အလိုအလျောက်တုံ့ပြန်ခြင်း
Vol. 41 Ch. 612
ရွှီချင်းသည် ကောက်ရိုးဦးထုပ်ကျင့်ကြံသူထံမှ စကားသံထွက်လာသည်နှင့် တစ်ပြိုင်နက်တည်းဖြစ်လုနီးပါး တုံ့ပြန်သည်။
သူက ချက်ချင်း အနောက်ဆုတ်လိုက်ပြီး လွန်ခဲ့သော ခြောက်ရက်ကတည်းက ဆုပ်ကိုင်ထားခဲ့သည့် ဖရိုဖရဲ တည်နေရာရွှေ့ပြောင်းခြင်း အဆောင်ကို လက်မနှင့်လက်ညှိုးဖြင့် ဖိညှပ်လိုက်သည်။ သူ့လှုပ်ရှားမှုတွင် မည်သည့်အထစ်အငေါ့မှမရှိလေရာ ထိုသို့ဖြစ်လာနိုင်ကြောင်း သူကြိုတွေးထားပြီးဖြစ်ဟန် တူသည်။
သို့သော်လည်း တည်နေရာရွှေ့ပြောင်းမည့် လှိုင်းအတတ်အကျက ထွက်ပေါ်မလာခဲ့ပေ။ ဤအခိုက်အတန့်မှာ အနီးနားဝန်းကျင်သည် အေးခဲသွားဟန်ရပြီး တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို ချက်ချင်း ပိတ်ဆို့စေသည်။
ရွှီချင်း၏ ဖရိုဖရဲ တည်နေရာရွှေပြောင်းခြင်းအဆောင်သည် အဆင့်မြင့်အဆင့်ဖြစ်သည်။ ယင်းက ပုံမှန်အခြေအနေမှာဆိုလျှင် လေဟာနယ်ပိတ်ဆို့ခြင်းကို လျစ်လျူရှုနိုင်သည်။ သို့ဖြစ်၍ တဖက်လူက သူ့ကိုပစ်မှတ်ထားရန် သူနှင့်ပတ်သက်သော သတင်းအချက်အလက်များကို သေသေချာချာ စုံစမ်းထားခြင်း ဖြစ်ရပေမည်။ သူတို့က အချိန်အကြာကြီး အစီအစဉ်ချထားဟန်ရပြီး သူ့အတွက် အဆင့်မြင့် လေဟာနယ်ပိတ်ဆို့ပစ္စည်းတစ်ခုခုကို ကြိုပြင်ဆင်ထားခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း ရွှီချင်းသည် စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်နေ၏။ တည်နေရာမရွှေ့ပြောင်းနိုင်ခြင်းက သူ့အတွေးများအပေါ် သက်ရောက်မှုမရှိပေ။ သူက ဆက်လက် အနောက်ဆုတ်သွားသည်။
သူက အနောက်ဆုတ်နေလျက် ခန္ဓာကိုယ်ထဲမှ နတ်နန်းတော်ရှစ်ခုကို အကြမ်းပတမ်း လှည်ပတ်လိုက်သည်။
အလင်းခုံးသုံးခုက သူ့ဦးခေါင်းထက်မှာ ပေါ်ထွက်လာကြသည်။ တစ်ခုက သက်တံ့လေသံစဉ်ဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေး၏။ တခြားတစ်ခုက ထီးနက်ဖြစ်ပြီး သူ့ဝိညာဉ်ကို ကာကွယ်ပေး၏။ နောက်ဆုံးတစ်ခုကတော့ ငရဲဝိညာဉ်သွေးအတောင်ပံဖြစ်ပြီး သူ၏ အလျင်ကို အဆပေါင်းများစွာ တိုးမြှင့်ပေး၏။
ခရမ်းလပုံရိပ်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တားမြစ်အဆိပ်ဆေးလုံးစွမ်းအားက သူ့တစ်ကိုယ်လုံးမှ ပျံ့နှံ့ထွက်လာသည်။ တစ္ဆေအင်ပါယာတောင်ကုန်း၏ ပုံရိပ်သည် သူ့ကျောအနောက်မှာ ပေါ်ထွက်လာပြီး အံ့မခန်းအစွမ်းကို ထုတ်ဖော်နေသည်။
