← Chapters

တိတ်တဆိတ် ရှုံးနိမ့်သွားခြင်း

Vol. 26 Ch. 379

တိတ်တဆိတ် ရှုံးနိမ့်သွားခြင်း

Vol. 26 Ch. 379

“ဒီလူက ငါ့ရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ်”

ဆူဇီမိုကတော့ သေတော့မည်ဟု အားလုံးက တွေးမိရုံရှိစဉ်မှာပင် သူ၏ ဘေးဘက်မှ အမိန့်ဆန်ဆန် လေသံနှင့် အသံတစ်သံက ထွက်ပေါ်လာလေသည်။

မလှမ်းမကမ်းမှ ဓါးအလင်းတန်းတစ်ခုက ပျံသန်းလာ၏။

ပန်းချီကားထဲကလို မျက်လုံးများနှင့် ချောမောလှပသည့်လူတစ်ယောက် ဖြစ်လေသည်။ သူကတော့ ယန်ဆေးဂိုဏ်းမှ ယောက်ျားတစ်ယောက်လို ဝတ်ဆင်ရတာကို နှစ်သက်သော ထန်ယုပင် ဖြစ်လေသည်။

လူတိုင်း၏ အာရုံက ထန်ယုအပေါ် ရောက်သွားစဉ်မှာ.. ဖေးချွန်ယွီ၏ မျက်လုံးထဲတွင် မသိမသာ အလင်းတစ်ချက်က လက်သွားပြီး သူက ရုတ်တရတ် လက်သီးဆုပ်ကာ ထိုးချလိုက်၏။

ထိုထိုးချက်က ဆူဇီမို၏ ရင်အုပ်ကို ချိန်ရွယ်ထားပြီး အလွန်တရာ လျှင်မြန်လေသည်။

သူ့လက်သီးပေါ်တွင် စိတ်ဝိညာဉ်အလင်းငါးခုက ပေါ်လာပြီး ပြိုးပြိုးပြက်ပြက် လင်းလက်သွားလေသည်။

စိတ်ဝိညာဉ်အင်းကွက်ငါးခု.. ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်..

ဖေးချွန်ယွီက သူ့လက်တွင် ပကတိအဆင့်လက်အိတ်တစ်ခုကို ဝတ်ဆင်ထားခြင်းပင် ဖြစ်လေသည်။ အဲ့ဒါက ပုစဉ်းရင်ကွဲ၏ တောင်ပံလောက် ပါးလွှာပြီး ထွင်းဖောက်မတတ် ကြည်လင်နေလေသည်။

သူက အဲ့ထဲကို စိတ်ဝိညာဉ်စွမ်းအင် ထိုးသွင်းလိုက်ခြင်းကြောင့်သာ မဟုတ်လျှင် အဲ့ဒါရှိနေတာကို သိရဖို့ ခက်လေသည်။

အသေတိုက်ကွက်..

“သတိထား..”

ထန်ယု၏ အမူအယာက ပြောင်းလဲသွားပြီး အော်ဟစ်လိုက်၏။

ဖေးချွန်ယွီနှင့် ဆူဇီမိုသည် လွန်စွာ နီးကပ်နေကြပြီး လက်တစ်ဆန့်အကွာမှာ ရှိနေကြလေသည်။

ဆူဇီမို၏ ရင်အုပ်က ပွင့်ထွက်သွားမည့်မြင်ကွင်းကိုပင် ထန်ယုသည် မြင်ယောင်လာလေသည်။

ထိုးချက်က လျှပ်စီးလို လျှင်မြန်ပြီး ချောင်းမြောင်းတိုက်ခိုက်လိုက်ခြင်းကြောင့် လုံးဝရှောင်တခင် ထွက်ပေါ်လာခြင်းပင်။ အဲ့ဒါကို ဘယ်သူ့မှ တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပေ.. ဆူဇီမိုက လွဲလျှင်ပေါ့။

ဖေးချွန်ယွီက ဖန်သားနန်တော်၏ အမွေခံတပည့်တစ်ယောက်ဖြစ်ပြီး ထိပ်တန်းအဆင့် အခြေတည်အဆင့်တစ်ယောက်ဖြစ်နေတာ အံ့သြစရာ‌တော့ မဟုတ်ပေ။

