← Chapters

ဆေးရေအိုင်ဂိုဏ်း

Vol. 26 Ch. 380

ဆေးရေအိုင်ဂိုဏ်း

Vol. 26 Ch. 380

ရှည်လျားသော လမ်းမထက်တွင် ကျန်ရစ်နေသေးသော လူဆိုးလူမိုက်များသည် ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြ၏။

ထန်ယုပြန်ရောက်လာသည်ကလည်း ကံကောင်းသည်ဟု ဆိုရပေမည်။ သို့မဟုတ်ပါက ဆူဇီမိုသည် သားရဲသွင်ပြင်သို့ ပြောင်းလိုက်လျှင် နောက်ထပ် သွေးလွှမ်းတိုက်ပွဲတစ်ခုက ဖြစ်ပေါ်လာမည်ဖြစ်ပြီး အရာရာတိုင်းက ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားလျှင် နောက်ဆက်တွဲ အကျိုးဆက်များက မတွေ့ဝံ့စရာ ဖြစ်တော့ပေမည်။

ထန်ယုသည် သူမ၏ သိုလှောင်အိတ်ထဲမှ ဆေးလုံးအချို့ကို ထုတ်ယူပြီး ကျိချန်းရှန်နှင့် အခြားသူများကို ကမ်းပေးလိုက်၏။

သူတို့လေးယောက်ကလည်း ငြင်းပယ်မနေပေ။

သူတို့၏ သိုလှောင်အိတ်များထဲတွင် အနာကျက်ဆေးလုံးများ ရှိသော်လည်း အာနိသင်က ယန်ဆေးဂိုဏ်းမှ ထိုဆေးလုံးများနှင့် မယှဉ်နိုင်ပေ။

ဆူဇီမိုကတော့ တစ်ချက်မျှကြည့်၍ ခေါင်းခါလိုက်ပြီး မယူပေ။

“ဘာဖြစ်လို့လဲ”

ထန်ယုက ဇဝေဇဝါနှင့် မေးလိုက်၏။

“ခင်ဗျားဒဏ်ရာတွေက သေးသေးမွှားမွှားမှ မဟုတ်တာ.. ဒီဆေးလုံးတွေက ခင်ဗျားဒဏ်ရာတွေကို အမြန်ဆုံး သက်သာပျောက်ကင်းသွားအောင် ကူညီပေးလိမ့်မယ်.. စိတ်မပူပါနဲ့ ယန်ဆေးဂိုဏ်းက ဆေးလုံးတွေက ထျန်ဟွမ်ကမ္ဘာမှာ အကောင်းဆုံးပဲ”

ထန်ယုပြောတာက မမှားပေ။ သူမထုတ်ပေးထားသော ဆေးလုံးများက အရည်အသွေးမြင့် သာလွန်အဆင့် ဆေးလုံးများ ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုသည် ကျင့်ကြံရေးလောကသို့ စတင်ဝင်ရောက်ခဲ့ကတည်းမှ သူ့မှာ သတ်မှတ်ချက်တစ်ခု ရှိလေသည်။ အဲ့ဒါက ပကတိအဆင့်ဆေးလုံးမှ မဟုတ်လျှင် မစားသုံးဟုပင် ဖြစ်လေသည်။

အကြောင်းမှာ ပကတိအဆင့်ဆေးလုံးများသာလျှင် အညစ်အကြေးလုံးဝမပါရှိဘဲ ပကတိသန့်စင်သော ဆေးအာနိသင်ကို ပေးစွမ်းနိုင်လေသည်။

ထိုသာလွန်အဆင့် ဆေးလုံးများကို မဆိုနှင့်.. ထိပ်တန်းအဆင့်ဆေးလုံးဆိုလျှင်တောင် ဆူဇီမိုက စိတ်ပါလိမ့်မည် မဟုတ်ပေ။

