ကောင်းကင်လေပြည့်အရှင်
Vol. 41 Ch. 610
ကောင်းကင်ဘုံတာအို၏ ဖြူဖွေးဖွေးလက်မှ ထူးဆန်းသော ရနံ့တစ်မျိုးကို ထုတ်လွှတ်နေသည်။ ထိုရနံ့ကြောင့် ကောင်းကင်ဘုံတာအို၏ လက်က လွန်စွာအရသာရှိသော အသားတုံးပမာ ထင်မှတ်ရ၏။
ထိုဧရာမလက်ကိုကြည့်နေလျက် ရွှီချင်းသည် နှုတ်ခမ်းသပ်လိုက်ပြီး ခေါင်းဆောင်ကို အလျှင်အမြန် ကြည့်လိုက်သည်။
ခေါင်းဆောင်၏ မျက်လုံးထဲမှ ရူးသွပ်မှုသည် ရေဆူအမှတ်သို့ ရောက်ရှိနေပြီး သူ့လှုပ်ရှားမှုများက အလွန်အမင်း ရင်းနှီးနေသည်။ ထိုအခိုက်အတန့်မှာ သူ့ခြေလက်များက ကောင်းကင်ဘုံတာအို၏ လက်ကို ဖက်တွယ်ထားပြီး ရှိသမျှအားဖြင့် ကိုက်ချလိုက်သည်။
သူက ကောင်းကင်ဘုံတာအို၏ ဖခင်ဖြစ်ပြီး ယခင်က အကျိုးဆောင်မှုများကြောင့် ကောင်းကင်ဘုံတာအိုက သူ့ကို ရန်မမူဟန်တူသည်။ ခေါင်းဆောင်သည် တကယ်ကြီး တစ်စုံတစ်ခုကို ကိုက်မိသွားသည်။ ထို့နောက် သူက ယင်းကို အတင်းအကျပ်မြိုချလိုက်ပြီး ရူးသွပ်စွာ ရယ်မောလိုက်သည်။
“ တန်… ”
သို့သော်လည်း သူ့စကားမဆုံးသေးမီ ချင်းချိုးနှင့် နင်ယန်၏ အံ့အားသင့်သော အကြည့်အောက်မှာ ခေါင်းဆောင်၏ အသံက ရုတ်တရက် ငိုကြွေးသံပြောင်းသွားသည်။
သူစားလိုက်သော တစ်စုံတစ်ခုက အစာခြေဖျက်ဖို့ မဖြစ်နိုင်ဟန် တူသည်။ သူ့ဝမ်းဗိုက်က ချက်ချင်း ဖောင်းကားလာပြီး ပေါက်ကွဲထွက်သွားသည်။
အသွေးအသားများ နေရာအနှံ့သို့ ပြန့်ကျဲသွားသောအခါ အလွန်အမင်း သိပ်သည်းသော ကောင်းကင်ဘုံတာအိုအရှိန်အဝါတစ်ခုက သူ့ဝမ်းဗိုက်၏ အပေါက်ထဲမှ ပျံ့နှံ့ထွက်လာသည်။ ယင်းက ရွှေရောင်အရေပြားအပိုင်းအစတစ်ခုဖြစ်ကြောင်း မြင်နိုင်ပေသည်။
ခေါင်းဆောင်သည် မျက်လုံးပြူးကျယ်သွားပြီး ဝမ်းဗိုက်ကို လက်ဖြင့် ဖုံးကာလိုက်သည်။ သို့သော်လည်း ယင်းက နောက်ကျသွားချေ၏။ ယိုယွင်းပျက်စီးခြင်းစွမ်းအားက မရပ်တန့်သွားဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ အလျှင်အမြန် ပြန့်နှံ့သွားနေသည်။
မျက်စိတစ်မှိတ်အတွင်း ခေါင်းဆောင်၏ လက်နှစ်ဖက်သည် ယိုယွင်းပျက်စီးလာပြီး ခန္ဓာကိုယ်အောက်ပိုင်းက ပေါက်ကွဲထွက်သွားသည်။ သူ့ခြေထောက်များသာမက ဗိုက်ထဲမှ အူများလည်း ယိုယွင်းပျက်စီးသွားကြပြီး အရပ်မျက်နှာပေါင်းစုံသို့ အသားတုံးများအဖြစ် ပြန့်ကျဲသွားကြသည်။
သွေးက ကောင်းကင်ယံမှာ ဖြန်းပက်သွားစဉ် ကံမကောင်းစွာဖြင့် သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းလည်း ဆက်လက် ပေါက်ကွဲထွက်သွားသည်။
