← Chapters

နတ်ဘုရားအစွမ်း၊ အဆုံးမဲ့ပြန်လည်ရှင်သန်ခြင်း

Vol. 41 Ch. 613

နတ်ဘုရားအစွမ်း၊ အဆုံးမဲ့ပြန်လည်ရှင်သန်ခြင်း

Vol. 41 Ch. 613

ရွှီချင်း၏ အမူအရာသည် နက်မှောင်သွားသည်။

ဤမူမမှန်သည့်ကိစ္စမှာ အကြောင်းအရင်းတစ်ခု သေချာပေါက် ရှိရမည်။ စောစောတုန်းက သူ အစွမ်းကုန်သုံး၍ တိုက်ခိုက်ခဲ့ရခြင်းမှာ ကောင်းကင်ဘုံတာအို မိုဆာဆော၏ သတိပေးမှုက အလွန်ပြင်းထန်နေသောကြောင့် ဖြစ်၏။ ယင်းက သူ့ကို နှလုံးခုန်လုနီးပါး ဖြစ်စေခဲ့သည်။

ရွှီချင်းသည် သေခြင်းရှင်ခြင်းကဒ်ဘေးမှ ဤသို့ အလွယ်တကူ လွတ်မြောက်သွားလိမ့်မည်ဟု မစဉ်းစားခဲ့ပေ။

သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်သည်။ အတွေးတစ်ချက်ဖြင့် ဘေးပတ်ဝန်းကျင်၌ ပြည့်နှက်နေသော အဆိပ်သည် ချူထျန်းချွင်၏ အလောင်းဆီသို့ တိုးဝင်သွားသည်။ ထို့နောက် အဆိပ်က ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ချူထျန်းချွင်၏ အလောင်းကို လျှင်မြန်စွာ ပုပ်သိုးဆွေးမြေ့စေသည်။

ဆယ်မိနစ်ကြာပြီးသောအခါ အလောင်းသည် အနက်ရောင်အရည်သို့ လုံးလုံးပြောင်းလဲသွားပြီး သဲထဲသို့ စီးဆင်းသွားသည်။

သို့သော်လည်း ဤနေရာတွင် လေဟာနယ်အချုပ်အနှောင်များက ကျန်ရှိနေသေးပေသည်။

သူ့နှလုံးသားထဲမှ စိတ်မသက်မသာခံစားမှုကလည်း ပျောက်မသွားသေးပေ။

ရွှီချင်း၏ အမူအရာသည် သုန်မှုန်နေသည်။ သူက ခန္ဓာကိုယ်တစ်ချက်လှုပ်ယမ်းပြီး ကောင်းကင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ ဤနေရာမှ ထွက်ခွာနိုင်ရန် သူက အစွမ်းကုန်သုံးပြီး တိုက်ခိုက်လိုက်သည်။ သို့သော်လည်း သူတိုက်ခိုက်တော့မည့်အချိန် ပြင်းထန်သော အန္တရာယ်အငွေ့အသက်က သူ့နှလုံးသားထဲမှာ ရုတ်ချည်း ဖြစ်ပေါ်လာသည်။

ရွှီချင်းသည် ရုတ်ချည်း ခေါင်းငုံ့ပြီး မြေပြင်ကို ကြည့်သည်။

စောစောက ချူထျန်းချွင်သေသွားသော မြေနေရာမှ ရွှေရောင်အလင်း ထွက်ပေါ်လာနေသည်။ ထိုရွှေရောင်အလင်းက ဟင်းလင်းပြင်ကို ဖရိုဖရဲဖြစ်စေပြီး နိယာမများကို ပြောင်းလဲသွားစေသည်။ ယင်းက အချိန်နှင့်လေဟာနယ်အပေါ်မှာ သက်ရောက်မှုရှိဟန်တူသည်။ ထို့နောက် မယုံကြည်နိုင်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဤနေရာမှ အချိန်က… အမှန်တကယ် နောက်ပြန်ဆုတ်သွားသည်။

ချူထျန်းချွင်၏ အလောင်းမှ ပြောင်းလဲသွားသော အနက်ရောင်အရည်သည် သဲထဲမှ ပြန်ထွက်ပေါ်လာပြီး လေထဲသို့ မြှောက်တတ်သွားသည်။ အရည်အားလုံးပြန်ပေါင်းစည်းပြီးနောက် ယင်းက ချူထျန်းချွင်၏ အလောင်းသို့ ပြောင်းလဲသွားသည်။ ထို့နောက် ဦးခေါင်းပြတ်က ခန္ဓာကိုယ်အလောင်းနှင့် ပြန်ဆက်သွားသည်။

