ဧကရာဇ်တွေနဲ့ ရင်ဘောင်တန်းပြီး ရပ်တည်မှာ
Vol. 26 Ch. 383
ထိုစကားကိုကြားပြီး.. ဆူဇီမိုသည် ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ဆီသို့ ခရီးထွက်ကိုထွက်မည်ဟု စိတ်ကို ပိုင်းဖြတ်လိုက်လေသည်။
ဆူဇီမိုသည် ကျင့်ကြံရေးလောကသို့ မဝင်ရောက်ခင်ကတည်းက ဆေဘာကို အမြဲတစေ အသုံးပြုခဲ့သော်လည်း သူသည် ဆေဘာနည်းစနစ်များနှင့်ပတ်သတ်ပြီး ဘာတစ်ခုမှ မသိပေ။ သူ၏ မျိုးဆက်သွေးစွမ်းအားကိုအားပြု၍ ခန္ဓာကိုယ်ကြံ့ခိုင်အားကိုသုံးကာ ဒီတိုင်းလိုက်လံခုတ်ပိုင်းခြင်းသာ ရှိလေသည်။
သူသည် မဟာအရိုင်းကမ္ဘာက အန္တိမသားရဲကျင့်စဉ်ကိုကျင့်ထားသောကြောင့် သူ့အရေက မာကြောပြီး သူ့အသားက ထူထဲလေသည်။ မျောက်ဝံတစ်ကောင်လို ပေါ့ပါးပြီး ကျားတစ်ကောင်လို ခုန်အုပ်နိုင်၏။ မြင်းတစ်ကောင်လို အပြေးမြန်ပြီး လေကဲ့သို့ မြောက်တက်နိုင်၏။ မြားတစ်စင်းလို့ ဆင်းသက်နိုင်ပြီး မာကျောမှုနှောင့် လျှင်မြန်ဖျတ်လတ်မှုကို တစ်ချိန်တည်း အသုံးပြုနိုင်လေသည်။
သူ၏ အာရုံခံသတိစိတ်နှင့် ထပ်ပေါင်းကူ၍ ကျရောက်လာမည့်အန္တရာယ်ကို ကြည့်စရာမလိုဘဲ ရှောင်နိုင်၏။ သူ့မှာ အားနည်းချက်က မရှိသလောက်ပင်။
သို့သော်လည်း ဆူဇီမို ကောင်းစွာသိထားသည်မှာ သူ့ပြိုင်ဘက်က ပထမတန်းစား ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်ခဲ့လျှင် သူ့ဆေဘာနည်းစနစ်မှ ဟာကွက်များကို ရှာတွေ့ပြီး သူ့ကို လှဲချသွားနိုင်လေသည်။ ထိုသူက သူ့လောက် ခွန်အားမရှိဘူးဆိုရင်တောင်မှပေါ့။
ထို့ကြောင့် အဲ့ဒါက အပုံတစ်သန်းမှာတစ်ပုံသာ အခွင့်အရေးရှိသည်ဆိုရင်တောင် ဆူဇီမိုသည် တစ်ခါလောက် ကံစမ်းကြည့်သည့်အနေနှင့် ထိုနေရာကို သွားရပေမည်။
ဆူဇီမို လှုပ်ရှားသွားသည်ကို မြင်သောအခါ ဘေးကနေ ယန်ကျွင်းက လှောင်ရယ်လိုက်၏။
