်သင်္ကေတတစ်ခု ရှိ၏။ ယင်းက အူခွေ သို့မဟုတ် မြွေတစ်ကောင်နှင့် ဆင်တူပြီး ရစ်ခွေလှည့်ပတ်နေလေရာ မျက်လုံးအသွင်ဖြစ်ပေါ်နေသည်။

သို့သော် ယင်းက အဓိကအချက်မဟုတ်ပေ။ ရွှီချင်း၏ အသိစိတ်ကို လှုပ်ခါသွားစေသည့် အကြောင်းအရင်းမှာ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်၏ ရုပ်သဏ္ဍာန်ဖြစ်သည်။

ကဒ်ဘေးအင်မော်တယ်အလောင်းကောင်သည် ပိန်လှီးခြောက်ကပ်ပြီး သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်း၏ ဟောင်းလောင်းပွင့်နေသော ဝမ်းဗိုက်က တွန့်လိမ်လူးလွန့်နေသော မြွေများနှင့်အလားသဏ္ဍာန်တူသည့် အော်ဂလီဆန်ဖွယ် အူခွေများကို လှစ်ဟဖော်ပြနေသည်။ သို့သော်လည်း သူနှင့် ခေါင်းဆောင်ကြားမှ ရင်းနှီးမှုအရ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်၏ မျက်နှာပေါက်သည် ခေါင်းဆောင်နှင့် သိသိသာသာ ဆင်တူနေကြောင်း ရွှီချင်း သတိပြုမိသည်။

ထိုအလောင်းကောင်ထံမှ အေးစက်မှုသည် ရွှီချင်းနှင့် ရင်းနှီးသည်။ ယင်းက ခေါင်းဆောင်ဆီမှ အေးစက်မှုနှင့် တစ်ထပ်တည်းပင်။

ရွှီချင်း၏ အသိစိတ်က လှုပ်ခါသွားသော်လည်း ယခု သူ့မှာ စဉ်းစားရန် အချိန်အများကြီးမရပေ။ အလောင်းကောင်၏ အလျှင်သည် အလွန်မြန်သည်။ လျှပ်တစ်ပြက်အတွင်း ၎င်း၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး လေပွေကြမ်းအသွင် ပြောင်းလဲသွားကာ ရွှီချင်းထံသို့ ခုန်အုပ်လာသည်။

ရွှီချင်း၏ အသိစိတ်ထဲ၌ အန္တရာယ်အငွေ့အသက် ထွက်ပေါ်လာသည့်အခါ ကောင်းကင်နက်ရုပ်တုက သူ့အနောက်မှ ထွက်ပေါ်လာပြီး တားဆီးပေးသည်။

ကျယ်လောင်အသံ ထွက်ပေါ်လာသည်။

ပြင်းထန်သော အားလှိုင်းအတတ်အကျများက အရပ်မျက်နှာပေါင်းစုံသို့ လွင့်စင်သွားသည်။

ရွှီချင်း၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ် အနောက်သို့ လိမ့်ကျသွားသည်နှင့် ကောင်းကင်နက်ရုပ်တုက ပိတ်ဆို့ပေးထားသော အလောင်းကောင်က သူ၏ သေကွင်းသေကွက်နေရာများအား တိုက်ခိုက်လာသည်ကို မြင်လိုက်သည်။

ကောင်းကင်နက်ရုပ်တု၏ ကိုယ်ထည်က ဆက်လက်တုန်ခါနေသော်လည်း အလောင်းကောင်၏ တိုက်ခိုက်မှုများကို တောင်ကြီးတစ်ခုသဖွယ် တားဆီးပေးထားသည်။

ခေါင်းဆောင်နှင့်ရုပ်တူသော အလောင်းကောင်က နားအူဖွယ်အော်သံကြီးကို ထုတ်ဖော်လိုက်သည်။ ဝိညာဉ်သိုက်အဆင့် စွမ်းအင်က ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်စွာ ပေါ်လျှိုးလာပြီး ရုန်းထွက်ရန် ကြိုးစားသည်။ သို့သော်လည်း ကောင်းကင်နက်ရုပ်တုထံမှာ အားကောင်းသော အလင်းနက်ရောင်ခြည်ထွန်းလင်းလာပြီး ယင်း၏ လက်နှစ်ဖက်ဖြင့် အလောင်းကောင်ကို တင်းတင်းကျပ်ကျပ် ဖမ်းချုပ်ထားသည်။

