← Chapters

နှလုံးထဲမှသေတ္တာ

Vol. 41 Ch. 615

နှလုံးထဲမှသေတ္တာ

Vol. 41 Ch. 615

သို့သော်လည်း ဤတစ်ကြိမ်က တစ္ဆေဂူမှာနှင့် ခြားနားသည်။

အတိတ်တုန်းက ရွှီချင်းသည် တစ္ဆေဂူတွင် အစစ်အမှန်နတ်ဘုရားတစ်ပါးကို မြင်ဖူးခဲ့သည်။ နတ်ဘုရားမျက်လုံးဖွင့်လိုက်သည့်အခါ တစ္ဆေဂူထဲမှ သက်ရှိအားလုံးက သက်ရောက်ခံခဲ့ရသည်။

ထိုအစွမ်းသည် မည်သို့မျှ ခုခံကာကွယ်ရန်မဖြစ်နိုင်သလို တားဆီးရန်မဖြစ်နိုင်ပေ။ အလွန်ပင် နက်နဲသည်။

အမှန်တော့ သူ၏ ခန္ဓာကိုယ်တစ်ခုတည်းက တစ်စစီပြိုကွဲသွားတော့မည်ဟု ခံစားခဲ့ရခြင်းမဟုတ်။ သူ၏ ကိုယ်ထဲမှ ဓမ္မစွမ်းအားနှင့် စိတ်ထဲမှ အတွေးများပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားကြပြီး သီးခြားသက်ရှိများအဖြစ် ပြောင်းလဲသွားကြတော့မည့်ဟု ခံစားခဲ့ရသည်။

သူနှင့်သက်ဆိုင်သော အရာမှန်သမျှက ယိုယွင်းပျက်စီးတော့မည်ဟု ခံစားခဲ့ရသည်။

အကယ်၍ ကင်းခြေများမိန်းမ၏ ထွက်ပေါ်လာမှုကြောင့်သာ မဟုတ်လျှင် ထိုအချိန်တုန်းက ကဒ်ဘေးကြီးတစ်ခုနှင့် သူရင်ဆိုင်ရနိုင်ခြေ ရှိသည်။ ပဉ္စဂံသစ်သားဦးထုပ်မှ သီချင်းသံက နတ်ဘုရားအား မချော့မြူခင်အထိ သူ့ကိုယ်သူသာ အားကိုးရမည်ဆိုလျှင် အချိန်ကြန့်ကြာမှုက သူ့ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရစေလိမ့်မည်။

သူက မသေသွားလျှင်ပင် တစ္ဆေဂူထဲမှ အသိဉာဏ်မဲ့တစ္ဆေများကဲ့သို့ သက်ရှိတစ်ကောင်အဖြစ် သန္ဓေပြောင်းသွားလိမ့်မည်။

ယခုအခြေအနေက ထိုအချိန်တုန်းကနှင့် တူညီသော်လည်း ကွာခြားမှုက ကောင်းကင်နှင့် မြေပြင်ပမာ ကြီးမားလှသည်။

ချူထျန်းချွင်က နတ်ဘုရားများ၏ ရေရွတ်ခြင်းကို တုပသရုပ်လုပ်ရန် သူ၏ နတ်ခန္ဓာကိုယ်ကို ကြားခံနယ်တစ်ခုအဖြစ် အသုံးပြုနေသော်လည်း မည်သို့ဖြစ်စေ ယင်းက အစစ်အမှန်နတ်ဘုရားတစ်ပါး ဆင်းသက်လာခြင်းမဟုတ်ပေ။ တုပသရုပ်လုပ်နေခြင်းသာ ဖြစ်၏။

နတ်ဘုရား၏ ပုံရိပ်သည်ပင် သူ့အနောက်မှာ ပေါ်ထွက်လာနေသော်လည်း ယင်းက ရွှီချင်း တစ္ဆေဂူထဲမှာ တွေ့ကြုံခဲ့ရသော အရာအားလုံးနှင့် ကွာခြားနေသည်။

ထို့အပြင် လက်ရှိရွှီချင်းသည် အတိတ်တုန်းက တစ္ဆေဂူထဲမှ ရွှီချင်းမဟုတ်တော့ပေ။

ရွှီချင်းသည် ဆတ်ခနဲ ခေါင်းမော့လိုက်လေရာ သူ၏ မျက်လုံးထဲ၌ သွေးရောင်လွှမ်းလာသည်။

သူ၏ အကြည့်က တင်ပျဉ်ခွေထိုင်လျက် ရွှေရောင်လွှမ်းခြုံခံထားရသော ချူထျန်းချွင်း၏ ကိုယ်ပေါ်မှာ ရှိနေသည်။ သူ့ခန္ဓာကိုယ်ထဲမှ မရေမတွက်နိုင်သော အသွေးအသားများက အပြင်းအထန် ရုန်းကန်လှုပ်ရှားနေကြသော်လည်း ယင်းတို့ကို သူက မစစ်ဆေးဘဲ ဆက်လက်ကြီးထွားရန် ခွင့်ပြုထားသည်။ သူ့ဘေးပတ်ပတ်လည်မှ နယ်မြေက တွန့်လိမ်နေသော်လည်း သူက အာရုံမစိုက်ဘဲ လျစ်လျူရှုထားသည်။

