အစီအစဉ်ချခြင်း
Vol. 38 Ch. 556
သူတို့၏ ဆုတောင်းသံများကို ကြားသွားပုံရသည်။
မကြာခင်မှာပင် ခွဲစိတ်ခန်း၏ တံခါးများ ပွင့်လာသည်။
လူထောင်ပေါင်းများစွာ ရှိနေသည့် ဆူညံသော စောင့်ဆိုင်းခန်းသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး သူတို့၏ အာရုံက တံခါးသို့ ရောက်သွားလေသည်။
*သူတို့ ထွက်လာပြီ၊ ဘယ်လို ဖြစ်သွားပြီလဲ*
လူတိုင်း ဘာမှမပြောဘဲ ပိုမြင်ရရန် ခြေဖျားထောက်၍ ကြည့်ကြလေသည်။ လက်ရှိ၌ တိုက်ရိုက် ထုတ်လွှင့်ခြင်းမှ မှတ်ချက်များပင် ငြိမ်ကျသွားသည်။
“ပါမောက္ခကျန်း၊ ကျွန်တော့်အဘိုးရဲ့ အခြေအနေ ဘယ်လို ဖြစ်သွားပြီလဲ”
ချင်ယန်နှင့် အခြားသော မိသားစုဝင်များသည် စိုးရိမ်ပူပန်သော အမူအရာများနှင့် သူတို့အား ချက်ချင်း ဝိုင်းလိုက်ကြသည်။
ပါမောက္ခကျန်းနှင့် သူ၏ နောက်လိုက် ဆရာဝန်များက အချင်းချင်း ပြန်ကြည့်လိုက်ပြီးမှ နူးညံ့စွာ ပြုံးလိုက်သည်။
“ပါရဂူချင်ရဲ့ ခန္ဓာကိုယ်ထဲက အသားပိုကို နတ်ဆေးဆရာဝိုင်က ဖယ်ရှားပြီးပါပြီ၊ သူရဲ့ အခြေအနေက တည်ငြိမ်ပြီးတော့ ကောင်းကောင်း အနားယူ အားဖြည့်ပြီးသွားရင် ပိုကောင်းသွားမှာပါ”
*ဘာ*
လူတိုင်း ကြက်သေ သေသွားကြသည်။
ဤရလဒ်ကို သူတို့ ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း သတင်းကို နားနှင့်ဆတ်ဆတ် ကြားလိုက်ရသောအခါ သူတို့သည် အိပ်မက်မက်နေသည်ဟု ခံစားနေရဆဲပင်။
“သူ…သူ…သူ တကယ်ကြီး ပျောက်ကင်းသွားပြီလား”
“သောက်ကျိုးနည်း၊ ဒါ အံ့ဩစရာပဲ၊ ဒါ ကင်ဆာလေ၊ ဒါ ဆေးပညာ လောကမှာ ကုသလို့ မရနိုင်တဲ့ အခြေအနေလေကွာ”
“လခွမ်း၊ ဒါ သမိုင်းဝင် အောင်မြင်မှုတစ်ခုပဲ၊ နတ်ဆေးဆရာဝိုင်က အံ့ဩဖို့ ကောင်းတာပဲ၊ ဒါက လူ့အသက်တွေကို ဘယ်လောက်တောင် ကယ်နိုင်မလဲ”
“ဘုရား ဘုရား၊ ငါ ကြားလိုက်ရတာ ဟုတ်ရဲ့လား၊ ဒါ တကယ်ကြီးလား”
“ငါ အခု စိတ်လှုပ်ရှားလွန်းလို့ တုန်နေပြီ၊ ငါ အတည်ပြောတာ၊ ဒါ ရာစုနှစ်တိုင်အောင် ဘယ်သူမှ မလုပ်နိုင်တဲ့ သတင်းပဲ၊ ကင်ဆာက ဘယ်သူ့ကိုမဆို ပစ်မှတ်ထားနိုင်တဲ့ နတ်ဆိုးလို အရာမျိုးလေ”
