မိုးကြိုးအမျက်
Vol. 26 Ch. 376
တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော လူစုလူဝေးနှင့် အုန်းအုန်းကျွတ်ကျွတ်ဖြစ်ပွားမှုက မပေါ့ပေ။
ထိုနေရာတွင် စုဝေးလာသော ကျင့်ကြံသူအရေအတွက်သည် အရမ်းကို များလာပြီး ရွှမ်ထျန်းမြို့ထဲရှိ ထိပ်သီးအဖွဲ့အစည်းများပင် သတိပြုမိလာကြ၏။
ရုပ်သေးဂိုဏ်းနှင့် ကြိုးကြာတစ်ထောင်ဂိုဏ်းမှ အမွေခံသူများသည် ရောက်ချလာပြီး ရှည်လျားသော လမ်းမထက်မှ ကြောက်စရာကောင်းသည့်တိုက်ပွဲကို လာကြည့်ကြလေသည်။
ရွှမ်ထျန်းမြို့၏ အရှေ့ဘက်ခြမ်းတွင်..
အိမ်တော်တစ်လုံး၏ ရှေ့၌ တန်ဖိုးကြီးဝတ်စုံနှင့်လူတစ်ယောက် မတ်တပ်ရပ်နေ၏။ သူ့လက်နှစ်ဖက်ကို နောက်ပစ်၍ ကောင်းကင်ထက်သို့ မျက်မှောင်ကြုတ်ပြီး ကြည့်နေ၏။ သူ့မျက်လုံးက ဖန်သားကဲ့သို့ ကြည်လင်နေလေသည်။
“စီနီယာအစ်ကိုဖေး”
ဖန်သားနန်းတော်၏ ကျင့်ကြံသူတစ်ယောက်က မိုးရေထဲကနေ ပြေးချလာ၏။ တန်ဖိုးကြီးဝတ်စုံနှင့်လူရှေ့သို့ ရောက်သောအခါ သူက လက်သီးဆုပ်လေးစားဟန်ပြကာ နှုတ်ဆက်လိုက်၏။
“သားရဲစီးဓါးပြသုံးယောက် ပြန်ရောက်လာပါပြီ.. လမ်းမပေါ်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်နေကြတယ်... အခုချိန်ထိ ဘယ်ဘက်က နိုင်မလဲ မပြောနိုင်သေးပါဘူး”
တန်ဖိုးကြီးဝတ်စုံနှင့်လူက အာရုံပျက်သွား၏။ သူ့မျက်လုံးများက တွေဝေမှင်တက်နေပြီး ဘာမှကို မကြားလိုက်ရသလိုပင်။
“ဟမ်”
ခဏနေပြီးနောက် သူ့အမူအယာက ပြောင်းလဲသွားပြီး ဖန်သားနန်းတော်၏ ကျင့်ကြံသူဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကာ မျက်မှောင်ကြုတ်သွား၏။
“ဘာဖြစ်တယ်.. အနိုင်အရှုံးက ပြောလို့မရသေးဘူး ဟုတ်လား”
“ဟုတ်ပါတယ်”
ထိုကျင့်ကြံသူက ခေါင်းညိတ်ပြလိုက်၏။
“လန့်ထန်က ရောက်ရောက်ချင်းပဲ ဆူဇီမိုရဲ့ မြားချက်နဲ့ တန်းသေသွားတယ်.. အဲ့လူမှာ ပကတိအဆင့် စိတ်ဝိညာဉ်လက်နက်တစ်လက်ရှိပြီးတော့ သူရဲ့ အနီးကပ်တိုက်ခိုက်ရည်က အရမ်းကို ကြောက်ဖို့ကောင်းပါတယ်”