ယင်းက သူ့မှာ ချူထျန်းချွင်၏ နတ်ဘုရားအစွမ်းကို ရင်ဆိုင်ရန် မည်သည့်နည်းလမ်းမှမရှိဟု မဆိုလိုပေ။

ကောင်းကင်ဘုံတာအို မိုဆာဆော၊ တစ္ဆေအင်ပါယာတောင်ကုန်းနှင့် အမျိုးသမီးတစ်ဦး၏ သီချင်းသံပါသည့် အသံဖမ်းပုလင်း အစရှိသည်တို့က ဤအခြေအနေအတွက် သက်ရောက်မှုရှိကြသည်။

တားမြစ်အဆိပ်စွမ်းအားနှင့် ခရမ်းလစွမ်းအားသည်လည်း ရေရွတ်သံများကို ခုခံတားဆီးရန် သူ့အား အကူအညီပေးနိုင်ကြသည်။

သို့သော် သတ်ဖြတ်ခြင်းဆန္ဒက ရွှီချင်း၏ မျက်လုံးထဲမှာ ပေါ်ထွက်နေပြီး ဖြစ်သည်။ သူ့မှာ ယင်းကို ခုခံတားဆီးရန် ဆန္ဒမရှိပေ။ ထိုအစား ဖိနှိပ်မည် ဖြစ်သည်။

နတ်ဘုရားအစွမ်းကိုသုံးပြီး နတ်ဘုရားအစွမ်းကို ဖိနှိပ်မည်။

ရွှီချင်းသည် နတ်ဘုရားအစွမ်းကို ဖိနှိပ်ရန် ကြိုးစားကြည့်ချင်သည်။

အဘယ့်ကြောင့်ဆိုသော် ချူထျန်းချွင်၏ နတ်ဘုရားအစွမ်းအသုံးပြုပုံက သူ့အား စိတ်ကူးတချို့ ပေါ်ပေါက်စေခဲ့သောကြောင့် ဖြစ်သည်။

‘ ငါလည်း အဲ့လိုလုပ်နိုင်မလား ’

ရွှီချင်းသည် အတွင်းစိတ်ထဲမှ ရေရွတ်လိုက်သည်။

မီးခိုးမျိုးနွယ်၏ ကမ္ဘာအပိုင်းအစထဲမှာ ရှိနေခြင်းက သူ့အတွက် အန္တရာယ်ရှိဟန်ထင်ရသော်လည်း ယင်းက အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။ အနည်းဆုံးတော့ ဤနေရာက အတော်ကလေး လျှို့ဝှက်သည်။

‘ တားမြစ်အဆိပ်ရဲ့ ဖုံးကွယ်အစွမ်းနဲ့ ဒီကမ္ဘာအပိုင်းအစထဲမှာဆိုတော့… တကယ်လို့ ငါသာ အစွမ်းအများကြီး မသုံးဘူးဆိုရင်… ’

ရွှီချင်း၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှု ပေါ်လာသည်။ သူက ကောင်းကင်မှ အက်ကွဲကြောင်းကို ကြည့်လိုက်သည်။

ထိုသို့သူတွေးနေစဉ်မှာ ချူထျန်းချွင်၏ ရေရွတ်ခြင်းကြောင့် ကောင်းကင်သည်ပင် သက်ရောက်ခံနေပြီဖြစ်သည်။ လွတ်လပ်စွာ လှုပ်ရှားနိုင်ဆဲဖြစ်သော ကောင်းကင်ဘုံတာအို မိုဆာဆောသည် ရုတ်တရက် အမြှီးယမ်းလိုက်ပြီး ကောင်းကင်မှ အက်ကွဲကြောင်းကို ပိတ်လိုက်သည်။

စောစောက ရွှီချင်းကြောင့် ပွင့်သွားခဲ့သော အဟရာသည်လည်း ချက်ချင်း မှုန်ဝါးလာပြီး ပြန်ပိတ်သွားသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်း၏ အကြည့်က ချူထျန်းချွင်ထံသို့ ကျရောက်သွားသည်။ သူက ခန္ဓာကိုယ်ထဲမှ တတိယနတ်နန်းတော်နှင့် စတုတ္ထနတ်နန်းတော်ကို တစ်ပြိုင်တည်း လှည့်ပတ်လိုက်သည်။