ထို့အပြင် ကောင်းကင်ဘုံတာအို မိုဆာဆောသည်လည်း ကောင်းကင်မှာ ထွက်ပေါ်လာပြီး ဟိန်းဟောက်လိုက်သည်။
ဟိန်းသံနှင့်အတူ ကောင်းကင်ဘုံတာအို၏ စွမ်းအားသည် ပျံ့နှံ့ထွက်လာပြီး ဤဧရိယာတစ်ဝိုက်မှ အချုပ်အနှောင်များကို သိသိသာသာ ဖြေလျော့သွားစေသည်။
ရွှီချင်း၏ တုံ့ပြန်မှုသည် အလွန်အမင်း မြန်ဆန်သည်။ သူက ရန်သူကို အာရုံခံမိသည်နှင့်ချက်ချင်း နည်းလမ်းပေါင်းစုံကို အသုံးပြုလိုက်သည်။
ထိုအခိုက်အတန့်မှာ သူက လေထဲသို့ မြှောက်တတ်သွားပြီး ပိတ်ဆို့ခံထားရသော ဤဧရိယာထဲမှ လွတ်မြောက်ရန် ကြိုးစားသည်။ ယင်းက ကောင်းကင်ဘုံတာအို မိုဆာဆောကြောင့် အားနည်းသွားခဲ့ပြီ ဖြစ်သည်။
ကောက်ရိုးဦးထုပ်ကျင့်ကြံသူ၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အရှေ့သို့ ခြေလှမ်းလှမ်းကာ ကောင်းကင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ သူ့ညာလက်က ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး ကောင်းကင်ပေါ်သို့ ဖိချလိုက်သည်။
ချက်ချင်းပင် မရေမတွက်နိုင်သော မှော်အက္ခရာများက သူ့ဘေးပတ်ပတ်လည်မှာ ဖြစ်တည်လာကြပြီး ကောင်းကင်ကို ဖိနှိပ်ကာ ရွှီချင်း၏ လွတ်လမ်းကို ဖြတ်တောက်လိုက်သည်။
ရွှီချင်း၏ အမူအရာသည် ရုပ်ဆိုးသွားသည်။ သူက ကိုယ်ကို အမြန်ရွေ့လျားစေပြီး ဦးတည်ရာပြောင်းကာ အတင်းအကျပ် တည်နေရာပြောင်းရွှေ့နိုင်ရန် ကြိုးစားသည်။
သို့သော်လည်း ကောက်ရိုးဦးထုပ်ကျင့်ကြံသူက လက်တစ်ဆုပ်စာသဲကို ထုတ်ယူလိုက်ပြီး အရပ်မျက်နှာပေါင်းစုံကို ဖြန်းပက်လိုက်သည်။ ထိုအခါ ဤနေရာမှ အချုပ်အနှောင်များသည် တစ်နည်းနည်းဖြင့် ပိုမိုခိုင်မြဲလာကြပြီး အားကောင်းလာကြကာ ရွှီချင်း၏ တည်နေရာရွှေ့ပြောင်းခြင်းကို ပိတ်ဆို့လိုက်ပြန်သည်။
ယင်းက အဆုံးမဟုတ်သေးပေ။ ကောက်ရိုးဦးထုပ်ကျင့်ကြံသူက ဤနေ့အတွက် အချိန်အကြာကြီး ပြင်ဆင်ထားကြောင်း သိသာလှ၏။ ထိုအခိုက်အတန့်မှာ မည်သည့်မတော်တဆမှုမှ ဖြစ်မလာနိုင်အောင် သူက လျှာထိပ်ကို ကိုက်လိုက်ပြီး ပါးစပ်အပြည့် ရွှေရောင်သွေးကို ထွေးထုတ်လိုက်သည်။
ကောင်းကင်သည် တုန်လှုပ်လာပြီး မိုဆာဆောကြောင့် သိသိသာသာ အားနည်းသွားသော အချုပ်အနှောင်များသည် ချက်ချင်း ပြန်လည်တည်ငြိမ်သွားကြသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် သူက ရွှီချင်းကို ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။
