ဆေဘာဧကရာဇ်၏ ဒဏ္ဍာရီ
Vol. 26 Ch. 382
မဟာကျိုးအင်ပါယာမှ ကျင့်ကြံသူများသည် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ချိန်တိုင်း.. နယ်မြေအစပ်နားမှာသာ လှည့်ပတ်သွားလာပြီး ပြန်လာခဲ့ကြသည်ချည်းသာ။ သူတို့က ဘယ်လိုလုပ်ပြီး ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကို ကြားဖူးပါ့မလဲ။
ဆူဇီမိုကြောင့်သာ မဟုတ်လျှင် ကျိချန်းရှန်နှင့် အခြားသူများသည်လည်း ဤနေရာသို့ ရောက်လာကြလိမ့်မည် မဟုတ်ပေ။ သူတို့သည် ရွှမ်ထျန်းမြို့တော်ဆိုတာကိုတောင် ဘယ်တော့မှ ကြားဖူးလိမ့်မည် မဟုတ်ဘဲ ယန်ဆေးဂိုဏ်းတို့၊ ဖန်သားနန်းတော်တို့ဆိုတာကို သူတို့ဘဝတစ်လျှောက်လုံး ထိတွေ့ဖို့ အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။
ယန်ကျွင်း၏ စကားများက မခန့်လေးစား ဖြစ်နေသော်လည်း သူ၏ အောက်စည်းကို ဖြတ်မလာသေးသောကြောင့် ဆူဇီမိုသည် သိပ်တော့ အရေးလုပ်မနေပေ။
ထန်ယုက မျက်မှောင်အနည်းငယ်ကြုတ်၍ ယန်ကျွင်းကို ခပ်ဆတ်ဆတ်တစ်ချက်ကြည့်ပြီးမှ ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ဆိုပြီး ကျော်ကြားနေရတာကတော့ အဲ့ဒါက ရှေးဟောင်းဒဏ္ဍာရီတစ်ခုနဲ့ ပတ်သတ်နေလို့ပဲ”
သူမ၏ လေသံအရ.. ထိုဒဏ္ဍာရီက သာမန်မဟုတ်သည်မှာ သိသာလေသည်။
ဆူဇီမိုတို့အုပ်စုသည် အလေးအနက်ပုံစံ ပေါက်သွားပြီး ခါးကိုမတ်ကာ စိတ်ဝင်တစား နားစိုက်ထောင်လိုက်ကြ၏။
ထန်ယုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဲ့ဒဏ္ဍာရီက.. ဆေဘာဧကရာဇ်အကြောင်းပဲ”
ဆေဘာ.ဧကရာဇ်..
ထိုစကားလုံးနှစ်လုံးကို ပြောလိုက်ချိန်တွင် လေဟာနယ်က တုန်ခါသွားပြီး ပိန်းပိတ်နက်မှောင်နေသော အက်ကွဲကြောင်းက ပွင့်ဟသွားသည့်အလား.. ချမ်းစိမ့်စိမ့်လေများက တိုးဝင်လာလေသည်။
ထိုစကားလုံးများကို ပြောလိုက်ရုံနှင့်ပင် ဖော်ပြခြင်းငှာ မစွမ်းသာသော ဖိအားများက ကျရောက်လာလေသည်။ အဲ့ဒါက အလွန်ရှေးကျပြီး မဖျက်ဆီးနိုင်သော ကြံ့ခိုင်မှုနှင့် ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့သည့်အလား လွန်စွာတုန်လှုပ်ချောက်ချားစရာ ကောင်းနေလေသည်။
သတ်ဖြတ်လိုစိတ်က ချက်ချင်း ခန်းမထဲတွင် ပြည့်နှက်သွား၏။
