← Chapters

ကောက်ရိုးဦးထုပ်ကျင့်ကြံသူပေါ်လာခြင်း

Vol. 41 Ch. 611

ကောက်ရိုးဦးထုပ်ကျင့်ကြံသူပေါ်လာခြင်း

Vol. 41 Ch. 611

ဖုန်းဟိုင်ဒေသငယ်၊ ရွှီကျိုးပြည်နယ်…။

ပြာလဲ့လဲ့မိုးကောင်းကင်သည် ရှည်လျားကျယ်ပြောသည်။ နေရောင်ခြည်သည် ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာပြီး လွင်ပြင်များကို ရောင်ဝါထွန်းလင်းပေးနေသည်။ ကွင်းပြင်များတွင် အရောင်အသွေးစုံလင်သော အပိုင်းအစများနှင့် ပြည့်နှက်နေလေရာ မျက်စိပဒေသာရှိသော မြင်ကွင်းတစ်ခုပင်တည်း။

အနီးကပ် သေချာကြည့်ရှုမည်ဆိုလျှင် လွင်ပြင်များကို ဖုံးလွှမ်းထားကြသော ထိုအပိုင်းအစများက အဝတ်အစားများဖြစ်ကြသည်ကို မြင်ရလိမ့်မည်။ အမျိုးသားအဝတ်အစားများ၊ အမျိုးသမီးအဝတ်အစားများ၊ ကလေးအဝတ်အစားများနှင့် လူကြီးအဝတ်အစားများ အစရှိသဖြင့် အမျိုးအစားစုံလင်လှသည်။ ထို့အပြင် ဦးထုပ်များနှင့် လက်အိတ်များလည်း ရှိကြသည်။

ဤနေရာသည် ဝတ်ရုံမျိုးနွယ်၏ ပိုင်နက်ဖြစ်သည်။

မကြာခဏဆိုသလို အရောင်အသွေးစုံလင်သော ကလေးအဝတ်များသည် လေပေါ်သို့ မြှောက်တတ်သွားကြသည်။ သူတို့က လေထဲမှာ အုပ်စုဖွဲ့ မြူးတူးဆော့ကစားနေကြလေရာ ကောင်းကင်‌ပေါ်မှာ လှည့်လည်ပျံသန်းနေကြသည့် ချစ်စဖွယ် ငှက်ကလေးများအလားပင်။ အေးချမ်းပြီး လှပသော မြင်ကွင်းတစ်ခုကို ဖန်းတီးနေ၏။

သို့သော်လည်း မကြာမီ အက်ကွဲကြောင်းတစ်ခုက အေးချမ်းလှပသော ဤကမ္ဘာ၏ ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာလေသည်။

သွေးပျက်ဖွယ်ကောင်းသော အော်သံကြီးက လေကို ဖောက်ထွင်းသွားသည်။ နောက်တစ်စက္ကန့်မှာ ခေါင်းပြတ်တစ်လုံးက အက်ကွဲကြောင်းထဲမှ ထွက်ကျလာပြီး မြေပေါ်သို့ ကျဆင်းသွားသည်။ အကြိမ်ရေအနည်းငယ် လိမ့်သွားပြီးနောက် ခေါင်းပြတ်က မြေကြီးကို မျက်နှာဖြင့် မိတ်ဆက်လိုက်ရပြီး ရပ်သွားသည်။

ခေါင်းပြတ်သည် မြေပြင်မှ လူးလဲထသည်။ စောစောက သက်ရောက်မှုက လေပွေကြမ်းတစ်ခုဖြစ်ပေါ်စေပြီး အရောင်အသွေးစုံ အဝတ်အစားများကို အရပ်မျက်နှာပေါင်းစုံသို့ လွင့်စင်ပြန့်ကျဲသွားစေသည်။ ခေါင်းပြတ်သည် ပြန်ထရန် အကောင်းဆုံးကြိုးစားသော်လည်း ထိုသို့လုပ်ဆောင်ရန် ခွန်အားမလောက်မငှ ဖြစ်နေသည်။

သို့သော်လည်း ထိုသို့အခက်အခဲသေးသေးလေးက ကောင်းကင်ဘုံတာအို၏ ဖခင်ဖြစ်သော သူ့အတွက် စိန်ခေါ်မှုမဟုတ်သေးပေ။ ခေါင်းပြတ်သည် လျှာထုတ်၍ မြေပြင်ကို ကန်လိုက်ပြီး ဖြစ်ပေါ်လာသော အရှိန်ကိုအသုံးပြုကာ မတ်မတ်‌ထောင်လိုက်သည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို အံ့အားသင့်စွာ ကြည့်လိုက်လေသည်။

“ ဝတ်ရုံမျိုးနွယ်လား ”