“ ရွှီချင်း… မတွေ့တာကြာပြီ ”
“ မင်းမလွတ်နိုင်ဘူး… ဘယ်သူမှ ငါတို့ကို အချိန်တစ်ခုအထိ လာနှောင့်ယှက်နိုင်မှာမဟုတ်ဘူး ”
စကားဆုံးသည့်အခါ ထိုလူက ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်ပြီး သူ့မျက်နှာကို ထုတ်ဖော်ပြသည်။ သူက လောကဓံ၏ အကောင်းအဆိုးကို တွေ့ကြုံခံစားဖူးသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ သူ့မျက်လုံးများဖြစ်သည်။ သူ၏ သူငယ်အိမ်ဖြစ်စေ မျက်လုံးမှ အဖြူဖြစ်စေ အားလုံးက ရွှေရောင်ပြောင်းသွားကြသည်။
သူ၏ ရွှေမျက်လုံးက မြင့်မြတ်ထည်ဝါသော ခံစားမှုကို ပေးသည်။ ယခုအချိန် သူ့ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအငွေ့အသက် ပျံ့နှံ့ထွက်လာနေသည်။
သူက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ယင်ဟွမ်ပြည်နယ်မှာ ချန်ထားခဲ့သည့် နောက်ဆုံးသော နတ်ဘုရားနောက်လိုက်ဖြစ်သည်။
အတိတ်တုန်းက ရွှီချင်းနှင့် တခြားလူများ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်မှ ထွက်သွားကြစဉ် ချူထျန်းချွင်က သူ့သားကို မြေမမြှုပ်ခင် ရွှီချင်းကို သတ်ပစ်မည်ဟု ကျိန်ဆိုခဲ့သည်။
သို့သော်လည်း ရွှီချင်းက ဒေသငယ်မြို့တော်မှ တစ်ခါမှ ထွက်မသွားခဲ့သောကြောင့် သူ့အတွက် အခွင့်အရေးမရခဲ့ပေ။ ဓားကိုင်ရုံးတော်သို့ ဝင်ရောက်ရန်မှာလည်း သူ့အတွက် အလွန်အမင်း အန္တရာယ်များလှသည်။
သို့ကြောင့် သူက ဒေသငယ်မြို့တော်၏ အနီးနားဝန်းကျင်မှာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ခုန်ရှန်းလုံအဖွဲ့နှင့် ရွှီချင်းထွက်သွားစဉ် သူက လှုပ်ရှားရန် စီစဉ်ခဲ့သည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ကြောက်မက်ဖွယ် ဧရာမငှက် ချင်းချင်က ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို အကြောင်းပြချက်မရှိ အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။
သူက လွတ်မြောက်သွားခဲ့သော်လည်း ဒဏ်ရာများက အလွန်အမင်း ပြင်းထန်သောကြောင့် အပြည့်အဝ မကောင်းမွန်သေးပေ။