“ဒီအရင်က ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကို သွားခဲ့တဲ့သူတွေက ရေလို့တောင်မရဘူး.. သူတို့ထဲက အများစုက သူ့ခေတ်သူ့အခါတုန်းက ပြိုင်စံရှားတွေချည်းပဲ.. ဒါတောင် နှစ်ထောင်ပေါင်းများစွာ ဖြတ်ကျော်လာခဲ့တာတောင် တစ်ယောက်ထဲပဲ အောင်မြင်ဖူးသေးတယ်.. မင်းလို ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကိုတောင် မကြားဖူးတဲ့ တောကြိုအုံကြားကလူက ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရချင်နေသေးတယ်ပေါ့”
ယန်ကျွင်း၏ ဆူဇီမိုကို ထပ်တလဲလဲ ပစ်မှတ်ထား တိုက်ခိုက်ပြောဆိုနေပုံနှင့် ပတ်သတ်ပြီး ထန်ယုသည် အတော်လေး စိတ်ပျက်နေပြီဖြစ်၏။
သို့သော်လည်း ဆူဇီမို၏ ဘာမှမဖြစ်သလို တုံ့ပြန်မှုမရှိ၊ တည်ငြိမ်နေသည်ကို သူမ သတိထားမိသွားပြီးမှ အနည်းငယ် စိတ်သက်သာရာရလာလေသည်။
“ပြီးတော့ အဲ့မှာ ရှင့်ကို နောက်ထပ်သတိပေးစရာတစ်ချက်ရှိသေးတယ်”
ထန်ယုက အလေးအနက် ပြောလိုက်၏။
“ကျမလဲ အဲ့ဒီဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်အကြောင်း သိပ်ပြီးသိလှတာ မဟုတ်ဘူး.. ဘာပဲပြောပြော ပြီးခဲ့တဲ့နှစ်တစ်ထောင်က အဲ့မှာ ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို လက်ခံရရှိတဲ့လူတစ်ယောက် ရှိပြီးခဲ့ပြီ.. အဲ့ဒါကြောင့် အဲ့ဒါက ရှင့်အတွက် အလဟဿခရီးတစ်ခု ဖြစ်ရင်လဲ ဖြစ်နေမှာ”
“အဆင်ပြေပါတယ်”
ဆူဇီမိုက တည်ငြိမ်စွာ ပြုံးလိုက်၏။
“ခင်ဗျား ကျုပ်ကို ပြောပြခဲ့တဲ့ ဒဏ္ဍာရီက တစ်ကယ့်ကို ရင်သပ်ရှုမောဖွယ်ပဲ.. ရှေးဟောင်းခေတ်စစ်ပွဲတုန်းက.. နဂါးတွေနဲ့ မြွေတွေက အဲ့ဒီရွှေခေတ်က ဧကရာဇ်တွေနဲ့အတူတကွ မော်ကြွားခဲ့ကြတယ်မလား.. ကျုပ်နောင်တရမိတာတစ်ခုထဲရယ်.. အဲ့တုန်းခေတ်ကသာ ကျုပ်ကိုမွေးဖွားခဲ့ရင် အဲ့ဒီဧကရာဇ်တွေနဲ့ ရင်ဘောင်တန်း ရပ်တည်ပြီး ကျုပ်နာမည်ကို သမိုင်းမှာ ချန်ထားခဲ့နိုင်မှာပဲ”
ထိုစကားကို သူပြောလိုက်ချိန်၌ ခန်းမတစ်ခုလုံးက တိတ်ဆိတ်ငြိမ်ကျသွား၏။
လူတိုင်းသည် တုန်လှုပ်၍ ပါးစပ်ကို အနည်းငယ်ဟကာ ငေးကြည့်မိသွားကြ၏။
ဘယ်လောက်တောင် မာန်မာနကြီးလိုက်တဲ့လူလဲ..
အဲ့ဒီဧကရာဇ်တွေနဲ့ ရင်ဘောင်တန်း ရပ်တည်ပြီး ကျုပ်နာမည်ကို သမိုင်းမှာ ချန်ထားခဲ့နိုင်မှာပဲဆိုတဲ့ စကားကို ပြောနိုင်ဖို့ ဘယ်လောက်တောင် မာန်မာနရှိဖို့ လိုလိုက်မလဲ..
အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ထိုစကားကို ပြောဆိုခြင်းသည် တစ်ကယ့်ကို ရယ်စရာကောင်းပြီး မောက်မာလွန်းလှလေသည်။
ဘာကြောင့်ရယ်မသိ.. ဆူဇီမိုက ထိုစကားကိုပြောလိုက်ချိန်တွင် မာန်မာနခက်ထန်နေပုံမရှိသလို အရမ်းကို စိတ်ဆန္ဒပြင်းပြနေပုံလည်း မရှိပေ။ သူက ဒီအတိုင်း သာမန်ကာလျှံကာစကားကို ပြောလိုက်သလိုပင်။
သို့သော်လည်း ထိုအချက်ကပင် သူတို့ရှေ့မှ ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူသည် ဧကရာဇ်များနှင့် ရင်ဘောင်တန်းရပ်တည်ဖို့ အဆင့်မီသည်ဟု သူတို့ခံစားမိလာ၏။
ဆူဇီမိုကို အမြင်မကြည်သော ယန်ကျွင်းသည်ပင် ဤအခိုက်အတန့်၌ ထေ့ငေါ့တာ၊ လှောင်ပြောင်တာ ဘာတစ်ခုမှ ထွက်မလာနိုင်ခဲ့ပေ။
ဆူဇီမိုပြောခဲ့သောစကားကို သူပြန်ထပ်ပြီး မပြောရဲပေ။ နတ်ဘုရားလို စွမ်းအားကြီးခဲ့သော ပုဂ္ဂိုလ်ကြီးများကို မတော်တဆ ပုတ်ခတ်မိပါက ကံကြီးထိုက်၍ ကံဆိုးမိုးမှောင်မှုများ ကျရောက်လာမည်ကို သူစိုးလေသည်။
ဧကရာဇ်များက ကျဆုံးခဲ့သည်မှာ နှစ်ပေါင်းမရေတွက်နိုင်တော့ပြီဖြစ်သော်လည်း သူတို့၏ ဂုဏ်ကျက်သရေကို စော်ကားပုတ်ခတ်လို့ မရနိုင်ပေ။
ဦးလေးလျန့်သည် ဆူဇီမိုကို အလေးအနက် ကြည့်လိုက်၏။
အစတုန်းက သူသည် ဆူဇီမိုကို အထင်သေးခဲ့၏။
သို့သော်လည်း ထိုအချိန်မှာတော့ ဆူဇီမိုအပေါ် ဦးလေးလျန့်၏ ယခင်က ထင်မြင်ချက်များသည် လုံးဝပျောက်ကွယ်သွားလေသည်။
ဆူဇိမိုသည် သူ့ဘေးက လူများ၏ ထူးဆန်းသည့် အမူအယာများကို သတိမထားမိဘဲ သူ့အတွေးနှင့်သူသာ နစ်မြောနေ၏။ သူက ခေါင်းကို အသာခါလိုက်ပြီး ညည်းတွားလိုက်၏။
“အချိန်က အကုန်လုံးကို အညှာတာမဲ့ တိုက်စားခဲ့တာပဲ.. ဓါးဧကရာဇ်ရော၊ ဆေဘာဧကရာဇ်ရော အဲ့ဒီခေတ်ကာလတွေကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် သူတို့ရဲ့ ဒဏ္ဍာရီတွေပဲ ကျန်ခဲ့ပါ့ရော့လား”
“ငါက ဆေဘာဧကရာဇ်ရဲ့ ဘုန်းတန်ခိုးကို ကိုယ်တိုင်မြင်တွေ့ခွင် မရနိုင်တော့ဘူးဆိုတော့လဲ.. ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကိုတော့ သွားကြည့်ရသေးတာပေါ့.. အမွေအနှစ်ကို မရနိုင်ရင်တောင် အဲ့ဒီခေတ်က ဂုဏ်ကျက်သရေကို မြင်တွေ့ခွင့်ရမယ်ဆိုရင် ငါ့ရင်ထဲက နောင်တကို ဖြေဖျောက်နိုင်ကောင်းပါရဲ့”
ထန်ယုက ခေါင်းညိတ်လိုက်၏။
“ရှင်က ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့လဲ ကျမ မတားတော့ပါဘူး.. ဒါပေမယ့် ဆေးရေအိုင်ဂိုဏ်းအပျက်အစီးအတွက် ယှဉ်ပြိုင်ရာမှာ ကျမတို့ကို ကူညီဖို့အတွက် တစ်လအတွင်းတော့ ရွှမ်ထျန်းမြို့ကို ရောက်အောင် ပြန်လာပေးပါ”