“အဲ့ဒီနောက် လူလေးယောက်က ရောက်ချလာပြီး ဆူဇီမိုဘက်ကနေ ဝိုင်းတိုက်တော့တာပဲ.. အခုချိန်ထိတော့ ဘာဆက်ဖြစ်မလဲ ပြောလို့မရသေးဘူး.. အခု ဆူဇီမိုက မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်တွေ ဖြစ်တဲ့ ချိုင်လီနဲ့ ဟူမုန့်တို့နဲ့ တိုက်နေကြတယ်.. နောက်ဆုံးမှာ ဘယ်သူက အသာရသွားမလဲဆိုတာ ပြောဖို့ခက်ပါတယ်”
“လူဆိုးလူမိုက် တစ်ထောင်ကျော်ကျော် ဝိုင်းတိုက်တာတောင် သူတို့ငါးယောက်က အခုချိန်ထိ တောင့်ခံထားနိုင်သေးတယ်ပေါ့”
“အင်း.. မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်နှစ်ယောက်နဲ့ တိုက်နေတဲ့ ဆူဇီမိုက နောက်ကိုတောင် မဆုတ်ရတော့ဘူး.. နဲနဲတောင် အသာစီးရနေသလိုပဲ”
“အို.. စိတ်ဝင်စားဖို့ ကောင်းသားပဲ”
တန်ဖိုးကြီးဝတ်စုံနှင့်လူက သူ၏ ရှည်လျားသွယ်လျသော လက်ချောင်းများကို ငုံ့ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
ခဏနေပြီးနောက် တစ်ခုခုကို ဆုံးဖြတ်ချလိုက်သလို သူ့မျက်လုံးများက တောက်ပလာပြီး ရုတ်ရတ် ပြောလိုက်လေသည်။
“လူနဲနဲလောက် ခေါ်လာခဲ့ကွာ.. ငါတို့ တစ်ချက်လောက် သွားကြည့်ရအောင်”
“ဟုတ်ကဲ့ပါခင်ဗျ”
တစ်ချိန်တည်းမှာပင် မြို့၏ အနောက်ဘက်ခြမ်း နန်းဆောင်တစ်ခုထဲ၌..
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားတစ်ယောက်သည် ခပ်သွက်သွက် လျှောက်လှမ်းလာပြီး အနက်ရောင်ဝတ်ရုံနှင့်လူရှေ့အရောက်တွင် ဒူးထောက်ချလိုက်ကာ ခေါင်းငုံ့၍ အစီရင်ခံတင်ပြလိုက်၏။
“မိစ္ဆာအမွေခံသူခင်ဗျ.. လမ်းမထက်က တိုက်ပွဲမှာ သားရဲစီးဓါးပြတွေ တော်တော်လေး အထိနာနေပါတယ်.. ဆူဇီမိုက အခုထိ မသေသေးတဲ့အပြင် တိုက်ပွဲအရှိန်က ဆက်တက်နေပြီး ရလဒ်က ခန့်မှန်းလို့ မရတော့ပါဘူး”
“အမ်”
အနက်ရောင်ဝတ်ကျင့်ကြံသူက ရုတ်တရတ် သူ့မျက်လုံးကို ဖွင့်လိုက်ပြီး မျက်လုံးမှေးကြည့်ကာ မေးလိုက်၏။
“သူက အခုချိန်ထိ တောင့်ခံထားနိုင်တုန်းလား”
ခဏကြာ ချင့်ချိန်ပြီးနောက် သူက မတ်တပ်ထရပ်၍ သူ့ရှေ့က အရိုးလှံတံကို ဆုပ်ကိုင်ကာ အေးတိအေးစက် ပြောလိုက်၏။
“တစ်ချက်လောက်တော့ သွားကြရသေးတာပေါ့”
ရှည်လျားသောလမ်းမထက်မှ တိုက်ပွဲက ရွှမ်ထျန်းတစ်မြို့လုံးကို နှိုးဆွပေးလိုက်လေသည်။
. . .