ခေါင်းပြတ်သည် ခေါင်းဆောင်မှလွဲ၍ တခြားလူမဟုတ်ပေ။

ဘေးပတ်ဝန်းကျင်မှ ဝတ်ရုံမျိုးနွယ်ကို မြင်သောအခါ ခေါင်းဆောင်သည် အံ့ဩဝမ်းသာသွားသည်။ ဖုန်းဟိုင်ဒေသငယ်သို့ အောင်မြင်စွာ သူပြန်ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။

“ ဝတ်ရုံမျိုးနွယ်မှာ ငါ့မိတ်ဆွေကောင်းတစ်ယောက် ရှိတယ် ”

ခေါင်းဆောင်က တီးတိုးရေရွတ်သည်။ သူ့အရှိန်အဝါ၏ လွှမ်းမိုးမှုအောက်မှာ အမျိုးသမီးလက်အိတ်တစ်ခုက သူ့ဆီသို့ အလျှင်အမြန် ပျံသန်းလာသည်။ လက်အိတ်က အလွန်ပျော်ရွှင်နေသည့်အလား သူ့ဘေးနားမှာ စိတ်လှုပ်ရှားစွာ ကခုန်နေသည်။

ခေါင်းဆောင်သည် ရယ်မောလိုက်သည်။ ဤလက်အိတ်က သူ့မိတ်ဆွေကောင်းဖြစ်ပေသည်။ သူစကားပြောတော့မည့်အချိန် ဦးထုပ်တစ်အုပ်စုက အဝေးမှ သူ့ဆီသို့ ပျံသန်းလာနေကြကြောင်း မြင်လိုက်သည်။ သူတို့၏ တိုက်ခိုက်တော့မည့် အသွင်အပြင်က ခေါင်းဆောင်၏ အမူအရာကို ပြောင်းလဲသွားစေသည်။

ကံကောင်းစွာဖြင့် သူ့မိတ်ဆွေကောင်းက ဦးထုပ်အုပ်စုထံသို့ အလျှင်အမြန် ပျံသန်းသွားသည်။ ဝတ်ရုံမျိုးနွယ်၏ အချင်းချင်း ဆက်သွယ်ကြပုံကို နားမလည်သော်လည်း ဦးထုပ်အုပ်စုသည် ခေါင်းဆောင်ကို အကြိမ်ရေအနည်းငယ် လှည့်ပတ်ပြီးနောက် အင်တင်တင် ပြန်သွားကြသည်။

ဦးထုပ်အုပ်စုထွက်သွားကြသည်ကို မြင်သောအခါ ခေါင်းဆောင်သည် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီးချလိုက်သည်။ လက်အိတ်၏ အကူအညီဖြင့် သူက လေထဲသို့ မြှောက်တတ်သွားပြီး အနီးဝန်းကျင်ကို ချေငံစွာ ကြည့်လိုက်သည်။

“ ဒီတစ်ကြိမ် ချောချောမွေ့မွေ့ ပြီးသွားတာပဲ… ဟား ဟား ”

“ ချင်းလေး ဘယ်လိုနေလဲ ငါသိချင်မိသား… အဲ့ကောင်လေးက သာမန်မဟုတ်ဘူး… သူအဆင်ပြေလောက်မှာပါ… အရင်ဆုံး ငါ့ခန္ဓာကိုယ်ကို ဒီမှာ ပြန်တည်ဆောက်ရမယ် ”

ထိုသို့တွေးမိသဖြင့် ခေါင်းဆောင်သည် အကောင်းဆုံး ကြိုးစားပြီး ခေါင်းမော့ကာ သူ့ဆံပင်ကို ဆုပ်ကိုင်ထားပေးသော လက်အိတ်ကို ကြည့်လိုက်သည်။ သူက နှုတ်ခမ်းသပ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ ညာလေး… မင်းတို့ ဝတ်ရုံမျိုးနွယ်မှာ အရသာရှိတဲ့ ဘယ်လိုအစားအစာတွေရှိလဲ… ငါ့ကို မြည်းစမ်းကြည့်ခိုင်းဖို့ ခေါ်သွားပေးစမ်းပါ… ပြီးတော့ ဒီမှာ ငါ့ကိုအမြင်ကျယ်စေမယ့် ပျော်စရာတစ်ခုခုရှိလား ”

ယင်းကို အမျိုးသမီးလက်အိတ်ကြားသောအခါ ၎င်းက ခေါင်းညိတ်သည့်အလား လက်ညှိုးကို ထောင်လိုက်ကွေးလိုက်ဖြင့် ကြိမ်ဖန်များစွာ ပြုလုပ်သည်။ ခေါင်းဆောင်၏ မျက်လုံးထဲမှာ မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်သွားပြီး လက်အိတ်၏ အကူအညီဖြင့် ဝေးသထက်အဝေးကို ပျံသန်းသွားသည်။