နတ်ဘုံမှ ဆန်းကြယ်သော တားမြစ်အဆိပ်သည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲ၌ ချက်ချင်း ပျံနှံ့သွားသည်။ အဆိပ်သည် လျှပ်တစ်ပြက်အတွင်း သူ၏ အသွေးအသားများထဲမှာ ပြည့်နှက်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်မှ အသားပိုများကို ပုပ်သိုးဆွေးမြေ့စေသည်။ ထို့နောက်  အသားပိုများသည် သွေးနက်အရည်သို့ ပြောင်းလဲသွားကြပြီး စီးကျလာသည်။

သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာနေကြသည့် ရေရွတ်သံများသည်လည်း အဆိပ်၏ သတ်ဖြတ်ခြင်းခံလိုက်ရသည်။ ထိုအခါ ပုန်ကန်မှုအားလုံး ပြန်လည်ငြိမ်သက်သွားသလို သီးခြားခွဲထွက်သည့် အစွမ်းသတ္တိသည်လည်း ဖျက်ဆီးခံလိုက်ရသည်။

ထို့နောက် တားမြစ်အဆိပ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားသည်။ ထိုအခါ ပရမ်းပတာ လေဟာနယ်တွန့်လိမ်မှုသည် သူ၏ ဘေးပတ်ပတ်လည်တွင် ပို၍ဆိုးဝါးလာပြီး ဝေဝါးမှုဖြစ်ပေါ်လာသည်။

ထိုအခိုက်အတန့်မှာ တားမြစ်အဆိပ်စွမ်းအားမှ ဖြစ်ပေါ်လာကြသော သူ့အပိုင်ထူးခြားရုပ်ဝတ္ထုများသည်လည်း ကြီးထွားလာကြသည်။ ၎င်းတို့က ရွှီချင်းကို ဗဟိုထား၍ ဝိုင်းကြီးလှည့်ပတ်နေကြလေရာ ရွှီချင်းက နတ်ဘုရား၏ အင်္ဂါရပ်များနှင့်ပြည့်စုံသော သက်ရှိတစ်ဦးဖြစ်လာသလိုပင်။

ထိုမျှနှင့်မပြီးသေးပေ။ နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလသည် ရုတ်ချည်း ပျံ့နှံ့ထွက်လာပြီး သူ၏ အသွေးအသားများကို ခရမ်းရောင်သို့ ပြောင်းလဲသွားစေသည်။ အဆုံးမှာ သူ့တစ်ကိုယ်လုံး ခရမ်းရောင်ဖြစ်လာသည်။

သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ခရမ်းရောင်အလင်းသည် ပြင်ပလောကအပေါ် သက်ရောက်မှုရှိ၏။ ဘေးပတ်ဝန်းကျင်မှ ဧရိယာသည် ချက်ချင်း ခရမ်းရောင်ထွန်းလင်းလာသည်။

ထိုခရမ်းရောင်အလင်း၏ လွှမ်းခြုံမှုအောက်မှာ ရွှီချင်းအပိုင် နောက်ထပ်ထူးခြားရုပ်ဝတ္ထုအမျိုးအစားက မွေးဖွားလာသည်။

၎င်းတို့က ခရမ်းလမှ ဖြစ်ပေါ်လာကြခြင်းဖြစ်သည်။ ၎င်းတို့က ရှိရှိသမျှအရာအားလုံးထံ ကျူးကျော်ဝင်ရောက်ပြီးနောက် ရွှီချင်းကို ၎င်းတို့၏ အရင်းအမြစ်အဖြစ် အသုံးပြုကြလိမ့်မည်။

ဤအခိုက်အတန့်မှာ ၎င်းတို့က တားမြစ်အဆိပ်မှ ထူးခြားရုပ်ဝတ္ထုများနှင့် အလျှင်အမြန် ရောယှက်သွားကြပြီး ရွှီချင်းကို အတူတကွ ဝိုင်းကြီးလှည့်ပတ်လိုက်ကြသည်။ ၎င်းတို့က ဆက်လက်လှည့်ပတ်နေကြပြီး မျက်စိတစ်မှိတ်အတွင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်စေသည်။ မုန်တိုင်းသည် ကောင်းကင်နှင့်ထိစပ်နေပြီး အရပ်မျက်နှာပေါင်းစုံသို့ ပေါက်ကွဲသံများနှင့်အတူ ရိုက်ခတ်သွားသည်။

