အဆင့်မြင့်အဆင့်သို့ ပထမဆုံးအကြိမ် စွမ်းရည်မြှင့်တင်ခြင်း
Vol. 38 Ch. 557
“နည်းပြချုပ်ချင်၊ ကျွန်တော် အမှန်အတိုင်း ပြောပြနေတာပါ၊ ကျွန်တော့်အခြေအနေကို ခင်ဗျား သိပါတယ်ဗျာ”
ရဲ့လင်းချန် မနေနိုင်ဘဲ သူ့နှာခေါင်းသူ ပွတ်လိုက်မိသည်။
“ကျွန်းပေါ်က ဆောက်လုပ်ရေးကို မင်း မြန်မြန်ဆန်ဆန်လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား”
ချင်ပိုင်ချွမ်းက ရဲ့လင်းချန်အား သူ အားလုံး သိနေသည်ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီးနောက် ဆက်ပြောလေသည်။
“ဒါပေမဲ့ ဒီကိစ္စက တော်တော်လေး အရေးကြီးတယ်၊ မင်း ဒီလို ဆေးမျိုး လုပ်နိုင်မယ်ဆိုတာ သေချာလား”
ရဲ့လင်းချန် ခေါင်းညိတ်ပြသည်။
“ခွေးရူးပြန် ရောဂါ၊ ကင်ဆာရောဂါနဲ့ အခြားရောဂါတွေကို ထိန်းချုပ်နိုင်တဲ့ ဆေးမျိုး ဖော်စပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ချက် ရှိပါတယ်”
“မိတ်ဆွေလေးရဲ့၊ ဒါ နိုင်ငံအတွက် သိပ်အရေးပါတဲ့ အရာတစ်ခုပဲ၊ မင်း သေချာလား”
လင်းထျန်းရှုံးက ရဲ့လင်းချန်ကို လေးနက်သော အကြည့်ဖြင့် ကြည့်နေသည်။
ဤကိစ္စက လူပေါင်းများစွာ၏ အသက်နှင့် ပတ်သက်နေသည်။ ယင်းက နိုင်ငံ၏ ဆေးပညာ ဗဟုသုတနှင့်လည်း ဆက်စပ်နေသည်။ သက်ရောက်မှုအားက ထိုမျှ ကြီးမားမနေလျင် သူတို့ ဆေးရုံသို့ အပြေးလာမိမည် မဟုတ်ပါ။
“ဒါက အမှန်ဆိုရင် ဒီကိစ္စအတွက် ငါ ဆုံးဖြတ်ချက် ချပေးနိုင်တယ်၊ ငါတို့ အရင်ဆုံး ဆရာဟောင်ကို ရှာပြီး မင်းအတွက် ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံကို ဆောက်ဖို့ အရှိန်မြှင့်ခိုင်းပေးမယ်”
ချင်ပိုင်ချွမ်းက စားပွဲကို လက်ဖြင့် ရိုက်လိုက်သည်။
“အဲ့ဒါတင် မကဘူး၊ နိုင်ငံတော်က ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံအတွက် ကုန်ကျစရိတ်ကို တစ်ဝက် လျှော့ချပေးမယ်၊ ဒါက နိုင်ငံကို အကျိုးအမြတ် ဖြစ်စေမယ့် အရာပဲ၊ နမော်နမဲ့ ထားလို့မရဘူး”
ရဲ့လင်းချန်၏ မျက်လုံးများ ဝင်းပသွားသည်။ ဤသို့သော အကျိုးအမြတ်ကို သူ မျှော်လင့်မထားမိပါ။ ထို့နောက် သူက ပြုံး၍ ပြောလိုက်သည်။
“နည်းပြချုပ်ချင်၊ ဒါက နည်းနည်း များမနေဘူးလား”
“ဟေ့ကောင်လေး၊ ဒီလောက် အကျိုးအမြတ်တွေ ရပြီးမှတော့ ရိုးသားချင်ယောင် ဆောင်နေတာကို ရပ်လိုက်တော့”
ချင်ပိုင်ချွမ်းက ရဲ့လင်းချန်ကို မချိုမချဉ် အကြည့်ဖြင့် ကြည့်နေသည်။