သူ၏ အချိန်ကိုက် တိုက်ခိုက်ခြင်းက ပြီးပြည့်စုံလွန်းလှလေသည်။

စောစောက ဆူဇီမိုသည် သတိထားနေလျှင်တောင် ထန်ယု၏ ပေါ်ပေါက်လာမှုက သူ့အာရုံကို ပြောင်းသွားစေမည် ဖြစ်လေသည်။

ထိုကဲ့သို့ အာရုံပျက်ပြားသွားသည့် ခဏလေးမှာပင် ဖေးချွန်ယွီက အချိန်ကိုက် တိုက်ခိုက်လိုက်၏။

သူ၏ အာရုံခံသတိစိတ်သာ မရှိလျှင် ဆူဇီမိုသည် ထိုထိုးချက်ကြောင့် သေသွားလောက်လေသည်။

သူ၏ အာရုံခံသတိစိတ်ရှိနေတာတောင် ဆူဇီမိုသည် ခြေတစ်လှမ်းနောက်ကျနေဆဲဖြစ်ပြီး သွေးသောက်သူကို ထုတ်ကာ ခုခံဖို့ အချိန်မရတော့ပေ။ ထို့အစား သူသည် တိုက်ခိုက်မှုကို သူ့လက်ချည်းသက်သက်ဖြင့်သာ ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

ထိုသည်ကို မြင်သောအခါ ထန်ယု၏ မျက်လုံးများက မှေးမှိန်ကျသွား၏။

ဆူဇီမိုက တုံ့ပြန်နိုင်ခဲ့သော်လည်း ရလဒ်က သိပ်ထူးထူးခြားခြား ပြောင်းလဲသွားမည် မဟုတ်တော့ပေ။

အစကတည်းက ဖေးချွန်ယွီသည် ဆူဇီမိုထက် ကျင့်ကြံမှုနှစ်ဆင့်တောင် မြင့်နေပြီးသားဖြစ်၏။ ထို့အပြင် ဖန်သားနန်းတော်၏ ခန္ဓာမီးဆေးနည်းစနစ်က ထျန်ဟွမ်ကမ္ဘာတစ်ခုလုံးမှာ ကျော်ကြားလေသည်။

ဖေးချွန်ယွီက ဆူဇီမိုထက် ပိုမိုသန်မာသည်မှာ သံသယဝင်စရာ မရှိပေ။

ဒါ့အပြင် ဖေးချွန်ယွီ၏ လက်အိတ်က ပကတိအဆင့် စိတ်ဝိညာဉ်လက်နက်ဖြစ်ပြီး ဆူဇီမိုက သူ့လက်ချည်းသက်သက်ဖြင့်သာ ရင်ဆိုင်နေ၏။

ထန်ယုအတွက်တော့ ဤတစ်ကွက်မျှ ဖလှယ်ပြီးသည်နှင့် ဆူဇီမိုက လက်သီးချက်ဖြင့် သေရတော့မည်မှာ သေချာသလောက်ပင်။

သူက ကံကောင်းထောက်မလို့ အသက်ရှင်နိုင်သေးရင်တောင် သူ့လက်တစ်ဖက်က ကျိုးကြေမွသွားမည်ဖြစ်ပြီး သူ့တိုက်ခိုက်ရည်က များစွာဆုတ်ယုတ်သွားပေလိမ့်မည်။

ဘုန်း..

လက်သီးချင်း တိုက်မိသွားပြီး ခပ်ထိုင်းထိုင်းအသံက ထွက်ပေါ်လာ၏။

ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်ပေါ်က တောက်ပသည့်အရောင်က ပျောက်ကွယ်သွားလေသည်။

ဖေးချွန်ယွီက မရွေ့ပေ။

ဆူဇီမို၏ ကိုယ်က တသိမ့်သိမ့်တုန်ယင်သွားပြီး နောက်သို့ ခြေသုံးလှမ်း ယိမ်းယိုင်ဆုတ်ပြီးမှ ရပ်တန့်သွားလေသည်။

ဆုတ်သွားတုန်းက သူ့ခြေထောက်များသည် ကောင်းကင်ထယ်သွားခြေလှမ်းကို အလိုလိုကို လှမ်းသွားပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသည့် ခြေထောက်ရာများက ထင်ကျန်ခဲ့ကာ မြေကြီးက တုန်ခါသွားလေသည်။

ဆူဇီမို၏ လက်သီးက ဆိုးဆိုးရွားရွား စုတ်ပြတ်သွားပြီး အရိုးများက ပေါ်လာလေသည်။

သို့သော်လည်း ထိုအရိုးများက အဖြူရောင်မဟုတ်.. သွေးနီရောင်ပင်။

“ဟမ်..”

