နတ်ဘုရားအဖြစ်ပြောင်းသွားခြင်း
Vol. 41 Ch. 614
ပေါက်ကွဲသံများသည် ပျံ့နှံ့သွားကြသည်။
ရွှီချင်းသည် ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး အနောက်သို့ တရစပ် ဆုတ်သွားသည်။ သူ့အမူအရာက သုန်မှုန်နေသည်။
သူက အနောက်သာဆုတ်နိုင်သည်။
တားမြစ်အဆိပ်အစွမ်းက ပျက်ပြယ်သွားသည်ကို ပထမဆုံးအကြိမ်အဖြစ် သူမြင်ဖူးခြင်းဖြစ်သည်။ အတိအကျဆိုရလျှင် အဆိပ်အာနိသင်က နှောင့်နှေးသွားခြင်း ဖြစ်သည်။ အဆုံးမဲ့ပြန်လည်ရှင်သန်ခြင်း နတ်ဘုရားအစွမ်းကြောင့် ထိုနှောင့်နှေးမှုက အချိန်ကာလတစ်ခုအထိ ကြာမြင့်သွားလိမ့်မည်။
သို့သော်လည်း သူ့အဆိပ်က ချူထျန်းချွင်၏ ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေသေးကြောင်း ရွှီချင်း အာရုံခံနိုင်သည်။
အကယ်၍ တဖက်လူက အချိန်နှင့်လေဟာနယ်ကို နောက်ပြန်ဆုတ်ပြီး ပြန်လည်ရှင်သန်မည်ဆိုလျှင်ပင် အဆိပ်က သူ့ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးထဲမှာ ဆက်လက်တည်ရှိနေလိမ့်မည်။ ယင်းက သူ့တားမြစ်အဆိပ်၏ ကြောက်မက်ဖွယ်ရာ ဂုဏ်သတ္တိတစ်မျိုးဖြစ်သည်။
သူ့အဆိပ်က ကြောက်စရာကောင်းသော်လည်း နှောင့်နှေးခံနေရသဖြင့် အကယ်၍ ဤအတိုင်းဆက်သွားနေမည်ဆိုလျှင် တဖက်လူ အဆိပ်မထကြွမီ သူက သေဆုံးသွားလိမ့်မည်ဖြစ်ကြောင်း ရွှီချင်း သိသည်။
ဤအလောင်းကောင်ကိုးကောင်သည် မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။ ရွှီချင်း၏ တိုက်ခိုက်မှုများက သူတို့အပေါ် သက်ရောက်မှုမရှိပေ။ သူတို့ခန္ဓာကိုယ်ပေါ်မှ ဝိညာဉ်များက တိုက်ခိုက်မှုအားလုံးကို အလောင်းကောင်များကိုယ်စား ခံယူပေးနေကြဟန် တူသည်။
ယင်းက အဆိပ်တာအိုကို နှောင့်နှေးစေသည့် ချူထျန်းချွင်၏ နည်းလမ်းတစ်ခုလည်း ဖြစ်သည်။
သူက ခန္ဓာကိုယ်ထဲမှ အဆိပ်ကို အလောင်းကောင်ကိုးကောင်နှင့် မရေမတွက်နိုင်သော ဝိညာဉ်များဆီသို့ လွှဲပြောင်းပေးခဲ့သည်။
မရေမတွက်နိုင်သော ဝိညာဉ်များသည် ဝမ်းနည်းဖွယ်ကောင်းစွာ အော်ဟစ်မြည်ကြွေးနေကြသော်လည်း သူတို့ကိုယ်၌က ထိုသို့လုပ်ဆောင်ရန် ဆန္ဒရှိနေကြကြောင်း ရွှီချင်း ခံစားမိသည်။
ချူထျန်းချွင်က သူတို့၏ ကိုးကွယ်ရာ သို့မဟုတ် ဘုရားသခင်အလားပင်။
အမှန်တော့ ယင်းက နတ်စွမ်းရည်တစ်မျိုးဖြစ်သည်။
