← Chapters

နာမည်ကြီးပြီ

Vol. 26 Ch. 377

နာမည်ကြီးပြီ

Vol. 26 Ch. 377

တိုက်ပွဲရလဒ်က လူတိုင်းမျှော်လင့်ထားသည်နှင့် တက်တက်စင်အောင် လွဲသွားခဲ့၏။

သားရဲစီးဓါးပြသုံးယောက်သည် မြို့ထဲကို ပြန်လာပြီး ၁၅မိနစ် မကြာခင်မှာပင် အကုန်သေကုန်ကာ ရှည်လျားသော လမ်းမထက်က သွေးများဖြင့် ရဲရဲနီအောင် စွန်းထေးသွားတော့သည်။

သေဆုံးသွားကြသည့်အထဲမှာ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် နှစ်ယောက်တောင် ‌ပါလေသည်။

နောက်ဆုံး ‌မိုးကြိုးခုတ်ချက်က လူတိုင်းကို မျက်စိပွင့်နားပွင့် ဖြစ်သွားစေပြီး ဖော်ပြခြင်းငှာ မစွမ်းသာသော တုန်လှုပ်ချောက်ချားမှုကို ပေးခဲ့လေသည်။

ရှည်လျား‌သော လမ်းမပေါ်၌ ဆေဘာတစ်လက်ကို ကိုင်စွဲပြီး သွေးများဖြင့် ရွှဲနစ်နေသော လူတစ်ယောက်အပေါ်သို့ မရေမတွက်‌နိုင်သော အကြည့်များက ကျရောက်နေကြ၏။ သူတို့၏ အမူအယာများက ရှုပ်ထွေးနေပြီး၊ တချို့က တုန်လှုပ်၊ တချို့က ကြောက်ရွံ့၊ တချို့က အံ့ဩလေးစားကာ တချို့က အတွေးလွန်မိန်းမောနေကြ၏။

ဒီနေ့မှစ၍ အဲ့ဒီအမျိုးသားက ရွှမ်ထျန်းမြို့ထဲမှာ နေရာတစ်ခု၊ နာမည်တစ်ခု ရရှိသွားပြီဖြစ်ကြောင်း လူတိုင်း ချက်ချင်းနားလည် သဘောပေါက်သွားကြ၏။

အခုဆို သူက တိုက်ပွဲတစ်ပွဲတည်းနှင့် နာမည်ကြီးသွားလေပြီ။

ယန်ဆေးဂိုဏ်းက ကျင့်ကြံသူများပင်လျှင် ထိုရလဒ်ကို မမျှော်လင့်ထားမိကြပေ။

ထန်ယုသည် လိုအပ်ပါက သူမ၏ လက်အောက်က ကျင့်ကြံသူများအတူ အချိန်ကိုက် ၀င်ရောက်ကူညီဖို့ ဆုံးဖြတ်ထားကာ စောင့်ဆိုင်းနေခဲ့မိ၏။

သို့သော်လည်း တစ်ခဏလေးအတွင်းမှာပင် အခြေအနေတစ်ခုလုံးက လုံးလုံးလျားလျား ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

သားရဲ့စီးဓါးပြနှစ်ယောက်စလုံးက သေကုန်လေပြီ။

“ဒါ.. ဘယ်လို…”

အတွေ့အကြုံများပြီး ရင့်ကျက်တည်ငြိမ်သော ဦးလေးလျန့်ပင်လျှင် ကြောင်အမ်းနေမိ၏။

မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင်ကြံသူနှစ်ယောက်ကို မရီးဒါန်ငါးခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က တိုက်ပွဲထဲမှာတင် ပွဲချင်းပြီး သတ်ဖြတ်ပစ်လိုက်၏။ အသတ်ခံရသူ နှစ်ယောက်စလုံးက သူ့ထက် အဆင့်နှစ်ဆင့်တောင် ပိုမြင့်မားလေသည်။

ဦးလေးလျန့်သည် ထိုကဲ့‌သို့သော ပါရမီရှင်မျိုးကို အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာတော့ မဟုတ်ပေ။ သို့‌‌သော်လည်း ထိုကဲ့သို့‌သော ပါရမီရှင်များက အလွန်တရာ ရှားပါးလှပြီး ထျန်ဟွမ်ကမ္ဘာ၏ တစ်ကယ့်ထိပ်သီးအ ဖွဲ့အစည်းများမှာသာ ရှိတတ်လေသည်။

ဆူဇီမိုရဲ့ နောက်ခံက ဘာပါလိမ့်..

