ကြက်သွေးရောင်ဗိုလ်ချူပ်၏အစီအစဉ်......
Vol. 42 Ch. 585
ကျောင်းသားများသည် သွေးအမြီးနတ်ဆိုး အသက်ရှင်နေသေးသည်ကို မြင်သောအခါ ညည်းတွားလိုက်ကြသော်လည်း ကြက်သွေးရောင်ဗိုလ်ချုပ်ကတော့ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူက ကျန်းချင်းအာ ဘက်သို့ ဒေါသတကြီး လှည့်ကြည့်သော်လည်း သွေးအမြီးနတ်ဆိုး၏အသက်ဓာတ် လျင်မြန်စွာ ပျောက်ကွယ်သွားကြောင်း ခံစားရသဖြင့် ဒေါသကို ထိန်းကာ အနက်ရောင်ယဇ်ပလ္လင်ထိပ်သို့ နေရာရွေ့လိုက်ရသည်။
ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ စွမ်းအင်တန်းအချို့ ယဇ်ပလ္လင်တစ်ဝိုက်မှာ မြင့်တက်လာပြီး အမှောင်စွမ်းအားတွေ တလက်လက်တောက်ပလာသည်။
သွေးအမြီးနတ်ဆိုးကို ယဇ်ပလ္လင်ထိပ်သို့ ဆွဲငင်လိုက်ရာ သံကြိုးပေါ်မှ မှော်အက္ခရာများတောက်ပလာပြီး ဝါဂွမ်းစပေါ် မီးပွားကျသွားသလို သွေးအမြီးနတ်ဆိုးကို တိုက်စားနေသည်။
အွီးးးးးးး
သွေးအမြီးနတ်ဆိုး နာနာကျင်ကျင် အော်ဟစ်နေသည်။
ကြက်သွေးရောင်ဗိုလ်ချုပ်ကြီး၏ မျက်လုံးများ တောက်ပနေ၏။
"ငါ မင်းကို ဒီလိုဖြစ်အောင်အဆင့်မြှင့်ပေးခဲ့တာ..... အိုး ငါဒီအချိန်ကို စောင့်နေတာကြာပြီ!"
ရွံနီပြည်နယ်ကို ပထမဆုံးရောက်ခဲ့စဉ်က သွေးအမြီးနတ်ဆိုး အခုထိလောက်ထိ မသန်မာသေးပေ။ သို့သော် ကြက်သွေးရောင် ဗိုလ်ချုပ်၏ အကူအညီဖြင့် ၎င်းသည် ကျောက်သားမြို့တော်ရှိ သန်းပေါင်းများစွာသော လူသားများကို စားသုံးနိုင်ခဲ့ပြီး ယခုလို အားကောင်းလာခဲ့သည်။
ကြက်သွေးရောင်ဗိုလ်ချုပ် အခုလိုကူညီခဲ့ခြင်းကလည်း စိတ်ကောင်းစေတနာရှိသောကြောင့်မဟုတ်ပေ။ အချိန်လျှင်သတ်စားမည့်ဝက်ကို ဆူဖြိုးအောင်အစားကျွေးထားသည့်သဘောမျိုးပင်.....
အခုတော့ ဝက်ပေါင်ခြောက်လုပ်ဖို့အချိန်တန်ခဲ့ပြီ.......
ဖျော့တော့သော မီးတောက်များ ခိုင်ခံ့မြဲမြံလာသည်နှင့်အမျှ ကြက်သွေးရောင်ဗိုလ်ချုပ်သည် မီးတောက်များထဲသို့ အတားအဆီးမရှိခုန်ဝင်သွားခဲ့သည်။ သူသည် မိမိချစ်ရသူနှင့်အတူ သေပွဲဝင်ရန်အသင့်ဖြစ်နေသကဲ့သို့ သွေးအမြီးနတ်ဆိုးဆီသို့ လောဘကြီးသောလက်ကို ဆန့်ထုတ်လိုက်သည်။
ဒါကို ကျောင်းသားတော်တော်များများ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေကြသည်။
"သူရူးနေတာလား?"
ချင်ယွဲ့က တုန်လှုပ်သောအသံဖြင့် မေးလိုက်သည်။
ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ကောင်နဲ့ ပွေ့ဖက်ဖို့ ကြိုးစားနေတာလား.....
"သူ တစ်ခုခု ကြံစည်နေတယပဲ ဖြစ်မယ်..."
မင်းသမီးက အော်လိုက်သည်။
"အကုန်လုံး သူ့ကို တားကြ!"