သူ့ဝမ်းဗိုက်က အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး ရင်ဘက်သည် တိုက်ရိုက် ကြေမွပျက်စီးသွားသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများက အလျှင်အမြန် ကွယ်ပျောက်လာနေသည်။ နောက်ဆုံးမှာတော့ ဆိုးဆိုးဝါးဝါး ဖျက်ဆီးခံနေရသည့်ကြားမှ အမာကျောဆုံး ဦးခေါင်းတစ်ခုတည်းသာလျှင် ကျန်နေခဲ့တော့သည်။
မည်သို့မည်ပုံကြောင့် ခေါင်းဆောင်၏ ဦးခေါင်းက အသက်ရှင်ကျန်ရစ်နေခဲ့ကြောင်း မသိရသော်လည်း ယင်းက အကောင်းပကတိအတိုင်း ရှိနေသေး၏။ သူ့ပါးစပ်ထဲမှ ထွက်ပေါ်လာနေသော ငိုကြွေးသံကို ကြားနေရဆဲပင်။ ထိုအခိုက်အတန့်မှာ သူက ဦးခေါင်းကို ရှေ့နောက်ယမ်းပြီး ရွှေရောင်အရေပြားဆီသို့ ဦးတည်သွားကာ ကိုက်လိုက်ပြန်သည်။
ဤတစ်ကြိမ်မှာတော့ ယင်းကို သူမျိုမချခဲ့ပေ။ ပါးစပ်ထဲမှာ ငုံထားသည်။ သူ့မျက်လုံးထဲ၌ ရူးသွပ်မှု ထွက်ပေါ်လာသည့်အခါ ဆံပင်ကို အကောင်းဆုံး လှုပ်ခါစေပြီး သစ်ကိုင်းတစ်ခုပေါ်မှာ သူ့ကိုယ်သူ တွဲချိတ်နိုင်စေရန် ကြိုးစားလုပ်ဆောင်သည်။ သူက အသားကိုဝါးလျက် စောစောတုန်းက ပြီးဆုံးအောင် မပြောလိုက်ရသည့်စကားကို ဆက်ပြောသည်။
“တယ်… ”
ချင်းချိုးသည် ပါးစပ်အဟောင်းသားဖြစ်နေသည်။ နင်ယန်သည် အသိစိတ်ဗလာဖြစ်သွားသည်။ သေချင်နေသောလူများကို ယခင်က သူမြင်တွေ့ဖူးသော်လည်း ယခုလိုမျိုး သေချင်နေသောလူကို သူတစ်ခါမှ မမြင်ဖူးပေ။ ယင်းနှင့်နှိုင်းယှဉ်လျှင် ယခင်တုန်းက အကြိမ်ရေအနည်းငယ် အကိုက်ခံရခြင်းက ဘာမှမဟုတ်သကဲ့သို့ သူခံစားမိသည်။
ကောင်းကင်ဘုံတာအိုမှာမူ သူ အကိုက်ခံလိုက်ရသည်ကို အာရုံခံမိသည်။ သူ၏ ဧရာမလက်က ခဏမျှ ရပ်တန့်သွားသည်။ ဇဝေဇဝါအကြည့်က အက်ကွဲကြောင်းထဲမှ သက်ဆင်းလာလေသည်။ ထိုဦးခေါင်းပြတ်က မည်သည့်အရာကိုလုပ်ဆောင်နေကြောင်း သူမသိဟန်တူသည်။
မည်သို့ဖြစ်စေ သူ့လက်က ဒဏ်ရာမရသွားခဲ့ပေ။ ခေါင်းဆောင်ကိုက်လိုက်သည်က သူ့အရေပြားမှ အပိုင်းအစတစ်ခုမျှသာ ဖြစ်၏။
မည်သည့်ထူးခြားမှုမှ ရှာမတွေ့သည့်နောက် ကောင်းကင်ဘုံတာအိုသည် အင်မော်တယ်အူခွေသစ်ပင်များကို ဆက်လက်ဖမ်းဆုပ်ပြီး အက်ကွဲကြောင်းမှတဆင့် သူ၏ ဝမ်းဗိုက်ထဲသို့ ထည့်သွင်းလိုက်လေသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ရွှီချင်းသည် ကောင်းကင်ဘုံတာအိုကို ကိုက်စမ်းချင်သည့် သူ့အတွေးကို ချက်ချင်း ပယ်ဖျောက်လိုက်သည်။ တစ်ချိန်တည်းမှာ ခေါင်းဆောင်၏ ကျယ်လောင်သော ရယ်သံက အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
