← Chapters

တစ္ဆေအင်ပါယာဆင်းသက်လာခြင်း

Vol. 41 Ch. 616

တစ္ဆေအင်ပါယာဆင်းသက်လာခြင်း

Vol. 41 Ch. 616

သူက ဤသတင်းအချက်အလက်ကို ရယူလိုခြင်းမဟုတ်ပေ။ သို့သော် အလင်းနှင့် နတ်အတတ်ကို သူမြင်လိုက်သည့်အခါ ယင်းက သူ့စိတ်ထဲမှာ အလိုအလျောက် ပေါ်လာခြင်းဖြစ်သည်။ နတ်ဘုရား၏ အလင်းနှင့် အတတ်ပညာမှာ ထိုသတင်းအချက်အလက်များက သူ့အလိုလို ပါရှိနေကြသည့်အလားပင်။

မျှော်လင့်မထားဘဲ ထိုသို့အလိုအလျောက် နားလည်နေခြင်းက ရွှီချင်း၏ သွေးကြောများကို ဖောင်းကြွလာစေသည်။ စူးရှသော နာကျင်မှုက သူ၏ စိတ်ထဲမှာ ဖြစ်ပေါ်လာသည်။ သူ၏ မျက်လုံးသည် နီရဲလာပြီး အပြင်သို့ ပေါက်ကွဲထွက်တော့မည့်အလား ဖောင်းကားလာသည်။

နာကျင်မှုကို ကြံ့ကြံ့ခံနေလျက် သူ့စိတ်ထဲ သတင်းအချက်အလက် ပေါ်လာသည့်အခါ ဤကမ္ဘာမှ သဘာဝတရားတချို့ကို ရွှီချင်းသည် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

နတ်ဘုရားမျက်လုံးထဲမှာ သက်ရှိတိုင်း၏ ဘဝက အလွန်ရှင်းလင်းသော ရုပ်ပုံစာအုပ်တစ်အုပ် ဖြစ်သည်။

နတ်ဘုရားက မင်းကိုကြည့်သည့်အခါ မင်း၏ အတိတ်နှင့် အနာဂတ်မှ မရေမတွက်နိုင်သော ဖြစ်ရပ်များက တစ်ခုပေါ်တစ်ခု ထပ်ဆင့်သွားကြပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြလိမ့်မည်။ ထို့နောက် တစ်ခုပြီးတစ်ခု ပြောင်းလဲနေလိမ့်မည်။

တစ်စုံတစ်ယောက်၏ လုပ်ဆောင်မှုတိုင်းသည် ထိုသူ၏ အနာဂတ်အပေါ် သက်ရောက်မှုရှိသည်။ ဥပမာ အရှေ့သို့ ခြေတစ်လှမ်းတိုးခြင်း၊ တစ်ခဏလောက် မြန်မြန်သွားခြင်း သို့မဟုတ် တစ်ခဏမျှ ရပ်တန့်ခြင်း အစရှိသည့် လုပ်ဆောင်မှုသေးသေးလေးကပင် အနာဂတ်အပေါ် သက်ရောက်မှုရှိပြီး မတူကွဲပြားသော ဖြစ်နိုင်ခြေအမျိုးမျိုးကို ထုတ်လုပ်မည့် ကိန်းရှင်များ ဖြစ်လာကြလိမ့်မည်။

ထို့ကြောင့် အနာဂတ်မြင်ကွင်းများက မရေမတွက်နိုင်အောင် များပြားနေရခြင်းဖြစ်ပြီး အမျိုးမျိုးကွဲပြားနေရခြင်းဖြစ်သည်။ သူတို့က ဘဝရုပ်ပုံစာအုပ်နှင့် အလားသဏ္ဍာန်တူသော မြစ်ကြီးတစ်ခုအတွင်းသို့ စုစည်းသွားကြလိမ့်မည်။