နောက်အခိုက်အတန့်မှာ အလောင်းမှ ဒဏ်ရာဒဏ်ချက်အားလုံး ပျောက်ကွယ်သွားသည်။ သူက ရုတ်ချည်း မျက်လုံးဖွင့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ ငါမင်းကို လျှော့တွက်မိပြီ ”

ပြန်အသက်ရှင်လာသော ချူထျန်းချွင်က အက်ရှရှအသံဖြင့် ပြောသည်။ သူ့မျက်လုံးထဲမှာ ရွှေအလင်းဖြင့် ပြည့်နှက်နေသည်။

“ မင်းမှာလည်း နတ်ဘုရားအစွမ်းရှိမယ်လို့ ငါမထင်ထားဘူး ”

ချူထျန်းချွင်၏ ခန္ဓာကိုယ်သည် လှုပ်ယမ်းသွားသည်။ သူက အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည့်အခါ သူ၏ ကျင့်ကြံခြင်းအခြေခံက ပေါက်ကွဲထွက်ပေါ်လာသည်။ ဤတစ်ကြိမ် သူ့ကျင့်ကြံခြင်းက အစောပိုင်း ဝိညာဉ်နတ်သူငယ်အဆင့်မှာမဟုတ်တော့ဘဲ အလယ်အလတ် ဝိညာဉ်နတ်သူငယ်အဆင့်မှာ ဖြစ်၏။

ယင်းက အဆင့်သေးတစ်ခုသာ တိုးမြှင့်သွားခြင်းဖြစ်သော်လည်း အခြေတည်အဆင့်မှစ၍ အထက်အဆင့်များတွင် အဆင့်သေးတစ်ခုက အဆင့်ကြီးတစ်ခုနှင့်တူညီကြောင်း ရွှီချင်း သိထားသည်။ ယင်းတို့နှစ်ခုကြား ကွာဟမှုသည် အလွန်ကြီးမားပြီး တချို့ကျင့်ကြံသူများသည် သူတို့ထက် ကျင့်ကြံခြင်းအဆင့်နှစ်ဆင့်နိမ့်သည့် သူများကို ကြက်ကလေးငှက်ကလေးများသဖွယ် အလွယ်တကူ သတ်နိုင်ကြသည်။

အလွန်ပြင်းထန်သော အန္တရာယ်အငွေ့အသက်က ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ဤပြန်လည်ရှင်သန်ခြင်းအစွမ်းကို အလွန်အမင်း သူသတိထားရန် လိုအပ်သည်။

ယင်းက မှော်မန္တန် သို့မဟုတ် နတ်စွမ်းရည်မဟုတ်သလို အသက်အစားထိုးခြင်း ဓမ္မရတနာတစ်ခုလည်း မဟုတ်ပေ။ ယင်းထဲမှာ နတ်ဘုရားအစွမ်းပါဝင်နေသည်ဟု ရွှီချင်းက ခံစားမိသည်။

“ နတ်ဘုရားနောက်လိုက်တစ်ယောက်အနေနဲ့ ငါက တခြားအစမ်းသပ်ခံတွေနဲ့ ခြားနားတယ်… ငါက ယွင်အာထက်တောင် ပိုပြီး ခြားနားသေးတယ် ”

ချူထျန်းချွင်က တည်ငြိမ်စွာ ပြောသည်။

“ ငါ့နတ်ဘုရားအစွမ်းက ပြန်လည်ရှင်သန်ခြင်း… အဆုံးမဲ့ ပြန်လည်ရှင်သန်ခြင်း ”

ချူထျန်းချွင်သည် ရွှီချင်းကိုကြည့်သည်။ အကယ်၍ လွန်ခဲ့သော လအနည်းငယ်တုန်းက ဧရာမငှက် ချင်းချင်ကြောင့် သူသာ အပြင်းအထန် ဒဏ်ရာမရခဲ့လျှင် သူ၏ ကျင့်ကြံခြင်းက အထွတ်အထိပ် ဝိညာဉ်သူငယ်အဆင့်နှင့် အလွန်နီးကပ်နေလိမ့်မည်။