“ ဟား ဟား… ငါနောက်ဆုံးတော့ ကောင်းကင်ဘုံတာအိုရဲ့ အသားကို စားနိုင်ခဲ့ပြီ ”
“ သွားကြစို့… သွားကြစို့ ”
“ ဂျူနီယာညီလေး… ငါတို့ ဘယ်နေရာကို တည်နေရာပြောင်းရွှေ့ခံရမလဲ မသိဘူး… ဘာပဲဖြစ်ဖြစ် ခန့်မှန်းထားတဲ့ အကွာအဝေးက မမှားဘူး… ငါတို့ ကံကြမ္မာကိုပဲ ပုံအပ်ရအောင် ”
ဤတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်လေးခုသည် ကြည်လင်ပြတ်သားကြပြီး အကျယ်အဝန်း ပေတစ်သောင်းရှိကြသည်။ ယင်းတို့ထဲမှာ ကောင်းကင်ဘုံတာအိုအရှိန်အဝါဖြင့် ပြည့်နှက်နေကြသည်။
စောစောက ခေါင်းဆောင်ကိုက်လိုက်သော အရေပြားအပိုင်းအစက ယခုအချိန်မှာ အသုံးဝင်နေကြောင်း သိသာလှ၏။
အစီအရင်လေးခုဖွဲ့စည်းပြီးသောအခိုက် ကမ္ဘာအက်ကွဲစေမည့် တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားက ယင်းတို့ထဲမှ ပေါ်လျှိုးလာကြသည်။ ထို့နောက် ယင်းတို့က အလင်းတန်းလေးခုသို့ ပြောင်းလဲသွားကြသည်။ အသိပ်သည်းဆုံး အလင်းတန်းနှစ်ခုက ခေါင်းဆောင်နှင့် ရွှီချင်းဆီသို့ ပျံသန်းသွားကြသည်။
ကျန်အလင်းတန်းနှစ်ခုက နင်ယန်နှင့် ချင်းချိုးဆီသို့ ဦးတည်သွားကြသည်။
ဤသည်ကို ရွှီချင်းမြင်သောအခါ ခေါင်းဆောင်ကို တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထဲသို့ ကန်ထုတ်ရန် မလိုတော့ကြောင်း သိလိုက်သည်။
ချင်းချိုးနှင့် နင်ယန်တို့ အသက်ရှူမြန်လာကြစဉ် ကောင်းကင်၏ အရောင်က ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခု အစပျိုးလာသည်။ ကမ္ဘာအက်ကွဲစေမည့် ပေါက်ကွဲသံလေးခု ပဲ့တင်ထပ်သွားသည့်အခါ တည်နေရာပြောင်းရွှေ့ခြင်းက အသက်ဝင်လာသည်။
ချက်ချင်းဆိုသလို အင်မော်တယ်အူခွေသစ်ပင်ဧရိယာထဲမှ ပုံရိပ်များသည် ပျောက်ကွယ်သွားကြသည်။
သူတို့ပျောက်ကွယ်သွားကြသော်လည်း အက်ကွဲကြောင်းထဲမှ ဧရာမလက်သည် ဆန့်တန်းထွက်လာနေပြီး ကျန်ရှိနေသော အင်မော်တယ်အူခွေသစ်ပင်များကို ဆက်လက်ဆွဲနုတ်နေဆဲပင်။ များမကြာမီ ၎င်းက ကျန်ရှိနေသော သစ်ပင်များနှင့် မရေမတွက်နိုင်သော အမြစ်များကို အက်ကွဲကြောင်းထဲသို့ ထည့်သွင်းလိုက်သည်။
နောက်ဆုံးအမြစ် ကောင်းကင်ယံဆီသို့ ဆွဲယူခံလိုက်ရသောအခါ အက်ကွဲကြောင်းသည် တဖြည်းဖြည်း ပိတ်သွားပြီး နောက်ဆုံးတော့ ပျောက်ကွယ်သွားသည်။
အရာအားလုံးသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
သို့သော် မြေပြင်ကတော့ ပရမ်းပတာပျက်စီးသွားခဲ့သည်။