မုန်တိုင်းအတွင်းမှာ ခရမ်းလပုံရိပ်ယောင်တစ်ခုရှိသည်ကို မသဲမကွဲ မြင်ရလိမ့်မည်။

ယင်းက နတ်ဘုရားအခွင့်အာဏာနှင့် အစစ်အမှန်နတ်ဘုရားအစွမ်းမှ ဖြစ်တည်လာခြင်းဖြစ်သည်။

ခရမ်းလပုံရိပ်၏ အနောက်တွင် ခရမ်းရောင်အလင်း၏ လွှမ်းမိုးမှုမခံရသော မျက်လုံးနက်တစ်စုံ ရှိသည်။

ထိုမျက်လုံးတစ်စုံထဲမှာ  အဆုံးမဲ့အဆိပ်နှင့် တားမြစ်ချက်များ ပါရှိ၏။

မတူညီသော နတ်ဘုရားအစွမ်းနှစ်မျိုးသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာကြသည်။ ထိုနှစ်မျိုးသည် အချင်းချင်း မပေါင်းစပ်သွားကြသလို ထပ်ဆင့်လွှမ်းမိုးသွားခြင်းလည်း မရှိကြပေ။ ယင်းအစား သူတို့သည် တစ်ချိန်တည်းမှာ အတူယှဉ်တွဲတည်ရှိနေကြသည်။

ဤအခိုက်အတန့်မှာ သူတို့က သူတို့၏ သက်ဆိုင်ရာနတ်ဘုရားအစွမ်းကို ထုတ်လွှတ်နေကြသည်။

ထိုနတ်ဘုရားအစွမ်းက လေထဲသို့ စိမ့်ဝင်သွားသည့်အခါ ရွှီချင်း၏ မျက်နှာပေါ်၌ မထူးမခြားနား အမူအရာဖြစ်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အထွတ်အမြတ် နတ်ကျက်အသရေကို ထုတ်လွှတ်လိုက်ပြီး သူ့ဘဝအဆင့်အတန်းက တစ်ဟုန်ထိုး စတင်မြင့်တတ်သွားသည်။

နောက်ဆုံးမှာတော့ နတ်ဘုရားအခွင့်အာဏာနှစ်ခု၏ အစွမ်းတိုးမြှင့်မှုအောက်မှာ ဘဝအဆင့်အတန်းသည် အံ့မခန်းအဆင့်တစ်ခုထိ တိုးမြှင့်သွားသည်။ ရွှီချင်းက နတ်သန္ဓေသားလောင်းနှင့် မပြည့်မစုံ နတ်ဘုရားအသစ်တစ်ပါး ဖြစ်လာသည့်အလားပင်။

အရိပ်လေးသည် တုန်လှုပ်လာပြီး ကျန်းကန်းဂိုဏ်းဘိုးဘေးသည် တဆတ်ဆတ်တုန်ယင်လာသည်။ သူတို့က ရွှီချင်း၏ ရှေ့တော်မှာ ချက်ချင်း ဒူးထောက်လိုက်ကြပြီး အရိုအသေပေးလိုက်ကြသည်။ ကျန်းကန်းဂိုဏ်းဘိုးဘေး၏ ရိုသေကျိုးနွံခြင်းထက်စာလျှင် အရိပ်လေးသည် ရွှီချင်းအပေါ် ဖော်မပြနိုင်အောင် အရူးအမူး ကိုးကွယ်ယုံကြည်စိတ် ဖြစ်လာသည်။

ရွှီချင်းသည် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ ရွှေရောင်အလင်းက သူ့မျက်လုံးထဲမှ ပျံ့နှံ့ထွက်လာပြီး နောက်ဆုံး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူက မွန်မြတ်သန့်စင်လာဟန်တူသည်။

“ အရိပ်လေး၊ တားမြစ်အဆိပ်စွမ်းအား၊ နတ်ဆိုးအမိန့်တော်၊ ဝိညာဉ်ချိုးဖျက်အင်မော်တယ်အတတ်၊ ကောင်းကင်နဲ့မြေပြင်က ငါ့ကံကြမ္မာ ”

ရွှီချင်းသည် အရိပ်လေးနှင့်ပေါင်းစပ်ခြင်းလျှို့ဝှက်အတတ်ကို ဖုံးကွယ်ရန် ဤမန္တန်ကို လုပ်ကြံဖန်တီးပေးဖို့ ကျန်းကန်းဂိုဏ်းဘိုးဘေးအား တောင်းဆိုခဲ့သည်။ ဤအခိုက်အတန့်မှာ သူက ထိုမန္တန်ကို မည်သည့်ရည်ရွယ်ချက်မှမပါဘဲ သာမန်ကာလျှံကာမျှသာ ရွတ်ဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ယင်းက အရိပ်လေးကို ဆွံ့အသွားစေပြီး ပို၍ပင် စိတ်လှုပ်ရှားစေသည်။