ချင်းချင်သည် ကမ္ဘာဦးသန္ဓေပြောင်းငှက်တစ်ကောင်ဖြစ်ပြီး နတ်ဘုရားအစွမ်းကို ပိုင်ဆိုင်သည်။ ၎င်းက အလွန်အမင်း အဆင့်မြင့်သော နတ်သားရဲတစ်ကောင်ဖြစ်သည်။ ၎င်း၏ နတ်အလင်းက သူ၏ ပြန်လည်ရှင်သန်ခြင်း နတ်ဘုရားအစွမ်းကို မတားဆီးနိုင်သော်လည်း ၎င်းပေးခဲ့သော ဒဏ်ရာများက ပြန်လည်ရှင်သန်ပြီးသည့်နောက်မှာပင် သူ၏ ကျင့်ကြံခြင်းအခြေခံပေါ်မှာ သက်ရောက်မှုရှိ၏။

ထို့ကြောင့် သူ၏ ပြန်လည်ကုသမှုသည် အလွန်အမင်း နှေးကွေးနေ၏။ သူ၏ ကျင့်ကြံခြင်းအခြေခံကို ကြီးကြီးမားမား လှည့်ပတ်လိုက်သည့်အခါ သက်ရောက်မှုက ပိုပြီးကြီးမားလာလိမ့်မည်။

ရွှီချင်းကိုကြည့်နေလျက် ချူထျန်းချွင်သည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ့မျက်လုံးထဲမှာ အလင်းနက်တစ်ခု ထွက်ပေါ်လာသည်။

“ ငါမင်းကို အားလုံးပြောပြပြီးပြီ… ဒီတော့ မင်းရဲ့ နတ်ဘုရားအစွမ်းက ဘာလဲ ”

ရွှီချင်းသည် မည်သည့်စကားမှ ပြန်မပြောချေ။ သတ်ဖြတ်ခြင်းဆန္ဒက သူ့မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ အရိပ်လေးနှင့်ပေါင်းစပ်ထားသည့် အခြေအနေမှာ သူ၏ ကြောက်မက်ဖွယ် ရုပ်ခန္ဓာစွမ်းအားက ထပ်မံ ပေါ်ထွက်လာသည်။ သူက အံ့မခန်းအမြန်နှုန်းဖြင့် ချူထျန်းချွင်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။

သူက ချက်ချင်း နီးကပ်သွားသည်။

သို့သော်လည်း ယခုအချိန်မှာ ချူထျန်းချွင်၏ အမြန်နှုန်းသည် စောစောကထက် အများကြီး ပိုမိုမြန်ဆန်နေသည်။ သူက ခြေတစ်လှမ်းဖြင့် ပေတစ်ထောင်အကွာအဝေးသို့ ရောက်ရှိသွားသည်။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ညာလက်ကို မြှောက်တင်လိုက်ပြီး မြေကြီးပေါ်သို့ ဖိချလိုက်သည်။

“ အရင်တုန်းက ယွင်အာထုတ်ဖော်ပြခဲ့တဲ့ ဓားကွက်က သူ့ကျင့်ကြံခြင်းကြောင့် မပြည့်စုံဘူး… ဒီမှာ အချိန်အလုံအလောက်ရနေမှတော့ တိမ်ပျံဓားဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်ကို ငါမင်းကို မြင်စမ်းစေမယ်… မိုးအောက်မြေပြင်ဓား(၁၂)ကွက်… ”

သူ့အသံ ပဲ့တင်ထပ်သွားသည်နှင့် ချူထျန်းချွင်သည် စောစောက သဲပေါ်သို့ ဖိချလိုက်သော သူ့ညာလက်ကို မြှောက်တင်လိုက်သည်။ သူမြှောက်တင်လိုက်သည့်အခါ ပေတစ်ထောင်ကျယ်ဝန်းသော ဘေးပတ်ပတ်လည်မှ လွင်တီးခေါင်မြေသည် ချက်ချင်း တုန်ခါလာသည်။ မြေကြီးအောက်မှာ မြေနဂါးတစ်ကောင်က လှုမ်းယမ်းနေသည့်အလားပင်။

သဲပမာဏများစွာက လေထဲသို့ မြှောက်တတ်သွားကြပြီး ကောင်းကင်ကို လွှမ်းခြုံသွားလေရာ ကြီးမားသော အရိပ်တစ်ခုက လွင်တီးခေါင်မြေကို အုပ်မိုးသွားသည့်အလား မည်းမှောင်သွားစေသည်။