ဤနေရာတွင် နှစ်ကာလရှည်ကြာစွာ တည်ရှိနေခဲ့သော အင်မော်တယ်အူခွေသစ်ပင်များသည် ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
မြေပြင်ပေါ်တွင် နက်ရှိုင်းသော ဧရာမတွင်းပေါက်တစ်ခုရှိသည်။ ပင့်ကူအိမ်များသဖွယ် အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားကြသည့် မြေပြင်အက်ကွဲကြောင်းများလည်း ရှိသည်။
မြို့ (၃၆)ခုတွင်မူ တစ်ဝက်ခန့်က ပြိုလဲပျက်စီးသွားကြသည်။ ထိုမြင်ကွင်းကြောင့် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်အားလုံး ကြောက်လန့်တုန်လှုပ်သွားကြသည်။
ထွဋ်ခေါင်နိုင်ငံဘုရင်သည် အဝေးမှ ကောင်းကင်ကို ကြည့်လိုက်သည်။ အတွေးများစွာက သူ့စိတ်ထဲမှာ ပေါ်ထွက်လာပြီး အသက်ရှူမြန်လာသည်။ သူ့ညာလက်က တင်းတင်းဆုပ်သွားလိုက် ဖြေလျှော့သွားလိုက်ဖြင့် တစ်လှည့်စီပြောင်းနေသည်။ သူ့အတွင်းစိတ်ထဲမှာ ရုန်းကန်နေရကြောင်း သိသာလှပေသည်။
သူ့ဘေးမှ ကျိုးရှင်းဝူသည်လည်း ထိတ်လန့်တုန်လှုပ်နေသည်။ သူက နှုတ်ဆိတ်နေစဉ် အနောက်မှ လင်းယွမ်သုန်းက ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ နတ်သားတော်က စွမ်းအားကြီးလိုက်တာ ”
ကျိုးရှင်းဝူသည် တစ်စုံတစ်ရာကို ပြောချင်ပါသော်လည်း အဆုံးမှာတော့ မပြောခဲ့ပေ။ ထိုအချိန်မှာ ထွဋ်ခေါင်နိုင်ငံဘုရင်က ညာဘက်လက်ကို လုံးလုံး ဖြေလျှော့လိုက်တော့သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် လက်သီးဆုပ်လိုက်ပြီး ကောင်းကင်ဆီသို့ အရိုအသေပေးလိုက်သည်။
“ နှုတ်ဆက်ပါတယ် နတ်သားတော် ”
ထွဋ်ခေါင်နိုင်ငံဘုရင်က အစချီသည့်အခါ သူ့အနောက်မှ ကျင့်ကြံသူအုပ်စုများသည် ကောင်းကင်ဆီသို့ အရိုအသေပေးလိုက်ကြသည်။
အဆုံးမှာတော့ ကျိုးရှင်းဝူသည်လည်း ဦးညွတ်လိုက်လေသည်။
ကောင်းကင်က မူလအတိုင်းပြန်ပြောင်းသွားသည့် ထိုအခိုက်အတန့်မှာ ရုတ်တရက် အပြောင်းအလဲတစ်ခု ထပ်မံပေါ်ပေါက်လာသည်။ အဆုံးအစမဲ့ အလင်းပင်လယ်တစ်ခုက ကောင်းကင်ယံမှာ ထွက်ပေါ်လာပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။ တိမ်တိုက်များနှင့် မြူခိုးကြားမှာ ဧကရာဇ်ဝတ်ရုံနှင့် ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။
ကြီးမားသော ရွှေရောင်ဧကရာဇ်ဝတ်ရုံက အံ့မခန်းအစွမ်းကို ထုတ်ဖော်ပြနေသည်။ ဝတ်ရုံအပေါ်တွင် နဂါးကိုးကောင်ကို လက်ရာမြောက်အောင် ဇာပန်းထိုးထားလေရာ ၎င်းတို့က တကယ်အသက်ရှိနေကြပြီး ချိတ်ပိတ်ခံထားရသည့်အလား ထင်မှတ်ရ၏။ ၎င်းတို့က တသွင်သွင်စီးဆင်းနေသော မြစ်များပမာ လှုပ်ရှားနေကြပြီး တော်ဝင်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