ရက်ပေါင်းများစွာအကြာတွင် ချီယွဲ့ထုံဂိုဏ်း၏ လှေပျံသည် ဤလွင်တီးခေါင်နှင့်ဝေးရာ ပြည်နယ်ပေါင်းများစွာကို ဖြတ်ကျော်သွားခဲ့သည်။ ဤနေရာတွင် နေရောင်သည် မီးတောက်ပမာ ပူလောင်သည်။ မြေပြင်ပေါ်တွင် မည်သည့်အပင်မှ မရှိပေ။ ကမ္ဘာကို မီးလောက်တိုက်သွင်းမည့် ပြင်းထန်သော အပူလှိုင်းတစ်ခုသာ ရှိသည်။

တစ်ခဏကြာပြီးနောက် ပေတစ်ထောင်ရှည်လျားသော မှော်ယာဉ်ပျံတစ်စီးသည် လွင်တီးခေါင်မြေကို ဝှီးခနဲ ဖြတ်သန်းသွားသည်။

မှော်ယာဉ်ပျံသည် ဘဲဥပုံသဏ္ဍာန်ရှိပြီး တမူထူးခြားသည်။ ယာဉ်ပျံပေါ်မှာ ဓားသွားရှည်များ သို့မဟုတ် အတောင်ပံများနှင့် ဆင်တူသော ဖောင်းထွင်းမြင်သင်္ဘောရွက် ဆယ်စုံကျော် ရှိသည်။ ယာဉ်ပျံ၏ အရောင်သည် ခရမ်းနက်ရောင်ဖြစ်ပြီး အေးစက်စက် အငွေ့အသက်ကို ပေးသည်။

ယာဉ်ပျံ၏ လှေဦးပိုင်းတွင် မကောင်းဆိုးဝါးတစ္ဆေတိုတမ်တစ်ခု ရှိသည်။ ယင်းက မှော်မန္တန်စက်ဝိုင်းများထဲတွင် နတ်မိစ္ဆာမီးတောက်ဖြင့် ဖိနှိပ်ခံထားရသည့် ဝိညာဉ်များမှ ဖြစ်တည်လာသော ဝိညာဉ်ခန္ဓာတစ်ခုဖြစ်ပြီး မှော်ယာဉ်ပျံထဲသို့ ပေါင်းစပ်စေခဲ့သည်။

ထိုအကြောင်းကြောင့် ဤမှော်ယာဉ်ပျံက ရွှေအမြူတေနယ်ပယ် စွမ်းအားကို ထုတ်လွှတ်နိုင်ရခြင်း ဖြစ်ပေသည်။

မှော်ယာဉ်ပျံ၏ အခန်းငယ်ထဲတွင် ရုပ်ဖျက်ထားခြင်းမရှိတော့ဘဲ လူသားအသွင်သို့ ပြန်လည်ရရှိလာသည့် ရွှီချင်း ရှိသည်။ ယခု သူက တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။

တည်နေရာပြောင်းရွှေ့ခံရပြီး သူပြန်ရောက်လာသည်မှာ ယခုဆိုလျှင် သုံးရက်ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က သူ့ကို ဤလွင်တီးခေါင်မြေသို့ ပို့လွှတ်ခဲ့ခြင်းဖြစ်သည်။

ဤနေရာရှိ ရာသီဥတုသည် အလွန်ဆိုးဝါးပြီး ကျင့်ကြံသူများပင် အပူဒဏ်ကို အချိန်ကြာမြင့်စွာ မတောင့်ခံနိုင်ကြပေ။ သို့သော်လည်း သူက အလွန်အန္တရာယ်များသော နေရာများတွင် ပေါ်မလာခဲ့သဖြင့် အနည်းဆုံးတော့ ကံကောင်းသည်ဟု မှတ်ယူနိုင်ပေသည်။ ယင်းက ရွှီချင်းကို စိတ်သက်သာရာရစွာ သက်ပြင်းချမိစေသည်။

ထို့နောက် သူက မှော်ယာဉ်ပျံကို ချက်ချင်း ထုတ်လိုက်ပြီး မြင့်မားသော အပူဒဏ်ကို ရှောင်ရှားရန် အထဲတွင် ဝင်ထိုင်လိုက်သည်။ ဤသုံးရက်အတောအတွင်း အင်မော်တယ်အူခွေသစ်ပင်သို့ခရီးစဉ်မှ သူရရှိလာသော အကျိုးအမြတ်များကို အကျဉ်းချုပ်လိုက်သည်။

“ ငါ့ကျင့်ကြံခြင်းက နန်းတော်ငါးခုကနေ နန်းတော်ရှစ်ခုအထိ တိုက်ရိုက် မြင့်တတ်သွားခဲ့တယ်… ပြီးတော့ နဝမနတ်နန်းတော်ကလည်း တစ်ဝက်လောက် ဒြပ်ထည်ဖြစ်တည်နေပြီ ”