ထို့နောက် လေထဲမှ သဲသည် အလျှင်အမြန် ပေါင်းစည်းသွားပြီး ဓားကြီးများသို့ ပြောင်းလဲသွားကြကာ ချူထျန်းချွင်ကို ဝန်းရံလိုက်ကြသည်။

ဓားကြီးများသည် စုစုပေါင်း ဆယ့်နှစ်ချောင်းရှိသည်။

ဓားကြီးတစ်ချောင်းစီသည် ပေတစ်ထောင်ရှည်လျားပြီး ကြောက်မက်ဖွယ် ဓားအင်အားကို ထုတ်လွှတ်နေကြလေရာ ဟင်းလင်းပြင်ကို ပြိုလဲအက်ကွဲသွားစေမည့်ဟန် ရသည်။ သတ်ဖြတ်ခြင်းဆန္ဒက လောကတခွင်သို့ ဖြန့်ကြက်သွားပြီး မူလက ပူပြင်းနေသော လွင်တီးခေါင်မြေကို ချမ်းအေးသွားစေသည်။

ထိုဓားကြီးများက ရွှီချင်းထံသို့ ခုတ်ပိုင်းလာကြသည်။

ရွှီချင်း၏ အသက်ရှူသံသည် အနည်းငယ် မြန်လာသည်။ ထိုဓားကြီးဆယ့်နှစ်ချောင်းမှ ထုတ်လွှတ်နေသော စွမ်းအားသည် ယခင်တုန်းက အင်ပါယာကြယ် ထုတ်ဖော်ပြခဲ့သော ဓားကွက်များထက် လုံးလုံးလျားလျား သာလွန်နေသည်။ ယင်းတို့၏ စွမ်းအားက အများကြီး ပိုသန်မာရုံသာမက ဓားအနှစ်သာရမှာလည်း ခြားနားကြသည်။

သူ့မှာ စဉ်းစားရန် အချိန်အများကြီးမရှိပေ။ သူက ရှောင်တိမ်းရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ဓားကြီးဆယ့်နှစ်ချောင်းက မတူညီသော အရပ်မျက်နှာပေါင်းစုံမှ သူ့ထံသို့ လာရောက်တိုက်ခိုက်နေကြပြီး သူ၏ လွတ်လမ်းဟူသမျှကို တားဆီးပိတ်ဆို့ထားကြသည်။ ထို့နောက် သူ့ကို ခုတ်ပိုင်းလာကြသည်။

သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအမျိုးမျိုးရရှိလာပြီး သွေးက စီးကျလာသည်။ သူ၏ ဦးခေါင်းထက်မှ အလင်းခုံးများသည် အလင်းရောင်တောက်ပလာကြပြီး အဆုံးမဲ့သရဖူလည်း ပေါ်ထွက်လာသည်။ ငရဲဝိညာဉ်သွေးအတောင်ပံ၏ အစွမ်းတိုးမြှင့်ပေးမှုကြောင့် သူ၏ ကျောအနောက်မှာ အတောင်ပံတစ်ခု ထွက်ပေါ်လာသည်။

အထွတ်အထိပ် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ဤအခြေအနေ၌ အတောင်ပံခတ်လိုက်သည့်အခါ ရွှီချင်း၏ အလျင်သည် ပို၍ထပ်တိုးမြှင့်သွားသည်။ သူက တုနှိုင်းမဲ့အလျင်ဖြင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး တည်နေရာပြောင်းရွှေ့တော့မည့်အလားပင်။

ရွှီချင်းသည် သူ့ထံသို့ ခုတ်ပိုင်းလာနေသော ဓားကြီးတစ်ချောင်းကို ချက်ချင်း ရှောင်တိမ်းလိုက်ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

နတ်နန်းတော်ဆယ်ခုကို ကျော်လွန်နေသော သူ၏ ရုပ်ခန္ဓာစွမ်းအားက ပေါက်ကွဲထွက်လာသည်။ ထိုဓားကြီးများက သာမန်မဟုတ်ကြသော်လည်း ရွှီချင်း၏ လက်သီးထိုးချက်က ဓားပေါ်သို့ ကျရောက်သွားသောအခါ အက်ကွဲရာများ ထွက်ပေါ်လာကြသည်။

ကမ္ဘာပေါ်တွင် သူ့ကဲ့သို့ အထွတ်အထိပ်ခန္ဓာကိုယ်ထိ ရောက်ရှိဖူးသူသည် အရေအတွက် အလွန်နည်းပါးသည်။