လူတိုင်းသည် ပါးစပ်အဟောင်းသားနှင့် သူတို့၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။

သူက မသေဘူးလား...

သူ့လက်က ကျိုးကြေမွသွားရမှာ မဟုတ်ဘူးလား..

သူ့လက်သီးက အနည်းငယ် ဒဏ်ရာရသွားပြီး သွေးထွက်နေရုံလောက်ပဲလား..

ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ..

ထိုထိုးချက်နှင့် ဆိုပါက သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုတောင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်လေသည်။ အဲ့ဒါကို အဲ့ဒီဆူဇီမိုက လက်ချည်းသက်သက်နဲ့ ဘယ်လိုများ....

ကျင့်ကြံသူများအားလုံး အံ့သြမှင်တက်ကုန်ကြ၏။

သူတို့ကိုယ်တိုင်သာ မြင်တွေ့ရခြင်းမရှိလျှင် ယခုဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ ယုံကြလိမ့်မည် မဟုတ်ပေ။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မိစ္ဆာအမွေခံသူ ရွှယ်ယန်က မသိမသာ မျက်မှောင်ကြုတ်ပြီး ဆူဇီမို၏ ညာဘက်လက်ကို အတွေးပါပါ ကြည့်လိုက်၏။

ဖေးချွန်ယွီ၏ သူငယ်အိမ်က တဆတ်ဆတ်လှုပ်သွားပြီး သူ့လက်ကို မသိမသာ ပြန်ရုတ်ကာ နောက်ပစ်ထားလိုက်၏။

“ဟီးဟီး”

ဆူဇီမိုက ရုတ်သိမ်းလိုက်သော ဖေးချွန်ယွီ၏ လက်ကိုကြည့်ပြီး ရုတ်တရတ် ရယ်ချလိုက်၏။

ထိုထိတွေ့ရိုက်ခတ်မှု၌ ဖြစ်ပျက်သွားသောအရာ အတိအကျကို သူကလွဲပြီး ဘယ်သူမှ သေချာမသိပေ။

ဆူဇီမို၏ ကိုယ်ကာယက သန်မာသည်ဆိုသော်လည်း ပကတိအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု၏ စွမ်းအားကို ခုခံနိုင်စရာ အကြောင်းမရှိပေ။

ထိုအချိန်၌ ဆူဇီမိုက သားရဲသွင်ပြင်ကို ပြောင်းလဲထားလျှင်တောင် သူ့ခွန်အားက နောက်ထပ်တစ်ဆင့်သို့ ခုန်တက်သွားမည်ဖြစ်သော်လည်း ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခုကိုတော့ ခုခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ဆူဇီမို၏ ခန္ဓာကိုယ်၌ လုံးဝအထူးစပါယ်ရှယ်အစိတ်အပိုင်းတစ်ခု ရှိလေသည်။

အဲ့ဒါကတော့ သူ့ညာဘက်လက်ပင်။

သူ့ညာဘက်လက်ကို အပေါ်ယံမှာ အသွေးအသားများနှင့် ဖုံးအုပ်ထား၏။ သို့သော်လည်း ထိုအသားများ၏ အောက်မှာတော့ ဘယ်ဆီဘယ်ဝယ်ကမှန်း မသိရသေးသော သွေးရိုးလက်ဝါးတစ်ခု ရှိပြီး အဲ့ဒါကို ဘယ်လိုမှ မဖျက်ဆီးနိုင်ပေ။ သွေးသောက်သောက်သူတောင် အဲ့ဒါကို မခုတ်ပိုင်းနိုင်ပေ။

ထိုဖလှယ်မှုတွင် ဖေးချွန်ယွီ၏ ခွန်အားက အသာစီးရပြီး ဆူဇီမိုကို နောက်သို့ ခြေသုံးလှမ်းဆုတ်သွားစေခဲ့၏။