ထို့အပြင် ရွှီချင်း၏ နှုတ်မှ ထွက်ကျလာသော စကားသံသည် ရှင်းရှင်းလင်းလင်း မရှိပေ။ စကားလုံးတစ်လုံးစီမှာ အဆုံးမရှိသော သတင်းအချက်အလက်များနှင့် တခြားအဓိပ္ပာယ်များ ပါဝင်နေသည့်အလားပင်။ စကားသံက လေထဲသို့ ပျံ့လွင့်သွားသည့်အခါ ကမ္ဘာကြီးသည် ပြောင်းလဲတော့မည့်ဟန် ဖြစ်ပေါ်လာ၏။

ဤနေရာမှ အရာအားလုံးသည် တွန့်လိမ်ပုံပျက်လာသည်။ ထိုအပြောင်းအလဲအားလုံးသည် ရွှီချင်း၏ စကားလုံးများက နတ်ဘုရားတစ်ပါး၏ ရေရွတ်ခြင်းသို့ ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။

မြေပြင်သည် တုန်ခါလာပြီး သဲများသည် စတင်ပြိုကျလာကြသည်။ မရေမတွက်နိုင်သော သဘာဝလွန်ပုံရိပ်များသည် ရွှီချင်း၏ အနီးနားပတ်ဝန်းကျင်မှာ ပေါ်ထွက်လာကြပြီး မာန်ပါပါ ဟိန်းဟောက်လိုက်ကြလေရာ ရှေးခေတ်ကာလမှ အော်မြည်သံများအလား ထင်မှတ်ရပေသည်။

ထို့နောက် မြေပြင်သည် အက်ကွဲသွားပြီး မှုန်ဝါးဝါး လက်တံများက ပေါ်ထွက်လာကြသည်။ ကမ္ဘာတစ်ခုလုံးသည် သိသာထင်ရှားစွာ ပြောင်းလဲနေပြီး နေရာတိုင်းမှာ ထူးခြားဖြစ်ရပ်များ ဖြစ်ပေါ်လာကြသည်။

နေရာတိုင်းက ထူးထူးဆန်းဆန်းအရာများ၏ ကျူးကျော်ဝင်ရောက်ခြင်းခံနေရပြီး ပရမ်းပတာဖြစ်နေသည်။ ကမ္ဘာသည် တုန်လှုပ်လာပြီး ထူးဆန်းစွာ ပုံပျက်လာသည်။

ထိုအကြောင်းအရင်းအားလုံး၏ တရားခံမှာ ရွှီချင်းမှလွဲ၍ တခြားလူမဟုတ်ချေ။

သူက မပြည့်မစုံ နတ်ဘုရားတစ်ပါးသာဖြစ်ပြီး နတ်သန္ဓေသားလောင်းအဆင့်မှာသာ ရှိနေသေးသော်လည်း နတ်ဘုရားအစွမ်းနှစ်မျိုး၏ အစွမ်းတိုးမြှင့်မှုအောက်မှာ သူ၏ ဘဝအဆင့်အတန်းက လျှပ်တစ်ပြက်အတွင်း မယုံကြည်နိုင်ဖွယ်ရာ အဆင့်တစ်ခုထိ ရောက်ရှိသွားသည်။

သို့ဖြစ်၍ အတိုင်းအတာတစ်ခုအထိ သူ့အသံက နတ်ဘုရားအသံ ဖြစ်နေလိမ့်မည်။

ချူထျန်းချွင်က နတ်ဘုရားအသံကို တုပနေခြင်းဖြစ်ပြီး သူက မဟုတ်ပေ။ သူ့အသံက နတ်ဘုရား၏ တကယ့်ရေရွတ်ခြင်း ဖြစ်ပေသည်။

ယင်းက တခြားနတ်ဘုရားများကဲ့သို့ အစွမ်းမထက်သော်လည်း ချူထျန်းချွင်ကို ဖိနှိပ်ရန်တော့ လုံလောက်ပေသည်။

ရွှီချင်း‌ကြောင့် ချူထျန်းချွင်၏ ရေရွတ်ခြင်းသည် ချက်ချင်း ဖရိုဖရဲဖြစ်လာသည်။ သူ၏ ရေရွတ်ခြင်းက စောစောတုန်းကလို သဘောပေါက်ရန် မခက်ခဲတော့ပေ။ နားလည်ရလွယ်ကူလာသည်။