ချူထျန်းချွင်၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းတစ်ခု ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လေထဲသို့ လက်ညှိုးညွှန်လိုက်သည်။

“ လေ ”

ရွှီချင်းက ဓားကြီးဆယ့်နှစ်ချောင်းကို တစ်ချောင်းပြီးတစ်ချောင်း မဖျက်ဆီးပစ်နိုင်ခင် ယင်းတို့က သူတို့ဘာသာအလိုအလျောက် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားကြသည်။ ဓားကျိုးအပိုင်းအစများက မရေမတွက်နိုင်သော သဲပွင့်များသို့ ပြန်ပြောင်းလဲသွားကြပြီး ရွှီချင်းကို ဝန်းရံလိုက်ကြကာ ကောင်းကင်ထိ ထိုးတတ်သွားမည့် သဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။

အဝေးမှကြည့်လျှင် ထိုသဲမုန်တိုင်း၏ အသွင်ပုံရိပ်က ဓားတစ်ချောင်းနှင့် အလားသဏ္ဍာန်တူသည်။

သဲမုန်တိုင်း၏ လှည့်ပတ်မှုအမြန်နှုန်းသည် အလွန်ကြောက်စရာကောင်း၏။ ယင်းက ရွှီချင်း၏ ဘေးပတ်ပတ်လည်မှာ ဖျစ်ညှစ်အားတစ်ခုကို ဖြစ်ပေါ်စေသည်။ မရေမတွက်နိုင်သော ဓားသွားများက သူ့ကို ပိုင်းဖြတ်နေကြသည့်အလား သူ့ခန္ဓာကိုယ်ပေါ်မှာ နောက်ထပ် ဒဏ်ရာအများအပြား ဖြစ်ပေါ်လာကြသည်။

သူ အန္တရာယ်ထဲသို့ ကျရောက်နေကြောင်း မြင်သည့်အခါ ရွှီချင်းသည် လေထဲသို့ ခုန်လိုက်သည်။ သူ့ကျောအနောက်မှ အတောင်ပံက အလျှင်အမြန် တဖျပ်ဖျပ်ခတ်လာသည်နှင့် သူက မုန်တိုင်း၏ အဆုံးဆီသို့ အံ့မခန်းအမြန်နှုန်းဖြင့် ပျံသန်းသွားသည်။

မရေမတွက်နိုင်သော သဲပွင့်များသည် သူ့နောက်သို့ လိုက်ဖမ်းကြသည်။ သို့သော်လည်း ယင်းတို့က အနည်းငယ် နှေးကွေးနေကြသည်။

ချူထျန်းချွင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ညာလက်ကို ထပ်မံဝှေ့ယမ်းလိုက်သည်။

“ သန့်စင်စေ ”

သူ့စကားသံဆုံးသွားသည်နှင့် ချက်ချင်း သဲပွင့်များသည် ထပ်မံပုံသဏ္ဍာန်ပြောင်းသွားကြသည်။ သဲပွင့်များသည် အရပ်မျက်နှာပေါင်းစုံသို့ တစ်ပွင့်ပြီးတစ်ပွင့် ပျံသန်းသွားကြပြီး ပေပေါင်းထောင်သောင်းများစွာ ကျယ်ဝန်းသော ဧရိယာကို ဖုံးအုပ်လိုက်ကြသည်။ ထို့နောက် ယင်းတို့က ရွှီချင်းကို ထပ်မံလွှမ်းခြုံလိုက်ကြပြီး ရုတ်ချည်း ကျုံ့သွားကြကာ ဧရာမဘူးသီးခြောက်ဓားတစ်လက်သို့ ပုံပြောင်းသွားသည်။

ရွှီချင်းသည် ဘူးသီးခြောက်၏ ဖုံးလွှမ်းခြင်းခံလိုက်ရသည်။

ဘူးသီးခြောက်အတွင်းမှ သန့်စင်ခြင်းစွမ်းအားသည် အကြမ်းပတမ်း ပေါ်ထွက်လာသည်။ အတွင်းပိုင်းထဲမှာ လေနှင့်မီးက ရစ်ခွေနေကြပြီး ရွှီချင်း၏ ပုံရိပ်ကို လွှမ်းခြုံသွားသည်။ ထိုစဉ် ရွှေကျီးကန်း၏ အော်မြည်သံက ဗူးသီးခြောက်အတွင်းမှ ဟိန်းထွက်လာသည်။

