ငါဘာကိုမြင်ခဲ့တာလဲ… (က)
Vol. 41 Ch. 617
အနာဂတ်သည် စိတ်ကူးစိတ်သန်းထဲမှာ တည်ရှိပြီး အတိတ်ကတော့ မှတ်ဉာဏ်များထဲမှာ တည်ရှိသည်။
ထို့ကြောင့် ဤကမ္ဘာထဲမှ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အကြောင်းအရာမှန်သမျှကို ဖျက်ပစ်လိုက်သည့်အခါ ထိုသူ၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများသည် သူ့ကို မော့လျော့သွားကြလိမ့်မည်။ ထိုသူက သူတို့၏ ဘဝများထဲမှာ မည်သည့်အခါကမှ မရှိခဲ့သလို ဖြစ်လာလိမ့်မည်။
သူတို့၏ မှတ်ဉာဏ်များထဲမှာ ထိုသူက ဗလာအဖြစ် ရှိနေလိမ့်မည်။
သို့ဆိုလျှင် ထိုသူက တကယ်ပဲ ဤကမ္ဘာမှာ ရှိနေခဲ့သလား။
သူရှိနေခဲ့သည်မှာ ဖြစ်နိုင်၏။ သို့သော် မည်သူမှမသိကြပေ။ မည်သူမှ မမှတ်မိကြပေ။ သူနှင့်ပတ်သက်သော အရာအားလုံးက မေ့လျော့ခံရလိမ့်မည်။
အကယ်၍ ထိုမှတ်ဉာဏ်အားလုံးက ဗလာဖြစ်သွားမည်ဆိုလျှင် သူက နတ္ထိအဖြစ် ပျောက်ကွယ်သွားခြင်းက ဖြစ်နိုင်ခြေရှိ၏။ သူ့မှာ နာမည်မရှိတော့သလို အတိတ်နှင့်အနာဂတ်လည်း ရှိတော့မည်မဟုတ်ချေ။
ယင်းက နောက်ထပ် နတ်စွမ်းရည်တစ်မျိုးဖြစ်ပြီး အတိတ်ကို ပစ်မှတ်ထားသော စွမ်းရည်ဖြစ်သည်။
မေ့လျော့စေ …
ချူထျန်းချွင်သည် သူ၏ မူလစွမ်းအားကိုချဲ့ထွင်ပြီး နတ်ဘုရားအစွမ်းကို ထပ်တိုးမြှင့်စေသည်။ ထိုအခါ ဤရှေးကမ္ဘာအပိုင်းအစ၏ လည်ပတ်မှုသည် ရပ်တန့်သွားဟန်ရ၏။
တစ်ချိန်တည်းမှာ ချူထျန်းချွင်၏ ခန္ဓာကိုယ်နှင့် သူ့ဦးခေါင်းပေါ်သို့ ဆင်းသက်လာနေသော တစ္ဆေအင်ပါယာတောင်ကုန်း၏ ပုံရိပ်သည်လည်း အေးခဲသွားကြသည်။
ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်သွားပြီး အေးခဲသွားသည်။ နတ်ဘုရားအလင်းဖြင့် ရစ်သိုင်းခြုံထားသော ချူထျန်းချွင်၏ နတ်ဝိညာဉ်သည်သာ သူ၏ နဖူးထဲမှ ပျံသန်းထွက်လာသည်။ ယင်းက ရပ်တန့်နေသော ဤကမ္ဘာထဲမှာ လှုပ်ရှားနိုင်သည့် တစ်ခုတည်းသော တည်ရှိမှုဖြစ်လာသည်။
သူက ခေါင်းမော့လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ ဒါ… ဗလာဖြစ်စေတာလား ”
ချူထျန်းချွင်သည် တီးတိုးရေရွတ်လိုက်သည်။ ဤသည်မှာ ဤမျှအစွမ်းကြီးမားသော အထွတ်အထိပ် နတ်အတတ်တစ်ခုကို ပထမဆုံးအကြိမ် သူအသုံးပြုဖူးခြင်း ဖြစ်သည်။ သူ၏ မျက်လုံးထဲမှာ ဤကမ္ဘာသည် အစစ်အမှန်နှင့် ခြားနားနေ၏။
ကောင်းကင်သည် တည်ရှိမနေသလို မြေပြင်သည်လည်း တည်ရှိမနေပေ။ အရာအားလုံး ပျောက်ကွယ်သွားကြသည်။