သူက ဂိုဏ်းတံပြားတစ်ခုကိုတောင် ချိတ်ဆွဲမထားသောကြောင့် သူက ထိပ်တန်းအဆင့်ဂိုဏ်းများမှ အမွေခံတပည့်တစ်ယောက် မဟုတ်သည်မှာ သေချာသလောက် ရှိလေသည်။

နောက်ပြီး ဆူဇီမိုထံတွင် ထိုထိပ်သီးဂိုဏ်းများ၊ ထိပ်သီးအဖွဲ့အစည်းများများမှ အမွေခံထားသော သိုင်းပညာ၊ နည်းစနစ်များ၏ အရိပ်အယောင် တစွန်းတစမျှ မတွေ့ရပေ။

အင်မော်တယ်ကိုးဂိုဏ်း၊ မိစ္ဆာခုနှစ်ဂိုဏ်း၊ ဗုဒ္ဓဝါဒီခြောက်ကျောင်းတို့ကဲ့သို့သော ထိပ်သီးဂိုဏ်းကြီးများတွင် သူတို့မူပိုင် ကျင့်ကြံရေးနည်းစနစ်များ၊ လျှို့ဝှက်ပညာရပ်များရှိကြပြီး သေရေရှင်ရေးတိုက်ပွဲများတွင် ထိုပညာရပ်များကို မဖြစ်မနေ ထုတ်သုံးကြပေလိမ့်မည်။ ထို့ကြောင့် သူတို့ကို မှတ်မိရ လွယ်ကူလေသည်။

သို့သော်လည်း ဆူဇီမို၏ စွမ်းဆောင်ရည်နှင့် နည်းစနစ်များကတော့…

သူ၏ စိတ်ဝိညာဉ်တောင်ပံများက တမူထူးခြားပြီး သူ၏ ဓါး၀င်္ကပါက ရင်သက်ရှုမောအံ့ဖွယ်ကောင်းလေသည်။

ထိုသူက အဆင့်များကျော်၍ သတ်ဖြတ်နိုင်ခြင်းမှာ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များကဲ့သို့ ကြောက်စရာကောင်းလှသည့် သူ၏ ကိုယ်ကာယကြောင့်လဲ ဖြစ်နိုင်လေသည်။

ထျန်ဟွမ်ကမ္ဘာတွင် ခန္ဓာမီးဆေးပညာရပ်၌ အထူးပြုသော ဂိုဏ်းများက သိပ်အများကြီး မရှိပေ။ ဖန်သားနန်းတော်ကတော့ ထိုသို့ဂိုဏ်းများထဲ တစ်ခုဖြစ်‌ပြီး ဤလူက ထိုဂိုဏ်းနှင့် ပတ်သတ်ဆင်နွယ်မှု မရှိသည်မှာ ထင်ရှားလေသည်။

လျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်း ဒါမှမဟုတ် တစ်ကိုယ်တော် ကျင့်ကြံသူ ဆရာကြီးတစ်ယောက်ယောက်ကများ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ ပါရမီရှင်‌တစ်‌ယောက်ကို မွေးထုတ်ပေးလိုက်လေသလား။

ဘာလို့များ ဒီလိုမျိုး လူမသိသူမသိ ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေက အရမ်းကို အဆင်မြင့်နေရတာပါလိမ့်။

ဆူဇီမိုနှင့် ပတ်သတ်၍ ထပ်ပြီး ခန့်မှန်းလို့ မရနိုင်တော့ဟု ဦးလေးလျန့် သဘောပေါက်သွားလေသည်။

ထိုအချိန်တွင် ထန်ယု၏ မျက်လုံးများက ပြတ်သားလာပြီး လက်ထောင်ကာ အလေးအနက် ပြောလိုက်၏။

“ယန်ဆေးဂိုဏ်းကလူတွေ နားထောင်ကြ.. အဲ့ဒီဓါးပြတွေကို အပြတ်ရှင်းဖို့ ငါနဲ့အတူ လိုက်ခဲ့ကြဟေ့.. အရှင်တစ်ယောက်မှ မကျန်စေရဘူး”

သူမ ပြောလို့ မပြီးသေးခင်မှာပင် ထန်ယုက သူမ၏ ဓါးပျံကို ဆင့်ခေါ်ထုတ်ကာ တိုက်ပွဲထဲသို့ ပြေး၀င်သွားလေသည်။