နောက်တစ်စက္ကန့်မှာ ရွှေကျီးကန်း၏ ပုံရိပ်သည် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပြီး အရွယ်အစား ကြီးမားလာသည်။ ၎င်းက ပေတစ်ထောင်မှစ၍ အရွယ်အစား ဆက်လက်ကြီးမားသွားလေရာ ပေငါးထောင်၊ ပေတစ်သောင်း၊ ပေသုံးသောင်းထိ တိုးမြှင့်သွားသည်။ နောက်ဆုံးမှာတော့ ၎င်းက ပေငါးသောင်းအထိ ရောက်ရှိသွားသည်။

ဘူးသီးခြောက်သည် ဝုန်းခနဲ ပွင့်ထွက်သွားသည်။ ရွှေကျီးကန်းက ကောင်းကင်ယံသို့ ပျံတတ်သွားသည့်အခါ အရိပ်လေးနှင့် ပေါင်းစပ်ထားသည့် ရွှီချင်းက ရွှေကျီးကန်း၏ ကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် သွေးဖြင့် ရွှဲရွှဲစိုနေသော်လည်း သူ့မျက်လုံးများက စိတ်ဓာတ်ပြတ်သားမှုဖြင့် တောက်လောင်နေသည်။ သူက ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ပမာထင်ရပြီး သူ၏ သတ်ဖြတ်ခြင်းဆန္ဒက အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ ရွှေကျီးကန်းသည် ခန္ဓာကိုယ်တစ်ချက်လှုပ်ယမ်းလိုက်ပြီး နားကွဲစေမည့် အော်မြည်သံကို ထုတ်ဖော်လိုက်လေရာ မီးတောက်ပင်လယ်တစ်ခုအား ဖြစ်ပေါ်စေသည်။ မီးတောက်မီးလျှံများသည် ပေတစ်ထောင်အကွာအဝေးသို့ တစ်ဟုန်ထိုး လွှမ်းခြုံသွားကြပြီး ချူထျန်းချွင်ဆီသို့ ဦးတည်သွားကြသည်။

တားမြစ်အဆိပ်စွမ်းအားသည် လေထဲသို့ ပျံ့နှံ့သွားပြီး အရပ်မျက်နှာပေါင်းစုံမှာ လှုပ်ရှားထကြွလာသည်။ အလွန်သိပ်သည်းသော ထူးခြားရုပ်ဝတ္ထုများက လေထဲသို့ စိမ့်ဝင်သွားကြသည်နှင့် အရိပ်လေးက ထပ်မံပေါ်ထွက်လာသည်။ ထို့အတူ သံချောင်းနက်လည်း ထွက်ပေါ်လာသည်။

ထိုမျှနှင့်မပြီးသေးပေ။ ရွှေကျီးကန်း၏ ပါးစပ်ထဲမှ ထုတ်လွှတ်လိုက်သော အင်ပါယာဓားသည်လည်း ချူထျန်းချွင်ဆီသို့ တန်းမတ်စွာ တိုးဝင်သွားသည်။

ထို့နောက် ပေါက်ကွဲသံများသည် မိုးခြိမ်းသံများအလား ကျယ်လောင်စွာ ထွက်ပေါ်လာကြသည်။

မြေပြင်သည် အကြမ်းပတမ်း လှုပ်ခါလာပြီး ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားသည်။ ရွှေရောင်အလင်းက ချူထျန်းချွင်ကို လွှမ်းခြုံသွားသည်။ ယင်းက အကာအကွယ်တစ်ခုပမာ ဖြန့်ထွက်သွားပြီး သူ့ကို တိုက်ခိုက်မှုများမှ ကာကွယ်ပေးသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ခါလာသည်။ သူက ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး အနောက်ဆုတ်သွားသည်။

ရွှေကျီးကန်းသည် နာကျင်စွာ ဆွဲဆွဲငင်ငင်မြည်တမ်းလိုက်သည်။ ကျန်းကန်းဂိုဏ်းဘိုးဘေး၏ ခန္ဓာကိုယ်သည် လွင့်ပြယ်တော့မည့် အခြေအနေမှာရှိပြီး အရိပ်လေးသည် များစွာမှေးမှိန်လာသည်။ အင်ပါယာဓားသည်လည်း အရောင်မှိန်ဖျော့လာသည်။ သို့သော် ရွှေအလင်းအကာအကွယ်သည် တအိအိလှိုင်းထလာပြီး ယင်းအပေါ်မှာ ကြီးမားသော အက်ကွဲရာများ ထွက်ပေါ်လာကြသည်။

