← Chapters

သတ်ဖြတ်လိုစိတ်

Vol. 26 Ch. 378

သတ်ဖြတ်လိုစိတ်

Vol. 26 Ch. 378

ရွှယ်ယန်၏ မျက်နှာက ချက်ချင်းသုန်မှုန်သွား၏။ သူ့အကြည့်ကို ကျဉ်းမြောင်းလိုက်ပြီး သူ့လက်ထဲမှ အရိုးလှံတံက အသက်ရှိသကဲ့သို့ တုန်ခါလာကာ ရင်တလျှပ်လျှပ်ဖြစ်သွားစေသော ဆိုးယုတ်အော်ရာကို ထုတ်လွှတ်လိုက်၏။

ရုတ်တရက် မလှမ်းမကမ်းမှ ရယ်သံတစ်သံက ထွက်ပေါ်လာ၏။

“ရွှယ်ယန်.. မင်းကတော့ တစ်ကယ့်ကောင်ပဲ”

တန်ဖိုးကြီးအဝတ်အစားများနှင့်လူတစ်ယောက် လျှောက်လှမ်းလာလေသည်။ သူက ချောမောလှပသော သွင်ပြင်ရှိပြီး သူ၏ အနက်နက်ရောင်ဆံပင်များကို လျော့ရဲခြင်းမရှိ စည်းနှောင်ထားလေသည်။ သူ့မျက်လုံးများက သလင်းလို ကြည်လင်နေပြီး နဖူးမှခြေဖျားထိ အပြစ်ပြောစရာ မရှိပေ။

ထိုလူကို မြင်သောအခါ ရွှယ်ယန်၏ အမူအယာက ပြောင်းလဲမသွားပေ။ သို့သော် သူ့မျက်လုံးထဲမှာတော့ သတိထားသည့် အရိပ်အယောင်ကို တွေ့ရ၏။

“ဖန်သားနန်းတော်”

“ငါထင်တာတော့ သူက ဖန်းသားနန်းတော်က အမွေခံတပည့် ဖေးချွန်ယွီဖြစ်မယ်ထင်တယ်”

“‌ေသြာ်.. သူကိုး.. သူများတွေပြောကြတာ သူက မရီးဒါန်ခုနှစ်ခု အထွတ်အထိပ် အခြေတည်အဆင့်တဲ့၊ မရီးဒါန်ရှစ်ခုကို အဆင့်တက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာတဲ့.. သူက ဆေးရေအိုင်ဂိုဏ်းအပျက်အစီးနေရာကနေ မရီးဒါန်ဖွင့်ဆေးလုံးတစ်လုံးလောက်ရဖို့ စောင့်နေတာထင်တယ်”

လူအုပ်ကြီးက တီးတိုးဆွေးနွေးလိုက်ကြ၏။

ဆူဇီမို၏ ဘေးသို့ရောက်လာပြီးနောက် ဖေးချွန်ယွီသည် ခေါင်းညိတ်၍ အမူအယာပြ နှုတ်ဆက်လိုက်ကာ ရင်းနှီးဖော်ရွေစွာ ပြုံးပြပြီးမှ ရွှယ်ယန်ဘက်သို့ လှည့်လိုက်၏။

“ရွှယ်ယန်.. မင်းက တာအိုရောင်းရင်းဆူကို အခက်တွေ့အောင် ဆက်လုပ်နေမယ်ဆိုရင်.. ဖန်သားနန်းတော်ကို ဆန့်ကျင်တာနဲ့ အတူတူပဲ”

“ဟီးဟီး..”