ရုပ်ပုံစာအုပ်သည် အလွန်လေးလံသည်။ သေမျိုးများသည် ပုံမှန်အားဖြင့် ယင်းကို အာရုံမခံနိုင်ကြသလို ခံနိုင်ရည်ရှိကြလိမ့်မည် မဟုတ်ချေ။ ကျင့်ကြံသူများပင် သူတို့၏ ကျင့်ကြံခြင်းအခြေခံ အဆင့်တစ်ခုထိရောက်ရှိမှ ယင်း၏ တစ်စိတ်တစ်ဒေသကိုသာ မြင်တွေ့နိုင်ကြသည်။

သူတို့၏ ကျင့်ကြံခြင်း အထွတ်အထိပ်သို့ ရောက်ရှိသည့်အခါမှသာ ယင်းကို အပြည့်အစုံ မြင်တွေ့နိုင်လိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် အပြည့်အစုံ ရုပ်ပုံစာအုပ်ကို မြင်တွေ့ပြီးနောက် သိရှိလာမည့် သတင်းအချက်အလက်က သာမန်ဘဝအဆင့်အတန်းမှ သက်ရှိများအတွက် ခံနိုင်ရည်ရှိသောအရာ မဟုတ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ယင်းက တစ်ဦးဦး၏ ရုပ်ပုံစာအုပ်တစ်အုပ်မှ သတင်းအလက်မျှသာ ရှိသေး၏။

အကယ်၍ တစ်စုံတစ်ယောက်က ကမ္ဘာပေါ်မှ သက်ရှိအားလုံးကို ကြည့်လိုက်မည်ဆိုလျှင် ရုပ်ပုံစာအုပ်၏ အလေးချိန်သည် ဖော်မပြနိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားလိမ့်မည်။

လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာမည့် သတင်းအချက်အလက် ပမာဏသည် လက်ခံရရှိသူ၏ ကျင့်ကြံခြင်းအခြေခံပေါ်မူတည်ပြီး ဖျက်ဆီးမှု အတိုင်းအတာအမျိုးမျိုးကို ဖြစ်စေလိမ့်မည်။

ယင်းက မင်း နတ်ဘုရားများကို တိုက်ရိုက် မကြည့်နိုင်ရခြင်း၏ အကြောင်းအရင်းများအနက် တစ်ခုဖြစ်ပေသည်။

အဘယ့်ကြောင့်ဆိုသော် နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်မှာ ထိုသို့ ရုပ်ပုံစာအုပ်တစ်အုပ် ရှိသောကြောင့်ဖြစ်သည်။ ယင်းထဲမှာ အနာဂတ်သာမက ဖော်မပြနိုင်သော သတင်းအချက်အလက် အများအပြားပါရှိသည်။

စာအုပ်ထဲမှာ သတင်းအချက်အလက် အများအပြားပိုရှိလေ ယင်းက ပိုပြီးလေးလံလေ ဖြစ်သည်။

ထို့ကြောင့် တစ်ခါတစ်ရံ နတ်ဘုရားသည် သေမျိုးများကိုသတ်ရန် ဆန္ဒမရှိပေ။ သေမျိုးများက ၎င်းကိုကြည့်သည့်အခါ အဆုံးမရှိသော သတင်းအချက်အလက်ကို သူတို့က အလိုအလျောက် လက်ခံရရှိကြလိမ့်မည်။ အကယ်၍ သူတို့က သတင်းအချက်အလက်ကို ခံနိုင်ရည်မရှိသည့်အခါ သူတို့၏ ခန္ဓာကိုယ်က သန္ဓေပြောင်းလျှင်ပြောင်း သို့မဟုတ် နေရာမှာတင် ပျက်စီးသွားကြလိမ့်မည်။