“ကောင်းပါပြီ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ထိုအချိန်မှာပင် ယန်ဆေးဂိုဏ်းကျင့်ကြံသူတစ်ယောက်က လျှင်မြန်စွာ လျှောက်လှမ်းလာပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။
“သခင်လေး.. ကြိုးကြာတစ်ထောင်ဂိုဏ်းက ဖုန့်မန်းမန်က တွေ့ခွင့်တောင်းနေပါတယ်”
“အစ်မမန်းမန်လား”
ထန်ယုသည် ခဏမျှ စဉ်းစားပြီးနောက် သူမ၏ အကြည့်က ရွေ့လျားသွားကာ လမ့်ရိုအပေါ်၌ ခဏရပ်တန့်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။
“သူ့ကို ဖိတ်ခေါ်လိုက်ပါ”
သူမက ဆူဇီမိုတို့အုပ်စုကို ရှင်းပြလိုက်၏။
“တစ်သီးပုဂ္ဂလလေးအုပ်စုက ဆက်ဆံရေးကောင်းမွန်ကြတယ်လေ.. အစ်မမန်းမန်က ဒီတစ်ခေါက် ကြိုးကြာတစ်ထောင်ဂိုဏ်းက အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ.. ကျမနဲ့သူက သိကျွမ်းတာ အတော်ကြာခဲ့ပြီ”
ထိုအချိန်မှာပင် အဖြူရောင်ဝတ်ရုံရှည်နှင့် အမျိုးသမီးတစ်ယောက်က လှမ်းဝင်လာလေသည်။ အမို့အမောက် အကွေ့အကောက်များနှင့် လုံးကြီးပေါက်လှကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး သူမ၏ ခြေလှမ်းများက ပေါ့ပါးဖျတ်လတ်ကာ သူမ၏ အနက်ရောင်ဆံကေသာများကို ဆံထုံး ထုံးထားလေသည်။ သူမထံမှ ရင့်ကျက်တည်ငြိမ်ပြီး ကျက်သရေရှိသည့် အော်ရာက ထွက်ပေါ်နေ၏။ ခြုံပြီးပြောရလျှင် သူမ၏ ပုံစံက ကြော့ရှင်းသပ်ယပ်၍ အရမ်းကို လှပလေသည်။
ထိုအမျိုးသမီး၏ ခါးတွင် သိုလှောင်အိတ်တစ်ခုအပြင် တစ်ကယ့်ကို လှပသေသပ်သော ပန်းရောင်စက္ကူကြိုးကြာလေးကို ချည်နှောင်ချိတ်ဆွဲထားလေသည်။
ထန်ယုက ပြုံးပြီး ထလျှောက်လိုက်၏။
“အစ်မမန်းမန်.. လာလေ”
ဖုန်မန်းမန်က ထန်ယုကို တစ်ချက်ကြည့်ပြီး တခစ်ခစ်ရယ်လိုက်၏။
“အို့.. နင်ဘာလို့ ဒီလိုမျိုးတွေ ဝတ်နေသေးတာလဲ.. နင့်အသက်က မငယ်တော့ဘူးလေ”
“ကျမ အဲ့ဒါ ဝတ်နေကျမလို့ပါ” ထန်ယုက မျက်စိမှိတ်ပြလိုက်၏။
“ရှောင်ယု.. ငါ ဘာမှ ဝေ့လည်ကြောင်ပတ်တွေ ပြောမနေတော့ဘူး.. ငါဒီကို လူတစ်ယောက်အတွက် ရောက်လာတာပဲ” ဖုန်မန်းမန်က အာလာပသလ္လာပတွေ ပြောပြီး အချိန်ဖြုန်းမနေတော့ပေ။
“သူလား”
ထန်ယုက လမ့်ရိုကို မျက်စပစ်ပြလိုက်၏။
ဖုန်မန်းမန်က ပြုံးလိုက်၏။
“နင်ကတော့ အကုန်သိနေတော့တာပဲ”
“ကျမလား”
လမ့်ရိုက အနည်းငယ် ကြောင်အသွား၏။
ဖုန်မန်းမန်က ညင်သာစွာကြည့်၍ ခေါင်းညိတ်ပြပြလိုက်၏။