ထိုပုံရိပ်၏ ဦးခေါင်းထက်တွင် နေလုံးနီပမာ အနီရောင်သရဖူရှိပြီး ယင်းက ပုံရိပ်၏ အနောက်တွင် ရောင်ခြည်နီစက်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။
မျက်စိအဖမ်းစားနိုင်ဆုံးအရာမှာ ဧကရာဇ်သရဖူပေါ်တွင် တွဲလွဲချိတ်ဆွဲထားကြသော ပန်းဖွားများဖြစ်ကြသည်။ သရဖူ၏ အရှေ့မှအနောက်အထိ ပန်းဖွားစုစုပေါင်း(၂၄)ခု ရှိသည်။ ပန်းဖွားတစ်ခုစီတွင် ကျောက်စိမ်းပုလဲ(၁၂)လုံး မြှပ်နှံထားသည်။ ယင်းတို့က ပုံရိပ်၏ မျက်နှာကို ဖုံးကွယ်ထားကြသလို တောက်ပသော ရောင်စဉ်တစ်ခုကို ထုတ်လွှတ်နေလေရာ ထိုပုံရိပ်ကို တည့်တည့်ကြည့်ရန် ပို၍ခက်ခဲစေသည်။
ဧကရာဇ်ဝတ်ရုံနှင့် ပုဂ္ဂိုလ်က သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဆိုသည်သာ ခပ်ရေးရေး မှန်းဆနိုင်ပေသည်။
ထိုပုဂ္ဂိုလ်ပေါ်လာသည့်အခိုက် လောက၏ အရောင်အသွေးသည် ပြောင်းလဲသွားပြီး မြေပြင်သည် တုန်ခါသွားသည်။ ပြင်းထန်သော ဖိအားတစ်ခုက အနီးနားဝန်းကျင်ကို လွှမ်းခြုံသွားပြီး အပူချိန်က တစ်ဟုန်ထိုး ကျဆင်းသွားသည်။
ကျိုးရှင်းဝူသည် ထိုပုဂ္ဂိုလ်ကို မြင်လိုက်သည်နှင့်ချက်ချင်း ဒူးထောက်ချလိုက်သည်။
“ ပြည့်အရှင် ”
ထွဋ်ခေါင်နိုင်ငံဘုရင်သည်လည်း တုန်လှုပ်သွားပြီး ဒူးထောက်လိုက်သည်။ ဝတ်ရုံနက်အစောင့်အရှောက်များနှင့် မြို့ (၃၆)ခုမှ သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်အားလုံးသည် ကောင်းကင်မှ ပုဂ္ဂိုလ်ထံသို့ ဒူးထောက်လိုက်ကြသည်။
“ ပြည့်အရှင် ”
ကောင်းကင်လေပြည်ထောင်တွင် ပြည့်အရှင်များသည် အတိုင်းအတာတစ်ခုအထိ ဘုရင်တစ်ပါးဟု ယူဆနိုင်ပေသည်။
သန့်စင်ရေလှိုင်းမျိုးနွယ်တစ်ခုလုံး၌ ဘိုးဘေးအင်ပါယာကသာလျှင် လေးပြည်ထောင်အထက်မှာရှိသော ဘိုးဘေးအင်ပါယာနန်းတော်တွင် ရှိသည်။
ယခုရောက်ရှိလာသော ပုဂ္ဂိုလ်သည် နှစ်တစ်သောင်းကြာအောင် ပေါ်ထွက်မလာခဲ့သော ဘိုးဘေးအင်ပါယာမဟုတ်ပေ။ သူက ကောင်းကင်နက်မျိုးနွယ်၏ အမိန့်တော်ကို လက်ခံရရှိပြီး နတ်သားတော်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုသော ကောင်းကင်လေပြည်ထောင်မှ ပြည့်အရှင်ဖြစ်ပေသည်။
သူက ကောင်းကင်နှင့်မြေပြင်ကြားမှာ အမူအရာကင်းမဲ့လျက် ရပ်နေသည်။ ပထမဦးဆုံး အင်မော်တယ်အူခွေသစ်ပင်များ ပျောက်ကွယ်သွားခဲ့သည့် မြေပြင်မှ တွင်းနက်ကို ကြည့်လိုက်သည်။ ထို့နောက် အက်ကွဲကြောင်းထွက်ပေါ်လာခဲ့သည့် ကောင်းကင်မှ နေရာကို ကြည့်လိုက်သည်။ အချိန်တစ်ခဏကြာ တိတ်ဆိတ်နေပြီးလျှင် သူက တည်ငြိမ်စွာ ပြောသည်။