“ဖြစ်နိုင်ချေရှိတဲ့ စကားတွေထဲမှာမှ ငါ ဒါကိုတော့ ပြောကိုပြောမှ ဖြစ်မယ်၊ နတ်ဆေးဆရာဝိုင်က အံ့ဩဖို့ ကောင်းတယ်ကွာ”
…
ပါမောက္ခကျန်း သတင်းကို ကြေညာလိုက်ပြီးနောက် နှစ်မိနစ်အတွင်းမှာပင် TikTok, ဝေ့ပေါ်နှင့် အခြားသော သတင်းဌာနများ အစရှိသည့် အဓိက မီဒီယာ ပလက်ဖောင်း အားလုံး၌ ဤသတင်းကို စတင်၍ ကြေညာ ကြလေသည်။
[ကင်ဆာရောဂါ ကုသဆေးကို ရှာတွေ့ပြီ၊ ပါရဂူချင် ဘေးကင်းပြီ]
အင်တာနက်တစ်ခွင်၌ စိတ်လှုပ်ရှားမှုကြောင့် အချိန် အတိုင်းအတာတစ်ခုအထိ ဆူညံနေလေသည်။ သတင်းရောက်ရန် ခက်ခဲသည့် နေရာများမှ လူများကလွဲလျင် အားလုံးနီးပါးက ထိုသတင်းကို ကြားသိကြသည်။ တစ်ချိန်တည်းမှာပင် “နတ်ဆေးဆရာဝိုင်” ဟူသည့် အမည်က လူတိုင်း၏ ရင်ထဲ၌ နက်ရှိုင်းစွာ စွဲထင်သွား လေသည်။
ဤအဖြစ်ကို လူသိများအောင် လှုံ့ဆော်ပေးနေသည့် ပြင်ပအင်အားတစ်ခု ရှိနေသည်။ အကြောင်းမှာ ဤအဖြစ်သည် ကင်ဆာနှင့် ပတ်သက်ရုံတင်မကဘဲ ပါရဂူချင်နှင့်လည်း ပတ်သက်နေသောကြောင့်ပင်။ နှစ်ခုအနက် တစ်ခုခုက တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးကို ဆူညံအောင် လုပ်နိုင်ပေသည်။
[ငါတို့ ထိုးတက်ပြီ၊ ငါတို့နိုင်ငံ တစ်ဟုန်ထိုး မြင့်တက်တော့မယ်လို့ ငါ ထင်တယ်]
[နတ်ဆေးဆရာဝိုင် ပေါ်လာပြီ၊ ပါရဂူချင် ရောဂါ ပျောက်ကင်းသွားပြီ၊ ငါတို့ အောင်မြင်တာအပြင် အခြား ဘာလုပ်နိုင်သေးလဲ]
[ဟားဟားဟား …. ဝိုင်တွေအားလုံးက တရုတ်နိုင်ငံကပဲ၊ ငါတို့ အောင်မြင်ပြီ]
အင်တာနက်ပေါ်၌ ချီးကျူးသံများနှင့် ပြည့်နေသည်။
အမည်မသိ ဆေးရုံတစ်ခု၌ မိသားစုတစ်စုသည် ခုတင်ပေါ်တွင် လှဲလျက်နှင့် အင်တာနက်ပေါ်မှ သတင်းထူးကို ကြည့်နေကြသည်။ ချက်ချင်းဆိုသလိုပင် သူတို့သည် ဝမ်းသာသွားပြီး မျည်ရည်များ ကျလာသည်။
“အဖေ မျှော်လင့်ချက် ရှိပြီ၊ အဖေ ဆေးကုနိုင်တော့မယ်”
“နတ်ဆေးဆရာဝိုင်က ကင်ဆာကို ကုနိုင်တယ်၊ ဒါ သေမိန့်ချခံရတဲ့ ရောဂါ မဟုတ်တော့ဘူး”
“အဖေ ကြားရရဲ့လား၊ နတ်ဆေးဆရာဝိုင်က ကျွန်တော်တို့ကို ပိုက်ဆံ အများကြီး တောင်းမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ ကုသဖို့ ရှာလို့ရပြီ”