ကောင်းကင်မှ နတ်ဘုရားမျက်နှာပျက်ကြီးကသာ ခြားနားပေသည်။

မျက်နှာပျက်ကြီးက မျက်လုံးမှိတ်ထားသည့်အခါ သက်ရှိများက ၎င်းကို ကြည့်နိုင်ကြသည်။

၎င်းမျက်လုံးဖွင့်သည့်အခါမှသာ အားလုံးက ပေါ်ထွက်လာလိမ့်မည်။

တခြားနတ်ဘုရားများနှင့် နှိုင်းယှဉ်လျှင် ယင်းက ၎င်း၏ အားနည်းချက်တစ်ခု ဖြစ်ဟန်တူသည်။ သို့သော်လည်း နတ်ဘုရားများကြားတွင် မျက်နှာပျက်ကြီး၏ ကျူးကျော်မှုက သက်ရောက်မှုအရှိဆုံးဖြစ်ပြီး ဝမ်ကူးကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံကာ အားလုံးကို ကျူးကျော်ခဲ့သည်။

တခြားနတ်ဘုရားများပင်လျှင် ၎င်း၏ ကျူးကျော်မှုအကွာအဝေးအတွင်းမှာ ရှိနေကြသည့်အလား။ သို့ကြောင့်ပင် ၎င်း သုံးကြိမ်ကြည့်ရှုသော နေရာကို နတ်ဘုံဟု ခေါ်ဆိုရခြင်း ဖြစ်ပေသည်။

ယင်းက ဝိရောဓိဖြစ်စရာပင်။ ယင်းကို မရှင်းပြနိုင်ပေ။

အလင်းနှင့်ပေါင်းစပ်ထားသော လက်ဆီမှ ကြီးမားသော အန္တရာယ်ကို ရွှီချင်း ခံစားမိသည်။

ယင်းက တားမြစ်အဆိပ်နှင့် ခရမ်းလထံမှ နတ်ဘုရားအခွင့်အာဏာနှင့် လုံးလုံးခြားနားသည်။ ထို့အပြင် ယင်းက ပို၍စစ်မှန်သည်။

သေခြင်းရှင်ခြင်းကဒ်ဘေး ခံစားမှုက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက နတ်အတတ်ကိုခုခံရန် ခန္ဓာကိုယ်ထဲမှ တားမြစ်အဆိပ်နှင့် ခရမ်းလစွမ်းအားကို ချက်ချင်း လှည့်ပတ်လိုက်သည်။

သူ၏ ဘေးပတ်ပတ်လည်မှ အနာဂတ်မြင်ကွင်းများသည် တဖြည်းဖြည်း စတင်ဝေဝါးလာကြပြီး မှေးမှိန်တော့မည့် လက္ခဏာများ ပြလာကြသည်။

စာရွက်လှန်သည့် အမြန်နှုန်းသည်လည်း တဖြည်းဖြည်း လျှော့ကျလာသည်။

သို့သော်လည်း ယင်းက ရပ်မသွားပေ။ နှစ်ဖက်စလုံးသည် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေမှာ ရှိနေကြသည်။

ယင်းကို ချူထျန်းချွင်မြင်သည့်အခါ သူ့အမူအရာက ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်လာသည်။

သူက ရွှီချင်းကိုသတ်ရန် အရာအားလုံးကို ရင်းနှီးထားခြင်းဖြစ်ပြီး သူ့ခန္ဓာကိုယ်၏ အဓိကရင်းမြစ်ကိုပင် အသုံးပြုထားခဲ့သည်။

သေတ္တာထဲမှ အကြည့်သည် ဤနတ်ဘုရားနောက်လိုက်ခန္ဓာကိုယ်၏ အဓိကရင်းမြစ်ဖြစ်သည်။ သူ့ခန္ဓာကိုယ်၏ ပြုပြင်မွမ်းမံမှုသည်လည်း ထိုသေတ္တာကြောင့် ဖြစ်ပေသည်။