သို့သော် သူက လက်လျှော့ရန် ငြင်းဆန်သည်။ ရွှီချင်း၏ အကြောင်းသတင်းကို စုံစမ်းရန် ပမာဏများစွာ ပေးချေခဲ့သည်။ ရွှီချင်း ဒေသငယ်မြို့တော်မှ ထွက်သွားသည်ဟု သူသတင်းကြားသည့်အခါ သူ၏ နတ်အာရုံကို ချဲ့ထွင်ပြီး နတ်အတတ်ပညာတစ်ခုကို အသုံးပြုရန် မတုံ့ဆိုင်းခဲ့ပေ။ သူက ရွှီချင်း၏ နာမည်၊ သွေးနှင့် ဆံပင်ကို အဓိကကြားခံနယ်များအဖြစ် အသုံးပြုပြီး နတ်အတတ်ပညာဖြင့် ရွှီချင်း၏ တည်နေရာကို ရှာဖွေစေသည်။
အကယ်၍ ရွှီချင်းမှာ သူ့ကိုယ်သူဖုံးကွယ်နိုင်မည့် နည်းလမ်းများမရှိလျှင် သူ၏ တည်နေရာက အမြဲရှာတွေ့ခံနေရလိမ့်မည်။
ရွှီချင်းကိုကြည့်သည့်အခါ ချူထျန်းချွင်၏ မျက်လုံးထဲ၌ အလွန်သိပ်သည်းသော သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်သွားသည်။ အင်ပါယာကြယ်က ဤကဲ့သို့ ဆိုးဆိုးဝါးဝါး အခြေအနေကို ကျရောက်ခဲ့ရသည်မှာ သူ့ကြောင့်သာမက ရွှီချင်းကြောင့်လည်းဖြစ်သည်ဟု သူခံစားမိသည်။
အဓိကအရေးကြီးဆုံးမှာ ရွှီချင်းက သူချစ်ရသောသားကို သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
ထိုအမုန်းတရားက နေ့တိုင်းညတိုင်း သူ့နှလုံးသားကို ညှဉ်းဆဲနေသည်။ သူက ရွှီချင်းကိုကြည့်ပြီး ရက်စက်တော့မည့်အပြုံး ပြုံးသည်။
သူချစ်ရသောသားအတွက် လက်စားပြန်ချေနိုင်ပြီး ဤခွေးကောင် ရွှီချင်းကို ရက်ရက်စက်စက် ညှဉ်းဆဲနှိပ်စက်ပြီး သတ်ဖြတ်နိုင်တော့မည်ဟု သူတွေးမိလိုက်သည့်အခါတိုင်း အတိုင်းမသိ ဝမ်းသာပျော်ရွှင်လာသည်။
သူ့အရှေ့မှ ချူထျန်းချွင်ကိုကြည့်လျက် ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ချူထျန်းချွင်ကို အကြည့်တစ်ချက်ဖြင့် မှိတ်မိသည်။ သူ့မျက်လုံးထဲမှ ရွှေရောင်အလင်းနှင့် ဘေးပတ်ပတ်လည်မှ နတ်စွမ်းအားကိုလည်း သူမြင်သည်။
အတိတ်တုန်းက နတ်ဘုရားနောက်လိုက်တစ်ဦးအနေနှင့် အင်ပါယာကြယ်၏ စွမ်းအားကို ရွှီချင်းသည် လုံးဝမမေ့ပေ။ သူက အနောက်သို့ ဆက်လက်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာ သူ့ခန္ဓာကိုယ်ထဲမှ နတ်နန်းတော်အားလုံးကို လှည့်ပတ်လိုက်သည်။
ရွှီချင်းက ထွက်ပြေးရန် ကြံစည်နေသည်ကိုမြင်သောအခါ ချူထျန်းချွင်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
“ မင်းက ရွှေအမြူတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက် သာသာပါပဲ… ငါ့နတ်စွမ်းအင်ရဲ့ အကျဉ်းချထားမှုအောက်မှာ မင်းဘယ်ကို ထွက်ပြေးနိုင်မှာလဲ ”
ချူထျန်းချွင်သည် စကားပြောနေရင်း လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ အစောပိုင်း ဝိညာဉ်အခြေတည်ကျင့်ကြံခြင်းစွမ်းအားက သူ့ခန္ဓာကိုယ်ထဲမှ အကြမ်းပတမ်း ထွက်ပေါ်လာသည်။