“ဟင့်ဟင့်ဟင့် ဆေးပညာက သေချာပေါက် တိုးတက်လာတာပဲ၊ အဖေ မျှော်လင့်ချက်ရှိပြီ”
ထိုသို့သော တူညီသည့် အဖြစ်များက တစ်နိုင်ငံလုံး၌ ဖြစ်ပွားနေသည်။ ဘဝအတွက် မျှော်လင့်ချက် မဲ့နေခဲ့သည့် လူနာများသည် ယခုအခါ၌ အသက်ပြန်ရှင်သည့် မျှော်လင့်ချက်ကို ပြန်လည် ခံစားလာရသည်။
မည်သည့် ရောဂါမျိုးမဆို ဖြစ်ပေါ်နေသည့် လူနာများသည် တီဗွီရှေ့၌ ထိုင်၍ သတင်းကို မျက်ရည်များဖြင့် ကြည့်နေကြသည်။ နတ်ဆေးဆရာဝိုင်က ရောဂါ နှစ်ခုကိုသာလျင် ကုသပြီးသော်လည်း အခြားသော ရောဂါများကိုလည်း ကုသနိုင်မည်ဟု သူတို့ ယုံကြည်ထားကြသည်။
ကြောက်စရာ အကောင်းဆုံးအရာမှာ မျှော်လင့်ချက် ပျောက်ဆုံးရခြင်း ဖြစ်သည်။ လက်ရှိတွင် သူတို့သည် မျှော်လင့်ချက် အလင်းရောင်လေးကို တစ်ဖန် ပြန်မြင်လာရသည်။
ယနေ့သည် တစ်နိုင်ငံလုံး အောင်ပွဲခံသင့်သည့်နေ၊ အထိမ်းအမှတ်ပွဲ ကျင်းပသင့်သည့်နေ့ ဖြစ်သည်။
“ဟိုမှာ နတ်ဆေးဆရာဝိုင် ထွက်လာပြီ”
“နတ်ဆေးဆရာဝိုင်”
“နတ်ဆေးဆရာဝိုင်၊ ရှင့်ကို ချစ်တယ်”
“နတ်ဆေးဆရာဝိုင်၊ ရှင်က ကျွန်မ လေးစားရတဲ့ တစ်ဦးတည်းသောလူပဲ၊ အား … ချောလိုက်တာ”
ရဲ့လင်းချန်ကို ချီးကျူးသံများ လျှံထွဥ◌်လာသည်။
လူအုပ်ကြီး ခြေလွန်လက်လွန် ဖြစ်လာခြင်းအား တားဆီးရန် လုံခြုံရေးများက အလျင်အမြန် လှုပ်ရှားလာပြီး သူတို့အား အစီအစဉ်တကျဖြစ်အောင် ပြန်တွန်းလေသည်။
လူအုပ်ကြီးကလည်း အလွန် လိုက်လျောညီထွေ ရှိပေး၍ တော်သေးသည်။ သူတို့၏ အော်ဟစ် အားပေးသံများမှလွဲလျင် သူတို့က ရဲ့လင်းချန်ကို ဖြတ်သန်းသွားနိုင်ရန် လမ်းဖယ်ပေးကြလေသည်။ သူတို့၏ မျက်လုံးများက လေးစားမှုတို့နှင့် ဖိတ်ဖိတ်တောက်လျက် ရှိသည်။
မရေတွက်နိုင်သော အကြည့်များအောက်၌ ရဲ့လင်းချန်သည် ခွဲစိတ်ခန်းရှေ့မှ ထွက်လာခဲ့သည်။
လူနှစ်ယောက်တည်းကိုသာ သူ ကုသပြီးသော်လည်း ယင်းက သူ့အား အလွန် အာရုံစူးစိုက်ရန် လိုအပ်ခဲ့သည်။ ရဲ့လင်းချန်တောင်မှ ဝန်ထုပ်ဝန်ပိုးကို ခံစားမိပြီး အနားယူရန် လိုအပ်နေသည်။