ဦးလေးလျန့်သည် စဉ်းစားနေဖို့ အချိန်မရတော့ဘဲ လျှင်မြန်စွာ လိုက်ပါသွားရလေသည်။

ယန်ဆေးဂိုဏ်းမှ ကျင့်ကြံသူ တစ်‌ထောင်ကျော်ကျော်ကလည်း ကျန်ရှိနေသေးသော လူဆိုးလူမိုက်များဆီသို့ ပြေး၀င်သွားကြလေသည်။

လူဆိုးလူမိုက်များသည် သေရမည်ကို မကြောက်ကြသော်လည်း ချိုင်လီနှင့် ဟူမုန့်တို့၏ သေဆုံးမှုက သူတို့၏ စိတ်ပိုင်းဆိုင်ရာအပေါ် များစွာ ရိုက်ခတ်မှု ရှိခဲ့၏။

ထို့အပြင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီးနောက် သူတို့သည် ခြေကုန်လက်ပန်း ကျနေကြလေပြီ။ ယခုအခါ အားမာန်တက်ကြွစွာ ၀င်ရောက်လာကြသော ယန်ဆေးဂိုဏ်းသားများကို သူတို့ဘယ်လိုမှ တွန်းလှန်ခုခံနိုင်ခြင်း မရှိကြတော့ပေ။

လူဆိုးလူမိုက်အချို့သည် စိတ်ဓါတ်များ ပျက်ပြားသွားကြပြီး မြို့ထဲကနေ ကစင်ကလျား ထွက်ပြေးကြကုန်၏။ သို့‌သော်လည်း ဘယ်လောက်မှ ဝေးဝေးမလျှောက်ရသေးခင် အသတ်ခံကြရလေသည်။

တစ်ဖက်က ဒဏ်ရာများရ၍ ခြေကုန်လက်ပန်းကျနေချိန် အခြားတစ်ဖက်က အားမာန်တက်ကြွ၍ စွမ်းအားအပြည့်ဖြစ်နေကြ၏။ တိုက်ပွဲရလဒ်က စောင့်ကြည့်နေစရာပင် မလိုတော့ပေ။

မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်နှစ်ယောက် ကျဆုံးသွားပြီးနောက် ယန်ဆေးဂိုဏ်းက ဘာကိုမှ နောက်ဆံတင်းမနေတော့ပေ။

လမ်းမထက်တွင် ကျိချန်းရှန်၊ ဖက်တီးလေးနှင့် ရှစ်ကျန့်တို့သည် ခြေပစ်လက်ပစ် ထိုင်ချ၍ အားပါးတရ အော်ရယ်လိုက်ကြ၏။

သူတို့၏ လှုပ်လှုပ်ရှားရှား ရယ်မောမှုကြောင့် သူတို့၏ ဒဏ်ရာများက ပြဲဟသွားပြီး နာကျင်စွာ ပင့်သက်ရှိုက်လိုက်ရ၏။ သို့သော်လည်း သူတို့သည် အတော်မသတ် ဆက်တိုက်ရယ်မောလိုက်ကြ၏။

ရှောင်းနင်၏ ဖေးမမှုဖြင့် လမ့်ရိုက မတ်တပ်ရပ်နိုင်ရုံသာ ရှိလေသည်။

ထိုအချိန်၌ သူမ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ပွင့်က ပေါ်နေပြီး အလွန်တရာ ညှို့ငင်ဖမ်းစားနိုင်နေ၏။

“ငါတို့ မသေတော့ဘူးပေါ့”

ရှစ်ကျန့်က ခေါင်းကိုကုတ်ကာ ကျိချန်းရှန်နှင့် ဖက်တီးလေးကို မယုံကြည်နိုင်စွာကြည့်၍ ရူးသွပ်စွာ ပြုံးလိုက်၏။

“ဒါပေါ့”

ကျိချန်းရှန်က သက်ပြင်းရှည်ပြီးချပြီး ရေရွတ်လိုက်၏။

“ငါတို့ မသေတော့ဘူး”

“အသက်ရှင်ရတဲ့ အရသာ သောက်ရမ်းကောင်းလိုက်တာကွာ” ဖက်တီးလေးက အော်လိုက်လေသည်။

သူတို့သည် သူတို့ကိုယ်သူတို့ သေလူအဖြစ် သတ်မှတ်၍ ရွှမ်ထျန်းမြို့သို့ ပြန်လာခဲ့ကြခြင်း ဖြစ်လေသည်။