စောစောက သူမြင်တွေ့ခဲ့ရသော အရာအားလုံးက အတုအယောင်ဖြစ်နေသည့်အလားပင်။
ဤဟင်းလင်းပြင်းထဲမှာ မျောလွင့်နေသော မြူခိုးဘောလုံးတစ်လုံးသာ ရှိ၏။ ယင်းက စောစောတုန်းက ရွှီချင်းရှိနေခဲ့သောနေရာမှာ ရှိနေ၏။
ချူထျန်းချွင်သည် မြူခိုးကိုကြည့်နေလျက် ယင်းက သူသွားရမည့်နေရာဖြစ်ကြောင်း သိလိုက်သည်။ သူက ထိုမြူခိုးထဲမှာရှိသည့် ရွှီချင်းကို မှတ်မိသော လူတိုင်း၏ မှတ်ဉာဏ်တံခါးများကို လိုက်ပိတ်နိုင်သရွေ့ ဤနတ်အတတ်က အောင်မြင်သွားလိမ့်မည်။
ချူထျန်းချွင်၏ ဝိညာဉ်သည် တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ မြူခိုးဆီသို့ ဦးတည်ပျံသန်းသွားပြီး အတွင်းပိုင်းထဲသို့ ဝင်ရောက်သွားသည်။
အဆုံးမရှိသော မြူခိုးထဲ၌ မရေမတွက်နိုင်သော တံခါးများသည် ချူထျန်းချွင်၏ အရှေ့မှာ ပေါ်ထွက်လာကြသည်။ ထိုတံခါးများသည် အရွယ်အစားစုံလင်ပြီး ပုံစံမျိုးစုံရှိကြသည်။ တချို့တံခါးက လုံးဝန်းပြီး တချို့တံခါးက လေးထောင့်ပုံစံရှိသည်။ ထူးထူးဆန်းဆန်းပုံစံများနှင့် တံခါးများလည်း ရှိကြသည်။ တချို့တံခါးက အသစ်ဖြစ်ပြီး တချို့တံခါးက အိုဟောင်းသည်။ တံခါးများတွင် အသုံးပြုထားသော ပစ္စည်းများကလည်း တစ်ခုနှင့်တစ်ခု မတူကြချေ။
တံခါးများသည် တစ်ခုနှင့်တစ်ခု အထပ်ထပ်ပူးကပ်ရှိနေကြပြီး လျှောက်လမ်းတစ်ခုကို ဖြစ်ပေါ်စေသည်။
“ အဲ့ဒီမှာ ”
ချူထျန်းချွင်သည် လက်ကိုဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူ၏ ဝိညာဉ်ပေါ်မှ နတ်ဘုရားအလင်းသည် ပေါ်ထွက်လာသည်။ သူက ချိပ်တံဆိပ်များစွာကို အမြန်ဖွဲ့စည်းလိုက်ပြီး သူ့အရှေ့မှ တံခါးများကို ချိပ်ပိတ်ပစ်လိုက်သည်။
တံခါးတစ်ခုစီသည် ရွှီချင်းအပေါ် သက်ရှိတစ်ဦးဦး၏ မှတ်ဉာဏ်များကို ကိုယ်စားပြုသည်။
အဆုံးမဲ့မြူခိုးထဲ၌ ချူထျန်းချွင်၏ ဝိညာဉ်သည် လျှောက်လမ်းပေါ်မှာ အလွန်မြန်ဆန်စွာ ရွေ့လျားနေသည်။ နတ်ဘုရားအလင်းသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားပြီး အနီးနားဝန်းကျင်မှ တံခါးများကို တစ်ခုပြီးတစ်ခု ချိပ်ပိတ်ပစ်လိုက်သည်။