အလောင်းကောင်ကိုးကောင်သည် မသေမျိုးစွမ်းရည်ကို ပိုင်ဆိုင်ထားကြသည့်အပြင် သူတို့အားလုံးက အစောပိုင်း ဝိညာဉ်နတ်သူငယ်အဆင့်မှာ ရှိကြသည်။ ရွှီချင်းသည် အစောပိုင်း ဝိညာဉ်နတ်သူငယ်အဆင့်တစ်ယောက်နှင့် တိုက်ခိုက်နိုင်သည်။ သို့သော်လည်း ကိုးယောက်လုံး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံရသည့်အခါ သူ့အတွက် အန္တရာယ်ရှိပေသည်။
အခြေအနေက တဖြည်းဖြည်း အန္တရာယ်ပိုများလာသည်ကိုမြင်သောအခါ အေးစက်စက်အလင်းတစ်ခုက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူ့မှာ အသုံးမပြုရသေးသည့် ဝှက်ဖဲကတ်နှစ်ကတ် ကျန်ရှိနေသေးသည်။ သို့သော်လည်း ထိုဝှက်ဖဲကတ်နှစ်ကတ်သည် ပထမဆုံးအကြိမ် အသုံးပြုသည့်အခါမှာသာ အစွမ်းထက်ဆုံး ဖြစ်သည်။ အထူးသဖြင့် တစ္ဆေအင်ပါယာတောင်ကုန်းပင်။ ယင်းကို ရုပ်ထင်ပြရန် သူ့မှာ အခွင့်အရေးတစ်ခုသာ ရှိသည်။
“ အဓိကသော့ချက်က ဝိညာဉ်တွေပဲ… အဲ့ဒီဝိညာဉ်တွေကို ဖိနှိပ်ဖို့က မဖြစ်နိုင်ဘူး… ဒါဆို အဲ့ဒီဝိညာဉ်တွေကို ဖျက်ဆီးရင်ဖျက်ဆီး မဟုတ်ရင်… အဲ့ဒါတွေကို သိမ်းသွင်းရမယ် ”
ထိုသို့တွေးမိပြီးနောက် ရွှီချင်း၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှု ထွက်ပေါ်လာသည်။ သူက ညာလက်ကို ရုတ်ချည်း မြှောက်တင်လိုက်ပြီး အောက်လမ်းတာအိုလုယက်အတတ်ကို ချက်ချင်း လှည့်ပတ်လိုက်သည်။ သူ၏ ညာလက်က ကန်ရေပြင်ပမာ ကြည်လင်ရှင်းလင်းလာသည့်အခါ သူက လက်ကို ကိုယ့်ရင်ဘက်ထဲသို့ ထိုးစိုက်လိုက်သည်။
အေးတိအေးစက်လက်က သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး အသိစိတ်ပင်လယ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားကာ စတုတ္ထနတ်နန်းတော်ထဲသို့ ရောက်ရှိသွားသည်။ ထို့နောက် နတ်နန်းတော်အထဲမှ ခရမ်းလကို ဖမ်းဆုပ်လိုက်သည်။
သူက နတ်နန်းတော်ဖြင့် ခရမ်းလစွမ်းအားကို အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။ ယင်းက မြင်းပေါက်စက ရထားလုံးကြီးကို ဆွဲနေသည့်အလားပင်။ ဤပစ္စည်းက ရွှီချင်းကဲ့သို့ တူညီသောဇစ်မြစ်မှဖြစ်သော်လည်း သူ၏ စွမ်းအားအကန့်အသတ်ကြောင့် ယင်း၏ စွမ်းအားအပြည့်ကို ယခုအထိ သူအသုံးမပြုနိုင်သေးပေ။
ယင်း၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ယင်းကို အပြင်သို့ထုတ်ပြီး တိုက်ရိုက်အသုံးပြုရန် ဖြစ်သည်။