ရွှယ်ယန်က အေးစက်စွာ ရယ်မော၍ မေးလိုက်၏။

“ဒီငနဲက မင်းတို့ဖန်သားနန်းတော်နဲ့ ဘယ်တုန်းကဘယ်လို ပတ်သတ်သွားရပြန်တာလဲ.. သူက မင်းတို့နဲ့ ပတ်သတ်ဆက်နွယ်မှုရှိတယ်ဆို သားရဲစီးဓါးပြလေးယောက် လာတိုက်ခိုက်တုန်းက သူတစ်ယောက်ထဲ လွှတ်ထားပြီး အခုမှ မင်းက ဘာလို့ ပေါ်လာရတာလဲ”

“ဘယ်လိုပဲဖြစ်ဖြစ်ပါ.. မင်းက မိစ္ဆာဂိုဏ်းက၊ ငါတို့က အင်မော်တယ်ဂိုဏ်းက.. ငါတို့လျှောက်လှမ်းနေကြတဲ့ လမ်းကြောင်းက အစထဲက တူမှမတူဘဲ”

ဖေးချွန်ယွီက အေးစက်စွာ ဆက်ပြောလိုက်၏။

“ရွှယ်ယန်.. ဘာမှ အချိန်တွေ ဖြုန်းမနေနဲ့တော့.. တာအိုရောင်းရင်းဆူက မှန်ကန်ဖြောင့်မတ်တဲ့သူဆိုတာ အသိသာကြီးပဲ.. သူက မင်းတို့မိစ္ဆာဂိုဏ်းတွေနဲ့ ဘယ်လိုမှ အဆက်အစပ်လုပ်မှာ မဟုတ်ဘူး”

တစ်ခဏအတွင်းမှာပင် ရွှမ်ထျန်းမြို့မှ ထိပ်သီးကျင့်ကြံသူနှစ်ယောက်က ဆူဇီမိုအတွက်နှင့် အချင်းများကုန်ကြလေသည်။

“ဆူဇီမိုက သူ့အစွမ်းအစကို ထုတ်ပြပြီး နာမည်ကြီးသွားတော့ အခုဆို ဒီအဖွဲ့အစည်းနှစ်ခုက သူ့ကို ချည်နှောင်ဖို့ အပြိုင်ကြိုးပမ်းနေကြပြီတွေ့လား”

“ဟုတ်တာပေါ့.. မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်နှစ်ယောက်ကို သတ်နိုင်တဲ့သူက ပါချည်ပါချဲ့ ဘယ်ဟုတ်ပါ့မလဲ.. သူ့ကို ပါအောင် ဆွဲခေါ်နိုင်တဲ့သူက နောက်ကျရင် သေချာပေါက် အကျိုးများမှာပဲ”

“ဒီလူ့ရဲ့ အလားအလာနဲ့ဆို ရှေးဟောင်းတိုက်ပွဲမြေကထွက်ကြရင် သူက ဖန်သားနန်းတော်ကိုဝင်ပြီး ဖေးချွန်ယွီနဲ့ အတူထွက်သွားရလောက်တယ်”

များစွာသော ကျင့်ကြံသူများက ဆူဇီမိုကို မနာလိုအားကျစွာ ကြည့်လိုက်ကြ၏။

ဆူဇီမိုက အလေးအနက်မထားသည့်ပုံစံနှင့် ရုတ်တရတ် ပြောလိုက်လေသည်။

“ခင်ဗျားတို့နှစ်ယောက်စလုံး ထွက်သွားလို့ရပြီ.. ဒီနေရာမှာလာပြီး အချိန်ဖြုန်းမနေကြနဲ့တော့.. ကျုပ်က ဘယ်ဘက်ကိုမှ ပါမှာ မဟုတ်ဘူး”

ထိုသို့ သူပြောပြီးသည်နှင့် လေထုက အေးခဲ့တောင့်တင်းသွားလေသည်။

အစက ဆူညံနေသည့်အသံများကလည်း တိုးညင်းသွားကြလေသည်။

လူတိုင်း၏ အကြည့်က ဆူဇီမိုအပေါ် ကျရောက်လာ၏။ တချို့က တုန်လှုပ်၊ တချို့က အံ့အားသင့်၊ တချို့က ဇဝေဇဝါ...... ဖြစ်ကုန်ကြလေသည်။