ရွှီချင်း သက်ပြင်းမချနိုင်ခင်မှာ အဝေးမှ တခြားအင်မော်တယ်အူခွေသစ်ပင်ကိုးပင်ထံမှလည်း အော်သံများ မြည်ဟိန်းထွက်လာကြသည်။ အလောင်းကောင်ပုံရိပ်များသည် သစ်ပင်များ၏ အဆုံးမှ ဤနေရာသို့ ပြေးလာနေကြသည်။

ရွှီချင်း၏ အမူအရာက ပြောင်းလဲသွားပြီး လက်သင်္ကေတများကို တရစပ် ထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် စူးရှသော လေခွင်းသံက ကောင်းကင်ယံမှာ ပေါ်ထွက်လာပြီး ဒုတိယ၊ တတိယနှင့် စတုတ္ထကောင်းကင်နက်ရုပ်တုများက တစ်ချိန်တည်း မြေပေါ်သို့ ဆင်းသက်လာကြသည်။

ထိုရုပ်တုသုံးခုကို တခြားပြည်ထောင်သုံးခုက တိုင်းပြည်(၃၆)ခုအား ပေးအပ်ထားခဲ့ခြင်းဖြစ်သည်။ ရွှီချင်းက တခြားတိုင်းပြည်များဆီသို့ မသွားခဲ့သော်လည်း ထွဋ်ခေါင်နိုင်ငံ၏ အဆင့်အတန်းမှတဆင့် သူတို့နှင့်အဆက်အသွယ်ဖွဲ့ခဲ့ပြီး ထိုရုပ်တုသုံးခုကို သူ့အား ပေးရန် အမိန့်ပေးခဲ့သည်။

အင်မော်တယ်အူခွေသစ်ပင်များဆီသို့ ခရီးစဉ်တွင် ဤကောင်းကင်နက်ရုပ်တုလေးခုက သူ၏ ဝှက်ဖဲများဖြစ်ကြသည်။

ကောင်းကင်နက်ရုပ်တုသုံးခုက ထွက်ပေါ်လာပြီး အလောင်းကောင်များကို ရပ်တန့်ရန် အကောင်းဆုံး ကြိုးစားသည်။ သို့သော်လည်း ယင်းတို့က အလောင်းကောင်များကို အချိန်ကြာကြာ ထိန်းမထားနိုင်သည်မှာ သိသာသည်။ ကံကောင်းစွာဖြင့် ခေါင်းဆောင်၏ ရိုးရာဓလေ့က ပြီးလုနီးပါးရှိ၏။

ခေါင်းဆောင်က ခေါင်းမော့လိုက်သည့်အခါ ရူးသွပ်မှုက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ရွှီချင်း၏ အသိစိတ်ထဲမှာ လှိုင်းထစေမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ခေါင်းဆောင်က လက်ဝှေ့ယမ်းလိုက်ပြီး အရောင်အသွေးစုံ အရွယ်အစားစုံ အသားတုံးများကို ထုတ်ယူလိုက်သည်။ အသားတုံးတစ်တုံးစီက အံ့မခန်း နတ်စွမ်းအင်လှိုင်းအတတ်အကျကို ထုတ်လွှတ်နေသည်။

ရွှီချင်းသည် ယင်းတို့ထဲမှ တစ်ခုကို အကြည့်တစ်ချက်ဖြင့် မှတ်မိသည်။ ယင်းက ချည်နှောင်ခြင်းအသားတုံးမှလွဲ၍ တခြားမဟုတ်ပေ။