“ အစ်ကိုခုန် နန်းတော်ကိုးခုတိုက်ပွဲစွမ်းအင်ရှိတုန်းက အစောပိုင်းဝိညာဉ်အခြေတည် ကျင့်ကြံသူကို သတ်ဖြတ်နိုင်ခဲ့တယ်… အခု ငါက အဲ့လိုလုပ်နိုင်စွမ်းရှိတယ်… တကယ်လို့ ငါသာ အစွမ်းကုန်ထုတ်သုံးမယ်ဆိုရင်… ”

ရွှီချင်း၏ မျက်လုံးသည် အရောင်တလက်လက် တောက်လာသည်။

“ ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ သာမန်ဝိညာဉ်အခြေတည် ကျင့်ကြံသူတွေကို ငါမသတ်နိုင်တာတော့ မဟုတ်ဘူး ”

“ အခု ငါ့မှာ နဝမ၊ ဒသမ၊ ဧကာဒသမနတ်နန်းတော်တွေပဲ ကျန်ရှိတော့တယ်… အဲ့ဒါတွေအားလုံး ပြည့်စုံတာနဲ့ အဆင့်ချိုးဖြတ်ပြီး ဝိညာဉ်အခြေတည်နယ်ပယ်ကို တတ်လှမ်းဖို့ ကြိုးစားနိုင်လိမ့်မယ် ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး တခြားအကျိုးအမြတ်များကို တွေးတောလိုက်သည်။ သူက အနည်းငယ် စိတ်လှုပ်ရှားလာသည်။

“ တာအိုသစ်သီး(၃၁၄၂) ”

“ သက်စောင့်မီးအိမ်တစ်ခု ”

“ ဝိညာဉ်လက်ဖွဲ့ပါတဲ့ ဆေးလုံးမျိုးစုံနဲ့ လက်နက်သန့်စင်တဲ့ သတ္တုအမျိုးအစားတွေ ”

“ ကောင်းကင်ဘုံတာအိုပေါ် ရင်းနှီးမြှုပ်နှံမှု ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်သည်။ အကျိုးအမြတ်အားလုံးကို အကျဉ်းချုပ်ပြီးနောက် ဤခရီးစဉ်နှင့်ပတ်သက်ပြီး အလွန်အမင်း သူစိတ်ကျေနပ်မိသည်။

“ ချင်းချိုးဘယ်လိုနေလဲ ငါသိချင်မိသား ”

ရွှီချင်းသည် စောစောတုန်းက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို ပြန်သတိရသွားသည်။ တစ်ခဏကြာတွေးတောပြီးနောက် အနည်းငယ် သူစိုးရိမ်လာသည်။ သို့သော်လည်း တဖက်လူက ပျော့ညံ့ညံ့ အမျိုးသမီးမဟုတ်ကြောင်း ရွှီချင်း သိသည်။ နတ်ဘုရားမျက်နှာပျက်ကြီး၏ မျက်လုံးဖွင့်ခြင်းအောက်မှာ အသက်ရှင်နိုင်ခဲ့သူများသည် မရိုးရှင်းကြပေ။

ထို့ကြောင့် တစ်ခဏကြာတွေးတောပြီးနောက် စိုးရိမ်ရန် မလိုအပ်ကြောင်း သူခံစားမိသည်။

နင်ယန်ကိုတော့ သူက ထည့်မစဉ်းစားပေ။ ခေါင်းဆောင်ကမူ…

အကယ်၍ သူသေသွားလျှင်ပင် ခေါင်းဆောင်ကတော့ သေလိမ့်မည်မဟုတ်ဟု ရွှီချင်း ခံစားမိသည်။ သူ့မှာ ခေါင်းပြတ်တစ်ခုပဲ ကျန်ရစ်တော့လျှင်ပင် ပြန်နလန်ထူရန် အချိန်သိပ်လိုမည်မဟုတ်ပေ။

“ စီနီယာအကိုကြီးကို ငါစိုးရိမ်ဖို့ မလိုဘူး… သူက ဒေသငယ်မြို့တော်ကို သူ့ဘာသာ ပြန်နိုင်တယ်… အခု ငါလုပ်ရမှာက အမြန်ပြန်ဖို့ပဲ ”

ရွှီချင်းသည် သူ့ကိုယ်ပေါ်မှာ နတ်မိမယ်ကျစ်ရွှမ် ရေးဆွဲပေးခဲ့သော ရုပ်ဖျက်အဆောင်ကို ကြည့်လိုက်သည်။

မှော်သင်္ကေတများသည် ကြီးကြီးမားမား ပြောင်းလဲသွားကြသည်။ ယင်းတို့သည် မူလအနီရောင်မှ ယခု အရောင်မှေးမှိန်နေကြသည်။ အမှန်တော့ အနီးကပ် သေချာမကြည့်လျှင် ယင်းတို့ကို မည်သို့မှ မြင်ရလိမ့်မည်မဟုတ်ချေ။

“ သုံးလမပြည့်သေးဘူး… ”