အမှန်တော့ သူ၏ စိတ်ထဲမှာရှိသည့် သတင်းအချက်အလက်အရ သူ့သားအပါအဝင် တခြားနောက်လိုက်လေးဦး၏ ပြုပြင်မွမ်းမံခြင်းနည်းလမ်းက တူညီကြသော်လည်း သူတို့၏ နှလုံးထဲမှာ ဤကဲ့သို့သေတ္တာ မရှိကြပေ။

သူတစ်ဦးတည်းမှာသာ ရှိ၏။ ထို့ကြောင့်ပင် သူက အသိစိတ်ကို ထိန်းသိမ်းနိုင်ရခြင်း ဖြစ်သည်။

အဓိကရင်းမြစ်ပေါ်ထွက်မှုက သူ၏ ပြန်လည်ရှင်သန်ခြင်း နတ်ဘုရားအစွမ်းကို ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိလိမ့်မည်။

သို့သော်လည်း ယင်းကို သူက ဂရုမစိုက်ချေ။ သူဂရုစိုက်သည်မှာ နတ်အတတ်ကြောင့် ဖြစ်ပေါ်လာသော မရေမတွက်နိုင်သည့် အနာဂတ်မြင်ကွင်းများက စတင်ဝေဝါးလာနေကြခြင်း ဖြစ်သည်။

ထိုမျှသာမက သူစာရွက်လှန်သည့်အခါ ပိုပိုပြီး အားအင်ကုန်ခမ်းလာနေသည်။ ထို့ကြောင့် ယင်းကို သူက ဂရုစိုက်နေရခြင်း ဖြစ်ပေသည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးထဲမှ ရူးသွပ်မှုသည် ပိုပိုပြီး ထင်ရှားလာသည်။

ထိုသို့ရလဒ်ကို သူလက်မခံနိုင်ပေ။ ထို့ကြောင့် သူက ပါးစပ်ဟလိုက်ပြီး အသက်ဝဝရှူသွင်းလိုက်သည်။

ထိုသို့ရှူသွင်းလိုက်သည့်အခါ သူ့ခါးအောက်ပိုင်းမှ ခန္ဓာကိုယ်သည် ချက်ချင်း ခြောက်သွေ့လာသည်။ သူက အသွေးအသားအားလုံး ဆုံးရှုံးသွားသည်။ သူ၏ အရိုးအားလုံးက အရည်ပျော်ကျလာသည်။ လျှပ်တစ်ပြက်အတွင်း သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက ဖုန်မှုန့်ဖြစ်သွားသည်။

ခန္ဓာကိုယ်အောက်ပိုင်း ပျောက်ကွယ်သွားသည့်အခါ ထိုနေရာမှာရှိသည့် နတ်ဘုရားစွမ်းအင်အရင်းအမြစ်က ချူထျန်းချွင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းသို့ ဆန်တတ်သွားပြီး နောက်ဆုံး၌ လည်ချောင်းမှာ စုစည်းသွားသည်။ ထို့နောက် ယင်းက ဒုတိယအလင်းဖြစ်လာသည်။ အလင်းသည် သူ့ပါးစပ်ထဲမှ ပျံထွက်လာပြီး နတ်အတတ်အသုံးပြုထားသော ညာလက်ထဲသို့ ပေါင်းစပ်သွားသည်။

သူ၏ ညာလက်ပေါ်မှ အလင်းသည် သိသိသာသာ ပိုတောက်ပလာသည်။ တစ်ချိန်တည်းမှာ ယင်းက ပမာဏအလွန်များပြားသော နတ်ဘုရားစွမ်းအင်ကို ပေါက်ကွဲထွက်ပေါ်စေပြီး ကမ္ဘာတစ်ခုလုံးကို အရောင်မှေးမှိန်သွားစေသည်။ အလင်းစွမ်းအင်ရင်းမြစ်က သူ၏ ညာလက်တစ်ဖက်တည်းမှာသာ ကျန်ရှိတော့သည့်အလားပင်။