သို့သော်လည်း တစ်ကယ်တမ်းမှာတော့ ဆူဇီမိုသည် များစွာထိခိုက်ပျက်ဆီးမှု မရှိခဲ့ပဲ သူ၏ အပေါ်ယံ အသွေးအသားဒဏ်ရာ ရရှိခဲ့ရုံသာ။

ဖေးချွန်ယွီကတော့ လူမသိသူမသိ ထိခိုက်ခံစားခဲ့ရပြီး မခံမရပ်နိုင်လောက်အောင် နာကျင်နေ၏။

သူ့ဝတ်ရုံအောက်တွင် ဖေးချွန်ယွီ၏ ရုတ်သိမ်းလိုက်သောလက်က တုန်ယင်နေသည်ကို မည်သူမှ သတိမထားမိခဲ့ကြပေ။

သူ့အတွက်တော့ သံမဏိနံရံကြီးကို ထိုးလိုက်ရသလို ခံစားလို့ မကောင်းလှပေ။

ထိုခဏမှာပင် ထန်ယုက သူတို့နှစ်ယောက်အကြားသို့ ရောက်ချလာပြီး ဦးလေးလျန့်ကလည်း နောက်ကနေ ကပ်လျက်လိုက်ပါလာလေသည်။

“တာအိုရောင်းရင်းဆူ.. ခင်ဗျား.. အဆင်ပြေရဲ့လား”

ထန်ယုသည် သူမနောက်ရှိ ဆူဇီမိုကို စိတ်ရှုပ်ထွေးစွာ ကြည့်ပြီး ချီတုံချတုံနှင့် မေးလိုက်မိ၏။

“အဆင်ပြေပါ့ဗျာ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“ခင်ဗျား တစ်ကယ် အဆင်ပြေတာ ဟုတ်လို့လား”

ထန်ယုက သူမ၏ သိုလှောင်အိတ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ပြီး တီးတိုးပြောလိုက်၏။

“ခင်ဗျား ဟန်လုပ်မနေပါနဲ့.. အတွင်းဒဏ်ရာ ရသွားတယ်မလား.. ဒီဆေးလုံးကို အရင်သောက်ပြီး ခင်ဗျားဒဏ်ရာတွေကို တည်ငြိမ်အောင် လုပ်လိုက်”

ဆူဇီမိုက တည်ငြိမ်စွာပြုံးပြပြီး ခေါင်းခါပြကာ ငြင်းပယ်လိုက်လေသည်။

“ဖေးချွန်ယွီ.. ဒါက ဘာသဘောလဲ”

ထန်ယုက တစ်ဖက်ကို ပြန်လှည့်၍ စူးရှစွာကြည့်ပြီး မေးခွန်းထုတ်လိုက်၏။

“သူက ယန်ဆေးဂိုဏ်းရဲ့ ကာကွယ်မှုအောက်မှာရှိတယ်လို့ ငါပြောလိုက်ရဲ့နဲ့.. မင်းက သူ့ကို တိုက်ခိုက်လိုက်သေးတယ်ပေါ့”

“ဟဲဟဲ”

ဖေးချွန်ယွီက သရော်တော်တော်ရယ်၍ မထီတရီလေသံနှင့် ပြန်ပြောလိုက်၏။

“တာအိုရောင်းရင်းဆူရဲ့ ခန္ဓာကိုယ်က အရမ်းကြံ့ခိုင်ပြီး အနီးကပ်တိုက်ခိုက်ရည် အရမ်းကောင်းတယ် ပြောနေကြလို့ ကျုပ်က စူးစမ်းချင်မိရုံပါ.. ဒါက လက်ရည်စမ်းရုံလေးပဲကို.. မင်းက ဘာလို့ အသည်းအသန် ဖြစ်နေရတာလဲ.. တာအိုရောင်းရင်းထန်ယုရဲ့”

“လက်ရည်စမ်းတာဟုတ်လား”