ရွှီချင်းက ခရမ်းလကို ဆုပ်ကိုင်လိုက်သည့်အခိုက် သူ့နဖူးပေါ်မှ သွေးကြောများသည် ဖောင်းကြွလာကြပြီး ပြင်းထန်သော နာကျင်မှုက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ သို့သော်လည်း သူက တစ်ချက်လေးပင် မျက်မှောင်မကြုတ်သွားပေ။ သူ့အကြည့်က ယခင်အတိုင်း တည်ငြိမ်နေပြီး သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေဆဲပင်။
ချက်ချင်းပင် သူ၏ စတုတ္ထနတ်နန်းတော်က တုန်ယင်သွားသည်။ ရွှီချင်းသည် ညာလက်ဖြင့် ခရမ်းလကို ထုတ်ယူလိုက်ပြီး လေထဲသို့ မြင့်မြင့်မြှောက်လိုက်သည်။
လျှပ်တစ်ပြက်အတွင်း အဆုံးမရှိသော ခရမ်းရောင်အလင်းက သူ၏ လက်ချောင်းကြားထဲမှ ထွက်ပေါ်လာပြီး ကျယ်ပြောသော ခရမ်းရောင်အလင်းပင်လယ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ခရမ်းရောင်အလင်းက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။
နတ်အဆင့်တွင် ခရမ်းရောင်အလင်းသည် နတ်ဘုရားအစွမ်းဖြစ်ပြီး ခရမ်းလ၏ မူလဇစ်မြစ်သည် နတ်ဘုရားတစ်ပါးထံမှဖြစ်သည်။
ခရမ်းရောင်အလင်း ပေါ်ထွက်လာသည့်အခါ ချူထျန်းချွင်၏ မူလခန္ဓာကိုယ်သည် သိသာထင်ရှားစွာ အမူအရာပျက်ယွင်းသွားသည်။ သူ့အသိစိတ်က မုန်တိုင်းထန်သွားပြီး ပါးစပ်မှ လွှတ်ခနဲ အော်လိုက်မိသည်။
“ နတ်ဘုရားအခွင့်အာဏာ ”
“ မဖြစ်နိုင်တာ ”
သူ၏ စကားဆုံးသည်နှင့် ပါးစပ်အပြည့် ရွှေရောင်သွေးကို ဝေါခနဲ အန်ထုတ်လိုက်ရသည်။ သွေးမျက်ရည်က သူ၏ မျက်လုံးထဲမှ စီးကျလာသည်။ သူက မျက်ကန်းဘဝသို့ ရောက်တော့မည့်ဟန် ရ၏။ သူ့ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာသည်။ သူက မျက်လုံးကိုဖုံးပြီး မဖြစ်မနေ ဒူးထောက်အရိုအသေပေးလိုက်ရသည်။
တစ်ချိန်တည်းမှာ သူ့ခန္ဓာကိုယ်က တွန့်လိမ်ဖောင်းပွလာသည်။ သူ၏ အသွေးအသားများက သူ့တို့ဘာသာ အသိစိတ်ရှိလာကြဟန်ရပြီး သူ့ခန္ဓာကိုယ်ဆီမှ ခွဲထွက်ရန် ကြိုးစားနေကြသည်။ သို့သော်လည်း သူက နတ်ဘုရားနောက်လိုက်တစ်ဦးမဟုတ်ပါလော။ သူ၏ နတ်ဘုရားအစွမ်းဖြင့် ထိုပုန်ကန်မှုကို အပြင်းအထန် ဖိနှိပ်လိုက်ပြီး ခန္ဓာကိုယ်ကို ပြန်လည်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
ချူထျန်းချွင်၏ မူလခန္ဓာကိုယ်ကပင် ထိုမျှအခြေအနေဆိုးဝါးနေလျှင် သူ၏ ကဒ်ဘေးအလောင်းကောင်များကတော့ ဆိုဖွယ်ရာမရှိပေ။