ကမ္ဘာသည် မှုန်ဝါးလာပြီး ဖရိုဖရဲပုံပျက်လာသည်။ ချူထျန်းချွင်သည် လက်မြှောက်လိုက်ပြီး ရွှီချင်းကို နောက်တစ်ကြိမ် ဖမ်းဆုပ်လိုက်သည်။

“ သေစမ်း… သေစမ်း… သေစမ်း ”

စောစောကမှ ပြန်တည်ငြိမ်လာသော ရွှီချင်း၏ ခန္ဓာကိုယ်သည် ထပ်မံ အပြင်းအထန် တုန်လှုပ်လာသည်။

ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ပုံရိပ်များသည်လည်း ထပ်မံ ကြည်လင်ရှင်းလင်းလာကြသည်။

ချူထျန်းချွင်၏ မျက်နှာပေါ်မှာ နက်ရှိုင်းသော အမုန်းတရားနှင့် ရူးသွပ်မှုသာလျှင် ရှိသည်။ သူက တိုးညင်းစွာ အော်လိုက်ပြီး ညာလက်ကို အလျှင်အမြန် ဝှေ့ယမ်းလိုက်လေရာ ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ ပုံရိပ်များသည် မြန်မြန်ဆန်ဆန် ဖြတ်ကျော်သွားကြသည်။

သူက အလိုချင်ဆုံးမြင်ကွင်းကို ဆက်လက်ရှာဖွေသည်။

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ ကိုယ်တွင်းအင်္ဂါများ၊ အသွေးအသားများ၊ အရိုးများနှင့် သူ့ဝိညာဉ်ပင် ဖော်မပြနိုင်သော နာကျင်မှုကို ခံစားနေရသည်။

မီးပြင်းပြင်းဖုတ်ထားသည့် နီရဲရဲသံချောင်းတစ်ချောင်းက သူ၏ ဝမ်းဗိုက်ထဲသို့ ထိုးဖောက်သွားပြီး ခန္ဓာကိုယ်အတွင်းထဲမှာ ရက်ရက်စက်စက် မွှေနေသည့်အလား ပြင်းထန်သော နာကျင်မှုကို သူခံစားနေရသည်။

သူ၏ မျက်နှာသည် သွေးမတရားဆုံးရှုံးမှုကြောင့် ဖြူဖျော့လာသည်။ သူက အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်လိုက်ရသည်။

သေခြင်းတရားခံစားမှုက သူ့ဘဝကို လွှမ်းခြုံလာသည်။ တစ်ချိန်တည်းမှာ သူ့ဘေးပတ်ပတ်လည်မှ အနာဂတ်ပုံရိပ်များအနက် တဖြည်းဖြည်း ကြည်လင်ရှင်းလင်းလာနေသော ပုံရိပ်တစ်ခုကို သူမြင်လိုက်ရသည်။ ယင်းက အနာဂတ်မှ ထုတ်ယူခံရတော့မည့်အလားပင်။

ထိုပုံရိပ်ထဲမှ မြင်ကွင်းတွင် သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေသည်။ သူ၏ နည်းလမ်းမှန်သမျှက ကျရှုံးသွားသည်။ အဆုံးမှာတော့ သူ၏ ဦးခေါင်းတစ်ခုတည်းသာ ကျန်နေခဲ့ပြီး သူက ဤနေရာမှာ သေဆုံးသွားသည်။ ချူထျန်းချွင်က သူ၏ ဦးခေါင်းကို သယ်ယူသွားပြီး ကံကြမ္မာဆိုးကုန်တောင်ကုန်းဆီသို့ သွားခဲ့သည်။

ထိုနေရာတွင် အုတ်ဂူတစ်ခုရှိသည်။ သူက ယဇ်ပူ‌ဇော်ရန် ဦးခေါင်းကို အုတ်ဂူအရှေ့တွင် ထားလိုက်သည်။