လန်လန် ထိုသို့သတိပေးလိုက်တော့ ကျန်းချင်းအာက ပထမဆုံး စတင်လှုပ်ရှားခဲ့သည်။ တိုက်ပွဲ၏ ဤအဆင့်အထိ သူမ၏ စွမ်းအားကိုကောင်းစွာ ထိန်းသိမ်းထားနိုင်သည်။သူမက လေးလံသောဓားကို လက်ထဲတွင်ကိုင်ထားပြီး မီးတောက်နေသော ယဇ်ပလ္လင်ဆီသို့ မကြောက်မရွံ့ ခုန်ချလိုက်သည်။
ကြက်သွေးရောင်ဗိုလ်ချုပ်သည် သူမ၏တိုက်ခိုက်မှုအတွက် ကောင်းစွာပြင်ဆင်ထားပြီး သူမအား လုံးဝရပ်တန့်သွားစေသည့် စွမ်းအင်အတားအဆီးတစ်ခုကို ပစ်ထုတ်လိုက်သည်။
အခြားအသင်းခေါင်းဆောင်များက ထိုအရံအတားကို ဖြိုဖျက်ရန် ကြိုးပမ်းသော်လည်း အလုပ်မဖြစ်ပေ။
နောက်ဆုံးတွင် သူတို့အားလုံး လက်လျှော့လိုက်ပြီး ယဇ်ပလ္လင်ကိုသာ မျှော်လင့်ချက်မဲ့စွာ ကြည့်နေကြရသည်။
"သူ ဘာလုပ်နေတာလဲ?"
လုမင်က စူးစူးရဲရဲနဲ့ ကြည့်ရင်း မေးလိုက်သော်လည်း ဒီတစ်ကြိမ်မှာတော့ လီလော့က သူတို့ကို ကြည့်ပြီး ပခုံးတွန့်လိုက်ပြလိုက်သည်။
ကြက်သွေးရောင် ဗိုလ်ချုပ်က သွေးအမြီးနတ်ဆိုးကို ကယ်တင်မည့်ပုံမပေါ်ဘဲ အခြားနည်းဖြင့် သတ်ပစ်နေတာလား.....
စွန်းတရှန်က.....“ဒါလည်း တမျိုးကောင်းတာပဲ....သူသာသွေးအမြီးနတ်ဆိုးကိုသတ်လိုက်ရင် ငါတို့အတွက်ပိုအဆင်ပြေသွားတာပေါ့....."
"မဟုတ်တာတော့ သေချာတယ်..."
လီလော့ အနက်ရောင် ယဇ်ပလ္လင်ကို သေချာစွာ ကြည့်နေသည်။
"ငါတို့တွေ တခုခုလွဲနေပြီထင်တယ်.... အဲဒါ ငါတို့အတွက် သတင်းကောင်းဖြစ်နိုင်မှာမဟုတ်ဘူး။"
သူတို့သည် စွမ်းအင်အတော်အတန် သုံးစွဲထားသောကြောင့်မည်သို့မည်ပုံဖြစ်လာမည်ကို သိမြင်ရန် စိတ်အားထက်သန်စွာ စောင့်ကြည့်ရန်သာ ရွေးချယ်ခဲ့ပြီး အချိန်ကိုက်လှုပ်ရှားနိုင်ရန် စွမ်းအားများကိုတိတ်တဆိတ်စုဆောင်းနေကြသည်။
လီလော့ ကြည့်နေရင်းကနေ သွေးအမြီးနတ်ဆိုးကို မီးသွေးတုံးသဖွယ် မီးလောင်ကျွမ်းသွားသည်ကို တွေ့လိုက်ရသည်။
ကြက်သွေးရောင်ဗိုလ်ချုပ်က ဤဖြစ်စဉ်ကိုကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေပုံရသည်။ရုတ်တရက် ကြက်သွေးရောင် ချပ်ဝတ်ကို ချွတ်ကာ အရေပြားပေါ်တွင် သွေးအမြီးနတ်ဆိုးကို လောင်ကျွမ်းရာမှကျွင်းကျန်ခဲ့သော အနက်ရောင်အကျိအချွဲများကို သုတ်လိမ်းနေသည်။
သူ့အရေပြားနှင့် ထိလိုက်သည်နှင့် အနက်ရောင် အကျိအချွဲများသည် ပိုးကောင်များကဲ့သို့ တွန့်လိမ်ကာ အသက်ဝင်လာပြီး ကြက်သွေးရောင်ဗိုလ်ချုပ်၏ အရေပြားထဲသို့ စိမ့်ဝင်သွားသည်။
မကြာမီ သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်သံယို အပေါက်များ အစုလိုက် အပြုံလိုက် ပေါ်လာပြီး သူ့မျက်နှာက နာကျင်မှုနှင့် ကြည်နူးမှုတို့ကိုတပြိုင်နက်ခံစားနေရသောကြောင့် တွန့်ချိုးနေ၏။
"လာ၊ လာ၊ ငါ့ခန္ဓာကိုယ်ထဲကို လာပြီးတော့ ငါတို့ တစ်သားတည်းပေါင်းစည်းကြရအောင်....!"