ကောင်းကင်ယံထက်တွင် တိမ်ညိုတိမ်မည်းများက အုံ့ဆိုင်းနေပြီး လျှပ်စီးများက နေရာပေါင်းစုံမှ တဖျတ်ဖျတ်လက်နေ၏။
အလင်းနှင့်အမှောင်က တစ်လှည့်စီ ပြောင်းလဲနေပြီး ကမ္ဘာက တဖျတ်ဖျတ်လက်နေ၏။
ရှည်လျားသော လမ်းမထက်တွင် အရိပ်များက လွှမ်းခြုံ ပြည့်နှက်နေလေသည်။
တိုက်ပွဲက မရပ်မနား ကြောက်စရာကောင်းလောက်အောင်ပင် ဆက်လက်ဖြစ်ပွားနေ၏။ နှစ်ဖက်စလုံးရှိ ကျင့်ကြံသူများအားလုံးသည် သူတို့ခွန်အား၏ အကန့်အသတ်ကို ရောက်ရှိနေကြလေပြီ။
ကျိချန်းရှန်နှင့် အခြားသုံးယောက်သည် ဒဏ်ရာများ ဗရပွနှင့် ပြည့်နှက်နေ၏။ သူတို့၏ တြိဂံသဏ္ဌာန် ဗျူဟာအခင်းအကျင်းက အလုပ်ဖြစ်နေသေးသော်လည်း သိပ်ကြာကြာ တောင့်ခံနိုင်တော့မည်ပုံ မပေါ်တော့ပေ။
တိုက်ပွဲကွင်း၏ အခြားတစ်ဖက်မှာတော့ ဆူဇီမိုသည် ပို၍ပို၍ ပြင်းထန်ကြမ်းကြုတ်လာ၏။ သူ၏ ဒူပေနာပေခံသော ကိုယ်ကာယနှင့် ကြောက်စရာကောင်းလောက်သော သက်လုံအောက်တွင် ချိုင်လီနှင့် ဟူမုန့်တို့သည် စတင်အဖိနှိမ်ခံလာရလေသည်။
အခြေအနေက ပြောလို့တော့ မရသေးပေ။
ကျိချန်းရှန်တို့အဖွဲ့နှင့် လူဆိုးလူမိုက်များက တစ်ဖက်၊ ဆူဇီမိုနှင့် ချိုင်လီတို့နှစ်ယောက်က တစ်ဖက်နှင့် တိုက်ပွဲက နှစ်နေရာကွဲနေ၏။ တစ်ဖက်ဖက်မှ တစ်ဖွဲ့က စတင်အနိုင်ရသည်နှင့် တိုက်ပွဲအဖြေက ထွက်ပေါ်လာပေလိမ့်မည်။
ဆူဇီမိုအနေနှင့် ဤတိုက်ပွဲကို အနိုင်ရချင်လျှင် အလွယ်ကလေးပင်။
သူက နောက်ဆုံးဝှက်ဖဲဖြစ်သော သားရဲသွင်ပြင်ကို ထုတ်ဖော်လိုက်ရုံပင်။
သို့သော်လည်း ထိုသို့ လုပ်၍ အနိုင်ရပြီးသည်နှင့် သူက အားလုံး၏ ပစ်မှတ်ဖြစ်လာပြီး ရှေးဟောင်းတိုက်ပွဲမြေတွင် အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်ရပေတော့မည်။ သူက ထျန်ဟွမ်ကမ္ဘာသို့ ပြန်ရောက်လျှင်တောင် အပယ်ခံဘဝနှင့် နေရပေတော့မည်။
ဆန်းကြယ်တောင်ထွတ်ကတောင် သူ့ကို လက်ခံချင်မှာ မဟုတ်တော့ပေ။
ဘယ်လိုမှ မတတ်သာတော့သည့် အခြေအနေကို မရောက်မချင်း.. ဆူဇီမိုသည် အဲ့ဒါကို ရွေးချယ်လိမ့်မည် မဟုတ်ပေ။
သားရဲစီးဓါးပြခေါင်းဆောင် ချိုင်လီက အခြေအနေကို သဘောပေါက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ကြေညာလိုက်၏။
“ဒီမှာကြည့်နေကြတဲ့ အဖွဲ့တွေအကုန်လုံး နားထောင်ပေးကြပါ.. ခင်ဗျားတို့က ကျုပ်တို့အတွက် ဒီငါးယောက်ကို ကူသတ်ပေးမယ်ဆိုရင်.. ဆေးရေအိုင်ဂိုဏ်းအပျက်အစီးနေရာအတွက် ယှဉ်ပြိုင်ကြတဲ့အခါ ကျုပ်တို့အဖွဲ့က ခင်ဗျားတို့ဘက်ကနေ ကူတိုက်ပေးမယ်လို့ ကျိန်ဆိုတယ်ဗျာ”
“ဟုတ်တယ် ကျုပ်လဲကျိန်တယ်”
ဟူမုန့်သည်လည်း အော်ပြောလိုက်၏။