စုစုပေါင်း အသား(၃၃)တုံး ရှိသည်။ ယင်းတို့ဆီမှာ မတူညီသော အရှိန်အဝါများရှိကြပြီး အမျိုးအစားမတူညီသော နတ်သတ္တဝါများမှ ရရှိလာခြင်းဖြစ်ကြောင်း ဖော်ပြနေ၏။ ထိုမျှတင်မပြီးသေးဘဲ ခေါင်းဆောင်က ပုလင်းနက် ကိုးပုလင်းကိုပါ ထုတ်လိုက်သည်။ ပုလင်းများကို ခြေမွပြီးသည့်နောက် နတ်စွမ်းအင်ပါသော သွေးကိုးစက်က လေထဲမှာ မျောလွင့်လာသည်။

သွေးတစ်စက်ထဲတွင် ဝိညာဉ်အရှင်မြေအောက်နတ်သမီး၏ အရှိန်အဝါပါရှိကြောင်း ရွှီချင်း အာရုံခံမိသည်။

ထို့နောက် ခေါင်းဆောင်သည် သူ၏ နဖူးကိုရိုက်လိုက်ပြီး မြေနက်ကို ထွေးထုတ်လိုက်သည်။ ထိုမြေက အလျှင်အမြန် အတူတကွ စုစည်းသွားပြီး လက်ဖဝါးအရွယ် ရုပ်တုတစ်ခုသို့ ပြောင်းလဲသွားသည်။

အဲ့ဒါ… ပင်လယ်အလောင်းကောင်ဘိုးဘေးရုပ်တုပဲ… ။

ယင်းက အဆုံးမဟုတ်သေးပေ။ ခေါင်းဆောင်က ဆက်လက် ထွေးထုတ်သည်။ များမကြာမီ ရုပ်တုရှစ်ခုက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ သူတို့၏ အသွင်သဏ္ဍာန်က မတူညီကြဘဲ အရှိန်အဝါများက ပင်လယ်အလောင်းကောင်မျိုးနွယ်မှ မဟုတ်ကြချေ။

နတ်သတ္တဝါများ၏ အသား(၃၃)တုံး၊ နတ်သွေးစက်ကိုးစက်နှင့် အံ့ဖွယ်ရုပ်တုကိုးခုတို့ ဖြစ်ကြသည်။

ထိုအရာအားလုံးကို ထုတ်ယူပြီးနောက် ခေါင်းဆောင်၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်လာကာ အော်ပြောလိုက်သည်။

“ သားတော်… နိုးထလော့… အစားစားဖို့ အချိန်ကျပြီ ”

ထို့နောက် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ပစ္စည်းအားလုံးက လေထဲသို့ မြောက်တတ်သွားကြပြီး ကောင်းကင်ထဲ၌ အတူတကွ ပေါင်းစပ်သွားလေရာ အသားလုံးကြီးတစ်ခုဖြစ်သွားသည်။ ထိုအသားလုံးကြီးက ကောင်းကင်ပေါ်ရှိ အက်ကွဲကြောင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ခေါင်းဆောင်သည် နောက်တစ်ကြိမ် ဦးညွတ်သည်။ ဘေးပတ်ဝန်းကျင်မှ သိန်းပေါင်းများစွာသော ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ဝင်များ၏ ဝတ်ပြုဆုတောင်းမှုအောက်မှာ အသားလုံးကြီးသည် အက်ကွဲကြောင်းထဲသို့ ဝင်သွားသည်။

တကြွပ်ကြွပ်ဝါးစားသံ ထွက်ပေါ်လာသည့်အခါ အက်ကွဲကြောင်းသည် လှုပ်ခါသွားပြီး ကမ္ဘာအက်ကွဲမည့် မြည်သံကြီး ထပ်မံပေါ်ထွက်လာသည်။

အက်ကွဲကြောင်းသည် နောက်တစ်ကြိမ် ဆုတ်ဖြဲခံလိုက်ရသည်။

ဤတစ်ကြိမ်တွင် အက်ကွဲကြောင်းက ပေတစ်ထောင်ကျော်အောင် တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရသည်။