အနက်ရောင် အကျိအချွဲများ သူ့ခန္ဓာကိုယ်ထဲသို့ ဆက်လက်တိုးဝင်လာသည်။
ထိုမြင်ကွင်းကိုကျောင်းသားများက ထိတ်လန့်တကြားကြည့်နေကြသည်။
အမှောင်စွမ်းအင်ကို ဘယ်လိုအရူးကများ ဝမ်းပန်တသာကြိုဆိုနိုင်မှာလဲ....
ကမ္ဘာခြားသက်ရှိများ၏ စွမ်းအားရင်းမြစ်သည် မကောင်းမှုမှ မွေးဖွားလာသောအရာဖြစ်သောကြောင့် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့်၊ ၎င်းသည် ပလိပ်ရောဂါကဲ့သို့ အတွင်းရှိ အရာအားလုံးကို ပျက်စီးစေသည်။အမှောင်စွမ်းအင်ရဲ့ အမှုန်အမွှားတွေကိုတောင် ဖယ်ရှားဖို့ တစ်သက်လုံး ပချိန်ကုန်ဆုံးခဲ့ရသူတွေတောင်ရှိခဲ့ဖူးသည်။
ဒီကောင် အသက်မရှင်ချင်တော့ဘူးလား...
မင်းသမီးနှင့်လန်လန်တို့လို ထိပ်တန်းကျောင်းသားများပင်လျှင် လုံးဝကို ထိတ်လန့်အံ့သြနေကြသည်။
အားလုံး တုန်လှုပ်ချောက်ချားနေချိန်တွင် ကြက်သွေးရောင်ဗိုလ်ချုပ် စတင်ပြောင်းလဲလာသည်။အနက်ရောင်အကျိအချွဲများ သူ့ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားပြီး မျက်လုံးများ နီရဲလာသည်။
သူ့ရင်ဘတ်အလယ်မှာ လူသားမျက်နှာတစ်ခု ပေါ်လာပြီး ထိုမျက်နှာက သွေးအမြီးနတ်ဆိုးနှင့် ချွတ်စွပ်တူနေသည်။
အရိုးများက ပျိုးပင်ကဲ့သို့ အသားများထဲမှ ပေါက်ထွက်ကာ အဖြူမှ တောက်ပြောင်သော အနက်ရောင်သို့ ပြောင်းလဲသွားသည်။
ကြက်သွေးရောင်ဗိုလ်ချုပ်သည် သူ၏ လူသားဆန်မှုကို တဖြည်းဖြည်း ဆုံးရှုံးသွားခဲ့သည်။
သို့သော် အပြန်အလှန်အားဖြင့် အရှိန်အဟုန်ဖြင့် ခွန်အားကြီးမားလာသည်။
"ဒီကောင်က သွေးအမြီးနတ်ဆိုးရဲ့ စွမ်းအားကို စုပ်ယူဖို့ ကြိုးစားနေတာလား....."
လုမင် အံ့သြသွားသည်။
ကျင်းထန်ရှုက မျက်မှောင်ကြုတ်လိုက်ပြီး....
"ဒါမျိုး တစ်ခါမှ မကြားဖူးဘူး...ဒီကောင်က လူသားလား ကမ္ဘာခြားသက်ရှိလား......"
"သူ ရူးနေတာပဲဖြစ်ရမယ်...."
လီလော့ ချွေးပျံနေပြီ.... သူတို့ တကယ်ဒုက္ခရောက်နေဆိုတာကိုအာရုံခံစားလို့ရနေသည်။
ဝုန်းးးးးးးးးး
အနက်ရောင် စွမ်းအားများသည် ကြက်သွေးရောင်ဗိုလ်ချုပ်၏ အနီးတစ်ဝိုက်တွင် ဆက်လက် တောက်လောင်နေပြီး သူ့ထံမှ ပွင့်ထွက်လာပြီးနောက် ပြန်လည် စုပ်ယူခံလိုက်ရသည်။
တခဏအကြာတွင် အမှောင်ထုထဲမှ ကြက်သွေးရောင် ဗိုလ်ချုပ်၏ အသံ ထွက်ပေါ်လာသည်။
"ကောင်းမှု မကောင်းမှုမှန်သမျှ ချုပ်ငြိမ်း၍ မှန်ကန်သောရုပ်သွင်ထွက်ပေါ်လာစေ....."