အုတ်ဂူအရှေ့မှ စာလုံးများသည် သိသာရှင်းလင်းသည်။

ယင်းက အင်ပါယာကြယ်၏ အုတ်ဂူဖြစ်ပေသည်။

ထိုအနာဂတ်မှာ မတူကွဲပြားသော နောက်ဆက်တွဲ ဖြစ်ရပ်အခွဲများ ရှိကြသည်။ ထိုဖြစ်ရပ်အခွဲများတွင် ချူထျန်းချွင်က ကျစ်ရွှမ်၏ လက်ထဲမှာ သေဆုံးသွားခြင်း၊ ရွှယ်လျန်ကျစ်၊ သူ့ဆရာ၏ သတ်ဖြတ်ခံရခြင်း သို့မဟုတ် သူ့ဘာသာ ခန္ဓာကိုယ်ယိုယွင်းပျက်စီး၍ သေဆုံးခြင်း အစရှိသဖြင့် မတူကွဲပြားကြပေ။ သူက ကျစ်လွီဆဲ့အိမ်ရှေ့စံ၏ လက်ထဲ၌ သေဆုံးသွားခဲ့သည်ဟူသော ဖြစ်ရပ်အခွဲတစ်ခုပင် ရှိသည်။

ရွှီချင်း၏ မျက်လုံးသည် သွေးရောင်လွှမ်းလာသည်။ သေတ္တာထဲမှ နတ်ဘုရားအကြည့်သည် အလွန်စွမ်းအားကြီးမားသည်။ ထို့အပြင် ချူထျန်းချွင်က သူ့မှာရှိသမျှအားလုံးကို ဤတစ်ကြိမ်မှာ အသုံးပြုနေခြင်း ဖြစ်သည်။

သူက အန္တရာယ်ထဲ ကျရောက်နေလေသည်။ ဤအခြေအနေအတွက် ဖြေရှင်းရန် အထိရောက်ဆုံးနည်းလမ်းမှာ သူ့အနာဂတ်ကို ဖိနှိပ်ပြီး တဖက်လူက ပုံရိပ်များကို မပြောင်းလဲနိုင်အောင် တားဆီးရမည် ဖြစ်သည်။

‘ တားမြစ်အဆိပ်နဲ့ ခရမ်းလက မလုံလောက်သေးဘူးဆိုတော့ တကယ်လို့ လောကနှစ်ခုကို ထမ်းထားတဲ့ ဝိညာဉ်စုစည်းခြင်းပုံရိပ်ကို ငါခေါ်ထုတ်လိုက်မယ်ဆိုရင် ငါ့အနာဂတ်ကို မင်းဘယ်လို သက်ရောက်နိုင်ဦးမလဲ ကြည့်ကြတာပေါ့ ’

ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး ညာလက်ကို မြှောက်တင်လိုက်သည်။ ချက်ချင်းပင် မဟာအာကာသလောက၏ မိစ္ဆာအသွင်ပြောင်းစာလုံး(၃၀)က သူ့အရှေ့မှာ ထွက်ပေါ်လာကြသည်။

စာလုံးများ၏ အလျှင်အမြန် လောင်ကျွမ်းမှုကြားမှာ ဧရာမတောင်ထိပ်တစ်ခုသည် ရွှီချင်း၏ အနောက်မှာ ထွက်ပေါ်လာသည်။

အစပိုင်းမှာ ထိုတောင်ထိပ်က မှုန်ဝါးဝါးသာ ဖြစ်သည်။ သို့သော် မိစ္ဆာအသွင်ပြောင်းစာလုံး(၃၀)၏ လောင်ကျွမ်းမှုကြောင့် ယင်းက မြန်မြန်ဆန်ဆန် ရှင်းလင်းထင်ရှားလာသည်။

ယင်းက ရွှီချင်း၏ ပုံရိပ်ကို ဖုံးလွှမ်းသွားပြီး အစားထိုးသွားသည်နှင့်ချက်ချင်း တောင်ထိပ်သည် တင်ပျဉ်ခွေလျက် တရားထိုင်နေသော လူပုံသဏ္ဍာန်သို့ ပြောင်းလဲသွားသည်။