“အခုချိန် ကျုပ်တို့ဘက် ပါပေးမယ့် ကျင့်ကြံသူတွေကို ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါမယ်ဗျာ.. ဆူဇီမိုကို သတ်ပေးနိုင်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် မရီးဒါန်ဖွင့်ဆေးလုံးတစ်လုံး ရစေရပါမယ်”
ထိုသို့ သူပြောပြီးသည်နှင့် အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားကြ၏။
အစတုန်းကတော့ အခြားအဖွဲ့များနှင့် ကျင့်ကြံသူများသည် ပွဲကြည့်ရုံသက်သက်သက်သာ ဒီနေရာကို ရောက်နေကြခြင်း ဖြစ်လေသည်။ အခုအခါမှာတော့ သူတို့ပါ စိတ်ပါလာကြလေပြီ။
“ဟိုမှာကြည့်စမ်း.. ဖန်သားနန်းတော်က ဖေးချွန်ယွီ.. သူ့လူတွေနဲ့ ရောက်လာပြီ”
“ဒီဘက်မှာလဲ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက အမွေခံသူ ရွှယ်ယန်ရောက်နေပြီ”
ရွှမ်ထျန်းမြို့က ရှည်လျားသော လမ်းမထက်ကို ထိပ်သီးအဖွဲ့အစည်းများပါ ထပ်ပေါင်းရောက်ရှိလာခြင်းက အခြေအနေကို ပိုမိုရှုပ်ထွေးလာစေလေသည်။
ဆူဇီမိုသည် သူ့ဘေးပတ်လည်မှ လူစုလူဝေးကို မြင်သောအခါ သူ့မျက်လုံးများက သတ်လိုဖြတ်လိုခြင်းနှင့် တောက်ပလာလေသည်။
ဒီတိုက်ပွဲကို တတ်နိုင်သမျှ သူမြန်မြန် အဆုံးသတ်မှ ရပေတော့မည်။
ထိုသို့မဟုတ်ဘဲ တိုက်ပွဲတွင်းသို့ ထိပ်သီးအဖွဲ့အစည်းများကပါ ဝင်ရောက်စွက်ဖက်လာပါက သူတို့ငါးယောက်အတွက် ဆိုးဆိုးရွားရွားတွေ ဖြစ်လာနိုင်လေသည်။
သားရဲသွင်ပြင်ကို မပြောင်းလဲဘဲ မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်နှစ်ယောက်ကို တတ်နိုင်သမျှ မြန်မြန်သတ်ဖြတ်ဖို့ သူ့မှာ တခြားဘာနည်းလမ်းတွေ ရှိနိုင်မလဲ..
ဆူဇီမိုသည် အသည်းအသန် စဉ်းစားလိုက်၏။
ရုတ်တရက်..
လမ်းမပေါ်ကို ကြီးမားသည့် မိုးကြိုးကြီးက ပစ်ချလိုက်သောကြောင့် လမ်းမက ဟက်တက်ကြီးကွဲသွားပြီး မည်းတူးသွားလေသည်။
အဲ့ဒါက မည်သူမှ မယှဉ်နိုင်သော စကြာတဠာ၏ စွမ်းအားပင် ဖြစ်လေသည်။
ခဏနေပြီးသော် ကျယ်လောင်သည့် မိုးကြိုးပစ်ချသံကြီးက မြည်ဟည်းထွက်လာ၏။
ဆူဇီမို၏ ခေါင်းထဲသို့ အတွေးတစ်ခုက ရုတ်တရက် ဝင်ရောက်လာလေသည်။ သူက တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့ လှမ်းတက်လိုက်သောအခါ သူ့ခြေထောက်အောက်ရှိ သမံတလင်းက ပေါက်ကွဲထွက်သွားပြီး ကျောက်စရစ်ခဲစများက အဘက်ဘက်သို့ လွင့်စင်ထွက်သွား၏။
ပြင်းထန်သည့် ကန်အားဖြင့် သူသည် လေထဲသို့ တက်သွား၏။ သူသည် သွေးသောက်သူကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ပင့်မြှောက်ပြီး ဗလာနယ်မိုးကြိုးအတတ်မှ မနောသုတ္တန်တစ်ခုကို ရွတ်ဆိုလိုက်လေသည်။ သူ့သွေးများက ဆူပွက်လာပြီး ကောင်းကင်ထက်မှ မိုးကြိုးသံများနှင့် စည်းချက်ညီလာ၏။
ဝုန်း.. ဝုန်း.. ဂျိန်း..