သူက ရှင်းပြမနေတော့ဘဲ အပြုံးနှင့် ယဉ်ကျေးစွာသာ ငြင်းပယ်လိုက်၏။

ဆူဇီမိုသည် တိုက်ပွဲတွင် ဒဏ်ရာပေါင်းသုံးဆယ်ကျော်နှင့် တစ်ကိုယ်လုံး သွေးများရွှဲကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ဟု ထင်ရသော်လည်း တစ်ကယ်တော့ သူ့အခြေခံအုတ်မြစ်ကို မထိခိုက်သေးပေ။

သူ့ကိုယ်တွင်းအင်္ဂါများက ပကတိကောင်းမွန်နေပြီး သူ့အရွတ်များနှင့် အရိုးများကလည်း အဆင်ပြေလေသည်။

ခဏနားလိုက်သည့်အချိန်မှာပင် ဆူဇီမို၏ ဒဏ်ရာများက စတင်ကောင်းမွန်လာနေပြီး သွေးများက ဆက်လက်မထွက်တော့ပေ။

သူ၏ ကြောက်စရာကောင်းသော ဆဲလ်အသစ်ပြန်လည်တည်ဆောက်ခြင်းစွမ်းရည်အရ.. ရက်အနည်းငယ်အတွင်း သူက ပြန်လည်ကောင်းမွန်လာပေလိမ့်မည်။

. . .

ရွှမ်ထျန်းမြို့ကို ယေဘုယျအားဖြင့် နယ်မြေလေးခု ခွဲနိုင်လေသည်။

မြို့၏ အရှေ့ဘက်ခြမ်းမှာ ဖန်သားနန်းတော်၊ အနောက်ဘက်မှာ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၊ တောင်ဘက်မှာက မိစ္ဆာဒိဋ္ဌိဝါဒီများ ပါဝင်လေသည်။

မြောက်ဘက်ခြမ်းမှာတော့ ကျင့်ကြံသူများက ရှုပ်ထွေးနေကြ၏။

အစတုန်းကတော့ မြောက်ဘက်ခြမ်းမှာ ယန်ဆေးဂိုဏ်းနှင့် ကြိုးကြာတစ်ထောင်ဂိုဏ်းတို့ကလွဲလျှင် သားရဲစီးဓါးပြလေးဦးတို့အဖွဲ့က အသန်မာဆုံး ဖြစ်လေသည်။

သို့သော်လည်း သားရဲစီးဓါးပြလေးဦးမှ မရှိတော့ပြီဖြစ်သောကြောင့် မြို့၏ မြောက်ဘက်ခြမ်းကို ယခုအခါ ယန်ဆေးဂိုဏ်းနှင့် ကြိုးကြာတစ်ထောင်ဂိုဏ်းတို့က ထိန်းချုပ်လိုက်လေသည်။

ရှည်လျားသောလမ်းမထက်တွင် တိုက်ပွဲမပေါ်ပေါက်ခင်ကတည်းက ထန်ယုသည် ဆူဇီမို၏ အတော်လေး တန်ဖိုးထားခဲ့ပြီး သားရဲစီးဓါးပြလေးဦးကို ကိုင်တွယ်ဖို့ သူနှင့် သဘောတူညီမှု ရယူထားခဲ့၏။

ထိုအချိန်တုန်းက ဤသဘောတူညီမှုက စိတ်ကူးယဉ်ဆန်ပြီး ယုတ္တိယုတ္တာမကျပေ။

သို့သော် ယခုအခါမှာတော့ ယန်ဆေးဂိုဏ်းက များစွာ အကျိုးအမြတ် ရရှိသွားပြီဖြစ်ကြောင်း လူတိုင်းနားလည်သဘောပေါက်သွားကြလေသည်။

သူတို့သည် ဆူဇီမိုလိုမျိုး ပါရမီအလားအလာလည်းကောင်း၊ သန်မာမှုလည်းရှိသော သူမျိုးကို အရင်းအမြစ်များစွာ ဆုံးရှုံးခြင်းမရှိဘဲ စုဆောင်းနိုင်ခဲ့သလို သားရဲစီးဓါးပြလေးဦးကိုလည်း အပြတ်ရှင်းပစ်နိုင်ခဲ့၏။ အဲ့ဒါက ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ကို ပစ်လိုက်နိုင်ခြင်းပင် ဖြစ်လေသည်။

ဆယ်ရက်ကြာပြီးနောက်..