“ မူထျန်းကျန်း ”
“ ကျွန်တော်မျိုးရှိပါတယ် ”
ထွဋ်ခေါင်နိုင်ငံဘုရင်သည် အသံကျယ်ကျယ် ပြန်ဖြေသည်။
“ မင်းရဲ့သား မူယဲ့က နတ်သားတော်ကို ကြိုဆိုတဲ့နေရာမှာ စွမ်းစွမ်းတမံ အမှုထမ်းခဲ့တယ်… ဒါကြောင့် ဘုံကျောင်းက သူ့ကို နတ်အစေခံဖြစ်ခွင့် ပေးအပ်ချီးမြှင့်လိုက်တယ် ”
ယင်းကို ထွဋ်ခေါင်နိုင်ငံဘုရင်ကြားသည့်အခါ အဆုံးမသတ်နိုင်သော စိတ်လှုပ်ရှားမှုက သူ့နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က ကတုန်ကယင်ဖြစ်လာပြီး ကောင်းကင်ဆီသို့ ထပ်ခါတလဲလဲ ဦးညွတ်လိုက်လေသည်။
“ မူထျန်းကျန်းက ပြည့်အရှင်ကို ကျေးဇူးတင်ပါတယ် ”
ကောင်းကင်လေပြည့်ရှင်က ထိုကျေးဇူးတင်စကားကိုကြားသည့်အခါ သူ၏ နက်ရှိုင်းသောအကြည့်က မြေပြင်ပေါ်မှာ ဒူးထောက်နေသော ထွဋ်ခေါင်နိုင်ငံဘုရင်ထံသို့ ကျရောက်သွားသည်။ ထို့နောက် အဝေးသို့ လှမ်းမျှော်ကြည့်ပြီးလျှင် တည်ငြိမ်စွာ ပြောသည်။
“ နတ်သားတော်က ငါ့ကိုရှောင်သွားဖို့ ဆန္ဒရှိနေမှတော့ မင်းတို့တွေ သူ့ကိုလိုက်ရှာပြီး ကောင်းကင်နက်မျိုးနွယ်က သူ့ကိုဆင့်ခေါ်နေတဲ့အကြောင်း အမှာတော်ပါးစေ ”
အမိန့်ပေးပြီးသည်နှင့် ကောင်းကင်လေပြည့်ရှင်သည် အနောက်သို့လှည့်ပြီး ဟင်းလင်းပြင်ဆီသို့ ခြေလှမ်းလှမ်းလိုက်သည်။ သူပျောက်ကွယ်မသွားခင် ခဏမျှရပ်တန့်လိုက်ပြီး တည်နေရာပြောင်းရွှေ့အစီအရင်ထွက်ပေါ်လာခဲ့သော နေရာကို ညင်သာစွာ ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို ထိုဧရိယာတစ်ဝိုက်သည် တုန်ယင်သွားပြီး ယိုယွင်းပျက်စီးသွားသည်။ သဲလွန်စအားလုံး လုံးလုံးလျားလျား ပျောက်ပျက်သွားကြသည်။ ယခု မည်သူမျှ ခြေရာမခံနိုင်တော့သလို စစ်ဆေးနိုင်တော့မည်မဟုတ်ချေ။
ထိုသို့လုပ်ဆောင်ပြီးသည့်အခါ ကောင်းကင်လေပြည့်ရှင်သည် အမူအရာကင်းမဲ့စွာ ပျောက်ကွယ်သွားလေသည်။
မြေပြင်ထက်တွင် ကျိုးရှင်းဝူသည် အတွေးနက်နေပြီး စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။
‘ ပြည့်ရှင်ရောက်လာတာ အရမ်းအချိန်ကိုက်ဖြစ်နေတယ်… ’
ထွဋ်ခေါင်နိုင်ငံဘုရင်သည် ကောင်းကင်မှ မည်သည့်အရာကိုမှ သူမမြင်ခဲ့သည့်ပုံစံ ပြုမူသည်။ သူက မတ်တတ်ထရပ်လိုက်သည်နှင့်ချက်ချင်း လက်အောက်ငယ်သားများကို အရပ်မျက်နှာပေါင်းစုံသို့ စေလွှတ်ပြီး နတ်သားတော်ကို ရှာဖွေစေသည်။