ထိုအလောင်းကောင်များသည် မျက်လုံးကန်းသွားကြပြီး တစ်ကောင်ပြီးတစ်ကောင် မြေပေါ်သို့ ဒူးထောက်လိုက်ကြကာ အော်ဟစ်ငိုကြွေးလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များထဲမှ ထူးခြားရုပ်ဝတ္ထုများသည် အလွန်အမင်း သိပ်သည်းလာကြပြီး သန္ဓေပြောင်းတော့ရန် သိပ်မလိုတော့ပေ။
သူတို့၏ ခန္ဓာကိုယ်ပေါ်မှ လူသားဝိညာဉ်များမှာမူ ခရမ်းရောင်အလင်းကို မြင်တွေ့ပြီးနောက် ဆက်လက် မငိုကြွေးကြတော့ချေ။ သူတို့၏ ယုံကြည်ကိုးကွယ်ရာက ပြောင်းလဲသွားဟန်ရ၏။ သူတို့၏ အမူအရာပေါ်မှာ ဖော်မပြနိုင်သော ကြည်ညိုလေးမြတ်ခြင်း ဖြစ်ပေါ်နေကြသည်။
ထို့နောက် ဝိညာဉ်တစ်ခုပြီးတစ်ခုသည် အလောင်းကောင်များ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားကြပြီး ရွှီချင်း၏ ညာလက်ထဲမှ ခရမ်းလဆီသို့ တိုးဝင်သွားကြသည်။
ဝိညာဉ်များ၏ ထောက်ပံ့မှုမရှိတော့သည့်အခါ အလောင်းကောင်ကိုးကောင်၏ ခန္ဓာကိုယ်များသည် ယိုယွင်းပျက်စီးတော့မည့် လက္ခဏာများ ပြလာကြသည်။
ချူထျန်းချွင်သည်လည်း တားမြစ်အဆိပ်စွမ်းအားကို ဆက်လက် မနှောင့်နှေးနိုင်တော့ချေ။ သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်က ထကြွလာပြီး ခန္ဓာကိုယ်က အလျှင်အမြန် ပုပ်သိုးဆွေးမြေ့လာသည်။
သတ်ဖြတ်ခြင်းဆန္ဒက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက လက်စတုံးရန် ကြံရွယ်လိုက်စဉ် ကောင်းကင်ယံမှာ လှိုင်းများ ထွက်ပေါ်လာကြပြီး သူ့နှလုံးသားထဲမှ ကြီးမားသော အန္တရာယ်ကို အာရုံခံမိလိုက်သည်။ ဤတစ်ကြိမ် အန္တရာယ်ခံစားမှုသည် အတိတ်က သူအာရုံခံမိသော အန္တရာယ်များထက် များစွာသာလွန်သည်။ သူ၏ ဝိညာဉ်က တုန်လှုပ်သွားပြီး သူက ကဒ်ဘေးကြီးတစ်ခုနှင့် ကြုံတွေ့တော့မည့်အလား ခံစားရလာသည်။
ရွှီချင်း၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။
ကောင်းကင်ပေါ်မှ ကောင်းကင်ဘုံတာအို မိုဆာဆောသည်လည်း ဆွဲဆွဲငင်ငင် အော်ငိုကြွေးလိုက်သည်။
ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခုက ခရမ်းလအရှိန်အဝါကို အာရုံခံမိသွားသည့်အလားပင်။ ၎င်းက နိုးထလာပြီး ရှာဖွေနေဟန်ရသည်။
ထိုအခိုက်အတန့်မှာ ကောင်းကင်၏ အရောင်သည် အနီရောင်ဖျော့ဖျော့သို့ ပြောင်းလဲသွားသည်။