ပြင်းထန်သော စွမ်းအားကြောင့် ဘေးပတ်ဝန်းကျင်သည် တုန်ခါလာပြီး မြေပြင်သည် လှုပ်ယမ်းလာသည်။
ထို့နောက် သူက ရွှီချင်းဆီသို့ လင်းယုန်တစ်ကောင်အလား ခုန်အုပ်လိုက်သည်။ အံ့မခန်းအမြန်နှုန်းကြောင့် သူက ရွှီချင်းနှင့် ချက်ချင်း နီးကပ်လာသည်။
ရွှီချင်း၏ အမူအရာသည် သုန်မှုန်နေသည်။ သို့သော်လည်း တဖက်လူ၏ ကျင့်ကြံခြင်းကို အာရုံခံမိပြီးနောက် သူ့ကို နယ်မြေဂနယ်ရုပ်များနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ရွှီချင်းသည် ဆွံ့အသွားသည်။
“ အစောပိုင်း ဝိညာဉ်အခြေတည်နယ်ပယ်လား ”
ရွှီချင်းသည် ဇဝေဇဝါဖြစ်သွားသည်။ သို့သော်လည်း ယင်းက သူ့ကို ချက်ချင်း သတိအနေအထားသို့ ဝင်ရောက်စေသည်။ ဤနေရာမှာ တစ်စုံတစ်ခုလွဲမှားနေသည်ဟု သူခံစားမိသည်။ တဖက်လူက အစောပိုင်း ဝိညာဉ်အခြေတည်နယ်ပယ်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။
အတိတ်တုန်းက အင်ပါယာကြယ်သည် နတ်ဘုရားတစ်ပိုင်းနောက်လိုက်တစ်ဦးအနေဖြင့် အံ့မခန်းအစွမ်းကို ထုတ်ဖော်ပြခဲ့သည်။ ချူထျန်းချွင်သည် အင်ပါယာကြယ်၏ ဖခင်အနေဖြင့် ပိုမိုသန်မာရပေမည်။ သူ့မှတ်ဉာဏ်ထဲမှာ လွန်ခဲ့သောနှစ်နှစ်တုန်းက ချူထျန်းချွင်သည် အထွတ်အထိပ် ဝိညာဉ်အခြေတည်နယ်ပယ်မှာ ရှိနေခဲ့သည်။
ရွှီချင်း၏ မျက်လုံးထဲမှာ ရူးသွပ်မှုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
‘ ကောင်းကင်ဘုံတာအို မိုဆာဆောက ဒီနေရာရဲ့ အချုပ်အနှောင်တွေကို ချိုးဖြတ်နိုင်တယ်… ဒါပေမဲ့ အဲ့ဒီအတွက် အချိန်လိုတယ် ’
‘ ငါက သူ့ပြိုင်ဘက်မဟုတ်ပေမဲ့လည်း အစွမ်းကုန် ထုတ်သုံးရင် ဖြစ်နိုင်သေးတယ် ’
ရွှီချင်း၏ မျက်လုံးထဲမှ ရူးသွပ်မှုသည် ပို၍ထင်ရှားလာသည်။ ဤအခိုက်အတန့်မှာ အချိန်ဆွဲထားရန် နည်းလမ်းဟူသမျှကို သူထုတ်သုံးရတော့မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသည်။ ထို့ကြောင့် ချူထျန်းချွင် တစ်ဟုန်ထိုး ဝင်လာသည်နှင့် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ချီနှင့်သွေးသည် လှုပ်ရှားထကြွလာသည်။ နတ်နန်းတော်ရှစ်ခုသည် ရူးရူးမူးမူး လှည့်ပတ်လာကြပြီး ရွှေကျီးကန်းက မြှောက်တတ်လာသည်။ နတ်နန်းတော်ကိုးခုတိုက်ပွဲစွမ်းအင်ကို ဖွဲ့စည်းပြီးသည့်နောက်မှာပင် သူ့ခွန်အားက ဆက်လက်မြင့်တတ်နေဆဲ ဖြစ်၏။