အရာအားလုံးက အဆင်ပြေချောမွေ့စွာ ဆက်သွားနေသည်ကို မြင်သောအခါ ချူထျန်းချွင်၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှု ထွက်ပေါ်လာသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ တံခါးများစွာရှိသည့်ကြားမှ အဝိုင်းတံခါးတစ်ခုသည် ချူထျန်းချွင်၏ ချိပ်တံဆိပ်နတ်ဘုရားအလင်းနှင့် ထိတွေ့သွားသည့်အခါ မှေးမှိန်မသွားပေ။ ယင်းအစား နတ်ဘုရားအလင်းနှင့် ထိတွေ့ပြီးနောက် တံခါးက တိတ်တဆိတ် ပွင့်သွားသည်။
တံခါး၏ အနောက်တွင် သွေးနီရောင်မျက်လုံးတစ်လုံးသည် ရုတ်တရက် ပေါ်ထွက်လာပြီး ချူထျန်းချွင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် လျှောက်လမ်းတစ်ခုလုံး ပရမ်းပတာဖြစ်လာပြီး နတ်ဘုရားအစွမ်းက ထွက်ပေါ်လာသည်။ ချူထျန်းချွင်၏ နတ်ဝိညာဉ်သည် သွေးပျက်ဖွယ် အော်ဟစ်သံကို ထုတ်ဖော်လိုက်ရသည်။ ထိုသို့အရေးကြီးအခိုက်အတန့်မှာ သူ့နတ်ဝိညာဉ်၏ ညာလက်သည် ပေါက်ကွဲထွက်သွားပြီး အကြည့်စွမ်းအားကို တားဆီးရန် နတ်ဘုရားအလင်းရောင်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့နောက် သူက ထိုဧရိယာထဲမှ အလျှင်အမြန် ထွက်ပြေးသွားသည်။
အန္တရာယ်ကင်းဧရိယာထဲသို့ သူရောက်သွားသည့်အခါမှသာ သက်ပြင်းချနိုင်တော့သည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ တုန်လှုပ်ခြောက်ခြားမှုက ကျန်ရှိနေဆဲပင်။
ထိုမျက်လုံးကို သူသိသည်။ ယင်းက နတ်ဘုရားတစ်ပါး၏ မျက်လုံးဖြစ်သည်။
အဘယ့်ကြောင့် သူက အတိတ်ဗလာဖြစ်စေ နတ်အတတ်ကို နောက်ဆုံးအချိန်ရောက်မှ ထုတ်သုံးရလဲဆိုသည်မှာ ထိုအကြောင်းအရင်းကြောင့်ပင် ဖြစ်သည်။
ထိုအတတ်ပညာ၏ အတိုင်းအတာသည် အလွန်ကျယ်ပြောသည်။ တချို့လူများက မှတ်ဉာဏ်များကို မေ့လျော့ရန် အလွယ်တကူ ရွေးချယ်ကြလိမ့်မည်။ သို့သော် မေ့လျော့ရန် ဆန္ဒမရှိကြသည့် တချို့လူများလည်း ရှိကြသည်။ ဒုတိယတစ်ခုက ချူထျန်းချွင်အတွက် အတားအဆီးဖြစ်လာလိမ့်မည်။
တစ်ချိန်တည်းမှာ ယင်းက ပြင်ပကမ္ဘာ၏ စိတ်အာရုံကို အလွယ်လေး ဖမ်းစားနိုင်ပြီး ဤသတ်ဖြတ်ခြင်းထောင်ချောက်ထဲမှာ ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သည်။
ထို့အပြင် သူ၏ လုပ်ဆောင်မှုက ကမ္ဘာအက်ကွဲစေမည့် ကဒ်ဘေးတစ်ခုကို ဆွဲဆောင်နိုင်လိမ့်မည်ဟူသော ဖြစ်နိုင်ခြေတစ်ခုလည်း ရှိသေး၏။ မည်သို့ဖြစ်စေ ရွှီချင်းအပေါ် သူ၏ နားလည်မှုက မသေးပေ။ အကယ်၍ သူသာ ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုနှင့် တွေ့ဆုံခဲ့သော် တန်ပြန်ဆိုးကျိုးကို ခံစားရလိမ့်မည် ဖြစ်၏။