ဤသည်က တစ်ကယ့်ကို ရှားရှားပါးပါး အခွင့်အရေးဖြစ်သောကြောင့် အခြားမည်သူမဆို အလွယ်တကူ ခေါင်းညိတ်သဘောတူမိပေလိမ့်မည်။ သို့သော်လည်း ထိပ်သီးအဖွဲ့အစည်းနှစ်ခု၏ ဖိတ်ကြားချက်ကို အားလုံး၏ ရှေ့မှောက်မှာပင် ဆူဇီမိုက ငြင်းပယ်လိုက်လေသည်။

ဒါ့အပြင် ဆူဇီမို၏ လေသံက ယဉ်ကျေးမှုမရှိဘဲ အထင်သေးမှုနှင့် ငေါ့တော့တော့ နိုင်နေလေသည်။

“ဒီလူက တော်တောင်ဘဝင်မြင့်နေတာပဲ”

“ဟဲဟဲ.. သူက မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်နှစ်ယောက်ကို သတ်နိုင်တာနဲ့ပဲ သူ့ကိုယ်သူ တစ်မြို့လုံးကို စိုးမိုးနိုင်ပြီလို့ ထင်နေတာပဲ”

“ဒီငနဲက သက်သက်ကို သေချင်နေတာ.. ထိပ်သီးအဖွဲ့အစည်းနှစ်ခုကို အာခံပြီး သူဘာဆက်ဖြစ်မလဲ ငါစောင့်ကြည့်ချင်သေးတယ်”

လူအုပ်ကြီးထဲတွင် ကျိချန်းရှန်နှင့် အခြားသူများသာလျှင် ဆူဇီမို၏ စိတ်ကို ကောင်းကောင်းနာလည်လေသည်။

ပထမတစ်ချက်.. သူက ယန်ဆေးဂိုဏ်းနှင့် သဘောတူညီမှု ရှိထား၏။

ဒုတိယတစ်ချက်.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းဖြစ်စေ၊ ဖန်သားနန်းတော်ဖြစ်စေ.. သူတို့ကို ဆူဇီမိုက ဘာမှပြန်မပေးဘဲ ဒီအတိုင်း လူသစ်စုဆောင်းချင်လေသည်။

ဤကာလ၌ ယန်ဆေးဂိုဏ်းမှ ကျင့်ကြံသူများက ရှင်သန်ကျန်ရစ်သူ လူဆိုးလူမိုက်များကို လိုက်လံရှင်းလင်းပစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးနေကြဆဲ ဖြစ်လေသည်။ သို့သော် ဤအဖွဲ့အစည်းနှစ်ခုကတော့ မည်သည့်အရင်းအမြစ်မှ အဆုံးရှုံးမခံလိုဘဲ ဆူဇီမိုကို ချည်နှောင်ချင်နေကြလေသည်။

ဒါ့ထက်.. ကျိချန်းရှန်နှင့် အခြားသူများသည် ဖေးချွန်ယွီနှင့် ရွှယ်ယန်နှစ်ဦးစလုံးထံမှ စိတ်ရင်းအမှန်ကို နည်းနည်းကလေးမှ မခံစားမိပေ။

ဖေးချွန်ယွီ၏ ပုံစံက ယဉ်ကျေးပျူငှာသည်ဟု ထင်ရသော်လည်း သူ့လေသံထဲတွင် မောက်မာမှုကို ခံစားရနိုင်လေသည်။

ဤလူက ဆူဇီမိုကို သူ့ရင်ထဲမှနေ၍ အထင်ကြီးလေးစားခြင်း မရှိပေ။

သူ့ပုံစံက ဖိတ်ခေါ်တယ်ဆိုတာထက်.. လမ်းကြုံလို့ ဝင်ကူညီပေးသည့်ပုံစံ ဖမ်းနေလေသည်။.

ကျိချန်းရှန်နှင့် အခြားသူများက အဲ့ဒါကို ခံစားမိလျှင် ဆူဇီမိုက ပိုလို့တောင် နားလည်ပေလိမ့်မည်။

ထို့ကြောင့်ပင် သူက နှစ်ခုတွေးတောခြင်းမရှိ သူတို့ကို တန်းပြီး ငြင်းပယ်လိုက်ပုံပင်။

“ဟီးဟီး.. ဟဟဟား..”