“ဒါက မင်းအပေါ် ထားတဲ့ နိုင်ငံရဲ့ မျှော်လင့်ချက်ပဲ၊ မင်း ငါတို့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်”
“ဒါဆိုရင်တော့ ခင်ဗျား စိတ်သာချထားလိုက်ပါ”
ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။
“ထပ်ရှိသေးတယ်၊ ငါ မင်းအတွက် ဆရာဟောင်ကို ဆက်သွယ်ပေးဖို့ ကိစ္စကို ရှေ့တိုးလိုက်တယ်ဆိုပင်မယ့် မင်းလည်း စစ်ပညာပေးပုံစံ ဇာတ်လမ်းတွဲကို ရိုက်ဖို့ အချိန်မဆွဲတာ ကောင်းလိမ့်မယ်၊ အခြေအနေ မကောင်းရင် မင်း ငါ့ကို ရှင်းပြချက် ပေးရလိမ့်မယ်”
ချင်ပိုင်ချွမ်းက စိုးရိမ်စွာ သတိပေးပြီးနောက် စစ်သည်တော်ဌာနမှ လူများနှင့်အတူ ထွက်ခွာသွားလေသည်။
ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံ ဆောက်လုပ်ရေးက အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သဖြင့် သူ့အထက်လူကြီးများကို သတင်းပို့ရန် လိုအပ်ပြီး မြန်နိုင်သမျှ မြန်မြန် ပြီးအောင် လုပ်ရန် လိုအပ်ပေသည်။
ရဲ့လင်းချန်သည်လည်း မြို့တော်ဆေးရုံမှ ထွက်လာပြီး ပါမောက္ခကျန်းနှင့် အခြားသူများက သူ့အား တလေးတစား လိုက်ပို့လေသည်။
လမ်းတစ်လျှောက်တွင် တုန်းမြောင်မြောင်၏ မျက်လုံးများက ယခင်နှင့် မတူညီစွာ တောက်ပလျက် ရှိပြီး ရဲ့လင်းချန်အား မကြာခဏ ခိုးခိုးကြည့်ကာ ပြုံးနေ၏။
“မင်း ဘာလို့ တစ်ယောက်တည်း ပြုံးနေတာလဲ”
ရဲ့လင်းချန် မေးလိုက်သည်။
“ရှင်က လူကောင်းတစ်ယောက်ပဲလို့ ကျွန်မ တွေးနေမိလို့လေ”
တုန်းမြောင်မြောင်က ပြုံး၍ ဆက်ပြောလေသည်။
“ရှင် အဲ့ဒီ ဆေးတွေကို တကယ်ပဲ ထုတ်လုပ်နိုင်လား၊ အဲ့ဒါက အံ့ဩစရာကောင်းတဲ့ စွမ်းဆောင်မှုတစ်ခု ဖြစ်လာမှာပဲ”
“အဲ့လို ဆေးတွေ ဖန်တီးတာက အဲ့လောက် ထူးဆန်းလို့လား”
ရဲ့လင်းချန်က နှုတ်ခမ်းကို စေ့ထားသည်။ စနစ်က သူ၏ ဓာတုဗေဒစွမ်းရည်ကို မြှင့်တင်ပေးလိုက်သဖြင့် သူ အဘယ်သို့သော ဆေးမျိုးအား ပြုလုပ်နိုင်မလဲ ဆိုသည်ကို ဘုရားသာ သိပေလိမ့်မည်။
“အဲ့အချိန်ကျရင် တကယ့် အံ့ဩစရာက ဘာလဲဆိုတာကို မင်း သိလာလိမ့်မယ်”
“ရှင် အခုလေးတင် နိုင်ငံရဲ့ ပံ့ပိုးမှုကို ရလာတာလေ၊ ပြီးတော့ ရှင့်ရဲ့ ကျော်ကြားမှုနဲ့ဆိုရင် ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေး စက်ရုံက နိုင်ငံတွင်းမှာ ချက်ချင်း ထိပ်တန်း ဖြစ်လာမှာပဲ”
တုန်းမြောင်မြောင်က ရဲ့လင်းချန်အား ဇဝေဇဝါ ကြည့်၍ စိုးရိမ်ပူပန်စွာ မေးလေသည်။