ယင်းက အတွင်းပိုင်းမှ တစ်စိတ်တစ်ဒေသကို လှစ်ဟပြလာသည်။

အက်ကွဲကြောင်း၏ အတွင်းပိုင်းတွင် ဟင်းလင်းပြင်တစ်ခုရှိပြီး ဟင်းလင်းပြင်၏ အတွင်းထဲမှာ ဧရာမသတ္တဝါတစ်ကောင် ရှိ၏။ ၎င်းကို ရှင်းလင်းစွာ မြင်ရန် ခက်ခဲသော်လည်း ဧရာမလူ့ဘီလူးတစ်ကောင်သဖွယ် ရေးတေးတေး မြင်နိုင်ပေသည်။

ထိုလူ့ဘီလူးကြီး၏ ဝမ်းဗိုက်က ပွင့်ဟနေဟန်ရသည်။

ရွှီချင်းသည် တစ်ချက်မျှသာ ကြည့်ရသေးသော်လည်း သူ့မျက်လုံးက အက်ကွဲထွက်တော့မည့်အလား နာကျင်လာသည်။ ကံကောင်းစွာဖြင့် တားမြစ်အဆိပ်ဆေးလုံးနှင့် ခရမ်းရောင်လစွမ်းအားက တစ်ချိန်တည်းမှာ ထွက်ပေါ်လာကြသည်။ သို့မှသာလျှင် မျက်ကန်းဖြစ်မည့် အန္တရာယ်မှ သူ့ကိုယ်သူ ကာကွယ်နိုင်ရုံလေး ကာကွယ်နိုင်ခဲ့သည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှ သွေးစီးကျလာသည်။

ချက်ချင်းဆိုသလို ကောင်းကင်နက်ရုပ်တုများနှင့် တိုက်ခိုက်နေကြသော အလောင်းကောင်များသည် ကောင်းကင်သို့မော့ကြည့်ပြီး ဒူးထောက်လိုက်ကြသည်။

ရွှီချင်းက ထိတ်လန့်နေစဉ် ခေါင်းဆောင်က ဒူးထောက်လျက် ခေါင်းမော့လိုက်ပြီး ကောင်းကင်မှ အက်ကွဲကြောင်းကို ကြည့်လိုက်သည်။ အက်ကွဲကြောင်းထဲမှ သတ္တဝါက လှုပ်ရှားနေသည်ကိုမြင်သောအခါ သူ၏ မျက်လုံးထဲ၌ ဖော်မပြနိုင်သော ရူးသွပ်မှု ထွက်ပေါ်လာပြီး အူလှိုက်သဲလှိုက် ရယ်မောလိုက်သည်။

“ ဂျူနီယာညီလေး… ဒီဘဝမှာ အတိတ်ဘဝတုန်းက ငါလုပ်ချင်ခဲ့တဲ့ ကိစ္စတွေထဲကတစ်ခုကို နောက်ဆုံးတော့ ငါလုပ်နိုင်ခဲ့ပြီ… ဒါတွေအားလုံးက မင်းရဲ့ကျေးဇူးကြောင့်ပဲ ”

“ တကယ်လို့ ဒီတစ်ကြိမ် မင်းသာပေါ်မလာဘူးဆိုရင် ဒီအဆင့်ထိရောက်ဖို့ ငါ့အတွက် အတော်လေး အခက်တွေ့မှာ… တကယ်တော့ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ကာကွယ်မှုနဲ့တောင် ဒီနေရာအထိ ငါဝင်လာနိုင်မှာမဟုတ်ဘူး… ငါကျရှုံးတာနဲ့ နောက်တစ်ကြိမ်လုပ်ဆောင်ဖို့ နှစ်ပေါင်းရာနဲ့ချီကြာအောင် ကြိုးစားရလိမ့်မယ် ”

“ အခု ငါမင်းကို အားလုံးပြောပြလို့ရပြီ ”

“ အဲ့ဒါဘာလဲ မင်းသိလား ”

ခေါင်းဆောင်က ကောင်းကင်ကို လက်ညှိုးညွှန်ပြသည်။

“ အဲ့ဒါ ကောင်းကင်ဘုံတာအို ”