ရုတ်တရက်.. ရွှယ်ယန်က အားပါးတရ ရယ်ချလိုက်ပြီး ဖေးချွန်ယွီကို လှောင်ပြောင်သလိုကြည့်ကာ ခပ်ပေါ့ပေါ့ ပြောလိုက်၏။

“ကြည့်ရတာတော့ မင်းက တစ်ဖက်သတ် စိတ်ကူးယဉ်နေတာပဲကွ.. ဟဟား.. စိတ်ဝင်စားစရာပဲဟေ့”

ဖေးချွန်ယွီ၏ မျက်နှာက သုန်မှုန်သွားလေသည်။

ဆူဇီမို၏ စကားက အားလုံး၏ ရှေ့မှောက်မှာ သူ့ကို မခန့်လေးစား ပြုမူလိုက်ခြင်းပင်။

ဖန်သားနန်းတောင်၏ အမွေခံတပည့်တစ်ယောက်အနေနှင့် သူ့အဆင့်အတန်းက ပေါ့သေးသေးမဟုတ်ပေ။

ယခု ရွှယ်ယန်၏ လှောင်ပြောင်းခြင်းကို ခံလိုက်ရသောအခါ ဖေးချွန်ယွီ၏ သတ်ဖြတ်လိုစိတ်က ထောင်းကနဲထလာလေသည်။

သူက ကြိုးစားပြုံးရင်း ညင်သာစွာ ထပ်မေးလိုက်လေသည်။

“တာအိုရောင်းရင်းဆူ.. ကျုပ်ကောင်းကောင်းမကြားလိုက်ရလို့.. ခုဏက စကားကို ပြန်ပြောပေးလို့ ရမလား”

ဖေးချွန်ယွီက ပြုံး၍ သူ့လေသံက ညင်သာနေသောလည်း ကျိချန်းရှန်နှင့် အခြားသူများသည် ကျောရိုးထဲ ချမ်းစိမ့်လာကြလေသည်။

ပြောရမည်ဆိုလျှင် သူက ဆူဇီမိုကို နောက်တစ်ကြိမ် အခွင့်အရေးပေးလိုက်ခြင်းပင်။

ဆူဇီမိုကသာ ထိုအခွင့်အရေးကို မဖမ်းဆုပ်ဘူးဆိုလျှင် ဖေးချွန်ယွီက သူ့ကို သတ်ပေတော့မည်။

ဤလူက ထိုသို့လုပ်နိုင်သည့် အစွမ်းအစနှင့် ခွန်အားလည်း အမှန်တစ်ကယ် ရှိလေသည်။

ကျိချန်းရှန်နှင့် အခြားသူများသည် စိုးရိမ်ပူပန်လာကြပြီး ဆူဇီမိုတစ်ယောက် မကျေနပ်ချက်များကို ထိန်းချုပ်၍ ယာယီအားဖြင့် မာန်လျှော့နိုင်ပါစေဟု ဆုတောင်းလိုက်ကြ၏။

လူတိုင်းခံစားမိနေသည်မှာ ဆူဇီမိုက သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေလျှင်တောင် ဖေးချွန်ယွီ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။ အခုလို တိုက်ပွဲအပြင်းအထန် ဆင်နွှဲ၍ ဒဏ်ရာများ ဗရပွနှင့် အားအနည်းဆုံးအခြေအနေနှင့်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

အင်မော်တယ်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သော ဖန်သားနန်းတော်၏ အမွေခံတပည့်တစ်ယောက်အနေနှင့် ဖေးချွန်ယွီကို သားရဲစီးဓါးပြများနှင့် သွားနှိုင်းယှဉ်လို့ မရပေ။

ကျိချန်းရှန်နှင့် အခြားသူများသည် အကြောအခြင်များ တောင့်တင်း၍ ဆူဇီမိုကို ကြည့်လိုက်ကြ၏။

ရုတ်တရက်..