မြို့၏ မြောက်ဘက်.. ယန်ဆေးဂိုဏ်း၏ အစည်းအဝေးခန်းမတွင်..

ကျိချန်းရှန်နှင့် အခြားသူများက ဒဏ်ရာများက အကုန်နီးပါး ပျောက်ကင်းကုန်သလောက်ရှိပြီး ဆူဇီမိုသည် ပြီးခဲ့သည့်နှစ်ရက်လောက်ကတည်းက အပြည့်အဝ ပြန်လည်ကောင်းမွန်နေလေပြီ။

ဆူဇီမိုခြောက်ယောက်၊ ထန်ယု၊ ဦးလေးလျန့်နှင့် ယန်ဆေးဂိုဏ်း၏ တိုက်ခိုက်ရေးခန်းမမှ ကျင့်ကြံသူဖြစ်သော ယန်ကျွင်းတို့သည် စုဝေးနေကြလေသည်။

“အားလုံးပဲ.. ကျုပ် ခင်ဗျားတို့ကို ခေါ်လိုက်ရတာက ရှေးဟောင်းတိုက်ပွဲမြေအကြောင်း နည်းနည်းပါးပါး ဆွေးနွေးချင်လို့ပဲ”

ထန်ယုက လေးနက်စွာ ပြောလိုက်လေသည်။

“ကျုပ်က ခင်ဗျားတို့ကို အကူအညီတောင်းထားမှတော့ ကျုပ်သိထားသမျှ လျှို့ဝှက်ချက်မှန်သမျှ မခြွင်းမချန် ‌ပြောပြရမှာပေါ့”

ဆူဇီမိုတို့အုပ်စုက ခေါင်းညိတ်ပြလိုက်၏။ ထန်ယု၏ ရိုးသားမှုစိတ်ရင်းအမှန်ကို သူတို့အားလုံး ခံစားမိကြလေသည်။

ဤရက်များအတွင်း ယန်ဆေးဂိုဏ်းသည် အရည်အသွေးမြင့် ဆေးလုံးအတော်များများကို ကျိချန်းရှန်နှင့် အခြားသူများအား အင်အားပြန်လည်ဖြည့်တင်းဖို့ရာ ထောက်ပံ့ပေးထားခဲ့လေသည်။

“တစ်ကယ်တော့ အဲ့ဒီအပျက်အစီးနေရာက ဟိုးရှေးဟောင်းခေတ်တုန်းက ဆေးရေအိုင်ဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းနဲ့ ဆက်စပ်နေတာပဲ”

နာမည်ကို ကြားလိုက်ရုံနှင့် ထိုဂိုဏ်းက ဆေးဖော်စပ်ခြင်းပညာရပ်များနှင့် ပတ်သတ်နေကြောင်း သိသာလေသည်။

ထန်ယုက ဆက်ပြောလိုက်၏။

“ဆေးရေအိုင်ဂိုဏ်းက ရှေးဟောင်းခေတ်တုန်းက အရမ်းကို နာမည်ကြီးကျော်ကြားခဲ့တာ.. သူက ထျန်ဟွမ်ကမ္ဘာရဲ့ အထင်ကရအဖြစ်ဆုံး ဆေးဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့ဖူးတယ်.. ကျုပ်တို့ ယန်ဆေးဂိုဏ်းကို တည်ထောင်ခဲ့သူဆရာက အရင်တုန်းက ဆေးရေအိုင်ဂိုဏ်းက နတ်ဆေးဆရာတစ်ယောက်ပဲ”