“ရှင် ကျွန်မကို ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံကို စီမံခန့်ခွဲစေချင်တာ သေချာရဲ့လား”
ယခင်က သူမ ရဲ့လင်းချန်ကို မယုံသင်္ကာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင် သူမသည် သူ့ပေါင်ကိုသာ ဖက်ထားချင်နေသည်။ ယင်းက မည်သူမဆို အမြင့်သို့ ရောက်အောင် သေချာပေါက် လုပ်ပေးနိုင်သည်။
“ငါ အရင်ကတည်းက ပြောခဲ့ပြီးသားပဲ၊ ပြီးတော့ ငါက ပြောပြီးသားစကားကို မရုတ်သိမ်းတတ်ဘူး”
ရဲ့လင်းချန်က ရယ်လိုက်သည်။
“ဘာလဲ၊ မင်း ကြောက်နေတာလား၊ မင်း စီမံခန့်ခွဲဖို့အတွက် ယုံကြည်ချက် မရှိဘူးလား”
“မဟုတ်ပါဘူးနော်”
တုန်းမြောင်မြောင်က အမြီးတက်နင်းခံလိုက်ရသည့် ကြောင်ကဲ့သို့ ဆွေ့ဆွေ့ခုန်သွားလေသည်။ သူမက လက်သီးလက်မောင်း တန်း၍ ကြွေးကြော်သည်။
“ပမာဏက ကြီးရင်တောင်မှ ကျွန်မ လုံးဝ စီမံနိုင်တယ်၊ စောင့်ကြည့်နေလိုက်”
…
စံအိမ်သို့ ပြန်ရောက်ပြီးနောက် ရဲ့လင်းချန် ပြုံးနေမိသည်။ ဆေးရုံသို့ သွားရောက်သည့် သူ၏ ဆုံးဖြတ်ချက်က တကယ် မှန်နေခဲ့သည်။ ယင်းက သူ့အား ထင်မှတ်မထားသည့် အကျိုးအမြတ်များ ယူဆောင်လာပေးခဲ့သည်။
ပထမဆုံးအနေဖြင့် သူသည် သူ၏ အနာဂတ် ဆေးဝါး ထုတ်လုပ်ရေးအတွက် အချက်အလက်များကို စုဆောင်းနိုင်ခဲ့ပြီး ခွေးရူးပြန်ရောဂါနှင့် အစာအိမ်ကင်ဆာ ပြဿနာတို့အား ဘယ်လို ကိုင်တွယ်ရမလဲ သိသွားခဲ့သည်။ ထိုရောဂါများကို တန်ပြန်တိုက်ခိုက်မည့် ဆေးပင်အချို့ကို ပေါင်းစပ်၍ ဆေးဝါး ဖန်တီးရန်သာ လိုအပ်ပေသည်။
ထိုဆေးများမှနေ၍ သူ ပိုက်ဆံရှာမည် မဟုတ်ပါ။ သူသည် ၎င်းတို့မှနေ၍ အမြတ် ဆယ်ရာခိုင်နှုန်းသာ ယူရန် ဆုံးဖြတ်ထားသည်။ သို့သော် ဤဆေးများ နာမည်ကြီးလာခြင်းနှင့်အတူ သူ၏ ကျော်ကြားမှုကလည်း လိုက်ပါ တိုးမြင့်လာပေမည်။ ထိုမှစ၍ သူ၏ ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး ကုမ္ပဏီမှ အခြားသော ထုတ်ကုန်မျိုးမဆို သည်လည်း ရောင်းအား မြင့်တက်လာပေလိမ့်မည်။ သူ၏ အသက်ကယ်ဆေးများက ဈေးသက်သာပြီး ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန်များက ဈေးကြီးလျင်တောင်မှ လူတော်တော်များများက ဝယ်ကြဦးမှာပင်။