ထန်ယုက လှောင်ရယ်လိုက်၏။

ထိုထိုးချက်က ဆူဇီမို၏ အသက်ကို နုတ်ယူဖို့ ရည်ရွယ်ခဲ့တာ အသိသာကြီးပင်။

သည့်အရင်က သူသည် ဆူဇီမို၏ ငေါက်ငမ်းခံရပြီး အရှက်ရခဲ့၏။ ယခုဖလှယ်မှုတွင် သူသည် တိတ်တဆိတ် ရှုံးနိမ့်ခဲ့ရပြန်၏။ ဖေးချွန်ယွီက အသာတကြည် လက်လျှော့လိုက်မည် မဟုတ်ပေ။ သူသည် ဆူဇီမိုကို သတ်ဖို့အတွက် နောက်ထပ်အခွင့်အလမ်းများ ရှာဖွေနေဆဲဖြစ်၏။

ယခု သူ့ရှေ့မှ ထန်ယုကို သူကြောက်စရာ ဘာမှ မရှိပေ။

သို့သော်လည်း ထန်ယုနောက်မှ ကပ်ပါလာသော အကြီးအကဲအမျိုးသားတစ်ယောက်ကို မြင်လိုက်ရချိန်တွင် ဖေးချွန်ယွီ၏ မျက်လုံးထဲ၌ သတိထားသည့်အရိပ်အယောင်က ပေါ်လာလေသည်။

ဖေးချွန်ယွီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် ကြိတ်ပြီး သက်ပြင်းချလိုက်၏။ ယခု ယန်ဆေးဂိုဏ်းက ပါဝင်ပတ်သတ်လာပြီဆိုတော့ ဒီနေ့တော့ ဆူဇီမိုကို သူသတ်နိုင်တော့မည် မထင်ပေ။

ဒါ့အပြင် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မိစ္ဆာအမွေခံသူကလည်း ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေလေသည်။

အခုက ယန်ဆေးဂိုဏ်းနှင့် အချင်းများနေရမည့် အချိန်မဟုတ်ပေ။ မဟုတ်ပါက ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ကြားထဲကနေ အမြတ်ထုတ်သွားနိုင်လေသည်။

ထိုသို့တွေးပြီးနောက် ဖေးချွန်ယွီသည် ထန်ယုကို လက်သီးဆုပ်လေးစားဟန်ပြကာ ဆူဇီမိုကို လေးနက်စွာ စိုက်ကြည့်ပြီး ဟန်လုပ်ပြုံး၍ ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ.. ကျုပ်တို့လျှောက်ရမယ့်လမ်းက အရှည်ကြီးကျန်သေးတာပဲ.. တစ်ချိန်ချိန်မှာ ကျုပ်တို့ လက်ရည်စမ်းဖို့ အခွင့်အရေး ရလာဦးမှာပေါ့”

လက်ရည်စမ်းဖို့ ဆိုသည့်နေရာ၌ ဖေးချွန်ယွီက စကားကို ဖိပြောလိုက်၏။

ဆူဇီမိုက ခပ်သဲ့သဲ့ပြုံးပြီး မထီတရီ ပြန်ပြောလိုက်၏။

“နောက်တစ်ခါ ငါတို့ လက်ရည်စမ်းဖြစ်ရင် မင်းရဲ့ခွေးအသက်ကို ဖက်နဲ့ထုပ်ထားလိုက်”

“ဟဟ ဟားဟား..”

ဖေးချွန်ယွီက ခေါင်းကိုနောက်လှန်၍ အားပါးတရ ရယ်ချလိုက်၏။

“ကောင်းတယ် ကောင်းတယ်.. အဲ့အချိန်ကို ငါစောင့်နေမယ်”

ထိုသို့ပြောရင်း သူ့ဝတ်ရုံစကို လှုပ်ခါကာ ဖန်သားနန်းတော်မှ အခြားကျင့်ကြံသူများနှင့်အတူ လှည့်ထွက်သွားလေသည်။

အခြားတစ်ဖက်တွင် ရွှယ်ယန်သည်လည်း ပြန်လှည့်သွားလေသည်။

နောက်ခဏမှာတော့.. ရွှမ်ထျန်းမြို့၏ ထိပ်သီးအဖွဲ့အစည်းနှစ်ခုသည် သူတို့ ဘယ်တုန်းကမှ ပေါ်မလာခဲ့သည့်အလား ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေတော့သည်။

ကျိချန်းရှန်နှင့် အခြားသူများသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။

မသိလိုက်မသိဘာသာနှင့်ပင်.. သူတို့လေးယောက်စလုံးက ချွေးအေးများနှင့် ရွှဲနေကြလေပြီ။

All Chapters