ထိုသည်ကို ကြားရသောအခါ ဆူဇီမိုတို့အုပ်စုသည် တုန်လှုပ်သွားကြလေသည်။

ဆေးရေအိုင်ဂိုဏ်းက နတ်ဆေးဆရာတစ်ယောက် တည်ထောင်လိုက်သော ဂိုဏ်းတစ်ဂိုဏ်းကတောင် ထျန်ဟွမ်ကမ္ဘာ၏ တစ်သီးပုဂ္ဂလလေးအုပ်စုထဲမှ တစ်ခုဖြစ်သော ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာသည်ဆိုတော့.. အဲ့ဒီခေတ်တုန်းက ဆေးရေအိုင်ဂိုဏ်းက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားထည်ဝါခဲ့မလဲ စဉ်းစားကြည့်နိုင်လေသည်။

“ဆေးရေအိုင်းဂိုဏ်းရဲ့ အပျက်အစီးနေရာက အရမ်းကို ထူးခြားတယ်”

ထန်ယုက လေးနက်တည့်တံ့သော အမူအယာနှင့် ဆက်ပြောလိုက်၏။

“အဲ့ဒီမှာ ဆေးလုံးတွေ အမြောက်အများ ရှိရုံတင်မကဘူး.. ဒီနေ့ခေတ်မှာ ပျောက်ဆုံးနေပြီဖြစ်တဲ့ ဆေးဖော်စပ်နည်းကျမ်းတွေတောင် ရှိလောက်တယ်”

ဆူဇီမိုသည် မသိမသာ ခေါင်းညိတ်လိုက်၏။

ရှေးဟောင်းခေတ်ကနေ ဒီနေ့ခေတ်ထိ ဖြတ်သန်းလာခဲ့ပြီးနောက် တန်ဖိုးရှိသည့်အရာ အတော်များများက ပျောက်ဆုံးတိမ်မြုပ်သွားခဲ့ကြလေပြီ။

မရီးဒါန်ဖွင့်ဆေးလုံးများက အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးနေရခြင်းမှာ ထိုဆေးလုံး၏ ဖော်စပ်နည်းအညွှန်းက ဟိုးတုန်းကတည်းက ပျောက်ကွယ်သွားခဲ့သောကြောင့် ဖြစ်လေသည်။

ဆေးရေအိုင်ဂိုဏ်း၏ အပျက်အစီးနေရာမှ မရီးဒါန်ဖွင့်ဆေးလုံးဖော်စပ်နည်းကိုသာ ရရှိနိုင်ခဲ့ပါ ဘယ်လောက်တောင် အကျိုးအမြတ်များလိုက်မလဲ စဉ်းစားကြည့်လို့တောင် မရပေ။

“တစ်ကယ်တော့.. တချို့ဂိုဏ်းတွေရဲ့ အပျက်အစီးနေရာတွေမှာ ဆေးဖော်စပ်နည်းတွေအပြင်.. တော်တော်ကြီးကို ကံကောင်းမယ်ဆိုရင်.. အဲ့ဂိုဏ်းတွေရဲ့ အမွေအနှစ်ကိုတောင် လက်ခံရရှိနိုင်သေးတယ်.. အဲ့ဒီအမွေအနှစ်တွေက ဆေးလုံးဖော်စပ်နည်းတွေထက်တောင် အများကြီးပိုပြီး တန်ဖိုးရှိသေးတယ်.. ဒါပေမယ့်လို့ အဲ့လိုဖြစ်နိုင်ဖို့ကလဲ အရမ်းကို ခဲယဉ်းတယ်.. မင်းက ဆေးရေအိုင်ဂိုဏ်းရဲ့ သင်္ကေတတံဆိပ်ပြားတစ်ခုခု ဒါမဟုတ် အသိအမှတ်ပြု မှတ်မိနိုင်မယ့် အရာတစ်ခုခုကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့...”