“ နတ်ဘုရားက မြေအောက်လောကဆီ လိုက်တယ်… မြေအောက်လောကက ဝိညာဉ်တွေကို ဖိနှိပ်တယ်… နေသူရိန်ရဲ့ အကျင့်သီလနဲ့ လစန္ဒာရဲ့ အနှစ်သာရက… ”

သူ့စိတ်က လေးလံလာသည့်အခါ ချူထျန်းချွင်သည် မျက်လုံးဖွင့်လိုက်ပြီး ရွှီချင်းကို အလန့်တကြား ကြည့်လိုက်သည်။ သူက ဆက်လက် ရေရွတ်တော့မည့်အချိန်မှာပဲ သူ့ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းသည် ပြိုကွဲပျက်စီးလာသည်။

ရွှေရောင်အလင်း ပြိုကွဲပျက်စီးသွားသည့်အခါ မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများက သူ့ခန္ဓာကိုယ်ပေါ်မှာ ချက်ချင်း ထွက်ပေါ်လာကြသည်။

သူ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ စတင်ပြိုကွဲလာသည်။ သူ၏ အတွေးများကလည်း တသီးတခြားဖြစ်လာကြသည်။ ရွှီချင်း၏ ရေရွတ်သံကိုကြားသည့်အခါ သူနှင့်ပတ်သက်သော အရာအားလုံးက ဆိုးဆိုးဝါးဝါး သန္ဓေပြောင်းလာကြသည်။ သူ့နှုတ်မှ ရေရွတ်သံက ငိုကြွေးသံသို့ ပြောင်းလဲသွားသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ချူထျန်းချွင်သည် ညာလက်ကို မြှောက်လိုက်ပြီး သူ့မျက်လုံးဆီသို့ အားဖြင့် ရုတ်တရက် ထိုးစိုက်လိုက်သည်။ သူ၏ မျက်ဆန်သည် ပေါက်ထွက်သွားပြီး ရွှေရောင်သွေးက မျက်လုံးအပေါက်ထဲမှ ဒလဟောစီးကျလာသည်။ သွေးက ရွှေရောင်မြူခိုးကို ဖြစ်ပေါ်စေပြီး မြန်မြန်ဆန်ဆန် ကျယ်ပြန့်သွားစေကာ ရွှီချင်းထံမှ နတ်ဘုရားအသံကို တားဆီးလိုက်သည်။

ရွှီချင်းသည်လည်း အခြေအနေမကောင်းပေ။ ဤအခိုက်အတန့်မှာ သူထုတ်လွှတ်နေသော အစွမ်းကို သူ၏ ခန္ဓာကိုယ်က မတောင့်ခံနိုင်ပေ။ သူ၏ နှုတ်မှ ရေရွတ်လိုက်သည့်အခါတိုင်း သူ၏ ခန္ဓာကိုယ်က စတင်ပြိုကွဲလာနေသည်။

ဤကြိုးစားမှုကြောင့် သူ့ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအစွမ်းနှစ်မျိုးက တိုးတတ်ရန် အလားအလာများစွာရှိနေကြောင်း ရွှီချင်း ရှင်းရှင်းလင်းလင်း နားလည်လာသည်။ သို့သော်လည်း တစ်ချိန်တည်းမှာ သူတို့က အလွန်အန္တရာယ်များသည်။

အကယ်၍ သူက ပိုပြီးမသန်မာလာသေးဘဲ သူတို့ကို အရမ်းကာရော အသုံးပြုမည်ဆိုလျှင် သူသေဆုံးသွားလိမ့်မည်။

ချူထျန်းချွင်၏ ရေရွတ်ခြင်းကို ဖိနှိပ်ပြီးသည့်နောက် သူက တားမြစ်အဆိပ်နှင့် ခရမ်းလကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။

မုန်တိုင်းသည် လွင့်စင်ပပျောက်သွားပြီး ဖရိုဖရဲဖြစ်နေသော ကမ္ဘာသည် ပုံမှန်ပြန်ဖြစ်သွားသည်။

ထိုစဉ် ရွှေရောင်သွေးက ဆက်လက် ကျယ်ပြန့်နေသလို ချူထျန်းချွင်သည်လည်း နာနာကျင်ကျင် အော်ဟစ်နေရသည်။ သို့တိုင် သူက သည်းခံကြိုးပမ်းပြီး သန္ဓေပြောင်း‌နေခြင်းကို တစ်နည်းနည်းဖြင့် တားဆီးလိုက်သည်။ ဤအခိုက်အတန့်မှာ သူ့မျက်နှာက မထူးမခြားနားဟန် မဟုတ်တော့ဘဲ ရက်စက်ကြမ်းကြုတ်မည့် မျက်နှာထားသို့ ပြန်ပြောင်းသွားသည်။ သူက အသံကျယ်ကျယ်ဖြင့် မခံမရပ်နိုင် အော်ပြောလိုက်သည်။