“ငါ နင့်ရဲ့ အဆောင်လက်ဖွဲ့ဖန်တီးနိုင်တဲ့ ပါရမီကို တွေ့ပြီးသွားပြီ.. အဲ့ဒါကို အလဟဿ မဖြစ်စေနဲ့.. ငါတို့ ကြိုးကြာတစ်ထောင်ဂိုဏ်းကို ဝင်ရောက်ဖို့ နင့်ကို ဖိတ်ခေါ်ဖို့အတွက် ငါဒီကို ရောက်လာရတာပဲ.. ဘယ်လိုသဘောရလဲ”
လမ့်ရိုသည် အဆောင်လက်ဖွဲ့များ စီရင်ဖန်တီးရတာကို သဘောကျနှစ်ခြိုက်ပြီး ကြိုးကြာတစ်ထောင်ဂိုဏ်းသို့ အမှန်တစ်ကယ်ကို ဝင်ရောက်ချင်ခဲ့လေသည်။ သို့သော်လည်း အခွင့်အရေးက ဤကဲ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာလိမ့်မည်ဟု သူမ မထင်ထားမိပေ။
ဒါ့အပြင် ဤကြိုးကြာတစ်ထောင်ဂိုဏ်းက ကျင့်ကြံသူက တစ်ကယ့်စိတ်ရင်းနှင့် ရောက်လာခြင်းဖြစ်ကြောင်း သူမ ပြောနိုင်လေသည်။
ထိုအချိန်မှာပင် ယန်ဆေးဂိုဏ်းမှ နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ရောက်ချလာပြီး လက်သီးဆုပ်လေးစားမှုပြကာ နှုတ်ဆက်လိုက်၏။
“ရုပ်သေးဂိုဏ်းက ရင်ဇီ.. တွေ့ခွင့်တောင်းနေပါတယ်”
မိစ္ဆာဒိဋ္ဌိဝါဒီ ငါးခုထဲက တစ်ခု.. ရုပ်သေးဂိုဏ်း..
“သူ့ကို ခေါ်လိုက်ပါ”
ထန်ယုက ခေါင်းဆတ်ပြလိုက်၏။
သိပ်မကြာမီ လျှော်အင်္ကျီကို ဝတ်ဆင်ထားသော ဗလတောင့်တောင့်လူတစ်ယောက် ခန်းမထဲသို့ ဝင်လာလေသည်။ သူက ဆံပင်တိုတိုနှင့် လူရိုးတစ်ယောက်ဖြစ်ပုံရပြီး ရောက်ရောက်ချင်း လက်သီးဆုပ်လေးစားဟန်ပြကာ သွားဖြဲပြုံးပြလိုက်၏။
“မင်္ဂလာပါ တာအိုရောင်းရင်းတို့”
ထန်ယုက ဆူဇီမိုကို တိုးတိုးကပ်ပြောလိုက်၏။
“ဒီလူက ရင်ဇီတဲ့.. ရုပ်သေးဂိုဏ်းအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“သခင်လေးထန်.. ကျုပ်ဒီနေ့ ဒီကိုလာခဲ့တာက လူတစ်ယောက်ကို ကျုပ်တို့ရုပ်သေးဂိုဏ်းကို ဝင်မလား ဖိတ်ချင်လို့ပဲ.. အဲ့ဒါ အဆင်ပြေမလား ကျုပ်သိချင်ပါတယ်” ရင်ဇီက တဲ့တိုးပင် တန်းပြောလိုက်၏။
“အို့”
ထန်ယုက ပြုံးပြီး ပြန်မေးလိုက်၏။
“ရှင်မျက်စိကျသွားတာက ဘယ်သူများပါလိမ့်”
ရင်ဇီက ဘေးဘက်နားတွင် ပျင်းရိပျင်းတွဲ့နှင့် လက်ဖက်ရည်သောက်နေသော ရှစ်ကျန့်ကို လက်ညိုးထိုးပြလိုက်၏။
“သူပဲ”
ရှစ်ကျန့်သည် ဘာကြောင့် သူ့ကို ရွေးရသည်ကို နားမလည်နိုင်ဘဲ ဇဝေဇဝါနှင့် ကြောင်တိကြောင်တောင် ဖြစ်နေ၏။
ရင်ဇီက သွားဖြဲရယ်လိုက်၏။
“ဒီငတုံးလေးက မဆိုးဘူး.. ငါတော့ သဘောကျတယ်”
“ဟဟ ဟဟား”
ဖက်တီးလေးက မထိန်းနိုင်တော့ဘဲ အော်ရယ်လိုက်၏။
ရှစ်ကျန့်က သုန်မှုန်သွားသော မျက်နှာနှင့် လက်သီးကိုတင်းတင်းဆုပ်ပြီး ဖိပြောလိုက်၏။
“ကျုပ်က မတုံးပါဘူး.. ရိုးသားတာဗျ”
“အင်း”
ရင်ဇီက ခေါင်းညိတ်၍ ခဏရပ်ပြီးမှ ထပ်ပြောလိုက်၏။
“နှစ်ခုစလုံးက အတူတူပါပဲကွာ”
ရှစ်ကျန့် “....”