ထန်ယုက ခါးသက်သက် ရယ်မောလိုက်၏။

“ဒါပေမယ့်လို့ အဲ့လိုဂိုဏ်းမျိုးတွေက ဆေးညွှန်းတွေက ရှေးဟောင်းခေတ်ကထဲက ပျောက်ဆုံးကုန်တာဆိုတော့ သင်္ကေတတံဆိပ်ပြားတွေက ဘယ်လိုလုပ်ပြီး ရှိနိုင်ပါတော့မလဲ”

ထိုသည်ကို ပြောလိုက်ချိန်တွင် ဆူဇီမို၏ နုလုံးက ဒိန်းကနဲ ခုန်သွား၏။

ရှောင်းနင်က တစ်ခုခုကို ပြောချင်နေသလို့ ထူးခြားသည့်အမူအယာနှင့် ဆူဇီမိုကို အလိုလို လှမ်းကြည့်မိလိုက်ပြီးမှ ရပ်တန့်လိုက်၏။

ဆူဇီမိုက ခေါင်းကိုငုံ့၍ မမြင်သလို ဟန်ဆောင်နေ၏။

တစ်ကယ်တော့ သူတို့နှစ်ယောက်စလုံးသည် တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုအကြောင်း တွေးမိသွားကြ၏။

ရှောင်းနင်ပိုင်ဆိုင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော ဆေးမီးဖို..

ရှေးဟောင်းတိုက်ပွဲမြေထဲသို့ သူတို့ဝင်ရောက်လာကတည်းက အဲ့ဒါသည် တစ်မူထူးခြားသော တုံ့ပြန်မှုများကို ပေးနေ၏။ ထို့ကြောင့်ပင် ဆူဇီမိုက ရှောင်းနင်ကိုခေါ်၍ ဒီဘက်အရပ်သို့ ထွက်လာခဲ့ကြခြင်း ဖြစ်လေသည်။

ယခု သူတို့သည် ဆေးရေအိုင်ဂိုဏ်းအကြောင်း ပိုမိုသိလာကြသောအခါ အဲ့ဒါက ဆေးရေအိုင်ဂိုဏ်းနှင့် ပတ်သတ်ဆက်စပ်မှုရှိနိုင်ကြောင်း ပိုသေချာလာလေသည်။

သို့သော်လည်း အဲ့ဒါက အလွန်ကို ထိလွယ်ရှလွယ်သော ကိစ္စဖြစ်လေသည်။

လူတစ်ယောက်၏ ကြွယ်ဝမှုသည် အခြားသူများ၏ လောဘကို ဖိတ်ခေါ်မိပါက သူကိုယ်တိုင် ပျက်စီးရာကို ဖြစ်ပေါ်စေတတ်လေသည်။

အခုလို လူအများကြီးရှိနေချိန် အဲ့အကြောင်း ပေါ်ပေါက်သွားပါက ဒုက္ခများ၊ ပြဿနာများကို ဖိတ်ခေါ်သလို ဖြစ်သွားပေလိမ့်မည်။ ယန်ဆေးဂိုဏ်းသည်ပင် သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်လေသည်။

ရှောင်းနင်က အတွေ့အကြုံနုနယ်၍ ရိုးသားသောကြောင့် များစွာစဉ်းစားဆင်ခြင်မှုမရှိဘဲ တစ်မူထူးခြားသည့်တုံ့ပြန်မှုကို ပြလိုက်ခြင်း ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုက ကျင့်ကြံရေးလောကရှိ လူများနှင့် အန္တရာယ်များအကြောင်း နောကြေနေပြီဖြစ်သောကြောင့် ရှောင်းနင်၏ အကြည့်ကိုရှောင်၍ မသိမသာ ခေါင်းခါပြလိုက်၏။

ရှောင်းနင်ကလည်း သိပ်ပြီးနုံအသူ မဟုတ်သောကြောင့် သူမ၏အကြည့်ကို ရုတ်ပြီး ဆိတ်ဆိတ်နေလိုက်၏။

ထိုသို့ဆိုလျှင်တောင် ရှောင်းနင်၏ တုံ့ပြန်မှုကို တစ်ယောက်က သတိထားမိသွားသေး၏။

ထန်ယုနောက်တွင် ရပ်နေသော တိုက်ခိုက်ရေးခန်းမမှ ကျင့်ကြံသူယန်ကျွင်းက မျက်ခုံးပင့်၍ ရုတ်တရတ် မေးလိုက်၏။