ရွှီချင်းသည် သက်ပြင်းချလိုက်သည်။ သို့သော်လည်း ယင်းကို သူနားလည်ပေးနိုင်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံတာအို ပေါ်ပေါက်လာမှု၊ ကောင်းမှုကုသိုလ်သက်ဆင်းလာမှုနှင့် ကောင်းကင်မြေပြင် စွမ်းအားစုစည်းမှုတို့က ဤရုပ်ဖျက်အဆောင်ကို အမှတ်တမဲ့ ဖယ်ရှားခဲ့သောကြောင့် ဖြစ်သည်။

အဆောင်က ယခုအထိ လုံးလုံးမပျက်စီးသေးဘဲ အသုံးဝင်နေသေးသည်ကပင် အတော်လေး အံ့ဩစရာကောင်း၏။

“ ငါ မြန်မြန်ပြန်ရောက်မှ ဖြစ်မယ် ”

ရွှီချင်းသည် မှော်ယာဉ်ပျံအပြင်ဘက်မှ ကမ္ဘာကို ကြည့်လိုက်သည်။ ဤတစ်ခေါက် သန့်စင်ရေလှိုင်းမျိုးနွယ်ထဲမှာ သူလုပ်ဆောင်ခဲ့သည့်အရာက ကမ္ဘာအက်ကွဲစေမည့် ကိစ္စမျိုးဖြစ်ကြောင်း သတိပြုမိသည်။

သူတို့က သူ့ကို အပူတပြင်းလိုက်ရှာကြလိမ့်မည်မှာ သေချာ၏။

ယခု သူက ဖုန်းဟိုင်ဒေသငယ်တွင် ရှိနေသော်လည်း သူ့ခန္ဓာကိုယ်ပေါ်မှ ရုပ်ဖျက်အဆောင်သည် ပျက်ပြယ်လုနီးပါး အခြေအနေတွင် ရှိသည်။ ယင်းက ရွှီချင်းကို စိတ်မသက်မသာ ဖြစ်စေသည်။ ဆဌမနတ်နန်းတော်ကလည်း သူ့ကို ထိုခံစားမှုမျိုး ပေး‌နေသည်။

ထိုစိတ်မသက်မသာ ခံစားရမှုက ရွှီချင်းကို မျက်မှောင်ကြုတ်စေသည်။ ဤနေရာမှ ပတ်ဝန်းကျင်နှင့် အကွာအဝေးကြောင့် အမိန့်ဓားအတွက် အသံပို့လွှတ်ရန် ခက်ခဲလိမ့်ပေမည်။ ထို့ကြောင့် သူက လက်နှစ်ဖက်ဖြင့် လက်ဟန်သင်္ကေတများစွာကို တရစပ်ထုတ်ဖော်လိုက်ပြီး မှော်ယာဉ်ပျံပေါ်သို့ ဖိချလိုက်လေရာ ယာဉ်ပျံ၏ အလျှင်ကို အဆပေါင်းများစွာ တိုးမြှင့်သွားစေသည်။ ထို့အပြင် ယာဉ်ပျံသည် ကောင်းကင်ယံ၌ ဖုံးကွယ်ရန် ကြည်လင်လာသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် အနည်းငယ် စိတ်အေးသွားသည်။ သူက မျက်လုံးမှိတ်လိုက်ပြီး ဆက်လက်တရားထိုင်လိုက်သည်။

ထိုသို့ဖြင့် နောက်ထပ်ခုနစ်ရက် ကုန်လွန်သွားသည်။

ရွှီချင်း၏ ကိုယ်ပေါ်မှ နောက်ဆုံးရုပ်ဖျက်မှော်သင်္ကေတသည် ပျက်ပြယ်သွားသည်။

မှော်သင်္ကေတပျက်ပြယ်သွားသည့်အခါ အပြင်ဘက်၌ ညအချိန်သို့ ကျရောက်နေပြီ ဖြစ်သည်။ နေရောင်ခြည်မရှိတော့သော်လည်း ဤနေရာတွင် ပြင်းထန်သော အပူချိန်က ရှိနေဆဲပင်။ အပူလှိုင်းများက မှော်ယာဉ်ပျံ၏ အပြင်ဘက်လေထဲမှာ စိမ့်ဝင်နေကြသည်။

ရွှီချင်းသည် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သည်။ သံသယအကြည့်က သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက တစ်ခဏမျှတွေးတောပြီးလျှင် အခန်းငယ်အပြင်သို့ လျှောက်သွားသည်။