လူတိုင်းသည် အသက်ရှူဖို့ပင် ခက်ခဲလာသလို ခံစားလိုက်ရ၏။
အတန်ငယ်ကြာပြီးမှ ထိုဖိုအားက ပျက်ပြယ်သွားလေသည်။
ထန်ယုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောလိုက်လေသည်။
“ဧကရာဇ်ဆိုတာကတော့ ပြိုင်ဘက်ကင်းတာ၊ သာလွန်မြင့်မြတ်တာနဲ့ အတုမရှိတာကို ကိုယ်စားပြုတာပဲ.. ဆေဘာလမ်းကြောင်းမှာ သူက ပြိုင်ဘက်ကင်းပြီး သူကို ဖိနှိမ်နိုင်တဲ့သူ ဘယ်သူမှ မရှိတော့ဘူး.. အဲ့ဒါကြောင့် ဆေဘာဧကရာဇ်ဆိုတဲ့ဘွဲ့ကို သူက ရခဲ့တာပဲ”
“ဆေဘာဧကရာဇ်က ထျန်ဟွမ်ကမ္ဘာမှာ အသန်မာဆုံးပုဂ္ဂိုလ် မဟုတ်ဘူးဆိုရင်တောင် ဆေဘာလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ ဆေဘာကျင်ကြံသူတွေ အကုန်လုံးကြားထဲမှာတော့ သူက တုနှိုင်းမဲ့ ဧကရာဇ်ပဲ”
ဆူဇီမို နားလည်သဘောပေါက်လာ၏။
မည်သည့်ခေတ်မှာမဆို ဧကရာဇ်များက တစ်ယောက်မက များစွာ ပေါ်ထွက်နိုင်၏။ သို့သော်လည်း နယ်ပယ်တစ်ခု သို့မဟုတ် လမ်းကြောင်းတစ်ခုမှာတော့ ဧကရာဇ်က တစ်ဦးတည်းသာလျှင် ရှိနိုင်လေသည်။
အဲ့ဒါက ဧကရာဇ်၏ အဓိပ္ပါယ်.. ပြိုင်ဘက်ကင်း၊ အနှိုင်းမဲ့၊ အတုမရှိပင် ဖြစ်လေသည်။
အင်မော်တယ်လမ်းကြောင်းကို လျှောက်လှမ်းသော ဧကရာဇ်သည် အင်မော်တယ်ဧကရာဇ်၊ မိစ္ဆာလမ်းကြောင်းကို လျှောက်လှမ်းသော ဧကရာဇ်သည် မိစ္ဆာဧကရာဇ်၊ ဓါးလမ်းကြောင်းကို လျှောက်လှမ်းသောဧကရာဇ်သည် ဓါးဧကရာဇ် ဖြစ်လေသည်။
ပြောရမည်ဆိုလျှင် ဧကရာဇ်ဖြစ်လာသည့်သူများက ထျန်ဟွမ်ကမ္ဘာ၏ အသန်မာဆုံး စာရင်းဝင် ပုဂ္ဂိုလ်များ ဖြစ်လေသည်။
“လက်ရှိထျန်ဟွမ်ကမ္ဘာမှာ ဓါးပညာက အနှိုင်းမဲ့ကြီးစိုးနေတာကိုတော့ ခင်ဗျားတို့ သိကြမှာပေါ့.. အင်မော်တယ်လမ်းကို စလျှောက်ပြီဆိုတာနဲ့ အသုံးအများဆုံး ရွေးချယ်စရာလက်နက်က ဓါးပျံတွေပဲမလား.. ဒါပေမယ့် ရှေးဟောင်းခေတ်တုန်းကတော့ လက်နက်ပေါင်းတစ်ရာကျော်က အပြိုင်အဆိုင် ကြီးစိုးခဲ့ကြတယ်တဲ့.. ဓါးအပြင် အဲ့ဒီမှာ ဆေဘာတွေ၊ လှံတံတွေ၊ ပုဆိန်လှံတွေ၊ ပုဆိန်တွေ၊ လေးတွေနဲ့ တခြားလက်နက်တွေ အများကြီးရှိသေးတယ်.. ဓါးမှာ သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းရှိသလို ဆေဘာမှာလဲ ရှိတယ်.. လက်နက်အမျိုးအစားတစ်ခုချင်းမှာ တစ်ဖက်ကမ်းခတ်အောင် ကျွင်းကျင်ကြတဲ့ ဧကရာဇ်တစ်ပါးစီ ရှိခဲ့ကြတယ်”