ဖက်တီးက ရယ်သံက ပိုပြီး ကျယ်လောင်သွားလေတော့သည်။
“အုတ်ဂူဂိုဏ်းက စွန်းတန် တွေ့ခွင့် တောင်းနေပါတယ်ခင်ဗျ”
မိစ္ဆာဒိဋ္ဌိငါးဝါဒီထဲမှ တစ်ခု.. အုတ်ဂူဂိုဏ်း...
“ဝင်ခိုင်းလိုက်”
သိပ်မကြာမီ ဖြူဖတ်ဖြူရော်မျက်နှာနှင့် လူတစ်ယောက် ခန်းမထဲသို့ ဝင်လာလေသည်။ သူ့မှာ မျောက်လိုပါးစပ်ရှိပြီး မျက်လုံးများက ဟိုဟိုသည်သည် ပတ်ချာလည် ရွေ့လျားနေကာ ဖက်တီးလေးကို တွေ့ရချိန်၌ သူ့မျက်လုံးက ဝင်းလက်သွားလေသည်။
စွန်းတန်က ဖက်တီးကို ထပ်တလဲလဲ မျက်တောင်ခတ်ပြီး ကြည့်နေ၏။
ဖက်တီးလေးကလည်း သိချင်စိတ်ဖြင့် ပြန်လည်စောင်းငဲ့ကြည့်လိုက်၏။
တစ်ယောက်က ဝဝ၊ တစ်ယောက်က ပိန်ပိန်နှင့် သူတို့နှစ်ယောက်သည် ထောင့်တစ်နေရာကို သွားပြီး တိုးတိုး တိုးတိုးနှင့် ပြောဆိုဆွေးနွေးနေကြ၏။
ဖက်တီးလေး၏ မျက်လုံးများက တောက်လောင်ပြင်းပြနေပြီး ခေါင်းတဆတ်ဆတ် ညိတ်နေ၏။ သူ့နှုတ်ခမ်းကိုလည်း ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ သပ်လိုက်သေး၏။
ထိုသည်ကို မြင်သောအခါ ဆူဇီမိုက နူးညံ့စွာ ပြုံးလိုက်၏။ လမ့်ရိုနှင့် အခြားသူများအတွက် သူဝမ်းသာမိလေသည်။
လမ်းမထက်က တိုက်ပွဲတွင် ဆူဇီမိုသာလျှင် နာမည်ကြီးခဲ့သည်မဟုတ်.. အခြားသော လေးယောက်သည်လည်း ထို့အတူပင်။
သူတို့လေးယောက် ရွှမ်ထျန်းမြို့ဆီသို့ ပြန်လှည့်လာခဲ့တုန်းက ကပ်ဘေးနှင့်ကြုံပြီး သေရမည်ကို သိလျက်နှင့် မထူးဇာတ်ခင်းကာ ဆုံးဖြတ်ချက်ချခဲ့ကြခြင်း ဖြစ်လေသည်။ ဒီနေ့လို မဟာအခွင့်အရေးများနှင့် ကြုံတွေ့ရလိမ့်မည်ဟု အဲ့တုန်းက ဘယ်သူကများ တွေးမိခဲ့မှာလဲ။
ကံကောင်းခြင်းနှင့် ကံဆိုးခြင်းနှင့် အပြန်အလှန်မှီခိုနေကြပြီး သံသရာစက်ဝန်းတစ်ခုထဲမှာ လည်ပတ်နေကြလေသည်။