နောက်ဆုံး နတ်နန်းတော်ဆယ်ခုတိုက်ပွဲစွမ်းအင်နှင့် အလွန်နီးကပ်နေခါနီးမှသာ ယင်းက ရပ်တန့်သွားသည်။
ချူထျန်းချွင်က သူနှင့် နီးကပ်လာသည်။
သူတို့နှစ်ဦးသည် လေထဲမှာ အပြန်အလှန် တိုက်ခိုက်လိုက်ကြသည်။
ထိတ်လန့်ဖွယ် ပေါက်ကွဲသံတစ်ခု မြည်ဟိန်းသွားသည်။ ကျယ်လောင်သော ဆူညံသံများကြားတွင် ရွှီချင်းသည် ချူထျန်းချွင်နှင့်အတူ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ မယုံကြည်နိုင်မှုက သူ့မျက်လုံးထဲမှာ ပေါ်ထွက်လာသည်။
‘ ဆက်ပြီးဟန်ဆောင်နေတုန်းလား ’
ရွှီချင်းသည် သတိကြီးစွာထားပြီး သူ၏ ဝှက်ဖဲကတ်များကို လုံးလုံးထုတ်ဖော်လိုက်သည်။
တတိယနတ်နန်းတော်၏ အဆိပ်ကို သူ့ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်လိုက်ပြီး အရပ်မျက်နှာပေါင်းစုံသို့ ရူးရူးမူးမူး ပျံ့နှံ့သွားစေသည်။ အဆိပ်ဖြတ်သန်းသွားသည့် မည်သည့်နေရာတွင်မဆို အနီးဝန်းကျင်မှ လေဟာနယ်သည် ချက်ချင်း တွန့်လိမ်လာသည်။
နယ်မြေတစ်ခုထဲသို့ တားမြစ်အဆိပ်စွမ်းအား စိမ့်ဝင်သွားသည့်အခါ ရွှီချင်းအပိုင် ထူးခြားရုပ်ဝတ္ထုများက ထိုနယ်မြေထဲမှာ မွေးဖွားလာကြသည်။ ယင်းတို့က အန္တရာယ်ရှိသော စွမ်းအားတစ်မျိုးကို ဖွဲ့စည်းပြီး တားမြစ်အဆိပ်စွမ်းအားနှင့် ပေါင်းစပ်ကာ အရာအားလုံးကို သတ်ဖြတ်ပစ်ကြသည်။
ထိုမြင်ကွင်းက ချူထျန်းချွင်၏ အမူအရာကိုပြောင်းလဲသွားစေသည်။ သူ့မျက်လုံးထဲ၌ ရွှေရောင်အလင်းတောက်ပလာသည့်အခါ လက်နှစ်ဖက်ဖြင့် လက်ဟန်သင်္ကေတများကို တရစပ် ထုတ်ဖော်လိုက်လေသည်။ နတ်စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာကြပြီး အဆိပ်၏ ကျူးကျော်ဝင်ရောက်မှုကို အစွမ်းကုန်တားဆီးသည်။
‘ ဒီအခြေအနေထိရောက်တာတောင် သူက ဟန်ဆောင်နေတုန်းလား ’
ရွှီချင်းသည် စိတ်လေးလာသည်။ တဖက်လူက ထိတ်လန့်ဖွယ် နည်းလမ်းတစ်ခုခုကို ပြင်ဆင်နေခြင်း သို့မဟုတ် သူ့ကို မခံချင်အောင် ရန်စနေခြင်းဖြစ်ရမည်ဟု သူတွေးမိသည်။
အေးတိအေးစက်အလင်းက သူ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး စွမ်းအားအပြည့်ကို ဆက်လက် အသုံးပြုလိုက်သည်။
ရွှေကျီးကန်းသည် သူ့အနောက်မှာ ထွက်ပေါ်လာသည်။ ရွှေကျီးကန်းက အမြှီးများစွာကို ဝှေ့ယမ်းလိုက်လေရာ မီးတောက်မီးလျှံများ ပေါ်လျှိုးလာကြသည်။