အနီရောင်လပုံရိပ်နှင့် ကြောက်မက်ဖွယ် နတ်ဘုရားရုပ်တုက ရွှီချင်း၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထို့အတူ လီယုံကျောက်တိုင်မှ အသက်ရှူသံကို သူကြားရလာသည်။
ယင်းက ရွှီချင်း အစိုးရိမ်ရဆုံးအရာ ဖြစ်သည်။ ဤခရမ်းလကို မည်သို့သူရခဲ့ကြောင်း သိသည်။
ဤအခိုက်အတန့်မှာ သူက မတုံ့ဆိုင်းနေပေ။ ကောင်းကင်ဘုံတာအို မိုဆာဆော၏ စိုးရိမ်သံကိုကြားသည်နှင့် သူက ခရမ်းလကို ခန္ဓာကိုယ်ထဲမှ နတ်နန်းတော်ထဲသို့ ချက်ချင်း ပြန်ထည့်သွင်းလိုက်သည်။ သူက တားမြစ်အဆိပ်စွမ်းအားကိုလည်း ပြန်ရုတ်သိမ်းလိုက်ပြီး ခရမ်းလထဲမှ နတ်ဘုရားအစွမ်းကို ဖုံးကွယ်ရန် အစွမ်းကုန်ကြိုးစားသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် သူက ချူထျန်းချွင်ဆီသို့ အံ့မခန်းအမြန်နှုန်းဖြင့် ပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူက ချူထျန်းချွင်အနားသို့ ရောက်သွားသည်။ တစ်ချိန်တည်းမှာ ဓားမြှောင်တစ်လက်က သူ၏ ညာလက်ထဲမှာ ထွက်ပေါ်လာသည်။ သူက ဓားမြှောင်ဖြင့် ချူထျန်းချွင်၏ လည်ပင်းကို လှီးဖြတ်လိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ချူထျန်းချွင်၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းတစ်ခု ပေါ်လျှိုးလာပြီး ရွှီချင်း၏ ဓားမြှောင်ကို တားဆီးလိုက်သည်။ ထို့အပြင် ယင်းက တန်ပြန်တိုက်ခိုက်လိုက်သေး၏။ ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး အနောက်သို့ ဆုတ်သွားသည်။ သွေးက သူ့ခန္ဓာကိုယ်ထဲမှ စီးကျလာသည်။
သူအနောက်ဆုတ်သွားသည်နှင့်ချက်ချင်း ပုပ်သိုးဆွေးမြေ့နေသည့် ချူထျန်းချွင်က ရုတ်ချည်း မျက်လုံးဖွင့်လိုက်သည်။ သူက ရွှီချင်းကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းမော့ကာ နဖူးကို သူ့ဘာသာရိုက်ချလိုက်သည်။
သူ့ဦးခေါင်းက ပြိုလဲပျက်စီးသွားပြီး သူက ချက်ချင်း သေဆုံးသွားသည်။
ရွှီချင်း၏ အမူအရာသည် အရုပ်ဆိုးသွားသည်။ သူက အနောက်ဆုတ်လိုက်ပြီး ကောင်းကင်ဆီသို့ အလျှင်အမြန် မော့ကြည့်လိုက်သည်။
ယခု ကောင်းကင်ထဲမှ အနီရောင်ဖျော့ဖျော့အလင်းသည် လွင့်ပြယ်သွားပြီ ဖြစ်သည်။ ကောင်းကင်ဘုံတာအို မိုဆာဆောထံမှလည်း စိုးရိမ်ပူပန်သံကို သူမကြားရတော့ချေ။ သို့မှသာ ရွှီချင်းသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်နိုင်သည်။ သူ၏ တားမြစ်အဆိပ်စွမ်းအားက ခရမ်းလ၏ အရှိန်အဝါကို အောင်မြင်စွာ ဖုန်းကွယ်နိုင်ခဲ့ကြောင်း သိလိုက်သည်။