အခုအခါ သူတို့သည် ကပ်ဘေးမှ ရုန်းထွက်၍ ရှင်သန်နိုင်ခဲ့သည့်အခါ အရမ်းကို ပျော်ရွှင်ဝမ်းမြောက်၍ အသက်ရှူမှုတိုင်းက ကျေနပ်စရာ ကောင်းနေလေသည်။

ဤတိုက်ပွဲပြီးနောက် သူတို့လေးယောက်အကြား ချစ်ခင်ရင်းနှီးမှုက သိသိသာသာ တိုးတက်လာလေသည်။ သေရေးရှင်ရေးအခြေအနေကို အတူရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးမှ ရလာသော ချစ်ခင်ရင်းနှီးက အလွန်တရာ အဖိုးတန်လေသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဆူဇီမိုသည် ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။ သူ့ရင်ထဲသို့ နွေးထွေးသည့် ခံစားချက်က ဝင်ရောက်လာပြီး အချိန်အတော်ကြာသည့်အထိ ပျောက်မသွားပေ။

မသိလိုက်မသိဘာသာနှင့်ပင် သည်းထန်သောမိုးက ရပ်တန့်သွားလေသည်။

မုန်တိုင်းက ဝင်ရောက်လာပြီးနောက် လျှင်မြန်စွာပင် ပြီးဆုံးသွား၏။ ညိုမည်းနေသော တိမ်စိုင်များက ပျက်ပြယ်သွားပြီး နေရောင်ခြည်က သူတို့ငါးယောက်၏ မျက်နှာပေါ်သို့ ထိုးကျလာကာ အသက်ဓါတ်ဖြင့် ဖြာထွက်နေ၏။

ဆူဇီမိုသာလျှင်မဟုတ်.. ဒီနေ့မှစ၍ အခြားလေးယောက်သည်လည်း ရွှမ်ထျန်းမြို့ထဲတွင် နာမည်ကြီးကျော်ကြားပေတော့မည်။

ယန်ဆေးဂိုဏ်းက လှုပ်ရှားလိုက်သောအခါ.. အခြားသော အဖွဲ့အစည်းများကလည်း ကပျာကယာ ဝင်ပါလာကြ၏။ ကြိုးကြာတစ်ထောင်ဂိုဏ်း၊ ရုပ်သေးဂိုဏ်းနှင့် အမျိုးမျိုးသော အဖွဲ့အစည်းများမှ ကျင့်ကြံသူများသည်လည်း ဝင်ရောက်၍ ခွဲတမ်းများ ရယူလိုက်ကြ၏။

ရုတ်တရတ် အနက်ရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူက သွေးစသွေးနများ ရှိနေသယောင် အရိုးလှံတံတစ်ခုကို ကိုင်စွဲထားပြီး အလွန်တရာ ကြောက်စရာကောင်းနေ၏။

သူသည် ဆူဇီမိုရှေ့သို့ ရောက်လာပြီး မတ်တပ်ရပ်လိုက်၏။

အနက်ရောင်ဝတ်ကျင့်ကြံသူ၏ ပြုမူလှုပ်ရှားပုံက မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်မိသွား၏။

“အဲ့ဒါသူပဲ.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မိစ္ဆာအမွေခံသူ”

“သူက ဘာလုပ်ချင်တာလဲ”

“ငါလဲ မသိဘူးလေ.. သူ့ပုံစံက ဖော်ရွေပုံတော့ မရဘူး”

ကျိချန်းရှန်နှင့် အခြားသူများသည် ဆက်လက်ပြုံးရယ် မနေနိုင်တော့ပေ။

အနက်ရောင်ဝတ်ကျင့်ကြံသူထံမှ အားကောင်းပြီး အန္တရာယ်ရှိသော အော်ရာကို သူတို့ ခံစားနိုင်လေသည်။

ဤလူက.. အရမ်းကို.. သန်မာလေသည်။

သူတို့စိတ်ထဲတွင် အတွေးတစ်ခုက ဝင်ရောက်လာလေသည်.. သူတို့၏ အကောင်းဆုံးအခြေအနေမှာ ရှိနေပြီး အတူပူးပေါင်းကြလျှင်တောင် သူတို့က ဤလူ၏ ပြိုင်ဘက်မဖြစ်နိုင်ဟုပင်။