အပြင်ဘက်မှာ ခြေချလိုက်သည်နှင့်ချက်ချင်း ပြင်းထန်သော အပူလှိုင်းက သူ့ကို ရိုက်ခတ်လာသည်။ စက္ကန့်ပိုင်းအတွင်း သူ့မျက်နှာပေါ်မှာ ချွေးစေးများ ထွက်ပေါ်လာပြီး အဝတ်အစားတစ်ခုလုံး ရွှဲရွှဲစိုသွားသည်။ သို့သော်လည်း ရွှီချင်းသည် ထိုအရာကို ဘေးချိတ်ထားပြီး လှေဦးပိုင်းဆီသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားသည်။ သူ့မျက်လုံးက လွင်တီးခေါင်မြေကို လိုက်လံစစ်ဆေးနေသည်။ သူ့အမူအရာက တဖြည်းဖြည်း မှုန်ကုပ်လာသည်။

“ တစ်ခုခုတော့ မှားနေပြီ ”

“ ငါ့နှလုံးသားထဲက စိတ်မသက်မသာခံစားရမှုက ဒီရက်တွေမှာ ပျောက်မသွားဘူး… အဲ့ဒီအစား ပိုပိုသိသာလာတယ်… စောစောက ရုပ်ဖျက်အဆောင် ပျက်ပြယ်သွားတုန်းကဆို နှလုံးခုန်မတတ်ပဲ ”

ရွှီချင်းသည် ခန္ဓာကိုယ်ထဲမှ ဆဌမနတ်နန်းတော်ကို အာရုံခံကြည့်သည်။ ကောင်းကင်ဘုံတာအို မိုဆာဆောသည် အတွင်းပိုင်းထဲ၌ မြန်မြန်သွက်သွက် ကူးခတ်နေပြီး စိုးရိမ်ပူပန်သောအမူအရာကို ထုတ်ဖော်ပြနေကြောင်း သူသတိပြုမိလိုက်သည်။

ကောင်းကင်ဘုံတာအို မိုဆာဆော၏ သတိပေးမှုက ယခုမှ ပထမဆုံးအကြိမ် ပေါ်ပေါက်လာခြင်းမဟုတ်ပေ။ ၎င်း ပထမဆုံးအကြိမ် သတိပေးခဲ့စဉ်က သူနှင့်ခေါင်းဆောင် ထွက်မသွားမီ ဒေသငယ်မြို့တော်ထဲမှာ ဖြစ်သည်။

အစတုန်းက ထိုခံစားချက်သည် ပြင်းထန်ခြင်းမရှိပေ။ မသဲမကွဲ ခံစားမှုတစ်ခုမျှသာ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်မှာ ထိုစိတ်မသက်မသာခံစားရမှုက ချက်ချင်း မြင့်တတ်လာနေသည်။

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ဖုန်းဟိုင်ဒေသငယ်၏ ဦးတည်ရာသို့ ကြည့်လိုက်သည်။ ဤနေရာသည် ဖုန်းဟိုင်ဒေသငယ်နှင့် သိပ်မဝေးတော့ပေ။ သူ၏ လက်ရှိအမြန်နှုန်းဖြင့်ဆိုလျှင် တစ်လခန့် ကြာမြင့်နိုင်သည်။ သူ ဖုန်းဟိုင်ဒေသငယ်သို့ ရောက်သည့်အခါ မြို့တစ်မြို့ထံမှ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသုံးပြုနိုင်လိမ့်မည်။

အကယ်၍ သူသာ မှော်ယာဉ်ပျံကို အသုံးမပြုဘူးဆိုလျှင် သူ့ကိုယ်ပိုင်အလျှင်ဖြင့် အချိန်တိုတောင်းစေနိုင်သည်။

“ ဆယ်ရက် ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး တခြားဦးတည်ရာများကို ကြည့်လိုက်သည်။

ဤလွင်တီးခေါင်နယ်မြေသည် အလွန်အမင်း ကျယ်ပြောသည်။ ဓားကိုင်၏ လျှို့ဝှက်လေ့ကျင့်မှုအတောအတွင်း သတင်းအချက်အလက်များက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ရွှီကျိုးပြည်နယ်သည် လွင်တီးခေါင်များနှင့် မြင့်မားသော အပူချိန်ရှိသဖြင့် လူသားမျိုးနွယ်အတွက် မသင့်လျော်ပေ။ ထို့ကြောင့် လူသားမျိုးနွယ်၏ အင်အားစုအနည်းငယ်မျှသာ ဤနေရာတွင် နေထိုင်ကြသည်။ ဤနေရာတွင် ဓားကိုင်ရုံးတော်ရှိသော်လည်း ယင်းက လွင်တီးခေါင်မြေ၏ အစွန်းဖျား အိုအေစစ်များတွင် ဖြစ်၏။