“ရှေးဟောင်းခေတ်တုန်းက လူသားမျိုးနွယ်က ကောင်းချီးပေးခံရပြီးတော့ ထျန်ဟွမ်ကမ္ဘာမှာ မရေအတွက်နိုင်တဲ့ ပြိုင်စံရှားပါရမီရှင်တွေ အများကြီး မွေးဖွားလာခဲ့တယ်.. အဲ့ဒါက ငါတို့လူသားမျိုးနွယ်တွေရဲ့ ရွှေခေတ်ဖြစ်ခဲ့ပြီးတော့ အဲ့ဒီခေတ်မှာပဲ ငါတို့က ရှေးဟောင်းခေတ်စစ်ပွဲလို့ခေါ်တဲ့ သမိုင်းဝင်စစ်ပွဲကြီးကို ဆင်နွှဲခဲ့ရတယ်.. အဲ့ဒီစစ်ပွဲကာလက အရမ်းကို ကြာမြင့်ခဲ့ပြီးတော့ လူသားမျိုးနွယ်ရဲ့ ပညာရှင်တွေနဲ့ တစ်ကယ့်စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်ကြီးတွေ မရေမတွက်နိုင်အောင် ကျရှုံးခဲ့ကြရတယ်.. ဧကရာဇ်တွေပါ သွေးမြေကျခဲ့ရပြီးတော့ အရမ်းကို ကြောက်စရာကောင်းခဲ့တယ်”
“စစ်ပွဲရဲ့ အဆုံးသတ်မှာ လူသားတွေက အနိုင်ရခဲ့ပေမယ့်လို့ လက်နက်ပေါင်းတစ်ရာရဲ့ တိုက်ခိုက်ရေးနည်းစနစ် အတော်များများက အဲ့ဒီရှေးဟောင်းခေတ်မှာပဲ ပျောက်ကွယ်သွားခဲ့ပြီးတော့ နောက်ပိုင်းမှာ မမြင်တွေ့ရတော့ဘူး.. ကျန်ရှိခဲ့တဲ့ မျိုးဆက်တွေကတော့ ဓါးလမ်းကြောင်းနဲ့ ဆေဘာလမ်းကြောင်းမှာ လျှောက်လှမ်းကြတဲ့သူတွေပဲ”
ကြားရသည့် အကြောင်းအရာများကြောင့် ဆူဇီမိုနှင့် ကျန်သူများသည် တုန်လှုပ်ချောက်ချားသွားကြလေသည်။
ဤပုံပြင်များ၊ ဒဏ္ဍာရီများအကြောင်းကို သူတို့သည် သူတို့တစ်ခါမှ မကြားဖူးခဲ့ပေ။ အခုအခါမှာတော့ သူတို့သည် အရမ်းကို စိတ်ဝင်စားသွားကြလေသည်။
ဒဏ္ဍာရီများက သိပ်ပြီး မရှည်လျားသော်လည်း သူတို့သည် ထိုခမ်းနားထည်ဝါခဲ့သောခေတ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသလို့ ခံစားလိုက်ရလေသည်။
ထန်ယုက ဆက်ပြောလိုက်၏။
“ရှေးဟောင်းခေတ်စစ်ပွဲအပြီးမှာ ဓါးအမွေအနှစ်နဲ့ ဆေဘာအမွေအနှစ်ကို လက်ခံရရှိခဲ့ကြတဲ့သူနှစ်ယောက်ကတော့ ဓါးဧကရာဇ်နဲ့ ဆေဘာဧကရာဇ် ဖြစ်လာခဲ့ကြတာပေါ့.. အဲ့ဒီစွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်နှစ်ယောက်နဲ့ ပတ်သတ်တဲ့ ဒဏ္ဍာရီတွေကတော့ အမျိုးမျိုးကွဲထွက်နေတာ အများကြီးပဲ.. တချို့မှာ ဖော်ပြတာက သူတို့က မိတ်ဆွေရင်းချာတွေတဲ့.. တချို့ပြောတာကြတော့လဲ သူတို့က မိတ်ဆွေမဟုတ် ရန်သူမဟုတ်တွေတဲ့.. ....”