“ ဝမ်ကူးကုန်းမြေမှာ ကောင်းကင်ဘုံတာအိုတစ်သိန်းရှိတယ်… သူတို့တစ်ခုစီက လုပ်ဆောင်မှုနယ်ပယ်တစ်ခုကို ထိန်းချုပ်ထားကြတယ်… သူတို့အထက်မှာ ရှေးခေတ်ကာလတည်းက တည်ရှိနေကြတဲ့ ရှေးဟောင်းတာအို(၉၉)ခုရှိကြတယ် ”

“ အခု မင်းကြည့်နေတဲ့ဟာက သာမန်ကောင်းကင်ဘုံတာအိုတစ်သိန်းထဲက မဟုတ်သလို ရှေးဟောင်းတာအို(၉၉)ခုထဲကလည်း မဟုတ်ဘူး ”

“ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်က အင်မတန်ထိတ်လန့်ဖို့ကောင်းတဲ့ မျိုးနွယ်တစ်ခုပဲ… သူတို့ရဲ့ အင်မော်တယ်တတ်လှမ်းခြင်းအတတ်မှာ အရာအားလုံးကို ဆက်သွယ်ဖို့ အူတွေကို ဘာလို့သုံးရတာလဲဆိုတော့ မတူညီတဲ့ခေတ်အလိုက် ဝမ်ကူးကုန်းမြေရဲ့ သမိုင်းကြောင်းထဲမှာ ပေါ်ထွန်းလာခဲ့ကြတဲ့ မျိုးနွယ်ပေါင်း(၃၁၇၃)မျိုးနွယ်တွေလိုမျိုး တူညီတဲ့အရာတစ်ခုကို လုပ်ဆောင်နေကြတာပဲ ”

“ အဲ့ဒါက ဘာလဲဆိုတော့ ကောင်းကင်ဘုံတာအိုကို ဖန်တီးတာပဲ ”

“ သူတို့က ဝမ်ကူးကုန်းမြေရဲ့ တစ်ရာခုမြောက် ရှေးဟောင်းတာအိုကို ဖန်တီးချင်ကြတယ် ”

“ အဲ့ဒီအစီအစဉ်က ခေတ်တွေ မရေမတွက်နိုင်အောင် ကြာညောင်းခဲ့တယ်… ကဒ်ဘေးအင်မော်တယ်မျိုးနွယ်မတိုင်မီ မျိုးနွယ်(၃၀၀၀)ထဲက ဒါကိုလုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးမျိုးနွယ်က ရှေးဟောင်းဝိညာဉ်မျိုးနွယ်ပဲ… ဝိညာဉ်မျိုးနွယ်အရှင်က အောင်မြင်လုနီးပါးဖြစ်ခဲ့တယ်… ဒါပေမဲ့ အဆုံးမှာတော့ သူဟာ ကျရှုံးသွားပြီး ကြီးမားတဲ့ တန်ပြန်ဆိုးကျိုးကို ခံစားခဲ့ရတယ်… သူတို့မျိုးနွယ်တစ်ခုလုံးက မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့တယ် ”

“ အဲ့ဒီနောက် နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာပြီး ကဒ်ဘေးတွေ ဆင်းသက်လာတယ်… အဲ့ဒါက နှစ်ကာလရှည်လုပ်ဆောင်လာခဲ့တဲ့ မျိုးနွယ်(၃၀၀၀)ရဲ့ အစီအစဉ်ကို အဟန့်အတားဖြစ်စေခဲ့တယ်… နောက်ဆုံးအမွေဆက်ခံရရှိတဲ့ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်က သူတို့တည်ဆောက်ထားတဲ့ အုတ်မြစ်ပေါ်မှာ အောင်မြင်မှုရဖို့ အဆင့်တစ်ဆင့်ပဲ လိုခဲ့တယ် ”