သူက ကောင်းကင်ဆီသို့ ချက်ချင်း ပျံသန်းသွားပြီး ဤနေရာမှ လေဟာနယ်အချုပ်အနှောင်ကို ဆုတ်ဖြဲဖွင့်လှစ်ရန် ကြိုးစားသည်။
ဤနေရာမှ လေဟာနယ်အချုပ်အနှောင်သည် အစွမ်းထက်သော်လည်း ကောင်းကင်ဘုံတာအို မိုဆာဆောက ပို၍အစွမ်းထက်ပေသည်။ အချုပ်အနှောင်အများစုသည် အားနည်းသွားကြပြီ ဖြစ်၏။
သို့သော်လည်း ရွှီချင်းသည် မကျေနပ်သေးပေ။ ကောင်းကင်ဘုံတာအို မိုဆာဆောက အများကြီး ပိုအစွမ်းထက်သင့်သည်ဟု သူခံစားမိသည်။ မည်သို့ကြောင့် ချိပ်တံဆိပ်တစ်ခုကို ချိုးဖြတ်ရန် ထိုမျှအချိန်ကြာနေရသနည်း။
ဤချိပ်တံဆိပ်ကို ချူထျန်းချွင်က သူ၏ စွမ်းအားအကုန်ဖြင့် ပြင်ဆင်ထားခဲ့ခြင်းဖြစ်ပြီး ယင်းအထဲကို နတ်အစွမ်းတချို့ပင် ထည့်သွင်းထားခဲ့သည် မဟုတ်ပါလော။
သို့ဆိုလျှင်တောင် ယင်းက အလွန်နှေးကွေးနေသေးသည်။
မိုဆာဆောသည် စိတ်ထိခိုက်သွားသည်။
ရွှီချင်းသည် သူ၏ ခွန်အားအပြည့်ကို အသုံးပြုလိုက်ပြီး ချိပ်တံဆိပ်ထဲမှာ အဟရာတစ်ခု ဖြစ်ပေါ်စေသည်။ သူတည်နေရာရွှေ့ပြောင်းတော့မည့်အချိန် သူ၏ အကြည့်က အဟရာမှဖြတ်ကျော်သွားပြီး ပြင်ပလောကဆီသို့ ကျရောက်သွားသည်။ ထိုအခါ သူ့နှလုံးက လေးလံလာပြီး သူ့လှုပ်ရှားမှုများက ရပ်တန့်သွားသည်။
ပြင်ပလောကက… လွင်တီးခေါင်မြေရဲ့ တစ်စိတ်တစ်ဒေသမဟုတ်တော့ဘူး… ။
ချိပ်တံဆိပ်အပြင်ဘက်သည် မြူခိုး၊ မီးခိုးဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခုဖြစ်သည်။
မိုဆာဆောသည် အော်မြည်လိုက်ပြီး ဤနေရာသည် မူလနေရာမှာ ရှိမနေကြောင်း ရွှီချင်းကို ရှင်းပြသည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။
“ မင်းက ချိပ်တံဆိပ်ကို တကယ်ဖွင့်နိုင်ခဲ့တယ်… ကံမကောင်းစွာပဲ အဲ့အတွက် ငါက ကြိုပြင်ဆင်ထားပြီးပြီ… ဒီနေရာက ဝမ်ကူးကုန်းမြေမှာ ဆက်ရှိနေတုန်းပဲလို့ မင်းထင်နေလား ”
“ ဒီနေရာက မီးခိုးမျိုးနွယ် အပြည့်အဝသန့်စင်ပြီး ထိန်းချုပ်ထားတဲ့ မီးခိုးကမ္ဘာပဲ… အဲ့ဒါက ကမ္ဘာငယ်တစ်ခုမဟုတ်ဘူး… ဝမ်ကူးကုန်းမြေထက် နည်းနည်းနိမ့်ကျတဲ့ ရှေးကမ္ဘာတစ်ခုရဲ့ အကြွင်းအကျန်အပိုင်းအစတစ်ခုပဲ ”
“ အဲ့ဒါက တားမြစ်ဓမ္မရတနာတွေကို ကျော်လွန်တဲ့ အထွတ်အမြတ်ရတနာတစ်ခုပဲ ”