ထိုရှာဖွေမှုက ဤဧရိယာကို ကျော်လွန်သွားသည်။ ကောင်းကင်လေပြည့်ရှင်၏ အမိန့်တော်အောက်မှာ နတ်သားတော်ကို ရှာဖွေရန် ကောင်းကင်လေပြည်ထောင်မှ ဌာနအမျိုးမျိုးနှင့် အင်အားစုအခွဲများသည် နယ်မြေတစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာကြသည်။
အမိန့်တော်ပို့လွှတ်ရန် အချိန်အနည်းငယ်ယူရသဖြင့် နတ်သားတော်ကို ရှာဖွေသည့်လုပ်ငန်းစဉ်သည် အချိန်သုံးရက် နှောင့်နှေးခဲ့ရသည်။
သို့သော်လည်း နတ်သားတော်ကိုရှာဖွေရန် ကောင်းကင်လေပြည်ထောင်မှ ကောင်းကင်နက်ဘုံကျောင်းတစ်ခုတည်းသာ အမိန့်တော်ထုတ်ပြန်ထားခြင်းမဟုတ်ပေ။ မကြာမီ သန့်စင်ရေလှိုင်းမျိုးနွယ်၏ အခြားပြည်ထောင်သုံးခုသည်လည်း နတ်သားတော်ကို ရှာဖွေရန် သူတို့၏ သက်ဆိုင်ရာဘုံကျောင်းအသီးသီးထံမှ အမိန့်တော်ထုတ်ပြန်လာကြသည်။
ဝိညာဉ်နီပြည်ထောင်နှင့် လမြူခိုးပြည်ထောင်သည် စိတ်အားထက်သန်စွာ ရှာဖွေကြသည်။ နှစ်ပေါင်းများစွာ တိတ်ဆိတ်ငြိမ်သက်နေကြသော ကောင်းကင်နက်ဘုံကျောင်းများသည်လည်း ဤရှာဖွေမှုတွင် ပါဝင်လာကြသည်။
အမှန်တော့ ကောင်းကင်နက်မျိုးနွယ်ကို မှီခိုနေကြသော မျိုးနွယ်စုများစွာနှင့် သန့်စင်ရေလှိုင်းမျိုးနွယ်သည်လည်း ပြည်ထောင်နှစ်ခုနှင့် ဘုံကျောင်းများထံမှ အမိန့်တော်ကို ရရှိထားကြပြီး ရှာဖွေမှုတွင် ပါဝင်လာကြသည်။
ထိုသို့ဖြင့် နတ်သားတော်ကို ရှာဖွေမှုက သန့်စင်ရေလှိုင်းဒေသကြီးတစ်ခုလုံးမှာ တဖြည်းဖြည်း ဂယက်ထလာသည်။
ဥပဒေအမိန့်စာကို သူတို့၏ နယ်စပ်ဒေသများတွင် ပြဌာန်းထားကြသည်။
အခြေအနေက တစ်စတစ်စ ဆက်လက် ကျယ်ပြန့်လာသည်။
သို့ဖြစ်၍ ထိုအဖြစ်က ဖုန်းဟိုင်ဒေသငယ်၏ စိတ်ဝင်စားမှုခံရသည်မှာ ပုံမှန်ကိစ္စသာဖြစ်သည်။ အကြောင်းအရင်း၏ ဇစ်မြစ်ကို သူတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် စုံစမ်းစစ်ဆေးပြီးသောအခါ ဒေသတစ်ခုလုံး လှုပ်ခတ်သွားသည်။ ဓားကိုင်ရုံးတော်အပါအဝင် ရုံးတော်သုံးခုမှာ လှုပ်ရှားမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။
“ ကောင်းကင်နက်မျိုးနွယ်ရဲ့ နတ်သားတော်လား ”
“ နှစ်တွေမရေမတွက်နိုင်အောင် တည်ရှိနေခဲ့တဲ့ အင်မော်တယ်အူခွေသစ်ပင်တွေက ပျောက်သွားကြပြီလား… အခုကစပြီး သန့်စင်ရေလှိုင်းမျိုးနွယ်မှာ ထူးဆန်းနယ်မြေတစ်ခု လျှော့ကျသွားပြီလား ”
“ ကောင်းကင်နက်ဘုံကျောင်းက လေးပြည်ထောင်စလုံးကို အမိန့်တော်ထုတ်ပြန်ထားတယ်လား ”