“ အဲ့ဒီအဆင့်က အင်မော်တယ်ဖြစ်လာတဲ့ နောက်ဆုံး သန်စင်သွေးမျိုးစက်ကဒ်ဘေးအင်မော်တယ်ရဲ့ အူဆယ်ခုကို ဒီဖန်တီးထားတဲ့ ကောင်းကင်ဘုံတာအိုရဲ့ ခန္ဓာကိုယ်ထဲကို ပို့လွှတ်ရမှာ… အဲ့ဒါက ကောင်းကင်ဘုံတာအိုရဲ့ အူတွေဖြစ်လာပြီး ဝမ်ကူးကုန်းမြေနဲ့ ဆက်သွယ်သွားလိမ့်မယ်… အဲ့လိုဆက်သွယ်ပြီးသွားရင် အဲ့ဒါက နိုးထလာလိမ့်မယ် ”

“ အတိတ်တုန်းက ကဒ်ဘေးအင်မော်တယ်မျိုးနွယ်က ဒီအဆင့်ကို မလုပ်ဆောင်နိုင်ခဲ့ဘူး… ဒီနေ့ ငါလုပ်ဆောင်နေတာတွေက အဲ့ဒီအဆင့်ကို ပြီးမြောက်အောင်လုပ်နေတာပဲ ”

“ ဝမ်ကူးကုန်းမြေရဲ့ ရှေးဟောင်းတာအို(၉၉)ခုမှာ စိတ်အာရုံရော အသိဉာဏ်ရော မရှိကြဘူး… သူတို့က ဖရိုဖရဲရှိနေကြတာ… တစ်ရာခုမြောက် ရှေးဟောင်းတာအိုလည်း အဲ့ဒီအတိုင်းပဲ… ဒါပေမဲ့ အဲ့ဒါနိုးထလာတဲ့အခါ သူ့ရဲ့ ဖုံးကွယ်အသိဉာဏ်ကို သူ့ရဲ့ ဖန်တီးရှင်က ထိန်းချုပ်နိုင်လိမ့်မယ် ”

“ ရှေးခေတ်ကာလတည်းက ဒီကိစ္စမှာ ပါဝင်ခဲ့ကြတဲ့ မျိုးနွယ်(၃၀၀၀)က အဲ့ဒါရဲ့ ဖခင်တွေလို့ ပြောနိုင်တယ်… ဒါပေမဲ့ သူတို့အားလုံးက သေသွားကြပြီးပြီ… ငါတို့ကျပြန်တော့ ငါတို့ရဲ့ အသွေးအသားနဲ့ အူတွေကို အင်မော်တယ်အူခွေသစ်ပင်တွေဆီ ပေးပို့ခဲ့တယ်… ကောင်းကင်ဘုံတာအိုက အဲ့ဒါတွေကို သူ့ရဲ့ဗိုက်ထဲ ပေါင်းစပ်စေတဲ့အခါ ငါတို့က ကောင်းကင်ဘုံတာအိုဆီမှာ ရင်းနှီးမြှုပ်နှံသူတွေဖြစ်လာပြီး ကောင်းကင်ဘုံတာအိုရဲ့ ဖခင်တွေထဲကတစ်ယောက် ဖြစ်လာလိမ့်မယ် ”

“ ဂျူနီယာညီလေး… မင်းပြောကြည့်… ဒီဟာက ကမ္ဘာအက်ကွဲစေမယ့် ကံကောင်းမှုကြီးမဟုတ်ဘူးလား ”

ခေါင်းဆောင်သည် ကောင်းကင်ကိုကြည့်လျက် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ ရွှီချင်း၏ စိတ်ထဲမှာ လှိုင်းတံပိုးများ ပုတ်ခတ်နေစဉ် ကောင်းကင်ဆီမှ ကျယ်လောင်သော အော်သံကြီးတစ်ခု မြည်ဟိန်းလာသည်။ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော ဧရာမလက်တစ်ဖက်နှင့် အံ့ဖွယ်အနံ့တစ်မျိုးက ကောင်းကင်ရှိ အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်။

၎င်း၏ ပေါ်ထွက်လာမှုက ကောင်းကင်ကို အရောင်ပြောင်းစေပြီး မြေပြင်ကို တုန်ယင်စေသည်။

မရေမတွက်နိုင်သော နိယာမများသည် ၎င်း၏ လက်ထဲမှ လျှံထွက်ကျလာပြီး အဆုံးမရှိသော အကွာအဝေးတစ်ခုဆီသို့ ပျံ့လွင့်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့က အရှေ့ဖုန်းဆိုးဒေသငယ်နှင့် သန့်စင်ရေလှိုင်းဒေသကြီးကို လွှမ်းခြုံသွားကြသည်။