နောက်တစ်ခုမှာ ထင်မှတ်မထားသည့် ကံကောင်းမှုပင်။ သူ၏ အပြုအမူများက နိုင်ငံနှင့် စစ်သည်တော်ဌာနအား လှုပ်ရှားသွားစေပြီး သူ့အား အားပေးမှုများ ဖြစ်လာစေခဲ့သည်။ သူတို့က ဆရာဟောင်ကို ဆက်သွယ်မည့် သူတို့၏ အစီအစဉ်ကို ရှေ့တိုးလုပ်ဆောင်လာရုံသာမက သူ၏ ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေး စက်ရုံအတွက် နိုင်ငံတော်က သူ့အား ငါးဆယ် ရာခိုင်နှုန်း ထောက်ပံ့ငွေ ပေးလာသည်။ သူ လုပ်ရန် လိုအပ်တာဟူ၍ ဆောက်လုပ်ရေး စတင်မည့် အချိန်ကို ရွေးရန်သာ ရှိတော့သည်။
အဓိက အကျဆုံးအချက်မှာ သူ၏ ရေပန်းစားမှုအမှတ်များ တစ်ဟုန်ထိုး မြင့်တက်လာခြင်းပင်။
ယခုတစ်ခေါက်၌ တိုးတက်နှုန်းက တကယ်ကို ကြီးမားလှသည်။ စနစ်ထဲမှ သူ၏ ရေပန်းစားမှု အမှတ်များကို မြင်သောအခါ ရဲ့လင်းချန် ကြက်သေ သေသွားရသည်။ ဆေးပညာသည် အရာအားလုံးနှင့် ပတ်သက်နေသဖြင့် လူတိုင်းထံမှ အာရုံစိုက်ခြင်းကို ရရှိခဲ့သည်။ ထို့အပြင် အနုပညာနယ်ပယ်နှင့် အခြားသော နယ်ပယ်များနှင့် ယှဉ်လိုက်လျင် ဆေးပညာနယ်ပယ်က သူ့အတွက် ရေပန်းစားမှု အမှတ် ရရှိနှုန်း များသဖြင့် အကျိုးအမြတ် အရဆုံးပင်။ တစ်နည်းအားဖြင့် ပြောရလျင် ၎င်းက သူ့အတွက် သူတစ်ပါးထံမှ ချစ်ခင်မှုနှင့် လေးစားမှု ရရှိရန် အလွယ်ဆုံးပင်။ ထို့ကြောင့် သူ ရုတ်တရက် ရေပန်းစားမှု အမှတ် ဘယ်လောက်များများ တိုးလာမလဲ မှန်းကြည့်နိုင်ပေသည်။
11,956,899.
ယင်းက သူ၏ စုစုပေါင်း ရေပန်းစားမှုအမှတ် စုစုပေါင်းပင်။
အမှတ် ၅.၁ သန်းဝန်းကျင်မှ ခြောက်သန်းကျော် တိုးလာခဲ့ပေသည်။
ထို့အပြင် ဤအဖြစ်က တိုးတက်ဆဲအဆင့်၌သာ ရှိနေသေးသည်။ ဤကိစ္စကို စိတ်မဝင်စားသော လူတော်တော် များများတောင်မှ တဖြည်းဖြည်း စိတ်ဝင်စားလာသည်။ သူ၏ ရေပန်းစားမှုအမှတ်က စက္ကန့်နှင့်အမျှ တိုးနေ၏။
မယုတ်မလွန် ခန့်မှန်းရလျင် ဤအဖြစ်က သူ့အား အသားတင် ရေပန်းစားမှုအမှတ် ဆယ်သန်းဝန်းကျင် ရရှိစေခဲ့သည်။
ယင်းက အမှတ် ဆယ်သန်းတိတိ ဖြစ်သည်။ ရဲ့လင်းချန်၏ ယခင်က ရရှိခဲ့သော ရေပန်းစားအမှတ်များအားလုံးကို ပေါင်းလျင်တောင်မှ ဤပမာဏ မရနိုင်ပေ။
*တော်တော် လန့်ဖို့ကောင်းတာပဲ*
စိတ်လှုပ်ရှားမှုကြောင့် သူ အလွန် ခံစားချက် ပြင်းထန်နေသည်။
ယခင်က သူသည် ရေပန်းစားမှုအမှတ်ကို သေသေချာချာ ကြိုးစား၍ စုထားခဲ့ရသည်။ ဤမျှ တိုးလာလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။
အကယ္၍ သူ ဆေးသစ်များ ဆက်၍ ဖန်တီးပြီး တစ်ကမ္ဘာလုံးသို့ ကြော်ညာလိုက်လျင် ဘီလီယံချီသော လူများထံမှ သူ ရေပန်းစားမှုအမှတ်များ ဘယ်လောက်တောင် ရလာမည်နည်း။