ယင်းက ဒေသငယ်မြို့တော်သို့ ရောက်ရန်ထက် အချိန်အများကြီး ပိုကြာလိမ့်မည်။

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ တစ်ခဏကြာစဉ်းစားပြီးနောက် သူက မှော်ယာဉ်ပျံကို ပြန်သိမ်းလိုက်သည်။ သူက မိုးကုပ်စက်ဝိုင်းဆီသို့ ပျံမသွားဘဲ မြေပြင်ဆီသို့ ဦးတည်သွားသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အသုံးပြုနိုင်မည့် လူသားမျိုးနွယ်၏ မြို့များက ဤနေရာနှင့် မဝေးကြပေ။ ထို့အပြင် စိတ်မသက်မသာခံစားရမှုက ပြင်းထန်လာနေသောကြောင့် ရွှီချင်းသည် ရူးမိုက်ပြီး ဆက်လက် ပျံသန်းနေတော့မည်မဟုတ်သလို ဦးတည်ရာပြောင်းလိမ့်မည် မဟုတ်‌ချေ။

မှော်ယာဉ်ပျံဖြင့် ပျံသန်းခြင်းက အလွန်အန္တရာယ်များပြီး ဦးတည်ရာပြောင်းခြင်းက သူ့အတွက် အချိန်ကုန် အဓိပ္ပာယ်မဲ့သည့် လုပ်ရပ်ပင်။

သူက သမားရိုကျမဟုတ်သည့် လမ်းကြောင်းအတိုင်းသွားရန် စီစဉ်ထားပြီး တခြားမျိုးနွယ်စုများမှ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသုံးပြုရန် ကြိုးစားကြည့်မည် ဖြစ်သည်။

မည်သို့ဖြစ်ပါစေ ဤနေရာက ဖုန်းဟိုင်ဒေသငယ်ဖြစ်ပြီး လူသားမျိုးနွယ်၏ ပိုင်နက်ဖြစ်သည်။ သို့ဖြစ်၍ ယေဘုယျအားဖြင့် မီးခိုးမျိုးနွယ်သည် သူ့ကို အခက်တွေ့အောင် လုပ်လိမ့်မည်မဟုတ်ချေ။

ထိုသို့အတွေးဖြင့် ရွှီချင်းသည် လွင်တီးခေါင်မြေဆီသို့ အရှိန်တင်လိုက်သည်။

အာရုဏ်တတ်ချိန်သို့ ရောက်ခါနီးတွင် မီးခိုးမျိုးနွယ်၏ မြို့တစ်မြို့ကို နောက်ဆုံးမှာတော့ သူရှာတွေ့သွားသည်။ မြို့နားသို့ သူနီးကပ်လာသည့်အခါ မီးခိုးမျိုးနွယ်မှ မြူခိုးက တဖြည်းဖြည်း မြင့်တတ်လာသည်။ မရင်းနှီးသော နတ်အာရုံစီးကြောင်းများက သူ့ထံသို့ ချက်ချင်း ကျရောက်လာကြပြီး ပိတ်ဆို့လိုက်ကြသည်။

ရွှီချင်းသည် ချက်ချင်း ဓားကိုင်၏ အမိန့်ဓားကိုထုတ်လိုက်ပြီး ရိုသေစွာ လက်သီးဆုပ်လိုက်သည်။

“ ကျုပ်က လူသားမျိုးနွယ်ရဲ့ အကျဉ်းထောင်ဌာနက ဓားကိုင်ပါ… ကျုပ်မှာ အရေးကြီးတာဝန်တစ်ခုရှိပြီး စစ်ရေးကိစ္စတွေကို နှောင့်နှေးစေဖို့ မလုပ်ဆောင်ဝံ့ပါဘူး… ဒါကြောင့် ကျုပ်ကို မီးခိုးမျိုးနွယ်ရဲ့ တည်နေရာပြောင်းရွှေ့အစီအရင် သုံးခွင့်ပေးဖို့ ပန်ကြားပါတယ်… ကုန်ကျစရိတ်ကို ကျုပ်က ပေးမယ့်အပြင် ဒီကျေးဇူးကို ဓားကိုင်ရုံးတော်ရဲ့ မှတ်တမ်းတွေထဲမှာ မှတ်သားထားပါမယ်… ကျေးဇူးပြုပြီး ဒီဟာကို ချွင်းချက်ထားပေးပါ ”

မီးခိုးမျိုးနွယ်၏ မြို့ထဲမှ ပြန့်ကျဲထွက်လာကြသော နတ်အာရုံများသည် ရွှီချင်း၏ လက်ထဲမှ အမိန့်ဓားပေါ်သို့ သက်ဆင်းလာကြသည်။ အချိန်တစ်ခဏအကြာမှာ တုံ့ပြန်လာသည်။

“ စောင့်ဦး ”

ရွှီချင်းသည် ရိုသေစွာ ဦးနှိမ့်လိုက်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းသည်။

စောင့်ဆိုင်းမှုက အချိန်နှစ်နာရီကြာမြင့်သွားသည်။ ရွှီချင်းသည် တောက်ပသော ကောင်းကင်ကိုကြည့်လိုက်ပြီး ရိုသေစွာ နောက်တစ်ကြိမ် ထပ်မေးသည်။

“ ဆက်စောင့်ဦး ”