“ဘယ်လိုဖြစ်ဖြစ် နောက်ဆုံး ဖြစ်ပျက်ခဲ့တာကတော့.. ဆေဘာဧကရာဇ်က ထျန်ဟွမ်ကမ္ဘာကနေ အဝေးကို ထွက်သွားခဲ့တယ်.. အဲ့ဒီနောက်တော့ ဓါးဧကရာဇ်က တစ်ဦးတည်းသော ကျန်ရစ်ခဲ့တဲ့ ဧကရာဇ်ဖြစ်လာပြီး အဲ့ဒါကြောင့်လဲ လက်ရှိ ကျင့်ကြံရေးလောကမှာ ဓါးက အနှိုင်းမဲ့ ကြီးစိုးပြီး ဦးဆောင်နေခဲ့တာပဲ”
ဆူဇီမိုတို့အုပ်စုသည် သက်ပြင်းရှည်ကြီး ချလိုက်ကြပြီး တော်တော်နှင့် စိတ်ကို တည်ငြိမ်လို့မရပေ။
ထန်ယုက ဆက်ပြောလိုက်၏။
“အဲ့ဒီအချိန်တုန်းက ဓါးဧကရာဇ် ချန်ရစ်ခဲ့တဲ့ အမွေအနှစ်ကတော့ လက်ရှိဓါးဂိုဏ်းပေါ့.. အင်မော်တယ်ဂိုဏ်းကိုးဂိုဏ်းထဲက တစ်ဂိုဏ်းပေါ့”
ခဏကြာ အသံတိတ်သွားပြီးနောက် ဆူဇီမိုက မေးလိုက်၏။
“ဆေဘာဧကရာဇ်ကရော ဘယ်ရောက်သွားလဲ”
ထန်ယုက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
“သူက ပင်လယ်ရပ်ခြားကို ခရီးလှည့်လည်သွားလာခဲ့ပြီး သမုဒ္ဒရာတစ်ခုထဲမှာ တစ်ခုတည်းသောကျွန်းတစ်ကျွန်းကို ရှာတွေ့ခဲ့တယ်.. အဲ့ဒီနေရာမှာ သူ့ရဲ့အမွေအနှစ်ကို ချန်ထားခဲ့တယ်တဲ့”
ဆူဇီမိုက လွှတ်ကနဲ ကောက်မေးလိုက်၏။
“ကျွန်းနှစ်ကျွန်းထဲက တစ်ကျွန်းလား”
ထျန်ဟွမ်ကမ္ဘာ၏ ထိပ်သီးအဖွဲ့အစည်းကိုးခုတွင် ကျွန်းနှစ်ကျွန်းကလည်း အပါအဝင် ဖြစ်လေသည်။
“အမှန်ပေါ့”
ထန်ယုက မျက်လုံးများက အထင်ကြီးမှုနှင့် လက်သွားပြီးခေါင်းညိတ်လိုက်၏။
“ဆေဘာဧကရာဇ်ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်က ကျွန်းနှစ်ကျွန်းထဲက တစ်ကျွန်းဖြစ်တဲ့ နတ်ဖီးနစ်ကျွန်းပဲ.. နတ်ဖီးနစ်ကျွန်းရဲ့ အမွေဆက်ခံသူက ထျန်ဟွမ်ပြည်မကြီးကို ခြေချခဲတယ်.. ဒါပေမယ့်လို့ သူတို့ထဲက တစ်ယောက်လောက် ပေါ်လာပြီဆိုရင်လဲ ကျင့်ကြံရေးလောကမှာ လှိုင်းဂယက်အကြီးကြီး ထသွားခဲ့တာပဲ.. သူတို့က တစ်ကယ့်ပြိုင်စံရှား ပါရမီရှင်တွေပဲ”
ဆူဇီမိုသည် ညည်းညူလိုက်၏။
ထိုအတိုင်းသာဆိုရင် အဲ့ဒီအချိန်တုန်းက ဆေဘာဧကရာဇ်က မရှုံးနိမ့်ခဲ့ပေ။
ဓါးဧကရာဇ်ချန်ရစ်ခဲ့သော အမွေအနှစ်က အင်မော်တယ်ဂိုဏ်းများထဲမှတစ်ဂိုဏ်းဖြစ်လာပြီး ဆေဘာဧကရာဇ်ချန်ရစ်ခဲ့သော အမွေအနှစ်က ကျွန်းနှစ်ကျွန်းထဲမှ တစ်ကျွန်းဖြစ်လာခဲ့၏။ ဂုဏ်းသတင်းကျော်စောမှုမှာဖြစ်စေ၊ အဆင့်အတန်း သို့မဟုတ် ခွန်အားမှာဖြစ်စေ.. ထိုကျွန်းက ဓါးဂိုဏ်းထက် အောက်မကျပေ။
“ဒါဆို ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကရော ဆေဘာဧကရာဇ်နဲ့ ဘယ်လိုပတ်သတ်နေတာလဲ” ဆူဇီမိုက မေးလိုက်၏။