အနက်ရောင်ဝတ်လူက ဘာမှ မပြောဘဲ ခဏကြာသည့်အထိ ဆူဇီမိုကို စူးစိုက်ကြည့်နေ၏။

ဆူဇီမိုက မျက်နှာသေနှင့်ပင်။

“အရမ်းမိုက်တယ်”

အနက်ရောင်ဝတ်ကျင့်ကြံသူက ခေါင်းညိတ်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြောလိုက်၏။

“ငါက ရွှယ်ယန်.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းရဲ့ မိစ္ဆာအမွေခံသူပဲ.. မင်းက အတော်လေး ထက်မြက်တယ်ဆိုတော့ ငါမင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်.. ငါ့ရဲ့ ကိုယ်ရံတော်လုပ်လိုက်”

ကျိချန်းရှန်နှင့် အခြားသူများ ကြောင်အသွားကြ၏။

မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းထဲမှ တစ်ဂိုဏ်း.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်း..

ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းဖြစ်ကာ သူတို့၏ တာအိုနှင့် ကွဲပြားခြားနားလေသည်။

ဒါ့အပြင် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဤမိစ္ဆာအမွေခံသူက မောက်မာပြီး လေသံက အထက်စီးဆန်၏။

ကျိချန်းရှန်နှင့် အခြားသူများသည် ဆူဇီမိုကို အထိတ်တလန့်နှင့် ကြည့်လိုက်ကြ၏။

ဆူဇီမိုအပေါ် သူတို့နားလည်ထားပုံအရ.. သူက ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မိစ္ဆာအမွေခံသူ တောင်းဆိုချက်ကို ပယ်ချဖို့ များလေသည်။

သို့သော်လည်း ထိုမိစ္ဆာအမွေခံသူ၏ စိတ်နေစရိုက်နှင့် ပုံစံအရ.. ဆူဇီမိုကသာ ငြင်းပယ်လျှင် စိတ်တိုဒေါသထွက်ပြီး ဆူဇီမိုကို တိုက်ခိုက်ပေလိမ့်မည်။

ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲပြီး‌နောက် ယခုအခါ ဆူဇီမိုသည် သူ၏ အားအနည်းဆုံး အခြေအနေမှာ ရှိနေ၏။ သူက ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မိစ္ဆာအမွေခံသူနှင့် ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်ပါတော့မလဲ။

သူက အသေအကြေတိုက်ပွဲတစ်ခုကနေ ရှင်သန်နိုင်ခဲ့ပြီးနောက် နောက်ထပ်ကပ်ဘေးတစ်ခုနှင့် ထပ်မံရင်ဆိုင်ရတော့မှာပါလား။

ထင်သည့်အတိုင်းပင်..

ဆူဇီမိုက လှောင်ပြုံး ပြုံးလိုက်၏။

“ဘာလဲ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းဆိုတာ.. မင်းတို့ကောင်တွေကို ငါကြားတောင် မကြားဖူးဘူး.. နောက်ပြီး ရှိသေးတယ် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းရဲ့ မိစ္ဆာအမွေခံသူဟုတ်လား.. လခွမ်းပဲ.. မင်းက ဘယ်လောက်‌တောင် ကြီးကျယ်မြင့်မြတ်နေလို့လဲ”

ကျင့်ကြံသူများအားလုံး တုန်လှုပ်သွားကြလေသည်။

များစွာသော ကျင့်ကြံသူများသည် ဆူဇီမိုကို သေလူတစ်ယောက်လို ဝိုင်းကြည့်လိုက်ကြ၏။

တစ်ကယ်တော့ ဆူဇီမိုသည် စိတ်ထဲရှိရာ လျှောက်ပြောနေခြင်းတော့ မဟုတ်ပေ။

တစ်ခါတုန်းက ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မိစ္ဆာအမွေခံသူတစ်ယောက်က သူ့လက်ချက်နှင့် အသက်ပျောက်ခဲ့ရဖူးလေသည်။

မိစ္ဆာဂိုဏ်းများတွင် ကျင့်ကြံမှု အဆင့်ကြီးတစ်ဆင့်ချင်းစီ၌ မိစ္ဆာအမွေခံသူက တစ်ယောက်သာလျှင် ထားလေသည်။

ထို့ကြောင့် ဆူဇီမိုသာ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ယခင်မိစ္ဆာအမွေခံသူကို မသတ်ခဲ့ဖူးဆိုလျှင် ဤရွှယ်ယန်က သူ၏ လက်ရှိနေရာကို ရောက်လာနိုင်လိမ့်မည် မဟုတ်ပေ။

All Chapters