ရွှေကျီးကန်းသည် စွမ်းအားအကုန်အသုံးပြု၍ ချူထျန်းချွင်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
ယင်းက အဆုံးသတ်မဟုတ်သေးပေ။ သံချောင်းနက်သည်လည်း ပျံသန်းသွားသည်။ ကျန်းကန်းဂိုဏ်းဘိုးဘေးသည် ရွှီချင်း၏ ရူးသွပ်မှုကို မြင်တွေ့သောအခါ သေဆုံးမည့်အရေးကို ဂရုမစိုက်တော့ဘဲ ဆုံးဖြတ်ချက်ပြတ်သားစွာ ချလိုက်သည်။
သူက မည်သည်ကိုမှ မတွက်ဆတော့ဘဲ အဆုံးမဲ့ကဒ်ဘေးမိုးကြိုးနီကို ထုတ်ဖော်လျက် ချူထျန်းချွင်ဆီသို့ ဦးတည်သွားသည်။
အရိပ်လေးသည်လည်း အစွမ်းအကုန်ကို အသုံးပြုလိုက်သည်။
“ သေစမ်း… သေစမ်း… သေစမ်း ”
အားလုံးက ပြင်းထန်ကြမ်းတမ်းသော မုန်တိုင်းတစ်ခုအလား ဆုံးဖြတ်ချက်ပြတ်သားစွာ ချူထျန်းချွင်ဆီသို့ ဦးတည်သွားကြသည်။
ထိုအခိုက်အတန့်မှာ ချူထျန်းချွင်၏ အမူအရာသည် လုံးလုံးပြောင်းလဲသွားသည်။ သူက လက်သင်္ကေတများစွာကို အလျှင်အမြန် တရစပ်ထုတ်ဖော်လိုက်ပြီး နတ်စွမ်းအားများဖြင့် ခုခံတားဆီးသည်။ သို့သော်လည်း ဘေးပတ်ဝန်းကျင်မှ အဆိပ်သည် လွန်စွာပြင်းထန်ပြီး ရွှီချင်းထံမှာလည်း နည်းလမ်းအတော်များများ ရှိနေသည်။ ချက်ချင်းပင် သူက အနောက်ဆုတ်လိုက်ရသည်။
“ တစ်ခုခုတော့ မဟုတ်သေးဘူး… သူက အရမ်းသန်မာတာ ဘာလို့ အနောက်ဆုတ်သွားတာလဲ… သူ့ရဲ့ ဝှက်ဖဲကတ်ကို ထုတ်သုံးတော့မလို့လား ”
ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး သူ့ကျောအနောက်မှ ညာဘက်လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်သည်။ သူက စိတ်ထဲမှ မန္တန်ရွတ်ဆိုလျက် သဏ္ဍာန်မဲ့ဓားရိုးကို ကိုင်ထားသည့်အလား ရုတ်တရက် ချူထျန်းချွင်ဆီသို့ ပိုင်းချလိုက်သည်။
ဓားချက်က ကမ္ဘာကို အရောင်ပြောင်းစေပြီး တိမ်တိုက်များနှင့် လေကို ပရမ်းပတာဖြစ်စေသည်။ တုနှိုင်းမဲ့အရှိန်အဝါ ကိန်းဝပ်နေသော ဓားရောင်ခြည်အလင်းသည် ချူထျန်းချွင်ဆီသို့ အကြမ်းပတမ်းပုံစံဖြင့် တိုးဝင်သွားသည်။
ရွှီချင်း၏ အရှေ့မှ ဓားအလင်းသည် အကွာအဝေးတစ်ခုသို့ ရောက်သွားသောအခါ မြင့်မြတ်ထည်ဝါသော ဓားတစ်လက်အသွင် ပြောင်းလဲသွားပြီး အရှင်သခင်တစ်ပါး၏ လွှမ်းမိုးဖိနှိပ်မှု အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ယင်းက ဧကရာဇ်တစ်ပါး ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာပြီး ဓားဆွဲကိုင်လျက် နတ်မိစ္ဆာအားလုံးကို အမြစ်ပြတ်သုတ်သင်ကာ ငြိမ်းချမ်းမှုကို ပြန်လည်ရယူတော့မည့်အလား ထင်မှတ်ရ၏။