ထန်ယုက ရှင်းပြလိုက်၏။
“ပြောကြတာတော့ ဆေဘာဧကရာဇ်က ထျန်ဟွမ်ပြည်မကြီးကနေ ထွက်ခွာတော့ အမွေအနှစ်တစ်ခု ချန်ထားခဲ့တယ်တဲ့.. အဲ့ဒါကတော့ ရှေးဟောင်းတိုက်ပွဲမြေမှာရှိတဲ့ ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်တဲ့”
“ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကို ရှေးဟောင်းတိုက်ပွဲမြေမှာ တစ်ကယ်တွေ့ခဲ့ကြတယ်.. ဒါပေမယ့် နှစ်ပေါင်းထောင်ချီကြာလာတာတောင် အဲ့ဒီက အမွေအနှစ်ကို ဘယ်သူမှ မရယူနိုင်ခဲ့ကြဘူး.. ခေတ်အဆက်ဆက်မှာ ပါရမီရှင်တွေက မရေမတွက်နိုင်အောင် ပေါ်ထွက်ခဲ့တာပဲ.. ဒါပေမယ့် သူတို့အကုန်လုံး ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး.. နောက်တော့ တဖြည်းဖြည်းနဲ့ ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်က ယုံတမ်းစကားတစ်ခုလို ဖြစ်လာခဲ့တာပဲ.. အဲ့ဒီအချိန်မတိုင်ခင်အထိပေါ့....”
ထန်ယုက ခဏမျှ ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။
“ပြီးခဲ့တဲ့ နှစ်တစ်ထောင်ဝန်းကျင်လောက်ကပေါ့.. ရှေးဟောင်းတိုက်ပွဲမြေမှာ မွန်းစတားဆန်ဆန် ကျင့်ကြံသူတစ်ယောက်က ပေါ်ထွက်လာခဲ့တယ်.. သူက တစ်ကယ့်ထိပ်တန်းဂိုဏ်းကြီးတွေထဲက လာတာ မဟုတ်ပေမယ့်လို့ အမျိုးမျိုးသော ဂိုဏ်းကြီးတွေက အမွေခံတပည့်တွေအကုန်လုံးနဲ့ သူက ယှဉ်တိုက်နိုင်ခဲ့တယ်”
“ပြောကြတာတော့ အဲ့ဒီလူက ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်က ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို လက်ခံရယူနိုင်ခဲ့တယ်တဲ့”
ဆူဇီမိုက မသိမသာ မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“အဲ့ဒီလူက ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရပြီးတာတောင် ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်က ရှိနေတုန်းပဲလား”
ထန်ယုက ခေါင်းညိတ်လိုက်၏။
“ရှင်ကို ဆေဘာကျင့်ကြံသူတစ်ယောက်လို့ ပြောလို့ရတယ်မလား.. အဲ့ဒါကြောင့် ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်က ရှင့်အတွက်သင့်တော်တယ်.. ရှင့်ရဲ့ခွန်အားကို အမြန်ဆုံး တိုးတက်လာဖို့ ကူညီပေးလိမ့်မယ်.. အမ်း တစ်ခုတော့ရှိတာပေါ့.. အဲ့ဒါ ရှင်က ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရအောင်ယူနိုင်မှ ဖြစ်မှာပေါ့”