သူလုပ်နိုင်သည်မှာ သူ၏ နတ်ဘုရားအစွမ်းက ရွှီချင်းကို မှတ်မိသော ကြောက်မက်ဖွယ်ရာ တည်ရှိမှုများအပေါ် လွှမ်းမိုးနိုင်ပါစေဟု ဆုတောင်းရုံမျှသာ တတ်နိုင်၏။ ယင်းက အချိန်တစ်ခဏလေးဆိုလျှင်ပင် သူ့အတွက် လုံလောက်ပေသည်။
သူက ထာဝရမေ့လျော့ခြင်းကို မလိုအပ်ပေ။ သူလိုအပ်သည်မှာ ဤကမ္ဘာပေါ်ရှိ မည်သူကမှ ရွှီချင်းကို စက္ကန့်ပိုင်းလောက် မမှတ်မိတော့ရန် ဖြစ်သည်။
ထိုအခိုက်အတန့်မှာ သူက ရွှီချင်းကို သတ်ပစ်နိုင်လိမ့်မည်။
“ ရွှီချင်းမှာ နတ်အတတ်တွေရှိတယ်… ဒီတော့ သူ့မှတ်ဉာဏ်ထဲမှာ နတ်ဘုရားတွေရှိနေတာက ပုံမှန်ကိစ္စပဲ… ကံကောင်းစွာပဲ ငါ့နတ်ဘုရားအလင်းက နတ်ဘုရားအကြည့်ကို တားဆီးဖို့ ကူညီပေးခဲ့တယ် ”
“ ပြီးတော့ တံခါးအားလုံးကို ငါချိပ်ပိတ်ဖို့ မလိုဘူး…. ချိပ်မပိတ်တဲ့ တံခါးက ဆယ်ခုထက် ပိုမများဘူးဆိုရင် နတ်အတတ်ပြီးစီးတာနဲ့ သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင် ငါလုပ်နိုင်တယ် ”
ချူထျန်းချွင်၏ မျက်နှာပေါ်မှာ စိတ်ဆုံးဖြတ်ပြီးသော အမူအရာ ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ဆက်လက်ပျံသန်းသွားပြီး အနီးနားဝန်းကျင်မှ တံခါးများကို ချိပ်ပိတ်ရန် နတ်ဘုရားအလင်းကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်သည်။ တံခါး(၃၀)ကို သူချိပ်ပိတ်ပြီးသောအခါ နောက်ထပ်တံခါးတစ်ခုက ဝုန်းခနဲ ပွင့်သွားသည်။
တဂျွတ်ဂျွတ်ဝါးစားနေသံက တံခါးထဲမှ ထွက်ပေါ်လာသည်။
ထိုအသံသည် အိမ်မက်ဆိုးတစ်ခုကဲ့သို့ပင်။ ထိုအသံကိုကြားသည့်သူတိုင်း မရူးသွပ်ဘဲ မနေနိုင်ပေ။ သူတို့၏ ခန္ဓာကိုယ်က ဝါးမျိုခံနေရသည့်အလား ခံစားရလာလိမ့်မည်။ ချူထျန်းချွင်သည် ဝမ်းနည်းဖွယ်ကောင်းစွာ အော်မြည်လိုက်သည်။ သူက ချက်ချင်းပဲ ခြေထောက်တစ်ချောင်းကို ဖျက်ဆီးလိုက်ပြီး နတ်ဘုရားအလင်းရောင်သို့ ပြောင်းစေကာ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
“ အဆင်ပြေသေးတယ်… သူ့မှာ နတ်ဘုရားအခွင့်အာဏာနှစ်ခုရှိတာပဲ… ဒီတော့ သူ့မှတ်ဉာဏ်ထဲမှာ နတ်ဘုရားနှစ်ပါးရဲ့ မှတ်ဉာဏ်တံခါးရှိတာက ဖြစ်သင့်ပါတယ် ”
ချူထျန်းချွင်သည် အနည်းငယ် တုန်ယင်လာသော်လည်း အရှေ့သို့ ဆက်လက်ပျံသွားဆဲပင်။ သို့သော်လည်း (၅၀)ခုမြောက် တံခါးနောက်မှ သွေးနီရောင်ဂိတ်သည် ရုတ်တရက် ပွင့်သွားသည်။