မိုးကောင်းကင်ထက်တွင် ထောင်ပေါင်းများစွာသော စစ်ရထားများ ဖြတ်မောင်းလာသလို မိုးကြိုးသံများက တဝုန်းဝုန်း၊ တဂျိန်းဂျိန်းဖြင့် သိပ်သည်းပြင်းထန်လာ၏။
ရွှမ်ထျန်းမြို၏ ကောင်းကင်က လျှပ်စီးပင်လယ်ကြီးလို မိုးကြိုးအလင်းများက တဖျတ်ဖျတ်တလက်လက်နှင့် ယှက်ဖြာပြည့်နှက်သွား၏။
လျှပ်စီးပင်လယ်ကြီးက ပေါ်နေချိန် ဆူဇီမို၏ လေထဲသို့ ခုန်တက်လိုက်ခြင်းက လူတိုင်း၏ အကြည့်များကို ဆွဲဆောင်မိသွားလေသည်။
ထိုအခိုက်အတန့်၌ ဆူဇီမိုသည် လျှပ်စီးပင်လယ်ကြီး၏ အလယ်မှာ ရောက်နေပြီး တစ်ဟုန်ထိုး တက်လာသော အော်ရာနှင့်အတူ သူက ပြိုင်ဘက်ကင်း အစစ်အမှန် နတ်ဘုရားတစ်ပါးအလား ဖြစ်လာ၏။
ဝုန်း..
တုတ်ခိုင်ကြီးမားသော အပြာရောင် မိုးကြိုးလုံးကြီးက ဆင်းသက်လာပြီး သွေးသောက်သူပေါ် ကျဆင်းလာ၏။
ထိတ်လန့်ဖွယ်ရာ သွေးနီရောင် ဓါးသွားပေါ်သို့ မရေမတွက်နိုင်သော မြွေလေးများက ရစ်ခွေတက်လာသလို ကြောက်စရာကောင်းသည့်ပုံစံဖြင့် လျှပ်စီးလျှပ်ပန်းများက ရစ်ပတ်လွှမ်းခြုံသွားလေသည်။
“ဒီခုတ်ချက်ကို မြည်းစမ်းကြည့်လိုက်”
ဆူဇီမို၏ ဟိန်းဟောက်သံက မိုးကြိုးပစ်ချလိုက်သလို မြည်ဟည်းထွက်လာ၏။
ဆူဇီမိုသည် လျှပ်စီးများ ရစ်ပတ်နေပြီး တောက်ပလင်းလက်နေသော သွေးသောက်သူကို လွှဲရမ်းကာ ချိုင်လီနှင့် ဟူမုန့်တို့အပေါ် စီးမိုး၍ ခုန်ဆင်းလာ၏။
ထိုခုတ်ချက်က စကြာဝဠာ၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး တဝုန်းဝုန်းတောက်လောင်နေသော မိုးကြိုးလျှပ်စီးများက ကြောက်စရာကောင်းနေ၏။
ဓါးသွားက ရောက်မလာခင်မှာပင် ချိုင်လီနှင့် ဟူမုန်တို့သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်တုန်လှုပ်လာကြ၏။
ဒီလိုမျိုးခုတ်ချက်ကို ဘယ်လိုလူက ခုခံနိုင်မှာလဲ..
ဒါက မိုးကြိုး၏ အမျက်ဒေါသပင် ဖြစ်လေသည်။
“အား”
ပြေးစရာနေရာမရှိတော့ဘဲ ဟူမုန့်သည် အော်ဟစ်လိုက်ပြီး သူ့လျှာကိုကိုက်ကာ သူ့ကြေးလှံတံ၏ မျက်နှာပြင်ပေါ်သို့ သွေးများကို ထွေးထုတ်လိုက်၏။
လှံတံ၏ မျက်နှာပြင်ပေါ်ရှိ မျက်လုံးနှစ်လုံးက သွေးနီရောင်အလင်းဖြင့် တောက်ပလာပြီး လှံတံတစ်ခုလုံးက ထည်ဝါသော ရောင်ခြည်ဖြင့် လင်းလက်လာလေသည်။
ဟူမုန့်က အံကိုကြိတ်၍ သူ၏ ကြေးလှံတံကို မပြီး ဝင်ရောက်လာသော သွေးသောက်သူကို ဆီးကြိုခံယူလိုက်၏။
ဘုန်း..