ဆူဇီမိုက ပြုံးလိုက်လေသည်။

“မင်းမကြားလိုက်ဘူးလား.. အဲ့လိုဆိုတော့လဲ ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် နောက်တစ်ခေါက် ထပ်ပြောရတာပေါ့...”

“ထွက်.သွား”

ထိုသို့ သူပြောပြီးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးက လုံးဝ တိတ်ဆိတ်ငြိမ်ကျသွား၏။

များစွာသော ကျင့်ကြံသူများသည် သွေးများပေကျံနေသော ထိုလူကို ပါးစပ်အဟောင်းသားနှင့်ကြည့်ပြီး တုန်လှုပ်ချောက်ချားသွားကြကာ သူတို့၏ စိတ်ထဲတွင် စကားတစ်လုံးက ဝင်ရောက်လာလေသည်.. တဇောက်ကန်း..။

ဘာကြောင့်ရယ်မသိ.. ကျိချန်းရှန်နှင့် အခြားသူများသည် စိတ်ထဲပေါ့သွားသလို ခံစားလိုက်ရ၏။

အဲ့ဒါကမှ ဆူဇီမိုအစစ်ပင်။

မမျှတတာကို မျှတပါတယ်ဆိုပြီး ခေါင်းညိတ်ထောက်ခံ အညံ့ခံမည့်လူမျိုး မဟုတ်ပေ။

ဖေးချွန်ယွီ၏ သတ်ဖြတ်လိုစိတ်က ဆူဇီမို၏ အာရုံသတိစိတ်ကနေ လွတ်အောင်မပုန်းနိုင်ပေ။

ထိုသို့ဆိုမှတော့ ဆူဇီမိုကလည်း ထိုလူအပေါ် ကောင်းပေးစရာ အကြောင်းမရှိပေ။

ဖေးချွန်ယွီကို ဆူဇီမို စိန်ခေါ်ရဲသည်မှာ သူ၏ သားရဲသွင်ပြင်ကြောင့် ဖြစ်လေသည်။

အဲ့ဒါက ဆူဇီမိုသည် ဘယ်လိုမှ မတတ်သာသည့်အဆုံး မဟုတ်ဘဲနှင့် ထုတ်သုံးမည်မဟုတ်သော ဝှက်ဖဲတစ်ချပ်ပင် ဖြစ်လေသည်။

ထိုသို့မဟုတ်ပါက ဖေးချွန်ယွီ၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိကတည်းက ဆူဇီမိုသည် စကားအများကြီး ဆက်မပြောဘဲ တိုက်ခိုက်ပြီးနေလောက်ပေပြီ။

ဖေးချွန်ယွီသည် ခဏမျှ ကြောင်အသွား၏။

ဆူဇီမိုထံမှ ဤကဲ့သို့ တုံ့ပြန်လာလိမ့်မည်ဟု သူလုံးဝ မထင်ထားမိပေ။

“ဟဟဟားဟား”

ဖေးချွန်ယွီက လှိုက်လှိုက်လှဲလှဲ ရယ်ချလိုက်၏။ သူ့အသံက အက်ကွဲကွဲနိုင်၍ အလွန်တရာ စူးရှနေ၏။

နောက်ခဏ၌ သူ့မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားပြီး မူလက နောက်ပစ်ထားသော သူလက်ဝါးသည် ရှေ့ထွက်လာပြီး ရိုက်ချလိုက်၏။ ထိုလက်ဝါးက ကျောက်စိမ်းလို လက်လက်ထ၍ ကြည်လင်နေလေသည်။

“မင်းရဲ့ အလားအလာကို ငါချီးကျူးမိပါရဲ့.. ဒါပေမယ့်...”

သူ့မျက်လုံးက အေးစက်ခက်ထန်လာပြီး ဆက်ပြောလိုက်လေသည်။

“မင်းက ငါ့ဘက်မှာ မရှိမှတော့ ငါမင်းကို ဖျက်ဆီးပစ်ရတော့မှာပေါ့”

All Chapters