“ အဲ့ဒါကို တစ်ကြိမ်ဖွင့်လှစ်ဖို့အတွက် နတ်သွေးစက်တစ်ရာနဲ့ ငါလဲလှယ်ခဲ့ရတယ်… ငါသေရင်သေ မဟုတ်ရင် မင်းသေရမယ်… ဒီနေ့ ငါတို့ထဲက တစ်ယောက်ပဲ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ် ”
မြေပြင်ပေါ်တွင် အချိန်နောက်ပြန်ဆုတ်မှုကြောင့် ချူထျန်းချွင်၏ ပုံရိပ်သည် ပြန်ပေါ်လာပြီး အားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။ သို့သော်လည်း သူ့မျက်နှာပေါ်မှ တချို့နေရာတွင် ပုပ်သိုးဆွေးမြေ့သော လက္ခဏာတချို့ ကျန်ရှိနေသည်။
တချို့အစိတ်အပိုင်းများက ခရမ်းရောင်အလင်း ထုတ်လွှတ်နေကြသည်။
ယင်းက ရွှီချင်း၏ နတ်ဘုရားအစွမ်းကြောင့် ဖြစ်သည်။ သူက ပြန်လည်ရှင်သန်လာလျှင်ပင် ယင်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ယခု ချူထျန်းချွင်၏ ပုံစံသည် အလွန်ကြည့်ရဆိုးနေ၏။
ရွှီချင်းသည် လေထဲမှာ မတ်တတ်ရပ်နေလျက် ချူထျန်းချွင်ကို ငုံ့ကြည့်သည်။
“ ဒါဆို ငါမင်းကို သတ်မယ် ”
ရွှီချင်းသည် ချူထျန်းချွင်ဆီသို့ ပျံသန်းသွားသည်။
“ ငါ့ကိုသတ်မယ်ဟုတ်လား ”
ချူထျန်းချွင်သည် ကျောချမ်းဖွယ်ကောင်းစွာ ရယ်လိုက်သည်။ သူက တင်ပျဉ်ခွေလျက်ထိုင်လိုက်ပြီး လက်သင်္ကေတများစွာကို တရစပ် ထုတ်ဖော်လိုက်သည်။ ချက်ချင်းဆိုသလို ရွှေရောင်အလင်းသည် ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာပြီး သူ့ကို လွှမ်းခြုံသွားသည်။ ထိုအခိုက်အတန့်မှာ သူ၏ မျက်လုံးထဲမှ ရွှေရောင်အလင်းထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးလည်း ရွှေရောင်ပြောင်းလဲသွားသည်။
သူ၏ ဆံပင်သည်ပင် ရွှေရောင်ပြောင်းလဲသွားသည်။
မွန်မြတ်သန့်စင်သော အငွေ့အသက်က သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူ့အမူအရာက ယခင်ကဲ့သို့ ကြောက်စရာမကောင်းတော့ဘဲ မထူးမခြားနားဟန် ပြောင်းသွားသည်။ သူ၏ ဘဝအဆင့်အတန်းက တိုးမြှင့်သွားပြီး ခံစားမှုအားလုံးက အပိုအလျှံသဖွယ် ဖြစ်လာဟန်တူသည်။
သူက မထူးမခြားနားဟန်ဖြင့် မျက်လုံးမှိတ်ထားပြီး သူ့ထံသို့ ပျံသန်းလာနေသော ရွှီချင်းကို လျစ်လျူရှုထားကာ ကျမ်းစာရွတ်ဖတ်နေသည့်အလား ပါးစပ်မှ တတွတ်တွတ်ရွတ်နေသည်။
“ အမှောင်လမ်းစဉ်နောက် လိုက်မယ်… မြေအောက်နတ်ဘုရားရဲ့ ပထမအဆင့်ကနေ မဟူရာအလင်းဝိညာဉ်ဆီကို… ”