“ မင်းက သေချာပေါက် ကျင့်ကြံသူပဲကို… မင်းက သေချာပေါက် ကျင့်ကြံသူပဲကို ”

“ ဘာလို့လဲ… ဘာလို့ မင်းငါ့ကို ဖိနှိပ်နိုင်ရတာလဲ ”

“ ငါဒါကို မယုံဘူး ”

ချုထျန်းချွင်၏ မျက်နှာသည် ရွှေရောင်သွေးဖြင့် ဖုံးလွှမ်း‌နေသည်။ ရူးသွပ်မှုကြောင့် သူ၏ မျက်နှာသည် တွန့်လိမ်ရှုံ့တွနေသည်။ သူက ကျန်ရှိသော မျက်လုံးတစ်ဖက်ဖြင့် ရွှီချင်းကို မြဲမြဲစိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ ညာလက်ကိုမြှောက်လိုက်ပြီး ရင်ဘက်ထဲသို့ တန်းတန်းမတ်မတ် စိုက်သွင်းလိုက်သည်။ သူက ခုန်နေသော နှလုံးကို မြဲမြံစွာ ဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ ဆောင့်ဆွဲထုတ်လိုက်သည်။

သူက လက်ထဲမှာ ခုန်လှုပ်နေသော ရွှေရောင်နှလုံးကို ခြေမွလိုက်လေရာ သွေးသည် ဖြန်းခနဲ ပန်းထွက်သွားသည်။

အသွေးအသားသည် နေရာအနှံ့သို့ ပြန့်ကျဲသွားပြီး နှလုံးထဲမှာ သေတ္တာတစ်လုံး ပေါ်လာသည်။

အကယ်၍ သတ္တမသခင်ကြီးသာ ဤနေရာတွင်ရှိမည်ဆိုလျှင် သူက ဤသေတ္တာကို အကြည့်တစ်ချက်ဖြင့် မှတ်မိနိုင်လိမ့်မည်။ ယင်းက ထိုနေ့တွင် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ကိုင်ထားခဲ့သည့်သေတ္တာနှင့် အလွန်ဆင်တူနေ၏။ သို့သော်လည်း အနီးကပ်သေချာကြည့်မည်ဆိုလျှင် ကွာခြားမှုတချို့ကို တွေ့မြင်ရလိမ့်မည်။ ထိုနှစ်ခုက မတူညီကြပေ။ ဤတစ်ခုက အများကြီး ပိုကြမ်းတမ်းဟန်တူသည်။

ချူထျန်းချွင်က သေတ္တာကို ဖျက်ဆီးလိုက်သည့်အခါ အထဲမှ အလင်းတန်းတစ်ခု ပျံသန်းထွက်လာသည်။

ယင်းက နတ်ဘုရားတစ်ပါး၏ အကြည့်ဖြစ်ပေသည်။

ထိုအလင်းကို အာရုံခံမိသည်နှင့်ချက်ချင်း ရွှီချင်း၏ နှလုံးသည် အကြမ်းပတမ်း တုန်လှုပ်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ တားမြစ်အဆိပ်နှင့် ခရမ်းလသည် ဖိနှိပ်ခံရသည့် လက္ခဏာများပြလာကြသည်။

ထိုအလင်းသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့မသွားပေ။ ယင်းက ဒြပ်ထည်ရှိလာပြီး ချူထျန်းချွင်၏ ညာလက်ထဲသို့ ပေါင်းစပ်သွားသည်။ ထိုအခါ သူ့လက်ဖဝါးက လွန်စွာအရောင်အဝါတောက်ပလာသည်။ သူက လက်ကိုမြှောက်လိုက်ပြီး ရွှီချင်းထံသို့ ဖိချလိုက်ကာ အော်လိုက်သည်။

“ နတ်အတတ်… အနာဂတ်… မရှိတော့နဲ့ ”

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ နတ်ဘုရားနောက်လိုက်များက ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အတတ်ပညာများကို နားလည်တတ်ကျွမ်းကြကြောင်း သူကောင်းကောင်းသိသည်။ ဥပမာ အတိတ်တုန်းက အင်ပါယာကြယ်သည် အံ့ဖွယ်အတတ်ပညာတစ်ခုကို အသုံးပြုခဲ့သည်။ အဆုံးမှာ သူက ကျဆုံးခဲ့သော်လည်း သူ၏ အံ့ဖွယ်အတတ်ပညာက ရွှီချင်းအပေါ် နက်ရှိုင်းသော အတွေးအမြင် ချန်ထားနိုင်ခဲ့သည်။