လက်နက်ချင်း ရိုက်ခတ်သံက မြည်ဟည်းဟိန်းထွက်လာပြီး ကမ္ဘာတစ်ခုလုံး ပြိုကျတော့မည့်အလား ထင်လိုက်ရ၏။
ဟူမုန့်၏ အရပ်က ပုတိုသွားသည်ဟု ထင်ရပြီး သူ့ခြေထောက်အောက်၌ ကြီးမားသည့် ချိုင့်ခွက်ကြီးက ဖြစ်ပေါ်လာ၏။
နောက်ခဏ၌ သူ့ခန္ဓာကိုယ်က သွက်သွက်ခါ တုန်ယင်သွားပြီး မိုးကြိုးစွမ်းအားများကို သူ့ကို လွှမ်းခြုံသွားလေသည်။ ထို့နောက် သူသည် သွေးများကို အန်ထုတ်လိုက်ရပြီး မျက်လုံးများက အရောင်ဖျော့ကာ လွင့်စင်သွားလေသည်။
သွေးသောက်သူ၏ ရိုက်ချက်ကြောင့် ကြေးလှံတံက ကန်ထွက်သွားပြီး ဟူမုန့်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာ၏။
အရိုးများ ကျိုးသံက ထွက်ပေါ်လာလေသည်။.
မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်တစ်ယောက်က အပြင်းအထန် ဒဏ်ရာရသွားလေပြီ။
ထိုမျှနှင့် ပြီးမသွားသေးဘဲ သွေးသောက်က ချိုင်လီ၏ ဆေဘာပေါ်သို့ အရှိန်အဟုန်နှင့် ဆက်လက်ကျဆင်းလာလေသည်။
ထန်း..
ချိုင်လီ၏ အမူအယာက ပြောင်းလဲသွား၏။ သူ့လက်ဝါးက ဆုတ်ပြဲကာ သွေးများထွက်၍ သူ့ဆေဘာက လက်ထဲကနေ လွတ်ကျသွားလေသည်။
ချိုင်လီ၏ ခြေထောက်က မြေကြီးပေါ်မှာ ရှပ်တိုက်၍ အနောက်ကို ပေတစ်ရာလောက် ဆုတ်သွားလေသည်။ သူ့မျက်နှာက ဖြူလျော့နေပြီး နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာလေသည်။
မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်နှစ်ယောက်တွင်.. တစ်ယောက်က အပြင်းအထန် ဒဏ်ရာရကာ၊ တခြားတစ်ယောက်ကတော့ ရှုံးနိမ့်မှုဖြင့် နောက်ဆုတ်လိုက်ရ၏။
ထိုခုတ်ချက်က ဘယ်လောက်ကြောက်စရာကောင်းကြောင်း ပြောနေစရာပင် မလိုတော့ပေ။
အခုမှ ရောက်ချလာသော ဖန်းသားနန်းတော်က ဖေးချွန်ယွီ၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ရွှယ်ယန်တို့သည် ထိုမြင်ကွင်းကိုကြည့်ပြီး သူတို့၏ သူငယ်အိမ်များက တုန်လှုပ်သွားသည့်အရိပ်အယောင်နှင့် တင်းကျပ်သွားကြ၏။
သူတို့သာ ထိုခုတ်ချက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်လည်း မထိမခိုက် ရုန်းထွက်နိုင်ဖို့ မဖြစ်နိုင်လောက်ပေ။
အခြားသော ကျင့်ကြံသူများသည်လည်း ကြက်သေသေကာ ပင့်သက်ကို ရှိုက်လိုက်ကြ၏။
ချိုင်လီသည် ဤနေရာတွင် ဆက်လက်မနေဝံ့တော့ပေ။