“ကြည့်ရတာ တာအိုရောင်းရင်းရှောင်းနင်က ဒီဂိုဏ်းရဲ့ အမွေအနှစ်နဲ့ ပတ်သတ်ပြီး ပြောစရာတစ်ခုခု ရှိနေပုံပဲ ဟုတ်တယ်မလား”

“မရှိ.. မရှိပါဘူး”

ရှောင်းနင်က သူခိုးလူမိသွားသလို အနည်းငယ် ထိတ်လန့်သွား၏။

ထန်ယုက မသိမသာ မျက်မှောင်ကြုတ်ပြီး ရုတ်တရက် ပြောလိုက်၏။

“ရှောင်းနင်.. နင်က ဆေးရေအိုင်ဂိုဏ်းမှာ လူတစ်ယောက်ရဲ့ သက်တမ်းကို ဆွဲဆန့်နိုင်တဲ့ ဆေးအညွှန်းမျိုးရှိမလား မေးချင်နေတာမလား”

“အင်း.. ဟုတ်ပါတယ်ရှင့်”

ရှောင်းနင်က ကပျာကယာ ခေါင်းညိတ်ပြလိုက်၏။

ထန်ယုက သိမ်မွေ့စွာပြုံး၍ နူးညံ့စွာ ပြောလိုက်၏။

“ဘာမှမပူနဲ့.. ဆေးရေအိုင်ဂိုဏ်းမှာ အဲ့လိုမျိုး ဆေးညွှန်းတွေက ရှိတတ်ပါတယ်.. ဒါပေမယ့်လို့ အဲ့ဒါက ငါတို့လက်ထဲကို ရောက်လာမယ်လို့တော့ ပြောလို့မရသေးဘူးပေါ့.. အဲ့ဒါက ကံတရားနဲ့လဲ ဆိုင်နေသေးတာကိုး”

“အမ်း”

ရှောင်းနင်က ခေါင်းညိတ်ပြလိုက်၏။

ထန်ယု၏ ဖြတ်ပြောမှုကြောင့် ယန်ကျွင်းသည် ရှောင်းနင်ကို ဇဝေဇဝါနှင့်ကြည့်၍ ဆက်လက်ဖိအားမပေးတော့ပေ။ သူအတွေးလွန်သွားတာ ဖြစ်မည်ဟုသာ ယူဆလိုက်လေသည်။

ဆူဇီမိုက ခေါင်းကိုမော့၍ ထန်ယုကို မသိမသာ တစ်ချက်ကြည့်လိုက်၏။

ထိုအချိန်၌ သူမကလည်း သူ့ကို လေးနက်စွာ ကြည့်နေ၏။ သူမ၏ မျက်လုံးများက ရေပြင်ကဲ့သို့ တောက်ပနေပြီး ပြုံးယောင်သန်းနေသလိုပင်။

ဘယ်လောက်ထက်လိုက်တဲ့ အမျိုးသမီးလဲ..

ဆူဇီမိုသည် စိတ်ထဲကနေ သက်ပြင်းကြိတ်ချလိုက်၏။

ယန်ကျွင်းက ရှောင်းနင်၏ မူမမှန်ပုံကို သတိထားမိမှတော့.. ထန်ယုကလည်း မသိစရာ အကြောင်းမရှိပေ။

ဒါ့အပြင် သူမက ရှောင်းနင်ကို မျက်နှာသာပေးသည့်အနေနှင့် စကားလမ်းကြောင်းပြောင်းကာ ယန်ကျွင်းကို ဇဝေဇဝါဖြစ်သွားအောင် လုပ်ပစ်လိုက်လေသည်။

သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ချိန်တွင် ထုတ်ပြောခြင်းမရှိဘဲ တစ်ယောက်ကိုတစ်ယောက် နားလည်လိုက်ကြ၏။

All Chapters