တားမြစ်အဆိပ်စွမ်းအားသည် ရွှီချင်း၏ ထိန်းချုပ်မှုအောက်မှာ အရာအားလုံးကို ဖုံးလွှမ်းသွားပြီး အက်ကွဲရာများမှတဆင့် အထဲသို့ လျှင်မြန်စွာ ဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ရွှေအလင်းအကာအကွယ်သည် လုံးလုံးလျားလျား မည်းနက်သွားသည်။ သူ့ခန္ဓာကိုယ်က နောက်တစ်ကြိမ် စတင်ပုပ်ဆွေးလာနေသည်ကို ခံစားမိသည့်အခါ ချူထျန်းချွင်သည် မျက်မှောင်ကြုတ်လိုက်သည်။

သူ့မှာ နတ်စွမ်းရည်နှင့် နတ်ဘုရားအစွမ်းရှိသော်လည်း ဤအဆိပ်ကို မတားဆီးနိုင်သည်မှာ ထင်ရှား၏။

“ အတိတ်တုန်းက မင်းက ယွင်အာပေါ်မှာ ဒီနတ်ကျိန်စာကို အသုံးပြုခဲ့တယ်… ဟုတ်တယ်… ဒီဟာကို ငါကိုယ်တိုင်တွေ့ကြုံရတဲ့အခါ ဒီဟာက အတော်လေး ကြောက်ဖို့ကောင်းကြောင်း ဝန်ခံရလိမ့်မယ် ”

“ ဒါပေမဲ့… မင်း ဒီဟာကို ပြည့်ပြည့်စုံစုံ မထိန်းချုပ်နိုင်သေးတာတော့ နှမြောစရာပဲ… အဲ့ဒါကို ပြင်ပအစွမ်းတစ်ခုအနေလောက်ပဲ မင်းက အသုံးပြုနိုင်တယ်… ဒါကြောင့် ငါကြိုပြင်ဆင်ထားတဲ့ နည်းလမ်းတွေက အဲ့ဒါကို ခုခံတားဆီးနိုင်တယ် ”

ချူထျန်းချွင်သည် ရွှီချင်းကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ ရွှေအလင်းအကာအကွယ်က ယိုယွင်းပျက်စီးသွားသည့် ထိုအခိုက်အတန့်မှာ သူက လက်တစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး လက်နှစ်ချောင်းဖြင့် အရှေ့သို့ ညွှန်လိုက်သည်။

“ ကဒ်ဘေး ”

ချက်ချင်းဆိုသလို ကောင်းကင်သည် မှုန်ဝါးလာပြီး လေဝဲကတော့ကိုးခု ဖြစ်ပေါ်လာကြသည်။ လေဝဲကတော့ကိုးခု စတင်လှည့်ပတ်လာကြသည့်အခါ အခေါင်းနက်များ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာကြသည်။

အခေါင်းနက်သည် စုစုပေါင်း ကိုးလုံးရှိသည်။ ယင်းတို့က လေထဲမှ ပြုတ်ကျလာကြပြီး မြေပေါ်သို့ သက်ဆင်းလာကြသည်။

အခေါင်းနက်များက အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသောအခါ အလောင်းကိုးလောင်းက လမ်းလျှောက်ထွက်လာကြသည်။

အလောင်းကိုးလောင်း၏ ခန္ဓာကိုယ်များသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြပြီး အလွန်ကြည့်ရဆိုး၏။ သူတို့၏ သေဆုံးပုံနည်းလမ်းများသည် တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ ရေနစ်သေသူ၊ မီးလောင်သေသူ၊ ဝမ်းဗိုက်အဖောက်ခံရပြီး အတွင်းအင်္ဂါများဖျက်ဆီးခံရ၍သေသူ၊ သွေးခန်းခြောက်ပြီးသေသူ၊ သွေးကြောများပေါက်ကွဲပြီးသေသူ အစရှိသဖြင့် သေပုံသေနည်း ကွဲပြားကြသည်။