“ ဝိညာဉ်နီပြည်ထောင်နဲ့ လမြူခိုးပြည်ထောင်ရဲ့ ကောင်းကင်နက်ဘုံကျောင်းတွေက နတ်ဆရာတွေကိုယ်တိုင် အပြင်ထွက်လာကြပြီလား ”
“ ဘာလို့ ကောင်းကင်လေပြည်ထောင်ရဲ့ ဘုံကျောင်းက နတ်ဆရာက အမိန့်ပဲပေးပြီး အပြင်ထွက်မလာတာလဲ… ဒါ့အပြင် သူက ကောင်းကင်လေပြည့်ရှင် အချိန်သုံးရက်နှောင့်နှေးခဲ့တာကို ဘာမှမပြောဘဲ ခွင့်ပြုထားတာလဲ ”
ဖုန်းဟိုင်ဒေသငယ်၏ အထက်ပုဂ္ဂိုလ်များသည် အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပကြသည်။ တစ်ချိန်တည်းမှာ ဓားကိုင်အများအပြားသည် အထက်မှ တာဝန်များရရှိကြပြီး နယ်စပ်ဆီသို့ စောင့်ကြပ်ရန် ဦးတည်သွားကြသည်။ သူတို့၏ တာဝန်မှာ သန့်စင်ရေလှိုင်းမျိုးနွယ်များ ဤနေရာထိလာပြီး ပြဿနာဖြစ်စေမည်ကို ကာကွယ်ရန် ဖြစ်သည်။
ခုန်ရှန်းလုံနှင့် တခြားလူများသည်လည်း အလားတူတာဝန်ကို လက်ခံရရှိကြသည်။ သူတို့ထွက်လာကြသည့်အခါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တဖက်လူ၏ မျက်လုံးထဲမှ သံသယအရိပ်အယောင်ကို သတိပြုမိကြသည်။
“ သူတို့တွေတော့ မဟုတ်လောက်ဘူးမလား ”
ရှန်ဟယ်က တီးတိုးရေရွတ်လိုက်သည်။
“ မဖြစ်နိုင်တာကွာ… အဲ့ဒါက နတ်သားတော်ဟ… အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောပြီး တခြားလူတွေကို မခြောက်စမ်းနဲ့ ”
ဝမ်ချန်၏ နှလုံးသည် တုန်ယင်သွားပြီး အပြင်းအထန် ခေါင်းခါသည်။
“ အဲ့ဒါဟုတ်တယ်… ဟား ဟား… ငါအတွေးလွန်သွားတယ်… ဒီကိစ္စက သန့်စင်ရေလှိုင်းမျိုးနွယ်မှာ ဒီလောက်ဂယက်ထနေတာ ဘယ်လိုလုပ် ဟိုနှစ်ကောင်ဖြစ်နိုင်မှာလဲ ”
ရှန်ဟယ်သည် ဖြစ်ညှစ်ရယ်မောလိုက်သည်။
“ ဒါပေမဲ့ ငါမှတ်မိသလောက်တော့ ရွှီချင်းနှင့် ချန်အားညို ထွက်မသွားခင်… သူတို့တွေ အင်မော်တယ်အူခွေသစ်ပင်တွေဆီသွားမယ်လို့ ပြောခဲ့သလားပဲ… သူတို့ ကိစ္စကြီးတစ်ခုခုကို လုပ်တော့မယ်လို့တောင် ပြောတယ်… ”
ညဝိညာဉ်က တုံ့ဆိုင်းစွာ ပြောသည်။
အားလုံး တိတ်ဆိတ်သွားကြသည်။
ခဏအကြာမှာ ခုန်ရှန်းလုံသည် နှလုံးသားထဲမှ တုန်လှုပ်မှုကို ဖိနှိပ်လိုက်ပြီး သုန်မှုန်စွာ ပြောသည်။
“ အဲ့ဒီမှာ နောက်ထပ်ကောင်းကင်နက်အုပ်စုတစ်စု ရှိနေတာလည်း ဖြစ်နိုင်တာပဲ ”
“ အဲ့ဒါဟုတ်တယ်… အဲ့လိုဖြစ်ရမယ် ”
ဤသည်ကို ရှန်ဟယ်နှင့် တခြားလူများကြားသောအခါ အလျှင်အမြန် ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် တိတ်ဆိတ်သွားကြသည်။ သူတို့သည် အလျင်စလို ခရီးဆက်ကြသည်။ လမ်းတစ်လျှောက် သူတို့၏ မျက်နှာပေါ်မှာ တွေဝေသော အမူအရာ အနည်းနှင့်အများတော့ ရှိသည်။