ထိုသို့ တွေးလိုက်ရုံနှင့်တင် ရဲ့လင်းချန်၏ နှလုံးခုန်နှုန်းက စိတ်လှုပ်ရှားမှုကြောင့် မြန်ဆန်လာသည်။
သူ တံတွေးကို မနည်းမျိုချ၍ စနစ်မီနူးအား ဆက်ကြည့်နေသည်။
သူ၏ ရေပန်းစားမှုအမှတ်က ဆယ်သန်းကျော်သွားပြီ ဖြစ်သဖြင့် အဆင့်မြင့်အဆင့်သို့ စွမ်းရည် မြှင့်တင်ရန် အချိန် ကျလေပြီ။ သူ၏ အဆင့်မြင့်အဆင့်သို့ ပထမဆုံးအကြိမ် အဆင့်မြှင့်တင်ခြင်းပင်တည်း။
လက်ရှိ၌ သူ့တွင် အလယ်အလတ်အဆင့် စွမ်းရည် လေးခုရှိသည်။ ၎င်းတို့မှာ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေး (အလယ်အလတ်အဆင့်)၊ လျင်မြန်စွာ ပြေးခြင်း စွမ်းရည် (အလယ်အလတ်အဆင့်)၊ အရဟာ လက်သီးစွမ်းအင် (အလယ်အလတ်အဆင့်) နှင့် သားရဲ ယဉ်ပါးခြင်း စွမ်းရည် (အလယ်အလတ်အဆင့်) တို့ ဖြစ်သည်။
အလွန် ကြုံရာကျပန်း ဖြစ်ခြင်းအား တားဆီးရန် ရဲ့လင်းချန်သည် စွမ်းရည်များစွာကို အလယ်အလတ်အဆင့်သို့ မမြှင့်ထားပါ။ စွမ်းရည် လေးခုအနက် သားရဲယဉ်ပါးခြင်းမှလွဲလျင် ကျန်းသုံးခုက အတော် ကောင်းမွန်ပေသည်။ ကောင်းတာကျမည့်နှုန်းက ၇၅ ရာခိုင်နှုန်း ရှိသည်။
သားရဲ ယဉ်ပါးခြင်းစွမ်းရည်မှလွဲလျင် ကျန်စွမ်းရည်သုံးခုက ရဲ့လင်းချန်၏ ရှင်သန်နိုင်စွမ်းကို အကြီးအကျယ် တိုးမြှင့်ပေးကာ မထင်မှတ်ထားသော အခြေအနေများ၌ သူ့အား အသက်ရှင်နိုင်စေသည်။
*ငါ့ကံက အဲ့လောက်တော့ မဆိုးလောက်ဘူး မလား*
ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်ပြီးနောက် စိတ်ထဲ၌ အတော်ကြာအောင် ရုန်းကန်နေပြီးမှ တုန်ယင်နေသော လက်များဖြင့် စနှိပ်လိုက်သည်။
အဆင့်မြင့်အဆင့်သို့ စွမ်းရည်မြှင့်တင်ခြင်း ပြုလုပ်ရန်အတွက် ရေပန်းစားမှုအမှတ် ဆယ်သန်းကို သုံးလိုက်ရသည်။
*ဒါ ရေပန်းစားမှုအမှတ် ဆယ်သန်းတောင်၊ အသင် ကောင်းကင်ဘုံ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို စောင့်ရှောက် ပေးပါ၊ ကျွန်တော့်ကို စိတ်ညစ်ရအောင် မလုပ်ပါနဲ့*
သူသည် စိတ်ထဲမှ ဆုတောင်းနေပြီး စနစ်အား ကြည့်ပင် မကြည့်ရဲပေ။ အဆင့်မြင့်အဆင့် စွမ်းရည်မြှင့်တင်ခြင်း အတွက် ရွှေရောင် အလင်းတန်းက ခရမ်းရောင်ဆန်ဆန် လင်းလက်လာပြီး မြင့်မြတ်သော အရှိန်အဝါမျိုး ပေးစွမ်း လာသည်။ ၎င်းက အလယ်အလတ်အဆင့် စွမ်းရည် လေးခုပေါ်၌ လှည့်ပတ်နေသည်။ ရဲ့လင်းချန်သည် စိုးရိမ်တကြီး ကြည့်နေရင်းနှင့် အသက်ရှူနှုန်းက မြန်ဆန်လာ၏။
မျက်စိကျိန်းလောက်အောင် လင်းလက်နေပြီးနောက် ယင်းက ရုတ်တရက် ရပ်သွားလေသည်။