သူတို့သည် အသက်ရှင်ခဲ့စဉ်က အလွန်ကြမ်းတမ်းသော ညှဉ်းပန်းနှိပ်စက်မှုဒဏ်များကို ခံစားခဲ့ရကြောင်း သူတို့၏ ရုပ်ပျက်ဆင်းပျက် ခန္ဓာကိုယ်များကိုကြည့်ရုံဖြင့် အလွယ်တကူ သိနိုင်ပေသည်။ အနီးကပ်သေချာကြည့်ရှုသည့်အခါ သူတို့၏ မျက်နှာများသည် ချူထျန်းချွင်နှင့် တစ်ထပ်တည်း တူညီနေကြသည်ကို အံ့အားသင့်ဖွယ်ကောင်းစွာ တွေ့မြင်ရလိမ့်မည်။

တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော ဝိညာဉ်များက ထိုရုပ်ပျက်ဆင်းပျက် အလောင်းကိုးလောင်းပေါ်မှာ ထွက်ပေါ်လာကြသည်။

ထိုဝိညာဉ်များသည် အော်ဟစ်ငိုကြွေးပြီး ညည်းညူနေကြသည်။ သူတို့၏ ကြောက်မက်ဖွယ်အော်သံများက အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားကြသည်။

သူတို့သည် ယောင်္ကျားများ၊ မိန်းမများ၊ လူကြီးများနှင့် ကလေးငယ်များ ဖြစ်ကြသည်။

ချူထျန်းချွင်သည် လူသားတိုင်းပြည်ငယ်ကိုးခုကို ဖျက်ဆီးပြီးနောက် ထိုနေရာမှ လူသားအားလုံးကို သန့်စင်ပြီး ဤအလောင်းကိုးလောင်းကို ဖန်တီးထားခြင်းဖြစ်သည်။

ထိုအလောင်းကိုးလောင်း ပေါ်ထွက်လာသည့်အခါ သူတို့က တစ်ညီတစ်ညာတည်း ခေါင်းလှည့်လိုက်ကြပြီး ချူထျန်းချွင်နားမှ လေကို ရှူသွင်းလိုက်ကြသည်။ ချူထျန်းချွင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ပြီးနေသော တားမြစ်အဆိပ်သည် အနောက်သို့ ပြန်ဆုတ်လာပြီး အလောင်းကိုးလောင်း၏ ဝေမျှယူခြင်းခံလိုက်ရသည်။

“ မိသားစုဝင်တွေရဲ့ သွေးမျိုးစက်ကို အသုံးပြုပြီး အလောင်းတွေထဲ ပေါင်းစည်းခဲ့တယ်… မရေမတွက်နိုင်တဲ့ ဝိညာဉ်တွေကို ဦးခေါင်းထဲမှာ ထည့်သွင်းခဲ့တယ်… အဲ့ဒါကြောင့် ငါ့ရဲ့ သိဒ္ဓိအလောင်းကိုးလောင်းက နတ်ကျိန်စာကို ဝေမျှယူနိုင်တဲ့ ကဒ်ဘေးဖြစ်လာခဲ့တယ် ”

“ ရွှီချင်း… မင်းကိုသတ်ဖို့ ဘယ်လောက်တောင် ငါ ကြိုပြင်ဆင်ထားလဲ ငါ့ကိုယ်ငါတောင် မသိဘူး ”

ချူထျန်းချွင်သည် ရွှီချင်းကိုကြည့်သည်။ သူက တည်ငြိမ်စွာ စကားပြောပြီးနောက် ညာလက်ကိုမြှောက်၍ ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းပြီး အရှေ့သို့ လက်နှစ်ချောင်း ညွှန်လိုက်သည်။ ထိုစဉ် သူ၏ ဘယ်လက်က ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းပြီး လက်နှစ်ချောင်းကို အောက်ဘက်သို့ ညွှန်လိုက်သည်။ ထိုမှတဆင့် ရွှီချင်းထံသို့ ညွှန်လိုက်သည်။

“ သွားကြ ”

ချူထျန်းချွင်၏ ဘေးမှ ကဒ်ဘေးအလောင်းကိုးလောင်းသည် ပြိုင်တူခေါင်းလှည့်လိုက်ကြပြီး ရွှီချင်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြသည်။ သူတို့က ရွှီချင်းထံသို့ တန်းမတ်စွာ ပြေးသွားကြလေရာ အနောက်တွင် ကြွင်းကျန်ပုံရိပ်များ ထင်ကျန်နေခဲ့ကြသည်။

All Chapters