ထိုအခိုက်တွင် ခုတင်ပေါ် လှဲနေသည့် ချင်ဟယ်က ရုတ်တရက် လှုပ်ရှားလာသည်။ အစောပိုင်းကထက် စာလျင် သူသည် ခွန်အား အနည်းငယ် ပြန်ရလာပုံ ပေါ်သည်။
“အဘိုး ဘာဖြစ်လို့လဲ”
ချင်ယန်က ချက်ချင်း အပြေးသွားသည်။ သို့သော် တစ်ခဏအတွင်းမှာပင် မျက်ရည်များကြောင့် သူ အမြင်ဝေဝါး လာသည်။ သူ မဖုံးနိုင်အောင် အပြုံးကြီး ပြုံးလိုက်မိသည်။
“အဖေ၊ အဘိုးက ဗိုက်ဆာတယ်လို့ ပြောတယ်၊ သူ ဗိုက်ဆာတယ်တဲ့”
“အင်း အင်း၊ ငါ အခုချက်ချင်း ဆန်ပြုတ် သွားဝယ်လိုက်မယ်”
ထိုသို့သောအချိန်၌ သူတို့အားလုံး၏ အမြင်များ ဝေဝါးလာသည်။
စားသောက်ခြင်းသည် အစာအိမ်ကင်ဆာသမားများ အကြောက်ဆုံးအရာ ဖြစ်သည်။ သူတို့ ဘာကိုမှ မစားရဲပါ။ သို့သော် ချင်ဟယ်က သူ၏ ဆာလောင်မှုကို ဖော်ပြလာသဖြင့် သူ၏ အစာစားချင်စိတ် ပြန်ရလာပြီဟု ဖော်ပြနေ၏။ ယင်းက သူ တကယ် ပျောက်ကင်းသွားပြီဟု ဆိုလိုနေသည်။
“နတ်ဆေးဆရာဝိုင်”
ချင်ယန်၏ အမူအရာက ရုတ်တရက် လေးနက်သွားပြီး ရဲ့လင်းချန်အား တလေးတစား ဂါဝရပြု၍ စိတ်ရင်းနှင့် တောင်းပန်လေသည်။
“ခုနက ငါ မင်းကို စော်ကားမိတဲ့အတွက် တောင်းပန်ပါတယ်၊ မင်းရဲ့ အပြုအမူအတွက် ငါ တကယ် ကျေးဇူးတင်ပါတယ်”
“ရပါတယ်”
ရဲ့လင်းချန်က အေးအေးလူလူ လက်ကာပြ၍ သူ့အား တားဆီးလိုက်သည်။
“နတ်ဆေးဆရာဝိုင်၊ ကျုပ်တို့ ကုသစရိတ်အတွက် ငါးသန်း ပေးချင်ပါတယ်၊ ဒါ မများပါဘူး၊ မင်း လက်ခံမယ်လို့ မျှော်လင့်ပါတယ်”
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရဲ့လင်းချန်ကို ကဒ်တစ်ကဒ် ပေးလာသည်။
ရဲ့လင်းချန်က ခေါင်းညိတ်၍ လက်ခံလိုက်သည်။ ကုသစရိတ်အတွက် ငွေပေးခြင်းက ထုံးစံပင်။ တစ်ဖက်လူက ငွေမရှိသူ မဟုတ်သဖြင့် သူသည်လည်း ဟန့်တားနေမည် မဟုတ်ပါ။
ထို့နောက် သူသည် အနားမှ ချင်ပိုင်ချွမ်း၊ လင်းထျန်းရှုံးနှင့် အခြားသူများကို ဇဝေဇဝါ အကြည့်ဖြင့် ကြည့်လိုက်မိသည်။ သူတို့ နှုတ်ဆက်ပြီးနောက် လျင်မြန်စွာ ပြန်ဆုံရလိမ့်မည်ဟု သူ မျှော်လင့်မထားမိပါ။
“ခင်ဗျားတို့ ဘာလို့ ဒီကို ရောက်နေတာလဲ”
“မင်း ပြောကြည့်လေ”
ချင်ပိုင်ချွမ်းက ပြုံးနေသည်။