လူပုံရိပ်သည် အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး လက်ထဲမှာ ဓားမော့ရှည်တစ်လက်ကို ကိုင်ထားသည်။ ၎င်း၏ ဒူးခေါင်းအရှေ့မှာ လီယုံကျောက်တိုင်ရှိပြီး ပခုံးပေါ်မှာ ကမ္ဘာကြီးနှစ်ခုကို ထမ်းတင်ထားသည်။

သူ့ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်သံချပ်ကာ၏ တစ်လက်မစီတိုင်းတွင် အဖျက်စွမ်းအားပါဝင်နေပြီး ဓားမော့ရှည်က ကမ္ဘာကို ခုတ်ပိုင်းတော့မည့်ဟန်ရ၏။

အဆုံးမရှိသော ရက်စက်ကြမ်းကြုတ်ခြင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး ကြောက်မက်ဖွယ် အားလှိုင်းများသို့ ပြောင်းလဲသွားသည်။ ထိုအားလှိုင်းများထဲမှာ ရက်စက်ခြင်း၊ ရူးသွပ်ခြင်းနှင့် ဒေါသတို့ပါဝင်နေသည်။

ကမ္ဘာသည် တုန်လှုပ်လာသည်။ လွင်တီးခေါင်မြေသည် ကွဲအက်သွားပြီး အက်ကွဲကြောင်းများက ဟင်းလင်းပြင်ပေါ်မှာ ပေါ်ထွက်လာကြသည်။

တစ္ဆေအင်ပါယာသည် ရွှီချင်းနှင့် ရှစ်ဆယ်ရာခိုင်နှုန်း တူညီသည်။

ရွှီချင်း၏ ပုံရိပ်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ တစ္ဆေအင်ပါယာနှင့် အပြည့်အဝ သူပေါင်းစပ်ပြီးနောက် တစ္ဆေအင်ပါယာတောင်ကုန်းသည် လေထဲသို့ မြှောက်တတ်သွားသည်။ သူက ရုတ်ချည်း မျက်လုံးဖွင့်လိုက်ပြီး မြေပြင်ပေါ်မှ ချူထျန်းချွင်ကို ငုံ့ကြည့်လိုက်သည်။

သူ၏ မျက်လုံးများက နေနှင့်လပမာ ဤကမ္ဘာကို အလင်းရောင်တစ်ခု ထွန်းလင်းပေးနေသည်။ ယင်းက ချူထျန်းချွင်၏ အသိစိတ်ကို မုန်တိုင်းထန်စေပြီး သူ့ကို မယုံကြည်နိုင်ဖွယ်ကောင်းစွာ အထိတ်တလန့် အော်မိစေသည်။

“ ဘာ… ဘာကြီးလဲ ”

“ ဒါ… ဒါကြီးက ရွှေအမြူတေလား ”

ချူထျန်းချွင်သည် အမုန်းတရားကြောင့် ရူးသွပ်နေသော်လည်း ဤမြင်ကွင်းကိုမြင်ပြီးနောက် ထိတ်လန့်သွားပြီး အသိတရားပြန်ဝင်လာသည်။ ရွှီချင်းဆီမှာ ကြောက်မက်ဖွယ်ရာ ဝှက်ဖဲအများအပြား ရှိနေမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

“ နတ်ဘုရားအခွင့်အာဏာနှစ်ခုနဲ့ လောကနှစ်ပါး ဝိညာဉ်စုစည်းခြင်းပုံရိပ်… အဲ့ဒါက တစ္ဆေအင်ပါယာလား ”