ဟူမုန့်ကသာ အရင်ဆုံး မခုခံခဲ့လျှင် ထိုခုတ်ချက်ဖြင့် သူ့ကိုယ်တွင်းကလီစာများက စုတ်ပြတ်သွားလောက်ပေပြီ။
သူသည် လှည့်ပင်မကြည့်တော့ဘဲ မြို့ထဲကနေ တစ်ချိုးတည်း လှည့်ထွက်ပြေးလေတော့သည်။ သူ့မျက်လုံးများက အကန့်အသတ်မဲ့ မုန်းတီးမှုဖြင့် တောက်နေပြီး အော်ပြောလိုက်၏။
“ဆူဇီမို.. မင်းမှတ်ထားလိုက်.. ဒီနေ့ မင်းလုပ်ခဲ့တာတွေအတွက် သေချာပေါက် တစ်နေ့ ပြန်ပေးဆပ်ရမယ်”
ချိုင်လီသည် ရွှမ်ထျန်းမြို့ထဲကနေ သူထွက်သွားနိုင်သည်ဟု သူ့ကိုယ်သူ လုံးဝယုံကြည်ထားလေသည်။
ဆူဇီမို၏ ခုတ်ချက်ဖြင့် သူသည် နောက်ကို များစွာ ဆုတ်ကန်ထွက်သွားသောကြောင့် သူတို့နှစ်ယောက်ကြား အကွာအဝေးက များစွာကွာဟသွား၏။ ဆူဇီမိုက သူ့ကို လိုက်မီစရာ အကြောင်းမရှိပေ။
“ဟဟဟားဟား..”
ဆူဇီမိုက ရုတ်တရက် ရယ်ချလိုက်၏။
ချိုင်လီ ရင်ထိတ်သွားလေသည်။
မသိစိတ်၏ လှုံ့ဆော်မှုအရ.. သူနောက်ပြန်လှည့်ကြည့်လိုက်သောအခါ မျက်စိကျိန်းလောက်သည့် အေးစက်စက်အလင်းတစ်စက်က သူ့ထံသို့ အလွန်တရာ လျှင်မြန်စွာ ပျံသန်းလာလေသည်။
ထိုအလင်းနှင့် သူမြင်လိုက်ရသည်မှာ လူတစ်ယောက်က သွေးသောက်သူကို ဘေးမှာ ထိုးစိုက်ချထားပြီး သူ့လက်ထဲမှာ ဧရာမလေးကြီးတစ်လက်ကို ကိုင်ထားလေသည်။
ဆူဇီမို၏ အသံက ထွက်လာလေသည်။
“တစ်နေ့နေ့ မလုပ်နဲ့တော့.. ငါမင်းကို ပြောပြီးပြီလေ.. ဒီနေ့ကစပြီး သားရဲစီးဓါးပြလေးယောက်ရဲ့ နာမည်က မရှိတော့ဘူးလို့”
ဖောက်.. ဖောက်.. ဖောက်..
မြားများက အသွေးအသားများကို ထိုးခွဲသွား၏။ ချိုင်လီ၏ ကိုယ်ကို မြားဆယ်စင်းက ထိုးဖောက်ထွက်သွားပြီး သူသည် အရုပ်ကြိုးပြတ် ပစ်လဲကျကာ သေဆုံးသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် လရောင်ဝှက်လေးကို ပြန်သိမ်းလိုက်ပြီး သွေးသောက်သူကို ဆွဲနုတ်ကာ သွေးများအန်နေဆဲ ဟူမုန့်ဆီသို့ ပြေးချသွားလေသည်။
ဟူမုန့်သည် သွေးအလိမ်းလိမ်းဖြင့် မိုးရေများရွှဲနစ်ကာ မြေကြီးပေါ်တွင် လဲကျနေပြီး သူ့အကြည့်က ယောင်ဝါးဝါး ဖြစ်နေလေသည်။
ဆူဇီမိုက အေးစက်စွာ စိုက်ကြည့်လိုက်၏။
နောက်ခဏ၌ ဆေဘာအလင်းက ဖျတ်ကနဲ လက်သွားလေသည်။
ဦးခေါင်းပြတ်ကြီးတစ်လုံးက မြေကြီးပေါ်မှာ လိမ့်ဆင်းသွား၏။
သားရဲစီးဓါးပြလေးယောက်က ရွှမ်ထျန်းမြို့ထဲမှ မြှုပ်နှံခံလိုက်ရလေပြီ။