ထိုစကားသံထွက်ပေါ်လာသည်နှင့်ချက်ချင်း ဤအချုပ်အနှောင်ကမ္ဘာသည် အပြင်းအထန် တုန်ခါလာသည်။
ယင်းက ကျမ်းစာတစ်ခုမဟုတ်ပေ။ နတ်ဘုရားတစ်ပါး၏ ရေရွတ်ခြင်း ဖြစ်ပေသည်။
ချူထျန်းချွင်ကိုယ်၌က နတ်ဘုရားနောက်လိုက်တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူက နတ်ဘုရားအစွမ်းကိုအသုံးပြု၍ သူကြားဖူးနားဝရှိသော ရေရွတ်ခြင်းများကို သဏ္ဍာန်လုပ်သရုပ်တူအောင် ပြုလုပ်ပြီး ယင်းတို့ကို ကမ္ဘာဆီသို့ ထုတ်လွှင့်လိုက်ခြင်း ဖြစ်သည်။
ဘေးပတ်ဝန်းကျင်သည် ဖရိုဖရဲဖြစ်လာပြီး ဝေဝါးလာသည်။ အဆုံးမရှိသော ထူးခြားရုပ်ဝတ္ထုများသည် ဧရိယာတစ်ခုလုံးထဲမှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က အရာအားလုံးဆီသို့ ကျူးကျော်ဝင်ရောက်နေကြပြီး သန္ဓေပြောင်းသွားကြသည်။ အမှန်တော့ သန္ဓေပြောင်းသားရဲများပင် ဘာမှမရှိသည့် ပတ်ဝန်းကျင်ထဲမှ စတင်ပေါ်ထွက်လာနေကြသည်။
ရွှီချင်း၏ စိတ်သည် အပြင်းအထန် တုန်လှုပ်လာသည်။ သူ၏ ခန္ဓာကိုယ်သည်လည်း သူမပိုင်ဆိုင်သည့် ထူခြားရုပ်ဝတ္ထုများ၏ သက်ရောက်မှုကို ခံစားနေရသည်။
“ အမှောင်၊ အလင်း၊ အနှစ်သာရာ၊ ကိုယ်ကျင့်တရားတွေ… ”
ရွှီချင်းသည် ကောင်းကင်မှ ပြုတ်ကျလာသည်။ သူ၏ မျက်လုံးသည် နီရဲနေသည်။ သူက ခေါင်းမော့လိုက်ပြီး ရေရွတ်နေသော ချူထျန်းချွင်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ တဖက်လူ၏ ပုံရိပ်က မှုန်ဝါးလာနေပြီး မရေမတွက်နိုင်သော ပုံရိပ်များက သူ့ကို အထပ်ထပ်လွှမ်းခြုံထားသကဲ့သို့ မြင်နေမိသည်။ တုနှိုင်းမဲ့နတ်ဘုရားတစ်ပါး၏ ပုံသဏ္ဍာန်က ပေါ်ထွက်လာနေပြီး သူ့မျက်စိအရှေ့မှာ အသွင်ပြောင်းလဲသွားနေဟန် မသဲမကွဲ မြင်နေမိသည်။
ဤအခိုက်အတန့်မှာ သူ့စိတ်က အလွန်ပရမ်းပတာဖြစ်နေသည်။ သူ၏ အသက်ရှူသံက မြန်ဆန်လာပြီး သူ့ခန္ဓာကိုယ်က ထိန်းချုပ်မှုအနည်းငယ် ကင်းလွတ်လာသည်။ တဖက်လူ၏ ရွတ်ဆိုသံများက ဒြပ်ထည်ရှိလာကြပြီး သူ၏ အသိစိတ်ပင်လယ်၊ စိတ်၊ ဓမ္မစွမ်းအားနှင့် အသွေးအသား အစရှိသည့်နေရာအားလုံးမှာ ရှိနေကြဟန်တူသည်။
အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရသည့် နာကျင်မှုက သူ့တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်နေသည်။
လီယုံကျောက်တိုင်အောက် တစ္ဆေဂူထဲမှာ နတ်ဘုရားမျက်လုံးကို မြင်ခဲ့သည့်သူ့အဖြစ်က ထပ်မံဖြစ်ပေါ်လာသည်။