ချူထျန်းချွင်၏ အော်သံကိုကြားသည်နှင့် သူ့ဘေးပတ်ပတ်လည်မှ အပြောင်းအလဲများကို ရွှီချင်း ချက်ချင်းပဲ အာရုံခံမိလိုက်သည်။

ပုံရိပ်များသည် သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။ မြင်ကွင်းများသည် ရာထောင်ချီရှိကြသည်။ မြင်ကွင်းတိုင်းမှာ သူ၏ ပုံရိပ်က ထင်ဟပ်နေသည်။

တချို့က တိတ်ဆိတ်စွာ တရားထိုင်နေကြပြီး တချို့က အလန့်တကြား ပြေးလွှားနေကြသည်။ တချို့က သေဆုံးသွားကြပြီး တချို့က နာကျင်စွာ အော်ဟစ်ညည်းညူနေကြသည်။

မြင်ကွင်းများသည် မရေမတွက်နိုင်အောင် များပြားသည်။

ထိုမြင်ကွင်းအားလုံးသည် ရွှီချင်း၏ အနာဂတ်ဖြစ်ပေသည်။

နောက်အခိုက်အတန့်မှာ ထိုပုံရိပ်များသည် တစ်ခုပေါ်တစ်ခု ထပ်ဆင့်သွားကြပြီး ရုပ်ပုံစာအုပ်တစ်အုပ်သို့ ပြောင်းလဲသွားသည်။ ချူထျန်းချွင်က လက်ဝှေ့ယမ်းလိုက်သည့်အခါ ရုပ်ပုံစာအုပ်မှ စာရွက်များသည် မြန်မြန်ဆန်ဆန် လှန်သွားကြသည်။

သူက ရွှီချင်းသေဆုံးမည့် အနာဂတ်ဖြစ်ရပ်တစ်ခုကို ရှာဖွေနေခြင်းဖြစ်သည်။ ထို့နောက် ပြောင်းလဲနေသော အနာဂတ်ထဲမှ ယင်းကို ဖမ်းယူပြီး လက်တွေ့ဖြစ်လာစေမည်။

ယင်းက နတ်အတတ်ဖြစ်၏။

ရွှီချင်းသည် အတိတ်၌ အင်ပါယာကြယ်နှင့် ရင်ဆိုင်ခဲ့စဉ်အခါက ထိုသို့အလားတူအခြေအနေနှင့် ကြုံခဲ့ဖူးသည်။

ထိုစဉ်က ဤအခြေအနေအတွက် ဖြေရှင်းချက်သည် အနာဂတ်နှင့် ကံကြမ္မာထိန်းချုပ်ခြင်းကို ဝင်ရောက်နှောင့်ယှက်ရန် ဖြစ်သည်။

သို့သော်လည်း အင်ပါယာကြယ်သည် မပြီးဆုံးသေးသော စမ်းသပ်မှုတစ်ခုဖြစ်ပြီး သူ့နတ်အတတ်က ပြီးပြည့်စုံရန် အလွန်အလှမ်းဝေးကွာနေသည်။ ထို့အပြင် သူ့ကို အကူအညီပေးမည့် သေတ္တာကဲ့သို့ ပစ္စည်းမျိုးလည်း မရှိခဲ့ပေ။

ယခု ချူထျန်းချွင်က သူ့မှာရှိသည့် အစွမ်းကုန်ကို အသုံးပြုနေကြောင်း သိသာထင်ရှားပေသည်။ သေတ္တာပေါ်ထွက်လာခြင်းနှင့် အထဲမှ နတ်ဘုရားအကြည့်က ရွှီချင်း၏ စိတ်ကို ပရမ်းပတာဖြစ်စေသည်။

သို့တိုင် ဒင်္ဂါးပြားတိုင်းမှာ ဘက်နှစ်ဖက်ရှိကြသည် မဟုတ်ပါလော။ ဤမျှကြောက်စရာကောင်းပြီး အစွမ်းကြီးမားသော နတ်အတတ်အပြည့်အစုံကို ကိုယ်တွေ့ကြုံနေရသည့် ရွှီချင်းအတွက်‌တော့ ယင်းက အကျိုးအမြတ်တစ်ခုဟု မှတ်ယူနိုင်ပေသည်။

အနည်းဆုံးတော့ ယခုအချိန်မှာ ဤနတ်အတတ်အပေါ် သူ၏ နားလည်သဘောပေါက်မှုက ယခင်ကထက် ပိုပြီးတိုးမြှင့်သွားလိမ့်မည်။ မရေမတွက်နိုင်သော သတင်းအချက်အလက်များက သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာကြသည်။

All Chapters