ယင်းက အင်ပါယာဓားဖြစ်သည်။
အင်ပါယာဓား ဆင်းသက်မလာမီ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလနတ်နန်းတော်သည် အပြင်းအထန် တုန်ယင်လာသည်။ ချက်ချင်းပင် သူ့မျက်လုံးသူငယ်အိမ်ထဲ၌ ဖြစ်ပေါ်နေသော ခရမ်းလသည် ခရမ်းရောင်အလင်းတန်းသို့ ပြောင်းလဲသွားကာ ချူထျန်းချွင်၏ မျက်နှာကို ထိမှန်သွားသည်။
ယင်းတို့က လစန္ဒာတစ်ခုအသွင် ပြောင်းလဲသွားကြသည်။
ရွှီချင်းသည် တဖက်လူမှ ဝှက်ဖဲအသုံးပြုမည်ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ထိုအခိုက်အတန့်မှာ သူ့နဖူးပေါ်မှ သွေးကြောအားလုံး ဖောင်းကြွလာကြသည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး လေထဲသို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို ခရမ်းလစွမ်းအားသည် ချူထျန်းချွင်၏ မျက်နှာပေါ်မှာ ပေါက်ကွဲထွက်သွားသည်။ တစ်ချိန်တည်းမှာပင် အင်ပါယာဓားက သူ့အပေါ်သို့ ကျဆင်းသွားသည်။
ချူထျန်းချွင်းသည် အော်ဟစ်ညည်းညူလိုက်သည်။ သူ့ခန္ဓာကိုယ်က ပြိုလဲပျက်စီးတော့မည့်အလား တုန်ယင်လာသည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်လေရာ သူ့ခန္ဓာကိုယ်က မှုန်ဝါးဝါးပုံရိပ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ သူက အထွတ်အထိပ် ရုပ်ခန္ဓာစွမ်းအားနှင့် လဲလှယ်ရန် အရိပ်လေးနှင့် ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်မှာ သူ၏ ကြောက်မက်ဖွယ် ရုပ်ခန္ဓာကိုယ်က နတ်နန်းတော်ဆယ်ခုကို ကျော်လွန်သွားသလို အမြန်နှုန်းကလည်း လျှပ်စီးနှင့် အမှန်တကယ် တုယှဉ်နိုင်လာသည်။ သူက ချူထျန်းချွင်ဆီသို့ လက်ထဲမှာ ဓားမြှောင်ဖြင့် တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ တဖက်လူ၏ ဝှက်ဖဲကတ်နှင့် ရင်ဆိုင်ရန် သူက အသင့်ဖြစ်နေချေ၏။
သူ့ဓားမြှောင်က ချူထျန်းချွင်၏ လည်ပင်းကို တိုက်ရိုက် ဖြတ်တောက်သွားသည်။
ချက်ချင်းပင် ချူထျန်းချွင်၏ ဦးခေါင်းက လေထဲသို့ လွင့်ပျံသွားပြီး ဒဏ်ရာမျိုးစုံဖြင့် စုတ်ပြတ်သတ်နေသော သူ့ခန္ဓာကိုယ်ကြီးက မြေကြီးပေါ်သို့ လဲကျသွားသည်။
ရွှီချင်းသည် အမောတကော အသက်ရှူနေရင်း စိုးရိမ်ပူပန်စွာ ရပ်နေသည်။ ထိုမြင်ကွင်းကို သူမြင်သည့်အခါ လုံးလုံးဆွံ့အသွားလေသည်။
“ သေသွားပြီလား ”