မီးခိုးမျိုးနွယ်မှ ပြန်ဖြေသံသည် အေးစက်သည်။

“ ကျုပ် အချိန်ဘယ်လောက်တောင် စောင့်ရမလဲ သိလို့ရမလား… အချိန်က အရေးကြီးတယ်... တာဝန်အတွက် နှောင့်နှေးလို့မဖြစ်ဘူး ”

ရွှီချင်းက ရိုသေစွာ ပြောသည်။

“ မသိဘူး ”

ယင်းကို ရွှီချင်းကြားသည့်အခါ ဆက်မစောင့်တော့ဘဲ ချက်ချင်း အရှိန်မြှင့်တင်လိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။ သူ့နှလုံးသားထဲမှာ အေးစက်စက်ခံစားမှု ထွက်ပေါ်လာသည်။ တဖက်အုပ်စုက သူ့ဆန္ဒကို သဘောမတူသည်မှာ ပုံမှန်သာဖြစ်သည်။ အကယ်၍ တစ်ဖက်အုပ်စုက သူ့ကို တိုက်ရိုက် ငြင်းပယ်လျှင်ပင် သူက နားလည်ပေးနိုင်သေးသည်။

သို့သော်လည်း သူ့ကို အကြောင်းအရင်းမရှိ ထိုသို့စောင့်ဆိုင်းခိုင်းခြင်းက မရိုးရှင်းပေ။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက လုံးလုံးလျားလျား ပေါ်ထွက်လာသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ သွေးအတောင်ပံသက်စောင့်မီးအိမ်သည် အနီရောင်တောက်ပလာသည်။ သက်စောင့်မီးအိမ်၏ အစွမ်းတိုးမြှင့်ပေးမှုကြောင့် သူက သက်တံ့အသွင် တိုက်ရိုက်ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်သွားလေသည်။

အချိန်သည် တရွေ့ရွေ့ ကုန်လွန်သွားပြီး ခြောက်ရက်ကြာမြင့်သွားသည်။

ရွှီချင်းသည် ငရဲဝိညာဉ်သွေးအတောင်ပံသက်စောင့်မီးအိမ်ကို အသက်သွင်းပြီးနောက် အချိန်ကို လေးရက်မျှ တိုတောင်းနိုင်ခဲ့သည်။ သူ့ကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအားက ပမာဏများစွာ ကုန်ဆုံးခဲ့သော်လည်း ယင်းက ထိုက်တန်၏။ ယခု သူသည် ဒေသငယ်မြို့တော်နှင့် နီးကပ်နေပြီ ဖြစ်သည်။

ဤခြောက်ရက်အတွင်း သူ၏ နက်ရှိုင်းသော ကျင့်ကြံခြင်းအုတ်မြစ်ကလည်း ပေါ်ထွက်လာခဲ့သည်။ ယခုအချိန်ထိပင် သူ့အခြေအနေက အထွတ်အထိပ်မှာ ရှိနေဆဲဖြစ်သည်။ ရက်ပေါင်းများစွာကြာအောင် သတိထားနေရမှုကြောင့် သူ့စိတ်ဝိညာဉ်ကသာ အနည်းငယ် ပင်ပန်းနေ၏။

ဤအတောအတွင်း ရွှီချင်းသည် စိတ်မသက်မသာခံစားရမှုက မည်သည့်အရာမှလာကြောင်း သိရှိရန် ပုန်းခိုရှာဖွေနိုင်မည့် နေရာတစ်ခုအား ရှာဖွေမည်ဟု စဉ်းစားခဲ့သည်။ သို့သော်လည်း ထိုသို့စဉ်းစားမိသည့်အခါ ကောင်းကင်ဘုံတာအို၏ သတိပေးမှုက လျော့ကျမသွားဘဲ ပို၍ပင် မြင့်တတ်လာခဲ့သည်။

ယခုအချိန် သူ့အရှေ့မှ ပြည်နယ်သို့ရောက်ရန် အချိန်နှစ်နာရီမျှသာ လိုအပ်တော့သည်။ သို့သော်လည်း သူသည် လုံးလုံးစိတ်မအေးနိုင်သေးပေ။ သူ့အရှိန်က ထပ်မံပေါက်ကွဲထွက်လာသည်။ သို့သော်လည်း ထိုစဉ် သူ့အမြင်၏ အဆုံးမှာ ပုံရိပ်တစ်ခုက ရုတ်ချည်း ဘွားခနဲပေါ်လာသည်။

သူ လမ်းပိတ်ခံရချေပြီ။

ထိုလူက မိုးကာဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ကောက်ရိုးဦးထုပ်ကို ဆောင်းထားသည်။ သူ့ကိုယ်မှ အလွန်အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

“ နောက်ထပ်နည်းနည်းဆို မင်း လွတ်သွားတော့မှာ ”

သတ်ဖြတ်ခြင်းဆန္ဒ ကိန်းဝပ်နေသော အသံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

All Chapters