ချူထျန်းချွင်၏ အသိစိတ်က တုန်လှုပ်နေစဉ် တစ္ဆေအင်ပါယာက မြေပေါ်သို့ ဆင်းသက်လာသည်။

ချက်ချင်းပင် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက သူ့ထံမှ ပေါက်ကွဲထွက်လာပြီး ကမ္ဘာကို ဖြတ်ကျော်သွားသည်။ တစ္ဆေအင်ပါယာဆင်းသက်လာသည်နှင့် မြေပြင်သည် အပိုင်းပိုင်းအစိတ်စိတ် အက်ကွဲသွားပြီး နေရာအနှံ့သို့ ပြန့်ကျဲသွားကြသည်။ ချူထျန်းချွင်သည် ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး အဆုံးမရှိသော ချောက်နက်ထဲသို့ ပြုတ်ကျသွားသည့်အလား ဆွဲဆွဲငင်ငင် အော်ဟစ်ညည်းညူလိုက်သည်။

တစ္ဆေအင်ပါယာဆင်းသက်လာပြီး ချူထျန်းချွင်က သွေးအန်လိုက်ရသည့်အခါ ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ မရေမတွက်နိုင်သော အနာဂတ်ပုံရိပ်များသည် စတင်မှေးမှိန်လာကြသည်။ ထို့နောက် အတူတကွ လွင့်ပြယ်သွားကြသည်။

ချက်ချင်း ကမ္ဘာအပိုင်းအစတစ်ခုလုံးက တုန်ခါလာသည်။ ချူထျန်းချွင်သည် ခါးသီးစွာ ရယ်မောလိုက်ပြီး အပေါ်မှ ဆက်လက်ကျဆင်းလာနေသော ကမ္ဘာအက်ကွဲစေမည့် ပုံရိပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက အနက်ရှိုင်းဆုံးထဲမှာ မသဲမကွဲတည်ရှိနေသော ရွှီချင်း၏ ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး စိတ်ပျက်စွာ အော်လိုက်သည်။

“ အနာဂတ်ကို ဖိနှိပ်ဖို့ နတ်ဘုရားအခွင့်အာဏာနှစ်ခုနဲ့ တစ္ဆေအင်ပါယာရဲ့ ပုံရိပ်ကို သုံးတယ်… ဘယ်လောက်မိုက်တဲ့ အကွက်လဲ ”

“ ရွှီချင်း… တကယ်လို့ မင်းရဲ့အနာဂတ်ကို ငါမဖြတ်ပစ်နိုင်ဘူးဆိုရင် မင်းရဲ့ အတိတ်ဆိုရင်ရော… ငါ မင်းရဲ့ အတိတ်ကို ဖျက်ဆီးပစ်မယ်… ဒီကမ္ဘာက မင်းကို မေ့သွားအောင် လုပ်ပစ်မယ် ”

ချူထျန်းချွင်က အော်ပြောလိုက်သည်နှင့် သူ၏ ကျန်ရှိနေသော ခန္ဓာကိုယ်တစ်ပိုင်းမှ တစ်ဝက်က ခြောက်သွေ့သွားပြီး ဖုန်မှုန့်သို့ ပြောင်းလဲသွားသည်။ အကယ်၍ သူက နတ်ဘုရားအစွမ်းကို ဤသို့ဆက်လက်သုံးနေမည်ဆိုလျှင် သူ၏ အဆုံးမဲ့ပြန်လည်ရှင်သန်ခြင်းက ပပျောက်သွားလိမ့်မည်ဖြစ်ကြောင်း အာရုံခံမိသည်။ သို့သော်လည်း သူက ရွှီချင်းကိုသတ်ရန် မည်သည့်အရာကိုမဆိုစတေးဖို့ စိတ်ဆုံးဖြတ်ပြီးပြီ ဖြစ်၏။

နတ်ဘုရားအလင်းက သူ၏ လက်ထဲသို့ ပေါင်းစပ်သွားပြီး သူက ကြမ်းကြုတ်စွာ လက်ညှိုးထိုးလိုက်သည်။

“ နတ်အတတ်… အတိတ်… ဗလာပဲကျန်စေ ”

All Chapters