“ကောင်လေး၊ မင်းက တော်တော် ပွက်လောရိုက်အောင် လုပ်ခဲ့တာပဲ၊ တိုက်တိုက်ဆိုင်ဆိုင် ငါတို့ကလဲ မြို့တော်ကို ရောက်နေတာလေ၊ ငါတို့ အလည်လာလို့ မရလို့လား”
“ဟဲဟဲ သူ ဆေးပညာကို သိတယ်လို့ ငါ မင်းကို ပြောသားပဲ၊ အခု မင်း ငါ ပြောတာကို ယုံပြီလား”
လင်းထျန်းရှုံးက မရယ်ဘဲ မနေနိုင်အောင် ဖြစ်နေ၏။
“မင်းအခြေအနေကို သူ ကုနိုင်ကတည်းက သူ့ဆေးပညာက ထူးချွန်မှန်း ငါ သိပါတယ်ကွ၊ ဒါပေမဲ့ သူက ကင်ဆာကို ကုနိုင်တဲ့အထိ ကြောက်ဖို့ကောင်းလိမ့်မယ်လို့ ငါ ဘယ်သိမှာလဲ”
ချင်ပိုင်ချွမ်းက ပြန်ပြောလေသည်။
“တကယ်တော့ ကင်ဆာက အပြည့်အဝ မပျောက်ပါဘူး”
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူ့စကားက လူတိုင်းကို စိုးရိမ်သွားစေသည်။ အထူးသဖြင့် ချင်ဟယ်၏ မိသားစုဝင်များပင်။
“မင်း ဘာလို့ အဲ့လို ပြောတာလဲ၊ မိတ်ဆွေလေးရဲ့”
လင်းထျန်းရှုံးက မေးလိုက်သည်။
“ကင်ဆာရဲ့ ကြောက်စရာ အကောင်းဆုံး အပိုင်းက ပြန်ဖြစ်တာပါ၊ သေသေချာချာ ဂရုစိုက်သရွေ့ ပုံမှန် အခြေအနေဆို ပြန်မဖြစ်ပါဘူး၊ ဆေးနဲ့ပါ ထိန်းထားမယ်ဆိုရင် ပိုကောင်းလာမှာပါ”
ရဲ့လင်းချန်က ရှင်းပြသည်။
“ဆေးလား၊ ဘာဆေးလဲ”
ချင်ယန်က အလျင်စလို မေးလိုက်သည်။
“ငါတို့ ဝယ်ပါ့မယ်”
“ကျွန်တော်သာ ဆေးကို ထုတ်လုပ်နိုင်မယ်ဆိုရင် ခွဲစိတ်ဖို့တောင် မလိုပါဘူး၊ တရုတ် ဆေးပညာကိုသုံးပြီး ကျွန်တော်တို့ ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်ပါတယ်”
ရဲ့လင်းချန်က သက်ပြင်းရှည် ချလိုက်သည်။
“စိတ်မကောင်းစရာက ဆေးကို ထုတ်လုပ်နိုင်ဖို့အတွက် ကျွန်တော် အချိန်လိုဦးမယ်”
“နတ်ဆေးဆရာဝိုင်၊ မင်းမှာ အခက်အခဲ ရှိလို့လား”
ချင်ယန်က အလျင်စလို မေးလိုက်သည်။
“ဟူး … ကျွန်တော် အရင်ဆုံး ဆေးဝါး ထုတ်လုပ်ရေး စက်ရုံ ဆောက်ရမှာ၊ ဆေးထုတ်လုပ်မှုကို ရင်းနှီးမြှုပ်နှံမှပဲ ဆေးကို ဖန်တီးနိုင်မှာ”
ရဲ့လင်းချန်က ပြောပြလိုက်သည်။
“ဒါပေမဲ့ အဲ့ဒါလဲ အချိန်လိုဦးမယ်လို့ ထင်တယ်”
ချင်ပိုင်ချွမ်းက မနေနိုင်ဘဲ သူ့အား တံတောင်နှင့် ထိုးသည်။
“ဟားဟား ငါ သဘောပေါက်ပြီ၊ မင်းက အကွက်ချနေတာပဲ”