တောင်တန်းနှင့် မြစ်များ၊ တောအုပ်များ၊ ကုန်းမြေ၊ သက်ရှိအားလုံးနှင့် အရာအားလုံးက လွှမ်းခြုံခံလိုက်ရသည်။

မရေမတွက်နိုင်သော သက်ရှိများ၏ အသိစိတ်ထဲမှာ ပြင်းထန်သော လှိုင်းဂယက်များဖြစ်ပေါ်နေစဉ် ဧရာမလက်တစ်ဖက်က ဖြည်းညင်းစွာ ကျဆင်းလာပြီး အင်မော်တယ်အူခွေသစ်ပင်များကို ဆွဲနုတ်ယူလိုက်သည်။

အင်မော်တယ်အူခွေသစ်ပင်များက တုန်ခါလာသလို ရွှီချင်းနှင့် တခြားလူများ၏ ခန္ဓာကိုယ်များကလည်း လှုပ်ယမ်းလာကြသည်။ သို့သော်လည်း ဤအပြောင်းအလဲများနှင့် နှိုင်းယှဉ်သော် ရွှီချင်း၏ အသိစိတ်ထဲမှ လှိုင်းဂယက်များသည် အံ့မခန်းအမြင့်သို့ ထိုးတတ်သွားနေသည်။

ခေါင်းဆောင်၏ စကားက သူ့စိတ်ထဲမှာ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။

‘ ကောင်းကင်ဘုံတာအိုထံ မြှုပ်နှံတယ်… ကောင်းကင်ဘုံတာအိုရဲ့ ဖခင်ဖြစ်လာမယ် ’

ရွှီချင်းသည် တီးတိုးရေရွတ်ရင်း အသက်ရှူမြန်လာသည်။

ဘေးတွင် ချင်းချိုးနှင့် နင်ယန်၏ စိတ်ထဲမှာ မုန်တိုင်းတစ်ခု ဝင်မွှေသွားသည့်အလား ဗြောင်းဆန်နေသည်။ နောက်တစ်စက္ကန့်မှာ သူတို့နှစ်ယောက်က တစ်ပြိုင်တည်း ဝမ်းဗိုက်ကို လှီးဖြတ်လိုက်ကြပြီး သူတို့၏ အူများကို သစ်ပင်နှင့် ပေါင်းစပ်ရန် လုပ်ဆောင်ကြသည်။

“ အရမ်းနောက်ကျသွားပြီ… ဟား ဟား… မင်းတို့တွေ စောစောကမှ ငါ့စကားကို နားမထောင်တာလေ… အခုတော့ နောက်ကျသွားပြီ ”

ခေါင်းဆောင်က ကျယ်လောင်စွာ အော်ရယ်သည်။ သူ၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုက ပို၍ ထင်သာမြင်သာလာသည်။

“ ဂျူနီယာညီလေး... အဲ့ဒါက တစ်ရာခုမြောက် ရှေးဟောင်းတာအိုအဖြစ် နိုးထပြီး ဝမ်ကူးကုန်မြေဆီ ဝင်ရောက်ဖို့ အချိန်တချို့ကြာလိမ့်မယ်ဆိုပေမဲ့ မင်းမကြာခင် ကောင်းကင်ဘုံတာအိုရဲ့ ဖခင်ဖြစ်ရတဲ့ အကျိုးကျေးဇူးကို သိလာလိမ့်မယ် ”

‘ ခုန်းရှန်းလုံရဲ့ ကြိုးစားပမ်းစား ရှာထားရတဲ့ စစ်ရေးအကျိုးပြုအမှတ်က ငါတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး... သူတို့တစ်ဘဝလုံး ရှာရင်တောင် မယှဉ်နိုင်ဘူး ’

ခေါင်းဆောင်က ဂုဏ်ယူဝင့်ကြွားစွာ အသံပို့လွှတ်သည်။

All Chapters